မြန်မာ့ဆေးဖက်ဝင် နွယ်မြက်သစ်ပင်များ

March 3, 2014

သန်းဝင်းလှိုင်
မတ်လ ၃၊ ၂၀၁၄

 

ကမ္ဘာပေါ်ရှိ သယံဇာတတို့အနက် လူသားတို့အား ဘက်စုံအကျိုးအပြုဆုံး သက်ရှိသယံဇာတတွင် အပင်များသည် ရှေ့တန်းက ပါဝင်သည်။ အပင်တို့ကို နည်းအမျိုးမျိုးဖြင့် အသုံးချခြင်းတွင် ယင်းတို့၌ ပါဝင်သော ထူးခြားသည့် ဓာတုဒြပ်ပေါင်းများကို ဆေးဝါးအဖြစ် အသုံးပြုခြင်းသည် ထင်ရှားစွာ အကျိုးသက်ရောက်သော နည်းတစ်နည်းဖြစ်သည်။

 

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဘူမိသမိုင်းနှင့် ပထဝီဝင်အခြေအနေအရ ယင်းတွင် အပင်မျိုးစုံ ပေါက်နေပြီး ကွဲပြားခြားနားမှု များလှသည့် သဘောမျိုးစုံ ပါဝင်နေပေသည်။ ထို့ပြင် ကမ္ဘာ့ဘူမိသမိုင်းနှင့် ပထဝီဝင်အရ တစ်နိုင်ငံလျှင် သူ့နည်းသူ့ဟန်နှင့် ဆေးဖက်ဝင်အပင်များရှိ၍ သီးသန့်စီ ထင်ရှားကျော်ဇောလှသော သီရိလင်္ကာ ၊ အိန္ဒိယ၊ အာသံ၊ ဟိမဝန္တာ ၊တိဗက်၊ တရုတ်ပြည် ၊အင်ဒိုချိုင်းနား၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့က အဘက်ဘက်တွင် ဆက်စပ်ဝန်းရံနေသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံသည် ဆေးဖက်ဝင်အပင်မျိုးစုံရှိမှုတွင် မိမိကိုယ်ပိုင်သာမက ဖော်ပြပါ နိုင်ငံစုံတို့၏ ထူးခြားလှသော မျိုးစိတ်တို့ ဆုံဆည်းရာ၊ ပေါင်းစပ်ရာ နေရာလည်း ဖြစ်သည်။ ထို့ပြင် ရေခဲအစဉ်လွှမ်းသော အမြင့်ပေ တစ်သောင်းကျော် တောင်တန်းဒေသကြီးများ အပါအဝင် တောင်ပေါ်ဒေသများတွင် အအေးပိုင်း ဒေသ၌သာ ပေါက်သော ဆေးဖက်ဝင်အပင်များ၊ မိုင် ၁၇၆ဝ ရှိ ပင်လယ်ကမ်းရိုးတန်း ဒေသနှင့် ကျွန်းပေါင်း ၈ဝဝ ကျော်တို့တွင် ပေါက်ကြသော ပင်လယ်နှင့် နှီးနွယ်နေသည့် ဆေးဖက်ဝင်အပင်များ၊ မြေအမျိုးမျိုး ၊ အပူချိန်အမျိုးမျိုး၊ မိုးရွာသွန်းခြင်း အမျိုးမျိုးတို့ကို အခြေခံ၍ ထူးခြားစွာ ပေါက်သည့် ဆေးဖက်ဝင်အပင်များသည် မျိုးစုံစွာ အရိုင်းပေါက်နေသဖြင့် ဤကမ္ဘာပေါ်တွင် ဤသို့ ပေါင်းစပ်မျိုးစုံမှု အလွန်ရှားပါးလှသည်။ ထို့ပြင် နိုင်ငံခြားမှ တင်သွင်းလာသော ဆေးဖက်ဝင်အမျိုးအစားတို့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ၌ မရသော အပင်မျိုးဟူ၍လည်း မရှိချေ။

 

မြန်မာ့ဆေးဖက်ဝင်ပင်များကို အသုံးပြုပြီး ကုသသော မြန်မာတိုင်းရင်းဆေးပညာ၏ အစွမ်းထက်မှုကား အထူးအားထား ထိုက်လှပေသည်။ ယနေ့အထိ စာရင်းဝင် မြန်မာ့ဆေးဖက်ဝင်အပင် အမျိုးအစားပေါင်း ၁၅ဝဝ ကျော်မျှ တွေ့ရှိထားပြီး ဖြစ်သည်။ ယင်းတို့ကို အသေးစိတ် လေ့လာ၍ မျိုးမည်ဖော်ပြပြီးသော မျိုးစိတ်ပေါင်းမှာ ၁ဝဝဝ ကျော် ရှိနေပြီဖြစ်သည်။ ဆက်လက်၍လည်း မြန်မာတိုင်းရင်းဆေးပညာရှင်များ လေ့လာဖော်ထုတ်လျက် ရှိသည်။

 

● နောက်ခံသမိုင်း

အပင်တို့ကို လေ့လာသော ဘာသာရပ် (ဝါ) ရုက္ခဗေဒဘာသာရပ်ကို သိပ္ပံဘာသာရပ် တစ်ခုအနေနှင့် အတွင်းကျကျ မလေ့လာမီ ရှေးပဝေသဏီ အခါကပင် လူတို့သည် အပင်များကို စိတ်ဝင်စားခဲ့ကြသည်။ အပင်များနှင့် အပင်တို့၏ ဘဝကို လူတို့ ကနဦးကအစ စိတ်ဝင်စားခြင်းမှာ စားသုံးပင်များကို စိုက်ပျိုးရန်အတွက် ဖြစ်သည်။ ယင်းကဲ့သို့ လူတို့သည် ပတ်ဝန်းကျင်ရှိ စားသုံးပင်များကို စိုက်ပျိုးရာတွင် တိုးတက်ကောင်းမွန်ရန် ကြိုးပမ်းအားထုတ်လာကြရင်း များစွာသော အပင်တို့သည် ဆေးဖက်တွင် အသုံးဝင်ကြောင်း သိရှိလာကြသည်။ ရှေးခေတ် ဆေးပညာတွင် အပင်များကို ဆေးဖက်အဖြစ် အသုံးပြုခြင်းသည် တွေးခေါ်မှန်းဆချက်မျှသာ ဖြစ်ပြီးလျှင်၊ ဆေးပညာရှင်များမှာလည်း များသောအားဖြင့် စိတ်ကူးယဉ်သမားများနှင့် မှော်ဆရာ၊ စုန်းဆရာများသာ ဖြစ်ကြ၏။

