ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အခန်း (၂၆)

February 28, 2014

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄

 

ဒီနေရာကို နာမည်အမျိုးမျိုး ပေးခဲ့ကြသည် ။ တချို့ကမော်စကို တချို့က ဘာတောရ ညာတောရ (အင်းစိန်တောရ- သာယာဝတီတောရ ) စသည် တချို့ကတော့ ဘဝတက္ကသိုလ် တဲ့ ။ အခု ထောင်ထဲရောက်ပြီး မကြာမှီက ဒီနေရာကို လူရှင်တို့ သင်္ချိုင်း ဆိုတာ ကြားရ ပြန် ပါ သည်။ ဆရာကြီးဦးဝင်းတင်က လူ့ငရဲ တဲ့။ ဒီအရပ်က ပြန်လာသူလူတိုင်းက ငရဲခန်းက ဒဏ်ရာတွေကို ပြောနေကြသည်။ ဝေဒနာ၏ ပဲ့တင်သံများမှာ ခေတ်တခုအတွင်း မတရားစွာ ကျူးလွန်သော ပြစ်မှုကျူးလွန်သူတို့အတွက် ဖျောက်ဖျက်မရသော သက်သေ တွေသာ။ 

မိသားစုနှင့် ဝေးကွာသော ဒီအရပ်သည် ကိုယ့်အချင်းချင်း ရဲဘော်ရဲဘက်စိတ်နှင့် ပို၍ စုစည်းမိ စေခဲ့သည်။  ပြဿနာဆိုသည်က အချိန်မရွေး မထင်မှတ်သည့်နေရာက ပေါ်လာတတ်စမြဲ။ ထိုရောက်လာမည့် ပြဿနာကို ရင်ဆိုင်ဖို့ ကိုယ့်အချင်း ပိုချစ်ခင် ရင်းနှီးမှု ဆိုတာ အခြေနေအရကို မဖြစ်မနေတောင်းဆိုနေသည့်ကိစ္စ ဖြစ်သည်။ သို့သော်လည်း လူတို့ သဘာဝအတိုင်းပို၍ စုစည်းမိတာတွေ ရှိသလို ပို၍ဝေးကွာသော အဖြစ်မျိုးလည်း လောကနိယာမအရ ရှိကိုရှိနေပါမည်။ ဘယ်လိုပဲဖြစ်ဖြစ် ရင်ခုန်သံတူသူချင်း ရည်မှန်းချက် တူသူချင်းကတော့ စုမိကြသည်။ ည ညအခါ တေးသီချင်းသံတို့ကပင် တခန်းစီနေကြရသော်လည်း ရင်ချင်းချိတ်မိသည့် ဆက်သွယ်မှု များဟုပင် ဆိုရမည်။ တနေ့တာ၂၄နာရီတွင် မနက် နာရီဝက် နေ့လည်နာရီဝက်မှလွဲပြီး ကျန်တချိန်လုံး အခန်းထဲ တွင်သာ။ ကိုယ့်အခန်းမှ  လူအချင်းချင်း တခြား အခန်းမှလူများကို နာမည်နှင်လူ တွဲမိစပင် ရှိသေးသည်။ တေးသီချင်းကတော့ ညစဉ် အလုပ်တခုလို သီဆိုကြသည်။ ဘာပြောပြောတေးသံသာ သီဆိုခိုက် စိတ်အညောင်းတော့ ပြေသည်။ တေးသံမှာ စီးမျှောရင်း တခဏဖြစ်ဖြစ် ပစ္စုပ္ပန်ကို မေ့ထားလို့ရနေသည်။ တေးသံတွေ ကြားနေရင်းက ဒီအထဲက တယောက်ကို ထူးထူးခြားခြား သတိမူမိနေသည်။ သူနှင့် မနက်ကပင်  အခန်း(၅)ထဲရှိ ကိုဇော်ကြီးက

 

“ဦးဇင်း ဦးဇင်း ”

 

အခန်းထဲမှလှမ်းခေါ်သည်။ သူတို့အခန်းရှေ့ကိုရပ်လိုက်တော့ အသားဖြူဖြူ အရပ်ရှည်ရှည်နှင့် သူက စတင် မိတ်ဆက်သည်။

 

“ဦးဇင်းဒိုက်ဦးကဆို  ကိုရဲထွဋ်ပြောပြဖူးတယ် ဦးဇင်း အကြောင်းကို တပည့်တော်နာမည်က ပိုက်ကို ပခုက္ကူကပါ ”

