ကတိသစ္စာ တည်သောအခါဝယ်
February 14, 2014
သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
“ကတိကဝတ်” ဟူသော အသုံးအနှုန်းသည် ပါဠိဘာသာစကား “ကတိကဝတ္တ” ကို မြန်မာမှုပြု သုံးစွဲထားသော ဝေါဟာရဖြစ်သည်။ ကတိကသည်- သဘောတူညီချက်၊ ဝတ္တသည်- ဆောင်ရွက်သော ကျင့်ဝတ်ဟူ၍ အနက်ရှိရာ ၊ ကတိကဝတ် ကတိစကား ဟူသည် ပြောဆိုထားသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မည် ဟုအာမခံချက်ပြုခြင်းပင် ဖြစ်သည်။
ကတိစကားသည် ပြောသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မည်ဟု အာမခံချက်ပြုခြင်း ဟူသော ဝိသေသကို ဆောင်သောကြောင့် သစ္စာစကား ဟူသော မှန်ကန်သော စကား၏ အနှစ်သာရနှင့်လည်း တူညီသည်။ ထို့ကြောင့် “ကတိသစ္စာ တည်ကြည်သည်” ဟူ၍ မှတ်ကျောက်တင်ခဲ့ကြသည်။ ဤနေရာ၌ “သစ္စာ” သည် မှန်သောစကား၊ မှန်ကန်စွာ ဆိုသော ကတိကဝတ်ဖြစ်ရာ မဖောက်မပြန် အမှန်ဆုံးတရားပင် ဖြစ်ပေသည်။
ကတိစကား၊ ကတိသစ္စာစကားတည်မှု၏ အနှစ်သာရကို အင်းဝခေတ် စာဆိုကျော် ရှင်မဟာသီလဝံသ၏ “ပါရမီတော်ခန်းပျို့” တွင် –
“ကတိသစ္စာ မှန်သောခါကား သြဇာလေးနက်၊ တောင်ထိပ်ကြာပေါက်၊ အနောက်နေထွက်၊ ကွဲအက်မြင့်မိုရ် ပေါ်ဆီတက်၍၊ နွယ်မြက်သစ် ပင် ဆေးဖက်ဝင်၏” ဟူ၍လည်းကောင်း ၊ ကုန်းဘောင်ခေတ် နှောင်း စာဆိုရှင် မန်လည်ဆရာတော်ဘုရားကြီးက”
မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်း” တွင်-
“မင်းမှာ သစ္စာ၊ လူမှာကတိ၊ ဆိုရိုးရှိတိုင်း မြဲဘိဘယ်ခါ၊ မချွတ်ရာဘူး” ဟူ၍ “မင်းသည် သစ္စာစောင့်သိရ သကဲ့သို့၊ လူသည် ကတိတည်ရသည်” ဟူ၍လည်းကောင်း လမ်းညွှန်ဆုံးမ တော်မူခဲ့လေသည်။
ကတိသစ္စာတည်ခြင်းသည် ကောင်းမြတ်၍ ကတိကဝတ်၊ ကတိသစ္စာတည်ကြည်သူကို လူတိုင်းယုံကြည်ကြသည်။ ကိုးစားကြ သည်။ ကတိသစ္စာမဲ့သူကိုကား လူတိုင်းက အော့နှလုံးနာကြသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံး သူ့ကျွန်ဘဝ သက်ဆင်းနေရသည့်အချိန်၌ပင် မင်း၏ သစ္စာတော်ကို စောင့်သိသောအားဖြင့် သုံးနှစ်တိုင်တိုင် နယ်ချဲ့အင်္ဂလိပ်တို့အား  ခုခံတိုက်ခိုက်ကာ ၊ အသက်ကို စွန့်လွှတ်သွားရှာသော ဗိုလ်ချုပ်အောင်ဆန်း၏အဖိုး ရွှေလရောင်ဘွဲ့ခံ ဗိုလ်မင်း ရောင်၏ စိတ်ဓါတ်ကား အထူးမြတ်နိုးထိုက်သော စိတ်ဓါတ်ဟု ဆိုရချေမည်။
