သမိုင်းတကွေ့မှ သခင်တင်မြ – အပိုင်း (၆)

March 7, 2014

သန်းဝင်းလှိုင်
မတ်လ ၇၊ ၂၀၁၄

 

ယင်းအဖွဲ့ကို အကူအညီပေးရန်အတွက် ပြည်တွင်းငြိမ်းချမ်းရေး လေ့လာမှုအဖွဲ့ကို ထပ်မံ ဖွဲ့စည်းပေးခဲ့သည်။ ယင်းအဖွဲ့တွင် တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးကြီး ကိုကို ၊ ဦးဘငြိမ်၊ ဦးစောဦး၊ ဗိုလ်မှူးရဲထွဋ်၊ ဦးချစ်လှိုင်တို့ ပါဝင်သည်။ သို့သော် တော်လှန်ရေးကောင်စီနှင့် တောတွင်းလက်နက်ကိုင် အဖွဲ့များ၏ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ၁၉၆၃ နိုဝင်ဘာလတွင် မအောင်မြင်ဘဲ ရပ်ဆိုင်းခဲ့ရသည်။ ကရင်တော်လှန်ရေးကောင်စီဥက္ကဌ စောဟန်တာသာမွှေး ခေါင်းဆောင်သော  ကော်သူလေးငြိမ်းချမ်းရေးအဖွဲ့နှင့်သာ ၁၉၆၄ မတ်လ ၁၂ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့သည်။

 

၁၉၆၄ မတ်လ ၂ ရက်နေ့တွင် ပါတီစည်းရုံးရေး ဗဟိုကော်မတီ၏ အကြံပေးကော်မတီကို C.O.C က အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပေးခဲ့သည်။ (၁) ဦးသီဟန် (၂) ဒုဗိုလ်မှူးကြီး မောင်လွင် (၃) ဗိုလ်မှူးချုပ် သောင်းဒန် (၄) ဒေါက်တာမောင်မောင် (၅) ဦးဘငြိမ် (၆) ဦးစောဦး (၇) ဦးချစ်လှိုင် (၈) ဗိုလ်ရဲထွဋ် (၉) ဗိုလ်သိန်းတန် (၁ဝ) သခင်တင်မြ စသူတို့ ပါဝင်သည်။

 

၁၉၆၄ ခုနှစ် ဇန်န၀ါရီလထဲတွင် ဗိုလ်ချုပ်ကြီး နေဝင်း က ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မန္တလေးမြို့၌ကျင်းပမည့် ပြည်ထောင်စုနေ့တွင် တော်လှန်ရေးကောင်စီ၏ တိုင်းရင်းသားလူမျိုးအရေးနှင့် ပတ်သက်၍ သဘောထား ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်၍ အကြံပေးအဖွဲ့က ရေးသား၍ C.O.C တင်ပြရန် ပြောကြားသည်။

 

ဗိုလ်ချုပ်ကြီး နေဝင်းက အကြံပေးအဖွဲ့အား ခေါ်တွေ့ပြီး ကြေညာချက်တွင် ပါရှိသင့်သော တိုင်းရင်းသား လူမျိုးအရေးနှင့် ပတ်သက်မည့် အခြေခံသဘောတရားများကို ပြောပြသည်။ ၁၉၆၃ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ (လွိုင်ကော်) တွင် ပြောကြားခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်း၏ မိန့်ခွန်း ၊ တောတွင်းလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တိုင်းရင်းသား လူမျိုးများ အရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး နေဝင်း ပြောကြားခဲ့သော မိန့်ခွန်းများ စသည်တို့ကို အခြေခံ၍ တိုင်းရင်းသား လူမျိုးများ အရေးနှင့် ပတ်သက်သော တော်လှန်ရေးကောင်စီ၏အမြင်နှင့် ခံယူချက်ကို သခင်တင်မြက ဦးဆောင်ရေးသားပြီး ပထမအကြံပေးအဖွဲ့တွင် ညှိနှိုင်းပြင်ဆင်ပြီး C.O.C သို့ တင်ပြခဲ့သည်။

 

၁၉၆၄ ခုနှစ် မတ်လနှင့် ဧပြီလတွင် ပုဂ္ဂလိက လက္ကားဆိုင်များ၊ ပွဲရုံများ၊ ကုန်တိုက်များကို ပြည်သူပိုင် သိမ်းယူခဲ့သည်။ အဆိုပါလုပ်ငန်းတွင် ဗိုလ်မှူးချုပ်တင်ဖေ ခေါင်းဆောင်၍ အခြားအဖွဲ့ဝင်များနှင့် အတူ လမ်းစဉ်ပါတီမှ ကိုယ်စားလှယ်အဖြစ် ဗိုလ်မှူးရဲထွဋ်နှင့် သခင်တင်မြတို့ကို တာဝန်ပေးခဲ့သည်။ ဗိုလ်မှူးချုပ် တင်ဖေတို့ အဖွဲ့သည် လက်ကားဆိုင်ကြီးများ၊ ကုန်တိုက်များသာမက၊ လက်လီဆိုင်ငယ်များကိုပါ ပြည်သူပိုင် သိမ်းရာတွင် ပါဝင်လာခြင်း၊ ရွှေဆိုင်များကိုပါ ပြည်သူပိုင်သိမ်းရန် ရည်ရွယ်လာသည့်အတွက် သခင်တင်မြသည် လက်ဝဲအလွန်ကျွံ ဖြစ်လာပြီး ဆိုရှယ်လစ်ဝါဒအပေါ် လုပ်ငန်းရှင်ကလေးများနှင့် လူထုက အယုံအကြည် ကင်းမဲ့လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး နေဝင်းထံ တင်ပြခဲ့သည်။ ဤတွင် ဗိုလ်မှူးချုပ် တင်ဖေနှင့် ဦးဘငြိမ်တို့ ၏ အယူအဆနှင့် သခင်တင်မြတို့ ထိပ်တိုက် တိုးတော့သည်။ သခင်တင်မြ၏ အယူအဆကို ဗိုလ်ချုပ်ကြီး နေဝင်းက လက်ခံသောကြောင့် လက်ဝဲအလွန်ကျွံ လုပ်ရပ်များ မလုပ်မိဖို့ သတိပေးခဲ့သောကြောင့် ရွှေဆိုင်များ ပြည်သူပိုင် သိမ်းခြင်းမှ လွတ်မြောက်သွားခဲ့ရသည်။