 

ကိုရဲထွဋ်ဆိုတာက ဒိုက်ဦးအမတ်။ အမတ်ဖြစ်ပြီး လပိုင်းအတွင်း မန္တလေး အစည်းဝေးကိစ္စနှင့် အဖမ်းခံရသည်။ အရေး အခင်းထဲက အတူတူ လုပ်ခဲ့ကြတာဆိုတော့ မိသားစု အားလုံးနှင့်ပါ တရင်းတနှီး။ ကိုပိုက်ကိုကကိုရဲထွဋ်နှင့် အမှုတွဲ ဆိုတော့ ထောင်ထဲ ရောက်တတ်ရာရာ စကားပြောရင်း ကိုယ့်အကြောင်း ပါတာဖြစ်မည်။ ရွှေပြည်သာမှာ ကျောင်းထိုင်တာကိုလည်းသိနေသည်။ ဒိုက်ဦးမြို့မှာ အရေးအခင်းတလျှောက်လုံး လုပ်ကိုင်ခဲ့တာကိုလည်းသိနေသည်။ ပါတီတွေထောင်တော့ အင်အယ်လ်ဒီကော လူ့ဘောင်သစ်ပါ ရန်ကုန်တက်လာလျှင် ခရီးတထောက်နားခိုရာ အဖြစ် တည်းခိုကြတာကိုလည်းသူကသိနေသည်။ ဒီတော့ စကား ပြောရင်း ခုသီချင်းသီဆိုသူနှင့် မနက်ကပြောခဲ့သည်မို့ သူ၏တေးသံကိုနားထောင်ရင်း ပခုက္ကူမှ ဆိုတာသိနေသည်။ မြန်မာပြည် ဘယ်အရပ် ဒေသမှ လာသူဆိုတာ တခုနှင့်တခုမတူသော ဒေသအသံကို နားထောင်ပြီး ခွဲလို့ရသည်။ လာရာအရပ်ဒေသကို ထောင်လို နေရာစုံက လူတွေ ရှိသောနေရာမှာ ပို သိသာသည်။  မန္တလေးမှာစာသင်သား ဘဝတုန်းက သိရှိမှတ်သားခဲ့ဘူးတာ တခုရှိသည်။ မြင်းခြံ နယ်ဘက်က လူများသည်။ အသတ် သံကို ဖတ်ရာပြောရာ၌ ငသတ်သံနှင့် နသတ်သံ ပြောင်းပြန်ဖြစ်နေခြင်းကို ပြောကြ နောက်ကြတာကို မှတ်သားခဲ့ဘူးသည်။ ရေတွင်း-ဆိုလျှင် ရေတွန်းဟု အသံထွက် ကြသည်။ မော်ကွန်းဆိုလျှင် မော်ကွင်းဟု အသံထွက်သည်။ အခုလည်း သီချင်းဆိုရာမှာ ထိုအသံကိုကြားနေရသည်။

 

“ပြာရီမှိုင်းကာမို့မို့ ညို့ညို့ လွန်”

 

