ရောက်တတ်ရာရာ အတိုအစများ

February 24, 2014

အလယ်ခေတ်ရှန်ပိန်နယ်ရဲ့ရှေးမြို့ဟောင်း (Provins)၊ 
ပါရီ နေ့ချင်းပြန် ခရီးစဉ် အမှတ် (၁)
မောင်ရင်ငတေ
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄
ရှန်ပိန်နယ်သို့သွားရာ ကျေးလက်လမ်း (ဓါတ်ပုံ မရငတ)
ဥရောပရဲ့အလယ်ခေတ် ၁၁ ရာစု နောက်ပိုင်းကာလက တည်ရှိခဲ့တဲ့ Provins ဆိုတဲ့ရှေးမြို့ဟောင်း ရှိရာကို ပြီးခဲ့တဲ့ အားလပ်ရက်တရက်က မောင်ရင်ငတေ သွားဖြစ်ခဲ့ပါတယ်၊ ပါရီမြို့ရဲ့ အရှေ့ဘက် ကီလိုမီတာ ၈၀ နီးပါးမှာ ရှိတဲ့ Provins မြို့ဟာ အရင်ခေတ်တွေတုန်းကတော့ နာမည်ကျော် ရှန်ပိန် ထွက်ရှိရာ ပြည်နယ်ထဲမှာ ပါဝင်ခဲ့ပြီး ခုအခါမှာတော့ Île-de-France လို့ခေါ်တဲ့ တိုးချဲ့ပါရီမြို့တော် မက်ထရိုပိုလီတန် ဧရိယာ ဇုံ ၅ ရဲ့ အရှေ့အစွန်ဆုံးဒေသမှာ တည်ရှိပါတယ်၊ သာယာလှပအေးချမ်း ငြိမ်ချမ်းတယ်လို့တော့ မပြောတော့ပါဘူး၊ အဲလိုနေရာမျိုးတွေက ပြင်သစ်မှာတင်မက ဥရောပတခွင် မြို့ကြီးပြကြီးတွေဆီက မိုင်သုံးလေးဆယ်လောက် ဝေးသွားရင် တွေ့ရစမြဲမို့ပါ၊ ပါရီလိုမြို့ကြီးတွေက လူတွေကားတွေဈေးတွေ တိုက်ကြီးတာကြီးတွေနဲ့ ရှုတ်ထွေးလို့နေပေမဲ့ ဥရောပမြို့ပြင်တွေကတော့ နေရာတကာ ဝင်ဒါမီယာပါဘဲ၊ ခြံနဲ့ဝင်းနဲ့ တောနဲ့တောင်နဲ့ လယ်ကွင်းတွေကြားထဲမှာရှိတဲ့ ရေမီးအစုံ ဆက်သွယ်ရေး ပြည်စုံတဲ့ အိမ်ကလေးတွေဟာ သွားနေဖို့ကို စိတ်ကူးယဉ်ချင်စရာတော့ အတော် ကောင်းပါတယ်၊ ခက်တာက ဒီဇာတိသား သူတို့လို လူဖြူတွေတောင်မှ မနေနိုင်ကြပါဘူး၊ အလုပ်ရဲ့ အခြေအနေအရ မြို့တက်အလုပ်လုပ် နေတဲ့သူတွေ များပါတယ်၊ လယ်ယာစိုက်ပျိုးရေး မွေးမြူရေး အလုပ်ဆိုတာကလည်း စက်အကူအညီ ဘယ်လောက်ပင်ကောင်းကောင်း သိပ္ပံပညာတွေ ဘယ်လို တိုးတက်တိုးတက် စိတ်ကူးယဉ်ဖို့သာကောင်းပြီး တကယ်တမ်း လုပ်ကြည့်ခဲ့ရင် ပင်ပန်းလွန်းကြလို့ သူတို့လူငယ်တွေလည်း ရွာမှာအနေနည်းကြပါတယ်၊ မောင်ရင်ငတေသွားခဲ့တဲ့ ပရိုဗန်က ရွာအဆင့် မဟုတ်ပါဘူး၊ ခရိုင်မြို့ကလေးပါ၊ စာရင်းတွေထဲမှာ လူဦးရေ တသောင်းနှစ်ထောင်ကျော် ရှိပါတယ်၊ ဒီမြို့အနားမှာ လူဦးရေ တထောင်ဝန်းကျင်သာရှိတဲ့ ရွာလေး ၁၄ ရွာရှိပါတယ်၊ လူဦးရေ တသောင်း နှစ်ထောင်ကျော်ရှိတဲ့ မြို့အဆင့် နေရာမှာတောင်မှ မောင်ရင်ငတေ တွေ့ခဲ့ရတာ အိမ်တံခါးတွေက ပိတ်လျှက်သား လမ်းဘေးမှာ လမ်းလျှောက်နေသူက တယောက်စ နှစ်ယောက်စသာ ဆိုင်ကန္နား များများစားစားမရှိ၊ ရှော့ပင်စန်တာ အကြီးစားတွေကလည်း မြိုပြင် လယ်ကွင်းတွေ အနားမှာသာပါ၊ လူတထောင်ကျော် စာရင်းပေါက်တဲ့ ရွာဆိုရင်တော့ တရားအားထုတ်ဖို့သာ ကောင်းပါလိမ့်မယ်လို့ တွေးမိပါရတယ်၊ လမ်းတလျှောက် ဖြတ်သန်းလာခဲ့တဲ့ မြို့လေးတွေ ရွာလေးတွေကလည်း ပါရီမြို့နဲ့ ဝေးလို့လာလေ ပိုသေးငယ်လာလေသာပါ၊ ကားနဲ့ ရထား ဖြတ်သန်းသွားရာ လမ်းကြောင်းကလည်း အဓိက အချက်အခြာကျတဲ့ ပြင်သစ်မြို့ကြီးတွေကို ဦးတည်တဲ့လမ်း မဟုတ်တော့ကာ ကျေးလက် တောရွာကလေးတွေကိုသာ ဖြတ်သန်းသွားဟန်တူပါတယ်၊
ပရိုဗန် ရှေးမြို့ဟောင်းလယ်က ခြောက်ကပ်ကပ်လမ်းမကြီး (ဓါတ်ပုံ မရငတ)
ရှေးဟောင်းမြို့လယ်ရဲ့ လမ်းမကြီးမှာက အလှူခံမဏ္ဍပ်လည်း မတွေ့ရ ကွမ်းယာဆိုင်လည်း မတွေ့ရ ရေချမ်းစင်လည်း မရှိပါ၊ ခွေးတကောင်ကြောင်တမြီးမှ မတွေ့ရတော့လည်း အတော်ကြီးကို ပျင်းစရာ ခြောက်ကပ်ကပ် နိုင်လှပါတယ်၊ သန်းကောင်စာရင်းပေါက် နေထိုင်ကြသူ အားလုံးလိုဟာ မြို့တက် အလုပ်လုပ် ကျောင်းတက် နေကြတာများပြီး သူတို့ရဲ့ အခါကြီးရက်ကြီး တွေမှာမှသာ မိသားစုတွေ ဆုံတွေ့လေ့ ရှိကြတာမျိုးပါ၊ ဒီပရိုဗန် မြို့တော်ဟောင်းကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် နေရာအဖြစ် ၂၀၀၁ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ပြီး ထိမ်းသိမ်းစောင့်ရှောက်ခဲ့တာပါ၊ ယူနက်စကိုရုံးရဲ့ Patrimoine mondial (World Heritage Site) စာရင်းဝင်တဲ့နေရာ ကမ္ဘာတလွှားမှာ ၉၈၁ နေရာ စာရင်းပေါက်ပြီး ပြင်သစ်ပြည်မှာတော့ ၃၈ နေရာ ရှိပါတယ်၊ အဲဒီ ၃၈ နေရာထဲကမှ ပရိုဗန်နယ်က တနေရာပါ၊ မောင်ရင်ငတေရဲ့ အမြင်အရတော့ ဒီနေရာကဲ့သို့ သိပ်မကွာတဲ့ သမိုင်းဝင်တဲ့နေရာတွေ ပြင်သစ်ပြည်မှာ အများကြီးရှိပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်ရာလောက်ကထဲက