 

၁၉၆၆ ခုနှစ်လောက်တွင် ပြည်သူပိုင်သိမ်း ကုန်သွယ်ရေးလုပ်ငန်းများ ပျက်ပြားရှုပ်ထွေးလာသဖြင့် ဗိုလ်မှူးကြီးမောင်လွင် ဦးဆောင်သော ကုန်သွယ်မှုလုပ်ငန်း လေ့လာရေးအဖွဲ့ လမ်းစဉ်ပါတီက ဖွဲ့စည်းရာတွင် ဗဟိုစာရင်းအင်းဌာနညွှန်ချုပ် ဦးသက်ထွန်း၊ ပြည်ထောင်စုဘဏ်အရာရှိ ဦးကောင်း၊ သခင်တင်မြနှင့် ဗိုလ်ရဲထွဋ်တို့ ပါဝင်ခဲ့ကြသည်။ ပျက်ပြားရှုပ်ထွေးလာပြီး အောင်မြင်မှုမရှိသော ကုန်သွယ်ရေးလုပ်ငန်းကို အမြန်လေ့လာပြီး ပြည်သူပိုင်အဖြစ်သတ်မှတ်ထားသောအရေးကြီး စားကုန်သောက်ကုန် အချို့ကို လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်ပြုရန် တော်လှန်ရေးကောင်စီသို့အကြံပေး၍ တော်လှန်ရေးကောင်စီက အရေးကြီး သော စားကုန်သောက်ကုန် အချို့ကို ကင်းလွတ်ကုန်အဖြစ် ကြေညာ၍ လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုခဲ့သည်။

 

`ဤတွင် ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်တင်ဖေနှင့် စီးပွားရေးအကြံပေးအရာရှိ ဦးဘငြိမ်တို့က ကုန်သွယ်မှုလေ့လာရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး မောင်လွင်၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်ရဲထွဋ်နှင့် သခင်တင်မြတို့ အပေါ်တွင် မကျေမနပ် ဖြစ်လာခဲ့သည်။

 

သခင်တင်မြသည် ပြည်တွင်းကုန်သွယ်ရေးကို တော်လှန်ရေးကောင်စီကပြည်သူပိုင်လုပ်ရာ၌ မှားယွင်း သောလုပ်ရပ်များနှင့် ဆုံးရူံးမှုများ ၊ လူထုအတွင်းကြုံတွေ့ခဲ့သော ကုန်သွယ်ရောင်းဝယ်မှု အကျပ်အတည်းများကို လေ့လာပြီး ပြုပြင်ဆောင်ရွက်သင့်သည်များ ၊ ပုဂ္ဂလိက ရောင်းဝယ်ဖောက်ကားမှု၊ လက္ကားရောင်းဝယ်မှုများကို မည်သို့ ခွင့်ပြုသင့်ကြောင်းများကိုပါ အကြံပေးတင်ပြခဲ့သည်။

 

ထို့နောက် သခင်တင်မြသည် ၁၉၆၄ ခုနှစ် ပါတီစည်းရုံးရေး ဗဟိုကော်မတီဌာနချုပ်တွင် အလုပ်သမားရေးရာ၊ လယ်သမားရေးရာ၊ လူငယ်ရေးရာဌာနကြီးများ ဖွဲ့စည်းသောအခါ ဗိုလ်မှူးကြီး သောင်းကြည်ဦးဆောင်သော တောင်သူလယ်သမားရေးရာဌာနကြီးတွင် ကော်မတီဝင်အဖြစ် ပါဝင်ဆောင် ရွက်ခဲ့ရသည်။ အလုပ်သမားရေးရာဌာန၏ အစည်းအဝေးများသို့ ဖိတ်ကြားခြင်းခံရကာ အလုပ်သမားရေးရာ စာတမ်းများ ပြုစုရာတွင် ပါဝင်ရေးသားပေးခဲ့ရသည်။

 

ထို့ပြင် သခင်တင်မြသည် ၁၉၆၅၊၆၆၊၆၈ ခုနှစ်များနှင့် ၁၉၆၉ တို့တွင် ကျင်းပခဲ့သော ပါတီနှီးနှော ဖလှယ်ပွဲများတွင် ကျင်းပရေး ကော်မတီ၌ ပါဝင်ခဲ့ပြီး အဖွဲ့လိုက် ဆွေးနွေးပွဲများအတွက် လမ်းညွှန်စာတမ်းများ ပြုစုရာတွင် ပါဝင်ဆောင်ရွက်ခဲ့ရသည်။

 

တဖန် သခင်တင်မြသည် ၁၉၇ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ဗိုလ်မှူးချုပ်စန်းယု ပါတီအထွေထွေ အတွင်းရေးမှူး ဦးဆောင်သော ၆၄ ဦး ပါဝင်သည့် ပထမအကြိမ် ပါတီညီလာခံ ကျင်းပရေးကော်မရှင် ဖွဲ့စည်းရာတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ပြည်သူ့ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်း ရေးဆွဲရာတွင် ပါဝင်ရေးဆွဲခဲ့သည်။