အသံကို ကြားလိုက်တထဲက နောက်ချင်လာသည်။ ကျန်သည့်သူများကသတိထားမိဦးမည်မဟုတ်သေး။ စချင် နောက်ချင်သော်လည်း တခါက ကြုံရဘူးသော အဖြစ်အပျက်တခုကြောင့် မနောက်ဝံ့သေး။ အခြေနေကြည့်ပြီးမှ နောက်တော့မည်ဟု စိတ်ကူးလိုက်သည်။ လူမျိုးစုံနှင့် အနေများသူများ အတွက် အတွေ့အကြုံသစ်လို့ပင် ဆိုရမည်ထင်သည်။ ဒီလိုပဲ စကားသံမပီသော တိုင်းရင်သား တယောက်ကို စနောက်လိုက်တုန်းက ကြုံလိုက်ရသော အဖြစ်က စကားသံကို ရယ်စရာအဖြစ်သာ အပျော်သဘော ပြောမိသော်လည်း တိုင်းရင်းသားမို့ နှိမ်သည်ဟု သူကခံစား သွားရသောမြင်ကွင်းက စဖို့နောက်ဖို့ ဖြစ်လာတိုင်း သတိအချက်ပြမီး စိတ်ထဲလင်းလာမြဲ ။ စိတ်မကောင်းစရာက ရင်နှီးပြီးသားလူပင်ဖြစ်သော်လည်း သူ့လူမျိုး အားလုံးနှင့်ဆိုင်လာလျှင် ရင်ထဲအခံကို ထိမ်းမထားတတ်။ တဖက်လူမှာ အချင်းချင်း အပျော်သဘောမျိုးစကြ နောက်ကြတာဟုပင် မတွေးနှိုင်ပဲ ခံစားရသော အဖြစ်အပျက်တို့ကြောင့် ပိုလို့စိတ်မကောင်းးဖြစ်ရသည်။ အထူးသဖြင့် တိုင်းရင်းသားတွေဆို သတိကြီးကြီးထားရသည်။ တခြား သူတွေထက် ပိုပိုကဲကဲ ခံစားတတ်သော တိုင်းရင်းသားများ ဆိုသည်က မြန်မာအသံယိုင် စကားပြောသောတိုင်းရင်းသာဆိုလျှင် သတိကြီးရမည်ဟု နားလည်ထားရသည်။ ကိုယ်တွေစိတ်မှာ တိုင်းရင်းသားတိုင်းကို သူတို့ လိုချင်တာတွေ အာလုံးရစေချင်သည်။ သူတို့ ဘာသာစကား သူတို့ယဉ်ကျေးမှုတို့ အားလုံး အဖျက်ဆီး ခံထားရသည်မဟုတ်လား ။ တိုင်းရင်းသားတယောက်ဟာစစ်အစိုးရ တလျှောက်လုံး ဒုတိယတန်းသား နိုင်ငံသားလိုထားခဲ့ကြသည်မဟုတ်လား ။ စစ်အာဏာရှင် လက်ချက်ဖြင့် အခွင့်အရေးတွေ အပိတ်ခံထား သူတို့ ရပိုင်ခွင့်တွေ ပျောက်ဆုံး ဒီ အဖြစ်ကို ကိုယ်တွေ (အထူးသဖြင့် နိုင်ငံရေးသမားတွေ) က တထပ်တည်းခံစား ထားကြသည်။ သို့သော်လည်း တိုင်းရင်းသားတော်တော်များများက စစ်တပ်ကလုပ်သည်ဟု မမြင် ။ မြန်မာတွေက လုပ်သည်ဟု ခံစားထားကြသည်။ ဒီတော့ ကိုယ်၏ အရင်းခံ စေတနာထားခံစားပေးမှုကို အထိခိုက်မခံနှိုင် ။ စကားပြောတာကအစ သူတို့သံသယကို ပိုတိုးစေမည့် အသုံးအနှုံးကို သိထားသင့်သည်။

 

စကားသံ ဆိုတာကလည်း နေရာတခုတွင် တသံ ဖြစ်နေတတ်သည် ။ တောင်ငူတဝိုက်က ရကောက် ဟထိုးအသံနှင့် ခကွေးယပင့်အသံ ရောနေတတ်သည်။ ထို အရပ်သားတွေနှင့်ဆုံလျှင် သိပ်ရှစ်တာပဲ – ရှင်းလုံခတ်တာ ရွှေးတွေက်ချွဲနေတာပဲဟု နောက်ရတာက ပျော်စရာတခုဖြစ်သည်။ တိုင်းရင်းသားမဟုတ်လို့ သတိထား စရာမလို ။ စလျှင်လည်း သူတို့အရပ်၏ စကားသံကို ကြည်စယ် သည်ဟုခံယူ ကြသည်။ ထိုကဲ့သို့ ဖြစ်လာလျှင် ကိစ္စမရှိ။ တခါကကြုံဖူးသော တိုင်းရင်းသားလို ခံစားသွားရမှာကိုတော့ စိုးသည်။ ဒီအကြောင်းကို အခန်းထဲ စကားပြောဖြစ်ကြသည်။  ပြောသော အသံတို့နှင့်သေချာ ထိစပ် ပါများလာလျှင်  ဘယ်အရပ်သံဆိုတာ ခွဲခွဲခြားခြားသိစမြဲ။ ခုနကသီချင်းဆိုသူလို ငသတ် နသတ် ရောသောဒေသ။ခကွေး ယပင့် ရကောက် ဟထိုး မကွဲသော ဒေသ။ တဝမ်းပူ အသံကို သသံနှင့် ပြောကြသော ဒေသ။ စသည် ကွဲပြားသလို ဟထိုးသံပျောက်နေသော စကားပြောသံပါ ရှိသေးသည်။ အထူးသဖြင့်ကရင် လူမျိုးများသည် စကားပြောရာ၌ ဟထိုးသံ ပျောက်နေသည်ဟု ပြောကြသည်။