အဲလိုမျိုး  ထုထည်ကြီးမားလှပြီး မြင့်မားလှတဲ့ ကျောက်တံတိုင်းကြီးတွေကို အခိုင်အမာ ခြံခတ်ပြီး နေထိုင်နိုင် ခဲ့ကြသော နယ်စားပယ်စား စော်ဘွားကြီးများရဲ့ အရှိန်အဝါကတော့ တော်ရုံတော့ မဟုတ်နိုင်ပါဘူး၊ ပရိုဗန်နယ်မြေကို အပိုင်စားထားကြသူများရဲ့ ဘဝတွေက ကြောက်စရာရန်သူ များလှလို့သာ ကာရံ ထားရတာလားလို့လည်း တွေးမိရကြောင်းပါ၊
လယ်ကွင်းတွေကြားက ကျောက်မြို့ရိုးကြီး Remparts de Provins (ဓါတ်ပုံ မရငတ)
Remparts de Provins ခေါ်တဲ့ ကျောက်မြို့ရိုးရဲ့ ပတ်လည်အရှည်က ၅ ကီလိုမီတာရှိခဲ့ပြီး အဓိက မြို့အဝင်ဂိတ် နှစ်ခုကတော့ Porte Saint-Jean နဲ့ Porte de Jouy တို့ဖြစ်ပါတယ်၊ ရှန်ပိန်စော်ဘွား နယ်စားကြီး Le comte Thibaut IV de Champagne  ရဲ့ခေတ် ၁၂၂၆ ခုကနေ ၁၂၃၆ အတွင်းမှာ မြို့ရိုးကြီးရဲ့ အမြင့်ကို ၂၅ မီတာအထိ ရောက်အောင် မြှင့်တင်နိုင်ခဲ့ပါတယ်၊ ခုလက်ရှိမှာတော့ မြို့ရိုး လေးဖက်လေးတန်မှာ နှစ်ဖက်သာကျန်ရှိတော့ပြီး အရှည် ၁၂၀၀ မီတာကျော်ခန့်ရှိနေသေးတယ်လို့ ဆိုပါတယ်၊ ကျန်တဲ့အပိုင်းတွေကတော့ ပျက်စီးသွားတာရော ဖျက်စီးခံခဲ့ရတာရောနဲ့ မရှိတော့ပါဘူး၊ မြို့ဝင်ဂိတ်ကြီး နှစ်ခုကတော့ အကောင်းနီးပါး ကျန်ရှိနေပါသေးတယ်၊ မူရင်းအတိုင်း ဟုတ်မဟုတ် ကိုတော့ မောင်ရင်ငတေအနေနဲ့ သေချာမသိ နားမလည်ပေမဲ့ သာမန်မျက်လုံးတွေနဲ့ ရုတ်တရက် ကြည့်လို့ ပြင်ဆင်ထိမ်းသိမ်းထားတာ ရုပ်မပျက်လှတာက သေချာပါတယ်၊ ဒီနေရာမှာ အဲဒီလောက် အမြင့်ရှိတဲ့ မြို့ကျောက်ရိုးကြီးကို ဘယ်လိုမျိုးရန်တွေ ရှိခဲ့လို့ တည်ဆောက် ခဲ့ရသလဲလို့ လေ့လာသူ တချို့ရဲ့ မေးခွန်းမျိုးတွေကတော့ ဒီကနေ့ထိ ရှိနေပါတယ်၊ ဘေးပတ်ပတ်လည်မှာ လယ်ကွင်းတွေ စိုက်ခင်းတွေနဲ့ ပြည့်နှက်နေပြီး Le plateau briard လွင်ပြင်ကြီးနဲ့ La vallée de la Voulzie တို့ရဲ့ အလယ်မှာတည်ရှိပြီး ဘုရားကျောင်းကတော့ အနည်းငယ်မြင့်တဲ့ ကုန်းမို့မို့အပေါ်မှာ တည်ဆောက် ထားပါတယ်၊ အဲဒီခေတ်ကာလအခါက အခြေအနေတွေအရ စစ်ရေးမဟာဗျူဟာ နည်းဗျူဟာတွေ လိုအပ်ချက်အရ မြို့ရိုးအုတ်တံတိုင်း ကျောက်တံတိုင်းကြီးတွေ တည်ဆောက်ခဲ့ကြရ ကျုံးရေပတ် လည်ထားပြီး ကာကွယ်ဖို့ လုပ်ခဲ့ကြရတာကတော့ အဲဒီခေတ် အာဏာရခဲ့သူတိုင်းလိုလို ပြုလုပ်ခဲ့ကြ တာပါ၊ ဒီကနေ့ခေတ်မှာတော့ ကမ္ဘာတလွှားက ခရီးသွားချင်ကြသူ မောင်ရင်ငတေတို့လို လူမျိုးတွေ အတွက် သွားလည်ချင်စရာ နေရာ ဖြစ်လာခဲ့ပါပြီ၊ ကျန်ရှိနေသေးတဲ့ မြို့ရိုးကြီးပေါ်က လှမ်းမျှော်လို့ ကြည့်လိုက်မယ်ဆိုရင် လွင်ပြင်တလျှောက် မြင်တွေ့ရမှကတော့ လယ်ယာစိုက်ပျိုးခင်းတွေကိုသာပါ၊ သဘာဝဘေးအန္တရာယ် ထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် မရှိလှတဲ့ နယ်မြေမှာ ကျောက်တုံးကြီး များစွာနဲ့ အခိုင်အခံ တည်ဆောက်ထားခဲ့တဲ့ ဒီမြို့ရိုးကြီးဟာ နှစ်ပေါင်းရှစ်ရာ သက်တမ်းကြာခဲ့ပြီး၍ အပျက်အစီးတွေ ရှိခဲ့သော်လည်း ကျန်ရှိနေတာတွေကို ဆက်လက်ပြီး အဓွန့်ရှည်အောင် ထိမ်းသိမ်း ထားကြတဲ့ စိတ်တွေကိုတော့ အတုယူရမှာပါ၊ အဲဒီလို ထိမ်းသိမ်းပြုပြင်ကြတယ်လို့ ဆိုရာမှာလည်း တတ်သိနားလည်ရုံနဲ့ မပြီးပြည့်စုံပါဘူး၊ ခံစားတတ်တဲ့ အသဲနှလုံးလည်းရှိဖို့လည်း လိုအပ်ပါတယ်လို့  ပြောကြပါတယ်၊ သဘာဝအလှနဲ့ ရှေးခေတ်ဟောင်းသမိုင်းတွေကလည်း ဆက်စပ်ခံစား တတ်သူများ အတွက်ကတော့ အရေးကြီးလှပါတယ်၊ တောတွေခုတ် တောင်တွေပြုန်းအောင်လုပ်ပြီး ငွေရှာဖွေသူ လူနည်းစုကတော့ ခံစားနားလည်ဖို့ မလွယ်ကူတဲ့ ကိစ္စများပါ၊
Collégiale Saint-Quiriace de Provins (ဓါတ်ပုံ မရငတ)
ထုကြီးထည်ကြီး မြို့ရိုးအကြီးကြီးရဲ့ အလယ်ခေါင်မှာတော့ အိမ်သေးသေး ကလေးတွေသာ များပြီး ကြီးကြီးမားမား တွေ့ရှိရတာကတော့ ၁၁၆၀ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းကြီးပါဘဲ၊ ဒီ ဘုရားကျောင်းကြီးက စာသင်ကျောင်းလို့ ဆိုပါတယ်၊ ယေရှုမွေးဖွားရာ ဂျေရုဆလင်က ရှေးဟောင်း မွေတော်ဓါတ်တော်တွေကို ဒီဘုရားကျောင်းသို့ ပင့်ဆောင်လာခဲ့တယ်လို့ ဆိုကြပါတယ်၊ နံရံတခုမှာချိတ်ထားတဲ့ သမိုင်းမှတ်တမ်းကို ဖတ်ကြည့်မိတော့ ပြင်သစ်နဲ့အင်္ဂလိပ် အနှစ်တရာစစ်ပွဲ အတွင်းက ဒဏ္ဍာရီဆန်လှသော