ယဉ်ကျေးမှုများ ပေါင်းစုံရာ ရပ်ဝန်းလေး ဆီသို့

February 26, 2014

ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄

စာရေးသူ လက်ရှိရောက်နေတဲ့ မြို့ရဲ့ အလယ် ဗဟို မြစ်ကမ်းနံဘေးမှာ ကဆုန်လပြည့် ဝန်းကျင် သီတင်းပတ်ကုန် ရက်တွေဆိုရင် သိဒ္ဓတ္ထမင်း သား ဖွားတော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော် ရ ဘုရားဖြစ်တော်မူခြင်း၊ ဂေါတမ မြတ်စွာဘုရား ပရိနှိဗ္ဗာန်စံတော်မူခြင်း အထိမ်းအမှတ် အဖြစ် ဗုဒ္ဓနေ့ ပွဲတော်ကို အရှေ့အာရှသားတွေ ဦးစီး နှစ်စဉ် ကျင်းပလေ့ရှိတယ်။  ပွဲတော်မှာ ဗုဒ္ဓ ဘာသာ အကြောင်း ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ တရားထိုင်မှု ပို့ချက်ချ၊ ပြခန်း၊ အရှေ့အာရှ အက အလှ၊ သိုင်း သရုပ်ဖော်ပွဲ၊ အာရှ အစားအသောက်မျိုးစုံ ဆိုင်တန်းများ အစရှိသလို စုံစုံလင်လင် စီစဉ် ထားလေ့ ရှိတယ်။  မြို့ရဲ့ အထင်ကရ ဖြစ်တဲ့ ယဉ်ကျေးမှု ပွဲတော် ဖြစ်တော့ မြို့ပေါ်က လူမျိုး၊ ဘာသာ နောက်ခံစုံ လူအများ လာလည်ကြလေ့ ရှိတယ်၊ မြို့မှာ ရောက်နေတဲ့ နိုင်ငံတကာ ခရီးသွား ဧည့်သည်များလည်း လာကြလေ့ရှိတယ်။  ပွဲတော် ကျင်းပရာ နေရာ က မြို့လယ်ကောင် အသွားအလာ လွယ်ကူ၊ လူစည်ကားရာ နေရာလည်း ဖြစ်နေတော့ လူအများ အလွယ်တကူ လာနိုင်ကြတယ်။

 

ဒီနေရာ ဝန်းကျင် မှာ တက္ကသိုလ်တွေ၊ စာကြည့်တိုက်တွေ၊ ယဉ်ကျေးမှု ပြတိုက်တွေ၊ အနုပညာ ပြခန်းတွေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပြဇာတ်ပွဲရုံကြီးတွေ ရှိတယ်။  စာရေးသူ က ဒီနေရာလေးကို “ယဉ်ကျေးမှု ရပ်ဝန်းလေး” လို့ အမည်ပေးမိတယ်။  လူသားကို ယဉ်ကျေးအောင် (Civilised ဖြစ်အောင်) လုပ်ပေးစွမ်းနိုင်တဲ့ ပညာရပ်ဝန်း၊ ယဉ်ကျေးမှု ရပ်ဝန်း ဒီနေရာလေးကို ရောက်တိုင်း ကြည်နူးစိတ်ဝင်၊ အားကျ မိတယ်၊ ကိုယ့် တိုင်းပြည် မှာလည်း ဒီလို နေရာမျိုးလေးတွေ များများ ဖန်တီးထားတာ မြင်ချင်စိတ် အမြဲ ဖြစ်ရတယ်။  လူတယောက် လူသား ပီပီသသဖြစ် ယဉ်ကျေးစေဖို့ရာမှာ အသိ၊ အတတ်ပညာ၊ ဗဟုသုတ ကောင်းကောင်း လိုသလို စိတ် ဝိညာဉ် နှလုံးသား အတွက်လည်း အနုသုခုမ အာဟာရတွေလိုတယ်။  ဒီနေရာ၊ ဝန်းကျင်ကလေးက ဒီအချက်တွေ အားလုံးကို ဖြည့်ဆည်းပေးနေတယ်။

 

ဗုဒ္ဓ ပွဲတော်လို အချိန်မှာဆိုရင် ဒေသခံ ဥရောပ အနွယ်တွေ၊ ဌာနေတိုင်းရင်းသား Indigenous တွေ၊ အာရှ၊ အာဖရိက၊ လက်တင် အမေရိက၊ ဥရောပ၊ အစရှိတဲ့ ကမ္ဘာ အရပ်ရပ်က လာရောက် ရွှေ့ပြောင်း အခြေချ နေထိုင်သူ Immigrants တွေ အစရှိတဲ့ လူဖြူ၊ လူမည်း၊ လူညို၊ လူဝါ အရောင်အသွေးစုံ ဟာ ဒီ ယဉ်ကျေးမှု ရပ်ဝန်းလေးကို လာရောက် မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးစံ၊ အစားအသောက် တွေကို အတူတကွ မြည်းစမ်းကြတယ်။  အရှေ့အာရှသားတွေ တင်ဆက်တဲ့ အစား၊ အသောက်၊ အက အလှ၊ သိုင်းပြပွဲ၊ မီးရှုးမီးပန်း အလှ တွေကို မျှဝေ ခံစားကြတယ်။  အစားအသောက် ဆိုရင် တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ အစုံ ရှိတယ်။  အရှေ့အာရှ ဗုဒ္ဓ ဂိုဏ်းတွေဆိုတော့ အားလုံးက အသက်လွတ် အစာ Vegetarian Food တွေပေါ့။  ဗုဒ္ဓ ပွဲတော် ဆိုပေမယ့် Hare Krishna ဘာသာရေး ဂိုဏ်းကလည်း လာ ဆိုင်ခင်း တာပါပဲ။  ဒီအရပ်မှာ အဝတ်အစား ဒီဇိုင်းမျိုးစုံနဲ့ လူပေါင်းစုံ ကို တွေ့နိုင်တယ်၊ တရုတ်ရိုးရာ ဝတ်စုံ ဝတ်ထားတဲ့ ချစ်စဖွယ် အိန္ဒိယ အမျိုးသမီးငယ် ကို တွေ့နိုင်သလို၊ ဘုရား ဆင်းတုတော်ကို ရေသပ္ပာယ် နေတဲ့ ဥရောပ အနွယ် လူထွားကြီးတွေကိုလည်း တွေ့နိုင်တယ်။

