အမျိုးသား ရနံ့သင်းပျံ့နေသော အရိုင်းစပယ် ဝတ္ထုရေးသူအောင်လင်း

February 15, 2014

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၄
၁၉၆ဝ ပြည့်နှစ်အတွက် စာပေဗိမာန်ဝတ္ထုရှည်ဆုကို အောင်လင်း၏ “အရိုင်းစပယ်” နှင့် ဗန်းမော်တင်အောင်၏ “မမကြီး” ဝတ္ထုတို့ ပူးတွဲရရှိခဲ့ကြသည်။ ဝတ္ထုရှည်နှစ်အုပ်စလုံးမှာ နှစ်ခြိုက်ဖွယ်ဖြစ်သဖြင့် ဆုရွေးချယ်ရေး ကော်မတီက ပူးတွဲ၍ ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဗန်းမော်တင်အောင်က ဆုဆိုသည်မှာ တစ်ခုတည်းသာဖြစ်သင့်သည်ဟုဆိုကာ လာရောက်မယူခဲ့ပေ။

 

ထိုနှစ်မတိုင်မီ ၁၉၅၈ခုနှစ်အတွက် စာပေဗိမာန်ဆုရွေးချယ်ချီးမြှင့်စဉ်က ကဗျာဆုအတွက် နုယဉ်၏ “နုယဉ်ကဗျာများ” နှင့် လက်ဝဲမင်းညို၏ “ပဒေသာရတုများ” တို့ကိုလည်း ပူးတွဲချီးမြှင့်ခဲ့ဖူးလေသည်။

 

၁၉၆ဝ ပြည့်နှစ်အတွက် စာပေဗိမာန်ဆုပေးပွဲ အခမ်းအနားကို ပြည်လမ်း၊ စာပေဗိမာန်ဝင်း (ယခု ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန)၌ ကျင်းပခဲ့သည်။

 

အောင်လင်း၏ “အရိုင်းစပယ်” ဝတ္ထုသည် ၁၉၆ဝ ပြည့်နှစ်မှ ရေတွက်လျှင် လွန်ခဲ့သော နှစ်ပေါင်း ၅၃နှစ်အတွင်း ၁၇ကြိမ်ခန့် ရိုက်နှိပ်ခဲ့ရသည်။ ပထမနှိပ်ခြင်းကို ရန်ကုန်မြို့၊ ကျိုက္ကဆံလမ်း ပဒေသာပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့ပြီး စာမျက်နှာ ၄၆ဝကျော်ရှိသည်။ ထိုဝတ္ထုကို မူလက “ရုပ်ရှင်ပဒေသာ” မဂ္ဂဇင်းတွင် အခန်းဆက်အဖြစ် ဖော်ပြခဲ့သည်။ မဂ္ဂဇင်းဝတ္ထုရှည်အဖြစ်၌ပင် လူကြိုက်များလှသည်။ လုံးချင်းအဖြစ် ထုတ်ဝေသောအခါ ရောင်းအကောင်းဆုံး စာအုပ်စာရင်းဝင်ခဲ့သည်။

 

အရိုင်းစပယ်ကို နှစ်ကြိမ်ခန့် ရုပ်ရှင်ရိုက်၍ ဗွီဒီယိုဇာတ်လမ်းအဖြစ်လည်း ရိုက်ကူးခဲ့သည်။

 

မလိခ၏ မြန်မာဝတ္ထုအညွှန်း အမှတ် ၁ နှင့် ၂ နှစ်တွဲပေါင်း စာ ၆၂၀၌ “အရိုင်းစပယ်တွင် အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် မြန်မာ့ဂီတလောက မြှင့်တင်ရေးတို့ကို ဂရုစိုက်ဖော်ပြထားသည်မှာ နှစ်လိုဖွယ်ဖြစ်သည်။ ဂီတအကြောင်း၊ ပါတီပွဲများအကြောင်း ရေးသားဖွဲ့နွဲ့ရာတွင် ကျွမ်းကျင်နိုင်နင်းခြင်း ရှိသည်။ အောင်လင်းသည် စကားလုံးရွေးချယ်မှုကောင်းခြင်း၊ စကားပြောခန်းများကို အကောင်းဆုံးသော စကားအချေအတင်ပြောပွဲတစ်ခုပမာဖန်တီးနိုင်ခြင်း၊ခံ့ထည်သောအဘိဓမ္မာများကို ကြားညှပ်သုံးစွဲတတ်ခြင်း တို့ကြောင့် သူ့ဝတ္ထုသည် လှုပ်ရှားသွက်လက်သည်။ စာဖတ်သူများ ကြိုက်နှစ်သက်သည်။

