လူထုထဲက ရဟန်း by Law Eh Soe

March 7, 2014

 

လူထုထဲက ရဟန်း

လောအယ်စိုး မတ် ၇ ၂၀၁၄

ကျွန်တော် ခေတ္တခိုနေသော စားသောက်ဆိုင်၏အပြင်ဘက်ကို ကြည့်လိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံး ငွေသားထိုးဇာပ၀ါဖြူနှင့်ဖုံးလွှမ်းထားသလို ဖွေးဖွေးဖြူဖြူ။ 

 ကားလမ်းမပေါ်တွင်လည်းနှင်းခဲ ကားများပေါ်တွင်လည်း နှင်း … ။ ရေခဲအေးစက်ခြင်းကလည်း ယှဉ်၍ သာမာန်ထက်။ ကျွန်တော်စီးလာခဲ့သောရထားသည် သုံးနာရီကျော်ကျော်နောက်ကျသည်။ နယူးယောက်ပြည်နယ် ဘာဖလိုမြို့မှစီးနင်းခဲ့ရသောရထားသည် သတ်မှတ်ချိန်ထက် တစ်နာရီကျော်ကျော် နောက်ကျပြီးမှ ထွက်ခဲ့ရသလို ညက နှင်းမုန်တိုင်း၏ဂယက်ကြောင့် လမ်းတွင်လည်း နှောင့်နှေးခဲ့ခြင်းဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် တစ်ခါတစ်ရံခရီးစဉ်တွင် ယခုကဲ့သို့သော နှောင့်နှေးမှုများ အခက်အခဲမျိုးများ ကြုံတတ်သောကြောင့် အသင့်ယူလာသောစာအုပ်တစ်အုပ်နဲ့ ကျွန်တော်ထိုင်၍ ဖတ်ဖြစ်လိုက်သည်။

လာကြိုမည့်ရဟန်းကလည်း မနက်ခုနှစ်နာရီကျော်ကျော်ကတည်းက တယ်လီဖုန်းထဲတွင် tex message ကိုကြို၍ ရိုက်ထားသည်လို့ ဆိုတော့ လာကြိုချင်တဲ့အချိန်မှာ လာကြိုပါစေတော့ဟု စိတ်ထဲကတွေးပြီး အေးအေးနေလိုက်ခြင်း ဖြစ်သည်။

“ဆေးရုံတက်နေသောလူတစ်ယောက်အတွက် သွေးအလှူရှင်ကို သွား၍ပို့ကြိုနေသောကြောင့် နောက်ကျမည်ဖြစ်သည် နံက်ခုနှစ်နာရီကျော်ကျော်ကတည်းက ရောက်သော်လည်း သုံးနာရီကျော်ကျော်နောက် ကျမည်ဖြစ်သောကြောင့် ဖိုဝိန်းမြို့ကိုပြန်၍ မောင်းခဲ့ခြင်းဖြစ်သည်။” တဲ့။

+       +       +       +

 “ကျေးဇူးပြုပြီး ကူညီပေးပါ အစ်ကိုရယ်”

မျက်နှာငယ်ကလေးနှင့် နော်မူးခူကိုကြည့်ရင်း ကျွန်တော်ဘာလုပ်ရမလဲဆိုတာကို စဉ်းစားနေခြင်းဖြစ်သည်။ မိတ်ဆွေတစ်ဦးမှတစ်ဆင့် ကျွန်တော် နော်မူခူးကို သိခဲ့ရခြင်းဖြစ်သည်။

    ခန္ဓာကိုယ်က သေးသေးသွယ်သွယ် မောင်းသောကားက အကြီးကြီး။ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် သမီးက တယောက် သားက သုံးယောက် မိသားစုက ကြီးကြီး။ စိတ်ဝေဒနာခံစားနေရသူ ခင်ပွန်းသည်က အိမ်က စားဝတ်နေရေးကို ကူညီဖို့ရန် မစွမ်းသာ။

ယခုလည်း … ပြဿနာကြီးကြီးတစ်ခုကို နော်မူးခူတစ်ယောက် ထမ်းထားရပြန်ပြီ။

မောင်အငယ်ဆုံးဖြစ်သူ ‘စောကောတဲ’ တစ်ယောက် မယားမမြောက်သေးသူ (ဒါတောင် ထိုအမျိုးသ္မီးနှင့် သားလေးတစ်ယောက် ရထားပြီးပြီ။ ဒီနိုင်ငံအခေါ်  ဂဲလ်ဖရင်း) အမျိုးသမီး-သူငယ်ချင်းကို ကိုယ်ထိလက်ရောက် စော်ကားကျူးလွန်မှုကြောင့် အင်ဒီယားနားပြည်နယ် တစ်ခုသောမြို့ကလေး၏ အကျဉ်းထောင်ထဲတွင် ခေတ္တအကျဉ်းခံနေရသည်။

“ဒီနိုင်ငံမှာ ဒီလိုကြီးမားသော ပြစ်မှုကို ကျူးလွန်တယ်ဆိုတော့ … ထောင်အနှစ် နှစ်ဆယ် လောက်ကျမှာပေါ့”

“ထောင်ကျပြီးတာနဲ့ တစ်ခါတည်း မြန်မာပြည်ကိုတန်းပြီး ပြန်ပို့မယ်။”

“သူ့ရဲ့သားဖြစ်သူနဲ့ အစိုးရက ဘယ်တော့မှ တွေ့ခွင့်ပေးတော့မယ် … မထင်ဘူး။”

စသော စသော … ပတ်ဝန်းကျင် ကရင် ဗမာအသိုင်းအ၀ိုင်းတို့အသံတွေကို နားထောင်ရင်း နော်မူးခူ တစ်ယောက် ဘာလုပ်ရမှန်းမသိတော့။ အစိုးရိမ်လွန်ကဲနေသောမိခင်ကြီးနှင့် ထောင်ထဲဝင်သွားကတည်းက ဘာအသံမှမကြားတော့သည့်မောင်ငယ်- စောကောတဲတို့အကြား ပြတ်ပြတ်သား မိမိ တခုခုကို လုပ်ဆောင်ရတော့မည်ကို သိလိုက်သည်။

ဒီအချိန်ကျမှ “ပြောစကားကို နင်နားမထောင်လို့ ဒုက္ခရောက်ပြီ မဟုတ်လား” လို့ မောင်ဖြစ်သူကိုလည်း ပြော၍လည်းမရတော့။  ပြောလည်းထူးတော့မည်မဟုတ်။ မိမိနိုင်သမျှဝန်နှင့် မောင်လေးကိစ္စအတွက် အကောင်းဆုံး ရင်ဆိုင်မည်။ ထို့ကြောင့် နော်မူးခူ ကျနော်နှင့် လာတွေ့ခြင်းဖြစ်သည်။