နာမည်ကျော် ပြင်သစ်သူရဲကောင်းအမျိုးသမီးဖြစ်သူ Jeanne d’Arc (Joan of Arc) ယွန်းန်ဒါ့ခ် (၁၄၁၂-၁၄၃၁) နဲ့ Charles VII de France သတ္တမ ရှားလ်ဘုရင်ကြီးတို့ ဒီဘုရား ကျောင်းအရှေ့ကွက်လပ်မှာ ၁၄၂၉ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က ရောက်ရှိခဲ့ပြီး ပြည်သူလူထုအား တွေ့ဆုံစကားပြောဆိုခဲ့တဲ့ နေရာဖြစ်ပါတယ်လို့ ရေးသားထားတာပါ၊
၁၂ ရာစု ဆေဇာမျှော်စင် Tour César (ဓါတ်ပုံ မရငတ)
ဘုရားကျောင်းနဲ့ တဆက်တစပ်တည်း အတူတွဲ တည်ရှိတာကတော့ ဆေဇာမျှော်စင်ပါ၊ ဒီမျှော်စင် အပေါ်ကို ဝင်ရောက်လေ့လာလိုပါတယ် ဆိုရင်ဖြင့်တော့ ဝင်ကြေးငွေ လေးယူရိုခွဲ ပေးရမယ်ဆိုလို့ မောင်ရင်ငတေတော့ တက်မကြည့်ဖြစ်ခဲ့ပါဘူး၊ မောင်ရင်ငတေ တယောက်တည်းတော့ မဟုတ်ပေ ပါဘူး၊ ဂျပန်မလေး နှစ်ယောက်သုံးယောက်နဲ့ ပြင်သစ်သုံးလေးယောက်လည်း ဝင်မလိုလုပ်ပြီးတော့ ဈေးနှုန်းကြီးမြင့်နေလို့ မဝင်ဘဲ ပြန်ဆင်းလာတာကို တွေ့မြင်ရကြောင်းပါ၊ ပြင်သစ်ပြည်မှာ အဲလိုပါ၊ ဘာမှ သိပ်မဟုတ်လှတာကို ဝင်ကြေးငွေ နှုန်းထားက မြင့်လွန်းနေပါတယ်၊ ဂျာမဏီမှဆိုရင် နှစ်ယူရို သုံးယူရို အလွန်ဆုံးပေါ့၊ လူအဝင်နည်းတော့လည်း အပျက်အစီး နည်းတယ်လို့ ဆိုခဲ့ရင်တော့လည်း မမှားပေပါဘူး၊ မောင်ရင်ငတေတို့လို ဘာမဟုတ်ညာမဟုတ် ဖလင်ဖိုးငွေ ထပ်ကုန်ကျစရာမလိုတိုင်း တတ်ယောင်ကား တဖြတ်ဖြတ် ရိုက်နေတတ်တဲ့ ခရီးသွား ဂျာနယ်လစ် လက်သစ်တွေ ဖိုတိုဂရပ်ဖာ လက်သစ်တွေက ပိုလို့ပိုလို့ တနေ့ထက်တနေ့ များပြားလာတယ် မဟုတ်လား၊ အဲဒီလို ခရီးသွားသူ တိုးလ်ရစ် ဆိုတာမျိုးက အခုခေတ်မှာ မောင်ရင်ငတေတို့လို လူတန်းစားတွေက ပိုမိုများလာပါတယ်၊ ဟိုးအရင်နှစ် သုံးဆယ်ခန့်လောက်က Tourist Burma စာတန်းထိုးထားတဲ့ ဟီနိုးဘတ်စ်ကားတစီး ပုဂံညောင်ဦး ပုပ္ပားတို့ တဝိုက်ကို ရောက်ရှိလာပြီဆိုရင် မောင်ရင်ငတေတို့လို အညာသားတောသား လူကြီးလူငယ် အားလုံးလိုလိုဟာ အခွင့်ထူးခံလူဖြူလူတန်းစားတရပ် တိုင်းခန်းလှည့်လည်လာသလို ထင်မိခဲ့ မြင်မိခဲ့တယ် ဆိုတာကိုတော့ ဝန်ခံကြရမှာပါ၊ အခုနေအခါမှာတော့ ခေတ်ကတော်တော်ကို