ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၂၁)

February 14, 2014

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄

 

ဘဝ၏ကိစ္စရပ်တိုင်းလိုလို အနားသတ်မျဉ်း ဆိုတာကရှိစမြဲ။ မျက်ရည်တို့တခန်းရပ် ရှိမည်ဖြစ်သလို  အပျော်တို့၏ တကဏ္ဍလည်းရှိမည်။ ခရီးတစ်ခု၏ ဆိုက်ရောက်ရာ ကန့်သန့်ချိန်တို့၏ တံခါးဝဆိုတာ ရှိတတ်စမြဲ ။ ထောင်ထဲ အဆင်ပြေပြေ နေနေရသည့်ကာလ တစ်ကန့် အတွင်း အခန်းတွေပြောင်းအိပ်ကြသည်။ ပျော်ကြနောက်ကြ စားကြသောက်ကြကာလလေးတစ်ခုကို အတိတ်မှာ ထားရစ်ခဲ့ရတော့မည့် အချိန်သည် တံခါးခေါက်လို့ လာချေသည်။ ဒီတစ်ည ကိုယ့်အခန်းကိုယ် ပြန်အိပ်ဖို့ လိုက်လံ သတိပေးသံသည် အဆင်ပြေမှုတို့ကို ရုပ်သိမ်း မည့် ခေါင်းလောင်းမှန်းမသိခဲ့။ ထောင်ထဲရောက်တာမကြာသေးသော မိမိ အဖို့ ဘယ်လိုအကြောင်းကြောင့် ဒီသတိပေးသံ ဖြစ်ပေါ်လာသည်ကိုမခန့်မှန်းတတ်။ ကိုယ့်ထက်စောရောက်နှင့်သူ တို့ကို မေးမြန်းကြည့်တော့ အဖြေ အမျိုးမျိုးပေးကြသည်။ သူတို့ပေသော အဖြေများက ခန့်မှန်းချက်များသာ။ ဖြစ်နှိုင်ချေ တို့ကို တွေးဆခြင်းသာ။ ထိုရက်ကား ၁၉၉၄ခုနှစ် ဇွန်လ (၁၀)ရက်နေ့ဖြစ်သည်။ 

 

ထောင်ထဲ သတင်းစကား တစ်ခုရောက်လာလျှင် သုံးသပ်ချက် မျိုးစုံတို့ကို ကြားရတတ်စမြဲ။  ထိုညနေက လူတွေရောက်ယက်ခတ်နေကြသည်။ အခန်းပြောင်းအိပ်ကြသူတို့က မိမိတို့၏ အိပ်ယာလိပ်ကို ပြန်ရွေ့ ဝိုင်းဖွဲ့ ဝေဘန်သုံးသပ်သူတွေ ဆီ အနီးကပ်နားထောင်နှင့် ညနေခင်းသည် အသက်ဝင် လှုပ်ရှားနေသည်။ ညနေတန်းပိတ်တော့ အဆောင်တာဝန်ကျ ထောင်မှူးက အခန်းတွေကို  သေချာလိုက်စစ်သည်။ ထိုနေ့က စိပ်နေကျ သံဗုဒ္ဓေ ပုတီးကို သေချာသတိထားစိပ်လိုက်သည်။ ညအိပ်ချိန် ၉နာရီ တွင်းလည်းဘာမှ ထူးထူးခြားခြား မရှိ။ တခန်းကိုတခန်း လှမ်း၍ နောက်ပြောင်နေသံတို့ရှိနေသော်လည်း တစုံတခု တော့ဖြစ်လာမည်လားဟု စိတ်ထဲ စနိုးဇနောင့် ကတော့ လူတိုင်းတွင်ရှိနေကြမည်မှာ အသေချာ။ အိပ်ချိန်ပေးပြီးသော်လည်း အချို့အခန်းတွေ က စကားသံတွေထွက်နေတုန်း။ တစ်ခန်းတည်းအတူ အပ်နေသော ကိုတင့်လွင်နှင့် မောင်မောင်သန်းတို့သည်လည်း ကိုယ်လို လူသစ်သာဖြစ်သည်။ သူတို့လဲဘာမှမခန့်မှန်းတတ်။

 

