ဂျူနီယာ၏ မဟာသိပံ္ပ ခရီး

March 7, 2014

ဒေါက်တာခင်မောင်ဝင်း (သချာင်္)
မတ်လ ၇၊ ၂၀၁၄

 

ရန်ကုန်တက္ကသိုလ်တွင် သင်္ချာမဟာသိပံ္ပ သင်တန်းများကို ၁၉၆၀ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်က သင်္ချာပါမောက္ခ ဆရာဦးဘတုတ်က ဆရာများအား ဤသို့မှာကြားသည်။ “မြန်မာနိုင်ငံမှာ အခု လောလောဆယ် အမြင့်ဆုံး ပေးနိုင်တဲ့ ဘွဲ့က မဟာသိသိပ္ပံပဲ။ ဒါကြောင့်မမဟာသိပံ္ပ  ၀င်ခွင့်ရရှိဖို့ စစ်ဆေးရာမှာ သေချာစစ်ဆေးရမယ်။ နောက်ပြီး ၀င်ခွင့်ရရင် မဟာသိပံ္ပ  ဘွဲ့ရတာပဲဆိုတာ မဖြစ်ရအောင် တကယ်ထိုက် တန်တဲ့သူများကိုသာ ဒီဘွဲ့ပေးရမယ်။ ဒါကြောင့် ဒီနေရာမှာ ပေါ့ပေါ့တန်တန်၊ လျော့လျာ့ပေါ့ပေါ့ ဆိုတာကို လုံးဝမစဉ်းစားပါနဲ့။ တတယ်ကို ထိုက်တန်မှပဲ ပေးပါ’’

 

ထိုမူဝါဒအတိုင်း ကျင့်သုံးသည့်အတွက် ကျွန်တော်အလွန်လေးစားသော အချို့ဆရာများပင်လျှင် မဟာသိပံ္ပ  နောက်ဆုံးနှစ်တွင် နှစ်ခါကျ၍ ဘွဲ့မရလိုက်သူများရှိလေသည်။

 

ထိုအချိန်က ကျွန်တော်၏ ခြံထဲတွင် ဓမ္မာရုံတစ်ခုဆောင်လုပ်ထားပြီး နေ့စဉ် စွန်းလွန်းတရား အားထုတ်သူများလာကြသည်။ သင်္ကြန်ကဲ့သို့သော ရုံးပိတ်ရက်များတွင် လူယောဂီများနှင့် ဒုလ္လဘဘုန်းကြီး များပင်လျှင် ရက်ရှည်လာရောက်တရားအားထုတ်ကြသည်။ ထိုကဲ့သို့ ရက်ရှည်လာရောက်ကြသူများထဲ တွင် ဦးသိန်းညွန့်နှင့် သူ၏မိသားစုပါလာ၏။ ဤသည်ကား ဂျူနီယာ လူ့လောကထဲသို့ ရောက်လာရန် အကြောင်းတစ်ခု ဖြစ်လာလေသည်။ ဦးသိန်းညွန့်၏ မိသားစုထဲတွင် ပါလာသည်မှာ နောင်တွင် ဂျူနီယာ၏ မိခင်ဖြစ်မည့် ခင်ညွန့်ရီ (ခေါ်) တက္ကသိုလ်ရွှေရီဝင်းဖြစ်သည်။ သူသည် ဦးသိန်းညွန့်၏ သားသမီးရှစ် ယောက်ထဲမှ တတိယသမီးဖြစ်သည်။ သူ့အထက်တွင် အစ်ကိုနှစ်ယောက်သာရှိသဖြင့် သမီးလေးယောက် ထဲတွင် အကြီးဆုံးဖြစ်သည်။

 

ဂျူနီယာကို မွေးသောအခါ တစ်ယောက်တည်းမဟုတ်၊ သူနှင့်အတူ အမြွှာအစ်ကိုတစ်ယောက် ပါလာသည်။ သူတို့ အမြွှာမောင်နှမအပေါ်တွင် အဖေ၊ အမေနှင့် နှစ်ဖက်သော အဘိုးအဘွားများက အမျိုးမျိုး သော မျှော်မှန်းချက်များထားရှိကြသည်။ မျှော်မှန်းချက် ဆိုရာတွင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စာရေးဆရာ၊ ရာထူးကြီး စသည်တို့ကို မဆိုလိုပါ။ သူတို့သည် မည်သည့်နယ်ပယ်ထဲသို့ ရောက်စေကာမူ ကျွန်တော်၏ မိဘများက သူတို့ကို အင်္ဂလိပ်စာ တော်သူများ ဖြစ်စေလိုသည်။ ဂျူနီယာ၏ အဘိုးဦးသိန်းညွန့်သည် သူကိုယ်တိုင် သင်္ချာပါမောက္ခဦးနက်နှင့်အတူဂုဏ်ထူးတန်း (ပထမဆင့်) ကိုရရှိခဲ့သူ ဖြစ်သဖြင့် သူကဲ့သို့ သင်္ချာ တော်သူများ ဖြစ်စေလို သည်။ ကျွန်တော့် ဇနီးကမူ B.com (Accounting and Auditing) ဘွဲ့ရရှိသူ ဖြစ်သဖြင့် သူတို့အမြွှာ မောင်နှမထဲမှ တစ်ဦးသည် စီးပွားရေးပညာကို ၀ါသနာပါသူ ဖြစ်လာရန် မျှော်မှန်းသည်။ ကျွန်တော်ကမူ သူတို့ ဘာကိုပဲ လုပ်စေကာမူ သူတို့ဝါသနာပါ၍ ကြိုက်နှစ်သက်သော အလုပ်ဖြစ်စေရန်ကိုသာ မျှော်မှန်း သည်။

 

သူတို့မောင်နှမ ငါးတန်းသို့ရောက်သည့်နှစ်၊ လစဉ်စာမေးပွဲဖြေဆိုအပြီးတွင် ဂျူနီယာ၏ မမဟာသိပံ္ပခရီး စခဲ့သည်ဟုဆိုရမည်။ ထိုလစစ်စာမေးပွဲတွင် ဂျူနီယာသည် သင်္ချာကျသဖြင့် ကျွန်တော်သည်သူ၏ သင်္ချာဆရာမနှင့် သွားတွေ့ရသည်။ သူ့ဆရာမနှင့်တွေ့ပြီး ဂျူနီယာသင်္ချာကျရသည့် အကြောင်းရင်းကို သိရသောအခါ ဂျူနီယာ၏ မဟာသိပ္ပံခရီးစဉ်အတွက် အထောက်အကူဖြစ်မည့် အတွေးအခေါ်တစ်ခုကို ဂျူနီ ယာ စတင်၍ ရရှိသွားသည်ကို သတိပြုမိသည်။

 

ဂျူနီယာသင်္ချာကျရသည့်အကြောင်းမှာ ခြောက်ဆယ်ဒီဂရီနှင့် လေးဆယ့်ငါး ဒီဂရီရှိသော ထောင့်ကို ဆွဲခိုင်းသည့် ပုစ္ဆာကို ထောင့်တိုင်းကိရိယာဖြင့် ဆွဲသောကြောင့် အမှတ်မရရှိခြင်းဖြစ်သည်။ ဂျူနီယာ၏ အကြောင်းပြချက်မှာ ‘ထောင့်များကို ကွန်ပါနှင့်ပေတံသုံး၍ ဆွဲရမည်ဟု ပုစ္ဆာတွင် ရေးမထားသောကြောင့်’ ဟု ဆိုသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော်က ဤသို့ရှင်းပြသည်။ ‘ဒါကတော့ ပြောမထားဘဲ အလိုလို သိထားရမှာ’

 

ထိုအခါ ဂျူနီယာက ‘ဒီလိုဆိုရင် အခုလို အလိုလို သိထားရမယ်ဆိုတာတွေက ဘာတွေရှိသေးလဲ’ ဟု မေးသည်။

 

ဤမေးခွန်းကို သူကျေနပ်အောင် မဖြေနိုင်ခဲ့ပါ။ အကြောင်းမှာ ဤမေးခွန်းထဲတွင် သင်္ချာ၌အခြေခံ အကျဆုံးဖြစ်သည့် Axiomatic Method ၏ သဘောထားများပါနေသည်။ Axiomatic Method အကြောင်း ကို ရှင်းရလျှင် နောက်ထပ် ဆောင်းပါးတစ်ပုဒ် ဖြစ်သွားမည်ဖြစ်သဖြင့် အကျဉ်းကိုသာ ဖော်ပြရမည်။ မည်သည့်အရာများကို သိပြီးဟုယူဆရမည်နည်း၊ မည်သည့်အရာများသည် အဓိပ္ပါယ် သတ်မှတ်ချက် ဖြစ်သနည်း၊ မည်သည့်အဆိုများကို မှန်သည်ဟု ယူဆမည်နည်း၊ ထို့ကြောင့် ဘာဖြစ်လာမည်နည်းဟူသော အကြောင်းအရာများကို ထင်ထင်ရှားရှားဖော်ပြထားသော လေ့လာနည်းစနစ်သည် Axiomatic Method ဖြစ်သည်ဟု အကျဉ်းဖော်ပြနိုင်ပါသည်။

 

နောက်ပိုင်းတွင် ဂျူနီယာသည် သင်္ချာနှင့်ပတ်သက်၍ အတော်ဆုံးမဟုတ်သော်လည်း အလယ် အလတ်တန်းမှ လိုက်နိုင်သွားသည်။ သို့သော်ဆယ်တန်းရောက်သောနှစ်တွင် သမိုင်းဘာသာကြောင့် စာမေးပွဲကျမည့် အခြေဆိုက်ရောက်နေသည်။ ထို့ကြောင့် မိတ်ဆွေများမှတစ်ဆင့် စုံစမ်းပြီး သမိုင်းကျူရှင် ဆရာမတစ်ဦးထံ အပ်နှံခဲ့ရသည်။ သမိုင်းဆရာမ၏ သင်ကြားမှု၊ လေ့ကျင့်မှုကြောင့် သမိုင်းတစ်ဘာသာ တည်းကြောင့် စာမေးပွဲကျမည့် အန္တရာယ်ကြုံနေရသော ဂျူနီယာသည် သမိုင်းဂုဏ်ထူးဖြင့် ဆယ်တန်း အောင်မြင်ခဲ့သည်။

 

စာမေးပွဲဖြေနိုင်၍သာ သမိုင်းဂုဏ်ထူးထွက်သော်လည်း သူ၏၀ါသနာမှာ အမှတ်(70) သာရရှိသော သင်္ချာဖြစ်သည်။ ထို့ကြောင့် သချာင်္အထူးပြုဘာသာကို ယူခဲ့သည်။ ထိုအချိန်တွင် သူ၏အစ်ကိုသည် ရန်ကုန်စက်မှုတက္ကသိုလ် ၀င်ခွင့်ရရှိခဲ့သည်။

 