 

ရုက္ခဗေဒနှင့် ဆေးပညာတို့သည် ယခုကဲ့သို့ နည်းလမ်းကျန နက်နဲသည့် သိပ္ပံပညာရပ်များ မဖြစ်ခင် ရှေးယခင် အခါကတည်းကပင် ယင်းပညာရပ် နှစ်ရပ်သည် အချင်းချင်း အပြန်အလှန် ဆက်စပ်မှု ရှိခဲ့ကြသည်။ ဂရိနှင့် ရောမလူမျိုးများ ဖြစ်ကြသော သီအိုဖရက်စကက်၊ ဒိုင်အိုစကိုရိုင်အီ၊ ပလိုင်နီ၊ ဂယ်လင် အစရှိသည့် ရုက္ခဗေဒ ပညာရှင်ကြီးများ ရေးသားခဲ့သော ဆေးကျမ်းများနှင့် ဆေးပညာဆိုင်ရာ စာအုပ်များသည် ရုက္ခဗေဒ  သိပ္ပံကို စတင်၍ လေ့လာခြင်းနှင့် အများဆုံး သက်ဆိုင်သည်ဟု ဆိုလျှင် မမှားပေ။

 

ဆေးပညာနှင့် ဆေးဝါးဗေဒတို့၏ သမိုင်းကို ပြန်လည်ကြည့်လျှင်လည်း ဂရိလူမျိုးဖြစ်သော ဆရာဝန် ရုက္ခဗေဒပညာရှင် ဒိုင်အိုစကိုရိုင်ဒီ ရေးသားခဲ့သော De Materia Medica (၇၇-အေဒီ) တွင် အပင်၊ အကောင်နှင့်တကွ ဓာတ်သတ္တုတို့နှင့် သက်ဆိုင်သော ဆေးဝါးများ ပါယင်သည်ကို တွေ့ရ၏။ ယင်းဆေးကျမ်းသည် နှစ်ပေါင်း ၁၄ဝဝ ကျော်မျှ အသုံးဝင် ကျော်ကြားခဲ့၏။ ယင်းနောက်ပိုင်းတွင် ဂျာမနီ၊ အီတလီ၊ ဗြိတိသျှအပင်ကျမ်းများတွင် ဆေးဖက်ဝင်သည့် အပင်များကို သရုပ်ဖော်ရန် စိတ်ကူးချက်များ ပိုမိုထင်ရှားလာ၏။ရုက္ခဗေဒ၏ဖခင်များဟုဆိုအပ်သောဂျာမနီလူမျိုး အော်တိုဗရန်ဖယ် ရေးသားသော Herbarium Vivae Icones နှင့်Simplicum Pharmacorum (၁၅၄၂)၊ဟိုင်အာရိုနိမတ်ဗော့ ရေးသားသောDe Stirpium (၁၅၂၂) တို့တွင် ဆေးဖက်ဝင်သည့် အပင်များ၏ ရုက္ခဗေဒနှင့် သက်ဆိုင်သော စိတ်ဝင်စားမှုများ ၊ ပိုမို၍ နိုးကြားလာသည်ကို တွေ့ရ၏။ ထို့နောက် ၁၆၊ ၁၇၊ ၁၈ ရာစုခေတ်တို့တွင် တိုးတက်ကောင်းမွန်လာသော ရေးသားချက်များသည် အထက်ဖော်ပြပါ ဂျာမန်အပင်ကျမ်းများ၏ အားပေးမှုများ အများဆုံး ပါဝင်သည်ဟု ဆိုရမည်။ ယင်းခေတ်၌ ကျော်ကြားခဲ့သူများထဲမှ အထင်ရှားဆုံး အချို့တို့မှာ ကယ်စပါ ၊ ယိုဟန်ဗော်ဟင်၊ ပက်ထရပ်ဗော်ရစ်လပ်၊ အင်ဒရီယပ်စီစယ်ပီနပ်၊ ဗယ်လရီယပ်ကော်ဒပ်၊ နဟီမီယယ်ဂရူး၊ အဒမ်လိုနီစယ်ရပ်၊ ပက်ထရပ် မက်သီယိုးလပ်၊ ဂျွန်ပါကင်စင်၊ ဂျွန်ရေး တို့ ဖြစ်ကြသည်။

 

 

ယခုခေတ်တွင် အသုံးပြုသော အပင်ထွက် ဆေးဝါး အကြမ်းထည်များကို ရှေးခေတ်က ရေးသားခဲ့သော များစွာသော အပင်ကျမ်းတို့မှ အညွှန်းယူရစမြဲ ဖြစ်၏။ များစွာသော ဆေးဝါး အကြမ်းထည်တို့ကို ရှေးနှစ်ပေါင်း ရာပေါင်းများစွာက အသုံးပြုခဲ့သည့်အတိုင်းပင် အနုကုဆရာဝန်များ အသုံးချကြ၏။ အချို့ ဆေးဖက်ဝင် အပင်တို့မှ ထုတ်နုတ်ရယူသော အာနိသင်ဆေးရင်းတို့သည် ဆေးဝါးများကို သုံးသည့် ယခုခေတ် ဆေးပညာရှင်များအတွက် အသုံးကျနေဆဲပင် ဖြစ်သည်။

 