ဒီနိုင်ငံကသတ်မှတ်ထားသော ဘွဲ့ပညာတစ်ခုကိုမှ ကျွန်တော်ရထားသည်လည်းမဟုတ်။ သို့သော် တရားခံအတွက် ရှေ့နေငှါးခြင်း အချုပ်ခန်းတွင် မိသားစုဝင်များသွားရောက်တွေ့ဆုံနိုင်ဖို့ အာမခံငွေများပေးဖို့  ကျွန်တော့်မှာ အတွေ့အကြုံများ အလိုအလျှောက်ရှိထားသည်ဆိုတော့ ကျွန်တော်ကြိုးစား၍ ကူညီနိုင်သည်။

 နော်မူးခူထက်စာရင်တော့ ကျွန်တော် အင်္ဂလိပ်စကား အထိုက်အလျှောက် ပြောနိုင်သည်။ ထို့ကြာင့် နော်မူးခူသည် ကျွန်တော်ဆီလာပြီး ၎င်း၏မောင်လေးကိစ္စနှင့်ပတ်သက်၍ အကူအညီတောင်းခြင်းဖြစ်သည်။

 “ ကျွန်မရဲ့မောင်လေးကိစ္စကို ကူညီပေးပါ အစ်ကိုရယ် …”

သေချာတာကတော့ “ဖို့ဝိန်း”မြို့နေ မြန်မာနိုင်ငံသားတစ်ဦးကို စောကောကဲအတွက် ရှေ့နေငှားနိုင်ဖို့ အကူအညီတောင်းရတော့မည်။ ဒီအမေရိကန်နိုင်ငံမှာတော့ အားလုံးသိကြသည့်အတိုင်း  လူတိုင်းက အလုပ်တွေကိုယ်စီ၊ မိသားစုဘ၀၊ မိမိတစ်ဦးတည်း၏ဘ၀များ ရပ်တည်နိုင်ရေးအတွက် သတ်မှတ်ထားသော  အလုပ်ချိန်များအသီးသီးတွင် ရုန်းကန်လှုပ်ရှားနေကြရသည် မဟုတ်ပါလား။ တစ်ဦးကို  တစ်ဦး မကူညီချင်တာတော့လည်း  မဟုတ်ကြပါ ။ အများစုက  ပရဟိတလုပ်ငန်းကို  စိတ်အားထက်သန်ကြပေမယ့်  အချိန်ကိုဖဲ့၍  မပေးနိုင်ကြတော့။

တစ်ချို့တွေကြတော့လည်း  အမှန်တကယ်ပင် အမေရိကန်လူနေမှုစနစ်၏ရေစီးကြောင်းကို  ခုံမင်နှစ်သက်လွန်းကြလို့  အမေရိကန်ဆန်သွားကြတာတွေလည်းရှိသည်။ အမေရိကန် မိသားစုစနစ်၊ အမေရိကန်ဖိုမ စနစ်တွေက  ကျွန်တော်တို့ မြန်မာ့ရေခံမြေခံမှာကြီးပြင်းလာခဲ့ကြသူတွေအတွက် လက်ခံ၍ မရနိုင်တာက အများကြီး။

မိမိ၏ကိစ္စအရေးကို မိမိတာဝန်ယူသည်။ ဒါကတော့ ကောင်းသည်။ အတော်များများက  လင်မယားဆိုရင်တောင်မှ ကိုယ့်ရဲ့ဘဏ်စာရင်းနှင့်ကိုယ်။  တစ်ခြားသူများ၏အရေးကိစ္စသည်  မိမိနှင့်မဆိုင်။ မြန်မာနိုင်ငံမှာ ပြောဆိုနေကြသကဲ့သို့ “အမေရိကန်စစ္စတန်” ကို ဒီမှာကျွန်တော်တို့ကိုယ်တွေ့။

ကျွန်တော်အတွက်  အမေရိကန်တော်တော်များများသည်  ၎င်းတို့စားသောက်သော အစားအသောက်များကဲ့သို့ပင်၊ သူတို့တစ်တွေ၏နှလုံးသားများက အေးစက်စက်များဖြစ်နေသလားလို့ ခံစားမိသည်။ မိမိနှင့်အနီးစပ်ဆုံးလူများပင်လျှင်  တစ်စိမ်းတစ်ရံများဆန်နေကြသလားလို့ ခံစားမိပါသည်။

စားစရာသောက်စရာ အလျှံပယ်။ ရုပ်ဝတ္ထုပစ္စည်းများက  မြန်မာနိုင်ငံတွင်နေထိုင်သောသူများနှင့် ယှဉ်လိုက်လျှင် အဆင့်တန်းမြင့်သောလူသုံးကုန်ပစ္စည်း၊ နေအိမ်၊ ကားတို့ကို အသုံးပြုနိုင်သည်။ သို့သော်  နွေးထွေးမှု ချစ်ခြင်းမေတ္တာတရားများ  လစ်ဟာ၊ အေးစက်နေသလိုမျိုး ခံစားမိသည်။

    မြန်မာနိုင်ငံတွင်မွေးဖွားပြီး  ဆယ်စုနှစ်တစ်ခုကျော်ကျော်  အမေရိကန်နိုင်ငံတွင် နေထိုင်ကြသူတွေက  ဒီလိုခံစားချက်မျိုး အများစုရှိသည်။ လူကြီးသူမများ  အိမ်တွင်အထီးကျန်ဆန်စွာ နေထိုင်ကြရသည်။

   တဖက်တွင်လည်း  အဆင့်တန်းမြင့်လှသော  ဆေးဝါးကုသခံယူရမှုများ၊ ပညာရေးစနစ်များကလည်း  ဘယ်လိုမှ မြန်မာနိုင်ငံမှာမရနိုင်သေး။ ကောက်ချက်တစ်ခုပဲ  ယတိပြတ် ချနိုင်သည်။

“ကမ္ဘာမြေကြီး၏ မည်သည့်နေရာကမှ အလုံးစုံပြည့်စုံခြင်းကို ဆောင်ကျဉ်း၍  မပေးနိုင်”

တစ်ခုကောင်းလျှင်  တခြားအရာတွေက  လစ်ဟာနေမည် ။ ဒါပဲ။

   တစ်မြို့  တစ်ရွာတွင် ပြဿနာတက်ပြီး အမှုအခင်းရင်ဆိုင်နေရရှာသော  စောကောတဲလိုကိစ္စမျိုးကို  မည်သူတစ်ဦးတစ်ယောက်  တမင်အချိန်ပေးပြီး ကူညီပေးနိုင်ပါမည်နည်း ။