ပထမနှစ်အောင်ပြီး ဒုတိယနှစ်တက်သည့်အချိန်တွင် ဂျူနီယာသည် သူ၏အဖေသင်္ချာဆရာကြီး အပေါ် ယုံကြည်မှုနည်းပါးလာသည်။ ဤကိစ္စနှင့်ပတ်သက်၍ သူက ကျွန်တော့်အားမေးသည်။ ‘’ဖေဖေက အရေးကြီးတယ်လို့ ပြောတာတွေကို ကျောင်းမှာအမြဲတမ်းမသင်ဘဲ ကျော်သွားတာချည်းပဲ။ ဖေဖေက ဒါတွေအလကား၊ ကြည့်မနေနဲ့လို့ ပြောတာတွေကျရင် ကျောင်းမှာ သင်လဲသင်တယ်၊ ကျူတိုရီရယ်မှာလဲ မေးတယ်။ အဲဒါ ဘယ်လိုဖြစ်တာလဲ”

 

“ဒါကတော့ သမီးရယ် အဖေနဲ့ကျောင်းမှာသင်တဲ့ ဆရာတွေနဲ့ အယူအဆချင်း မတူလို့ပေါ့”

 

“ဒါဆိုရင် ဘယ်သူက မှန်သလဲ”

 

“အဲဒါက သမီးကိုယ့်ဥာဏ်နဲ့ ကိုယ်စဉ်းစား ဆုံးဖြတ်။ ကိုယ်ပိုင်တွေးခေါ်တတ်ဖို့၊ ကိုယ်တိုင် အမှား အမှန်ကို သိဖို့၊ အဲဒါ ပညာရေး (Education) ရဲ့ ရည်ရွယ်ချက်ပဲ။ တစ်ခုတော့ရှိတယ်၊ စာမေးပွဲအောင်ချင် ရင် စာမေးပွဲမှာ အမှတ်ရချင်ရင် ကျောင်းမှာသင်တဲ့ ဆရာတွေအကြိုက်ကိုပဲ လိုက်ရမယ်”

 

ဒုတိယနှစ်သည် ဂုဏ်ထူးတန်းဝင်ရန် ကြိုးစားရမည့်နှစ်ဖြစ်သည်။ ဂုဏ်ထူးတန်းတက်ခွင့်ရမှသာ မဟာ သိပ္ပံတက်ခွင့်ရမည်။ သို့ရာတွင် ဂျူနီယာသဘောပေါက်လာသည်မှာ သူ့ဖခင်သည် Ph.D ဘွဲ့ရ သင်္ချာဆရာကြီးဖြစ်သော်လည်း အဖေသင်ပေးသော တွေးခေါ်နည်း၊ စဉ်းစားဆင်ခြင်နည်းများသည် သူ၏ စာမေးပွဲရလဒ်အပေါ် မည်သို့မှ အထောက်အကူမဖြစ်နိုင်ဟူသော အချက်ဖြစ်သည်။ သူသည် ဒုတိယနှစ် စာမေးပွဲတွင် ဂုဏ်ထူးတန်းတက်ရောက်ခွင့်ရရှိသည့် အဆင့်မီခဲ့ခြင်းမှာ သူ့အဖေသင်ကြားပေးသော သင်္ချာ အတွေးအခေါ်များကြောင့် မဟုတ်ဘဲ ပုစ္ဆာများနှင့် အဖြေများကို အလွတ်ကျက်မှတ်၍ ရေးချနိုင်သော ကြောင့် ဖြစ်သည်။

 

ထို့ကြောင့် ဂျူနီယာက ကျွန်တော့်အားမေးသည် ‘ဖေဖေ သင်ပေးတဲ့ သင်္ချာအတွေးအခေါ် အယူ အဆတွေဟာ အခုထိတော့ ဘာမှအသုံးမ၀င်သေးဘူး။ ဘယ်တော့ ဒါတွေဟာ အသုံးဝင်မှာလဲ’

 

“ဂုဏ်ထူးတန်းတို့၊ မဟာသိပ္ပံအတန်းတို့ တက်တဲ့အခါမှာ ဒါတွေတန်ဖိုးရှိကြောင်းလဲ ပိုသိမယ်၊ တကယ်လဲ အသုံးဝင်လာပါလိမ့်မယ်” ဟု ကျွန်တော်က ပြန်ဖြေလိုက်သည်။

 

ဂုဏ်ထူးတန်းနှင့် မဟာ သိပ္ပံအတန်းများ တက်သောအခါ ကျွန်တော်သင်ကြားပေးသော သင်္ချာ အတွေးအခေါ်များ၏ တန်ဖိုးကို သိရှိလာသည်မှာ မှန်သော်လည်း စာမေးပွဲအတွက် အသုံးဝင်မှုမှာမူကား ယခင်ကနှင့် ထူးမခြားနားသာဖြစ်လေသည်။ ဂျူနီယာတွင် စာမေးပွဲတွင် အလွတ်ကျက်မှတ်၍ ၏သည်မရွေး ပြန်ရေးနိုင်သူများကို ဘယ်တော့မှမကျော်နိုင်ပါ။ ဤသို့နှင့် မဟာသိပ္ပံ ပထမနှစ်အောင်မြင်ပြီး ကျမ်းပြုစု သည့်အချိန်ရောက်လာတော့သည်။

 

ဤသည်ကား အဖေသင်ကြားပေးထားသော သင်္ချာအတွေးအခေါ်များကို မှတ်ကျောက်တင်ရမည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ ယင်းမှတ်ကျောက်တင်ပွဲကြီးသည် မည်ကဲ့သို့ အဆုံးသတ်သွားသနည်း။ ဤကိစ္စကို ယခုဆက်လက်ဖော်ပြပါမည်။

 