ရုက္ခဗေဒဘာသာရပ်ကို ၁၆ နှင့် ၁၇ ရာစုခေတ်တွင် ဆေးဖက်ဝင် အပင်များကိုသာ လေ့လာသည့် ပညာရပ်တစ်ခုအဖြစ် စိတ်ဝင်စားခဲ့ကြသည်။ သို့သော် ၁၈ရာစုခေတ်ခန့်မှစ၍ ယင်းကဲ့သို့ သဘောမထားကြတော့ဘဲ သိပ္ပံပညာရပ် တစ်ခုအနေဖြင့် သီးခြားလေ့လာပြီးလျှင် စိတ်ဝင်စားလာခဲ့ကြသည်။ သို့သော်လည်း ၂ဝ ရာစု ခေတ်ခန့်အထိ ရုက္ခဗေဒဘာသာရပ်ကို ဆေးကျောင်းများတွင် အဓိကဘာသာ တစ်ခုအဖြစ် သင်ကြားခဲ့သည်။ ယင်းဘာသာသည် ဆေးအတတ်ပညာတွင် ဇီဝသိပ္ပံ သို့မဟုတ် သဘာဝသိပ္ပံ အဖြစ်ဖြင့် တန်ဖိုးရှိခဲ့၏။ ထိုစဉ်အခါက ဆေးကျောင်းအပိုင်းတွင် ဆေးဖက်ဝင်အပင်များ စိုက်ပျိုးသော ဥယျာဉ်သည် မရှိလျှင်မဖြစ်သော အခြေအနေမျိုး ရောက်ခဲ့ရ၏။ ထိုနောက်ပိုင်းတွင် ရုက္ခဗေဒဘာသာကို ဆေးကျောင်းများတွင် မသင်တော့ဘ၊ဲ တက္ကသိုလ်များ၏ သိပ္ပံဌာနများ၌သာ သင်ကြားလာခဲ့သည်။ ဆေးပညာတွင် လက်တွေ့အသုံးပြုသော ရုက္ခဗေဒကို ဥပမာအားဖြင့် ဆေးဖက်ဝင်အပင်များကို ရှာဖွေစုဆောင်းခြင်း၊ ယင်းအပင်များအကြောင်းကို တတ်သိနားလည်ရန် လေ့လာခြင်း၊ ဆေးအကြမ်းထည် ပစ္စည်းများကို လေ့လာခြင်း အစရှိသည်တို့ကို ဆေးဝါးအဖော်စပ်မှုပညာ ဌာနများတွင် လွှဲပြောင်းသင်ကြား လာခဲ့၏။ ၁၈၅၅ ခုနှစ်တွင် ယောမြို့၌ ဂျာမန်ဆေးကျောင်းသား တစ်ယောက်သည် ဆေးဝါးသိမှုကို သိပ္ပံပညာ ဘာသာရပ် တစ်ခုအဖြစ် စတင်တီထွင်ခဲ့၏။ ယင်းဘာသာရပ်သည် ဆေးဝါးများကို သတ်မှတ်ခြင်း၊ ဆေးဖက်ဝင် အပင်များကို ရှာဖွေစုဆောင်းခြင်း၊ ဆေးဖက်ဝင် အပင်များ၏ ဓာတုဗေဒကို လေ့လာခြင်း တို့ ဖြစ်သည်။ ယင်းဘာသာရပ်နှင့် သက်ဆိုင်သည့် အပင်ထွက် ဆေးဝါးလေ့လာမှုကို နှစ်ပေါင်း ၁ဝဝ ကျော်မျှ အကြီးအကျယ် လေ့လာခဲ့ကြသည်။

 

ဆေးပညာနှင့်သက်ဆိုင်သည့် ရုက္ခဗေဒသည် ဆေးဝါးဖော်စပ်မှု ပညာဘက်သို့ ကူးပြောင်းသွားရခြင်း၏ အဓိကအချက်မှာ  ၁၉ ရာစုလောက်တွင် ဆေးများကို အတုဖော်စပ်ခြင်း၊ အစားထိုးခြင်းများ၊ အများအပြား ပေါ်ပေါက်လာသဖြင့် စံပြုရန် အရေးကြီးလာသောကြောင့် ဖြစ်၏။ ၁၉ဝဝ ပြည့်မှာ ၁၉၄ဝ ပြည့်နှစ်အတွင်းတွင် ဆေးဖက်ဝင်အပင်များ၏ ခန္ဓာဗေဒကို နက်နက်နဲနဲ လေ့လာကြ၏။ ယင်းတို့ကို ဆေးကျမ်းများတွင် သရုပ်ဖော်ရေးသားရာ၌ အထောက်အကူအဖြစ် အသုံးပြုခဲ့ကြသည်။ ထို့နောက် အပင်၏ ဇီဝဓာတုဗေဒနှင့် ဇီဝကမ္မဗေဒတို့ကို ပိုမို၍ စိတ်ဝင်စားစွာ လေ့လာခဲ့ကြသည်။

 

မြန်မာ့ဆေးကျမ်းများထဲတွင် အထင်ရှားဆုံးသော ဆေးကျမ်းများမှာ သမားတော်ကြီး ဦးကဲ၏ ဇီဝတဝဎဍန ဆေးကျမ်း ၊ ပဒုမာဘိဇမထေရ်၏ ဒဗ္ဗဂုဏပကာသနီဆေးကျမ်း၊ လယ်တီဆရာတော်၏ ဒီပနီ ပေါင်းချုပ်၊ ဆရာတော် ဦးနရိန္ဒ၏ ဓာတုစိန္တာဓာတ်ကျမ်း၊ ပြည်ကြီးမဏ္ဍိုင်က ထုတ်ဝေသော  ဓာတုရသလေး ဆောင်တွဲဓာတ်ကျမ်း ၊ ဓာတုသြသဓရာသီ ဦးလှမောင်၏ ပဒေသာပင်များ၊ ဆရာကြီး ဦးဘသင်၏ ရှုတော်မူ ဆေးအဘိဓာန်၊ မြန်မာဆေးပညာရှိ ဆရာဦးတင်ဝင်း၏ သဘာဝ ဓမ္မအလင်းပြကျမ်း၊ အသျှင်သြဘာသာဘိဝံသ ၏ သုတေသန သရုပ်ပြအဘိဓါန် ၊ ပြည်ကြီးမဏ္ဍိုင်က ထုတ်ဝေသော အက္ခရာစဉ် ဓာတုရသကျမ်း၊ ယောမြို့စား ဦးဘိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟကျမ်း အစရှိသည်တို့ ဖြစ်ကြသည်။

 