ပွဲတော်ရက်တွေမှာ ပြုလုပ်တဲ့ ဗုဒ္ဓ ဘာသာ အကြောင်း ဟောပြောပွဲတွေကို ဘယ်သူတွေ တက်သလဲ၊ ဘာတွေ မေးကြလဲ သိချင်လို့ စာရေးသူ အမြဲလိုလို သွားတက်ဖြစ်တယ်။  ဟောပြောသူတွေက ဒေသခံ လူဖြူ သြစတြေလျန် ဗုဒ္ဓ ဘာသာဝင်တွေ၊ တက်ရောက်သူ အများစုကလည်း ဒေသခံတွေပဲ များတယ်။  ဟောပြောသူတွေ ပြောတဲ့ ဗုဒ္ဓ သမိုင်း နဲ့ အတွေးအခေါ် အခြေခံသဘော က စာရေးသူ သိပြီးဖြစ်လို့ သိပ်မထူးလှပေမယ့် တက်ရောက်သူတွေ မေးမြန်းလေ့ရှိတဲ့ မေးခွန်းတွေ၊ ဆွေးနွေးချက်တွေက စိတ်ဝင်စားဖို့ ကောင်းတယ်။  သူတို့တွေ ဘယ်လို အမြင်၊ သဘောကြောင့် ဗုဒ္ဓ ဘာသာ ကို စိတ်ဝင်စားရသလဲ၊ လေ့လာ ရသလဲ ဆိုတာတွေကို သူတို့ မေးတဲ့ မေးခွန်းတွေ ကနေ တဆင့် သိရတယ်။  သူတို့ လူ့အဖွဲ့အစည်းမှာ ဗုဒ္ဓ ဘာသာ ခံယူချက် အမြင်၊ တရားထိုင်ခြင်း အလုပ်တွေ ရေပန်းစားလာနေခြင်း အကြောင်းမှာ ဘာသာရေးကို လက်တွေ့အသုံးချ Applied Religion အဖြစ် နေ့စဉ် လူမှု ဘဝ နဲ့ လုပ်ငန်းခွင် မှာ အသုံးချလိုခြင်း က အဓိက ပါပဲ။  မိသားစု ပြဿနာ၊ လုပ်ငန်းခွင် အတိုက်အခံ၊ မနာလိုမှု၊ စိတ်ဖိစီးမှု အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်တွေကို ဗုဒ္ဓ ရဲ့ တရားမြတ် လမ်းညွှန်မှု ကို သုံး ဖြေရှင်းလိုတာမျိုးက အများစု ဖြစ်ကြောင်း တွေ့ရတယ်။  သံသရာ ကျွတ်လွတ် နိဗ္ဗာန်ရောက်ရာ ရောက်ကြောင်း လောကုတ္တရာ အရေး ထက် လောကီ အရေး ကို ပို ရှေးရှု ဘာသာရေးကို ချဉ်းကပ် လိုတာ ဖြစ်ပေမယ့် ဘာပဲဖြစ်ဖြစ် သူတို့ ဒီလို ဗုဒ္ဓ ဘာသာ ကို စိတ်ဝင်တစား ရှိကြတာ တွေ့ရတော့ ဝမ်းသာ ပီတိ ဖြစ်ရတယ်။

 

ဒီ ပွဲတော် ကျင်းပရာ အနီး မြို့လယ်ကောင် မြစ်ကမ်းဘေး မှာပဲ နီပေါ ဘုရားစေတီ တဆူ လည်း ရှိသေးတယ်။  ဟိန္ဒူ၊ ဗုဒ္ဓ ဘာသာ နှစ်ခု နဲ့ ဆက်နွယ်ရာ ရုပ်ပုံ၊ ကားချပ်၊ ဓလေ့၊ ယဉ်ကျေးမှု၊ ဗိသုကာ လက်ရာတွေ အပြည့်နဲ့ စေတီဘုရား ကျောင်းတော် ကို ဖွဲ့စည်း တည်ထားတယ်။  ဒီမြို့မှာ ကျင်းပခဲ့တဲ့ ၁၉၈၈ ကမ္ဘာ့ ကုန်စည်ပြပွဲကြီး အထိမ်းအမှတ် အဖြစ် နီပေါနိုင်ငံနဲ့ ပူပေါင်း အဲ့ဒီ အချိန်က တည်ထားခဲ့တာ၊ “နီပေါ ငြိမ်းချမ်းရေး စေတီ” လို့ အမည်တွင်တယ်။  ဘုရားကို ဂျာမန် ဗိသုကာ ပညာရှင် တဦးက နီပေါ ဘုရင့် နိုင်ငံတော် ကိုယ်စား ကြီးကြပ် ဒီဇိုင်းထုတ်တယ်၊ နီပေါ က ထွက်တဲ့ ကျွန်းသစ် တန်ချိန် ၈၀ ကို နီပေါ မြို့တော် ခတ္တမန်ဒူ မှာ နီပေါ မိသားစု ၁၆၀ က နှစ်နှစ်ကြာ ပန်းပု၊ ပန်းရံ ထုဆစ်ပြီး သြစတြေးလျ ကို သင်္ဘောနဲ့ တင်ပို့ ခဲ့ခြင်း ဖြစ်တယ်။