ပြောင်းလဲလို့ လာခဲ့ပါပြီ ပြောရမှာပါ၊ အခွင့်ထူးခံ လူဖြူ လူတန်းစားတွေသာ ကမ္ဘာပတ်ကြတဲ့ခေတ် မဟုတ်တော့ပါဘူး၊ မောင်ရင်ငတေတို့လို့ သာမန်လူတန်းစားမျိုးတွေတောင်မှ ပိုက်ဆံမချမ်းသာကြ ပေမယ့် ဟိုနားဒီနား သွားလာလည်ပတ်နိုင်တဲ့ ခေတ် ဖြစ်ခဲ့ပါပြီ၊ ဥရောပ မြို့တမြို့ကနေ တမြို့ကို သွားရောက်လည်ပတ်တဲ့ ခရီးစရိတ်ကလည်း ရန်ကုန်မန္တလေး ခရီးထက်တောင်မှ သက်သာနေတာ မဟုတ်ပါလား၊ သူတို့လူဖြူတွေလို အိပ်တလုံးလွယ်ကြုံရာထိုးအိပ်ကြတဲ့ Backpacker လို့ခေါ်ကြတဲ့ ခရီးသွားသလို သွားနိုင်ကြမယ် ဆိုခဲ့ရင်တော့ စရိတ်အကုန်အကျ ပိုလို့ သက်သာမှာ အမှန်ပါဘဲ၊
Ville de foire médiévale ou La ville médiévale fortifiée de Provins (ဓါတ်ပုံ မရငတ)
ဒီမြို့ကလေးဟာ Les Foires de Champagne ခေါ် ရှန်ပိန် အရောင်းမြှင့်တင်ရေး ပွဲတော်တွေကို ကျင့်ပခဲ့တဲ့ ရှန်ပိန်ထွက်ရှိရာ ဒေသရှိ မြို့ကြီးခြောက်မြို့ထဲကတမြို့ ဖြစ်ပါတယ်၊ အဲဒီလိုရိုးရာပွဲတွေ ၁၂ ရာစု လောက်ကစပြီး ဒီနေရာမှာ ဒီကနေ့ထိတိုင်အောင် ကျင့်ပနေဆဲပါ၊ ရိုးရာပွဲတွေ ဘယ်လိုပုံ ဘယ်နည်းလမ်းတွေနဲ့ ကျင့်ပတာကို လေ့လာချင်ပေမယ့်လည်း အခွင့်အရေး မရသေးတော့ကာ မသွားနိုင်ခဲ့သေးပါဘူး၊ ဒီမြို့ဟောင်းကလေးက မူလလက်ဟောင်း ရှန်ပိန်နယ်ရဲ့ မြို့စားတွေ ရုံးစိုက် နေထိုင်ခဲ့တာနဲ့အညီ ရှန်ပိန်ရာသီခွင်အရ အလှည့်ကျ ရာသီအလိုက်ပွဲတော်တွေကို ကျင့်ပလာခဲ့ကြ တာမျိုးပါ၊ တချို့ရှန်ပိန်မြို့တွေမှာတော့ တနှစ်တကြိမ်ကျင့်ပကြပြီး ပရိုဗန်မှာတော့ တနှစ်ကိုနှစ်ကြိမ် ပြုလုပ်ခဲ့ကြပါတယ်၊ မောင်ရင်ငတေ စပျစ်သီးသွားခူးဖူးတဲ့  မြို့နယ်ကလေးမှာတော့ ရှန်ပိန်ပွဲတော် ခပ်သေးသေးနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်၊ မောင်ရင်ငတေတို့ ရွာကဘုရားပွဲ တွေလိုပါဘဲ၊ ချားတွေစီးကြ ရဟတ်တွေစီး  ကြည့်ချင်ပွဲတွေ မျက်လည့်ဆိုတာမျိုးတွေက ခပ်များများ အသေးစား လောင်းကစား ပွဲတွေကို မြို့တော်ဝန် ခွင့်ပြုချက်နဲ့လုပ်ကြ ရှန်ပိန်ပွဲဆိုတော့လည်း မောင်ရင်ငတေတို့လို လူမျိုးတွေ ပျော်မြူးကြတာပေါ့၊