   ကျွန်တော် ဘယ်လိုဆက်လုပ်ရမည်လဲဆိုတာ စဉ်းစား၍မရ။

လင်း … ကနဲ အကြံတစ်ခုပေါ်လာသည်။

   ရန်ကုန်တက္ကသိုလ်မှဥပဒေဘွဲ့ ရထားသူ အစ်မကြီးတစ်ဦးရှိသည်။ လွန်ခဲ့သော် သုံးလခန့်က  ဘာဖဲလိုးမြို့ကို ထိုအစ်မနှင့် မိသားစုတွေရောက်တုန်းက ကျွန်တော်တို့အိမ်ကို ခေတ္တ၀င်လည်ဖူးသည်။ ၀မ်းသာအားရနှင့် ကျွန်တော်  ထိုအမကြီး၏တယ်လီဖုန်းနံပါတ်ကိုရှာပြီး  ဆက်သည်။  အကျိုးကြောင်းကို ရှင်းပြပြီး  အကူညီတောင်းခံသောအခါ …

“ငါ့မောင်ရယ် … အမကမြန်မာပြည်မှာ  ဥပဒေဘွဲ့ကိုယူခဲ့ပေမယ့်  ဒီမှာ  … အဲဒီပညာနဲ့ ဘာမှမဆိုင်တဲ့အလုပ်ကို လုပ်နေတာ  နှစ်အတော်ကြာနေပြီးလေ။  ဒီက ဥပဒေအသုံးနှုန်းတွေလည်း  မရင်းနှီးဘူး။ နောက်ပြီး ဒီကရုံးတွေ၊ ဂါတ်တွေလည်း မသွားဖူးဘူး။ နေအုံး..နေအုံး… အမတို့မြို့မှာ  ဒီလို လူမှုရေးကိစ္စတွေကို  လိုက်ပြီးကူညီတဲ့  ဘုန်းကြီးတစ်ပါးရှိတယ်။  အဲဒီဘုန်းကြီးကို  ဘာဖဲလိုးမြို့မှာ “ဦးဇင်းအောင်ကျော်လှိုင်” လို့ သိတာများတယ်။  သူ့ရဲ့ဘွဲ့က “ဦးကုသလ”လား  အမ သေချာမသိဘူး။  ဒီမှာ ဖို့ဝန်းမှာလည်း အားလုံးက  “ဦးဇင်း ဦးအောင်ကျော်လှိုင်” လို့ပဲ သိကြတယ်။”

“ဟာ … အမရေ … ကျေးဇူးပါပဲ။ ကျွန်တော့ကို  အဲဒီ ဦးဇင်းကြီးရဲ့ တယ်လီဖုန်းနံပါတ်ကို ပေးပါအုံး။ ကျွန်တော်ဆက်သွယ်ပြီး  အကူအညီတောင်းမလို့ပါ”

    ကျွန်တော်ပျော်သွားသည် ။ သို့သော် တစ်ဆက်တည်း …  ကဲ … မိမိက တယ်လီဖုန်းဆက်ပါပြီတဲ့၊  ထိုဦးဇင်းကြီးက မိမိကို မသိမည်ကသေချာသည်။  ထို့ကြောင့်  အရေးတယူကူညီပေးအုံးပါမည်လား။

အစ်မကြီးပေးလာသော တယ်လီဖုန်းနံပါတ်ကို ကျွန်တော်ခေါ်ကြည့်တော့လည်း  တယ်လီဖုန်းက မကိုင်။ ဒီဘတ်ဖဲလိုးမြို့မှာ “ဦးဇင်းအောင်ကျော်လှိုင်”ကို သိသူ တစ်စုံတစ်ဦးများရှိသလားလို့ မိမိစဉ်းစားမိသည်။

“ကိုစိုးသန်း”  …။ သူကလည်း ဒီအမေရိကန်နိုင်ငံက မြန်မာပြည်သားတွေကို အသိများသလို၊  ၎င်းကိုလည်း လူတွေအတော်များများက သိကြသည်။  ဒီဘတ်ဖဲလိုးမြို့၏  လူမှုရေး၊ နိုင်ငံရေး  ဘာသာရေးကိစ္စတွေမှာ အမြဲတမ်း ပါဝင်လေ့ရှိသူ။ ကလေးနှစ်ယောက်၏ဖခင်၊ ဇနီးဖြစ်သူကလည်း နိုင်ငံရေးအကျဉ်းသားဟောင်း  တဦးဖြစ်သည်။ သူတို့မိသားစု ဘတ်ဖဲလိုးမြို့တွင်  အခြေချနေထိုင်သည်မှာ နှစ်အတန်ကြာရှိသွားပြီ။  အမေရိကန်နိုင်ငံသားပင် ဖြစ်သွားပြီပဲ။

   ကိုစိုးသန်းကို တယ်လီဖုန်းဆက်ပြီး  စောကောတဲ၏ အခြေအနေကိုရှင်းပြပြီး ဦးဇင်းကြီးအောင်ကျော်လှိုင်ကို  တယ်လီဖုန်းဆက်ပြီး  ကျွန်တော့ကိုလည်း မိတ်ဆက်၊  အမှုခင်းအတွက် အကူညီပေးဖို့ မေတ္တာရပ်ခံလိုက်သည်။

   “ကျွန်တော် ခဏနေ  ဦးဇင်းကြီးဆီ  တယ်လီဖုန်းဆက်လိုက်မယ်။ မပူပါနဲ့”

ကျေးဇူးတင်လိုက်တာ  ကိုစိုးသန်းရယ်။ ဒါနဲ့ ဒီဦးဇင်းက ဘာဖြစ်လို့  ရဟန်းဘွဲ့ကို လူသိမများပဲနဲ့  လူနံမည်နဲ့ “ဦးဇင်းအောင်ကျော်လှိုင်”  ဖြစ်ရတာတုန်း ဟုမေးလိုက်သောအခါ။

“ဦးဇင်းကြီးက ထိုင်း-မြန်မာနယ်စပ်မှာတုန်းက (ABSDF) ကျောင်းသားတပ်မတော်ကလေ။”

ဖိုဝိန်းကိုရောက်ကတည်းက လူမှုရေးတွေကိုပဲ  အဓိကကူညီနေတာ။  သူ့ရဲ့  ရဲဘော်ရဲဘက်တွေကိုလည်း  အဲဒီမြို့မှာအများကြီး။  ဦးဇင်းရဲ့ဘွဲ့က  ဦးကုသလ။  ကျောင်းမှာ  မြန်မာပြည်က ဒုက္ခအခက်အခဲရှိတယ့်လူတွေကို  အဓိကကူညီပေးနေတာ။ အားလုံးက “ဦးဇင်းအောင်ကျော်လှိုင်”လို့ပဲ ခေါ်ကြတယ်။”