သီပေါမင်း ပါတော်မူပြီးနောက် ဦးမင်းရောင်သည် နယ်ချဲ့အင်္ဂလိပ်ကိုဖြင့် ငါဘုရား မထူးနိုင်ပြီ၊ ငါသည် သစ္စာမဖောက်၊ ဗမာ့သစ္စာကိုသာ အသက်ပေး၍ ထိန်းသိမ်းတော့အံ့ ဟု သစ္စာအဓိဌာန် ပြုခဲ့ပြီးနောက် ၊ နယ်ချဲ့စစ်တပ်ကို ခုခံတိုက်ခိုက်ရန်အတွက် ၁၈၈၆ ခု ဖေဖော်ဝါရီလ၌ ဗမာ့လက်ရွေးစင်တပ်သား ၃ဝဝဝ ခန့် ပါဝင်သော တပ်တစ်တပ်ကို ဖွဲ့စည်း၍ ၊ တောင်းတွင်းကြီးအပိုင် နတ်မောက်မြို့နယ်ရှိ မြို့လုလင်၏ အရှေ့ဘက် ပဲခူးရိုးမအနီး ကိုဒူခေါ် တောင်ကုန်းကြိုးဝိုင်းကြီး၌ စခန်းချပြီးလျှင် ရွှေလရောင် ဘွဲ့အမည်ကို ခံယူခဲ့သည်။
ညီဖြစ်သူ ဦးမင်းမောင်မှာ မနေသာတော့ဘဲ အစ်ကိုဖြစ်သူ ဦးမင်းရောင်သည် အင်္ဂလိပ်တို့၏ ကျွန်မခံဘဲ ပုန်စားပုန်ကန် သဘောနှင့် နေထိုင်သွားပါက ၊ လက်နက်အင်အား ကောင်းသော ဗြိတိသျှနယ်ချဲ့စစ်တပ်တို့ လာရောက်ချေမှုန်းတော့မည့် အရေးကို တွေးမိခဲ့လေသည်။ ထို့ကြောင့် အစ်ကိုဖြစ်သူထံ သွား၍ –
“ယခု ဗမာတစ်ပြည်လုံးအင်္ဂလိပ် သူ့ကျွန်ဘဝကို ကျရောက်သွားပြီ နောင်တော်၊ ဒို့ဟာ စင်စစ် ဗမာဘုရင်ကို သစ္စာမဖောက်လိုကြပါဘူးကွယ်။ နို့ပေမယ့် အင်အားချင်း မညီမျှလေတော့ မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလိုအညံ့ခံရမှာပဲကွဲ့၊ ယခု အင်္ဂလိပ်လက်အောက် ရောက်တယ်ဆိုပေမယ့် တို့ရဲ့အမျိုးအဆွေတွေကိုတော့အင်္ဂလိပ်ကဆက်လက်မြှောက်စားထားပါတယ်။မင်းတကယ်လို့ပြန်ဝင်လာ မယ် ဆိုရင်လဲ မြို့လုလင်မြို့အုပ်အဖြစ် အပိုင်စားပေးမယ်လို့ အရေးပိုင်က ကတိပေးပြီးပါပြီ။ ဒီတော့ တော်လှန်တိုက်ခိုက်မှုတွေ ရပ်စဲပြီး၊ လက်ချဝင်ရင်ကောင်းမယ်လို့ ထင်တယ်” ဟူ၍ အစ်ကိုဖြစ်သူအား ဖျောင်းဖျခဲ့သည်။ သို့သော် “ဘူးဆိုလျှင် ဖရုံမသီး” သူမို့ မည်သို့မျှ နားချ၍ မရပေ။ ဗိုလ်မင်းရောင်သည် မိမိစခန်းချရာ နယ်မြေမှ နယ်ချဲ့တို့အား သုံးနှစ်သုံးမိုး ခုခံတိုက်ခိုက်ခဲ့လေသည်။
နောက်ဆုံးတွင် အသားထဲက လောက်ထွက်သော အမျိုးသားသစ္စာဖောက်များကြောင့် အင်္ဂလိပ် စစ်တပ်သည် ဗိုလ်မင်းရောင်စခန်းချရာ နေရာကိုသိရှိသွားပြီးနောက် တပ်ကြီးလေးတပ်ဖြင့် ၀ိုင်းညှပ်တိုက်ခိုက်ရာ ၊ အင်အားချင်းမမျှသဖြင့် ဦးမင်းရောင်၏ တပ်ကြီးမှာ ကစဥ့်ကရဲ ပြိုကွဲသွားရတော့၏။ သို့ပြိုကွဲသွားသော်လည်း ဦးမင်းရောင်သည် အကြံကို မလျှော့ပေ။ ရှမ်းပြည်နယ်မှတဆင့် ခုခံမည်ဆိုသော ရည်ရွယ်ချက်နှင့် လက်ရွေးစင် ငယ်သား ၃ဝ ကျော်တို့ကို ရွေးချယ်ပြီးလျှင် လက်မောင်းသွေးဖောက်၍ သစ္စာရေတိုက်ကာ ခေါ်ဆောင်သွားသည်။ သို့ရာတွင် မကွေးနှင့် နတ်မောက်လမ်းအကြား လေးတိုင်စင်ရွာရှိ ဇနီးမထားနှင့် ဆွေမျိုးတို့အား နှုတ်ဆက်လိုသေးသဖြင့် ထိုရွာသို့ မြင်းဖြင့် သွားရောက်စဉ် သစ္စာဖောက် သူလျှိုတစ်ဦး၏ သတင်းပေးချက်အရ အင်္ဂလိပ်စစ်ဗိုလ်ဂန်းဒေါနှင့်အဖွဲ့သည် ဗိုလ်မင်းရောင်ကို ဖိုလေးလုံးရွာအနီး၌ တွေ့ရှိ၍ သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းမိသွားသည်။ ဗိုလ်မင်းရောင်အား အင်္ဂလိပ်၏ သစ္စာတော်ခံရန်နှင့် သစ္စာခံက အသက်ချမ်းသာပေးမည် ဟု ဖြားယောင်းခဲ့သေး၏။ သို့သော် ဗိုလ်မင်းရောင်က သစ္စာမခံသဖြင့် ၁၈၈၇ ခုနှစ် ဇွန်လ ၂၁ ရက် ညနေ ၄ နာရီခန့် တွင် ခေါင်းဖြတ်သတ်လိုက်လေသည်။ ဗိုလ်မင်းရောင်၏ ဦးခေါင်းကို နတ်မောက်မြို့သို့ ယူဆောင်ကာ အုတ်ရှစ်ပင်တွင် ချိတ်ဆွဲပြသထားလေသတည်း။ သို့သော် ဗိုလ်မင်းရောင်သည် လူသေသော်လည်း အရှင့်အပေါ် ထားရှိခဲ့သော သူ့သစ္စာကြောင့် သူ့ဂုဏ်ဒြပ်သည် ထာဝစဉ် ရှင်သန်လျက် ရှိနေလေသည်။
အရှင့်သစ္စာကို အသက်စွန့် စောင့်သိသွားသော ပုဂ္ဂိုလ်ထူးများကို သီပေါမင်းပါတော်မူသည့် ခေတ်၌သာ မြင်တွေ့ရသည်မဟုတ်။ ပုဂံမြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝခေတ် အဆက်ဆက် သမိုင်းစာမျက်နှာ၌ တွေ့မြင်ရပေသည်။
အဝ (အင်းဝ) နေပြည်တော်သည် ဟံသာဝတီ ဦးအောင်လှ၏ ညီ ဥပရာဇာ၏ လက်တွင်းသို့  ၁၇၅၂ ခုနှစ် ဧပြီလတွင် ကျရောက်သွားပြီးနောက် ၊ ၁၇၅၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ဦးအောင်ဇေယျ (နောင် အလောင်းမင်းတရား)၏ မုဆိုးဘိုရွာသို့ ဟံသာဝတီမင်း၏ သံအမတ်၊ စစ်သည်များနှင့် ကွေ့ကုဏ္ဏအိန်၏ သံအမတ်များ တပြိုင်နက်တည်း သစ္စာပေးရန် ရောက်ရှိလာကြသည်။
ဦးအောင်ဇေယျသည် ဟံသာဝတီ မွန်သံနှင့် ကွေ့ကုဏ္ဏအိန် သံတို့အား တဲကနားဆောက်လုပ်၍ ကောင်းစွာကျွေးမွေး ဧည့်ခံလေသည်။ ဧည့်ခံနေစဉ်အတွင်း ဦးအောင်ဇေယျသည် သံနှစ်ဦးနှင့် မည်သို့ဆက်ဆံ ပြောဆိုရမည်ကို အဖဖြစ်သူ မင်းညိုစံနှင့် ဆွေးနွေးတိုင်ပင်ရာ အဖဖြစ်သူက “အထက်အောက်နိုင်ငံအားလုံး မွန်မင်းသစ္စာတော်ကို ခံကုန်ကြရပြီ။ မွန်တို့ကလည်း လက်နက်အင်အားကြီးမားသည်။ တို့မှာရှိတဲ့ ပစ္စည်းဥစ္စာ ရွှေငွေတို့ကို မွန်မင်းအား ခွဲဝေပေးကာ သစ္စာတော်ခံရသော် သင့်မည်ထင်သည်။ ထိုကိစ္စ ငါ့သား ဘယ်လိုသဘောရသနည်း” ဟု မေးမြန်းရာ ဦးအောင်ဇေယျက မွန်တို့ထံ သစ္စာခံရန် အကြံပြုချက်ကို လက်မခံခဲ့ချေ။ တစ်ဖန်ညီတော်၊ သားတော်တို့နှင့် တိုင်ပင်ရာ ညီတော် သားတော်တို့က –