ဂျူနီယာသည် မဟာသိပ္ပံ ကျမ်းပြုစုရန်အတွက် နှစ်နှစ်နီးပါး အချိန်ကုန်ခဲ့ရသည်။ ကျမ်းပြုစုရန် အတွက် စတင်ပြင်ဆင်စဉ်က ကျွန်တော့်အားမေးသည်။ ‘ မဟာသိပ္ပံ ကျမ်းရေးတာ နှစ်နှစ်တောင်ကြာသလား’ ကျွန်တော်က ‘ကျမ်းပြုစုတာကတော့ နှစ်နှစ်မကြာပါ ဘူး သမီးရယ်။ နှစ်လလောက်ပဲ ကြာပါတယ်’ ဟု ပြန်ဖြေသည်။

 

“ဒီလိုဆို သမီး နောက်နှစ်လကြာရင် မဟာသိပ္ပံ ဘွဲ.ရတော့မှာပေါ့’’

 

‘’ဒီလိုတော့မဟုတ်ဘူး။ ကျမ်းရေးသားတာ နှစ်လကြာတယ်။ ကျမ်းမရေးသားခင် လိုအပ်တဲ့ အခြေခံတွေကို သင်ကြားစုဆောင်းတာက တစ်နှစ်နဲ့ဆယ်လကြာတယ်”

 

လက်တွေ့လုပ်ဆောင်သောအခါ ဤအတိုင်းနီးပါးဖြစ်သည်ကို ဂျူနိယာကိုယ်တိုင်မြင်တွေ့ခဲ့ရ သည်။ ၁၉၉၅ခု၊ မေလတွင် မဟာသိပ္ပံကျမ်းအတွက် အခြေခံများသင်ကြားစုဆောင်းရာ ၁၉၉၆ခု၊ ဒီဇင်ဘာ တွင် ကျမ်းကိုစတင်ရေးရသည်။ ကျမ်းပြီးစီးသည့် အချိန်မှာ ၁၉၉၇ခု၊ ဖေဖော်ဝါရီဖြစ်၍ နှစ်နှစ်ပြည့်ရန် နှစ်လ သာလိုတော့သည်။

 

မဟာသိပ္ပံကျမ်းကို တင်သွင်းမည့်နေ့၊ နှုတ်မေးစာမေးပွဲဖြေဆိုရမည့် ရက်နီးလာလေပြီ။ ဂျူနီယာ သည် သူ့ဖခင်ပြောသော စကားများကို ကြားယောက်လျက်ရှိသည်။

 

“ဖေဖေက အခြားနိုင်ငံတွေ ဘယ်လိုလုပ်တယ်ဆိုတာတော့မသိဘူး။ ပြင်သစ်မှာ ဖေဖေတို့ပါရဂူ ဘွဲ့ကျမ်းစစ်ဆေးတာနဲ့ ပတ်သက်လို့တော့ ပြောပြနိုင်တယ်။ ကျမ်းတစ်ခုကို စစ်ဆေးတဲ့အခါမှာ စာစစ်အဖွဲ့ရဲ့ ဥက္ကဌက ပါမောက္ခ၊ အဖွဲ့ဝင်တွေထဲမှာ ပြင်ပစာစစ်၊ ကြီးကြပ်သူနဲ့ ဌာနကကိုယ်စားလှယ် တစ်ဦးပါတယ်။ ကျမ်းစစ်ဆေးပြီး နှုတ်မေးစာမေးပွဲကို အခန်းကျယ်တစ်ခုမှာ ကျင်းပတယ်။ အကြောင်း ကတော့ အခြားဆရာ၊ ဆရာမတွေနဲ့ စိတ်ဝင်စားသူအားလုံး လာရောက်နားထောင်ဖို့ပဲ။ ကြော်ငြာ သင်ပုန်းမှာလည်း ဘယ်နေ့၊ ဘယ်သူ၊ ဘယ်သာသာရပ်၊ ဘယ်ခေါင်းစဉ်ကို ကျမ်းတင်သွင်းမယ်၊ စိတ်ဝင် စားသူအားလုံး တက်နိုင်တယ်ဆိုပြီး စာကပ်ထားတယ်။ ကျမ်းနဲ့ပတ်သက်လို့ ကျမ်းပြုစုသူက ရှင်းပြပြီးရင် စာစစ်အဖွဲ့ကမေးတယ်။ ပြီးတော့လာနားထောင်တဲ့ ပရိသတ်ထဲက မေးနိုင်တယ်။ ပြီးတဲ့အခါမှာ စာစစ်အဖွဲ့ က အခြားအခန်းမှာသွားပြီး အစည်းအဝေးလုပ်တယ်။ ပြီးရင် ကျမ်းနဲ့ပတ်သက်လို့ အချက်သုံးချက်အပေါ်မှ စာစစ်အဖွဲ့ရဲ့သဘောထားကို ကြေညာတယ်။ အဲဒီအချက်သုံးချက်က ကျမ်း၏အရေးအသား၊ ကျမ်းနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြချင်၊ ပြီးတော့ မေးခွန်းများကို ဖြေကြားပုံ အဲဒီအချက်သုံးချက်အပေါ်မှာ စာစစ် အဖွဲ့ရဲ့သဘောထားကို  ကြေညာပြီး အားလုံးအပေါ် ခြုံငုံသုံးသပ်ချက် ပြီးတော့မှ ဘယ်အဆင့်နဲ့ အောင်တယ်ဆိုတာကို ကြေညာတယ်။

 

