ပြည်သူကြားက ပြည်သူ့စကား (အပိုင်း-၂)

March 5, 2014

နေလင်းညီ
မတ်လ ၅၊ ၂၀၁၄

 

(၅) ဘာဖြစ်လို့ ကျုပ် အမည်မှန်ကို မခေါ်ချင်ရတာတုံး

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးရှိသည်ဟု အာဏာရှင် အစိုးရအဆက်ဆက်က ခပ်တည်တည် ဖြီးလာခဲ့သည်။ မနုဿဗေဒ၊ ဘာသာဗေဒတို့နှင့်ပတ်သက်ပြီး ဘာဗဟုသုတမှ မရှိခဲ့ကြသဖြင့်လည်းကောင်း၊ တိုင်းရင်းသာများ အချင်းချင်း ကူးလူးဆက် သွယ်မှု နည်းပါးခဲ့ခြင်း ကြောင့်လည်းကောင်း ရမ်းသမ်းပြီး မှတ်တမ်းတင်ခဲ့ကြသော ၁၃၅ မျိုးဆိုတာကြီးကိုပင်  တရားဝင် ထောက်ပြကန့် ကွက်ရမှန်း သိခဲ့ကြဟန်မတူချေ။ ယခုချိန်တွင် ထင်ရာမြင်ရာ လုပ်ထားသော ၁၃၅ မျိုးကိစ္စကို၊ တိုင်းရင်းသားတို့ကိုယ်တိုင်က ပြန်လည် ထောက်ပြလာခဲ့ကြသည်။

 

ဥပမာအားဖြင့် ချင်းမျိုးနွယ်စု ၅၃ မျိုးဟု ပြခဲ့ကြရာ၊ ထို ၅၃ မျိုးတွင် လဝက၏ကုတ်နံပါတ် ၄၀၁ ၌ ချင်းဟု ဖော်ပြပြန်သည်။ ဦးဖြူ၏ သား သမီးများကို ရေတွက်ရာ၌ ဦးဖြူကိုပါ ထပ်မံထည့်သွင်း ရေတွက်ထားသလိုဖြစ်၏။ ရယ်ဖွယ်လိလိပေတည်း။ ချင်းအမည်မှာ လူမျိုး (RACE) ကိုဆိုလို၏။ ချင်း၌ပါဝင်သော မျိုးနွယ်စု (TRIBE) များကိုသာ ရေတွက်ရမည် ဖြစ်ပါသည်။ ချင်းကို ပြန်ထည့်စရာ မလိုပေ။ မျိုးနွယ်စု (၅၃)မျိုးကို ရေတွက်ရာ၌လည်း လက်ရှိစာရင်းက ချွတ်ချော်မှားယွင်းမှုတွေ ပြည့်နေသည်။ ဆလိုင်း၊ ထေးဇန်၊ လေးမြို့  ထို ၃ မျိုးမှာ မျိုးနွယ်စု အမည်များ မဟုတ်ပါ။ ကလင်ကော့နှင့်လူရှည်ဟု ခွဲခြားဖော်ပြထားသော်လည်း၊ တကယ်တော့ အတူတူပင် ဖြစ်၏။ ပြည်နယ်ရှိ မျိုးနွယ်စုတွင် ထည့်ထားသောအမည်တစ်ခုမှာ  ချင်းပြည်နယ်ရှိ မျိုးနွယ်စုအမည်ပင် ဖြစ်နေပြန်သည်။ ၁၃၅ မျိုးတွင်  ထပ်ပြီးပါနေခြင်း ဖြစ် သည်။ ရှမ်းပြည်နယ်တွင်လည်း ပလောင်ဟု အခေါ်ခံနေရသော မျိုးနွယ်စုတို့သည် သူတို့၏အမည်ရင်း တအာင်း (တအန်း) ဟုသာ ထည့် သွင်းပေးစေလိုသည်။ တိုင်းရင်းသားမျိုးနွယ်စုများကိုယ်တိုင်က တင်ပြတောင်းဆိုမှုများ ပြုနေသော်လည်း အစိုးရကတော့ တုပ်တုပ်မျှ မလှုပ်။ အမှားအတိုင်းပဲ သန်းခေါင်စာရင်း ကောက်ဖို့လုပ်နေသည်။ ဒါနှင့်ပတ်သက်ပြီး ချင်းတစ်ယောက် သို့ကလို ပြောပါ၏။

 