 

၁၉၇၁ ဇွန်လ ၂၈ မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီမှ ပြည်သူ့ပါတီသို့ကူးပြောင်းသည့်ပထမအကြိမ်ပါတီညီလာခံကို ကျင်းပပြုလုပ်ခဲ့သည်။ယင်းညီလာခံတွင် သခင် တင်မြသည် တင်းပြည့်ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ပါတီညီလာခံအပြီး  ပါတီဌာနချုပ်ကို ပြန်လည်ဖွဲ့စည်းရာ၌ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးရာ ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

 

၁၉၇၁ ခုနှစ်မှ ၁၉၇၄ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း ရှမ်းလင်းတင်ပြရေး အဖွဲ့ခွဲ အမှတ် ၁၄ စစ်ကိုင်းတိုင်း၌ အဖွဲ့ခေါင်းဆောင် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး သောင်းကြည်နှင့်အတူ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

 

ယင်းနောက် သခင်တင်မြသည် ၁၉၇၂ ခုနှစ် လမ်းစဉ်ပါတီ၏ နှစ်တိုနှစ်ရှည် စီးပွားရေး မူဝါဒများကို ဒေသပါတီ ကော်မတီနယ်မြေအလိုက် ပါတီယူနစ်ကော်မတီဝင်များထံ သွားရောက်၍ တင်ပြရာတွင် ရေးရာကော်မတီ အတွင်းရေးမှူးအဖြစ် ဦးဆောင်ပါဝင်ခဲ့သည်။ သူဦးဆောင်သော ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်မှုရေးရာ ကော်မတီတွင် ဗိုလ်မှူးတင်အေး (ရေ) ဗိုလ်မှူး ကွန်းတို့က အချိန်ပြည့် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အချိန်ပိုင်းအဖွဲ့ဝင်များအဖြစ် ကုန်သွယ်ရေးဝန်ကြီးဗိုလ်မှူးကြီးစန်းဝင်း၊ သယ်ယူပို့ဆောင် ရေးဝန်ကြီး ဦးသာကျော် (နောင် တစညပါတီ ဥက္ကဌ) ၊ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ထင်ကျော် တို့ ပါဝင်ကြသည်။

 

ပထမအကြိမ် ပါတီညီလာခံက ရွေးချယ်တင်မြှောက်၍ လမ်းစဉ်ပါတီဌာနချုပ်တွင် တာဝန်ယူခဲ့ကြသော အရေးပါလှသည့် အတွင်းရေးမှူး အဖွဲ့ဝင်များနှင့် ရေးရာကော်မတီ အတွင်းရေးမှူးများ၊ ဌာနမှူးများသည် တပ်မတော်အစဉ်အလာဖြင့် ကြည့်ပါက ဝါနုသူ တပ်မှူးငယ်များသာ ဖြစ်ကြသည်။ အစိုးရအဖွဲ့နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် တိုင်းစစ်ဌာနချုပ်တွင် တာဝန်ယူနေကြသော တပ်မှူးကြီးများမှာ တပ်မတော်အစဉ် အလာအရ ဝါရင့်သူများ ဖြစ်ကြသည်။

 

လမ်းစဉ်ပါတီဌာနချုပ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ချမှတ်ပေးသော မူဝါဒ လမ်းညွှန်မှုများကို စည်းရုံးရေး၊ နိုင်ငံရေးနှင့် အစိုးရလုပ်ငန်းများအဖြစ် ပါတီခေါင်းဆောင်မှုအရ ပါတီဌာနချုပ်ရှိ အတွင်းရေးမှူး အဖွဲ့နှင့် ဌာနမှူးများသည် အလွန်အရေးပါသော အခန်းတွင် ရှိနေပါသည်။

 

တပ်မတော် အစဉ်အလာအရ ဝါနုသူများက ပါတီခေါင်းဆောင်မှု အနေအထားအရ အစိုးရအဖွဲ့ ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် တိုင်းစစ်ဌာနချုပ်တို့တွင် တာဝန်ယူနေကြသော တပ်မတော်အစဉ်အလာကြီးရင့်သူ တပ်မှူးကြီးများ အပေါ်လမ်းညွှန်ဦးဆောင်မှုပေး နေသည့်လက်တွေ့ဖြစ်ရပ်များကြောင့်အချင်းချင်း မကျေနပ် မှုများ ဖြစ်ပွားလာခဲ့သည်။

 

ပါတီဌာနချုပ်ရှိ တပ်မတော်အစဉ်အလာ ဝါနုသူများ၊ ဒေသပါတီဥက္ကဌအဖြစ် ဆောင်ရွက်နေကြသော တပ်မတော် အစဉ်အလာ ဝါနုသူများသည် လမ်းစဉ်ပါတီ၏ နိုင်ငံရေးဦးဆောင်မှုကို ထူထောင်ရမည့်အစား၊ ပုဂ္ဂိုလ်ရေး ခေါင်းဆောင်မှုကို ထူထောင်ခြင်း၊ နှိမ့်ချမှု မရှိခြင်း စသည့် ချွတ်ယွင်းချက်များကြောင့် အချင်းချင်း ဆက်ဆံရေးများ ယိုယွင်းဆိုးဝါးလာလေသည်။

 