“ဒီည ဧည့်စာရင်း စစ်မယ်လို့ပြောတာ ဘယ်မှာစစ်မှာလဲ မင်းတို့ဘယ်လိုကြားလဲ”

 

သူတို့လဲ အဖြေမပေးတတ်။ ဘယ်သူမှမပေးတတ်သော အဖြေကို အချိန်က အဖြေပေးလိုက်ပါပြီ။ ၁၉၉၄ခုဇွန်လ ၁၀ရက်နေ့ည။လူသံတွေ နောက်ဝန်ထမ်းတွေ အပြင်ဘက် လမ်းလျှောက်သော ခြေသံတို့က အခန်းထဲရှိ လူတိုင်းကို အထိတ်တလန့်ဖြစ်စေသည်။ အခြားအခန်းတို့မှ လူနာမည်ခေါ်သံ သော့ခလောက်သံတို့က တထိတ်ထိတ် ဖြစ်နေသောစိတ်ကို ပိုအရှိန်မြင့်စေပြန်သည်။ ခြေသံအစုံတို့ အခန်းရှေ့ ရုတ်တရက် ရပ်တန့်သွားသည်။

 

“စိုးမြင့် ခေါ် ဇဝန  အသင့်ပြင်”

 

စကားသံအဆုံးမှာ သော့ဖွင့်သံနှင့်အတူ အခန်းထဲ ဝန်ထမ်း သုံယောက် ခပ်သွက်သွက် ဝင်လာသည်။ အခန်းဖော် ကိုတင့်လွင်နှင့် မောင်မောင်သန်းတို့ကို မှောက်ထားဟု အသံ ကျယ်ကျယ် အော်လိုက်သည်။

 

“ပစ္စည်းတွေသိမ်း ထမယ်”

 

ခပ်ကြမ်းကြမ်း လက်ကိုဆွဲကိုင်းရင် အသံမာမာဖြင့် ပြောလိုက်သည်။နီးရာ ပစ္စည်းဆွဲပြီး သူတို့ခေါ်ရာ လိုက်ဖို့ပြင်သည်။ ခေါင်းကို အဝတ်တခုဖြင့် အုပ်ခြင်းခံလိုက်ရသည်။ ဝန်ထမ်းတယောက်က လက်ကိုဆွဲခေါ်သည်။ ဆွဲမိဆွဲရာလက်တဖက်ကကိုင်ပြီး သူတို့နောက်ကို လိုက်လာခဲ့သည်။ သီးသန့်ထောင်၏ မီးရောင်တို့က မျက်နှာအုပ်ထားသော အဝတ်ကိုထိုးဖောက်ဝင်လာသည်။  ဗူးတံခါးရောက်တော့ ကိုယ့်လိုလူတွေ ရောက်နှင့်နေကြပြီ။ နောက်ထပ် ကျွန်းတိုက်၊တစ်ဆောင်တို့ဆီမှ ခေါ်လာသူတွေ ရောက်လာကြသည်။ ၁၀လတာ ကာလအတွင်း သီးသန့်ထောင်၏ လွတ်လပ်သောကာလတခုကိုရရှိခဲ့ဘူးသည်။ ထိုကာလအတွင်း တဆောင်နှင့်တဆောင် ဝင်ထွက်လည်ပတ်ကြရင်း လူတိုင်းလိုလိုနှင့် ရင်းနှီးခဲ့သည်။ ခုရောက်လာသူတွေ၏ နာမည်ခေါ်သံအရ ကိုယ်သိသူတွေချည်း။ကား ပေါ်သို့ နာမည်ခေါ်သူတက်ရန်ပြောသည်။တယောက်ပြီးတယောက် နာမည်ခေါ်သည်။

 

“စိုးမြင့် (ခေါ်) ဇဝန ”

“ရှိ”

 

ကျောပေါ်သို့ ဒုတ်ချက် ပြင်းပြင်းတချက် ကျလာသည်။ အခြားသူတွေ နာမည်ခေါ်စဉ်က ရိုက်သံမကြားရ ကိုယ့်အလှည့်ကျမှ သီးသန့် ရွေးရိုက်သည်ထင့် ။ ခပ်စပ်စပ် ဒဏ်ရာကို အံကြိတ်ခံရင်းကားပေါ်သို့ တက်သည်။

 