“ကျုပ်အမည်က မောင်မွှေးဆိုပါတော့။ ခင်ဗျားက အကြားမှားလို့ဖြစ်စေ၊ ဘေးလူ အပြောမှားတာကို ယုံမိလို့ဖြစ်စေ ကျုပ်ကို  မောင်ခွေးလို့ ခေါ်တယ်။ ကျုပ်က ကျုပ်အမည်မှန် မောင်မွှေးပါလို့ပြောပြနေပြီပဲဗျာ။ ဘာဖြစ်လို့ ကျုပ်အမည်မှန်ကို မခေါ်ချင်ရတာတုံး”

 

(၆) လာပါလေ… ပြန်ပေတော့ ဆိုသလို

ဒီမိုကရေစီကျင့်သုံးနေပြီ။ မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးကို တကယ်ဖွင့်ပေးပြီဟု အသံထွက်လာသည်။ အလုပ်အကိုင် ရှားပါးမှုက အ ဆိုးဆုံး အခြေအနေဖြစ်နေသည်မို့ ပြည်သူတို့၏ ဆင်းရဲတွင်းက နက်လှ၏။ နိုင်ငံခြားရင်းနီးမြှုပ်နှံမှုတွေကို အကြီးအကျယ်ဖိတ်ခေါ်နေသည်။ နိုင်ငံခြားလုပ်ငန်းရှင်တွေလည်း မြှုပ်နှံလုပ်ကိုင်ချင်သဖြင့် လာလေ့လာကြသည်မှာ အုံးအုံးထ၏။ သို့သော် အလုပ်အကိုင် အခွင့်အလမ်း ပြောပလောက်အောင် မည်သူကမျှ မမြှုပ်နှံပါ။ မြေဈေးတွေက ခေါင်ခိုက်နေလို့ဖြစ်သည်။ အာဏာရှင်တွေနှင့် ခရိုနီတွေပေါင်းပြီး ကောင်းပေ့ ဆိုတဲ့မြေတွေကို မောင်ပိုင်စီးထားကြခြင်းကြောင့်ဟု ရေးသားပြောဆိုနေကြ၏။ နိုင်ငံခြားသားလုပ်ငန်းရှင်တွေကလည်း နိုင်ငံတကာပတ်ပြီး လုပ်စားလာသူတွေ ဖြစ်သည်။ အမြတ် မကျန်တဲ့အလုပ်ကို အိပ်မက်၌ပင် မထည့်ပါ။

 

နိုင်ငံခြားသားလုပ်ငန်းရှင်တစ်ဦး မြန်မာပြည်သို့ရောက်လာကာ ရင်းနှီးမြှုပ်နှံဖို့ မြေကွက်ငှားရမ်းခကို အဆင်ပြေအောင် အစိုးရက ဘယ်လို စီစဉ်ထားပါသလဲဟု မေးပြီဆိုပါတော့။ ဘယ်လိုဖြေကြမလဲဟု ဆရာဒေါက်တာခင်မောင်လတ် (ရွှေမြန်မာ) က ရန်ကုန်မှာ ဟောပြောခဲ့ဖူး သည်။ဆိုလိုတာက ရင်းနှီးမြှုပ်နှံလိုသူတွေကို  ရင်းနှီးမြှုပ်နှံနိုင်အောင် မစီစဉ်ပေးထားနိုင်လျှင် အလကားပါပဲ။ ဒါနဲ့ပတ်သက်ပြီး စင်ကာပူ ရောက် မြန်မာတစ်ယောက်က သို့ကလို ဆိုပါ၏။

 

“သွားတော့လေ၊ နေပါဦးဆိုတဲ့စကား ရှိတယ်။ အခုကတော့ ပြောင်းပြန်ပဲ။ လာပါလေ… ပြန်ပေတော့ဆိုသလို ဖြစ်နေတယ်။ လာပါလို့ သာဆိုတာ။ အဆင်မပြေတော့ ပြန်မဲ့လူတွေချည်းပဲ။”

 

(၇) စစ်သားတွေအဖို့ လွှတ်တော်ဆိုတာ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ရတဲ့ သာလာယံ ဇရပ်ကြီးဖြစ်နေတာကိုး