ဤတွင် လမ်းစဉ်ပါတီဌာနချုပ်တွင် တာဝန်ယူနေသော ဗိုလ်မှူးရဲထွဋ်နှင့် သခင်တင်မြတို့မှာ အတွင်းရေးမှူးအဖွဲ့၏ လူများအဖြစ် အထင်အမြင်ခံခဲ့ရသည်။ ထိုစဉ်အတွင်း ၁၉၇၃ ခုနှစ် ဒုတိယအကြိမ် ပါတီညီလာခံ ကျင်းပသောအခါ ပါတီက ဦးဆောင်ရေးဆွဲခဲ့သော နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်ကို ၁၉၇၄ ဇန်န၀ါရီလ ၃ ရက်နေ့တွင် အတည်ပြု၍ ၊ ၁၉၇၄ ဇန်န၀ါရီ ၂၃ မှ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့အထိ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲကို ကျင်းပနိုင်စေကာမူ လမ်းစဉ်ပါတီတွင် စည်းရုံးညီညွတ်မှုမှာ စတင်ပျက်ပြားခဲ့လေသည်။

 

ပါတီညီလာခံ ရွေးကောက်တင်မြှောက်ပွဲတွင် လမ်းစဉ်ပါတီဌာနချုပ် အတွင်းရေးမှူး အဖွဲ့ဝင်များ ရွေးချယ်ရာအတွင်းရေးမှူးများ၊ဒေသပါတီဥက္ကဌများသည် ဆန္ဒမဲများ လျော့နည်းရရှိခဲ့ကြသည်။ သခင်တင်မြနှင့် ဗိုလ်မှူးရဲထွဋ်တို့သည်လည်း ဒုတိယအကြိမ် ပါတီညီလာခံတွင် အရံဗဟိုကော်မတီဝဝင်များသာ ဖြစ်ခဲ့ကြသည်။

ပါတီညီလာခံအပြီး ရေးရာကော်မတီများပြန်လည်ဖွဲ့စည်းသောအခါ သခင်တင်မြနှင့်ဗိုလ်မှူး ရဲထွဋ်တို့ သည် သာမန်ရေးရာ ကော်မတီဝင်အဖြစ်သာ တာဝန်ယူခဲ့ရသည်။ ၁၉၇၄ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ အုပ်ချုပ်မှုအား ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်အရ ပြည်သူ့ကောင်စီအဆင့်ဆင့်ကို ရွေးချယ်တင်မြှောက် လာသည့် ပြည်သူ့အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲလာပြီးဖြစ်သော်လည်း အခြေခံစီးပွားရေးအဆောက်အအုံ (Super Structure) သည် တဖြေးဖြေး ယိုယွင်းလာသောကြောင့် အပေါ်ယံ အဆောက်အအုံ (Intra Structure) ဖြစ်သည့် နိုင်ငံရေး စနစ်သည် ယိမ်းယိုင်လာခဲ့သည်။

ယင်းကြောင့် စီးပွားရေး စီမံကိန်းများကို အကောင်အထည် မဖော်နိုင်ခဲ့သလို၊ တိုင်းပြည်၏ အဓိက ထွက်ကုန်များလည်း ကျဆင်းလာခဲ့သည်။ နိုင်ငံခြား ဝင်ငွေလျော့နည်းလာခဲ့သဖြင့် နိုင်ငံတော်တည်ဆောက်မှု လုပ်ငန်းများလည်း နိုင်ငံခြား ချေးငွေများဖြင့် အားဖြည့်လာရာမှ ကြွေးဟောင်းပြန်ဆပ်ရန် ကြွေးသစ်ယူခဲ့ရသည့် အဖြစ်သို့ ရောက်ရှိလာသည်။ အရင်းခံ ကုန်ထုတ်လုပ်မှု အရပ်ရပ်ကျဆင်းလာခြင်းကြောင့် ပြည်ပသို့ လျာထားသည့် ကုန်စည်များ မတင်ပို့ နိုင်ရုံမျှသာမက ပြည်တွင်းစားသုံးမှု ကုန်စည် ဖြန့်ဖြူးရေးတွင် ကုန်ပစ္စည်း မလုံလောက်မှု၊ ဈေးနှုန်းကြီးမှု၊ မှောင်ခိုရောင်းဝယ်မှု ကျယ်ပြန့်ကြီးထွားလာခဲ့သည်။

ကုန်စည်ဖြန့်ဖြူးရေး အကျပ်အတည်းသည် လက်လီလက်ကား အရောင်းအဝယ်များကို ပြည်သူပိုင် သိမ်းခဲ့စဉ်ကတည်းက ဖြစ်ပြီးအရေးကြီးကုန်စည်များကို ကင်းလွတ်ခွင့်ပေးခဲ့စေကာမူကုန်ထုတ်လုပ်မှု ကျဆင်းမှု ကြောင့် ပြန်လည်နာလံမထူနိုင်ခဲ့ခြင်း ဖြစ်လေသည်။

သို့ကလို အခြေအနေတွင်အစိုးရ သမ၀ါယမဝန်ကြီးဌာနဝန်ကြီးဦးဘငြိမ်က ပြည်တွင်း ကုန်သွယ်ရေးကို သမဝါယမစနစ်ဖြင့် ချုပ်ကိုင်လိုက်ရာ ကုန်သွယ်မှုမှာ ပိုမိုပျက်စီးသွားခဲ့ရလေသည်။ ဗိုလ်ရဲထွဋ်နှင့် သခင်တင်မြတို့က သမဝါယမ စီမံကိန်းကို ဝေဖန်ပြီး စာတမ်းရေးသား တင်ပြခဲ့ရာ ဦးဘငြိမ်က လက်မခံဘဲ ပယ်ချခဲ့သည်။ ကုန်သွယ်ရေး ၁ ၏ ဆန်စပါးရောင်းဝယ်မှု လုပ်ငန်းကို သမ၀ါယမ ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ရသည်။ ၆ လ မကြာမီမှာ ဆန်ဝယ်ယူ ဖြန့်ဖြူးရေး ဖရိုဖရဲဖြစ်လာသဖြင့် လုပ်ငန်းအခ မသတ်နိုင်ဘဲ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းကို ကုန်သွယ်ရေး ၁ သို့ ပြန်လွှဲပေးခဲ့ရလေသည်။

