သက်ရှိ သမိုင်းစာအုပ်ထဲက စာမျက်နှာတခု

February 16, 2014
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အရှင်ဇဝန  (နိုင်ကျဉ်းဟောင်း)
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄

 

သရုပ်ဖော်ပန်းချီသည် Myoe Win Aung ၏ လက်ရာဖြစ်ပါသည်။

ကြုံဆုံမှု တခုသည်  အမှတ်ရမှုတခုဆီသို့  မျက်နှာမူမိစေသည်။ ဖြတ်ကျော်ခဲ့သော အတိတ်တို့သည် သူ့ဘာသာသူဆို အိပ်မောကျသလို ရှိနေသည် ။သို့သော်လည်း  တိုက်ဆိုင်မှုဖြင့် ပုတ်နှိုးခံရလျှင် လတ်လတ်ဆတ်ဆတ်လို အဖြစ်မျိုးခံစားရပြန်ပါသည်။ နိုဝင်္ဘာ လ ၂၆ရက်နေ့က စာရေးဆရာမ မိုးချိုးသင်းနဲ့ ကြုံဆုံခွင့် ရသည်။ ဆရာမက သူ့ဖခင် နိုင်ငံကျော် ကဗျာဆရာကြီး ၏ အသက်၈၀ပြည့် အတွက် ထုတ်ဝေသော တင်မိုး၈၀ -ကဗျာ၈၀ စာအုပ်ကို လက်မှတ်ရေးထိုးလက်ဆောင်ပေးသည်။  ထိုကဗျာများကို တထိုင်တည်း ခံစားဖတ်ရှုလိုက်ပါသည်။  ဆရာကြီး၏ ဒီမိုကရေစီအရေး ကလောင်လက်နက်ဖြင့် တိုက်ပွဲဝင်ခဲ့မှုသည်  အကြီအကျယ်ဆုံးသော ပြောင်မြောက်မှုအဖြစ် သမိုင်းကျောက်သားထက် နေရာယူလျှက်ရှိသည်။ ဆရာကြီး၏ ထိုကြီးကျယ်မှုကို စာတစောင်ပေတဖွဲ့  ရေးပြရုံဖြင့် လုံလောက်မည် မထင်ပါ။ ထိုကြီးမားထည်ဝါမှုကို ကိုယ်ကရေးနှိုင်စွမ်းလည်းမရှိ။  သို့သော်လည်း ဆရာကြီး၏ (၈၀)သော အပုဒ်ရေထဲမှ တပုဒ်သော ကဗျာက  အတိတ် ဆီသို့ ဆွဲခေါ်လိုက်ပါသည် ။ကဗျာ၏ဆွဲခေါ်ရာ လိုက်ပါလိုက်တော့  အတိတ် ရက်များမှ  ဖြတ်ကျော်ခဲ့သော အဖြစ်အပျက်တို့က  အစီအရီ ပေါ်လာသည် ။ သတင်းစကားဖြင့် အဝေးမှ ဆရာခံစားရေးဖွဲ့ခဲ့သော ထိုဖြစ်ရပ်သည်  ကိုယ့်အတွက် ကိုယ့်နဘေးက အဖြစ်အပျက်ဖြစ်နေသည်။ ဒီတော့လည်း အတိတ်ဆိုတာ ရှေ့တည့်တည့်မှာပိုမို လတ်ဆတ်နေသော အဖြစ်အပျက်တခု ဖြစ်နေတော့သည် ။ ဆရာက ကဗျာထဲမှ ဇာတ်ကောင်ကို နောင်တော်ကြီးဟု တမြတ်တနှိုး အသံဖြင့်ခေါ်သည်။ ကိုယ်တွေအားလုံးက အဘဟု တရိုတသေ ရင်ထဲက အသံဖြင့် ခေါ်ခဲ့ကြသည်။

 