သိတော်မူကြသည့်အတိုင်း လက်ရှိလွှတ်တော်များမှာ ၄ ပုံ ၁ ပုံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စေလွှတ်သော စစ်သားတွေဖြစ်၏။ ဒါ ကိုပြင်ပေးဖို့ တောင်းဆိုနေကြသည်။ သို့သော် စစ်သားကိုယ်စားလှယ်ဆိုသူတွေကို သဘောကျချင်ပါလျှက် သဘောကျစရာဖြစ်အောင် မနေကြဘူးဟု ဆိုသူတစ်ဦးကိုလည်း ထူးထူးဆန်းဆန်း တွေ့ရသည်။ သူ့သဘောထားက ဒီလိုပါ။

 

“ကျုပ်က တပ်မတော်သားကိုယ်စားလှယ်တွေဆိုတာ အရပ်သားကိုယ်စားလှယ်တွေလိုပဲ လွှတ်တော်သက်တမ်းပြည့်အောင် ဥပဒေပြုတာ ဝန်တွေကို ဆောင်ရွက်ကြမဲ့လူတွေလို့ထင်ခဲ့တာ။ ဥပဒေပြုရေးဆိုတာ စိတ်ဝင်စားစွာနဲ့ တစိုက်မတ်မတ် ၅ နှစ်တိုင်တိုင် လုပ်သွားမှ ရှေ့ နောက် အဆက်အစပ်မိမိ လုပ်နိုင်မှာလေ။ ခုတော့ ခဏခဏ စစ်သားကိုယ်စားလှယ်တွေ ပြောင်းနေတယ်။ သူတို့က ဥပဒေပြုရေးတာဝန်ကို ထမ်းဖို့လာတာမဟုတ်ပဲ၊ ဝတ်ကျေတန်းကျေ ဟန်ဆောင်ပန်ဆောင် လာထိုင်နေကြတာကိုး။ တပ်ချုပ်က ပြန်လာဆိုရင် ပြန်သွားရပြန်ရော။ အရပ်ဖက်က ရွေးကောက်ခံဆိုသူတွေက ဒီလူဟာ ဒီလူပဲ။ စစ်သားတွေသာ ခဏခဏ ပြောင်းနေတာ။ ဒီပုံတိုင်းဆို ၅ နှစ်အတွင်း စစ်သား ကိုယ်စားလှယ်တွေတောင် အရပ်သားဦးရေထက် များသွားနိုင်တယ်။ စစ်သားတွေအဖို့ လွှတ်တော်ဆိုတာ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့ရတဲ့ သာလာယံ ဇရပ်ကြီးဖြစ်နေတာကိုး။”

 

(၈) ၁၀ စီးရှိပေမယ့် ပျက်နေလို့ တစ်စီးမှ စီးမရရင်

မြန်မာပြည်၏ လက်ကိုင်ဖုန်းဈေးနှုန်းမှာ စာတင်လောက်၏။ အခွင့်ထူးခံ ရေပေါ်ဆီများသာ ဝယ်ယူခွင့်ရခဲ့သောကာလ၌ ထုတ်ဈေးက ၁၀ သိန်း (နောက်ပိုင်းတွင် ၁၅ သိန်း) ဖြစ်သော်လည်း အပြင်ပေါက်ဈေးက သိန်း ၄၀ ကျော် ဖြစ်သွားခဲ့ဖူး၏။ ဖုန်းအရေအတွက်ကလည်း တော် တော်နည်းသေးသည်။ နောက်ပိုင်းတွင် ထုတ်ဈေးက ၅ သိန်း၊ ၂ သိန်း၊ ယခု ၁၅၀၀ ကျပ် ဖြစ်လာသည်။ ဖုန်းဆက်သွယ်ရေး  အဆင်ပြေ လာတော့ အချို့ကိစ္စတွေကို ဖုန်းမှတဆင့် ဆောင်ရွက်နိုင်သဖြင့်၊ လွယ်ကူမြန်ဆန်လာတာတော့ အမှန်ပါ။ စာရေးသူတို့လမ်းတွင် ရုံးစာ ရေးကြီးတစ်ဦးက သူ့ဇာတိကျေးရွာ၌ ၁၅၀၀ ကျပ်တန်ဖုန်းကိုင်နိုင်သူတွေ ၁၀ ဦးကျော်သွားပြီဟု ဂုဏ်ယူဝံ့ကြွားစွာ ပြောပြပါသည်။  တခါ တရံ သာကြောင်း မာကြောင်း ရပ်အကြောင်း ရွာအကြောင်းတွေကို ဖုန်းဖြင့် လှမ်းမေး လှမ်းပြောတတ်သည်။ connection မကောင်းတော့ သည့်အခါမှာတော့ ချလိုက်ရုံပေါ့။ သို့သော် တစ်နေ့တွင်မူ စိတ်ဆိုးမာန်ဆိုးဖြင့် သို့ကလို ပြောပါလေတော့၏။