ဒါဆိုရင် ကျမ်းတင်သွင်းပြီး မအောင်တဲ့လူမရှိဘူးလားလို့ မေးစရာရှိတယ်။ အဲဒါလိုတော့ မရှိဘူး။ ဒါပေမယ့်အဆင့်သတ်မှတ်တဲ့နေရာမှာ ကွာသွားတယ်။ အကယ်၍ ကျမ်းတစ်ခုဟာ အရေးအသားလဲ မကောင်း၊ အမှားတွေလဲများ၊ ရှင်းပြရာမှာလဲ ညံ့၊ မေးခွန်းတွေကိုလဲ မဖြေနိုင်ဖြစ်ခဲ့ရင် အဲဒီအတိုင်း သုံးသပ် ချက်ကို ကြေညာတယ်။ နောက်ပြီး အဆုံးသတ်ကျတော့ ကျောင်းသားကို အောက်ဆုံးအဆင့်နဲ့ အအောင် ပေးလိုက်ကြောင်း ကြေညာလိုက်တာပဲ။ ဒါမျိုးတွေလဲ ရှိခဲ့ဖူးတယ်လို့ သူငယ်ချင်းတွေက ပြောတယ်

 

မြန်မာနိုင်ငံမှာ မဟာသိပ္ပံကျမ်းစစ်ဆေးရာမှာ စာစစ်အဖွဲ့ ဖွဲ့ပုံဖွဲ့နည်းက အတူတူ ဖြစ်တယ်။ သို့ပေမယ့် ကျမ်းအရေးအသား၊ ပြောဆိုတင်ပြချက်၊ မေးခွန်းများဖြေကြားချက်နဲ့ ပတ်သက်လို့ တော့ တရားဝင်ကြေညာခြင်းမရှိဘူး။ စာစစ်အဖွဲ့က လျှို့ဝှက်အစည်းအဝေးလုပ်ပြီး အောင်မြင်တဲ့ အဆင့်ကိုသတ်မှတ်တယ်။

 

“ဒီတော့ သမီးရဲ့အောင်မြင်တဲ့အဆင့်ဟာ ပြောဆိုတင်ပြချက်နဲ့ မေးခွန်းများ ဖြေတဲ့အပေါ် မှာ အများကြီးတည်နေတယ်”

 

ဂျူနီယာ၏ ဘကြီးသည် ဆေးသုတေသနဌာန၏ ညွှန်ကြားရေးမှူးဖြစ်၏။ သူကိုယ်တိုင် သည် ဆေးတက္ကသိုလ်တွင် မဟာသိပ္ပံ (ခန္တာဗဒ) ကျမ်းပြုစုခဲ့သူဖြစ်ပြီး၊ ယခုအခါတွင် ဆေးတက္ကသိုလ် (၁)(၂)တို့တွင် ပြင်ပစာစစ်အဖြစ် မကြာ မကြာ ဆောင်ရွက်ရသူ၊ ရန်ကုန်တက္ကသိုလ် သတ္တဗေဒ မဟာသိပ္ပံကျမ်းစစ်ဆေးသည့်အခါ ပြင်ပစာစစ်အဖြစ် လာရောက်ရသူတစ်ဦးဖြစ်သည်။ သူကလည်း ဂျူနီယာကို ဤသို့မှာကြားသည်။ ‘သမီး တစ်ခုသတိထားရမှာက ကိုယ့်အနေနဲ့ ကိုယ်လုပ်ထားတဲ့ ဘာသာရပ်၊ ကိုယ်လေ့လာထားတဲ့နည်းကို သေချာသိတယ်။ သို့ပေမယ့် ဒီလိုမတွက်ဘဲ အခြားနည်းနဲ့ တွက်လို့မရဘူးလားဆိုတဲ့ မေးခွန်းမျိုးတွေ၊ ကိုယ့်ဘာသာမဟုတ်သော်လည်း အဲဒါနဲ့ ဆက်စပ်နေတဲ့ မေးခွန်းတွေ၊ နောက်ပြီးတော့ ဒီကျမ်းရေးသားရာမှာ မသိမဖြစ်တဲ့ အခြေခံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေနိုင်အောင် သတိထား။ စဉ်းစားကြည့်လေ၊ ကျမ်းကြီးကိုတော့ ကြီးကြီးကျယ်ကျယ်ရေးထားပါရဲ့၊ ဒါပေမယ့် ဒီကျမ်းရေးဖို့အတွက် သိရမယ့် အခြေခံတွေကို မသိဘူးဆိုရင် ဘယ်လိုထင်ကြမလဲ’

 

ဂျူနီယာသည် သူ၏ကျမ်းနှင့်ပတ်သက်၍ သူ့အစွမ်းရှိသရွေ့ ပြင်ဆင်ထားသည်။ ဤသို့နှင့် သူ၏ မဟာသိပံ္ပကျမ်းတင်သွင်းရမည့်နေ့ကို ရောက်လာသည်။ သူ၏ကျမ်းကို သင်္ချာဌာနရှိ အခန်း(၁၀၆) ခေါ် စာသင်ခန်းတွင် တင်သွင်းရမည်ဖြစ်သည်။ စာစစ်အဖွဲ့အပြင် အခြားသော စိတ်ဝင်စားသည့် ဆရာ၊ ဆရာမ များလည်း လာရောက်နားထောင်ကြသည်။ ၄င်းပြင်သူ၏ သူငယ်ချင်းများလည်း လာရောက်အားပေးသည့် အနေဖြင့် နားထောင်ကြသည်။ နှုတ်မေးစာမေးပွဲတွင် အားလုံးရှေ့ဖြေနိုင်၍ ဂုဏ်ယူရမည်လော၊ မဖြေနိုင်၍ အရှက်ကွဲမည်လော သူကြို၍ မသိပါ။