အဘကိုစတွေ့ပုံနှင့် အဘအကြောင်းကို မိုးမခမှာ ဆောင်းပါးတပုဒ်ရေးဘူးခဲ့သေးသည်။ ထိုဆောင်းပါး ပါလာပြီးနောက်စာရေးဆရာမ မိုးချိုသင်းဆီမှ အီးမေးလ်တစောင်ကိုရခဲ့သည် ။ ဆရာမ မိုးချိုသင်း၏ အီးမေးလ်ရမှ အဘနှင့် ဆရာမတို့က အမျိုး အရင်းကြီးဆိုတာ အဘမကြာခဏ ပြောပြောပြနေသည်များက တန်းစီပေါ်လာပြန်တော့သည်။  ထောင်ထဲ တခန်းထဲအတူနေ ဆိုတာ က ၂၄နာရီ ဘေးချင်းကပ် နေနေရတာမဟုတ်လား ၊ ဒီတော့ သူကြုံတွေ့ရတာကို ကိုယ်နားထောင် ကိုယ် ဘဝ အကြောင်းအရာတို့ကိုသူ့ကိုပြောပြ ။ ပြောစရာစကားကုန်တော့ အစကပြန်ကောက် ။ ဒီလိုနှင့် အကြောင်းအရာတခုကို အခါခါ ကြားဖူးနေပြီးဖြစ်သည်။  အဘကတော့ ဖြတ်သန်းမှု အများဆုံး သမိုင်း အစဉ်လာကြီးမားခဲ့သူဆိုတော့ သူဆီက နားထောင်ရသည်ကသာများမည်ထင်ပါသည်။ ကိုယ်တွေက ကံကောင်းစွာ သက်ရှိ သမိုင်းစာအုပ်ကြီးကို ရလိုက်တာပဲဖြစ်သည်။

 

အရိုးကျီးပေါင်းတက်သော ရောဂါက အဘကို ခါးကိုင်းသွားစေခဲ့သည်။ ထောင်ပြောင်းတော့လည်း တကားတည်း ။ တောင်ငူရောက်တော့လည်း  အဘနှင့်ကတခန်းတည်း ။ တကယ် ဘိုးဘွားရိပ်သာမှာ အနားယူရမည့်အရွယ် အဘဟာ အာဏာရှင်တို့ရဲ့ ငရဲခန်းထဲ မညှာမတာ အထည့်ခံထားရသည်။ ရုပ်ပေါ်က အခြေနေကိုကြည့်လျှင် တကယ့် ဇရာဒုဗ္ဗလ အဖိုးအိုပါ။  သို့သော်လည်း စိတ်အခြေနေက တကယ့်သံမဏိ။ အဘဖြတ်သန်းခဲ့သော သမိုင်း အခြေနေတွေများကို အဘပြောပြသမျှ သိထားခဲ့သည် ။ ထို အတိတ် အကြောင်း သနစ်စုံကိုအသာထား လက်ငင်း အဘနှင့်အတူနေ နေ့ရက်များ ထဲက ကိုယ်မျက်မြင် တွေ့ရသော ပုံစံကပင် အဘ စိတ်ဓာတ်ကြံခိုင် ကြောင်းသိသာနေသည်။ အဘ မှာ ဟာသရှိသည်။  လူကြီးပီပီ ဣနြေ္ဒ ရရရှိသော်လည်း အတည်နေထိုင်မှုထဲမှ ထွက်ကျလာသော ဟာသတို့က အတူနေတို့ရဲ့ ကျနေသည့် စိတ်ဓာတ်ကို ကိုယ့်ကမသိမှီပင် အဘ ဟာသများက ကောက်တင်ပေးပြီး ဖြစ်နေတော့သည်။ ထို အကြောင်းအရာကို ဆရာကြီး ဦးတင်မိုးက အသေအချာ အမိရကဗျာထဲ ပုံဖော်ထားသည်။

 

ခါးလည်းကုန်းကုန်း ၊တပြုံးပြုံးနှင့်
နှလုံးအေးသော်လည်း၊ အရှုံးမပေးတဲ့မာန်
အနိုင်မခံတဲ့စိတ်ဓာတ်နဲ့
မားမားမတ်မတ်ရပ်ခဲ့တဲ့နောင်တော်ကြီး ။
ဘဝတလျှောက်မှာ
တခဏမှမဖောက်၊ အဓမ္မလက်အောက်မှာ
လက်မြှောက်လေ့မရှိ၊ ရဲရင့်တည်ကြည်၏ ။

 