 

ဒီ မြို့လယ် ပြည်နယ် ပြတိုက်မှာ သိပ်မကြာသေးခင် ကတင် အာဖဂန်နစ္စတန် ဓလေ့ ထုံးစံ၊ သမိုင်း၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေ ကို (၄) လ လောက် တည်ခင်း ပြသထားခဲ့သေးတယ်။

 

ဆိုချင်တာက ဒီ မြို့လယ်ကောင် လူစည်ကားရာ နေရာရပ်ဝန်းလေးဟာ နိုင်ငံတကာ က အယူဝါဒ စုံ၊ ဓလေ့၊ ယဉ်ကျေးမှုစုံ ပေါင်းစုံ စုစည်းရာ နေရာလေး တခု ဖြစ်နေတယ် ဆိုတာကို ပုံဖော်ချင်တာပါ။

 

ဆိုခဲ့တဲ့ ဗုဒ္ဓ ပွဲတော်မှာ စာရေးသူ စိတ်နှလုံးကို အထိ စေဆုံး တခု က လာရောက်သူ ဧည့်သည်တွေရဲ့ လက်ဖဝါး တွေကို အရောင်အသွေးစုံ ဆေးခြယ်ပြီး နံရံမှာ ပုံဖော်နိုင်တဲ့ ပြခန်းလေး စီစဉ်ထားခြင်းပါ။  နံရံပေါ်ကို မုတ်ဆိတ်ဖွားဖွားကြီး နဲ့ အာရပ် အနွယ် က လည်း သူ့ လက်ဖဝါး ထပ်တင်တယ်၊ နှုတ်ခမ်းမွှေးစစ နဲ့ အိန္ဒိယ အနွယ်ကလည်း တင်တယ်၊ ပြုံးပြုံး ပြုံးပြုံးနဲ့ တရုတ် အမျိုးသမီးကြီးကလည်း ဆေးရောင် တမျိုးနဲ့ တင်တယ်၊ အရပ်မြင့်မြင့်မားမား ဥရောပ အနွယ် လူဖြူကြီး ကလည်း တင်တယ်၊ ထွားထွား ကြိုင်းကြိုင်း အာဖရိက အနွယ် လူကြီးကလည်း တင်တယ်၊ ဒီလိုနဲ့ ပြခန်း နံရံပေါ်မှာ ဇာတိ နောက်ခံ ပေါင်းစုံ က လူပေါင်းစုံ ရဲ့ အရောင် အသွေး စုံလှ တဲ့ လက်ဖဝါးရာတွေက တခုနဲ့ တခု နဲ့ ထိကပ် နီးစပ် နေကြတယ်။  ဒီလိုပဲ ပါဝင်သူ၊ ကြည့်ရှုသူ၊ လာရောက်သူ လူမျိုး၊ ဘာသာ နောက်ခံစုံ က လူအများရဲ့ စိတ်နှလုံးသားတွေလည်း ပေါင်းကူး ဆက်သွယ် ထိကပ်၊ နီးစပ်နေကြတယ်။  ဒါက ဆေးရောင်စုံ လက်ဖဝါးရာ သက်သက်ချည်း မဟုတ်ဘူး၊ ချစ်ခြင်း မေတ္တာတွေ စုစည်းထားခြင်းလည်း ဖြစ်တယ်၊ ငြိမ်းချမ်းရေး တရားလည်း ဖြစ်တယ်။

 

ဒီလို ပွဲတော်တွေ၊ အစီအစဉ်မျိုးတွေ၊ ဒီလို ပညာရပ်ဝန်း၊ ယဉ်ကျေးမှု ဒေသမျိုးတွေကို နိုင်ငံအနှံမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပ ပြုလုပ်၊ စီစဉ်ထားခြင်းဖြင့် သြစတြေးလျ နိုင်ငံဟာ သူတို့ လူ့အဖွဲ့အစည်းမှာ ဘာသာရေး/လူမျိုးရေး အဓိကရုဏ်းတွေ၊ ပဋိပက္ခတွေ၊ အမုန်းတွေ ကို လျော့နည်းအောင် ကြံဆောင်တယ်။  နိုင်ငံသား အချင်းချင်း၊ လူသား အချင်းချင်းကြား ချစ်ခြင်း တရားတွေ တိုးပွားစေရန် ဆောင်ရွက်တယ်။  မတူကွဲပြားတဲ့ နောက်ခံ ရှိသူ များအကြား ပိုမို နီးကပ်၊ ထိစပ်၊ ရင်ဘတ်ချင်း ထိတွေ့၊ တယောက် အကြောင်း တယောက် သိနားလည်၊ မတူညီ ကွဲပြားမှုတွေ အတွက် တယောက် နဲ့ တယောက် ပိုမို သည်းခံ၊ ခန္တီစတရား (Tolerance) ထားနိုင်အောင် စီစဉ်တယ်။  ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှု စုံ တိုးပွား စည်ပင်၊ ဗဟုယဉ်ကျေးမှု ထွန်းကားစေခြင်းဖြင့် လူ့အဖွဲ့အစည်း တည်ငြိမ် ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်၊ ကာယ-စိတ္တ သုခ နှစ်ဖြာ လောကီချမ်းသာ ရအောင် စွမ်းဆောင်တယ်။