“ယခုအခိုက်အတန့်မှာ ကွေ့သစ္စာကိုခံပြီး ကွေ့တို့နှင့်ပေါင်းကာ မွန်တို့ကိုခုခံတိုက်ခိုက်မည်။ မွန်တို့ပြန်လျှင် မြောက်ဖက်တခွင် မြို့ကျေးရွာများကို သိမ်းရုံး၍ သင့်သလို ကြံသင့်သည်” ဟူ၍ လျှောက်တင်ကြသည်။
ထိုအကြံကိုလည်း ဦးအောင်ဇေယျက လက်မခံခဲ့ပေ။ “ကွေ့သစ္စာကိုခံပြီးမှ မွန်တို့ကို တိုက်ခိုက်၍ မွန်တို့ဆုတ်ခွာမှ တဖန် ကွေ့တို့အာဏာကို ပြန်၍ ဖီဆန်ရဦးမည်ဆိုလျှင် ‘သစ္စာမဲ့သူ’ ဟု ကမ္ဘာပတ်လုံး ပြောလုံးဖြစ်ရစ်တော့မည်၊ ဘယ်သူ၏ သစ္စာကိုမှ ခံယူနေဖွယ် အကြောင်းမရှိ”ဟု
ဆိုကာ သံနှစ်ဦးစလုံးကို –
“ယခု မင်းမတ်တို့နှစ်ဦး သစ္စာပေး လာရောက်ကြသည့် အရေးမှာ နှစ်ဦးကပင် စေလာကြသည်ချည်း ဖြစ်တော့သည်။ သို့ရာတွင် တစ်ဦးကိုတစ်ဦး ပျပ်ဝပ်မည့်အရေးအရာကို မထင်မမြင် နိုင်အောင် ရှိလာသည်။ ရှေ့သို့ တစ်ဦးဦးက ပျပ်ဝပ်ရသည့်ကာလ ငါတို့မှာ အထွေအရာမရှိပြီ ဟု မိန့်ပြီးနောက် သံအမတ်တို့ကို ဆုလပ်ပေး၍ ပြန်လွှတ်ခဲ့သည်။ အပြန်တွင် ကွေ့ကုဏ္ဏအိန် သံအမတ်တို့ကို အသာအယာ ကျွေးမွေးပို့လွှတ်သော်လည်း၊ ဦးအောင်လှ၏ မွန်သံတို့ကိုမူ ဟန်လင်းမြို့တောင်တောမှ ဖမ်းဆီး၍ တိုက်ခိုက်ခဲ့လေသည်။
‘သစ္စာမဲ့သူ’ ဟု ပြောထုံးဖြစ်မည့်အရေးကို အလွန်စိုးရိမ်ခဲ့သည့် ဦးအောင်ဇေယျ အလောင်းမင်းတရား တည်ထောင်ခဲ့သော ကုန်းဘောင်မင်းဆက် မထွန်းကားမီ၊ တောင်ငူ မင်းဆက်ခေတ်တွင်လည်း  ပေါ်တူဂီလူမျိုး တစ်မျိုးနှင့် ပေါင်းဖော်မိရာမှ ယစ်ထုပ်ကြီးဘဝ ရောက်ရှိသွားသော တပင်ရွှေထီးမင်းအား ဖြုတ်ချ၍ နန်းတက်ရန် ဘုရင့်နောင်အား မှူးမတ်တို့က တိုက်တွန်းရာ ၊ သစ္စာတရားကို
တန်ဖိုးထားခဲ့သော ဘုရင့်နောင်မင်းက –
“သည်စကားကို ငါသာကြားစေ၊ အခြားသူတို့ မကြားစေနှင့်။ ငါတို့တွင် ဘဝရှင်၏ ကျေးဇူးတော် သစ္စာတော် နှစ်ပါး ရှိချေသည်။ မတော်မမှန် သစ္စာမဲ့ကာ အနှစ် ၁ဝဝ နေရသည်ထက် တော်မှန်ဖြောင့်မတ် သစ္စာရှိစွာ တစ်နေ့တစ်ရက် နေရသည်က မြတ်၏။ ဘဝရှင် မင်းတရားရွှေထီး၏ စိတ်တော်ကို မျှင်းကြောင်း၍ အကျိုးအကြောင်းကို ငါလျှောက်ပါဦးမည်။ သို့လျှောက်တင်သည်ကို ယူတော်မမူစေကာမူ ဘဝရှင် မင်းတရားအား စောင့်ရှောက်ရမည့် တာဝန်ကား အစ်ကိုတို့ငါတို့မှာ ရှိနေပေသည်။ အစ်ကိုတို့ ကိုယ်ရေးကိစ္စမှာလည်း ငါရှိနေပြီဖြစ်၍ မစိုးရိမ်ကြနှင့်။ အစ်ကိုတို့ စားမြဲသော ကျေးစည်းစိမ်နှင့် ငြိမ်သက်စွာ နေကြ” ဟူ၍ ဆုံးမတော်မူပြီးလျှင် အရှင်ကျေးဇူးသစ္စာကို ဘုရင့်နောင်မင်းတရားသည် စောင့်သိခဲ့လေသည်။
