ပန်းပုဆရာကြီး ဦးဟန်တင်၏ သူ့ပန်းပုလက်ရာများ

February 21, 2014

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄

 

ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ အမျိုးသားပြတိုက်ရှေ့တွင် စိုက်ထူထားသည့် အလောင်းမင်းတရားကြီး၊ ဘုရင့်နောင်မင်းတရားကြီးနှင့် အနော်ရထာမင်းစောတို့၏ ရုပ်တုများမှာ အသက်ဝင်၍ အလွန်လက်ရာ မြောက်ကာ၊ ဇာတိသွေး ဇာတိမာန် အပြည့်ဖြင့် ကမ္ဘာတွင် မြန်မာဟု ဝင့်ကြွားနိုင်သော  ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ ၊ တတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် မင်းကောင်းမင်းမြတ်သုံးပါးတို့၏ ကြန်အင်လက္ခဏာများ ပေါ်လွင်နေသော ရုပ်တုများပင် ဖြစ်သည်။
အဆိုပါ ရုပ်တုများကို ပုံစံထုတ်၍ ထုလုပ်ပေးခဲ့သူကား အခြားသူမဟုတ်၊ ပန်းပုဆရာကြီး ဦးဟန်တင် ပင် ဖြစ်သည်။
ပန်းပုဆရာကြီး ဦးဟန်တင်သည် ထားဝယ်သား ဖြစ်သည်။ ၁၉၂၆ ခုနှစ် ဧပြီလ ၃ဝ ရက် သောကြာနေ့တွင် ထားဝယ်မြို့၊ လောင်းလုံမြို့နယ် ညင်းမော် အနောက်ဖက်ကမ်းရွာတွင် ဖွားမြင်ခဲ့သည့် ဗိသုကာပညာရှင်ကြီး ဦးငြိမ်းသွင်၊ ဒေါ်မင်းထိုက်ထိုက်တို့၏ သားသမီး (၇) ယောက်အနက် အငယ်ဆုံးသားထွေးဖြစ်သည်။
ဆရာသည် ငယ်စဉ်ကပင် အစ်ကိုအစ်မများနှင့်မတူ  သူ့ဗီဇနှင့်သူ တမူထူးခြားသူ ဖြစ်သည်။ စကားများများ ပြောလေ့မရှိ။ တစ်ကိုယ်တည်း အေးအေးလူလူ နေထိုင်တတ်သည်။ ငယ်စဉ်ကပင် ပုံဆွဲဝါသနာထုံခဲ့ရာ ၊ ကျောင်းမနေခင်ကပင် အရွယ်နှင့်မမျှအောင် အရုပ်များ ရေးဆွဲတတ်နေပြီ ဖြစ်သည်။
ထို့နောက် အရွယ်ရောက်သော် မိဘများက ဆရာ့အား ညင်းမော် ရွာဦးဘုန်းတော်ကြီးကျောင်းတွင် စတင်ပညာဆည်းပူးစေသည်။ ယင်းနောက် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြည်သူ့အလွတ်ပညာသင်ကျောင်းသို့ ပြောင်းရွှေ့ပညာဆည်းပူးသည်။ ကျောင်းနေသော်လည်း ကျောင်းစာကို သိပ်စိတ်မဝင်စား၊ အားလျှင် ပုံဆွဲရန်ကိုသာ အာရုံစိုက်လေသည်။ စာမရ၍ အရိုက်ခံရသည့်ကြားမှပင် ဆရာသည် ဝါသနာပါသည့် ပုံဆွဲခြင်းကို လက်မလျော့ခဲ့ပေ။ အရုပ်ရေးနေရလျှင် သူပျော်နေသည်။ အနီးပတ်ဝန်းကျင်မှ မြင်သမျှကို ခဲတံတစ်ချောင်း စာအုပ်တစ်အုပ်ဖြင့် အချိန်ရသမျှ ပုံဆွဲလေ့ကျင့်ခဲ့ရာ များမကြာမီအတွင်း ဘယ်အရာကိုမဆို တူအောင် ဆွဲနိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့သည်။