 

စစ်အတွင်းကဆိုလျှင် ကရင်လား ဗမာလားခွဲခြားနည်းဟုပင် ပြောကြသည်။ လှေကို ဟထိုးသံမပါပဲ လေဟု အသံထွက်သည်။ လှည်းကို ဟထိုးသံဖျောက်ပြီး လဲ ဟု ပြောကြသည်။  လှံကိုကိုင်ပြီးလှေပေါ်ကဆင်းလာသောသူ လှည်းပေါ်မှာ မှောက်ရက် လှဲနေတယ်-ဆိုသော စကားဆိုလျှင်- လံကိုကိုင်ပြီးလေ ပေါ်ကဆင်းလာသောသူ လည်းပေါ်မှာ မောက်ရက် လဲနေတယ်-ဟုပြောမည်ဖြစ်သည်။ စကားသံ၏ ကွဲပြားမှု ကိုတွေးရင်း နသတ်နှင့် ငသတ်ရောသောအသံထွက်ကို မြင်ခြံ တောင်သာ ပခုက္ကူ စသောဒေသမှန်း ခပ်စောစေထဲက သိထားပြီးပြီ။  သူတို့အခန်းမှ စသံနောက်သံတွေထွက်ထွက်လာတာ ကြားကြားနေရသည်။ အားလုံး သီချင်းဆို ပြီးသည်အထိ အထိ စောင့်ဆိုင်းနေ လိုက်သည်။ တေးသံတွေ အားလုံးတိတ်သွားတော့

 

“ကိုဇော်ကြီး ဗျိုး ကိုဇော်ကြီး ”

 

အခန်းပေါက် သံတိုင်မှာရပ်ရင်း သူတို့အခန်းကိုလှမ်းခေါ်လိုက်သည်။ အသံကိုမြှင့်ပြီး ခေါ်လိုက်တော့ ကိုဇော်ကြီးက

 

“ဦးဇင်းလားပြောပါခင်ဗျ”

 

“ဘာမှတော့ မဟုတ်ပါဘူးဗျ ဦးပိုက်ကို တေးသံလေး နားထောင်ပြီး သူ့လေသံနဲ့ ရုပ်ရှင် ဇာတ်ကားတခုကြော်ငြာချင်လို့ပါ”

 

အခန်းတိုင်းမှလူများကပါ နားထောင်နေကြသည်။ တခုခုတော့ တခုခုဟုတော့ သူတို့တွက်ပြီးဖြစ်မည်။

 

“ အဟမ်းဟမ်း တော်ဝင်ထွင်း ရုပ်ရှင်မှ  ဒါရိုက်တာ ထွင်းမြင့်ထွင်းရဲ့ လက်ရာလေးပါ မင်းသားထွင်းထွင်းဝင်း မင်းသမီး ခင်သီတာထွင်း တို့နှင့် ပြမည့်ဇာတ်ကားက မောင်ချစ်သူနွယ်နွယ်ထွင်းပါခင်ဗျား ”

 

ညချမ်းလေးမှာ တေးသံတို့နှင့် တဒင်္ဂ ဒုက္ခနှင့်သောက လွတ်ရာကိုရှာ ကြံ ကြ၊တယောက်နှင့်တယောက် ပျော်ပျော်ရွှင်ရွှင် နောက်ပြောင် ကျီစယ် ခြင်းက ရင်နှီးမှုကို ပိုမို ဖြစ်စေခဲ့သည်။ ဘဝတက္ကသိုလ်-လောကငရဲထဲ လူတွေကိုအရှင်လတ်လတ် လာရောက် မြှုပ်နှံ ထားကြသော်လည်း တနယ်စီ တမြို့စီဆိုသော အရပ်ဒေသ သည် ကွဲပြားခြားနားမှုကို နာမည်အားဖြင့်သာ ခွဲခြားနှိုင်စွမ်းသော်လည်း ရင်းနှီးစွာစုစည်းမှုကိုတော့ မဟန့်တားနှိုင်ချေ။ ဒီတော့ ဒီအရပ်သည် အမြင်တူရာ မိတ်ဆွေ အသစ်တို့ တိုးပွားရာနေရာလို့ပင် နာမည်သစ် ထပ်ပေးသင့်လှပေတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်