 

သြဇီတွေ ဆိုတာ လွန်ခဲ့တဲ့ နှစ် (၃၀) လောက် က အထိ လူမျိုးရေး ခွဲခြားမှု အမြင် ရှိသူ Racists တွေလို့ ကမ္ဘာမှာ နာမည်ကြီးခဲ့တာပေါ့။  သြစတြေးလျ ပြည်ဝင်ခွင့်၊ အခြေချ နေထိုင်ခွင့်ကို ၁၉၇၀ နှစ်များက အထိ လူဖြူ အသားပေးသာ ကျင့်သုံးခဲ့တာပေါ့။  ဟိုးအရင်ကဆို အာဖရိက အနွယ် လူမည်း ဆိုရင် အလည်အပတ် တောင် လာခွင့်ရတာ မဟုတ်ဘူး။  ဒါပေမယ့် မျက်မှောက် ခေတ်မှာတော့ ဒီလို လူဖြူ-လူမည်း အသားအရောင် ခွဲခြားမှုတွေ၊ လူမျိုးရေး အမြင်တွေ၊ အပြုအမူတွေဟာ အတော့် ကို နည်းပါးသွားခဲ့ပါပြီ။  ဒေသအစိုးရ၊ ဗဟို အစိုးရ၊ စာနယ်ဇင်း အမှူးပြုတဲ့ တာဝန်ရှိသူများရဲ့ ယဉ်ကျေးမှုပွဲတော်လို အစီအစဉ်တွေ အပါအဝင် ပညာရေး စနစ် က အစ ပြုပြီး စာပေ၊ ရုပ်ရှင်၊ သဘင် မီဒီယာ ကြားခံစုံ ပံပိုး၊ စီမံမှု စနစ်ကောင်းခဲ့ခြင်း၊ ပြောင်းလဲခဲ့ခြင်းကြောင့် နှစ်ကာလ တို အတွင်းမှာပဲ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု အမြင်တွေဟာ အလျင်အမြန် ကွယ်ပျောက်သွားခဲ့တယ်။

 

သူတို့ရဲ့ ကောင်းတဲ့ အချက် တခု က သြစတြေးလျ အတိတ် သမိုင်း ရဲ့ အမှားအယွင်း တွေကို အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့ဂုဏ် အတွက် ဆိုပြီး တဖက်သတ် ဖျောက်ဖျက်ခြင်း မပြုကြဘူး။  သူတို့ ကျင့်သုံးခဲ့တဲ့ Immigration ဥပဒေ တွေရဲ့ ချို့ယွင်းချက်တွေကို ပြတိုက်တွေ၊ သမိုင်း စာအုပ်တွေမှာ မကွယ်မဝှက် ဖော်ပြတတ်တဲ့ အပြင် ခရီးသွား လမ်းညွှန် စာအုပ်တွေ မှာ အထိ တောင်းပန်တဲ့ လေသံပြု ရေးသားထားတတ်တယ်။  တချိန်တုန်းက သူတို့ဟာ လူဖြူများကသာ မြင့်မြတ် Superior ဖြစ်တယ်လို့ လွဲမှား ယုံမှတ်မိကြောင်း ဝန်ခံတတ်တယ်။  အထူးသဖြင့် နိုင်ငံ သမိုင်း အစ အင်္ဂလိပ် လူဖြူများ သြစတြေးလျ တိုက် ကို စတင် ဝင်ရောက်စဉ် အခါ က ဌာနေ တိုင်းရင်းသား Aboriginal Australians တွေ အပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ၊ နောက်ပိုင်းတလျှာက်လည်း Aboriginal တွေကို ခွဲခြား ဆက်ဆံ ပြုမူ ခဲ့ မှုတွေ စတဲ့ အမှား အားလုံးကို နိုင်ငံ့ သမိုင်းမှာ၊ ပြတိုက်တွေမှာ၊ စာပေ၊ အနုပညာ ပစ္စည်းတွေမှာ မဖုံးမဖိ၊ မခြွင်းမချန် အရင်းတိုင် ဖော်ပြလေ့ ရှိတယ်။  လက်ရှိ အချိန်မှာ Aboriginal  တွေကို ပြန်လည် ပစား ပေးမှု အစီအစဉ်တွေ အမြောက်အမြား စီစဉ်ထားတယ်။  ဒီ အချက်က သြဇီတွေရဲ့ ယဉ်ကျေးမှု မြင့်မားလာပုံ၊ ကျယ်ပြန့်တဲ့ နှလုံးရည် ရှိလာခြင်းကို ဖော်ပြရာ ကျသလို လူမျိုး တမျိုး မှာ စွဲကပ်နေတဲ့ မိမိ လူမျိုး မှ မိမိ လူမျိုး စိတ်ကြီးဝင်နေမှု ကိုလည်း ကောင်းကောင်း လျှော့ချ ပစ်နိုင်တယ်။

 