ထိုကြိုးပမ်းမှု အဝဝသည် နောင်တွင် ဆရာအဖို့ ပုံဆွဲအခြေခံပညာကို ခိုင်ခံ့စေခဲ့သည်။ အဆိုပါကျောင်း၌ သတ္တမတန်း အထိသာ ပညာဆည်းပူးပြီးလျှင် ကျောင်းမှ ထွက်လိုက်သည်။ ကျောင်းမှ ထွက်ပြီးနောက် မည်သည့်လခစား အလုပ်ကိုမှ မလုပ်ဘဲ အနုပညာလောကသို့ ခြေစုံပစ် ၀င်ရောက်ကာ ပန်းချီဆရာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ ဆရာသည် စာအုပ်မျက်နှာဖုံး၊ ခေါင်းစီး၊ ကြော်ငြာဒီဇိုင်း၊ ပိုစတာ၊ ကဗျာသရုပ်ဖော်ပုံ၊ မျူရယ်(mural)ခေါ် နံရံကပ်ပန်းချီ၊ ပုံတူ၊ ရှုခင်း၊ သက်ငြိမ်၊ တောတောင်ရေမြေ သဘာဝ ပန်းချီကားများနှင့် ရာဇဝင်နောက်ကားများကို ထောင်နှင့်ချီ၍ ရေးဆွဲပေးခဲ့သည်။
ထိုစဉ်က ပန်းချီဆရာဘဝမှာ ယခုခေတ်နှင့် မတူ ဝင်ငွေမကောင်းလှသဖြင့် ငွေကြေးဘက်တွင် အတော် ကသီလင်တ ဖြစ်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ဆရာသည် ဝင်ငွေနည်းသည်များသည်ကို ပဓါနမထား ၊ ဆင်းရဲသည်ကိုလည်း မတုန်လှုပ်၊ သူ့အနုပညာ လက်ရာများ ဖော်ထုတ်ခွင့်နှင့် သူ့အနုပညာလက်ရာများ အစဉ်တိုးတက်ဖို့ကိုသာ အဓိကထား၍ ဒုက္ခကိုခါးစည်းခံကာ ကြိုးစားရေးဆွဲခဲ့သည်။ ဝါသနာပါရာ အနုပညာလုပ်ငန်းကို လုပ်နေရလျှင်ပင် သူ့ဘဝကို သူရသမျှနှင့် ကျေနပ်ပျော်ရွှင်နေခဲ့လေသည်။
ဆရာကြီး ဦးဟန်တင်သည် ပန်းချီကို ရေဆေးရော၊ ဆီဆေးပါ နှစ်မျိုးစလုံးကို ကျွမ်းကျင်စွာ ရေးဆွဲနိုင်သူ ဖြစ်သည်။ ပန်းချီပညာ အခြေခံကို ဖခင်ဖြစ်သူထံမှ အမွေရခဲ့သည်ဟု ဆိုသည်။ ထင်ရှားခဲ့သော ပန်းချီဆရာကြီးများ ဖြစ်သည့် ဦးငွေကိုင်၊ ဦးသိန်းညွှန့်၊ ဦးစံဝင်းတို့ထံမှ ဆီဆေးရေးဆွဲနည်းကို သင်ယူခဲ့သလို၊ ရေဆေးပန်းချီကို ဆရာမြ၊ ဆရာဆောင် (ရေဆေးမင်းသား) တို့ထံမှ လေ့လာဆည်းပူးခဲ့သည်။
သို့သော် ပန်းချီဆရာကြီးများထံတွင် အစအဆုံး စနစ်တကျ လက်ထပ်သင်ယူခဲ့ရသူ မဟုတ်ချေ။ အခြေခံပန်းချီပညာကို ဝါသနာဘာဂီ အထုံပါသည်နှင့်အညီ ငယ်စဉ်မှစ၍ ပန်းချီနှင့် ပတ်သက်သော စာအုပ်စာတမ်းများ ဝယ်ယူစုဆောင်းကာ လေ့ကျင့်ရေးဆွဲခြင်း၊ စုတ်ရေးခြင်း အတတ်ကို မိမိဖာသာ မပြတ်မလပ် လေ့ကျင့်ခဲ့ပြီးနောက် ပုံဆွဲနိသျှည်းကို အတော်ကလေးပိုင်နိုင်မှ ဆရာကြီးများထံ ဝင်ထွက်သွားလာရင်း အတုယူကာ တစွန်းတစ လေ့လာဆည်းပူးခဲ့ခြင်းဖြစ်သည်။ ပန်းချီပညာနှင့် ပတ်သက်၍ မိမိ မသိသေးသည့် အချက်များလည်း မရှက်မရွံ့ ကျိုးနွံစွာ မေးမြန်းလေ့လာ ဆည်းပူးခဲ့သည်။ ပန်းချီပညာ ဆရာကြီးများ အလျဉ်းသင့်ကြုံသလို ပြောဆိုချက်များကိုလည်း ဆရာသည်ကျိုးကျိုးနွံနွံ လေ့လာမှတ် သားခဲ့သည်။