 

“တောမှာ ဟန်ကျနေပြီဆိုတော့ ပင်စင်ယူပြီးရင် တောမှာပဲပြန်နေမယ်တောင် စဉ်းစားခဲ့တာ။ ခုတော့ မပြန်ရဲတော့ဘူး။ ဟိုတစ်နေ့က ရွာကအမျိုးတစ်ယောက် အသဲအသန်ဖြစ်လို့ တိုက်နယ်ဆရာဝန်က ဆေးတစ်မျိုး ဝယ်ခိုင်းလိုက်တယ်။ ငါက ရန်ကုန်ကနေဝယ်ပြီး လိုင်း ကားမှတဆင့် ပို့ရမှာ။အဲဒါ ဖုန်းထဲကနေ ဆေးအမည်ကို လိုက်ရေးတုန်း လိုင်းကျသွားရော။ ပြန်မဆက်လာဘူး။ အဲဒါနဲ့ ငါ့ဖုန်းကိုတော့ ပြန် ခေါ်ရင် ရအောင် ဒီအတိုင်း ထားလိုက်တယ်။ ငါ့သားရဲ့ဖုန်းကတဆင့် ရွာမှာရှိတဲ့ဖုန်းတွေဆီ ဆက်တာ။ ဘယ်ဟာမှကို မရဘူး။ ကား ၁၀ စီးရှိပေမဲ့ ပျက်နေလို့ တစ်စီးမှ စီးမရရင်၊  ၁ စီးမှ မရှိတာနဲ့ အတူတူပဲ။ ဟန်းဖုန်းတွေသာ များတာ။ လိုင်းမကောင်းတော့ အရေးအကြောင်း ဆိုဘာမှ မထူးပါဘူး။ ”

 

(၉) လွယ်တာကို ခက်အောင်၊ ခက်တာကို ရှုတ်အောင်၊ ရှုတ်တာကို ရှင်းမရအောင်

ဟိုတစ်နေ့က ရပ်ကွက်ထဲနေ ကလေးမလေးတစ်ယောက်  ဆရာဝန်ဘွဲ့သွားယူသည်။ ဘွဲ့နှင်းသဘင်မှာရိုက်ခဲ့သောပုံတွေကို ကွန်ပြူတာမှာ ကြည့်ပြီး ပျော်နေသည်။ ဆ.မလက်မှတ်အတွက် လျှောက်ထားနိုင်ပြီဆိုသဖြင့် သွားလျှောက်သတဲ့။ ပြန်လာတော့ စိတ်ဆိုးနေသည်။ အ ကြောင်းစုံ စပ်စုတော့ သူမ၏မိခင်က ရှင်းပြသည်။

 

“ဒီလိုပါဆရာ၊ ခုဟာက အမှတ်စာရင်းနဲ့အလုပ်သင် ဆင်းပြီးကြောင်း ထောက်ခံစာတွေအတွက်ပဲ တင်ခဲ့ရတာတဲ့။ အဲဒါတွေ ရပြီလားဆိုတာ၊ နောက် ရက် ၂၀ ကျော်လောက်ကျမှ လာစုံစမ်းပါတဲ့။ အဲဒါတွေ ရပြီးမှ ဆ.မအတွက် လျှောက်လွှာ တင်ရမှာတဲ့။ အဆင့်ဆင့်ဖြစ်နေတာပေါ့။”

 

ထိုစဉ် ထိုဆရာဝန်မလေး၏ အဖိုးက ဝင်ပြောသည်။

“နိုင်ငံရေး ဆရာတစ်ယောက်  ပြောသလိုပေါ့။ သူတို့က လွယ်တာကို ခက်အောင်၊ ခက်တာကို ရှုတ်အောင်၊ ရှုတ်တာကို ရှင်းမရအောင် လုပ်နေတုံးပဲနဲ့ တူပါရဲ့”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

One Response to ပြည်သူကြားက ပြည်သူ့စကား (အပိုင်း-၂)

  1. Catwoman on March 5, 2014 at 9:24 am

    Yes they re stupid . Some of the things I ve never heard before

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်