 

သမဝါယမဝန်ကြီးဌာနသည်ဆီလုပ်ငန်း၊သားသတ်လုပ်ငန်း၊အင်းလုပ်ငန်းများကိုချုပ်ကိုင်လုပ်ခဲ့ပြန်သည်။ ဤသို့ သမဝါယမ ဝန်ကြီးဌာနက မိမိလုပ်ကိုင်နိုင်စွမ်း မရှိဘဲ ချုပ်ကိုင်လုပ်ကိုင်မှုများကို ခွင့်မပြုရန် သခင်တင်မြတို့၏ တင်ပြချက်ကို ဦးဘငြိမ်သည် အကြီးအကျယ် မကျေနပ် ဖြစ်ခဲ့သည်။ သခင်တင်မြနှင့် ဗိုလ်မှူး ရဲထွဋ်တို့အား အရင်းရှင်ကုန်သည်များ၏ ကိုယ်စားလှယ်များအဖြစ် စွပ်စွဲခဲ့သည်။

 

၁၉၇၃ ခုနှစ် ဧပြီလတွင် မြေယာကုန်ထုတ်လုပ်မှု ကျဆင်းလာခြင်းကို အရင်းအမြစ်က ရှာဖွေ၍ မြေယာကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် မှန်ကန်သော မြေယာမူဝါဒများ ချမှတ်ရန် လမ်းစဉ်ပါတီ ဌာနချုပ်က မြေယာစနစ် လေ့လာရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းပေးခဲ့သည်။ ယင်းကော်မရှင် အဖွဲ့ဝင်အဖြစ် ပါဝင်သော ဗိုလ်ရဲထွဋ်နှင့် သခင်တင်မြတို့သည် မြန်မာပြည်ကျေးလက်ဒေသများသို့ ကွင်းဆင်း၍ တောင်သူ လယ်သမားများ၏ မြေယာလုပ်ငန်း အရပ်ရပ် လေ့လာခဲ့သည်။

 

တောင်သူလယ်သမားများသည် မိမိလုပ်ကိုင်နေသောမြေကို မိမိပိုင်ဆိုင်မှုလည်းမရှိ၊ မိမိလုပ်ကိုင်နေ သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းကလည်း နှစ်စဉ်မြင့်တက်နေကြသဖြင့် လယ်ယာစိုက်ပျိုးရေးကို စိတ်ဝင်စားမှု မရှိတော့ပေ။

 

ထို့ကြောင့် တောင်သူလယ်သမားများ ထွန်ယက်စိုက်ပျိုးမှုကို အာရုံစိုက်လာစေရန် ကြိုးပမ်း လာကြစေရန် လယ်လုပ်သူ လယ်ပိုင်ရေး ၊ လယ်မြေကိုရောင်းနိုင်၊ ဝယ်နိုင် အမွေဆက်ခံခွင့်များပေးရန် လယ်ယာပေါ်လစီ ပြောင်းရန် သခင်တင်မြတို့အဖွဲ့က ပါတီဗဟိုကော်မတီသို့ တင်ပြခဲ့သည်။ ၎င်းတို့ တင်ပြချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပယ်ချခဲ့သည်။

 

ထို့နောက် သုံးသပ်ချက် စာတမ်းကို တတိယအကြိမ် ပါတီညီလာခံသို့ တင်သွင်းမည့် ဗဟိုကော်မတီ အစီရင်ခံစာ ရေးဆွဲရေးကော်မတီ အစည်းအဝေးတွင် ထပ်မံ တင်ပြခဲ့ပြန်သည်။ အဆိုပါ အစည်းအဝေးသို့ ပါတီအထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးစန်းယုနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသောင်းကြည် တို့ပါ တက်ရောက်ခဲ့ရာ၊ သခင်တင်မြ၊ ဗိုလ်ရဲထွဋ်နှင့် ဗိုလ်သာဒိုးတို့က တိုင်းပြည်စီးပွားရေး ကျဆင်းမှုနှင့် ပတ်သက်၍ အစိုးရကို ဦးဆောင်နေသော ပါတီဗဟိုကော်မတီက တာဝန်ယူရမည်။ အဓိကအားဖြင့် တာဝန်ရှိသော ဗဟိုကော်မတီ၏ ခေါင်းဆောင်မှုကို ခံယူ၍ လက်တွေ့အကောင်အထည် ဖော်နေသော အစိုးရအဖွဲ့အပေါ် တာဝန်ပုံချခြင်းသည် မမှန်ကန်ပါ။ ချွတ်ယွင်းမှုများကို ခေါင်းဆောင်လုပ်နေကြသူများပီပီ နိုင်ငံရေးအရ အဖြေရှာခြင်းမျိုး မဟုတ်ဘဲ စည်းရုံးရေးအရ အဖြေရှာခြင်း၊ အမှားအတွက် တရားခံရှာခြင်းသာ ဖြစ်နေသဖြင့် တောတွင်းက ဗကပများ လုပ်နေသလို ဖြုတ်၊ ထုတ်၊ သတ် သလို ဖြစ်နေပါမည်။ ပါတီတွင်း ညီညွတ်မှုကိုပါ ပျက်ပြားလာပါမည်။ မလုပ်သင့်ပါ စသည်ဖြင့် အသေးစိတ် တင်ပြခဲ့ပါသည်။ သို့သော် သခင်တင်မြတို့၏ တင်ပြချက်ကိုလက်မခံဘဲ ပယ်ချသည့်အပြင်၊၎င်းတို့အား ဗဟိုကော်မတီအစီရင်ခံစာရေးဆွဲရေး အဖွဲ့အစည်း အဝေးသို့ပင် တက်ခွင့် မပေးတော့ချေ။