ဤသို့ဖြင့် ဆရာသည် ပန်းချီဆရာကြီးများထံမှ ဆေးစပ်နည်း၊ အရောင်သုံးစွဲနည်းနှင့် အနီးအဝေး၊ အလင်းအမှောင် သုံးစွဲနည်းတို့ကို ရရှိခဲ့သည်။ ယင်းသို့ ဆည်းပူးရရှိခဲ့သော နည်းစနစ်များဖြင့် ပန်းချီကားပေါင်း မြောက်မြားစွာကို လေ့ကျင့်ရေးဆွဲခဲ့သောကြောင့် ပန်းချီပညာကို ဆရာတဦးထံတွင် စနစ်တကျ လက်ထပ်မသင်ခဲ့ရသော်လည်း ဆရာ၏ လက်ရာများသည် စနစ်တကျ ရှိလှသည်ဟု ပန်းချီဆရာကြီး ဦးငွေကိုင်က ချီးကျူးခဲ့လေသည်။
ထို့နောက် ဆရာသည် ပန်းချီဆရာကြီး ဦးငွေကိုင်နှင့်တွဲ၍ လက်ထောက်ပန်းချီဆရာအဖြစ် နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့သည်။ ဤသို့ ဦးငွေကိုင်နှင့် လက်တွဲလုပ်ကိုင်ခွင့် ရခဲ့သည်မှာ  သူ့အဖို့ များစွာ ကုသိုလ်ကံကောင်းသည် ဟုဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် ပြိုင်စံဘက်ရှားသော ပန်းချီဆရာကြီး ဦးငွေကိုင်ထံမှ ခေတ်သစ်ဆီဆေး ရေးဆွဲနည်းနှင့် ပန်းပုပညာကို အနီးကပ် ဆည်းပူးခွင့် ရခဲ့သောကြောင့် ဖြစ်သည်။ ဤသို့ ပန်းချီရေးဆွဲနည်းကို အတော်ကလေး တီးမိခေါက်မိတော့မှ ပန်းပုပညာကို လေ့လာလိုက်စားခဲ့သည်မှာ ကွယ်လွန်သည့်တိုင်အောင် ဖြစ်သည်။
ယင်းနောက် ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်ရှိ ဂျူဗလီဟော (ယခုတပ်မတော် စစ်သမိုင်းပြတိုက်ရှိရာ နေရာ) တွင် ၁၉၅၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်ထားသော နိုင်ငံတော် အနုပညာကျောင်းတွင် ပန်းချီနည်းပြဆရာအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။  ပန်းချီသင်တန်းတွင် ဆရာသည် မိမိလေ့လာ ဆည်းပူးခဲ့သော ပန်းချီအတွေ့အကြုံများကို အခါခွင့်သင့်သလို ဟောပြောပို့ချခဲ့သည်။ ပန်းချီအနုပညာ၏ သဘောတရား၊ ပန်းချီ၏အရသာ၊ ပန်းချီ၏တန်ဖိုး၊ ပန်းချီပညာ၏ အသုံးဝင်ပုံနှင့် ပန်းချီပညာ ပြန့်ပွားရေးကိုပါ ပို့ချပေးခဲ့သည်။ သင်တန်းတွင် ဆရာသည် လူငယ်များအား ပန်းချီပညာတွင် ဝါသနာထုံစေလိုသောစိတ်၊ ထွန်းထွန်းပေါက်ပေါက် ဖြစ်စေလိုသော စေတနာဖြင့် ဆရာစားမချန် သင်ကြားပြသခဲ့ရာ တစတစဖြင့် အနုပညာလောကတွင် လူသိထင်ရှားခဲ့လေသည်။
သို့သော်ဆရာသည် မိမိကိုယ်ကို ဘဝင်မမြင့် စိတ်ကြီးမဝင်၊ မိမိပညာကို အားမရ၊ မိမိသည် ပန်းချီလောကတွင် လေ့လာဆည်းပူးသင်ယူစရာ တပုံကြီးကျန်ရှိနေသေးသည်ဟုခံယူကာ ခံယူထားသည့် အတိုင်း ကွယ်လွန်ချိန်အထိ လေ့လာဆည်းပူးသွားသည်။