သည်လိုနှင့် ကျွန်တော်သည် အမေရိကန်နိုင်ငံတွင် မြန်မာနိုင်ငံတွင်မွေးဖွားသောသူများ အများဆုံးနေထိုင်ရာ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်း (Fort Wone) မြို့ရှိ  ဇေတ၀န်မြန်မာဘုန်းကြီးကျောင်းမှ ဦးကုသလ ခေါ် ဦးဇင်းကြီးအောင်ကျော်လှိုင်နှင့် ဆက်သွယ်မိပါတော့သည်။

   ဦးဇင်းကြီးနှင့် ကျွန်တော် တယ်လီဖုန်းမှတဆင့်  အမှုအခင်းဖြစ်သောအနေအထား၊အခြေအနေကို  သုံးသပ်ကြပြီး တရားခံအတွက် နည်းလမ်းကို ရှာကြံရပါတော့သည် ။

   ရှေ့နေငှားရခြင်း၊ တရားခံနှင့် ရှေ့နေကို ဆွေးနွေးနိုင်ရန်အတွက်လည်း ထိုမြို့ရှိ ကရင်ဘာသာစကားကို ပြောဆိုနိုင်သော စကားပြန်ငှားခြင်းကိုလည်း  ဦးဇင်းကြီးကပင် ဆောင်ရွက်ပေးပါသည်။  နောင် ရက်သတ္တပတ် သုံးပတ်ကျော်မှ  တရားခံဖြစ်၏အစ်မ နော်မူးခူနှင့်အတူ ကျွန်တော်  ဖိုဝိန်းမြို့သို့ရောက်ရှိ သွားပါတော့သည်။

   ဇေတ၀န်ကျောင်း၏ ရဟန်းများဆွမ်းဘုန်းရာနေရာလည်းဟုတ်၊  ဧည့်သည်များကို လက်ခံတွေ့ဆုံရန် နေရာလည်းဟုတ်သော  စားပွဲကြီးကြီးတစ်လုံးပေါ်တွင်  ကွန်ပြူတာနှင့် အလုပ်များနေသော  ဦးဇင်းကြီးကို စတင်ကာ မြင်ဖူးပါတော့သည်။

  စားပွဲကြီး၏ အောက်ခင်းထားသောကော်ဇောပေါ်တွင်  ထိုင်နေကြသောဒကာ၊ ဒကာမများကလည်း ၎င်းတို့၏အခက်အခဲ၊ အရေးအရာများနှင့်ပတ်သက်၍  တိုင်ပင်ဆွေးနွေး၊ အကူအညီလာတောင်းနေကြခြင်း ဖြစ်ပါသည်။  သာမာန်အပြင်ကလူတစ်ဦးက  ဤဘုန်းကြီးကျောင်းတွင်  လူမှုရေးရာဝန်ဆောင်မှု အထွေထွေရုံးကြီး ဖွင့်ထားသည်နှင့်ပင် တူနေပါတော့သည်။ ဦးဇင်းကြီးထိုင်နေသော  စားပွဲကြီး၏နံဘေးတွင်  မတ်တပ်ရပ်သူတစ်ချို့ကလည်း ရှိသည်။

ကျွန်တော်နှင့် နော်မူးခူတို့က ရောက်သောကိစ္စကို  ဦးဇင်းကြီးကသိရှိနေသောကြောင့်  အမှုအသွားအ လာကို ဆွေးနွေးသည်။ ရှေ့နေကြီးနှင့်တွေ့ဆုံရန် အချိန်နှင့်နေရာကို ပြောပြီး၊ စောကောတဲ အကျဉ်းကျနေသောမြို့သို့ နက်ဖြန်ခါ  ကျွန်တော်တို့သွားမည့်အစီအစဉ်ကိုလည်း  ဦးဇင်းကြီး သိရှိထားပြီး  ဖြစ်သည်။

  “တရားခံအတွက်  အကောင်းဆုံးတစ်ခုခု ဖြစ်အောင်တော့  ၀ိုင်းပြီးလုပ်ကြတာပေါ့ ဒကာရယ်”

ဟူသောစကားကို ဦးဇင်းကြီးက ပြောသည် ။

ကျွန်တော်တို့နောက်တွင်  ပြဿနာအသစ်နှင့် ဦးဇင်းကြီးနှင့်တွေ့ဆုံအကူအညီးတောင်းရန်  လူတွေကလည်းစောင့်နေ၍ ကျွန်တော်တို့လည်း စကားကိုအမြန်ဖြတ်ပြီး ဘုန်းကြီးကျောင်းမှ ထွက်ခဲ့ကြပါတော့သည်။

   ပြီးတော့ နောက်တစ်ရက် ရှေ့နေနှင့်တွေ့။ ဖို့ဝိန်းမြို့နှင့် နှစ်နာရီနီးပါးကားမောင်းရသော  စောကောတဲအကျဉ်းကျနေသည့်မြို့သို့  ကျွန်တော်နှင့်နော်မူးခူတို့ နှစ်ဦးသွားကြပြီး  သူနှင့်တွေ့ဆုံ  အားပေးစကားပြောပြီး၊ ထိုနေ့ညနေတွင်ပင် ကျွန်တော်တို့ မိမိနေထိုင်ရာ  ဘတ်ဖဲလိုးမြို့သို့ ကားဖြင့်မောင်းပြန်ခဲ့ကြသည်။ စုစုပေါင်း ခရီးအကွာအဝေးအရ  ကားမောင်းရသည့်အချိန်က  ရှစ်နာရီနီးပါး လောက်ကြာသည်။

တယ်လီဖုန်းနှင့် ဖိုဝိန်းမြို့က  မထွက်မှီ  ဦးဇင်းကြီးကိုနှုတ်ဆက်လိုက်ဖြစ်သေးသည်။

ပုံမှန်အတိုင်း ဦးဇင်းကြီးကလည်း  လူမှုရေးကိစ္စတစ်ခုခုကို  ကူညီဖြေရှင်းပေးနေလိမ့်မည်။ တယ်လီဖုန်းကို လက်ခံပြောဆိုနိုင်ခြင်းမရှိပါ။ ဘာပဲဖြစ်ဖြစ်  ကျွန်တော်တို့၏အရေးကိစ္စကို  အကောင်းဆုံး  ကူညီ အကြံဥာဏ်ပေးခဲ့ခြင်းများအတွက် ကျေးဇူးတင်ပါသည်။