“ဟေ့ကောင်ဘာကြောင်တာလဲ နားမလည်ဘူးလား အဖေနာမည် ပြောလေကွာ”

နောက်ထပ်ကျလာသော ဒုတ်ချက်က ပိုပြင်းသည်။

 

“ဦးတင်စိန်”

 

စပ်ဖျင်းဖျင်း ဝေဒနာကိုခံရင်းအော်လိုက်သည်။ အဆောင်နေဘူးသူနှင့် တိုက်ထဲသာနေဘူးသူ၏ ထောင်အတွေ့အကြုံ ကွာခြားချက်ဆိုတာကိုနောက်ကာလကြာမှ သဘောပေါက်ရဘူးသည်။ (အဆောင်တွင် ကျသစ်များအတွက် ပုံစံခန်းဆိုတာရှိသည်။ ထိုပုံစံခန်းသည် ထောင် တွင်း နေထိုင်နည်းများကိုတန်းစီဆိုသူက သင်ပေးသည်။ ထောင်အာဏာပိုင်နှင့် ဆက်ဆံသည့်အခါ နေပုံထိုင်ပုံ ပြောဆိုပုံတို့ကိုသင်ပေးသည်။ ထိုသင်ကြားမှုတွေအထဲ နာမည်ခေါ်လိုက်လျှင် အဖေနာမည်ပါတွဲထူးရမည်ဟူသော သင်ကြားမှု တခုပါဝင်သည်၊) ထောင်တွင်း နိုင်ငံရေးမှုများသည် ပုံစံခန်းဆိုသည်ကို မဝင်ကြရ။ တိုက်ထွင်းသို့တန်းပြီးပို့သည်။ အခုလိုနာမည် ခေါ်သောအခါ မသိလိုက်သော ထောင်အစဉ်လာကြောင့်ကျောပေါ် ဒုတ်ချက်ပြင်းပြင်းကို ခံလိုက်ရသည်။  လူအများကို ဆုံးမ ကိုရင်များ ရဟန်းငယ်များကိုပြောဆိုဆုံးမ  မိမိ၏ပြောစကားကိုတရိုတသေနာခံမှု ခံခဲ့ရသူတဦးအတွက် စိတ်ပေါ်သို့ပါ ဒုတ်ချက်ပြင်းပြင်းကျရောက်သွားသည်။ ထောင်ထဲတွင် ကိုယ်ပေါ်သို့ဒုတ်ချက် ပြင်းပြင်း အကျခံခြင်းထက် စိတ်ပေါ်ကျလာသော ဒုတ်ချက်ကပိုနာသည်ဟု ထင်မိသည်။

 

ကားပေါ်အရောက်တွင် သီးသန့်ထောင်မှစာရင်းပါ လူအားလုံးကို ထောင်မကြီးသို့ ပို့ဆောင်ရန် ကားစတင်ဘီးလိမ့်သည်။ ထောင်စကျ ကတည်းက ထောင်မကြီးဆိုသည်ကို ကြားသာကြားရသည်။ မရောက်ဘူးခဲ့။ အပြင်ဘက်လောကမှာ ရှိစဉ် ထောင်မကျခင်က အင်းစိန်ဆိုလျှင် တခုတည်း ထင်ထားခဲ့သည်။ ထောင်ထဲရောက်မှ သီးသန့်ထောင်ဆိုတာ ထောင်မကြီးနဘေး သီးခြားရှိနေတာကို သိလိုက်ရသည်။ စရောက်ကတည်းက သီးသန့်ကို တန်းပို့ ခဲ့သည်။ အခုလို ညတွင်းချင်း ထောင်မကြီး အခေါ်ခံရသည်ကို သဘောမပါက်မိ။ ကိုယ်ကထောင်ကျစလူသစ်ဖြစ်တာလည်း ပါမည်ထင်သည်။ ကားပေါ်အရောက် အတူပါလာသူတို့ တီးတိုးစကားသံကြားမှ ထောင်ပြောင်းပြီ ဆိုတာကို နားလည်လိုက်ရသည်။ ထောင်မကြီးရောက်တော့ တဦးချင်း နာမည် ထပ်ခေါ်ပြန်သည်။ ဒီတခါတော့ ခံလိုက်ရဘူးသော ကျောပေါ်က ဒဏ်ရာက ဘယ်လိုထူးရမည်ကို သင်ပေးလိုက်သည်။ခြေထောက်ကိုခြေကျင်းရိုက်တော့  ခြေထောက်က အနာ နှင့် ရင်ထဲကအနာ ပြိုင်တူဖြစ်ထွန်းသွားသည်။