သို့ကလို နိုင်ငံတော် အနုပညာကျောင်းတွင် ပန်းချီနည်းပြအဖြစ် အမှုထမ်းနေစဉ်အတွင်း ၁၉၆၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ စီစဉ်မှုဖြင့် တစ်နှစ်ခန့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနုပညာသိပ္ပံကျောင်းသို့ သွားရောက်လေ့လာဆည်းပူးခွင့် ရခဲ့သည်။ တရုတ်နိုင်ငံတွင် ပန်းချီအနုပညာ လေ့လာဆည်းပူးနေစဉ်အတွင်း ပန်းချီပန်းပုနှင့် ပတ်သက်သော စာအုပ်စာတမ်း များစွာကိုလည်း မိမိအား နိုင်ငံတော်ထောက်ပံ့ပေးထားသော ထောက်ပံ့ငွေထဲမှ ချို့ချန်ကာ ဝယ်ယူခဲ့သည်။
နိုင်ငံတော် အနုပညာကျောင်းတွင် (၇) နှစ်ခန့် အမှုထမ်းခဲ့ပြီးနောက် ဆောက်လုပ်ရေး ကော်ပိုရေးရှင်း ဗိသုကာဌာန အနုပညာဌာနစိတ်တွင် ဌာနစိတ်မှူးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုစဉ်အတွင်း သဘာဝသမိုင်းပြတိုက်၊မြေပဒေသာကျွန်းရှိစိုက်ပျိုးရေးပြတိုက်များအတွက်ရုပ်တုရုပ်လုံးပေါင်း မြောက်မြားစွာကို ထုလုပ်ပေးခဲ့သည်။
ကန်တော်ကြီး ရေပြင်ပေါ်ရှိ ကရဝိတ် အဆောက်အဦကိုလည်း ဆရာဦးဟန်တင်သည် ပုံစံထုတ်လုပ်ပေးခဲ့သည်။ ဆရာကြီး၏ ထင်ရှားသော လက်ရာများမှာ သံလျင်စွန်းရတနာပုံ ရေတပ်စခန်းရှိ အမြင့် ၉ ပေရှိသော လှံစွပ်ထိုးနေဟန် ရေတပ်သားရုပ်တုကြီး၊ ဒလမြို့ ဗိုလ်ချုပ်အထိမ်းအမှတ် ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ခါးထောက်မတ်တပ်ရပ်နေဟန် ရုပ်တု၊ စိုက်ပျိုးရေးပြတိုက်ရှေ့ရှိ အလုပ်သမားများ ချီတက်နေဟန်ရုပ်တု၊ နတ်မောက်စက်မှုလက်မှုကျောင်းရှေ့တွင် စိုက်ထူထားသော အင်္ဂတေ ပလာစတာ ရုပ်တု၊ ရန်ကုန်ဘူတာကြီး ရှေ့ရှိ မြန်မာ့သင်္ကြန်သရုပ်ဖော် ရုပ်တု၊ ရွှေတိဂုံဘုရား မြောက်ဖက်မုခ်အနီးရှိ သွေးဆေးကန်တွင် ရှေးခေတ်စစ်သည်တစ်ဦး ဓါးဆေးနေဟန် ရုပ်တု၊ တော်လှန်ရေးပြခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်း ခါးထောက်မတ်တပ်ရပ်နေဟန်ရုပ်တု၊ မကွေးနှင့်ပြည်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးနေဟန်ရုပ်တု၊ မကွေးမြို့ ယင်းချောင်းတံတားထိပ်၌ စိုက်ထူထားသော သခင်ဘိုးလှကြီးနှင့် ဆရာစံရုပ်တု ၊ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်းရှေ့၌ စိုက်ထူထားသော လှေလှော်အသင်းတည်ထောင်ခဲ့သူများဖြစ် သော ဆာအေအဂ္ဂါစနိုးနှင့် ဗိုလ်မှူးချုပ်သန်းဖေ(ရေတပ်) တို့၏ ကိုယ်တပိုင်းကြေးရုပ်တုများ၊ သက်ကြီးတက္ကသိုလ် အဆောက်အဦအတွင်း၌ တည်ဆောက်ထားသော သက်ကြီးတက္ကသိုလ် ဖခင်ကြီး ဦးစံရွှေ ရုပ်တု၊ ပြည်သူ့ဥယျာဉ်အတွင်းရှိ အေးရိပ်ငြိမ် အဆောက်အဦရှေ့၌ စိုက်ထူထားသော ထင်းစီးချိုးဟန် သရုပ်ဖေါ်ရုပ်တု၊ ရန်ကုန်မြို့မြို့မကျောင်း (ယခုအထက(၂) ဒဂုံ) ကို တည်ထောင်ခဲ့သော မြို့မဦးဘလွင်ရုပ်တု၊ တာချီလိတ်၊ လားရှိုးမြို့၌ ဘုရင့်နောင်မင်းတရားကြီး ရုပ်တု အပါအဝင် ရုပ်တုများ အမြောက်အမြား ထုလုပ်ပေးခဲ့သည်။