   နှစ်လဟူသော အချိန်ယန္တရားကြီးက  ပုံမှန်ခုတ်မောင်း ဖြတ်ကျော်သွားတော့သည်။

ကျွန်တော်တို့ထင်ထားသည်ထက်  သည်အမှုက ပို၍ကြီးပြီး လေးနက်သည်။ သည်ကြားထဲ မထင်မှတ်သောအရာတွေလည်း ထပ်မံဖြစ်ပေါ်လာသည်။ ထိုကြောင့်  တရားခံဖြစ်သူစောကောတဲ  တစ်ယောက် တရားသူကြီးနှင့် တရားခွင်တွင် မတွေ့ဆုံမီ ၎င်း၏ရှေ့နေဖြစ်သူက  သူနှင့်ထပ်မံတွေ့ဆုံရန်၊ အသေးစိတ် သူ၏အမှုအခြေအနေကို ဆွေးနွေးကြရန် လိုသည်။ ဘာပဲဖြစ်ဖြစ် စောကောတဲအတွက်  အင်္ဂလိပ်ဘာသာမှ ကရင်ဘာသာစကားသို့ ပြန်ပေးမည့် စကားပြန်လိုသည်။ 

ကရင်ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ  ပြန်ဆိုနိုင်ကြသော ကရင်လူမျိုးများ ဖိုဝိန်းမြို့တွင် ရှိသည်။ သို့သော် ထိုအကျဉ်းထောင်ရှိရာကို အသွားအပြန် ၄ နာရီနီးပါး ကားမောင်း၍သွားရခြင်းကြောင့် စောကောတဲအတွက်  စကားပြန်အခက်အခဲရှိနေသည် ။ ရှေ့နေကြီးနဲ့လည်း ကြားထဲတွင် မတွေ့ဖြစ်ကြတော့။

   “ပြောရရင်တော့လည်း  အားနာပါတယ်။  ဒကာအဆင်ပြေရင်  ဒကာလာခဲ့ပါလား။  ဒီမှာက စကားပြန်အခက်အခဲ ရှိနေလို့ပါ”

     ဦးဇင်းကြီးက  ဆိုလာတော့ ကျွန်တော်အတွက်လည်း ခက်သည် ။ ရုံးတွင် ခွင့်ယူရဦးမည်။  တရားခံဖြစ်သူမိသားစုနှင့်လည်း တိုင်ပင်ရသည်။ သူတို့ကလည်း ကျွန်တော့်ကို သွားစေလို၍  အကောင်းဆုံးကူညီပေးကြသည်။

   သည်လိုနှင့် ဖိုဝိန်းမြို့ကို ကျွန်တော် ဒုတိယအကြိမ်  ခရီးပြုခဲ့ခြင်း ဖြစ်သည်။ ညသန်းခေါင်ယံကျော်ကျော်တွင် “၀ါတာလူး” ဘူတာသို့ ရောက်မည်။ စီးရမည့်ရထားက ချီကာဂိုမြို့သို့  ဦးတည်သောရထား။ ထိုရထားက ခရီး ၄၅မိနစ်ခန့်။ ဖိုဝိန်းမြို့နှင့် “၀ါတာလူး” မြို့ကလေး၏ဘူတာက  ကားဖြင့် မောင်းရသည် ။ ထိုဝါတာလူးမြို့တွင်  ဦးဇင်းကြီးကလာစောင့်မည်။  ပြီးတော့ ဖိုဝိန်းမြို့သို့  ပြန်တစ်ခါမောင်း။  ပြီးတော့ လုပ်စရာရှိတာ လုပ်ကြမည်ပေါ့။

   ထိုညက  ကျလိုက်သည့်နှင်းမှုန်၊နှင်းခဲတွေ။  အိမ်မှ မထွက်ခင်ကတည်းက  သတင်းတွင်ကြည့်လိုက်သည်။  နှင်းမုန်တိုင်း ကျနေသည်တဲ့။ မတတ်နိုင် …။ ခရီးတော့ ပြုရမည်။  သတ်မှတ်ချိန်ထက် ရထားသည် ၂ နာရီခန့်  နောက်ကျပြီး ဘူတာမှစ ရထားထွက်သည်။

ခုံအလွတ်တွေ အများကြီဆိုတော့ ရထားပေါ်တွင်  အိပ်၍ စီးနင်းလာခဲ့သည်။  လမ်းဘေး ၀ဲယာတွေကိုကြည့်လိုက်တော့ နှင်းမုန်တိုင်း …။   လမ်းခရီးတစ်နေရာတွင် အကြာကြီး  ရထားက ရပ်လိုက်သေးသည်။

   ပြီးခဲ့သည့်အပတ်ကပဲ  နယူးယောက်ကထွက်သည့်ရထား လမ်းချော်ပြီး  တိမ်းမှောက်ခဲ့သည်ဆိုတော့ သည်ရထားကြီးလည်း ဂရုတစိုက်နှင့် အန္တရာယ်ကင်းအောင်မောင်းနှင်နေရခြင်းပါ။ ငွေသားအရောင်လွှမ်းနေသော နှင်းလွင်ပြင်၏  ရှုမျှော်ခင်းကလည်း  တစ်မျိုး ကြည်နူးဘွယ်ကောင်းလှသည့်  မြင်ကွင်းတစ်ခုပါပဲ။

   ကြိုတင်၍  ရထားမှတာဝန်ရှိသူကြေငြာထားသည့်အတိုင်း သတ်မှတ်ချိန်ထက်  ၃ နာရီကျော်ကျော်မှ  အင်ဒီယားနားပြည်နယ်၊ ဝေါ်တာလူမြို့၏ ရထားဆိုက်ရာအရပ်သို့ ရောက်ပါတော့သည်။

   ရထားဘူတာအဆောက်အဦကလည်းမရှိ။ ခရီးသည်များကို လာ၍ကြိုကြသူများက ကားပေါ်တွင်  စက်နှိုး၍  စောင့်သူကစောင့်၊ ကားလမ်းအပြင်တွင်ထွက်၍  ကြိုသူကကြို။

   သေချာတာတစ်ခုကတော့ ကျွန်တော့်ကို လာ၍ကြိုမည့်ဦးဇင်းကြီးက  ကားနှင့်လာ၍ စောင့်သောသူတွင် ပါလိမ့်မည်မဟုတ်။ သို့သော် ၎င်းကြို၍ တယ်လီဖုန်းဖြင့်  အကြောင်းကြားထားသည့်အတိုင်း စားသောက်ဆိုင်တစ်တစ်ခုသို့  သွား၍ စောင့်နေရမည်ဖြစ်သည်။

   သဘောကောင်းလှသည့်  အာဖရိကန်အနွယ်ဝင်အမေရိကန်တစ်ဦးမှ  ကျွန်တော့်ကို  ၎င်း၏ကားဖြင့် ရထားရပ်သည့်နေရာနှင့် အနည်းငယ်လှမ်းသောစားသောက်ဆိုင်တစ်ခုသို့ ကားဖြင့်မောင်း၍ ပို့ပေးခဲ့သည်။