ပါရီဆင်ခြေဖုံးသွား လော်လယ်ရထား Transilien (Ligne P) (ဓါတ်ပုံ မရငတ)
ပါရီမြို့ကနေ ပရိုဗန်မြို့ကို ရထားနဲ့ သွားမယ်ဆိုရင် Gare de l’est ဘူတာကနေ ပါရီမြို့ပြင်သွားတဲ့ ရထားလိုင်း Transilien (Ligne P) ကို ဂိတ်အစဂိတ်အဆုံး စီးသွားရပါတယ်၊ လပေးလက်မှတ်တွေ Paris visit လက်မှတ်တွေဘာတွေ မရှိတဲ့သူတွေအတွက် အကောင်းဆုံးကတော့ Île-de-France ပါရီ ဇုံငါးဇုံစလုံး ကြိုက်သလို ဘတ်စ်ကား မေထရိုရထား ထရန်းဝေး ကြိုက်တာ စီးနိုင်တဲ့ ဇုံ ၁-၅ လက်မှတ်ပါ၊ ဈေးကလည်း သက်သာတယ် ပြောရမှာပါ၊ ၁၅ ယူရိုကျော်သာ ကျသင့်ပါတယ်၊ ရိုးရိုး အသွားအပြန် လက်မှတ်ဝယ်ရင် ယူရို ၂၀ ကျော်ပေးရမှာပါ၊ ရထားစီးချိန် တနာရီနဲ့မိနစ်နှစ်ဆယ်ခန့် ကြာနိုင်ပြီး တနာရီ တစီး အသွားအပြန် ထွက်ပါတယ်၊ လွန်ခဲ့တဲ့ ၁၈၄၉ ခုနှစ်ကထဲက ဒီရထားလမ်း တွေကို ဆောက်လုပ်ခဲ့တာဖြစ်ပြီး Transilien (ligne P) Paris-Est – Provins လိုင်းသစ်ကို ၂၀၀၈ ခုနှစ်က ကနေဒါ ဂျာမန် ပြင်သစ် ဖက်စပ်တည်ဆောက်ထားတဲ့ Bombardier ရထားတွဲသစ်တွေနဲ့ စတင် ပြေးဆွဲခဲ့တာပါ၊ ရထားတွဲတွေက အသစ်နီးပါးအတိုင်း တောက်ပြောင်ဆဲပါ၊ ရာသီကတော့ ဆောင်းဦးဝင်စ ခရီးသွားရာသီ မဟုတ်လို့လားမသိ တနင်္ဂနွေ ရုံးပိတ်ရက်လည်း ဖြစ်နေလို့လားမသိ ရထားပေါ်မှာ လူသိပ်မပါပါဘူး၊ ဒါပေမယ့် စိတ်ပျက်ဖွယ်ရာ တွေ့ရှိရတာကတော့ ရထားတွဲပေါ်ပါတဲ့ အိမ်သာနှစ်လုံးစလုံး အသုံးပြုမရ ပိတ်ထားတာပါ၊ အခုနောက်ပိုင်း ပြင်သစ်ရထားတွေမှာ စိတ်ပျက် စရာ အကောင်းဆုံး ပြောရမှာက အဲဒီ အိမ်သာကိစ္စပါ၊ အိမ်သာတွေက ရထားသစ်သလို အကောင်း အတိုင်း ရှိနေဆဲပေမဲ့ သန့်ရှင်းရေးညံ့တာပါ၊ သန့်ရှင်းရေး ညံ့ဖျင်းရခြင်း အကြောင်းရင်းတွေကတော့ များစွာရှိမှာပါ၊ အလုပ်လက်မဲ့ စာရင်းဝင်တွေ တနေ့တခြား ဆိုသလို များပြားလို့သာ လာနေပေမယ့် သန့်ရှင်းရေသမားကို လုံလောက်အောင် အသစ်ထပ်မခံ့ထားတာလည်း ပါနိုင်သလို လက်ရှိ ရှိနေတဲ့ သန့်ရှင်းရေးသမားတွေကလည်း အလုပ်ခွင်ကို မကျေနပ်မှုတွေကြောင့် ဆန္ဒပြမှုတွေက အမြဲလိုလို ရှိနေတတ်တာလည်း