 

ဂျူနီယာသည် သူ၏ကျမ်းနှင့်ပတ်သက်၍ ဤသို့အစချီ၍ ပြောလိုက်သည်။

 

“ကျွန်မရဲ့ ကျမ်းအမည်က Variational Method in Functional Equation ဖြစ်ပါတယ်။ ဒီနေရာမှာ Functional Equation ဆိုတာ ကျွန်မတို့ သင်ခဲ့ဖူးတဲ့ အက္ခရာသင်္ချာညီမျှခြင်းတွေ၊ ပြီးတော့ ကဲကုလမှာ သင်ရတဲ့ ဒင်ဖရင်ရှယ် ညီမျှခြင်း၊ အင်တီဂရယ် ညီမျှခြင်းတွေပဲ ဖြစ်ပါတယ်။ ဒီကျမ်းမှာ အဓိကထား လေ့လာထားတာက ညီမျှခြင်း ရှင်းနည်းတစ်ခုဖြစ်တဲ့ Variational Method ဖြစ်ပါတယ်။ အဲဒီနည်းဟာ အခြားနည်းတွေနဲ့ ဘယ်လိုကွာခြားပါသလဲ။ ကျွန်မတို့ သင်ခဲ့ဖူးတဲ့ အခြားနည်းတွေဟာ ညီမျှခြင်းရဲ့ အဖြေကို တိတိကျကျရှာတဲ့နည်းတွေဖြစ်ပါတယ်။ Variational Method ကတော့ အဖြေကို ခန့်မှန်းတဲ့ နည်းဖြစ်ပါတယ်။ ခန့်မှန်းတယ်ဆိုကတည်းက တိတိကျကျမှန်ချင်မှ မှန်ပါလိမ့်မယ်။ ဒါကြောင့် ဒီနည်းဟာ အဖြေကို တိတိကျကျမသိနိုင်တဲ့ ညီမျှခြင်းတွေအတွက် အထူးအသုံးဝင်ပါတယ်။

ဒီကျမ်းထဲမှာ အဖြေကို အခြားနည်းနဲ့ သိပြီးသားဖြစ်တဲ့ ညီမျှခြင်းရဲ့ အဖြေကို Variational Method နဲ့ ခန့်မှန်းပြထားပါတယ်။ အကြောင်းကတော့ အကယ်၍အဖြေကိုသာ မသိခဲ့ရင် ဒီနည်းနဲ့ ခန့်မှန်းတာ ဟာ ဘယ်လောက်ထိရောက်မှုရှိသလဲ ဘယ်လောက်နီးစပ်သလဲဆိုတာကို နှိုင်းယှဉ်ကြည့်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားအဖြေမသိတဲ့ ညီမျှခြင်းတွေကိုလဲ Variational Method သုံးပြီး တွက်ပြထားပါတယ်”

 

ဤသို့အစချီပြီး သူ၏ကျမ်းကို နာရီဝက်လောက်နှင့်ပြီးအောင် လိုရင်းအချက်များကို ပြောသွား သည်။ သူပြောပြီးသောအခါ စာစစ်အဖွဲ့၏ မေးခွန်းများကို စောင့်နေခဲသည်။

 

ပြင်ပစာစစ်က ‘ဒစ်ဖရင်ရှယ် ညီမျှခြင်း ပုစ္ဆာမှာ လေးထောင့်ပုံရဲ့ အနားတွေပေါ်မှာ ယူပြီးတွက်ထား တယ်။ လေးထောင့်ပုံမဟုတ်ဘဲ အ၀ိုင်းပုံဖြစ်ရင် တွက်လို့ရသလား’ ဟုမေးသည်။

 

ဂျူနီယာက ‘ရပါတယ်’ ဟု ပြောပြီး  နောက်လာနိုင်မည့် မေးခွန်းများကို စောင့်နေသည်။ အ၀ိုင်းပုံ ဟူသည်မှာ အမျိုးမျိုးရှိ၏။ စက်ဝိုင်း၊ အီးလစ်နှင့် ဗဟိုအမျိုးမျိုး၊ အချင်းဝက်အမျိုးမျိုးတို့ ရှိကြသည်။ ညီမျှခြင်းအပေါ်မူတည်၍ တွက်ပုံတွက်နည်း အမျိုးမျိုးရှိသည်။ ဂျူနီယာသည် ယင်းပုံအမျိုးမျိုးတို့အပေါ်တွင် တွက်ထားသည်။ အကယ်၍ ဟောဒီပုံမျိုးအတွက်ဆိုရင် ဘယ်လိုတွက်မလဲဟု မေးခဲ့လျှင် သူတတ်သမျှ တွက်ပြရန် ပြင်ဆင်ထားသည်။ သို့သော် နောက်ထပ်မေးခွန်းများ ထွက်ပေါ်မလာပါ။ ပြင်ပစာစစ်က အခြား စာစစ်အဖွဲ့ဝင်များဘက်သို့လှည့်ပြီး ‘ဆရာတို့ မေးစရာရှိရင် မေးကြပါ’ ဟုပြောလိုက်သည်။

 

ဒီလိုဆက်မမေးမှန်း သိလျှင် ဂျူနီယာသည် သူသိသောအ၀ိုင်းပုံနှင့် ညီမျှခြင်းကို ရေးပြပြီး ဟောဒီ ပုံအတွက် ဟောဒီလို တွက်ပါတယ်ဟု သူကပဲ စပြီးရှင်းပြလိုက်ပါတယ်။ အခုတော့ ဘာလုပ်ရမှန်းတောင် မသိတော့။ ပြင်ပစာစစ်က ဘာမှမမေးတော့လည်း အခြားစာစစ် အဖွဲ့ဝင်များက မေးစရာတွေ ရှိမှာပါဟု မျှော်လင့်၍ စောင့်နေသည်။