 

ခေါင်းစွပ်တွေကိုမချွတ်ရ။ အဆောက်အဦးတခု၏ ရှေ့ မြေပြင်မှာ တန်းစီ နေရာချထားပေးသည်။ မိုးဦးကျစ မိုးရေစက်များကြောင့် မြေပြင်သည် စိုဆွတ်နေသည်။ အင်းစိန်ထောင်မကြီးရှိ လူများဟုယူဆရသည်။ လူတွေ နာမည်ခေါ်သံ တသုတ်ပြီး တသုတ် ရောက်လာသည်။ နဘေးနားတွင် ဝန်ထမ်းတွေစကားပြောသံများကိုကြားနေရသည်။ မိုးကမလင်းသေး။ ကိုယ့်အထုပ်ကိုပဲ မှီပြီး မှေးနေလိုက်သည်။ ထောင်မကြီးဗူးပေါ်မှ ၁၅မိနစ်တခါ ခေါက်သောသံချောင်းသံကြောင့် ဘယ်အချိန်ဆိုတာကို သိနေရသည်။ သံချောင်းသံသာ အကြီမ်ကြီမ် ထွက်ပေါ်လာသော်လည်း စိုစွတ်သောမြေအပြင်ထက်မှ တခြားနေရာတခုကို ပြောင်းရွှေ့ပေးမှု မရှိ။ မြေအပြင် နှင့်ထိစပ်နေသော ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး စိုစွတ်နေသည်။ ဝန်ထမ်းတွေကတော့ အမိုးအောက်မှာကိုယ်တွေကို လုံခြုံရေးအတွက် စောင့်နေကြပြီး အချင်းချင်း နောက်ပြောင်ရယ်မောသံကို ကြားနေရသည်။ လူချင်း အတူတူ သူတို့က အေးဆေးသက်သာ နေရာက ရယ်မောနေချိန်  သာမန်အချိန်ဆို ဘယ်လိုလူမျိုးမှ ထိုင်မည်မဟုတ်သောနေရာ၌ ကိုယ်တွေက တုံလုံးတပိုင်းလှဲနေနေရသည်။ ဒီအဖြစ်ကို တွေးရင်း စိတ်ထဲကတက်ခေါက်သံကို နှလုံးသားထဲ မှတ်တမ်းအဖြစ် သိမ်းထားမိပြီး ဖြစ်နေသည်။

 

စိုစွတ်သော မြေအပြင်ထက် ခြင် တဝီဝီထဲ လူးရင်းလှည့်ရင်း ညတညကို ကျော်ဖြတ်နေရသည်။ အရုဏ်ပျပျ ရောက်မလာမှီ နာမည်ခေါ်သံတို့က အားလုံးကို ပုတ်နှိုးလိုက်သည်။ ကိုယ့်နာမည်ပါရာ လူအတန်းထဲ တန်းစီမိတော့ ဗူးတံခါး အတွင်း ရောက်နေပေပြီ။ ဦးခေါင်းကိုစွတ်ထားသော အဝတ်ကိုခွါပေးလိုက်တော့ ကိုယ်နှင့်တအုပ်စုတည်း လူတွေကို တွေ့လိုက်ရသည်။ သီးသန့်ထောင်က အတူနေလူများကလွဲ ကျန်လူများက လူအသစ်တွေ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုပုဂ္ဂိုလ် အားလုံးသည် တခရီးတည်းသွာရမည့်သူတွေ ။ဤ အတွေး စိတ်ထဲဝင်လာခြင်းက အားတခုဝင်လာသလိုတော့ စိတ်ထဲခံစားလိုက်ရသည်။ ဗူးတံခါးကိုဖွင့် အပြင်ဘက် အချုပ်ကားထဲ တက်ကြတော့စုစုပေါင်း အယောက်၂၀။ သီးသန့် နောက်ထပ်ကားတစီးထဲလည်း ထိုအရေအတွက်လောက်ရှိမည်ဖြစ်သောကားတစီးပေါ် လူတွေ တက်နေကြသည်။ ထိုကား ပေါ်တက်သူလူတွေကို လှမ်းကြည့်လိုက်တော့ သီးသန့်ထောင်မှာ အတူတူနေခဲ့သူတွေထဲ မန္တလေး က ဘိုးဘိုးကြီး (စက်မှုကျောင်းသား)၊ နောက်အင်းစိန်သားဆန်နီ- သူက 10-Dကိစ္စ စတင်ဖေါက်ခွဲသူ၊ နောက် စိန်ကျော်ဦး တို့ကိုလှမ်းတွေ့လိုက်ရသည်။ ကျန်သူတွေက ထောင်မကြီးမှဖြစ်မည်။ ထိုသူတွေအထဲ NLDမှ ရန်အောင်နှင့် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး တို့ကို လှမ်းတွေ့လိုက်ရသည်။ အခြားသူများလည်းပါသေးသည်။  ကိုယ်တက်ရသောကားပေါ်တွင် တော့ သီးသန့်ထောင်မှ ရင်းနှီးပြီးသား မျက်နှာများပါသလို ထေင်မကြီးမှ မျက်နှာ အသစ်များလည်းပါလာသည်။