 

ထို့ပြင် ကျောရိုးဇာတ်လမ်းကလည်း အများနှစ်သက်ဖွယ်ဖြစ်သည်။ အနုပညာသည်တစ်ယောက် အသိအကျွမ်းမရှိဘဲ ရန်ကုန်ရောက်လာခြင်း၊ ပြိုင်ပွဲတွင် အကဲဖြတ်လူကြီးများ မတရားပြုမူသည်ကို တွေ့မြင်သောအခါ ဟစ်အော်ကန့်ကွက်ပြီး တယောကိုရိုက်ခွဲခြင်း၊ ဝတ်လုံတော်ရတစ်ဦးက အိမ်ခေါ်သွားပြီး သမီးများကို စောင်းသင်ခိုင်းခြင်း၊ သမီးအလတ်က ငွေနှင့်ဂုဏ်ပကာသနကို မမက်မောဘဲ အညတြစောင်းဆရာလေးကိုချစ်ကြိုက်ခြင်း၊အမေရိကန်ပြန်ပညာတတ်ကြီးနှင့် မြူးကြွမောက်မာသောမော် တို့၏ ဖောက်ပြန်ကျဆုံးခြင်း၊ ချစ်သူနှစ်ဦး တဲအိုပျက်တွင် နေထိုင်ခြင်း၊ ငွေရှင်ကြေးရှင်စီးပိုးသည်ကို ဆန့်ကျင်ခြင်း၊ နောက်ဆုံးတွင် စွန့်ပစ်ထားသောသမီးကို ဖခင်က အမွေပေးခြင်း၊ အညတြစောင်းဆရာသည် သဌေးသားဖြစ်လာခြင်း၊ သူတို့ကို ကပျက်ယပျက်လုပ်သူများက ဝန်ချတောင်းပန်ခြင်း စသည်တို့သည် စာဖတ်သူကို ဆုပ်ကိုင်နိုင်စွမ်းရှိပေသည်ဟူ၍” ဖော်ပြထားသည်။

 

လင်းယုန်နီကမူ “စစ်ပြီးခေတ်မြန်မာစကားပြေ၁၉၈၃စာတမ်း”တွင် “အရိုင်းစပယ်” သည် ဇာတ်လမ်းအသားပေး ဝတ္ထုပုံစံဖြစ်၏။ အပြောစကားကို အလေးပေးရေးသားသည် မှန်သော်လည်း အရေးစကားပြေဘက်တွင်လည်း အားမနည်းဘဲ ချောမောပြေပြစ်ကြောင်း တွေ့ရသည်ဟူ၍ ဖော်ပြထားသည်။

 

စာရေးဆရာအောင်လင်းကို ၁၉၂၈ခု မတ်လ ၁ဝရက်နေ့တွင် မကွေးတိုင်း ရေစကြိုမြို့၌ ခရိုင်ရဲဝန်ထောက် ဦးဘရှိန်နှင့် အမိဒေါ်ဒေါ်မြစ်တို့မှ မွေးဖွားသည်။ အမည်ရင်းမှာ ဦးတင်ဖေဖြစ်သည်။

 