 

စာစစ်အဖွဲ့ဝင် တစ်ဦးက ကျမ်းကြီးကြပ်သူထံသို့ လှည့်၍ ဤသို့ပြောလိုက်သည်။ ‘ဒီညီမျှခြင်းမှာ အဖြေရှိတယ်လို့ ရေးထားတာ တွေ့ရပါတယ်။ ဒါဟာ မပြည့်စုံပါဘူး။ တစ်ခုတည်းပဲရှိတယ်လို့ ပြောရမယ် မဟုတ်လား’

 

ကြီးကြပ်သူက ‘ဟုတ်ပါတယ်’ ဟု ပြောလိုက်သည်။ ဂျူနီယာသည် သူ့အားမမေးသော်လည်း ၀င်၍ ပြောလိုက်သည်။ ‘ဒါက တစ်ခုတည်းပဲ ရှိတယ်ဆိုတာ သိသာထင်ရှားပါတယ်’

 

အကယ်၍ ဘာကြောင့် သိသာထင်ရှားတာလဲ၊ ဘယ်လိုလုပ် သက်သေပြနိုင်သလဲစသော မေးခွန်း များ ဆက်တိုက်ထွက်ပေါ်လာလျှင် ဂျူနီယာက ဖြေရန် အသင့်ပြင်ထားသည်။ သို့သော် ဘာမှဆက်မမေး ဘဲ ပြီးသွားပြန်သည်။

 

ခဏကြာသော် အခြားစာစစ်အဖွဲ့ဝင်တစ်ဦးက “ဒီကျမ်းရိုက်တဲ့ဆီမှာ အချို့စာလုံးတွေက မတည့် ဘဲ စောင်းနေတယ်။ နောက်ပြီး Full stop တွေဟာ သိပ်မထင်ဘူး။ Capital letter ရိုက်ရမှာ Small letter တွေဖြစ်နေတယ်” ဟု မှတ်ချက်ချလိုက်သည်။

 

“ဟုတ်ကဲ့ ဒါတွေကို ပြင်လိုက်ပါ့မယ်” ဟု ဂျူနီယာက ပြောပြီး ဤကျမ်းစစ်ဆေးသည့် နှုတ်မေး စာမေးပွဲ ပြီးသွားတော့သည်။

 

ဂျူနီယာနှင့် နားထောင်နေသူများအားလုံး အံ့သြသွားကြသည်။ ဟိုတစ်နေ့က မဟာသိပ္ပံကျမ်းတင် သည့်  ကျောင်းသူတစ်ဦးကို စာစစ်အဖွဲ့က နှစ်နာရီနီးပါလောက် ၀ိုင်းမေးကြသည်ဟု ကြားရသည်။ ယခုတော့ ဘယ်လိုလဲ၊ ငါးမိနစ်လောက်အတွင်း ဘာမှမမေးဘဲ ပြီးသွားပါလား။ သို့ဖြစ်လျှင် အမေးအဖြေ လုပ်သည့်အပေါ်မည်ကဲ့သို့ အကဲဖြတ်မည်နည်း။

 

ထို့ကြောင့် ဂျူနီယာသည် တစ်ပတ်ကြာသောအခါ ဤကျမ်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲ seminar တစ်ခုလုပ်ရန် ပါမောက္ခအား ခွင့်တောင်းခဲ့သည်။ ပါမောက္ခကလည်း အလွယ်ကတူခွင့်ပြုခဲ့သည်။

 

တစ်ပတ်အကြာတွင် ပြုလုပ်သောဆွေးနွေးပွဲ seminar တွင် စိတ်ဝင်စားသည့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအပြင် အထူးဧည့်သည်အဖြစ် သူ၏ကျမ်းကို ရေးသားပြုစုရာတွင် ကိုးကား သော ကျမ်းများကို ရေးသားခဲ့သော ဆရာ၊ ဆရာမများကို ဖိတ်ကြားခဲ့သည်။

 

ဂျူနီယာသည် သင်္ချာ ဆွေးနွေးပွဲ seminar ကို ဤသို့ အစချီ၍ ပြောကြားခဲ့သည်။

 

“ကျွန်မရဲ့ မဟာသိပ္ပံကျမ်းက Variational Method ခေါ်တဲ့ ညီမျှခြင်းဖြေရှင်းနည်းဖြစ်ပါတယ်။ အခု Seminar မှာတော့ အဲဒီနည်းနဲ့ နှိုင်းယှဉ်လို့ရအောင် အခြားနှစ်နည်းဖြစ်တဲ့ Silony’s Mehtod နဲ့ (I+T)-1 Method တို့ကိုပါ ထည့်သွင်းတင်ပြပါ့မယ်။ ဒီကျမ်းကို ရေးသားပြုစုရာမှာ ကိုးကားရတဲ့ ကျမ်းတွေကို ရေးသားပြုစုခဲ့တဲ့ ဆရာ၊ ဆရာမများဖြစ်ကြတဲ့ ဦးကြီးမြင့်၊ ဒေါ်စိန်စိန်ဌေး၊ ဒေါ်ကြည်ကြည်သန်း နဲ့ ဦးဦးကြည် တို့ကို ကျေးဇူးတင်ရှိကြောင်း ရှေးဦးစွာ ပြောလိုပါတယ်”

 