ဒီလို ရပ်ဝန်း နောက်ခံ၊ စနစ်အဖွဲ့အစည်း ကနေ နိုင်ငံသား အားလုံး ဘာသာ၊ လူမျိုး၊ အသား အရောင်၊ ဇာတိ နောက်ခံ မကြည့် မခွဲဘဲ လူ့အခွင့်အရေး အပြည့်အဝ ရရှိ ခံစားစေတဲ့ တိုးတက်ဖွံ့ဖြိုး ချမ်းသာပြီး (၂၁) ရာစု သြစတြေးလျ နိုင်ငံ ကို ထုဆစ် ပုံဖော်ပေးလိုက်တယ်။

အခု အချိန်မှာ ဆိုခဲ့တဲ့ ဗုဒ္ဓနေ့ ပွဲတော် လိုမျိုးကို အချက်အချာ ကျရာ မြို့လယ်ကောင် တက် တခမ်းတနား ကျင်းပနေပေမယ့် ဘယ်လူဖြူ ခရစ်ယာန် ဒေသခံ တယောက် က မှ ငါတို့ မြို့ကို ဗုဒ္ဓဘာသာဝင်တွေ ဝင် စီး နေပြီ၊ နိုင်ငံခြားသားတွေ လွှမ်းမိုးနေပြီ၊ တရုတ်တွေ မင်းမူနေပြီ၊ ငါတို့ ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာ တော့ ကွယ်ပျောက်တော့မှပါပဲ လို့ မဆိုကြဘူး။  မတူကွဲပြားတဲ့ အယူဝါဒ၊ ဓလေ့ ထုံးစံတွေကို သာ လာရောက် လေ့လာ စူးစမ်းကြတယ်။  မတူကွဲပြားမှုတွေကို လက်သင့်ခံ နိုင်လောက်အောင် သူတို့ရဲ့ အများစု ရင်ဘတ် နှလုံးသားတွေက ကျယ်ပြန့် သွားခဲ့ပြီ ဖြစ်တယ်။

 

သြဇီတွေ ထဲမှာ အခု အချိန်အထိ Racist အတွေးအခေါ် ရှိနေသူတွေ အနည်းအကျဉ်း ရှိသေးတာပေါ့။  နိုင်ငံခြားသား Immigrants တွေ က သူတို့ရဲ့ အလုပ် တွေ ဝင်လုနေပြီ၊ သူတို့ရဲ့ အိမ်ယာတွေကို ကျူးကျော်နေပြီ၊ သူတို့ရဲ့ သမီး၊ နှမများကို သိမ်းပိုက်နေပြီ ဆိုချင်သူတွေ အနည်းအများတော့ ရှိသေးတာပေါ့။  ဒါပေမယ့် တကယ့်ကို လူနည်းစု အနေအထားသာ ဖြစ်တော့တယ်။  ဒီလို အမြင်ကျဉ်းမြောင်း သူ လူတစု ရဲ့ အမုန်းတရားတွေ၊ တလွဲ အမြင်တွေကလည်း လူထု ကို လွှမ်းမိုးနိုင်တဲ့ စာပေ၊ စာနယ်ဇင်း၊ ရုပ်ရှင်၊ သဘင် မီဒီယာ စုံနဲ့ ပညာရေး စနစ် အပေါ် ဘယ်လိုမှ မသက်ရောက်တော့ အမုန်းပွားချင်သူတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်ခွင့် မသာပါဘူး။  ယေဘုယျ သဘော သာမန် လူအများကတော့ ဖန်တီး ပုံဖော် ထားတဲ့ စနစ်အဖွဲ့အစည်း ကောင်းမှု ကြောင့် ယဉ်ကျေးမှု အယူဝါဒ စုံရာ ဗဟုလောက ရဲ့ လောကီ ချမ်းသာ နိဗ္ဗာန် သဘောကို ကောင်းကောင်း သဘောပေါက် နားလည် လက်ခံ ကာ လူပေါင်းစုံ၊ ဝါဒစုံ၊ ဓလေ့ စုံ Cosmopolitan ဖြစ်နေတဲ့ ဒီမိုကရေစီ ပြည့်ဝ၊ လူ့အခွင့်အရေး အပြည့်ရှိတဲ့ ဗဟုယဉ်ကျေးမှု Multiculturalism ကို အများစု ကောင်းကောင်း ပျော်မွေ့တတ်နေကြပြီ ဖြစ်တယ်။

 

စာရေးသူ အနေနဲ့ စိတ်ဝင်စားမှု ရှိတဲ့ အတွက် ဒေသခံတွေရဲ့ နိုင်ငံခြားသား Immigrants တွေ အပေါ် အမြင်၊ ဒုက္ခသည် အဖြစ် လာရောက် ခိုလှုံသူ Asylum Seekers တွေ အပေါ် ထားတဲ့ သဘောထား၊ နောက်ဆုံး အဆင့် လှေ နဲ့ ခိုးဝင်လာသူ ဒုက္ခသည်တွေ အပေါ် သူတို့ ဘယ်လို မြင်သလဲ ဆိုတာတွေကို အခွင့်ကြုံတိုင်း မေးမြန်းလေ့ ရှိတယ်။  အထူးသဖြင့် သာမန် ပညာ အခြေခံသာ ရှိတဲ့ လုပ်ခ၊ ဝင်ငွေနည်း အခြေခံ လူတန်းစားတွေရဲ့ အမြင်ကို အလေးထား စူးစမ်းမိတယ်။  ဘာလို့ဆို သူတို့က ဒီ ဒဏ် တွေကို အခံရဆုံး ဖြစ်တာကြောင့်ပါ။  အများစုကတော့ နိုင်ငံခြားသား Immigrants တွေရဲ့ တိုင်းပြည် အပေါ် ပြန်လည် အကျိုးပြုမှု တန်ဖိုးကို နားလည်တယ်၊ ဒုက္ခသည် ကိစ္စ ဆိုရင်လည်း အခြေခံ အားဖြင့် သူတို့ မှာ လုံခြုံ အေးချမ်း ခိုလှုံစရာ နေရာ တနေရာ ရှိသင့်တယ် ဆိုတာကို စာနာ သဘောပေါက် ပေးနိုင်ကြတယ်။