၁၉၆ဝ ပြည့်နှစ်တွင် ထုတ်ဝေသော ဇီဝဌာယီ ဦးစံလှရေးသည့် နာနာနယ အာဟာရ စွယ်စုံကျမ်း သည်လည်း ယင်းဖော်ပြခဲ့သော ကျမ်းများနှင့်တကွ အခြားသော အိန္ဒိယနှင့် ဗြိတိသျှဆေးကျမ်း အမျိုးမျိုးတို့ကို မှီငြမ်း၍ စားသုံးပင်တို့၏ အာဟာရအဖြစ် အသုံးဝင်ပုံ၊ ဘယဆေးအဖြစ် အသုံးဝင်ပုံတို့ကို ပြုစုထားသော စွယ်စုံကျမ်း တစ်ခုဖြစ်ပေသည်။ ထိုကျမ်းတွင် စားသုံးသည့် အပင်များကို မည်သို့စီမံချက်ပြု စားသုံးရမည့် နည်းများနှင့် စားသုံးသဖြင့် မည်သည့်ရောဂါ ဝေဒနာတို့နှင့် သင့်မသင့် စားသုံးခြင်း၏ အကျိုးအပြစ် အစရှိသည်တို့ကို အမျိုးမျိုးသော အင်္ဂလိပ်၊ မြန်မာ၊ အိန္ဒိယ၊ ရှေးခေတ်နှင့် မျက်မှောက်ခေတ် ဆေးကျမ်း၊ ဓာတ်ကျမ်းတို့၏ အဆိုများကိုပါ ထုတ်နုတ်ဖော်ပြကာ အထူးကြိုးပမ်း ရေးသားထားသည်ကို တွေ့ရ၏။ ထို့ပြင် အပင်တို့၏ ရုက္ခဗေဒ အမည်များ၊ အင်္ဂလိပ်သက်ရိုက်၊ ပါဠိ၊ ဟိန္ဒီ၊၊ တယ်မီ၊ တယ်လဂူ၊ မာလာယု၊ သီဟိုဠ်၊ ရှမ်း၊ ၊ ကရင်၊ ချင်း၊ မွန် စသည်ဖြင့် ဘာသာမျိုးစုံတို့၏ အခေါ်အဝေါ်များကိုလည်း စုံလင်စွာ ဖော်ပြထားသည်။

 

၁၉၆၂ခုနှစ်တွင် ထုတ်ဝေသော မူလဓမ္မစရိယ အတိဝိသိဋ္ဌဂန္တကာရ၊ မဟာဘိသက္က၊ပြည်သူ့ရွှေတံဆိပ်ရ ဆရာကြီး ဦးချစ်ဖေရေးသားသည့် ဓာတုကာယဝိနိစ္ဆယကျမ်းနှင့် ဘေသဇ္ဇနယသင်္ခေယ၊ ရောဂါနိဒါန်းနှင့် ကုထုံးကျမ်းများမှာလည်း ရောဂါများအကြောင်း၊ ရောဂါများ၏ လက္ခဏာများနှင့် ရောဂါများကို ဆေးဝါးများနှင့် မည်ကဲ့သို့ ကုသနည်း အမျိုးမျိုးကို ဖော်ပြထားသော အလွန်တန်ဖိုးရှိသည့် ကျမ်းတစ်စောင် ဖြစ်ပေသည်။ မြန်မာ့အာယုဗေဒ ဆေးတက္ကသိုလ် ဆရာတော်အရှင်နာဂသေနာတိဝံသ ပြုစုတော်မူသော ဆေးကျမ်းကြီးပေါင်း ၂ဝ မျှ ရှိသည်။ နောက်ဆုံးရေးသားသော ၁၉၆၇ ခုနှစ် မတ်လတွင် ထုတ်ဝေခဲ့သည့် ဆေးအဘိဓာန်ကြီးမှာ မြန်မာ့ဆေးပညာဆိုင်ရာ အပင်၊ အရွက်၊ အသီး၊ အခေါက်မျိုးစုံတို့ အကြောင်းမှစ၍ ဆေးပညာနှင့် စပ်သမျှ သိမှတ်ဖွယ်ရာတို့ကို စုံလင်စွာ ဖော်ပြထားသော အလွန်တန်ဖိုးရှိသည့် ကျမ်းကြီးတစ်စောင် ဖြစ်သည်။

 

ယင်းကဲ့သို့ မြန်မာ့ဆေးကျမ်းများတွင်လည်းကောင်း၊ မြန်မာ့တိုင်းရင်းဆေး ပညာရှင်များ၊ ဓါတ်ဆရာများက ရောဂါဝေဒနာရှင်များကို ကုသရာတွင်လည်းကောင်း၊ ကျန်းမာရေးအတွက် ဆေးနည်း ညွှန်းရာတွင်လည်းကောင်း၊ အစာသည်ဆေး ၊ ဆေးသည်အစာ ဟူသော စကားကို လက်ကိုင်ထားပြီး ဓာတ်စာအဖြစ် ကျွေး၍ ကုသကြသည်က များသည်ကို တွေ့ရသည်။

 

● မြန်မာ့ဆေးဖက်ဝင်သည့် နွယ်မြက်သစ်ပင်များ

ပြည်ထောင်စုမြန်မာနိုင်ငံသည် အပူပိုင်း ဒေသရှိ နိုင်ငံပင် ဖြစ်သော်လည်း မြင့်မားသော တောင်တန်းကြီးများက သမမျှတသော ၊အေးမြသော ရာသီဥတုများကို ဖန်တီးလျက် ရှိသည်။ ကြွယ်ဝသော မြေဆီလွှာ ပြည့်စုံလုံလောက်သောမိုးရွာသွန်းခြင်း၊အမျိုးစုံသောရာသီဥတုတို့ကြောင့်အလွန်မျိုးစုံသော မြန်မာ့ဒေသရင်းပင် များ ပါဝင်သည့် အပင်လောကအတွက် အသင့်လျော်ဆုံးဖြစ်နေ၏။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထဝီဝင်နှင့် တည်နေရာ အနေအထားသည် အပင်များ စတင်ပေါ်ပေါက်ရာတွင် ဤကမ္ဘာ၌ တစ်သီးတစ်သန့်စီ အပင်အမျိုးအစားအနေနှင့် ထင်ရှား နာမည်ကြီးလှသော အိန္ဒိယ၊ အာသံ၊ ဟိမဝန္တာ၊ တိဗက်၊ တရုတ်ပြည်၊ အင်ဒိုချိုင်းနား၊ မလေးကျွန်းဆွယ်၊ သီရိလင်္ကာ အစရှိသည်တို့ ဝိုင်းရံနေပြီးဆုံကျရာ ဗဟိုနေရာကြီး ဖြစ်သဖြင့် အလွန်ထူးခြားလှပေသည်။ ရုက္ခဗေဒသဘောအရ ဤကမ္ဘာပေါ်တွင် စီးပွားရေးရူထောင့်၊ ဆေးဖက်ဝင် ရှုထောင့်တို့၌ ထိပ်သီးအရေးကြီးဆုံးဖြစ်သည့်အပြင်  မြောက်မြားစွာတို့မှာ မြန်မာ့ဒေသရင်းပင် စစ်စစ်များ ဖြစ်ကြသည်။ သဘောမျှသိစေရန် ဖော်ပြရလျှင် ကျွန်း၊ ဘိန်း၊ ခန်းထောက်၊ သနပ်ခါး၊ ဘုမ္မရာဇာ၊ တမာ၊ ခတ်ချို၊ ရှား၊ သစ်ကြပိုး၊ ချင်း၊ မိတ်သလင်၊ ဂမုံး၊ နနွင်း အစည်ရှိသည့် ရာပေါင်းများစွာသော ထင်ရှားအရေးကြီးလှသည့် အပင်တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် သူ့နေရာနှင့်သူ ပေါများကြွယ်ဝစွာ အရိုင်းပေါက်လျက် ရှိနေပေသည်။