ကျောင်းသာဘဝမှာ ကျောင်သားပီပီ အဘ တာဝန်ကျေခဲ့သည်။ အိုမင်းမစွမ်း အချိန် နောက်လူတွေလုပ်ကြပေတော့ မင်းတို့အလှည့်ပဲဟု အဘ အချောင်မခိုခဲ့။ ထောင် ထဲ မှာရှိနေမှုက သူတာဝန်သူ နိုင်သမျှ ထမ်းရွက်ဆဲဆိုတာပေါ်လွင်နေပါသည်။ စကားပြောလျှင် စကားသံက တိုးတိတ်ညင်သာသည်။ ဒေါသသံဆိုတာ မတွေ့မိ။ မြေးအရွယ် ထောင်ကျ ကျောင်းသားလေးကို ယိုင်နဲ့နေသောအဘက အာပေးထူမတ်နေသေးသည် ။ သူ့ဆီက စားစရာများကို အနားလာစကားလာပြောသူတိုင်းကို ချကျွေး တတ်သည့်အဘ။

 

လောဘမတက်၊ ဒေါသလဲမထွက်
မောဟလဲမဖက်
မျက်စိဖွင့်နားစွင့်၊ အများနှင့်အတူ
ပြည်သူနှင့်တကွ၊ အေးအတူပူအမျှ
ဒုက္ခ သုခ ခံစား၏။

 

အဘကရှေ့နေ၊အဘတို့ အမှုတွဲတွေထဲတွင်လည်း ရှေ့နေတွေ အများကြီးပါဝင်လာသည်။ သာမန် အကျဉ်းသားတွေလို မဟုတ်။  အဘတို့က ဥပဒေကို ပိုမိုနားလည်သည်။ သူတို့ အမှုတွဲတွေ အားလုံးနီးပါး ကိုယ့်အကြောင်းကိုယ်ပြောပြလို့ ထောင်ကျခဲ့သူတွေ။ တခေတ်တခါက ကျောင်းသားသမဂ္ဂ၏ ဥက္ကဌ ဖြစ်ဖူးခဲ့ရသည်ကပင် ပြစ်မှု ဖြစ်ခဲ့ရသည်။ ကိုယ်ဥက္ကဌ ဖြစ်ခဲ့ပုံကို ပြောပြတာအပြစ်သတ်မှတ်ခံရသည်။ သူတို့ကိုတပ်သည့် ပုဒ်မက ၅(ည)။ အဘတို့ကို စစ်သောတရားသူကြီး ခေါင်းစားရတာ သေချာသည်။ ဥပဒေ နားမလည်သူတွေကို တရားသူကြီးက စိတ်ကြိုက် အပေါ်စီးမှ တကယ့် အပြစ်ရှိသူကို ဆက်ဆံသလိုမျိုး ဆက်ဆံကြသည်ချည်း။ အဘတို့က ဥပဒေတတ်ကျွမ်းသူတွေ။ ဒီတော့ တရားသူကြီးကို မေးခွန်းပြန်ထုတ်သည်။ သူတို့ဆွဲတင်သော အပြစ်အတွက် ဆူပူမှုကိုဖြစ်စေခဲ့သော သက်သေ တခုခုထုတ်ပြဖို့ သူတို့ကြောင့် အကျင့်စာရိတ္တ ပျက်စီးသွားသူကိုသက်သေပြဖို့ အဘတို့က တောင်းဆိုသည်။  နဂိုထဲက ထောင်ချချင်လို့ဖမ်းတာသာဖြစ်သည်။ ဥပဒေအရ ငြိသည်ဖြစ်စေ မငြိသည်ဖြစ်စေ အကြောင်းမဟုတ် ။  ဇာတ်ထဲက စကားလို မဟေလဲသုတ် ဟေလဲသုတ် မှာအသေချာ။  ဥပဒေအထက်က လူကြီးများ စိတ်ကြိုက် တရားသူကြီးက လုပ်ပေးရုံသာ။

 

တရားဥပဒေကိုလဲ
ရိုသေစွာလိုက်နာ၊ ပညာသတိနဲ့
အစဉ်သာကြည့်လေ့ရှိ၏ ။

 