ဒုတိယကမ္ဘာစစ်အတွင်းကာလတွင် အောင်လင်းသည် ရေစကြိုမြို့အာရှလူငယ် အစည်းအရုံးတွင် ပါဝင်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ပခုက္ကူခရိုင်မှ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ အောင်လင်းသည် အသက်အငယ်ဆုံးသခင်တစ်ဦးအဖြစ်လည်းကောင်း၊ပခုက္ကူခရိုင်မှ ကိုယ်စားလှယ်အဖြစ် လည်းကောင်း နေသူရိန်အစည်းအဝေးပွဲကြီးသို့ စေလွှတ်ခြင်းခံခဲ့ရသည်။

၁၉၄၇ခုနှစ်တွင်တက္ကသိုလ်ဝင်တန်းအောင်မြင်သည်။ ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာဆည်းပူး သည်။ အောင်လင်းသည် စာပေနှင့်ဂီတ အနုပညာဘက်တွင် ဝါသနာပြင်းပြခဲ့သည်။ ၁၉၄၈ – ၄၉ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ကြီးမှူးကျင်းပသော ဂီတပြိုင်ပွဲ၌ ပတ္တလား ပထမဆု၊ မယ်ဒလင် ပထမဆုနှင့် တယော ဒုတိယဆုရခဲ့သည်။ ဂီတအနုပညာကို ဝါသနာပြင်းပြသဖြင့် ပညာကို ဆုံးခန်းတိုင်မသင်ဘဲ တက္ကသိုလ်မှ ထွက်ခဲ့သည်။ သူ့ဖခင်နှင့် ရင်းနှီးသော ဂီတဖခင်ကြီးမြန်မာညွန့်  ဆရာဦးချစ်မောင်ကသူ့အား ခုမင်းစာ မေးပွဲကျတာက ကျောင်းစာထက် ငါလိုလားတဲ့ ဂီတဘက်ကိုပိုပြီး ကြိုးစားလို့ကျတာ၊ ဒီတော့ မင်းကောလိပ်က စာမေးပွဲအရှုံးပေးလိုက်ပေမယ့် ငါ့ကျောင်းက စာမေးပွဲကတော့ ဂုဏ်ထူးနဲ့ကို အအောင်ပေးလိုက်တယ်ဟေ့ဟူ၍ ဆိုခဲ့သည်။ ဆန်းသစ်၊ ဆန်းအဖွဲ့နှင့် တေးသစ်လွင် အပျော်တမ်းတူရိယာအဖွဲ့များကို ဦးဆောင်ပြီး သီချင်းများရေးသား၍ အသံလွှင့်ခဲ့သည်။ သီချင်းပုဒ်ရေ ၆၀ကျော်ခန့် ရေးသားခဲ့သည့်အနက် ကျော်ကြားသော သီချင်းများအနက် မေရှင်သီဆိုသော မေတ္တာရေလှိုင်း၊ လီလီကြာညွန့် သီဆိုသော မေတ္တာရွှေစောင်း၊ နွယ်ညီအစ်မ သီဆိုသော တေးပန်လွှာတို့ဖြစ်သည်။ ဂီတနက်သန်ကိုစောညိန်း ရေးသားသော မိုးသက်လေနှင် သီချင်းကို ကိုယ်တိုင်သီဆိုခဲ့သည်။

 

အောင်လင်းသည် ၁၉၄၇ခုနှစ်မှစ၍ ပခုက္ကူအပုလေး၊ ရွှေကူတင်၊ တက္ကသိုလ်ငတိ၊ ဆူးညှောင့်စသော ကလောင်ကွဲများဖြင့်လည်း စာများရေးသားခဲ့သည်။ ၁၉၄၈ခုနှစ်မှစ၍ အောင်လင်း ကလောင်အမည်ဖြင့်ပင် ရေးသားသည်။ လုံးချင်းဝတ္ထုပေါင်း ၅ဝကျော် ရေးသားခဲ့ပြီး ၁၉၆ဝပြည့်နှစ် စာပေဗိမာန် ဝတ္ထုရှည်ဆုရ အရိုင်းစပယ်ဝတ္ထုမှာ ၁၇ကြိမ်အထိ ပြန်လည်ရိုက်နှိပ်ရသော အကျော်ကြားဆုံး ဝတ္ထုဖြစ်သည်။