 

 

ရုက္ခဗေဒ သိပ္ပံမျိုးရိုးကို  ပညာရှင် ဗာဗီလော့ ၏ လေ့လာထားချက်အရ ဤကမ္ဘာပေါ်တွင် လူသားတို့၏ အစောဆုံး ယဉ်ကျေးမှုကြီး တစ်ရပ်ဖြစ်သော အရိုင်းပင်ကို စတင်စိုက်ပျိုးခဲ့သည့် အဓိက ဗဟိုနေရာကြီး လေးခုခန့် ရှိခဲ့ကြောင်း သိရသည်။ ယင်းတို့မှာ (၁) တောင်ထူထပ်သော အိန္ဒိယမှ အေရှာပိုင်းနားနှင့် ထရန်းစတော့ ကေးရှား အထိ ပါဝင်သော အနောက်တောင် သို့မဟုတ် ဗဟိုအာရှတိုက် (၂) မြေထဲပင်လယ်ဒေသ (၃) အရှေ့တောင်အာရှ (မြန်မာနိုင်ငံ အပါအဝင်)နှင့် (၄) အပူပိုင်း အမေရိကတိုက်၏ ကုန်းမြင့်များ ဖြစ်ကြသည်။ ဒီကင်ဒိုလေ၏ အမြင်အရ စပါးစိုက်ပျိုးမှု စတင်ခဲ့ခြင်းမှာ နှစ်ပေါင်းလေးထောင်ကျော် အပင် ဖြစ်ခဲ့သည် ဟု ဆိုသည်။ များစွာသော သိပ္ပံပညာရှင်များ ၊ အထူးသဖြင့် ဂျပန်သိပ္ပံပညာရှင်များ၏ ယနေ့အယူအဆ တစ်ခုအရ ဤကမ္ဘာပေါ်တွင် ယနေ့စိုက်ပျိုးနေသော စပါးမျိုး၏ ရှေးအကျဆုံး အခြေခံပင်ရင်း အုပ်စုနှစ်ခုဖြစ်သည့် (ဆန်ဝိုင်းမျိုး) နှင့် (ဆန်ရှည်မျိုး) တို့သည် ရှေးပဝေသဏီတစ်ချိန်အခါက ဗဟိုဒေသကြီး တစ်ခုတွင် အရိုင်းမှ စတင် စိုက်ပျိုးခဲ့ကြောင်း၊ ယင်းဗဟိုဒေသကြီးတစ်ခုတွင် အရိုင်းမှ စတင်စိုက်ပျိုးခဲ့ကြောင်း ၊ ယင်း ဗဟိုဒေသမှာ ယခုပြည်ထောင်စုမြန်မာနိုင်ငံအထက်ပိုင်း မြစ်ကြီးနား မြို့ကဲ့သို့သော နေရာကို ဗဟိုနီးနီးပြုလျက် ယင်းနယ်မြေနှင့် ဆက်စပ်နေသော အာသံ မြန်မာနိုင်ငံ အထက်ပိုင်းနှင့် တရုတ်ပြည် ယူနန်နယ်တို့ အဓိက ပါဝင်နိုင်သည်ဟူ၍ သိရသည်။ ထိုအစပြုသည့် ဒေသကြီးမှတစ်ဆင့် ဤကမ္ဘာ၏ ရှေးအကျဆုံး စပါးမျိုးဖြစ်သော (အ၀ိုင်းမျိုး) သည် မဲခေါင်မြစ်ဖျား ခံရာဒေသမှ မြစ်တစ်လျှောက်လုံး ပျံ့နှံ့ခဲ့ပြီး ယင်းမှတစ်ဆင့် ယနေ့အခေါ် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့နိုင်သည်ဟူ၍လည်းကောင်း၊ ယင်းဒေသကြီးမှပင် ရှေးကျမှုတွင် အ၀ိုင်းမျိုးထက် နောက်ကျသော (အရှည်မျိုး) သည် ယနေ့အခေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်္ဂလားအော်သို့ ဗြဟ္မပုတြမြစ်ဖျား ခံရာမှတစ်ဆင့် မြစ်တစ်လျှောက်တို့ရောက် ပင်လယ်ကမ်းခြေ တစ်လျှောက်တို့သို့ ပျံ့နှံ့ခဲ့နိုင်သည်ဟူ၍ လည်းကောင်း ၊ အဓိကလမ်းကြောင်းကြီး နှစ်ခုရှိသည်ဟု ဆိုသည်။ ထို့ပြင် ဖော်ပြပါ မြန်မာနိုင်ငံအထက်ပိုင်းကို ဗဟိုပြုထားသည့် စပါးစတင်စိုက်ပျိုးခဲ့သည့် ဗဟိုနေရာကြီးတွင် အခြားအသုံးဝင်သော အပင်တို့ကိုလည်း စိုက်ပျိုးခဲ့ကြောင်း အထောက်အထားများ ပြကြသည်။ အကယ်၍ ဤဖော်ပြပါ အချက်တို့သာ မှန်ကန်ပါက ဤကမ္ဘာပေါ်တွင် စပါးနှင့် အခြားစားသုံးရန်အပင်များကို အရိုင်းအပင်တို့မှ စတင်စိုက်ပျိုးခဲ့သော ဤမြန်မာနိုင်ငံ အထက်ပိုင်း ပါဝင်သည့် ဗဟိုဒေသကြီးတွင် နေထိုင်ခဲ့ကြသော ရှေးအလွန်ကျသည့် လူတို့က သူတို့၏ ၀မ်းရေးအတွက်သာမက  သူတို့၏ သေရေးရှင်ရေးအဖြစ် အဓိက အလွန်အရေးကြီးသော ဆေးဝင်ပင် အသုံးချရေး၊ ဆေးဝင်ပင်ထွက် ဆေးဝါးတို့၏ အာနိသင်အကြောင်း နားလည်အသုံးပြုရေးအတွက် တွေးခေါ်ဆင်ခြင် စီစဉ်ကြိုးပမ်းခဲ့ ၊ အောင်မြင်ခဲ့၊ ဖွံ့ဖြိုးခဲ့နိုင်မည် ဆိုသည့်အချက်တို့မှာ ယုံမှားဖွယ်ရာ မရှိပေ။ တစ်နည်းဆိုသော် ပြည်ထောင်စုမြန်မာနိုင်ငံသည် နှစ်ပေါင်း ထောင်နှင့်ချီ၍ စောသော ရှေးပဝေသဏီက မည်သူ၏ သြဇာမျှမလွမ်းမိုးခဲ့ဘဲ မိမိ၏ ယဉ်ကျေးမှု၊ မိမိ၏ သိပ္ပံဖွံ့ဖြိုးမှုတို့ဖြင့်  မိမိကိုယ်ကို မိမိ အားကိုးခဲ့ပြီး ခန့်ခန့်ညားညား ရပ်တည်နိုင်ခဲ့သော ဒေသကြီးဖြစ်ခဲ့ရာ မိမိပိုင်ဒေသထွက်ဆေးဝင်ပင်များကိုသာ အသုံးပြုသည့် ကိုယ်ပိုင်အတွေ့အကြုံမှ ပေါက်ဖွားခဲ့သော တိုင်းရင်းဆေး ပညာစစ်စစ်လည်း ဖြစ်သည်ဟူသော အချက်မှာ ယုံမှားဖွယ်မရှိချေ။