ဆရာကြီး ဦးဟန်တင်သည် ကန်တော်မင်္ဂလာပန်းခြံအနီးရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဖောင်းကြွရုပ်တုများအပြင်တော်လှန်ရေးကောင်စီဥက္ကဌနှင့်မဆလပါတီဥက္ကဌဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၏ ဖခင် ဦးဖိုးခ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာကြီးနှင့် ရုပ်ရှင်ဒါရိုက်တာ ဦးသုခတို့၏ ပုံတူရုပ်ထုများကိုလည်း ထုလုပ်ပေးခဲ့သည်။
ပန်းပုပညာသည် အလျင်စလိုလုပ်၍ မရသောပညာ၊ မှားလျှင်ပြင်ရခက်သော ပညာဟူ၍ ဆရာကြီးက စာရေးသူအား ပြောဆိုခဲ့ပါသည်။ ထို့ပြင် ပန်းပုပညာလက်ရာပြောင်မြောက်ရန်အတွက် ပန်းပုပညာရှင်သည် သူမတူသော စိတ်ကူးစိတ်သန်းများ၊ အတွေးအခေါ် အယူအဆများ၊ သုတအကြားအမြင်နှင့် ကိုယ်တွေ့လေ့လာ ဆည်းပူးထားသော မုတပညာ ပြည့်စုံရန်လိုပြီး စိတ်ရှည်လက်ရှည်ထား၍ စေ့စပ်သေချာစွာ ထုလုပ်နိုင်မှ လက်ရာကောင်းရနိုင်သည်ဟု ဆိုပါသည်။
ပန်းပုဆရာသည် ပန်းချီပညာနှင့် မကင်းကွာစကောင်းပေ။ ပန်းချီပညာအခြေခံရှိမှသာ မိမိထုလုပ်သော ပန်းပုလက်ရာသည် လက်ရာကောင်း ဖြစ်ပေါ်နိုင်သည်ဟုလည်း ဖြည့်စွက်ပြောကြားသည်။ ပန်းချီပညာသည် သုံးဘက်သုံးတန် မြင်တွေ့ရသော အရာကို အချိုးအစားမပျက် ဖန်တီးနိုင်သလို ပန်းပုပညာသည် လေးဘက်လေးတန် အထက်အောက် မြင်ရသော ရူထောင့် ၁ဝ မျိုး မြင်ကွင်းအား အချိုးကျစွာ သရုပ်ဖော်ရသော ပညာဖြစ်သည်။
မြန်မာ့ပန်းပု အနုပညာတွင် ပေးသူနှင့် ယူသူနှစ်ဦးစလုံးတွင် တူညီသော အာရုံခံစားမှု ရရှိမှသာ ဖန်တီးသူ၏ လက်ရာကို အရသာ အပြည့်အဝ ခံစားနိုင်ပေသည်။ ရသခံစားရာတွင် တစ်ဦးနှင့်တစ်ဦး တူညီရန် ခဲယဉ်းလှသည်။ အနုပညာပါရမီ ဓါတ်ခံအနုအရင့်ကို လိုက်၍လည်းကောင်း၊ အတွေ့အကြုံ အနည်းအများအရ လည်းကောင်း ကွဲပြားခြားနိုင်လေသည်။
မည်သို့ဆိုစေ ဆရာ့လက်ရာများကို လေ့လာကြည့်သောအခါ ပန်းပုဝေါဟာရ “ဆောက်ချက် နာသော လက်ရာ” ဟူ၍ ခေါ်ရလောက်အောင် အသက်ဝင်၍ လက်ရာမြောက်နေပေသည်။
မည်သို့ဆိုစေ… နိုင်ငံနှင့် ပြည်သူတို့အတွက် တာဝန်ကျေပွန်စွာ အနုပညာလက်ရာများ မြောက်မြားစွာ ဖန်တီးသွားခဲ့သော ဆရာကြီး ဦးဟန်တင်သည် ၂ဝဝဝ ပြည့်နှစ်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နေအိမ်တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်ဖွားရှင်နှင့် သားသမီး ၉ ယောက် ကျန်ရစ်ခဲ့လေသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်