   (Subway) စားသောက်ဆိုင်တွင် လူက နံနက်ပိုင်းဆိုတော  ရှင်းသည်။ ခေတ္တလာ၍ ကြိုမည့်သူကိုစောင့်သည့် ခရီးသည်မှန်းသိ၍ စေတနာနှင့်ပြုံး၍ ကျွန်တော်ကိုနှုတ်ဆက်ကြသည်။ ကော်ဖီတစ်ခွက်ကိုမှာ၍ ကျွန်တော် သောက်ဖြစ်သည်။ ဖတ်ဖို့စာအုပ်တစ်အုပ်လည်း ပါလာသည်ဆိုတော့ ခရီးဆောင်အိတ်ထဲမှ ယူ၍ ဖတ်လိုက်သည်။

   နံနက် ဆယ်နာရီခွဲလောက်ကတည်းက  စာအုပ်ဖတ်လိုက် အပြင်ကိုငေး၍ ကြည့်လိုက်။ ကော်ဖီလေးတစိမ့်စိမ့်သောက်ရင်း  နေလိုက်သည်မှာ မွန်းလွဲပိုင်း တစ်နာရီကျော်သွားသည်။ ကျွန်တော့ဦးဇင်းကြီးကား ပေါ်မလာသေး။

   ဒီဇင်ဘာလဦး ကာလဖြစ်သောကြောင့် ဆိုင်အတွင်း၌ ခရစ္စမတ်သီချင်းကိုလည်း တစ်ပုဒ်ပြီးတစ်ပုဒ် မတိုးမကျယ် လေးဖွင့်ထားပေးသည်။ စားသောက်ဆိုင်မှ အမျိုးသမီးဝန်ထမ်းတစ်ဦးမှ “လူကြီးမင်းကို လာကြိုမယ့်သူက အသေချာလာကြိုမှာပါနော်” ဟူ၍ ပြုံး၍ မေးရှာသည်။

    “ဟုတ်ကဲ့။ သူ အသေအချာ လာကြိုမှာပါ။ နောက်ကျမယ်လို့ ကြိုပြောထားလို့ပါ” ဟူ၍ ကျွန်တော် ဖြေလိုက်သည်။ ခရီးသွားသူများ၏အခက်အခဲကို စာနာပေးသော (Subway) စားသောက်ဆိုင်တစ်ဆိုင်ပါပဲ။

မွန်းလွဲ ၂ နာရီခွဲ ကျော်ကျော်ခန့်မှ (Ford) မော်တော်ကားအစိမ်းရောင်တစ်စီး အဝေးပြေးကားလမ်းမပေါ်မှ စားသောက်ဆိုင်ထဲသို့  ချိုး၍၀င်လာသည်။ ကျွန်တော် ကားမောင်းသူကို အသေအချာကြည့်လိုက်တော့ ‘ဦးဇင်းကြီး’ ပါပဲ။

  သင်္ကန်းကြီးရုံလျှက် ဦးဇင်းကြီးတစ်ပါးတည်း ကားမောင်းလာခဲ့သည်ပဲ။

ဒီလိုအမေရိကန်လိုနိုင်ငံမျိုးကျတော့လည်း  အခြေအနေတောင်းဆိုလိုအပ်ချက်တို့အရ  ဗုဒ္ဓရဟန်းတော်တို့လည်း ကားမောင်းရသည်။

   “ကဲ  … ဒကာ တက်တက်။  ဆောရီးပဲ။  ဘုန်းဘုန်းလည်း ဆေးရုံမှာအချိန်ကြာသွားတာနဲ့ ဒီကိုလာကြိုတာ နောက်ကျ သွားတာပါ။”

တရားခံဖြစ်သူ စောတောကဲ ဖမ်းဆီးထိမ်းသိမ်းထားသော မြို့ငယ်လေးသို့  သွားသော  လမ်းခရီးမိုင်ကို  ကျွန်တော်အတိအကျမသိပါ။ ကားမောင်း၍သွားရသော  ခရီးအချိန်က အသွားအပြန် နှစ်နာရီခွဲကျော်ကျော် ကြာမြင့်သည်။

ညကိုးနာရီကျော်ကျော်မှ  ကျွန်တော်တို့  ဖိုဝိန်းမြို့သို့ပြန်၍  ရောက်သည်။

လမ်းခရီးတစ်လျှောက်  ဦးဇင်းကြီးနှင့်ကျွန်တော်စကားတွေ  အတော်များများပြောဖြစ်ကြသည်။  ဘ၀၏ အမြင်တွေ ဖလှယ်ကြသည်။

သူ၏အထက်တန်းကျောင်းသားဘ၀မှ  ဒုတိယနှစ်မြန်မာစာ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀။  ဂီတကို မြတ်နိုးသူ၊ စန္ဒယားတီးတတ်ချင်လွန်းလှသောကြောင့် ကရင်လူမျိုးများနေထိုင်သော ရန်ကုန်မြို့က အလုံမြို့နယ်၌  ကရင်ရပ်ကွက်က ရှရှဲကရင်အမျိုးသမီးတစ်ဦးထံ သင်ယူခဲ့သောအတွေ့အကြုံ ။

၁၉၈၈ အရေးအခင်းကြီးပြီးနောက် နယ်စပ်သို့ထွက်ခဲရပုံ။ အသက်နှစ်ဆယ်ကျော်ကျော် လူငယ်တစ်ဦးအတွက် ပြင်းထန်လှသောတိုက်ပွဲကြီးများနှင့်အတူ ငှက်ဖျားရောဂါဖြင့်  နပန်းလုံးရခြင်းများ။

မိမိ၏မျက်စိရှေ့တွင်ပင် ဘ၀တူရဲဘော်ရဲဘက်များ ကျဆုံးခဲ့ရခြင်း အနိဋ္ဌါရုံများကိုလည်း ဦးဇင်းကြီး မြင်တွေ့ခဲ့ရပေမည် ။

“ကျွန်တော်တို့က ၀မ်ခစခန်း၊ ခံစစ်မှာပေါ့။ အခုဦးဇင်းကြီးအောင်ကျော်လှိုင်က ထမင်းချက်ပြီး ဘ၀တူရဲဘော်တွေကို ကျည်ဆံတွေကြားထဲမှာ ထမင်းထုပ်လိုက်ပို့ပေးတာ၊ အခုထက်ထိသတိရနေတယ်” ဟု ဦးဇင်းကြီး၏မိတ်ဆွေတစ်ဦးက ကျွန်တော့ကို ပြောပြခဲ့ဘူးပါသည်။

“အစိုးရတပ်က အမြောက်ဆံတွေ  တ၀ုန်းဝုန်းကျနေတယ့်အချိန်မှာတောင်  အဲဒီတုန်းက ABရဲဘော် အောင်ကျော်လှိုင်ပေါ့၊ ကျွန်တော်တို့ကို ခင်မောင်တိုးရဲ့ “ဝေးခဲ့ပြီ ခရမ်းပြာ” အခွေကို  ကော်ပီတွေပွါးပြီး  ကတုတ်ကျင်းတစ်ခုပြီး တစ်ခု  လိုက်ပြီး  သူဝေပေးခဲ့တယ်။ နားထောင်ရတာ  အရမ်းကို အရသာရှိလိုက်တာဗျာ”