 

အစိုးရအဖွဲ့တွင် တာဝန်ယူနေသူများ ဖြစ်ကြသည့် ဗိုလ်မှူးချုပ်စိန်ဝင်း၊ ဗိုလ်မှူးကြီးမောင်လွင်နှင့် နိုင်ငံတော်ကောင်စီဝင်များဖြစ်ကြသောဗိုလ်မှူးကြီးလှဟန်၊ဗိုလ်မှူးကြီးသန်းစိန်၊ဗိုလ်မှူးကြီး ဒေါက်တာမောင်လွင် ()၊ ဗိုလ်မှူးချုပ် သောင်းဒန် (လေ) စသော ပုဂ္ဂိုလ်များကို ပါတီညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ်မှ ဖယ်ရှားရန် အတွင်းရေးမှူး (၁) ဗိုလ်ထွန်းလင်း၊ ဗိုလ်ချုပ်ကြီး ကျော်ထင်၊ ဗိုလ်မှူးကြီး တင်ဦး (နောင် ဗိုလ်မှူးချုပ် ၊ ထောက်လှမ်းရေးညွှန်မှူး)၊ ဗိုလ်မှူးကြီးကျော်စိုးတို့နှင့် ညှိနှိုင်းဆောင်ရွက်ပြီး ၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်မှူးကြီး သောင်းကြည်တို့ထံ အတွင်းကြိတ်တင်ပြထားခဲ့ကြသည်။

 

ဤသို့ ဖြစ်ပျက်နေသည်ကို သခင်တင်မြတို့ အဖွဲ့သည် မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ ပါတီတွင်း အခြေအနေပေါ်တွင် စိတ်ပျက်လာသဖြင့် သခင်တင်မြသည် ဗိုလ်မှူးရဲထွဋ်နှင့် တိုင်ပင်ပြီးလျှင် လမ်းစဉ်ပါတီမှ နုတ်ထွက်ခွင့်တောင်းရန် ဆုံးဖြတ်လိုက်ကြသည်။ ဗိုလ်မှူးရဲထွဋ်က ပါတီဥက္ကဌ ဦးနေဝင်းထံသွား၍ သခင်တင်မြနှင့် မိမိတို့နှစ်ယောက်ကို နုတ်ထွက်ခွင့် ပြုပါရန်သွားရောက်တင်ပြခဲ့သည်။ ဥက္ကဌကြီးက အခြေအနေ တဖြေးဖြေး ရှင်းလာပါသည်။ သည်းခံပြီး ဆက်လုပ်ပါ ဟုသာ ပြောလိုက်ပါသည်။

 

အခြေအနေမှာ ကောင်းမလာဘဲ ပါတီတွင်း ဂိုဏ်းဂဏများ ဖဲ့ပြီး တိုက်ခိုက်မှုများ ဖြစ်လာသဖြင့် ၎င်းတို့သည် ကြားညှပ်မခံလိုသဖြင့် ပါတီအထွေထွေအတွင်းရေးမှူး ဦးစန်းယုထံ ဗိုလ်ရဲထွဋ်နှင့်အတူ သွားရောက်၍ ပါတီမှနုတ်ထွက်ခွင့် မရှိသဖြင့် နုတ်ထွက်ခြင်း မပြုနိုင်ပါက ဗဟိုကော်မတီမှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့သည်။  သို့သော်လည်း မည်သို့မျှ အကြောင်းမပြန်ကြားခဲ့ချေ။

 

ထို့နောက် ၁၉၇၇ ခုနှစ် နိုဝင်ဘာ ၁၄ မှ ၁၇ ရက်နေ့အထိ မဆလပါတီ အရေးပေါ်ပါတီညီလာခံကို မင်္ဂလာဒုံ ဗဟိုနိုင်ငံရေးတက္ကသိုလ်ဝင်း အတွင်းရှိ ညီလာခံခန်းမတွင် ကျင်းပ၍ နိုင်ငံတော် ကောင်စီဝင် အချို့နှင့် ဝန်ကြီးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အချို့နှင့် ဗဟိုကော်မတီဝင် အချို့ကို ထုတ်ပယ်ပစ်လိုက်ရာ သခင်တင်မြသည် ပါတီစည်းကမ်းအရ ထိန်ချန်မှုဖြင့် လမ်းစဉ်ပါတီမှ ထုတ်ပယ်ခံလိုက်ရသည်။ ထုတ်ပယ်ခံရသည့် ရက်စွဲမှာ ညီလာခံမတိုင်မီ ၁၉၇၇ အောက်တိုဘာလ ၁၉ ရက် ဖြစ်ပြီး ၊ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီက ထိန်ချန်မှု စည်းကမ်းဥပဒေအရ ဟု ဖော်ပြထားသည်။

 