 

စာရေးသူ ရဲ့ မျက်စိရှေ့မှာတင် ညပိုင်း အလုပ်တွေ နဲ့ ပင်ပင်ပန်းပန်း လုပ်ကိုင် ဝမ်းကြောင်းနေရတဲ့ သြဇီ အမျိုးသမီးငယ်လေး တဦးကို  “လှေစီး ခိုးဝင်တွေက မင်းတို့ရဲ့ အခွန် ငွေ တွေကို အသုံးပြုနေသလို ဖြစ်နေတာ၊ အစိုးရက မင်းတို့ ပိုက်ဆံတွေကို သူများ လူမျိုးခြား အတွက် အသုံးချ တလွဲ ဖြုန်းတီးနေသလို ဖြစ်နေတာ မင်းကျေနပ် နိုင်ရဲ့လား” မေးကြည့်ဖူးတယ်။  “ငါ့ ပိုက်ဆံ ကို (အခွန်ကို) အလုပ် မလုပ်ဘဲ အစိုးရ ထောက်ပံ့ကြေး ထိုင်စားနေတဲ့ သြဇီ လူဝ ငပျင်းတွေ ကို ပေးရတာထက် စာရင် ကမ္ဘာ့ ထောင့် တနေရာရာ က ဖိနှိပ်မှု၊ ခွဲခြားမှု၊ သတ်ဖြတ်မှု၊ စစ်ပွဲ တခုခု ကြောင့် ထွက်ပြေးလာရတဲ့ လှေစီး ခိုးဝင်တွေကို ပေးရတာ ငါ ကျေနပ်တယ်” လို့ သူ က ပြန်ဖြေတယ်။  အဖြေကြားတော့ စာရေးသူ မှာ ကြက်သီးမွေးညင်းထ ရတယ်။  သူ့ ရဲ့ ကျယ်ပြန့် တဲ့ အမြင်၊ ကြီးမားတဲ့ စိတ် နှလုံးကို မြင်လိုက်ရလို့ပါ။  အဆိုပါ အမျိုးသမီးငယ် ဆိုတာ အခြေခံ ပညာ အဆင့်၊ အသက် (၂၀) အရွယ် ကလေးပါ။  ဒါပေမယ့် သူ့ အမြင်၊ သူ့ အတွေးအခေါ် ကတော့ လုံးဝ လူပီသ လူယဉ်ကျေး လူကြီးကြီး ဖြစ်နေပါပြီ။  ဘာကြောင့်လဲ လေ့လာကြည့်တော့ ဆိုခဲ့တဲ့ တိုင်းပြည်မှာ စီမံထားတဲ့ စနစ် အဖွဲ့အစည်း နောက်ခံ ကောင်းမှု ကြောင့်ပဲပေါ့။

 

စာရေးသူ ချစ်မြတ်နိုးတဲ့ မွေးရပ် ဇာတိ ဗမာပြည် မှာတော့ အကြီးဆုံး မြို့ ရန်ကုန်မှာတောင် မြို့လယ်ကောင်မှာ စာကြည့်တိုက် ရှာချင်ရင် ဗြိတိသျှကောင်စီ စာကြည့်တိုက် သေးသေးလေးကို ပြေးရတယ်၊ စာကြည့်တိုက် က လူသာမန် လူတန်းစားများလည်း အနားမကပ်နိုင်။  ပညာရပ်ဝန်း တက္ကသိုလ်တွေက မြို့ပြင် ရောက်နေတယ်။  ပြတိုက်တွေ ဆိုတာ သုသာန် တစပြင် အလား ဖြစ်နေတယ်၊ ပြတိုက်တွေရဲ့ တင်ဆက်မှုကလည်း တမြေထဲဖွား မတူကွဲပြားတဲ့ လူမျိုး-ဘာသာ နောက်ခံရှိတဲ့ နိုင်ငံသား အချင်းချင်း ချစ်ခင် ရင်းနှီးမှု ကို တိုးပွားစေဖို့ ပုံဖော်မှု နည်းတယ်၊ တမျိုး-တဘာသာ ဇောင်းပေး ပုံဖော်မှုကသာ အများစု ဖြစ်နေတယ်။  ယဉ်ကျေးမှု စုံညီ ပွဲမျိုးဆိုတာတွေလည်း မြို့လယ်ကောင် လူလက်လှမ်းမီနိုင်တဲ့၊ လူအများ တက်ဖို့လွယ်တဲ့ နေရာမျိုးမှာ မရှိဘူး။  သတင်း မီဒီယာ မှာ ဖော်ပြရုံ၊ လူကြားကောင်းရုံ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲတွေသာ ကြိုးကြားကြိုးကြား တွေ့ရတယ်။

 