 

 

အထက်တွင် ဖော်ပြထားသကဲ့သို့ မြန်မာ့ဆေးဖက်ဝင် နွယ်မြက်သစ်ပင်များကို အသုံးပြု၍ မြန်မာ့တိုင်းရင်းဆေးပညာ ထွန်းကားခဲ့နိုင်သည့်အလျောက် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစု တစ်ရာကျော်၏ ရှေ့ပြေးသမိုင်းဦး ခေတ်က လူသားအသီးသီးတို့က ယင်းတို့၏ အသက်ရှင်ရေး ၊ ကျန်းမာရေး၊ ထိခိုက်ရှနာရေးတို့ကို ကုသရန် ယင်းတို့၏ ပတ်ဝန်းကျင်ရှိ ကြွယ်ဝလှသော မြန်မာ့ဆေးဝင်ပင်များကို အဓိကမှီးပြီး နှစ်ပေါင်း ထောင်ပေါင်းများစွာချီ၍ အသုံးပြုခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်ခဲ့သည်။ ဤနည်းဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံရှိ ရှေးကျလှသော အပင်ရင်း လူမျိုးစုတို့၏ ဆေးဝင်ပင်များ အသုံးချသော ပညာသည် တစ်စတစ်စနှင့် မိမိဘာသာ ဖွံ့ဖြိုးနိုင်ခဲ့သည့် အခြေအနေတွင် ရှိနိုင်ခဲ့သည်။ ထို့ပြင် မတူသော ဆေးပညာများ ဖွံ့ဖြိုးနိုင်ခဲ့သော အိမ်နီးချင်းနိုင်ငံတို့ (အထူးသဖြင့် တရုတ်ပြည်နှင့် အိန္ဒိယပြည်) မှ လူမျိုးတို့၏ ပညာဖလှယ်မှု၊ သြဇာသက်ရောက်မှုများလည်း အခါအားလျော်စွာ ရှိနိုင်ခဲ့သည့်အလျောက် မြန်မာတိုင်းရင်းဆေးဝင်ပင်များကို အသုံးပြုသည့် မြန်မာ့ဆေးပညာရပ်မှာ ပညာရပ်စုံ ရောနှောထားသော မျိုးစုံလှသော တိုင်းရင်းဆေးပညာ ဟင်းလေးအိုးကြီး  ဖြစ်နိုင်ခဲ့သည်။ ယင်းတိုင်းရင်းဆေးပညာ ဟင်းလေးအိုးကြီးမှာ ကြွယ်ဝလှသော မြန်မာ့အပင်သယံဇာတကို နောက်ခံပြု၍ နောက်ထပ်နှစ်ပေါင်း ရာထောင်ဖြင့်ချီ၍ ဆက်လက်ဖွံ့ဖြိုးခဲ့သည်။ မြန်မာ့ဆေးပညာတွင် ကမ္ဘာ့ဆေး ပညာအသီးသီးနှင့် အဆင့်အတန်းတူ ယှဉ်ပြိုင်နိုင်သော အခြေခံ အရည်အသွေးများ ရှိသည်။

 

မြန်မာ့တိုင်းရင်းဆေး ပညာသည် မြန်မာနိုင်ငံသမိုင်းစဉ် တစ်လျှောက်လုံးတွင် ဆင်းရဲချမ်းသာမရွေး ပြည်သူလူထု၏ ကျန်းမာရေးကို ထောက်ကူပေးခဲ့သည်။ အထူးသဖြင့် ဆင်းရဲသား၊ တောင်သူလယ်သမား၊ လက်လုပ် လက်စားများ၏ အားကိုးရာ ဖြစ်ခဲ့သည်။

 

သို့သော် သူ့ကျွန်ဘ၀တွင် မြန်မာ့ဆေးပညာသည် အနှိမ်ခံခဲ့ရပြီးနောက် တိမ်မြုပ်ခဲ့ရသည်။

 

မည်သို့ဆိုစေ လွတ်လပ်ရေးရပြီးနောက် အစိုးရ၏ အားပေးကူညီမှုနှင့် မြန်မာ့တိုင်းရင်းဆေး ပညာရှင်များ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် မြန်မာ့ဆေးစွမ်းကောင်းများ ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။  ယခုအခါ စာရင်းဝင် မြန်မာ့ဆေးစွမ်းကောင်း ဆေးဝင်ပင် အမျိုးအစားပေါင်း ၁၅ဝဝ ကျော်မျှကို တွေ့ရှိထားပြီး ဖြစ်သည်။ ယင်းတို့ကို အသေးစိတ်လေ့လာ၍ မျိုးမည်ဖော်ပြီးသော မျိုးစိတ်ပေါင်းမှာ ၁ဝဝဝ ကျော်ရှိနေပြီ ဖြစ်သည်။ ဆက်လက်၍လည်း မြန်မာတိုင်းရင်း ဆေးပညာရှင်ကြီးများသည် ဆေးစွမ်းကောင်းများကို သုတေသနပြု ဖော်ထုတ်လျက်ရှိသည်။