ဗိုလ်ရဲထွဋ်ကိုမူပါတီမှ မထုတ်ပယ်ခဲ့သော်လည်း ဗဟိုကော်မတီဝင်အဖြစ်လည်း အရွေးမခံရသည့်အပြင် မည်သည့်တာဝန်မှလည်း မပေးဘဲ ထောက်ပံ့ကြေးလည်း မရခဲ့ချေ။ ဗိုလ်ရဲထွဋ်သည် မည်သည့်တာဝန်မှ မပေးသဖြင့်ရုံးလည်းမတက်တော့ဘဲ မြေနီကုန်း ရတနာပုံ ရုပ်ရှင်ရုံနားရှိ နေအိမ်တွင် လက်ဖက်ရည်ဆိုင်ဖွင့်ကာ ဘဝရပ်တည်ခဲ့သည်။

 

ထိုအချိန်မှစ၍ သခင်တင်မြသည် နိုင်ငံရေးကို စိတ်ကုန်သွားပြီးနောက် နိုင်ငံရေးစာအုပ် စာတမ်းများကို ပင်မဖတ်တော့ချေ။ မိသားစုစီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်ခဲ့သည်။ အိမ်တွင်း စက်မှုလုပ်ငန်းအဖြစ် စာကြည့်မျက်မှန်လုပ်ငန်း၊ ကုန်တင်ကားတစ်စီး စပ်တူဝယ်၍ ကုန်စည်ရောင်းဝယ်ခြင်း၊ သစ်စက်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

 

၁၉၈၀ ပြည့်နှစ် ဇွန်လတွင် သခင်တင်မြအား နိုင်ငံတော်ကောင်စီမှ နိုင်ငံဂုဏ်ရည် (ပထမဆင့်) ချီးမြှင့်ခဲ့သည်။ ယင်းနှစ်ဇူလိုင်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားမေတ္တာရပ်ခံချက်ဖြင့် ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့်ဇနီး ဒေါ်မြရီတို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိလာသည်။ထို့ နောက်ဦးနေဝင်းက နိုင်ငံရေးသမားဟောင်းများအား တွေ့ ဆုံညစာစားပွဲ ဖိတ်ကြားသဖြင့် တက်ရောက်ခဲ့ရာ ဦးနု၊ သခင်စိုးတို့နှင့် ပြန်လည်တွေ့ဆုံရသည်။

 

၁၉၈၀ အောက်တိုဘာလတွင် လမ်းစဉ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသောင်းကြည်က လမ်းစဉ်ပါတီ အပြင်ရောက်ရှိနေသော သခင်တင်မြနှင့် ဗိုလ်မှူးကြီးဟောင်း စောမြင့်၊ ဦးစောဦး၊ ဦးချစ်လှိုင် တို့ကို ပါတီဌာနချုပ်သို့ခေါ်ယူ၍ ပါတီဥက္ကဌကြီး တာဝန်ပေးချက်အရ လမ်းစဉ်ပါတီ တည်ထောင်စ သမိုင်းမှတ်တမ်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲမှတ်တမ်းများကို ပြုစုရေးသားရန် တာဝန်ပေးအပ်ခဲ့သည်။ လမ်းစဉ်ပါတီ ဌာနချုပ်ရှိ အခန်းတစ်ခန်း၌ ၂ လကြာ ဤတာဝန်ကို ထမ်းရွက်ခဲ့ရသည်။

 

၁၉၈၈ သြဂုတ်လတွင် ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ရာ ချီတက် ဆန္ဒပြနေသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပစ်ခတ်သတ်ဖြတ်နေသည်ကို ကိုယ်တွေ့ မြင်ခဲ့သောကြောင့် ပြည်သူနှင့်အစိုးရကြား သွေးထွက်သံယိုမှုများ ဆက်လက်မဖြစ်ပွားစေရန် ဗိုလ်ရဲထွဋ်နှင့် ဆွေးနွေးတိုင်ပင်ကာ ကြားမှ စေ့စပ်ဖြန်ဖြေရန် စတင်လှုံ့ဆော်ဆောင်ရွက်ခဲ့သည်။

 

သခင်တင်မြသည် ဤသို့ စေတနာသန့်သန့်ဖြင့် ကြားမှ ဝင်ရောက်နိုးဆော်ပေးမှုကို ဆောင်ရွက်ရာတွင် ပါတီနိုင်ငံရေးတွင် မပါဝင်ရေး၊ ရွေးကောက်ပွဲများတွင် မပါဝင်ရေးတို့ကို ကြိုတင်ဆုံးဖြတ်ချက်ချ၍ ဝင်ရောက် ဆောင်ရွက်မှသာ ကောင်းမွန်လျော်ကန်မည်ဟု ကနဦးကတည်းပင် ယုံကြည်ခဲ့သည်။ ဤသဘောထားကို သခင်တင်မြသည် ဗိုလ်ရဲထွဋ်နှင့် သဘောတူညီမှုရရှိပြီးနောက် သခင်ချစ်မောင် (ဝိဓူရ) အား သွားရောက် ဆွေးနွေးခဲ့သည်။ ဤသဘောထားကို သခင်ချစ်မောင်ကလည်း သဘောတူခဲ့ပြီး ဦးနုအား ဤအရေးတွင် ဦးဆောင်ပါဝင်ရန် သွားရောက်ဆွေးနွေး တင်ပြမည်ဟု ပြောဆိုခဲ့သည်။ ဝိဓူရ သခင်ချစ်မောင်က ဦးနုအား ဤသဘောထားဖြင့် ပါဝင်ဆောင်ရွက်ပါရန် သွားရောက် ဆွေးနွေးတင်ပြရာတွင် ဦးနုက သူ့အနေဖြင့် နိုင်ငံရေးမှ လုံးဝ အနားယူထားပြီး ဘာသာရေးကိုသာ ဇောက်ချလုပ်ကိုင်နေသဖြင့် လက်ရှိ နိုင်ငံရေး အခြေအနေတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုနိုင်ကြောင်း ငြင်းဆိုလိုက်လေသည်။