အနုသုခုမ ဆိုရင်လည်း ရန်ကုန်က အမျိုးသား ပြဇာတ်ရုံ ဆိုတာ ကျီးနဲ့ဖုတ်ဖုတ် သာ ဖြစ်တယ်၊ လူအများတွက်လည်း လက်လှမ်းမမီ။  အငြိမ့်၊ ပြဇာတ်၊ ဂီတ၊ လူထု ဟောပြောပွဲ၊ လေဟာပြင်ပွဲတွေ မြို့လယ်ကောင်မှာ မတွေ့ရတော့တာ နှစ်ငါးဆယ် ကျော်ခဲ့ပြီ။  သက်ကြီးစကား၊ သက်ငယ်ကြားနဲ့သာ ဘုရင်မ ပန်းခြံ (မဟာဗန္ဓုလပန်းခြံ) မှာ အင်္ဂလိပ်ခေတ် နဲ့ လွတ်လပ်ရေးခေတ်ဦး တုန်းက လေဟာပြင် (Open Air) အငြိမ့်တွေ၊ ပွဲတွေ၊ လူထု ဖျော်ဖြေရေး၊ ပညာပေးရေးတွေ ရှိခဲ့ဖူးကြောင်း သိရတော့တယ်။  ပြည်သူလူထု စုစုဝေးဝေး ဖြစ်မှာ အမြဲ အလာဂျီ ဖြစ်၊ ကြောက်တတ်တဲ့ သူတွေ တိုင်းပြည် ကြီးစိုးကတည်းက ဒါမျိုး လူထု ဖျော်ဖြေရေးပွဲတွေလည်း ပျောက်ခဲ့ရတယ်။  အကျိုးဆက် အနေနဲ့ မတူကွဲပြားတဲ့ ဓလေ့ နောက်ခံရှိ ပြည်သူလူထု အများ အတူတကွ တနေရာတည်းမှာ တွေ့ဆုံ ရင်းနှီးခွင့်တွေလည်း နည်းပါးလာခဲ့ရတယ်။

အတိတ်ကိုလိုနီခေတ် ကောင်းမွေ တခု အနေနဲ့ ဗမာပြည် ရန်ကုန်မြို့ ဟာ အသွင် သဏ္ဌာန် အားဖြင့်တော့ ဘာသာစုံ၊ လူမျိုးစုံရဲ့ ဘုရားကျောင်းတွေ၊ ဗိသုကာ လက်ရာတွေ နဲ့ Cosmopolitan ဖြစ်နေဆဲပါ။  လူများ-ဘာသာစုံလည်း မှီတင်း နေထိုင်နေဆဲပါ။  ဒါပေမယ့် အတွင်း အနှစ် သဘောမှာတော့ တိုင်းပြည်မှာ ရာစုဝက်ကျော် ကြီးစိုး ပုံဖော်ခဲ့တဲ့ တမျိုး-တဘာသာ အားပြု ခေတ်စနစ်ဆိုးရဲ့ စနက်ဒဏ် ကို ခံကာ ဘာသာ-လူမျိုး မတူသူချင်းကြား အမြင် မကြည်လင်မှုတွေ၊ အမုန်းတွေ များပြား၊ နားလည်မှုတွေ လွဲမှား ဖြစ်နေရတယ်။

 

လူမျိုး/ဘာသာ စုံ ယဉ်ကျေးမှု၊ ဓလေ့စုံ ချစ်ကြည် ရင်းနှီး၊ တယောက် အကြောင်း တယောက် သိနားလည်ရေး၊ ဓလေ့၊ စရိုက်၊ အယူဝါဒ မတူညီသူများကို နားလည် လက်ခံပေးရေး ဆိုတာတွေ ဟာ ပညာရေး စနစ်မှာ၊ စာနယ်ဇင်းမှာ၊ ရုပ်ရှင်၊ သဘင် အနုပညာ ပစ္စည်းတွေမှာ မပါသလောက် အားနည်းနေတယ်။  ဒါနဲ့ ပြောင်းပြန် ဘာသာ/လူမျိုး မတူသူချင်း အမုန်းပွားစေတဲ့ တရားတွေ၊ စကားတွေ သာ နေရာစုံမှာ တရား ဓမ္မ ပွဲ နဲ့ ကလေးများ ယဉ်ကျေးလိမ္မာ နွေရာသီ သင်တန်းမှာပါမကျန် ဝမ်းနည်းဖွယ် လွှမ်းမိုးနေတယ်။

 

ဒီလို နောက်ခံမျိုးမှာ ဘယ်လို ပေမီ၊ ဒေါက်မီ အမြင်၊ ကြီးမားကျယ်ပြန့်တဲ့ ရင်ဘတ်နှလုံးသားနဲ့ ယဉ်ကျေးပြီး လူကြီး လူကောင်း၊ တင်းပြည့်ကျပ်ပြည့် နိုင်ငံကြီးသားတွေ အများစု မွေးထုတ်ပေးနိုင်ပါ့မလဲ။  ဒီလို အခြေအနေမျိုးမှာ လူမျိုး/ဘာသာ ရေး အမုန်းတွေ၊ အစွဲတွေ၊ ခွဲခြားမှုတွေ၊ အမြင်တွေ လူထု လူအများကြားမှာ ကျယ်ပြန့် နေသေးတာ၊ ပဋိပက္ခတွေ၊ ရန်ပွဲတွေ များနေတာဟာ အံ့အားသင့်စရာ ကိစ္စ မဟုတ်ဘူး။  နောက်ခံ ရာသီဥတု စနစ် အဖွဲ့အစည်းကမှ မကောင်းဘဲကိုး။  ဒီအချက်ကို ပြင်နိုင်မှသာ တိုင်းပြည် မှာ အတွေးအခေါ် မြင့်မား၊ အမြင်ကျယ်ပြန့်၊ နှလုံးရည် ပြည့်တဲ့ နိုင်ငံကြီးသားကောင်းတွေ များများ ပေါ်ထွန်းလာနိုင်မှာ ဖြစ်တယ်။