ဒီလိုနှင့် ထောင်ထဲ တွင် ဆိုးဝါးသောကျန်းမာရေးကို အဘ ခံစားလိုက်ရသည်။ ထိုနေ့က အဘထောင်ဝင်စာ လာသောနေ့ ။ အိမ်ကလူတွေနှင့်တွေ့ချင်ဇောစိတ်ကြောင့် ဝမ်းသာအားရ အဝတ်လဲ လိုက်သော အဘ၏ စိတ်နောက်ကို သူ့ခန္ဓာကိုယ်က မလိုက်နှိုင်တော့ ။ အဝတ်လဲနေရင်း တဖက်ကိုလဲကျသွားသည်။ ကျီးပေါင်းတက်နေ ကျွတ်ဆတ်နေသော အရိုးတို့က အဘကို ပြင်းစွာသော ဝေဒနာကို ရရှိစေတော့သည်။ အိမ်ကလူများ ထောင်ဝင်ခန်းထဲမှာ အဘကို မတွေ့ရပဲ ထောင်ဆေးရုံထဲအထိ ဝင်တွေ့လိုက်ရတော့သည်။ ထောင်ဆရာဝန် ဦးလှရွှေ က ဆရာဝန်ချင်း မောင်နှမလို  အဘသမီး ဆရာဝန်ကို ကူညီပေးခဲ့သည်။ ထောင်ဆရာဝန်ဆိုတာက ဆေးကုသမှုသာ ပေးနှိုင်စွမ်းသူ ။ အဘတို့လို အမှုမျိုးဆိုတာက ထောင်အရာရှိတို့ကိုယ်တိုင်ပင်လုပ်ပိုင်ခွင့် ဆုံးဖြတ်ခွင့်ရှိသည်မဟုတ်။ ထိုစဉ်က တပ်ကြပ်အဆင့်လောက်သာရှိသော ထောက်လှမ်းရေးက တကယ့် ရှင်ဘုရင် ပုစံဖြင့်လာကြည့်သည်။ အဘ၏အခြေနေကို သဘောပေါက်သွားသော ထောက်လှမ်းရေးက ကျေးဇူးရှင် အဖြစ်နာမည်ဝင်ယူပြီ။ သူကပဲကယ်တင်လိုက်လေဟန်။ အဘဆေးရုံမှာ ရက်ပိုင်းလောက်နေပြီး ထောင်ကလွတ်သည်။ ထောင်ကလွတ်ပြီးမကြာမှီပင် အဘသတင်းက ဝင်လာသည်။အဘဆုံးပြီတဲ့ ။ အဘနှင့် မယားညီအကို ဖြစ်ပေမယ့် တကယ့်ညီအကိုလိုဖြစ်နေသော ဆရာကြီးဦးတင်မိုး၏ အဘအတွက် ရေးခဲ့သောကဗျာဖြင့်ပင် ဤ ဆောင်းပါးကိုအဆုံးသတ်ချင်ပါသည်။

 

မိသားစုကိုချစ်ခင်၊ ကြင်နာမှုကိုလက်သုံး
တသက်လုံးသန့်ရှင်းဖြူစင်၏။
သမိုင်းအစန၊ အရိုင်းအပျမရှိ
မျှမျှတတအလုပ်ပြနှိုင်လို့
တကသ ဥက္ကဌ အဖြစ် ထမ်းဆောင်ခဲ့၏ ။
အမှုမပွေပါပဲလျှက်
ဥပဒေမှာ မညှာတာတဲ့အတွက်
လူ့ပြေမှာမနေရရှာပြီ ။
အဝေးရောက်နေတဲ့
သွေးသောက် ချစ်ညီက
အဉ္ဇလီ လက်စုံမိုးလို့
ရှိခိုး ကန်တော့လိုက်ပါသည်။
အလောင်းလှခဲ့တဲ့
ကျောင်းသားခေါင်းဆောင်
ချစ် နောင်တော်  ခင်ဗျား…..။

(နောင်တော် ရှေ့နေကြီး မြို့မ ဦးတင်အေးသို့)
၁၁-၉-၂၀၀၃ 
ကြာသာပတေးနံနက်ခင်း
 
ဤဆောင်းပါးဖြင့် တာဝန်ကိုယ်စီကျေခဲ့ကြသော အဘ မြို့မဦးတင်းအေးနှင့် ဆရာကြီး ဦးတင်မိုးတို့အား အလေးအနက် ဂုဏ်ပြုအပ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်