 

ယင်းဆေးဖက်ဝင် အပင်များအနက် လူသိများသော ဆေးဖက်ဝင် အပင်များကို အပင်အင်္ဂါပိုင်းများ အလိုက် လက်လှမ်းမီသမျှ စုစည်းဖော်ပြလိုက်ပါသည်။

 

● အခေါက် – မည်သည့်ရောဂါမျိုးအတွက် သုံးခြင်း

 

ပုန်းညက် – အကြောနှင့် အဆစ်ရောင်ရောဂါ

သက်ရင်းကြီး – အသည်းကြီးရောဂါ

မနိသြဃ – ဝမ်းချောင်ဆေး

ဇမ္မူပနီ – ၀မ်းကိုက် ၊ အရေပြား ရောဂါ

မိုးမခ – အဖျားကျဆေး

ပန့်ပွေး – မြွေကိုက်ခြင်း

ပေါက်နွယ် – မြွေကိုက်ခြင်း၊ အင်းဆက်ပိုးကောင်ကိုက်ခြင်း

သတွတ် – အနာကြီးရောဂါ

ဆီး – ၀မ်းသက်ခြင်း

နန်းလုံးကြိုင် – ချုပ်ဆေး

ထနောင်း  –   ။

ဆိတ်ချေး  –  ။

ပိတ်သင်းကတ်     ။

ယင်းမာ –  ။

ပြည်ပန်းညို – ဆီးချို

သစ်ကြပိုး – အစာကြေဆေး၊ အားကြွဆေး

ခူသန် – အဖျားကျဆေး

မအူလက်တံရှည် – အဖျားကျဆေး

ဥနှဲ – ၀မ်းသက်ခြင်း

လက်တုတ်ပြီး – ၀မ်းကိုက်၊ အဖျားကျဆေး

 

● အမြစ် – မည်သည့်ရောဂါမျိုးအတွက် သုံးခြင်း

 

လုလင်ကျော် – အကြောနှင့် အဆစ်ရောင် ရောဂါ

ဘုမ္မရာဇာ – သွေးတိုးအားပြင်းခြင်း

ကန့်ချုပ်ဖြူ – အနာကြီးနှင့် အရေပြားရောဂါ၊ အကြောအဆစ်ရောင် ရောဂါ

ကြိတ်မှန် – အသည်းနှင့် သည်းခြေရောဂါများ

မိတ်သလင် – ချောင်းဆိုး၊ ပန်းနာ၊ အနာကြီးရောဂါ အရေပြား ရောဂါများ

ဖက်ရှပ် – ချောင်းဆိုး

သစ်တို – ၀မ်းကိုက်ရောဂါ

မိုးနံ – ဆီးချိုရောဂါ

လယ်ပဒူ – ဆီးရွှင်ဆေး

ဆူးခေါက်နက် – ဆီးရွှင်ဆေး

ဗုဒ္ဓသရဏ – ဆီးရွှင်ဆေး၊ ချွေးထုတ်ဆေး

ကြွက်နတောင်း – အဖျား၊ဆီးရွှင်ဆေး၊ဝမ်းသက်ခြင်း

ကောက်ရိုးနွယ်  –  ဓါတ်နုတ်ဆေး

ပုဏ္ဍရိတ် – ဆီးရွှင်ဆေး

ရဲယို – သူငယ်နာ ၀မ်းကိုက်နှင့် ၀မ်းသက်

ကပ်စေးနှဲ – အကြောအဆစ်ရောင်ရောဂါ

ဆေးဂဠုန် – အဖျားကျဆေး

ကပ်ဆေးနှဲ – အကြော၊ အဆစ်ရောင်ရောဂါ

ကျဗဟုံး – ဝက်ရူးနာ

ယင်းပြား – ချွေးထုတ်ဆေး၊ အဖျားကျဆေး

မြင်းစဂုံနီ – အားကြွဆေး

 

● ထူးကဲပင်စည် (၀ါ) အတက် – မည်သည့်ရောဂါမျိုးအတွက် သုံးခြင်း

 

နနွင်း – ဝမ်းချောင်ဆေး၊ အစာကြေဆေး၊ အားကြွဆေး။

ချင်း – အစာမကြေလေနာ၊ အားကြွဆေး၊ ၀မ်းချောင်ဆေး။

ပဒဲကော – သလိပ်ရွှင်ဆေး၊ ဝမ်းချောင်ဆေး၊  အားကြွဆေး ။

လင်းနေ – အစာမကြေလေနာ၊ အန်ဆေး၊ အဖျားကျဆေး

ဆီမီးတောက် – သံချဆေး၊ သည်းခြေရွှင်ဆေး

ကွမ်းစားဂမုန်း – ဝမ်းချောင်ဆေး

အလိုကြူ – ဆီးချိုရောဂါ

ကန့်ပလူ – ၀မ်းသက်ခြင်း၊ သလိပ်ရွှင်ဆေး

 

● အရွက် – မည်သည့်ရောဂါမျိုးအတွက် သုံးခြင်း

 

ဖုံမသိန် – အစာကြေဆေး ၊ သလိပ်ရွှင်ဆေး

ဆေး  – ထိုင်းမှိုင်းဆေး၊ အိပ်ဆေး၊ အနာသက်သာဆေး။

ပဒိုင်း ဖြူ၊ နီ – ထိုင်းမှိုင်းဆေး၊ အိပ်ဆေး၊ အနာသက်သာဆေး

ပဒိုင်းခတ္တာ – ။

ကိုကင်း – ထိုင်းမှိုင်းဆေး၊ အကြောအားတိုးဆေး

ပန့်ပွေး – ပြည်တည်နာ

သစ်ပုလွေ – သန်ချဆေး

ဖက်ခါး – ။

ကလိမ် – ။

ရေသူကြီး – ။

သစ်မန်ကျည်း – ချောင်းဆိုး

ဆေးရိုး – ။

ပွေးကိုင်း – ဓာတ်နုတ်ဆေး

သစ်ကြံပိုး – အကြောနှင့် အဆစ်ရောင်ရောဂါ

ကြောင်ပန်း – အကြောနှင့် အဆစ်ရောင်ရောဂါ ၊ အရေပြားရောဂါ

တမာ – ပိုးမွှားသတ်ဆေး

ကံ့ကော် – မြွေဆိပ်ဖြေဆေး

တရော – ၀က်ရူးနာ

ဗီဇတ် – အနာဒဏ်ရာများ

စကားဝါ – လေထိုးနာ

 