 

သြစတြေးလျ နိုင်ငံ နဲ့ ဗမာပြည် ဟာ ဖွံ့ဖြိုးတိုးတက်မှု၊ ချမ်းသာ ကြွယ်ဝမှု ဓန အင်အား နောက်ခံချင်း မတူညီတဲ့ အတွက် ယဉ်ကျေးမှု ပြတိုက်ကြီးတွေ၊ စာကြည့်တိုက်ကြီးတွေ၊ အနုပညာ ပြခန်းကြီးတွေ ရန်ကုန် မြို့လယ်ကောင်မှာ တည်ဆောက် နေ့ချင်းညချင်း ပြုပြင်ရမယ်လို့ စာရေးသူ အနေနဲ့ မဆိုလိုပါ။  ဗမာပြည်မှာ ယခု လောလောလတ်လတ် ဝင်ရောက် အခြေချနေထိုင်တဲ့ Immigrants ပြဿနာလည်း အကြီးအမား မရှိပါ။  ဒါပေမယ့် ဘိုးစဉ်ဘောင်ဆက် အတူတကွ တမြေထဲနေ၊ တရေထဲသောက်လာခဲ့သူ ဘာသာ-လူမျိုးစုံ အချင်းချင်း ချစ်ကြည်ရေး၊ လူ့အဖွဲ့အစည်း ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်ရေး အလို့ငှာ အတွက်တော့ စာပေ၊ စာနယ်ဇင်း၊ ပညာရေး စနစ် ပြုပြင်ပြောင်းလဲမှုတွေကို ချက်ချင်း လက်ငင်း ကုန်ကျစာရိတ် နည်းနည်းနဲ့ တမ်းလုပ်နိုင်ပါတယ်။  စနစ်ပုံဖော်သူတွေ နဲ့ လူများစု အုပ်စုဝင် လူထု က ဆန္ဒ ရှိဖို့သာ လိုပါတယ်။

ဆောင်းပါးမှာ ဆိုခဲ့တဲ့ သြစတြေးလျ က ဗုဒ္ဓ ပွဲတော် လို ဗမာပြည် က လူနည်းစု မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာကွဲတွေရဲ့ အကြောင်း သိကောင်းစရာ ယဉ်ကျေးမှု ပွဲတော်တွေ ရန်ကုန်မြို့လယ်ကောင် လူအများ လက်လှမ်းမီရာ နေရာမှာ ကျင်းပ ပြုလုပ်ဖို့ ဆိုတာလည်း ကုန်ကျစရိတ် များတဲ့ ကိစ္စမျိုး မဟုတ်ပါ။  ဒါပေမယ့် ဒီလို လုပ်ခြင်းရဲ့ ကောင်းမှု အကျိုး သက်ရောက်ချက်ကတော့ တကယ် ရှိပါတယ်။  လူတိုင်း မတက်နိုင်တဲ့ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေက ခေါင်းဆောင်တွေချည်း သက်သက် ကြည်စေ၊ အေးစေ၊ ငြိမ်းစေ လုပ်နေတာထက်စာရင် လက်တွေ့ လူမှုဘဝ ကို ပုံဖော် ထုဆစ်နေတဲ့ သာမန်လူတန်းစား လူထု အချင်းချင်း ပေးတွေ့၊ ဆုံဆည်း ရင်းနှီး ချစ်ခင်ရာ ကြံဆောင်ခြင်း က လက်တွေ့ အကျိုးများပါတယ်။

ဒါကြောင့် ပညာရေး စနစ်၊ စာနယ်ဇင်း၊ စာပေ၊ သဘင်၊ ရုပ်ရှင်၊ မီဒီယာစုံ ပြုပြင်ပြောင်းလဲရေးတွေနဲ့ အတူ လူထု အချင်းချင်း ပိုမိုဆုံတွေ့ ရင်းနှီးခွင့် တည်ဆောက်နိုင်တဲ့ ဘာသာ/လူမျိုး စုံယဉ်ကျေးမှု ပွဲတော်များ ခပ်များများ၊ ဗမာပြည်ရဲ့ မြို့ရွာ အနှံ့ လူအများ တကယ် လက်လှမ်းမီ တက်နိုင်တဲ့ နေရာမျိုးမှာ ကျယ်ကျယ်ပြန့်ပြန့် စီစဉ် ပြုလုပ်ဖို့ လိုနေကြောင်း သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း တာဝန်ရှိသူများ၊ ဘာသာရေး အဖွဲ့အစည်း ခေါင်းဆောင်များ နဲ့ လူထု အများ သိမြင်စေဖို့ အလို့ငှာ တည်ငြိမ်၊ အေးချမ်း၊ ဖွံဖြိုးတိုးတက်စေရာ “ယဉ်ကျေးမှုများ ပေါင်းစုံရာ ရပ်ဝန်းလေး ဆီသို့..” ရည်သန် ဆွေးနွေးတင်ပြလိုက်ကြောင်းပါ။

ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
 
(ဆောင်းပါး နှင့် ပတ်သက်၍ ဝေဖန်၊ အကြံပြု ဆက်သွယ်ရန်: nyeinchanaye81@gmail.com)
(ဆောင်းပါးကို ဘက်မလိုက် ဂျာနယ် အတွဲ (၁)၊ အမှတ် (၂)၊ ဖေဖော်ဝါရီ (၂၀)၊ ၂၀၁၄ တွင် ပုံနှိပ် ဖော်ပြခဲ့ပြီး ဖြစ်သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်