ဂျူနီယာပြောဆိုခဲ့သော အကြောင်းအရာများအပေါ် ဖိတ်ကြားထားသော အငြိမ်းစားပါမောက္ခ ဆရာကြီးတစ်ဦးက ဤသို့မေးမြန်းသည်။

“ဒီစာတမ်းထဲမှာ ကွင်းအချွန်လေးကို သုံးထားတဲ့နေရာတွေ တွေ့ရပါတယ်။ <Tu,v>, <f, v>, <W1,W2> စသည်တို့ပေါ့။ အဲဒါတွေဟာ တစ်နေရာနဲ့ တစ်နေရာ အဓိပ္ပယ်တူသလား၊ မတူဘူးလား”

 

“မတူပါဘူး ဆရာ”

“ဒီလိုဆို ဘယ်လိုမတူတာလဲ၊ ရှင်းပြပါ”

 

“အချို့နေရာမှာ ဖန်ရှင်ရဲ့ တန်ဖိုးလို့ အဓိပ္ပယ်ရပါတယ်၊ အချို့နေရာမှာ ဖက်တာနှစ်ခုရဲ့ အတွင်း မြေ§ာက်လဒ် ဖြစ်ပါတယ်။ အချို့နေရာမှာတော့ ဖန်ရှင်နှစ်ခု မြှောက်ပြီး အင်တီဂရိတ် လုပ်တာဖြစ်ပါတယ်”

 

“ဒီလို မတူတာတွေကို မင်းက သင်္ကေတ တစ်မျိုးတည်းသုံးထားတော့ ရောမကုန်ဘူးလား။ စာဖတ် တဲ့သူက ဘယ်လိုသိမှာလဲ”

“ဒါကတော့ စာဖတ်တဲ့လူအနေနဲ့ ဖတ်တတ်ရင် အလိုလိုသိနိုင်ပါတယ်”

 

“အေး မင်းက ဒီလိုပဲ ဖြေမယ်ဆိုတာ ငါထင်သားပဲ။ တကယ်တော့ ဒီလိုမဟုတ်ဘူး။ သင်္ချာမှာ အချို့အရာတွေဟာ တူသော်လည်း တကယ်ကျတော့ မတူတာတွေရှိသလို အပေါ်ယံကြည့်လိုက်ရင် မတူဘူး ထင်ရပေမယ့် အတွင်းသဘောအရတူတာတွေရှိတယ်။ အခုဒီကျမ်းမှာ သုံးထားတဲ့ Hlilbert Space, Dual Pairing Inner Product တို့ဟာ အဲဒီလို ဖြစ်နေတာ” ဟူ၍ အစချီကာ ရှင်းပြလေသည်။

ထိုဆရာကြီး၏ ဆက်လက်ရှင်းပြချက်မှာ Reflexive Space, Dual Space, Isomorphism အစ ရှိသော သင်္ချာဝေါဟာရများနှင့် ပြည့်နေလေရာ မူရင်းအတိုင်း ဖော်ပြ၍ မဖြစ်နိုင်ပါ။ သို့ဖြစ်၍ သာမန်အရပ် သားများ နားလည်သည့် စကားလုံးများဖြင့် ဖော်ပြလိုက်ပါသည်။

“ဥပမာ ဆိုကြပါစို့။ ရန်ကုန်တက္ကသိုလ် သင်္ချာဌာန ဘယ်မှာလဲလို့ မေးရင် ရန်ကုန်တက္ကသိုလ်က သိပ္ပံအဆောက်အအုံတွေထဲက တောင်ဘက်အစွန်း၊ အလယ်ထပ်ကိုပြမှာပေါ့။ သင်္ချာဌာနက ဆရာ တစ်ယောက်ဟာ သင်္ချာဌာနနဲ့ အတူပဲလားလို့မေးရင် ဘယ်လိုဖြေမလဲ၊ သာမန်အားဖြင့် မတူဘူးပေါ့။ ဌာန က တခြား၊ ဆရာကတခြားပဲ။ ဒါပေမယ့်ကွာ အစည်းအဝေးတစ်ခုကို သင်္ချာဌာနက ကိုယ်စားလှယ်တစ်ဦး လွှတ်ပါဆိုလို့ ပါမောက္ခက ဆရာတစ်ယောက်ကို တာဝန်နဲ့လွှတ်လိုက်တယ်ဆိုပါတော့။ ဒီလိုဆို ဘာဖြစ် သွားမလဲ။ အဲဒီဆရာဟာ သင်္ချာဌာနကို ကိုယ်စားပြုတဲ့လူဖြစ်သွားတယ်။ သင်္ချာဌာန လာပြီလားလို့မေးရင် ဒီဆရာကိုပြပြီး လာပါပြီလို့ ဖြေရမှာပေါ့၊ အဲဒီအခါမှာ ဒီဆရာနဲ့ သင်္ချာဌာန အတူတူပဲပေါ့”

 

ဂျူနီယာ၏အဖြေမပြည့်စုံသောအခါ ဤသို့ရှင်းပြလိုက်၊ ထပ်မေးလိုက် အပြန်ပြန် အလှန်လှန် ဆွေးနွေးလိုက်နှင့် နှစ်နာရီလောက် ကြာသွားလေသည်။

 

ဤဆွေးနွေးပွဲ seminar သည် ဂျူနီယာအတွက်သာမက လာရောက်နားထောင်သူများအတွက်ပါ ပညာဗဟုသုတရသော ပွဲတစ်ခုဖြစ်ခဲ့ပါသည်။

ဒေါက်တာခင်မောင်ဝင်း
(၁၉၉၇ စက်တင်ဘာ အမှတ်၁၂၈၊ အတွေးအမြင်မဂ္ဂဇင်း )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်