ထို့ပြင် ပစ်တိုင်းထောင် ဝတ္ထုသည်လည်း ရုရှား၊ ဥဇ္ဖဘက်ကစ္စတန်နှင့် ဂျာမန်ဘာသာများသို့ ပြန်ဆိုခြင်းခံရသည်။ တဖန် “ဗေဒါ” ဝတ္ထုကိုလည်း ရုရှားဘာသာဖြင့် ပြန်ဆိုထုတ်ဝေခဲ့သည်။ ဝတ္ထုတိုများအနက် “အသေးအဖွဲကလေး”၊ “အိမ်တွင်းပုန်းမကလေး” နှင့် “တခုသာလိုချင်သည်” ဝတ္ထုတိုများကို ပြင်သစ်ဘာသာသို့ ပြန်ဆိုကြသည်။ ရေးသားခဲ့သော ဝတ္ထုများအနက် မောင့်မမငြိမ်း၊ သဲတပွင့်၊ ပစ်တိုင်းထောင်၊ ဇင်ယော်၊ အလျော်အစား၊ ကောင်းလေမှာ လွင့်ရှာပေါ့၊ နစ်လေသူတစ်ဦး၊ နှောင်းသစ္စာ၊ ချစ်နှင်းမှုန်မှုန်၊ လှတစ်ပတ်နွမ်းအပြုံး၊ ရွှေဝတ်မှုန် စသည်တို့ဖြစ်သည်။

 

အောင်လင်းသည် ရုပ်ရှင်လောကသို့လည်း ဝင်ခဲ့သေးသည်။ “ဗေဒါ” ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့သည်။ “လူမော်” ဇာတ်ကားတွင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ရန်ကုန်ဘဆွေနှင့်တွဲ၍ “မာန်” ရုပ်ရှင်ကားကို ဦးစွာရိုက်ကူးခဲ့သည်။

 

သူ၏ အသိုင်းအဝိုင်းများမှာ လူတန်းစားမျိုးစုံသည်။ တက္ကသိုလ်ကထိက၊ ဂီတဆရာ၊ သတင်းစာဆရာ၊ စာရေးဆရာမှသည် ဆိုက်ကားနင်းသူအထိ ပါသည်။

 

သူ့အိမ်တွင် ဧည့်ပြတ်သည်မရှိ။ လူစုံမိလျှင်စု၍ တီးကြ၊ မှုတ်ကြနှင့် ပျော်စရာပင် တခါတရံ အသံဝါကြီးနှင့် သီချင်းညီးနေသော “မင်းရှင်” ကို တွေ့ရတတ်သည်။ အပြင်သို့ ထွက်ကြလျှင်ကား “ဟေ့ ဖိုးအောင်လင်း တယောကလေးပါ ဆွဲခဲ့ပါကွ” ဟုဆိုလေ့ရှိကြသည်။ ဆရာဇဝနစိတ်ရွှင်သောညများတွင် စုမိကြလျှင် အောင်လင်းကို အများက တမ်းတတတ်ကြသည်။ တခါတရံ အောင်လင်းရှိရာ လိုက်လံရှာဖွေပေးရသည်။သူ့ကိုတွေ့လျှင်ကား ပတ္တလားတီးခိုင်း၍ ဆရာဇဝနက သမင်လိုက်လေး တင်ခန်းဖွင့်လေတော့ဟူ၍ အောင်လင်းနှင့် ပေါင်းဖော်သင်းဖက် မြဝတီအယ်ဒီတာဟောင်း မောင်ကျော်သာက မှတ်တမ်းတင်ထားသည်။

 

မောင်ကျော်သာသည် အောင်လင်း၏ စာများကို နှစ်ခြိုက်သဘောကျမိခဲ့ပြီး လူချင်းမတွေ့ကြမီ စိတ်ကူးနှင့် မြင်ယောင်ခဲ့ရာမှ တစ်နေ့တွင် ဗိုလ်ချုပ်လမ်းရှိ ကုလားလက်ဖက်ရည်ဆိုင်တွင် ဆရာဌေးမောင်နှင့် လက်ဖက်ရည်ဝင်သောက်ရင်း စာရေးဆရာအောင်လင်းနှင့် တွေ့ခဲ့ရသည်ဟု ဆိုသည်။