● အပွင့် – မည်သည့်ရောဂါမျိုးအတွက် သုံးခြင်း

 

ဆူးပန်း – ချွေးထုတ်ဆေး ၊ ဝမ်းပျော့ဆေး ၊ ငြိမ်ဆေး

တမာ – အစာမကြေလေနာ

စကားဝါ – အနာကြီးရောဂါ

ပတ္တာကြီး – ၀မ်းဗိုက်နာ

တောင်ဖက်ဝန်း – အားတိုးဆေး

ဆေးဂန္ဓမာ – ပိုးမွှားသတ်ဆေး

မှန်ကူ – ချုပ်ဆေး

ကံ့ကော် (ဝတ်ဆံ) – အားတိုးဆေး၊ ဝမ်းကိုက်။

 

 

● သစ်သီး – မည်သည့်ရောဂါမျိုးအတွက် သုံးခြင်း

 

ဣဿရမူလီ – မြွေဆိပ်ဖြေဆေး

အိပ်မွှေ့  – သန်ချဆေး

ဆူးပုပ် – ဝမ်းပျော့ဆေး ၊ လေပွခြင်း

ဆေးသံပရာ – အန်ဆေး ၊ ၀မ်းကိုက်

ကျီးအာ – ဝမ်းပျော့ဆေး၊ သန်ချဆေး

ဖန်ခါးသီး – ဝမ်းပျော့ဆေး ၊ ချုပ်ဆေး၊ အစာကြေဆေး၊ အားကြွဆေး

ဥသျှစ် – အစာကြေဆေး ၊ ၀မ်းကိုက်

ပိတ်ချင်း – အစာကြေဆေး ၊ ၀မ်းကိုက်

မန်ကျည်းပေါက် – ဝက်ရူးနာ

ရဲယို – အဖျားကျဆေး ၊ အားတိုးဆေး

နံနံ – ဆီးချို ၊ ၀မ်းချောင်ဆေး

ငုရွှေ – ဝမ်းပျော့ဆေး

စမုံစပါး – ဝမ်းချောင်ဆေး

ဆီးဖြူ – ဆီးချိုရောဂါ၊ ချုပ်ဆေး

တောသီတင်း – သန်ချဆေး ၊ ဓာတ်နုတ်ဆေး

မှန်ကူ – ချုပ်ဆေး

လက်ခုတ်    –   ။

ဇီယာ – အစာမကြေလေနာ

သစ်ဆိမ့် – ချောင်းဆိုး ၊ မျက်စိနာရောဂါ

သပြေချဉ် – အကြောနှင့် အဆစ်ရောင်ရောဂါ

 

● အစေ့ – မည်သည့်ရောဂါမျိုးအတွက် သုံးခြင်း

 

ကလော၊ဖြူ – အနာကြီး ရောဂါ

နီးအုန်းကလော – အရေပြားရောဂါ

နေလှဲ    –       ။

ပဒိုင်းဖြူ၊နီ – အိပ်ဆေး ၊ ထိုင်းမှိုင်းဆေး

ပဒိုင်းခတ္တာ    –        ။

ကနခို – ဓာတ်နုတ်ဆေး

သက်ရင်းကြီး    –       ။

ကွမ်းကဒိုး – အစာမကြေ လေနာ၊ လည်ချောင်းနာ

ကလိမ် – ဆီးချို၊ အရေပြားရောဂါ

ခပေါင်း – အားကြွဆေး

ပဲနံ့သာ – လေတိုးနာ၊ ဝမ်းကိုက်၊ ဝမ်းသက်၊ အစာမကြေလေနာ

ဆေးကျော်ကြီး – ဝမ်းကိုက် ၊ ဝမ်းသက် ၊ ချုပ်ဆေး

မုန်ညင်းနီ – ချောင်းဆိုး ၊ အကြောအဆစ်ရောင်ရောဂါ

မှင်သတ် – ကလေး လေထိုးနာ

ကုက္ကို – မျက်စိနာ ၊ ဝမ်းကိုက်

ဂုံညင်း – သန်ချဆေး

 

တို့ ဖြစ်သည်။

စာကိုး
(၁) ဒေါက်တာကျော်စိုး ။ “မြန်မာ့ဆေးဝင်ပင်များသုတေသနအဖွင့်” တက္ကသိုလ်ပညာပဒေသာ စာစောင် ၊ တွဲ ၁၂ ၊ ပိုင်း ၂ (၁၉၇၈) နိုဝင် ဘာ ၊ စာ-၁၃၅-၁၄၅ ။
(၂) “မြန်မာ့ဆေးဝင်ပင်များစီးပွားဖြစ်ထုတ်လုပ်ရေး” တက္ကသိုလ်ပညာ ပဒေသာစာစောင် တွဲ ၁၃ ၊ အပိုင်း ၄၊ (၁၉၇၉၊ ဇွန်လ) စာ ၈၉-၁၀၁။
(၃) ဒေါ်တင်မျိုးငွေ “မြန်မာ့ဆေးဖက်ဝင်အပင်များ၊တက္ကသိုလ်ပညာပဒေသာစာစောင် အတွဲ (၁)” အထက်တန်းပညာဦးစီးဌာန ဘာသာပြန် နှင့် စာအုပ်ထုတ်ဝေရေးဌာန၊ ၁၉၇၂ ၊ နိုဝင်ဘာလ
(၄) “အသုံးဝင် မြန်မာ့အပင်များ” တက္ကသိုလ်ပညာပဒေသာစာစောင် အတွဲ ၁ ၊ အပိုင်း ၄ (၁၉၆၆)၊ စာ ၆၇-၈၈။
(၅) စောရွှေဗိုလ် “မြန်မာ့တိုင်းရင်းဆေးပညာ” ရှေ့သို့စာစောင် အတွဲ ၁၂ ၊ အမှတ် ၇ (၁၉၆၈ ခုနှစ်၊ မတ်လ ) စာ ၁၂-၁၉။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သန်းဝင်းလှိုင်, လောကဓာတ်ခန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်