ယင်းသို့ သစ္စာစောင့်သိမှု၏ အကျိုးဆက်ကို ဘုရင့်နောင်သည် သူ၏ မျက်မှောက်ဘဝမှာပင် လက်ငင်းခံစားခဲ့ရသည်။ ဘုရင့်နောင်၏ ကျွန်ရင်းများသာ ဘုရင့်နောင်အပေါ်တွင် သစ္စာစောင့်သိခဲ့သည် မဟုတ်၊ သုံ့ပန်းအဖြစ် ဘုရင့်နောင်လက်အောက်သို့ ကျရောက်ခဲ့သည့် အင်းဝဘုရင်ဟောင်း နရပတိစည်သူသည်ပင် ဘုရင့်နောင်၏အပေါ်တွင် သစ္စာစောင့်သိခဲ့လေသည်။
ထိုနည်းတူစွာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်ကတိသစ္စာတည်သူဖြစ်သည်။ လူထုအားပေးထားခဲ့သော“တစ်နှစ်အတွင်းလုံးဝလွတ်လပ်ရေးရမည်”ဟူသောကတိကို သူကျဆုံးသွားသည့် တိုင်အောင် အရယူပေးကာ ကတိသစ္စာ တည်သွားခဲ့လေသည်။
သို့သော် လောက၌ အလင်းနှင့်အမှောင်၊ အဖြူနှင့်အမဲ ဟူ၍ ရှိရာ သစ္စာမဲ့သူများ ၊ ကတိမတည်သူများသည် ပေါများလှပေသည်။
ပုဂံခေတ်လယ်ပိုင်းတွင် အုပ်စိုးခဲ့သော နရသူမင်းသည် ခမည်းတော် အလောင်းစည်သူမင်းကြီးကို လုပ်ကြံသတ်ဖြတ်ခဲ့သောသတင်းသည်နောင်တော်မင်းရှင်စောထံပေါက်ကြားရှိသိပြီးနောက် တပ်တော်အလုံး နှင့်နန်းတော်သို့ ချီလာခဲ့သည်။ ထိုအခါ နရသူမင်းသည် ပံ့သကူမထေရ်မြတ်ထံတွင် နောင်တော်မင်းရှင်စောအား ထီးနန်းအပ်နှင်းမည် ဖြစ်ကြောင်း ကတိကဝတ်ပေးပြီး နောင်တော်အား ပြောကြားစေသည်။ သို့သော် နောင်တော် ကြွရောက်လာချိန်တွင်အစာ၌ အဆိပ်ခတ်လုပ်ကြံကာ ပေးထားသော ကတိကဝတ်ကို လွယ်လွယ် ဖောက်ဖျက်ခဲ့လေသည်။ ထို့ကြောင့် ပံ့သကူမထေရ်မြတ်က –
“သင်ကား သံသရာယယ် ခံရအံ့သော မကောင်းမှုကို မကြောက်၊ ဤစည်းစိမ်ကိုရလျှင် သင်၏ ကိုယ်ခန္ဓာသည် မအိုမသေပြီ ဟူ၍ မှတ်သလော၊ လောကတွင် သင့်ထက်ပျက်သော မင်း မည်သည်ကား မရှိ၊ သင့်ထက်ဆိုးသွမ်းညစ်ညမ်းသောသူမရှိပြီ” ဟု မိန့်တော်မူလျက် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ) သို့ ကြွတော်မူခဲ့လေသည်။
ကတိကဝတ် ကတိသစ္စာတည်ကြည်သူ ကတိကဝတ်အတိုင်း အလုပ်ကိုင် ဆောင်ရွက်သူတို့၏ ဂုဏ်ဒြပ်နှင့် အများ၏ ကြည်ညိုလေးစားယုံကြည်မှု ခံရမှုကို စာရေးဆရာကြီး နတ်မောက်ဘုန်းကျော်၏ တောင်ထိပ်ကြာပေါက်၊ အနောက်နေထွက် အမည်ပေးထားသော ဆောင်းပါးတစ်ပုဒ်၌ –