 

ထိုလူသိုက်ထဲမှ ဂျာကင်ညစ်မည်းမည်းနှင့်သူမှာ ကိုဌေးမောင် ညွှန်ပြသော အောင်လင်းဖြစ်နေသည်။ အသားရောင်မွဲခြောက်ခြောက်၊ အရပ်အမောင်း ညှက်ညှက်သေးသေး၊ လူဖလံကလေးအရွယ်၊ ထာဝစဉ်ဆီများမတွေ့၍ စုတ်ဖွားဖွားဆံပင်နှင့် နဖူးကျယ်ကျယ် မေးသွယ်သွယ်မျက်နှာတွင် လင်းယုန်ကဲ့သို့ ရဲရင့်သောအကြည့်၊ ဆွဲငင်သတ္တိနှင့် တွေးခေါ်ဟန်ရှိသော မျက်လုံးများကြောင့် အောင်လင်းဆိုတာ ဖြစ်နိုင်သားပဲဟု မောင်ကျော်သာ ရေးသားထားသည်။

 

အောင်လင်းကို အမြဲလိုလို ငိုးတိုးငုတ်တုတ်မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးနှင့် တစ်မတ်တန် ဆေးပေါ့လိပ်ကိုခဲကာ ဖဆပလတိုက်ခန်းရှိ သူ့အိမ်တွင် ပတ္တလားကို တီးလျက်သံစဉ်ရှာနေသည်ကို တွေ့ရလေ့ရှိသည်။ ဤကား စာရေးဆရာအောင်လင်း၏ ထူးခြားသော ကိုယ်ပိုင်ဟန် (Idiosyncrasy) ဟုပင် ဆိုရပေသည်။

 

သူသည် ၁၉၆၁ – ၆၂ခုနှစ်က မြန်မာနိုင်ငံစာရေးဆရာအသင်း၏ အတွင်းရေးမှူးဖြစ်ခဲ့သည်။ စာရေးဆရာအသင်းမှ တင်ဆက်ခဲ့သော ပြဇာတ်များတွင်လည်း ဒါရိုက်တာ၊ သီချင်းရေးဆရာ၊ ဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့သည်။

 

ထို့နောက် မရိုးနိုင်သော လောကသရုပ်၊ လူ့သဘာဝအဖွဲ့ကို ကျွမ်းကျင်စွာ ရေးဖွဲ့တတ်သော ဦးတင်ဖေ ခေါ် စာရေးဆရာအောင်လင်းသည် ၁၉၈၄ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားလေသည်။ ကွယ်လွန်ချိန်၌ သားနှစ်ယောက်၊ သမီးတစ်ယောက်ကျန်ရစ်ခဲ့သည်။

စာကိုး
(၁) မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၅။
(၂) မလိခ၊ မြန်မာဝတ္ထုအညွှန်း အမှတ် ၁ နှင့် ၂၊ ရန်ကုန်၊ စာပေလောက ၁၉၇၄။
(၃) မောင်ဆုရှင် “အမျိုးသားရနံ့ဆွတ်ပျံ့သော အရိုင်းစပယ်” လုပ်သားပြည်သူ့နေ့စဉ် (၄-၁၀-၉၂)။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်

One Response to အမျိုးသား ရနံ့သင်းပျံ့နေသော အရိုင်းစပယ် ဝတ္ထုရေးသူအောင်လင်း

  1. catwoman on February 16, 2014 at 5:26 am

    I like the wild jasmine. only a few things to point out. In real life, the female character “MA” might sound a little stupid since she married the main character without knowing much about him. he could well be a con man/a bad person. Also I dont think her mother ‘s character will exist in real life. she is too careless. It sounds a little bit xenophobic to me. I think we should respect all kinds of music incliding rock/pop etc etc.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)