ပါနိုင်ပါတယ်၊ ဘယ်လောက်ပင် တိုးတက်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေပေမယ့် နေရာတကာမှာတော့ လိုအပ်ချက်တွေ အများအပြား ရှိနေတတ်သလို အားလုံးကို ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးဖို့ကတော့ မလွယ်လှပါဘူး၊ ဘယ်လိုဘဲဖြစ်ဖြစ် ပါရီမြို့တော်ကနေ နေချင်းပြန်အဖြစ် သွားလို့ရတဲ့ ဒီခရီးစဉ်က အညောင်းအညာပြေ မြို့အပြင်ကို ခဏတဖြုတ် ထွက်လည်ချင်သူများ အတွက်ရော ပြင်သစ်ပြည်ရဲ့  သမိုင်းယဉ်ကျေးမှုကို လေ့လာချင်သူများအတွက်ပါ ဗဟုသုတလည်း ရနိုင်သလို စရိတ်အကုန်အကျလည်းနည်းတဲ့ ခရီးစဉ်တခုဖြစ်ကြောင်း ပါရီမြို့ကို ရောက်လာသူများ အတွက် သတင်းကောင်းပါးအပ်ပါတယ်၊
Gare de Provins (ဓါတ်ပုံ မရငတ)
ယူနက်စကို ကမ္ဘာ့ရှေးဟောင်း စာရင်းဝင် ဒီအရပ်ဒေသကို ရောက်ရှိလာကြတဲ့ ဧည့်သည်ကတော့ သိပ်များများစားစားတော့ မဟုတ်သေးပါဘူး၊ တနှစ်ကို နှစ်သိန်းခွဲ သုံးသိန်းလောက်တော့ ရောက်ရှိ လာတတ်ကြပါတယ်တဲ့၊ ပါရီမြို့တော်နဲ့ သိပ်မဝေးလှပါဘူး ဆိုပေမယ့် ဒီနေရာက သိပ်နာမည်ကျော် နေရာမဟုတ်တာရယ် ပြင်သစ်မြို့ကြီးတွေကိုသွားတဲ့ လမ်းကြောင်းပေါ်မှာ မရှိပါဘဲ ကြားအရပ်မှာ တည်ရှိနေတာကြောင့်မို့ လာရောက်လည်ပတ်သူ နည်းတဲ့နေရာဖြစ်နေတာ ထင်ပါတယ်၊ အေးအေး ချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် လည်ပတ်ချင်သူများအတွက်က အလွန်ကောင်းမွန်သင့်မြတ်လှတဲ့
စနေ တနင်္ဂနွေ ရုံးပိတ်ကျောင်းပိတ်ရက် “ပါရီ နေ့ချင်းပြန် ခရီးစဉ် အမှတ်တစ် ” အဖြစ် ရေးသား လိုက်ရပါတယ်၊
 La cité médiévale de Provins (ဓါတ်ပုံ မရငတ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်ရင်ငတေ, ရေခြားမြေခြား မြန်မာများ

One Response to ရောက်တတ်ရာရာ အတိုအစများ

  1. မောင်ရင်ငတေ on February 24, 2014 at 1:53 pm

    ပါရီဆင်ခြေဖုံးသွား လော်လယ်ရထား Transilien (Ligne P)
    စာသားနေရာတွင် လော်ကယ်ရထား ဟု ပြင်ဆင်ဖတ်ရှုပါရန်၊
    (မောင်ရင်ငတေ)

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်