ထို့ကြောင့်သခင်တင်မြတို့အဖွဲ့သည် ဆက်သွယ်စုဆောင်းမိသော နိုင်ငံရေးသမားဟောင်း အချို့နှင့်သာ ဆွေးနွေး၍ သွေးထွက်သံယိုမှုများ ဆက်လက်မဖြစ်စေရန် ဆန္ဒပြပြည်သူများနှင့် အစိုးရတို့အကြား မေတ္တာရပ်ခံလွှာ တစ်စောင်ကို ထုတ်ပြန်ကာ လက်မှတ်ရေးထိုးရန် သဘောတူခဲ့ကြသည်။

 

ဤပန်ကြားလွှာကို ဝိဓူရသခင်ချစ်မောင်ကပင် တာဝန်ယူရေးသားပြုစုရန် သဘောတူခဲ့သည်။ သခင်တင်မြနှင့် ဗိုလ်ရဲထွဋ်က ပန်ကြားလွှာတွင် နိုင်ငံရေးသမားဟောင်းများသည် နောင်ဖြစ်ပေါ်လာမည့် ပါတီနိုင်ငံရေးတွင် ဝင်ရောက်လုပ်ကိုင်ကြမည်မဟုတ်၊ ရွေးကောက်ပွဲလည်း ဝင်မည်မဟုတ်ဟု ထည့်သွင်း ရေးသားရန် မူလကတည်းက သဘောတူထားခဲ့ကြသည်။ သို့သော် ပန်ကြားလွှာကို ရေးလာသောအခါ ယခင်ကတိဝန်ခံချက် မလာတော့သဖြင့် ဝိဓူရသခင်ချစ်မောင်အား မေးမြန်းကြည့်ရာ သခင်ချစ်မောင်က ကိုအောင်ဘန်း၊ ကိုစိုးသိန်း (ကျောမွဲ) ၊ ဦးပါသူတို့က ယင်းတို့အနေဖြင့် ပါတီနိုင်ငံရေးကို ဆက်လက် လုပ်ကိုင်ကြရန် ရည်မှန်းထားသဖြင့် ဤကတိဝန်ခံချက်ကို ထည့်မရေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် သခင်တင်မြနှင့် ဗိုလ်ရဲထွဋ်တို့သည် ပါဝင်လက်မှတ်မထိုးတော့ချေ။

 

ထို့နောက် ၁၉၈၈ သြဂုတ်လ ၁၅ ရက်နေ့တွင် သခင်တင်မြထံသို့ သခင်အုန်းမြင့် (တိုးတက်ရေး) ရောက်ရှိလာပြီးဒေါ်အောင်ဆန်းစုကြည်၏ပန်ကြားချက်အကြောင်းပြောပြီးအကူအညီလိုကြောင်း ပြောပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထွေးမြင့်တို့နှစ်ဦး ပူးပေါင်းပြီး ဖြစ်ပွားနေသော သွေးထွက်သံယိုမှုများ ဆက်လက်မဖြစ်စေရေးနှင့် ဒီမိုကရေစီလူ့အခွင့်အရေးများအတွက် ညှိနှိုင်းဖြေရှင်းနိုင်ရေးအတွက် အစိုးရက ကြီးမှူးပြီး ပြည်သူ့အတိုင်ပင်ခံကွန်ဖရင့်တရပ် ခေါ်ယူပေးရန် ပန်ကြားလွှာ ထုတ်ခဲ့ကြောင်း၊ ယင်းပန်ကြားလွှာကို ဦးနု၊သမ္မတဟောင်းမန်းဝင်းမောင်၊ဦးညိုထွန်း၊ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုး တို့ ပါဝင်လက်မှတ်ထိုးပြီးကြောင်း ယခု ဦးထွေးမြင့်ကို ဆိုင်ရာမှ ထိန်းသိမ်းသွားသဖြင့် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း အကူအညီမဲ့ ဖြစ်နေသောကြောင့် သခင်တင်မြ ဝိုင်းကူလုပ်ပေးနိုင်မည်လားဟု မေးမြန်းခဲ့သည်။ ရခိုင်မှ ဦးစံသာကျော်နှင့် ဦးသာထွန်းတို့လည်း ပန်ကြားလွှာတွင် ပါဝင်လက်မှတ်ရေးထိုးထားကြောင်းပြောပြခဲ့သည်။ယင်းကိစ္စနှင့်ပတ် သက်၍ သခင်တင်မြသည် ဗိုလ်ရဲထွဋ်နှင့် သွားရောင် တိုင်ပင်ပြီးနောက် နောင်တွင် နိုင်ငံရေးပါတီ ထူထောင်ပြီး ရွေးကောက်ပွဲများ ဖြစ်ပေါ်လာပါက ၎င်းတို့နှစ်ဦး ပါဝင်ဆောင်ရွက်ခြင်း ပြုမည်မဟုတ်ကြောင်း၊ သဘောတူပါက ဝင်ရောက်ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။

 

ယင်းသဘောတူညီချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ သခင်တင်မြ ရောက်ရှိသွားခဲ့သည်။ သခင်တင်မြသည် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၆ ခုနှစ်က တကြိမ်သာ တွေ့ဆုံခဲ့ဖူးသည်ဟု ဆိုသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရေးသားပြုစုရန် အချက်အလက်များ စုဆောင်းနေရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော ကိုယ်တွေ့သိရှိချက်များကို မေးမြန်းရာမှ တွေ့ဆုံခဲ့ဖူးခြင်း ဖြစ်သည်။

 

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized, လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်