   လွမ်းလွမ်းဆွေးဆွေးဖြင့်  ABSDF ရဲဘောဟောင်းတစ်ဦးက ကျွန်တော့ကို ထပ်မံပြောပြခြင်းပါ။

   ထိုင်း-မြန်မာနယ်စပ်တွင် ဗမာ၊ ကရင်ဟူသော  လူမျိုးရေးအယူသည်းသူများ၏  သံသယအမုန်းမျက်လုံးအောက်တွင်  နာကျင်စွာဖြင့်  ခါးသီးလွန်းခဲ့သောနေ့ရက်များစွာကိုလည်း  ဦးဇင်းကြီးနှင့် ဘ၀တူရဲဘော်များတို့ ခက်ခက်ခဲခဲဖြတ်သန်းခဲ့ကြသည်။

   “ဒါနဲ့ ဦးဇင်းကြီး ဘာဖြစ်လို့ရဟန်းဘောင်ကို ၀င်ခဲ့တာလဲ”

ကျွန်တော်က မေးလိုက်သောအခါ …

 “နိုင်ငံရေးတိုက်ပွဲတွေကို  ရင်ဆိုင်ဖြတ်သန်းနေရင်းနဲ့ အဆုံးစွန်သောလွတ်မြောက်ခြင်းတရားကို သိသွားလို့၊  ဒီရဟန်းဘောင်ကို ၀င်ခဲ့တာပေါ့ ဒကာရယ်” ဟု  ဦးဇင်းကြီးသည် ကျွန်တော်၏   အမေးကို တည်ငြိမ်စွာဖြင့်ဖြေ၏။

   ကျွန်တော်တည်းခိုသည့်  ဦးဇင်းကြီး၏သီတင်းသုံးရာ ဇေတ၀န်ကျောင်းသို့ရောက်ပြီး  ရေမိုးချိုးကာ  ကျွန်တော်က ညစာစား၏။ ဦးဇင်းကြီးထိုင်သော  ခြေတံမြင့်မြင့်စားပွဲရှည်ရှည်နံဘေးတွင်  လူလတ်ပိုင်းငါးဦးခန့်  အားလုံး (ABSDF) စစ်ပြန်ကြီးများ။

မနက်ဖြန်မွန်းလွဲပိုင်းတွင်  ဦးဇင်းကြီးနှင့်အတူ (ABSDF) ရဲဘော်ဟောင်းတစ်ဦး၏  နာရေးကိစ္စ ခရီးပြုလာ၍ တိုင်ပင်ကြခြင်းဖြစ်သည်။

   သူတို့တစ်တွေ ပြန်သွားကြတော့၊ နောက်ထပ် လူပုဂ္ဂိုလ်ငါးဦးခန့် ရောက်လာကြပြန်သည်။ အသက်အရွယ်အားဖြင့် ခြောက်ဆယ်နီးပါးခန့်ဒကာမကြီးတစ်ဦးက ဆေးခန်းမှပေးလိုက်သည့် ဆေးအညွှန်းကို မဖတ်တတ်၍ လာ၍မေးခြင်းဖြစ်သည်။ စိတ်ရှည်စွာဖြင့် ဦးဇင်းကြီးရှင်းပြပေးသည်။

ဒီကြားထဲ  ကားအာမခံကိစ္စအတွက် အခက်အခဲတွေကြုံနေသူတစ်ဦးမေးခွန်းတွေကိုလည်း တယ်လီဖုန်းမှ ကူညီ၍ဖြေရှင်းပေးရသည်။

   ပြီးတော့ ဖခင်ကြီးလေဖြတ်သွား၍ အရေးပေါ် ရန်ကုန်သို့ပြန်ရမည့်  သားသမီးသုံးဦး၏မိခင် တစ်ယောက်အတွက် လေယာဉ်ပျံလက်မှတ် တစ်ခါဝယ်ပေးနေပြန်သည်။

   ကျွန်တော်တစ်ရေးနိုး၍  အပေါ့အပါးသွားသည့်အချိန်က နံနက် နှစ်နာရီကျော်ကျော်ခန့်ရှိနေပြီး  ဦးဇင်းကြီး၏အခန်းကား မီးလင်းနေဆဲ …။  အကူအညီတောင်းနေသူများအတွက် ကိစ္စကားမပြတ်သေး။

နံနက် ဆယ်နာရီခန့်မှ  ကျွန်တော်အိပ်ယာမှ နိုး၏။ ထုံးစံအတိုင်းဖြစ်ပေလိမ့်မည်။ ဦးဇင်းကြီး၏ အခန်းကား ပုံမှန် …။ လူတွေတရုန်းရုန်းနှင့်။ 

   “ဘုန်းဘုန်း” ခေါ်သူက ခေါ် ၊ “ဆရာတော်” ဟု ဆိုကာ လျှောက်သူကလျှောက်  “ဦးဇင်းကြီးဘုရား” ဟု အကူအညီတောင်းသူက တောင်းနှင့်။ စည်စည်ကားကား။

ဦးဇင်းကြီး၏ ဒကာဒကာမများ၊ ပရိသတ်များအကြားတွင် ကျွန်တော် ယခုမှ  လူပုဂ္ဂိုလ်ချင်း မြင်တွေ့ဘူးသော အဆိုတော်ကြီးဒေါ်မာမာအေးကိုလည်း တွေ့ရသည်။

ဒီကြားထဲ “ဦးဇင်းကြီး  … တပည့်တော်အိမ်က ရေပိုက်တွေပိတ်နေလို့ ကျေးဇူးပြုပြီး ရေပိုက်ပြင်သမားကို အမြန်ဆုံးခေါ်ပေးပါ” ဆိုသူတစ်ဦးလည်း ပါ၏။

   ဦးဇင်းကြီးနှင့်အတူ ရဟန်းတော်တစ်ပါး ဆွမ်းစားပြီးနောက်  ကျွန်တော်လည်း ဘုန်းကြီးကျောင်းကိုရောက်လာသည့် ဒကာ၊ ဒကာမများနှင့်အတူ ပျော်ပျော်ပါးပါး  စကားလက်ဆုံကြရင်း နံနက်စာ စားကြပါ၏။

   ဆွမ်းစားပြီးသည်နှင့် သူ့အား အကူအညီလာတောင်းသူများတို့၏ပြောဆိုမှုကို ဦးဇင်းကြီးသည် တည်ငြိမ်စွာ နားထောင်။ ဘုန်းကြီးကျောင်းအတွက်  နေ့စဉ်ဆွမ်းအလှူရှင်များတို့၏  စာရင်းကိုကြည့်လိုက်သောအခါ ထူးထူးခြားခြားအမျိုးသ္မီးတစ်ဦး၏အမည်ဖြစ်နေ၍ ကျွန်တော်မေးကြည့်သောအခါ  ဘာသာခြား၊ ဗုဒ္ဓဘာသာဝင်မဟုတ်သည့် အမျိုးသ္မီးတစ်ဦး၏အမည်။