 

ကားဘီးစလိမ့်ပြီးထောင်မကြီးအုတ်ရိုးဘေးကပ်မောင်းပြီး  သီးသန့်ထောင် နဘေးကဖြတ်သည်။ သီးသန့်ထောင်တွင်းကျန်နေခဲ့သော အတူနေများကတောအိပ်ယာတောင်နိုးဦးမည်မထင်။      ကားက အင်းစိန်လမ်းမကြီအတိုင်း ဖေါ့ကန် အောင်ဆန်းတို့ကိုဖြတ်နေသည်။ ဒီလမ်းဒီခရီး ကိုအကြိမ်ကြိမ် သွားဘူးခဲ့ ။ ထိုသွားဘူးခဲ့ပုံက လွတ်လပ်သော အခြေအနေနှင့်။ ယခုခရီး မှာတော့ သော့ခတ် အလုံပိတ်ထားသောကား အတွင်းမှ ။ သူပိတ်လှောင်ထားသည်က လူခန္ဓာကိုယ် ကြီးကိုသာ ။ ပိတ်လှောင်၍မရသော စိတ်အစဉ်ကတော့ ဖော့ကန် အောင်ဆန်း ဒညင်းကုန်းတို့ကို ဖြတ်ကျော်ပြီး ရွှေပြည်သာ သို့ပင်ရောက်နေပေပြီ ။ စိတ်က ကိုယ်နေထိုင်ရာ ရွှေပြည်သာဆီ ရောက်တော့ မိတ်ဆွေတွေ အသိတွေ ဒကာဒကာမတွေ အားလုံး၏ ရုပ်အသွင်က အစီစီပေါ်လာသည်။ ယခု ထိုမိတ်ဆွေများလည်း  သူတို့ ခင်မင်ရင်နှီးသော ဆရာတော်တပါး ဘယ်အရပ် ဌာနေဆီ ဦးတည်သော ခရီးသို့ သွားနေမည်ဆိုတာကို သိကြမည်မဟုတ်။ သူတို့နှင့် ယခုချက်ခြင်း မျက်နှာချင်းဆိုင် တွေ့လျှင်ပင် ငါတော့ဘယ်ကို သွားနေတာဟု ပြောနှိုင်မည်မထင်။ ကိုယ် ကိုယ်တိုင်ပင် ဘယ်ဆီ ဦးတည်နေပြီဆိုတာ မသိသောခရီးကို ဘယ်လိုပြောရမည်နည်း ။ကား ထောက်ကြံ့ကိုကျော်တော့ အနောက်ဖက်ကို ဦးတည် မောင်းနှင်းနေသည်  ။ ၎င်းကားလမ်းကြောင်းကြောင့်ပင် ပဲခူးတိုင်း အနောက်ဖက်ရှိ ထောင်တို့ကို ရေတွက်နေမိတော့သည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

One Response to ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၂၁)

  1. catwoman23 on February 14, 2014 at 11:16 pm

    i m sure they ll pay sometime later in this life or the next for abusing the monks

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်