“လူကြီးလူကောင်းတို့သည် ကတိတည်၏။ စကားမှန်ကန်၏။ တကယ့်လူကြီးလူကောင်း အစစ်အမှန်ဟူသည် သေးသိမ်ညံ့ဖျင်းသော အပြောအဆို၊ အပြုအမူတို့ကို မကျူးလွန်မိအောင် ဂရုတစိုက် ရှောင်ရှား၍၊ မိမိကိုယ်ကိုမိမိ သိက္ခာရှိအောင် ပြုမူပြောဆိုနေထိုင်သူ ဖြစ်သည်။ ရိုးသားဖြောင့်မတ်စွာ ပြောဆို ပြုမူသူဖြစ်သည်။ ခုတစ်မျိုး ၊ နောက်တစ်မျိုး ပြောဆိုပြုမူတတ်ခြင်း မရှိ။ ရိုးသားခြင်း (Honest)၊  ဖြောင့်မတ်ခြင်း (upright)၊ စိုက်လိုက်မတ် တစ်ဖြောင့်တည်း (Straight forward) ပြောဆိုလုပ်ကိုင်တတ်သည်။ ရိုးသားဖြောင့်မတ်မှန်ကန်သော အပြောအဆို အပြုအမူသည် ကိုယ်ကျင့်စာရိတ္တ၏ ကျောရိုးပင် ဖြစ်သည်။ ကတိတည်သော စကားတစ်ခွန်းကို သူ၏ အသက်ထက်ပို၍ တန်ဖိုးထားလေ့ ရှိသည်” ဟူ၍ ရေးသားထားလေသည်။ ကတိကဝတ်၊ ကတိသစ္စာ တည်ကြည်သူကို လူတိုင်း ယုံကြည်ကိုးစားကြသည်။ ယုံကြည်ကိုးစားသဖြင့်လည်း သူဘာခိုင်းခိုင်း လုပ်ပေးတတ်ကြသည်။
ကမ္ဘာကျော် စစ်သူရဲကောင်းအဖြစ် ထင်ရှားခဲ့သော မွန်ဂိုဘုရင် ဂျင်ဂျစ်ခန် (တိမူး) က –
“ဦးစီးအုပ်ချုပ်သူ တစ်ဦးအဖို့ ကတိစကား ပျက်ကွက်ခြင်းသည် စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံး အပြုအမူ တစ်ခုပင် ဖြစ်သည်” ဟူ၍ ဆိုခဲ့ပါသည်။
မြန်မာ့သမိုင်းတွင်လည်း လွတ်လပ်ရေးဗိသုကာကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် ကတိက၀တ် တည်ကြည်သူ၊ ပြုလုပ်ဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကိုသာ ကတိကဝတ် ပေးခဲ့ပြီး ၊ ပြုလုပ်မပေးနိုင်သော ကိစ္စအချို့ကို ပြုလုပ်ပေးမည် ဟူ၍ မည်သည့်အခါမျှ မပြောကြားခဲ့ပေ။
သို့သော် လက်ရှိ မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့ တာဝန်ယူခဲ့သည့် ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့မှ ယခုအချိန်ထိဆိုလျှင် သုံးနှစ်ကျော်လာခဲ့ပြီ ဖြစ်သည်။ အစိုးရသက်တမ်း တစ်လျှောက်တွင် သမ္မတ ဦးသိန်းစိန်သည် အားတက်ဝမ်းမြောက်စရာ ကောင်းသည့် မိန့်ခွန်းပေါင်း ၇ဝ ကျော် ပြောကြား၍ လူထုအား ကတိအကြိမ်ကြိမ် ပေးခဲ့သော်လည်း ဘာတစ်ခုမှကတိ မတည်ခဲ့ပေ။
ဥပမာအားဖြင့် သူသည် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှု ဆိုသည့် စကားနှင့် အစိုးရ၏ အဂတိလိုက်စားမှုအပေါ် ကိုင်တွယ်မည်ဟု ကတိပေးခဲ့သော်လည်း တကယ်တမ်းတွင် အစိုးရအဖွဲ့တွင်းမှ အဂတိလိုက်စားသူများနှင့် ပတ်သက်၍ ဘာတစ်ခုမျှ အရေးယူဆောင်ရွက်ပေးခဲ့ခြင်း မရှိပေ။ ကမ္ဘာ့အဂတိလိုက်စားမှု အများဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် စတုတ္ထမြောက် အဆိုးဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။ နိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသော်လည်း အစိုးရ၏ အကျင့်ပျက်၊ ခြစားမှုနှင့် အမျိုးသား သစ္စာဖောက် ခရိုနီတို့၏ လောဘဇောတိုက်မှုကြောင့် ပြောင်သလင်းခါကာ နိုင်ငံနှင့် ပြည်သူမှာ အကျိုးမခံစားရဘဲ ကမ္ဘာ့အဆင်းရဲဆုံးနှင့် ကျွန်နိုင်ငံစာရင်း ဝင်လျက် ရှိသည်။ ထို့ပြင် ၂ဝ၁၃ ခုနှစ် ကုန်လျှင် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိစေရ ဟူသော ကတိစကားကိုလည်း တည်ခဲ့သူ မဟုတ်ပါ။
မြန်မာနိုင်ငံတွင် တရားသူကြီးချုပ်အပါအဝင် တစ်နိုင်ငံလုံးနီးပါးရှိတရားသူကြီးများ လာဘ်ပေး လာဘ်ယူမှုမှာ ကြောက်ခမန်းလိလိပင် ဖြစ်သည်။ ဤမျှ တရားရေးမဏ္ဍိုင် ယိမ်းယိုင်ပြိုကျလုမတတ် အခြေအနေကို သမ္မတဦးသိန်းစိန်သည် ကြည့်ကောင်းကောင်းဖြင့် ကြည့်နေပေသည်။ထို့ ပြင်သူသည် စာနယ်ဇင်းလွတ်လပ်ခွင့်ရစေရတည်ဟုကတိစကားများမကြာခဏချွေခဲ့သော်လည်းဘာတစ်မှမတည်ခဲ့ပေ။
၂ဝ၁၃ ခုနှစ် နိုယင်ဘာလတွင် လျှပ်စစ်ဝန်ကြီး ဌာန၏ ဓါတ်အားခ သုံးစွဲခနှုန်း တိုးမြှင့်ကောက်ခံမည် ဟု ကြေညာချက်ကြောင့် လူထုတစ်ရပ်လုံးက နိုင်ငံအနှံ့ ဆန္ဒပြခဲ့ရာ ၊ လျှပ်စစ်ဝန်ကြီးဌာန၏ တာဝန်ရှိသူများက ပြည်သူ့ဆန္ဒနှင့်အညီ လွှတ်တော်၏ အဆုံးအဖြတ်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဟု ကတိစကားတွေ ပေးခဲ့ပြန်သည်။ သို့သော် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် သမ္မတ ဦးသိန်းစိန်က လျှပ်စစ်ဓါတ်အား တိုးမြှင့်ကောက်ခံရေး ကိစ္စကို ၂ဝ၁၄ – ၂ဝ၁၅ နှစ်အစ၌ ပြန်လည်တိုးမြှင့် ကောက်ခံရေး စတင်ဆောင်ရွက်သွားမည့်သ၀ဏ်လွှာ ပေးပို့ခဲ့မှုကြောင့် ရှေ့နောက် ကတိစကား မတည်သည့်အတွက် လက်ရှိ သမ္မတဦးသိန်းစိန်နှင့် အစိုးရအပေါ် လူထုတစ်ရပ်လုံးက လုံးဝယုံကြည်မှု မရှိတော့သလို၊ စိတ်ပျက်နေကြပြီ ဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်မှ ယနေ့တိုင် အုပ်စိုးနေသော အစိုးရအဆက်ဆက်၏ ကတိစကား မတည်မှုများ၊ ထင်ရာစိုင်း လုပ်ရပ်များ၊ အာဏာအလွဲသုံးစားမှုနှင့် ကိုယ်ကျိုးရှာမှုများကြောင့် ပြည်သူ့ဘဝသည် ဖွတ်ကျော်ပြစု၊ ခရုစံကျွတ်ပမာ စားရမဲ့၊ သောက်ရမဲ့၊ နေရမဲ့ ဖြစ်ကာ ဒုက္ခပင်လယ်ဝေ၍ ဒူးနှင့် မျက်ရည်သုတ် နေလေသည်။
နိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်နေသော အစိုးရသည် ကတိစကားတည်သော မင်းကောင်းမင်းမြတ် ဖြစ်ပါက နိုင်ငံနှင့် ပြည်သူသည် ချမ်းသာကြွယ်ဝ၍ ၊ ကတိစကားမတည်သော မင်းကျင့်တရား ဖောက်ဖျက်သော မင်းဆိုး မင်းညစ်များ လွှမ်းမိုးအုပ်စိုးနေပါက ပြည်ရွာမအေးချမ်းနိုင်သလို၊ လူထုတရပ်လုံးသည် ဖွတ်မိကျောင်းဖြစ်မြစ်မင်းမချမ်းသာဆိုသလို ဆင်းရဲမွဲတေနေမည်မှာ မလွဲပင်။
ကတိသစ္စာတည်သော သူတစ်ယောက်၏ ကတိစကားသည် မြက်ပင်များကိုပင် ဆေးဖက်ဝင်စေနိုင်သည့် အစွမ်းရှိသည်။ ထို့အတူပင် ပြောသည့်စကားနှင့် အလုပ်သည် မညီလျှင် သမ္မတ ဦးသိန်းစိန်၏အစိုးရအဖွဲ့ကို ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုများ မရှိတော့သလို နိုင်ငံနှင့် လူထုတရပ်လုံးသည်လည်း ကမ္ဘာ့အလယ်တွင် အောက်တန်းနောက်တန်း ဘဝဖြင့် ဂုဏ်သိက္ခာ ညိုးနွမ်းကာ ၊ ဆင်းရဲတွင်း နွံထဲတွင်နစ်ပြီးရင်းနစ်ကာ ဒုက္ခပင်လယ်ဝေနေမည်မှာ အမှန်ပင် ဖြစ်ပါတော့သည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သန်းဝင်းလှိုင်
One Response to ကတိသစ္စာ တည်သောအခါဝယ်
  1. Zarni Gyi on February 15, 2014 at 9:28 am
    အဂတိလိုက်စားမှုအပေါ် ကိုင်တွယ်မည်ဟု ကတိပေးခဲ့ပြီး အရေးယူမည်ဟု မပြောခဲ့သဖြင့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၉-သြဂုတ်-၂၀၁၃ ကိုပင်လက်မှတ်ရေးမထိုးသော်လည်း၊ လွှတ်တော်တွင်အတည်ပြုခဲ့ပါသည်။
    သမ္မတကြီး မလွန်ဆန်နိုင်သော နောက်ကွယ်၊ရှေ့ပြောင် ပုဂ္ဂိုလ်များစွာ ရှိပါတယ်။ စာရင်းကောက်ပြီး ပြန်သိမ်းဖို့တော့မလွယ်ပါ။ အခွန်ကောက်နိုင်ဖို့ https://www.opensecrets.org လိုအဖွဲ့တွေပေါ်ပေါက်လာဖို့လိုပါတယ်။ အစိုးရကတော့ ဝါးစားနေဦးမှာပါ.. အဲဒီအဖွဲ့တွေ အားကောင်းလာရင် အစိုးရလည်း ဂတိတည်လာမယ် မျှော်လင့်ပါတယ်။
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ
By
  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...
Read more »
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ
By
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ
By
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခ သြဂတ်စ် ထွက်ပြီ
By
မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်