 

  “အေး … သူတို့သားအမိတွေ ဒုက္ခရောက်တုန်းက ဘုန်းဘုန်းအကူအညီပေးခဲ့ဘူးတယ်လေ။ သူလည်း အပတ်စဉ်ပုံမှန်ဆွမ်းကပ်တဲ့အလှူရှင်စာရင်းမှာ ထည့်ပေးပါလို့ မေတ္တာရပ်ခံတာနဲ့ ဒီအမျိုးသမီး ကို ဆွမ်းအလှူရှင်စာရင်းမှာ  ထည့်လိုက်တာပါ။”

   ပြုံးပြီး  ဘုန်းကြီးကျောင်းကိုအမြဲတမ်းရောက်တတ်သည့်ဒကာတစ်ဦးမှ  ကျွန်တော့ကို ရှင်းပြသည်။ သာဓု ခေါ်လောက်ပါပေသည်။

   အေးစိမ့်လှသောအမေရိကန်နိုင်ငံ၊ဖို့ဝိန်းမြို့၏  ဆောင်းကာလ၊ နှင်းရေခဲပင်လယ်ဖွေးဖွေးတွင် ဦးဇင်းကြီး၏ ကျောင်းတွင်းမေတ္တာဓါတ်ကြောင့်နွေး၍နေ၏။

   မတူညီသောအခက်အခဲရှိသူ မြန်မာပြည်သားတို့အတွက်  ဦးဇင်းကြီးကုသလ၏ ဘုန်းကြီးကျောင်းသည် မုန်တိုင်းကြားထဲမှ အသက်ကယ်လှေကလေးတစ်စင်းနှင့် တူလှသည်။

လူ့အခွင့်ရေးအကြောင်း စကားလုံးကြီးကြီးနှင့် လူသားများကိုကယ်တင်နေသည်ဟူ၍လည်း  ဦးဇင်းကြီးက ကျွန်တော့ကို မပြောပါ။ သူလုပ်သင့်သည်ထင်သော  … ကူညီရန်လိုအပ်သည်ဟု ထိမြင်ခံစားရသည်များကို လိုက်၍  ဦးဇင်းကြီးဆောင်ရွက်သည်။

“အဲဒီဘုန်းကြီးကျောင်းက  နိုင်ငံရေးနဲ့ လူမှုရေးကိစ္စတွေကိုပဲ လုပ်နေတာ”

“တရားပွဲတွေ ဘာတွေလည်း  သိပ်လုပ်တာမဟုတ်ဘူး”

ဆိုသည့်  ဝေဖန်သူများလည်း ရှိပါသည်။

   ထိုမေးခွန်း၊ စောဒကတက်မှုများကို ဦးဇင်းကြီးသည် ဖြေရှင်းမည်ဟုလည်း  မထင်။ သူ၏နှလုံးသားမှ မှန်ကန်သည်၊ လုပ်ဆောင်သင့်သည်ဟူသောကိစ္စရပ်များ၊  တစိုက်မတ်မတ်လုပ်ဆောင်သင့်သည်ဟူသော  ကိစ္စရပ်များကို  တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်။ လုပ်ဆောင်နေဆဲဖြစ်သည်။ လုပ်ဆောင်နေအုံးမည်ဟု  ကျွန်တော် ယုံကြည်သည်။

   လုပ်ဆောင်ရမည့် အရေးအရာကိစ္စများပြီး၍  ကျွန်တော်ဘတ်ဖဲလိုးမြို့သို့  အပြန်ခရီးမပြုမီ  ဦးဇင်းကြီးဦးဆောင်သော  ကားသုံးစီးနှင့်  ဒကာ၊ ဒကာမတို့က  လာမည့်စနေနေ့၊ အသုဘကိစ္စတစ်ခုအတွက်  ခရီးရှည်တစ်ခုကို ထွက်သွားကြပေပြီ။

   သန်းခေါင်ယံအချိန် ကျွန်တော်ကို ဘူတာရုံသို့ ပို့ဆောင်းပေးမည့်  ဦးဇင်းငယ်တစ်ပါးနှင့် လွှဲ၍ ထားခဲ့ပေးသည်။

   ငွေနှင်းမှုန်များဝေနေသည့်  ညချမ်းတွင် ရထားကြီးကိုစီး၍  ကျွန်တော် ဘတ်ဖဲလိုးမြို့သို့ ပြန်ခဲ့သည်။

ယခုတစ်ခေါက်သွားခဲ့သည့်  ဖိုဝိန်းမြို့ ခရီးသည်  ကျွန်တော့အတွက်  အလွန်တရာမှလေးနက်ပြီး အဓိပ္ပါယ်ရှိခဲ့သော ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။ ရဟန်း၊ လူပုဂ္ဂိုလ်အသစ်များနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။

မေတ္တာ၊ စေတနာတို့နှင့် ထုံသင်းနေသည့် မြန်မာလူမျိုးများ စုဝေးနေထိုင်ရာရပ်ဝန်းကို တစ်ပါးသူတို့၏မြေတွင် ထိတွေ့ ခံစားခဲ့ရမည်။

   ဦးကုသလ သို့မဟုတ် ဦးဇင်းကြီးအောင်ကျော်လှိုင်၏ ဘုန်းကြီးကျောင်းသည်  လူတကာထင်သာမြင်သာအောင် ဗုဒ္ဓသာသာသာသနအလံကို  အမြင့်ဆုံးထူလွှင့်ထားခြင်းလည်းမရှိ  မကြာခဏ တရားပွဲများလည်း မကျင်းပ။

သို့သော်  ရေခြားမြေခြား၊ တိုင်းတစ်ပါးတွင်  ဦးဇင်းကြီး၏မေတ္တာ၊ စေတနာအရှိန်အရောင်ကြောင့်  ဗုဒ္ဓ၏တရားအလင်းသည်  ၀င်းဝင်းတောက်လျက် ထိန်ထိန်သာ၍ နေပေသည်။

 လောအယ်စိုး (ဇန်န၀ါရီ ၅၊ ၂၀၁၄)

       (Photo by Law Eh Soe)

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Law Eh Soe, လူများ၊ ရုပ်ပုံလွှာများ

One Response to လူထုထဲက ရဟန်း by Law Eh Soe

  1. Catwoman on March 7, 2014 at 9:52 am

    It s nice to help but you have to let them do things on their own so they will not be dependent on other for small things all the time. Let them learn English and let them be responsible

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments