မတ်လသမိုင်း

March 7, 2014

သန်းဝင်းလှိုင်

မတ်လ ၇၊ ၂၀၁၄

 

မတ်လသည် ကမ္ဘာ့ပြက္ခဒိန်တွင် တတိယမြောက်လ ဖြစ်သည်။ စစ်ပွဲများကို အစိုးရသည်ဟု ရောမလူမျိုးတို့ ယုံကြည်သော အင်္ဂါဂြိုဟ်နတ်သား “မားစ်” (Mars) ကို ဂုဏ်ပြုသောအားဖြင့် “မတ်လ” (March) ဟု မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။

 

ရှေးရောမပြက္ခဒိန်တွင် မတ်လသည် ပထမမြောက်လအဖြစ် ဘီစီ ၁၅၃ အထိ တည်ရှိခဲ့သည်။ ဂျူလီယက်ဆီဇာက ပြက္ခဒိန်ကို ပြန်လည်ရေးဆွဲစေသောအခါ မတ်လသည် တတိယမြောက် အဖြစ်သို့ ရောက်ရှိသွားခဲ့လေသည်။ သို့ရာတွင် နှစ်ပေါင်း အတန်ကြာသည်အထိ ဥရောပနိုင်ငံများက မတ်လကိုပင် ပြက္ခဒိန်၏ ပထမမြောက်လအဖြစ် ရေတွက်နေခဲ့သေးသည် ဟု ဆိုသည်။ အင်္ဂလန်ပြည်တွင် ၁၇ဝဝ ပြည့် လွန်နှစ် ရောက်မှသာလျှင် မတ်လကို တတိယမြောက်လအဖြစ် ပြောင်းလဲရေတွက်ခဲ့လေသည်။

 

မတ်လ၏ မွေးနံကျောက်မျက်မှာ “စလင်းပြာ” ခေါ် “မြပြာ” ကျောက်နှင့် “နဂါးသွဲ့” ကျောက်မျက်တို့ ဖြစ်ပြီး၊ ဝိသေသပန်းကား ဗိုင်အိုလက်ပန်း ဖြစ်လေသည်။

 

မြန်မာ့သမိုင်း၌ မတ်လအတွင်း ဖြစ်ပွားခဲ့သော အထင်ကရ ဖြစ်ရပ်များမှာ –

 

၁၁၈၆ မတ် ၁

နရပတိစည်သူမင်းကြီး၏ မိဘုရား ဝေဠုဝတီသည် နားတောင်းတပ်ဘုရား၌ မြေ ၇၆၆ ယာ၊ ကျွန် ၂ဝ၊ နွား ၁ဝဝ လှူသည်။

 

၁၄၁၆ မတ် ၁

ရာဇဓိရာဇ်နှင့် မင်းရဲကျော်စွာတို့ ဒလတွင် စစ်ခင်းကြရာ မင်းရဲကျော်စွာ ကျဆုံးသည်။

 

၁၄၅၅ မတ် ၂၅

ရခိုင်ဘုရင် အလိခင်နှင့် မြန်မာဘုရင် နရပတိတို့သည် အတူတကွ မဟာမိတ်ဖွဲ့၍ နိုင်ငံအပိုင်းအခြား သတ်မှတ်သည်။ ဘိုးခေါင်တောင်ရိုးအရှေ့ရှိ ရေကျကို ရတနာပူရနိုင်ငံ၊ ဘိုးခေါင်တောင်ရိုး အနောက်ရှိ ရေကျကို ဓညဝတီနိုင်ငံ ဟူ၍ ပိုင်းခြားသည်။

 

၁၅၂၆ မတ် ၂၄

မိုးညှင်းစလုံလည်း ဟန်လင်းမှ စစ်ကိုင်းသို့ ချီလာ၍ ဖောင်ပန်းလုပ်ပြီး ကျောက်တစ်လုံးမှ ကူးကာ အင်းဝမြို့ကို လုပ်ကြံသည်။ ရွှေနန်းရှင် နရပတိလည်း ကုန်းဘောင်စော်ဘွား မရောက်သေး၍ အမြှောက်သေနတ် မြို့ထိပ်ဝန်းကျင် စီစဉ်ခံသည်။ မြို့ကို ဝန်းရံကာ ၈ ရက် ရှိလျှင် မိုးညှင်းစလုံတပ်များမှာ မြို့ကို တူးကြသကဲ့သို့ အချို့မှာ မြို့ကို လှေကားထောင်၍ တက်ကြသည်။ ရွှေနန်းရှင် နရပတိလည်း ရွှေစာတိုင် ဟူသော ဆင်ကိုစီး၍ မြို့တံခါးဖွင့် ထွက်တိုက်သည်။ မိုးညှင်းစလုံသား သိုဟန်ဘွား ဆင်နှင့် စံလာသည်ကို လိုက်ရာ ဆင်ဦးတွင် အမြောက်မှန်၍ နတ်ပြည်စံသည်။

 

၁၅၄၈ မတ် ၂၁

မင်းတရားရွှေထီး ယိုးဒယားသို့ ချီတက်တိုက်ခိုက်ရာ ကမန်ပိုက်မှာပင် ယိုးဒယားမင်း၏ သမက်နှင့် ညီတော်တို့ ကိုရ၍ တိုက်ပွဲ ပြီးဆုံးသည်။

 

၁၅၅၂ မတ် ၁၂

ဘုရင့်နောင်သည် ရေကြောင်း၊ ကြည်းကြောင်းဖြင့် ဟံသာဝတီသို့ ချီသည်။

 

၁၅၅၇ မတ် ၆

ဘုရင့်နောင် မိုးညှင်းကို သိမ်းပိုက်အောင်မြင်သည်။

 

၁၅၆၈ မတ် ၁၆

ဘုရင့်နောင်သည် ကမ္ဗောဇသာဒီ နန်းတော်သစ်တွင် ဘိသိက်ခံသည်။

 

၁၅၈၀ မတ် ၃

ဘုရင့်နောင် မင်းတရားသည် ညီတော်ပြည်ဘုရင်၊ တောင်ငူဘုရင်၊ သမက်တော် အင်းဝဘုရင်တို့ကို ဧကရာဇ် အဆောင်အယောင်များ ပေးအပ်သည်။

 

၁၅၉၆ မတ် ၂၇

ဟံသာဝတီကို ၄ လခန့် ဝန်းရံနေသော ယိုးဒယားမင်း (ဗြနရစ်) သည် မုတ္တမ အရှေ့ဘက်ရှိ မွန်များကို သိမ်းယူ၍ ယိုးဒယားသို့ ပြန်သည်။

 

 

၁၆၀၃ မတ် ၁၁

တောင်ငူဘုရင် မင်းကျော်ထင် နန်းတက်သည်။ သားတော်ကြီး နတ်ရှင်နောင်ကို ဥပရာဇာ အပ်နှင်း၍ အနော်ရထာ မင်းစော (ဇင်းမယ်ဘုရင်) ၏ နှမ ရာဇဓါတုကလျာနှင့် စုံဖက်ပေးသည်။

 

၁၆၁၃ မတ် ၂၈

အနောက်ဘက်လွန်မင်းသည် တောင်ငူဘုရင် နတ်သျှင်နောင်နှင့် သန်လျင်စား ငဇင်ကာ တို့ကို ကွပ်မျက်သည်။

 

၁၆၃၉ မတ် ၂၈

သာလွန်မင်းသည် မျိုးနွယ်တိမ်မြုပ်နေသည့် မင်းသားမင်းနွယ်တို့အား သွေးသောက် ဖွဲ့စည်းပေးသည်။

 

၁၆၅၉ မတ် ၂ဝ

တရုတ်တို့အား တိုက်ရန် ရာဇကိတ္တိနှင့် ဘယကျော်သူတို့ နှစ်တပ်ပေါင်း၍ ချီတက်ရာ ဆင်ဂေါင်းနှင့် ဝက်ဝံအရပ် (ပြင်ဦးလွင်နယ်တွင် ရှိသည်) တွင် တိုက်ပွဲဖြစ်ပွားသည်။

 

၁၆၆၂ မတ် ၆

မုတ္တမသားတို့သည် ယိုးဒယားနှင့် ပူးပေါင်း၍ ပုန်ကန်သဖြင့် မြန်မာတပ်များ ဟံသာဝတီသို့ ချီရသည်။

 

၁၆၇၄ မတ် ၂၆

မင်းရဲကျော်ထင်မင်း၏ မယ်တော် မဟာရတနာဓိပတိ ဒေဝီမိဘုရားကြီး လှူဒါန်းမည့် ကျောင်းတော်ကြီး၌ ဘုံလေးထပ် ၊ စောင်းတန်း ငါးဆူ၊ မုခ်မှန်ကင်းလှူရန် အမိန့်ထုတ်သည်။

 

၁၆၇၅ မတ် ၂၃

မုတ္တကျေးရွာသို့ ယိုးဒယား စစ်သည်များ ဝင်ရောက်လာသည်။

 

၁၇၀၃ မတ် ၁၆

စနေမင်းသည် နန္ဒဒေဝီရှင် မိဘုရားနှင့်အတူ ဝေါစီး၍ စစ်အင်္ဂါလေးပါး ခြံရံလျက် နန်းတော်မှ ဘုံနန်းသာစံ ယာယီနန်းတော်သို့ ထွက်သည်။

 

၁၇၅၄ မတ် ၁၆

အလောင်းမင်းတရားသည် တကောင်းမြို့အနီး ရွှေပေါ်ကျွန်းဘုရားကို ရွှေတန်ဆောင်၊ ငွေတန်ဆောင်ဖြင့် ပူဇော်ပြီး ဘုရားရင်ပြင်၌ မိုးမိတ်စော်ဘွား ဗန်းမော်စော်ဘွားတို့ကို သစ္စာခံစေသည်။

 

၁၇၅၅ မတ် ၎

အလောင်းမင်းတရားသည် လွန်ဆေးမြို့သို့ ရောက်ရှိလာပြီး တာ ၇ဝဝ ကျယ်သော သစ်တပ်မြို့ကို တည်ထောင်ကာ မြန်အောင် ဟု သမုတ်သည်။

 

၁၇၆၆ မတ် ၂၀

မြေဒူးမင်း (ဆင်ဖြူရှင်မင်း) သည် ရွှေမြို့တော်ကို စစ်ကိုင်းမှ အင်းဝသို့ ပြောင်းရွှေ့သည်။

 

၁၇၉၇ မတ် ၁၂

ဗဒုံမင်းက မင်းရွာကို မင်းကွန်းဟု အမည်ပြောင်းသည်။ မင်းကွန်းပုထိုးတော်ကြီးအား ဌာပနာ သွင်းသည်။

 

၁၇၉၈ မတ် ၃၁

ယိုးဒယား အိမ်ရှေ့ကိုယ်တော်နှင့် တပ်များ ဇင်းမယ်မြို့တွင် ဝင်တိုက်ရာ မခံနိုင်၍ တပ်ရုပ်သိမ်းကာ မိုင်းပန်သို့ တစ်ကြောင်း၊ မိုင်းသွင်သို့ တစ်ကြောင်း ဆုတ်ခွာရသည်။

 

၁၈၀၉ မတ် ၂၉

ဗဒုံမင်း၏ သားတော် အိမ်ရှေ့မင်း မဟာဥပရာဇာ ကံတော်ကုန်သည်။

 

၁၈၁၁ မတ် ၁၃

ပုဂံမင်းက လှေစီးကုန်သည်တို့ထံမှ ကင်းကြေးငွေများ မတရား ကောက်ခံလျှင် ရာဇဝတ်ဒဏ် စီရင်ရန် အမိန့်ချမှတ်သည်။

 

၁၈၁၁ မတ် ၁၄

ဗဒုံမင်းက ပြည်မင်း၊ တောင်ငူမင်း၊ ပုဂံမင်း၊ ပုခန်းမင်း၊ သီပေါမင်း၊ မိုးမိတ်မင်း၊ သန်လျင်မင်း၊ ကနောင်မင်း၊ မက္ခရာမင်း၊ မင်းတုန်းမင်း တို့မှစ၍ သားတော်အကြီး၊ အလတ်၊ အငယ်ရှိသမျှ အိမ်ရှေ့မင်း ထံ အခစား ၀င်ရောက်စေသည်။

 

၁၈၁၂ မတ် ၃

ဗဒုံမင်းက ပုနိန္ဒာဘိသီရိသဒဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇာဂုရု ဆရာတော်ကို သာသနာရေး ၀ိနည်းဓမ္မကျမ်းဂန်နှင့်အညီ စီရင်ဆုံးမစေရန် သာသနာပိုင် အပ်သည်။

 

၁၈၂၄ မတ် ၅

အင်္ဂလိပ်တို့က မြန်မာဘုရင်အား စစ်ကြေညာသည်။ အင်္ဂလိပ် – မြန်မာ ပထမ စစ်ပွဲ ဖြစ်ပွားသည်။

 

၁၈၂၄ မတ် ၅

စစ်ကိုင်းမင်းသည် ရာဇာဘိသေကမုဒ္ဓါ ဘိသိက်ခံတော်မူ၍ ရတနာပူရ အ၀ရွှေနန်းတော် သိမ်းတော်မူသည့် အခမ်းအနား ကျင်းပသည်။

 

၁၈၂၄ မတ် ၁၆

စစ်ကိုင်းမင်းသည် အမရပူရ မှ အင်းဝသို့ ပြောင်းရွှေ့နန်းစံသည်။

 

၁၈၂၆ မတ် ၁၉

ရန္တပိုစာချုပ်အရ အင်္ဂလိပ်တို့ကိုပေးရန် ဒင်္ဂါးပြားငွေ ၇၅ဝဝဝ မှ ကျန်ငွေ ၁၈၇၅ဝ ပေးရန် ရှိသည်ကို ရန္တပိုရွာဆိပ်သို့ လယ်ကိုင်းမင်းကြီးနှင့် ဝန်မင်းတို့ သွားရောက် ပေးချေသည်။

 

၁၈၄၂ မတ် ၁၄

သာယာဝတီမင်း ဥက္ကလာပမြို့မှ အမရပူရ နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။ ထိုနေ့၌ပင် တရုတ်ဥတည်မင်း စေလွှတ်သော တရုတ်သံအဖွဲ့တို့၏ လက်ဆောင်တော် ဆက်သမှုနှင့် အဖူးအမြော် ခံယူသည်။

 

၁၈၄၂ မတ် ၂၁

သာယာဝတီမင်းက ကောင်းထုံမြို့စား၊ မြဝတီမြို့စား၊ သေနတ်ဝန်တို့ကို နန္ဒကန်၊ အောင်ပင်လယ်ကန် တိမ်ကောနေမှုကို ဆယ်ဖို့ ပြုပြင်ရန် တာဝန်ပေးသည်။

 

၁၈၅၇ မတ် ၁၄

မန္တလေးနန်းမြို့ရွာတွင်း အနောက်မြောက်ထောင့်တွင် ယာယီစံနန်း စတင်ဆောက်လုပ်သည်။

 

၁၈၅၈ မတ် ၁၄

အမေရိကန် သံအဖွဲ့ ချစ်ကြည်ရေး သဝဏ်လွှာနှင့်အတူ နေပြည်တော်သို့ ရောက်ရှိလာသည်။

 

၁၈၇၃ မတ် ၂၅

မြန်မာသံအဖွဲ့ကို ပြင်သစ်နိုင်ငံသို့ စေလွှတ်သည်။

 

၁၈၇၄ မတ် ၅

မင်းတုန်းမင်းကြီးသည် ကင်းဝန်မင်းကြီးကို သတိုးမင်းကြီး မဟာမင်းလှစည်သူဘွဲ့ ပေးသည်။

 

၁၈၇၄ မတ် ၆

မင်းတုန်းမင်း အီရန်သံအဖွဲ့ကို လက်ခံတွေ့ဆုံသည်။

 

၁၈၇၄ မတ် ၁၄

အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော် ကင်းဝန်မင်းကြီးနှင့်ပြင်သစ်သံ ကောင့်ဒီရော်ရွှတ် (Count de Rochechouart) တို့သည် ပြင်သစ်မင်းထံပေးရန် ဒုတိယစာချုပ် ထပ်မံချုပ်ဆိုပြီးနောက် အတူတကွ ပြင်သစ်သို့ ထွက်ခွာသည်။

 

၁၈၇၄ မတ် ၂၈

စာရေးတော်ကြီး မင်းလှကျော်ထင် ဦးဆောင်သော မြန်မာသံအဖွဲ့ ရုရှားသို့ ထွက်ခွာသည်။

 

၁၈၇၅ မတ် ၂ဝ

မင်းတုန်းမင်းက ရတနာပုံ နေပြည်တော် သတင်းစာကို မန္တလေးမြို့၌ စတင်ထုတ်ဝေသည်။ အယ်ဒီတာမှာ ဘိုးဝဇီရ ဖြစ်သည်။

 

၁၈၇၆ မတ် ၂၉

မင်းတုန်းမင်းကရုရှားပညာရှင်အားပါရီမြို့ သို့  အပြန်တွင် မဟာမိတ်အဖြစ် သံတမန်လဲလှယ်ရေးနှင့် မြန်မာလူငယ်တို့ စစ်သိပ္ပံကျောင်းသို့ တက်ရောက်ပညာသင်ခွင့်ရရန် စာ (၂) စောင် ပေးအပ်သည်။

 

၁၈၇၇ မတ် ၂ဝ

မန္တလေးမှ ဗန်းမော်ထိ ကြေးနန်းလိုင်း သွယ်တန်းပြီးစီးသည်။

 

၁၈၈၆ မတ် ၃

မဟာဝန်ရှင်တော်မင်းကြီး ဆာချားလ်ဘားနဒ် (Sir Charles Bernard) က အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်၏ အမိန့်အရ အထက်မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာအတွင်း သွတ်သွင်းပြီး အင်္ဂလိပ် အရာရှိများ အုပ်ချုပ်မည်ဟု ကြေညာသည်။

 

၁၈၈၇ မတ် ၎

ဆာချားလ်ကရော့ခ်ဝိတ် (C.H.T. Crosltwaite) အား မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး ရာထူး ခန့်အပ်သည်။

 

၁၈၉၈ မတ် ၈

သာယာဝတီ စီရင်စု စံရွဲ (Sanywe) မြို့နယ်အား လက်ပံတန်းမြို့နယ် ဟု အမည်ပြောင်းသည်။

 

၁၉၀၂ မတ် ၅

မန္တလေးမြို့ မနော်ရမံ အနာကြီး စခန်း ဖွင့်သည်။

 

၁၉၁၀ မတ် ၂ဝ

ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းနှင့် အလားတူ အသင်းများ၏ အစည်းအဝေး ကျင်းပပြီး၊ တပ်ပေါင်းစု အသင်းချုပ်အဖြစ် ဖွဲ့စည်းသည်။ တပ်ပေါင်းစု အသင်းချုပ် ဦးစီးခေါင်းဆောင်အဖြစ် ဦးဘိုးဗြေကို ရွေးကောက်တင်မြှောက်သည်။

 

၁၉၁၁ မတ် ၁

သီပေါမင်း အစ်မတော် ပုခန်းကြီး စုဘုရားကြီး ကံကုန်သည်။

 

၁၉၁၅ မတ် ၂

သူရိယ ရက်ခြားသတင်းစာကို နေ့စဉ်သတင်းစာအဖြစ် စတင်ထုတ်ဝေသည်။

၁၉၂၀ မတ် ၂၂

ရန်ကုန်မြို့၌ New Burma သတင်းစာ စတင်ထုတ်ဝေသည်။

 

၁၉၂၁ မတ် ၁၀

ဆရာတော်ဦးဥတ္တမ ကျောင်းကုန်းမြို့ တရားပွဲတွင် တရားဟောနေစဉ် ဒေးဒရဲမြို့ စုကလပ်ရွာ တရားပွဲတွင် အစိုးရအကြည်ညိုပျက်အောင် ဟောပြောမှုဖြင့် အဖမ်းခံရသည်။

 

၁၉၂၃ မတ် ၂၈

ရှမ်းပြည်နယ် ပဒေသရာဇ်ကောင်စီ (The Federal Council of Shan Chiefs) ၏ ပထမဆုံးအကြိမ် အစည်းအဝေးကို ကျင်းပသည်။

၁၉၂၇ မတ် ၇

ရာဇ၀တ်ရုံးက ဗိုလ်စံဖဲကို ဖမ်းပေးနိုင်လျှင် ဆုငွေ ၂ဝဝဝ ကျပ် ပေးမည်ဟု ကြေညာသည်။ ဖမ်းဝံ့သူ မရှိ၍ ဆုငွေ ၅ဝဝဝ ကျပ်အထိ တိုးမြှင့်သည်။

 

၁၉၂၉ မတ် ၁၅

ဆရာတော် ဦးဝိစာရသည် ဟံသာဝတီခရိုင်၊ သုံးခွမြို့နယ် ဖရုံကန်ရွာ၌ အင်္ဂလိပ်အစိုးရ ဆန့်ကျင်ရေး “မကြောက်တရား” ဟောပြောသည်။

 

၁၉၃၃ မတ် ၂၃-၂၄

ချင်းအမျိုးသားထု အစည်းအဝေးကို ကန်ပက်လက်နယ် (ယခုမင်းတပ်နယ်) နှောချောင်းတိုက်၊ မသုံးနူးရွာတွင် ကျင်းပ၍ ချင်းအမျိုးသားများ ညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းသည်။ ရည်ရွယ်ချက်မှာ ကိုယ်ကြမ္မာကိုယ်ဖန်တီးရေး၊ မြန်မာတိုင်းရင်းသားအားလုံးနှင့် လက်တွဲ၍ ဗြိတိသျှနယ်ချဲ့တို့အား တိုက်ဖျက်ရေး ဖြစ်သည်။ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် –

ဥက္ကဌ – ဦးဝမ်းသူးမောင်

ဒုဥက္ကဌ – ဦးရိုးလိန်း

အတွင်းရေးမှူး – ဦးကီးဖေလိန်း (သခင်အောင်မင်း)

တွဲဖက်အတွင်းရေးမှူး -ဦးဆာလောင်အွန်နိန်(သခင်အောင်ညွှန့်)နှင့် အလုပ်အမှုဆောင် (၈)ဦး ရွေးကောက်တင်မြှောက်သည်။

 

၁၉၃၆ မတ် ၃

မော်လမြိုင်မြို့ စံအိမ်တော်တွင် သီပေါမင်း၏ စတုတ္ထသမီးတော် အရှင်ထိပ်စုမြတ်ဘုရားကလေး ကံကုန်သည်။

 

၁၉၃၇ မတ် ၂

မြန်မာနိုင်ငံဘုရင်ခံ ဆာအာချီဘောဒေါက်ကလပ်ကော့ကရိန်းက ဒေါက်တာဘမော်အား တွေ့ဆုံပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ အမည်စာရင်းကို တောင်းဆိုသည်။

 

၁၉၃၇ မတ် ၁၂

မြန်မာနိုင်ငံဘုရင်ခံ ဆာအာချီဘောဒေါက်ကလပ်ကော့ကရိန်းက ၁၉၃၇ ဧပြီ ၁ မှ စ၍ အုပ်ချုပ်ရန် ၀န်ကြီးချုပ် (၆) ဦးကို ရွေးချယ်လိုက်သည်။ ယင်းတို့မှာ –

(၁) ဒေါက်တာဘမော် – အမတ်ချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးချုပ်

(၂) ဦးပေါ်ထွန်း – ပြည်ထဲရေးဝန်ကြီးချုပ်

(၃) ဦးပု (ရွှေကျင်) – သစ်တောရေးဝန်ကြီးချုပ်

(၄) ဦးထွန်းအောင်ကျော် – ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးချုပ်

(၅) စောဖေသာ – မြေနှင့်အခွန်ဘက်ဆိုင်ရာ ၀န်ကြီးချုပ်

(၆) သာယာဝတီမေါင်မေါင် – ပညာရေးဝန်ကြီးချုပ်

တို့ ဖြစ်ကြသည်။

 

၁၉၃၇ မတ် ၁၃

မြန်မာနိုင်ငံ စီရင်စု အုပ်ချုပ်မှု အက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) အရ ပထမဆုံး အကြိမ် ဥပဒေပြုကောင်စီ အထက်လွှတ်တော် ပထမအစည်းအဝေး စတင်ကျင်းပသည်။  ဥပဒေပြုကောင်စီ အထက်လွှတ်တော်တွင် ဒေါက်တာဒေါ်စောစသည် မြန်မာအမျိုးသမီးများထဲမှ ပထမဆုံး အမတ်အဖြစ် အရွေးခံရသည်။

 

၁၉၃၉ မတ် ၁

သခင်ညီ အယ်ဒီတာအဖြစ် ဆောင်ရွက်သော “သခင်” သတင်းစာ စတင်ထုတ်ဝေသည်။

 

၁၉၄၀ မတ် ၁၂

အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့ (Rangarh) ၌ ကျင်းပမည့် အိန္ဒိယအမျိုးသားကွန်ဂရက် နှစ်ပတ်လည်တွင် အစည်းအဝေးသို့ တက်ရောက်ရန် သခင်တင်မောင် (ပန်းတနော်)၊ သခင်သန်းထွန်း၊ သခင်အောင်ဆန်း၊ သခင်ခင်အောင်၊ သခင်အုန်းဖေ၊ သခင်ဗသွင်၊ ဆင်ရုပ္ပတား၊ ရန်ကုန်တက္ကသိုလ်မှ ကိုထွန်းရှိန် (နောင် ဗိုလ်ရန်နိုင်)၊ ကိုဗဟိန်း (နောင် သခင်ဗဟိန်း)၊ တိုးတက်ရေးသတင်းထောက် မောင်အုန်းမြင့်တို့ ရန်ကုန်မှ အိန္ဒိယသို့ ထွက်ခွာသည်။

 

၁၉၄ဝ မတ် ၂၂

ရွှေတိဂုံစေတီတော်ခြေရင်း အင်္ဂါထောင့်မြေကွက်လပ်တွင် ဆရာတော်ဦးဥတ္တမ ဈာပနပွဲ ကျင်းပ၍ မီးသဂြိုဟ်သည်။

 

၁၉၄၁ မတ် ၃

သခင်အောင်ဆန်း ဂျပန်နိုင်ငံမှ ရန်ကုန်သို့ ရောက်ရှိသည်။

 

၁၉၄၁ မတ် ၃

ပြည်သူ့အရေးတော်ပုံပါတီကို ပြည်တွင်းနှင့် အဝေးရောက် အဖွဲ့ဟူ၍ နှစ်ပိုင်းခွဲပြီး ပြည်တွင်းအဖွဲ့ကို သခင်မြ၊ အဝေးရောက်အဖွဲ့ကို သခင်အောင်ဆန်းတို့အား ခေါင်းဆောင်ရန် သတ်မှတ်သည်။ ပြည်တွင်းအဖွဲသည် အမြင့်ဆုံး အာဏာပိုင်အဖွဲ့ဖြစ်၍၊ အဝေးရောက်အဖွဲ့သည် ပြည်တွင်းအဖွဲ့၏ လက်အောက်ခံ ဖြစ်သည်။ ပြည်တွင်းအဖွဲ့၏ တာဝန်ခံ အမှုဆောင်များမှာ –

ဥက္ကဌ – သခင်မြ

အတွင်းရေးမှူး – သခင်ချစ်

စစ်ရေးဌာနနှင့်

စည်းရုံးရေးမှူးဌာန – သခင်ဗဆွေ

ထောက်လှမ်းရေးဌာနမှူး – ဦးကျော်ငြိမ်း

ဝါဒဖြန့်ချိရေးမှူး – နဂါးနီ ဦးထွန်းရွှေ

(ယင်းအဖမ်းခံရပြီးနောက် သခင်ဗဟိန်း) တို့ ဖြစ်သည်။

 

၁၉၄၁ မတ် ၅

သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၁၆၈၂၃၇၉၈ ဦး ရှိသည်။ အောက်မြန်မာနိုင်ငံတွင် လူဦးရေ ၈၉၁၇၇၃၃ ဦိးနှင့် အထက်မြန်မာနိုင်ငံတွင် ၇၉ဝ၆ဝ၆၅ ဦး ရှိသည်။

 

၁၉၄၁ မတ် ၁ဝ

သခင်အောင်ဆန်း (ဗိုလ်တေဇ) ၊ သခင်လှဖေ( ဗိုလ်လက်ျာ)၊ သခင်ဘဂျမ်း (ဗိုလ်လရောင်)၊ သခင်မောင် (ဗိုလ်မိုး) နှင့် ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) တို့ ပါဝင်သည့် ရဲဘော်သုံးကျိပ် ပထမသုတ် ရွှန်းတင်းမာရူး ကုန်သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာသည်။ ထိုနေ့မှာပင် တို့ဗမာအစည်းအရုံး နိုင်ငံလုံးဆိုင်ရာ အမှုဆောင် အစည်းအဝေးကို ပဲခူးမြို့တွင် ကျင်းပ၍ အစည်းအရုံး ဥက္ကဌ သခင်တင်မောင် (ပန်းတနော်) အား နုတ်ထွက်စေကာ သခင်မြအား ဥက္ကဌ အဖြစ် တင်မြှောက်သည်။

 

၁၉၄၂ မတ် ၃

ရန်ကုန်ထောင်အတွင်း အဖမ်းခံနေရသည့် ဗိုလ်မင်းခေါင်နှင့် ရေကြောင်းချီ တပ်ဖွဲ့ဝင်များ တူတစ်လက်ဖြင့် ထောင်ဖောက်ထွက်ပြေး လွတ်မြောက်လာသည်။

 

၁၉၄၂ မတ် ၇

သံလျင်ရေနံချက် စက်ရုံကို ဗြိတိသျှတို့ ဖောက်ခွဲဖျက်ဆီးသည်။

 

၁၉၄၂ မတ် ၈

အမှတ် ၂၁၅ ဂျပန်ခြေလျင်တပ်မကြီးနှင့် ဗမာ့လွတ်လပ်ရေး တပ်မတော်တို့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ကို ၀င်ရောက်သိမ်းပိုက်သည်။

 

 

၁၉၄၂ မတ် ၉

အမှတ် ၁၅ ဂျပန် တပ်မတော်၏ စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး အီးဒါးက ဒုတိယဦးစီးချုပ် ဗိုလ်မှူးကြီး နာဆူ (Col. Yoshio Nasu) အား စစ်အုပ်ချုပ်ရေး ဖွဲ့စည်းရန် တာဝန်ပေးအပ်သည်။

 

၁၉၄၂ မတ် ၁၂

ဗိုလ်မှူးကြီး စူဇူကီး (ဗိုလ်မိုးကြိုး)၊ ဗိုလ်တေဇ (ဗိုလ်အောင်ဆန်း) တို့ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဦးဆောင်၍ ရန်ကုန်မြို့သို့ ရောက်ရှိသည်။

 

၁၉၄၂ မတ် ၂၅

ရန်ကုန်မြို့၊ ဘီအေအေကွင်း (Burma Atheletic Association) (ယခုအောင်ဆန်း အားကစားကွင်း) တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ရေးပြ အခမ်းအနား ကျင်းပသည်။

 

၁၉၄၄၂ မတ် ၂၈

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်တွင် နံနက် ၉ နာရီ၌ လွတ်လပ်ရေး တိုက်ပွဲအတွင်း ကျဆုံးသွားကြသည့် အာဇာနည်များအား ရည်စူး၍ ဆွမ်းသွတ်အမျှဝေပွဲ ပြုလုပ်သည်။

 

၁၉၄၂ မတ် ၂၉

ဂျပန်တပ်မတော်နှင့် ဗိုလ်ရန်နိုင်ကြီးမှူးသည့် ဘီအိုင်အေ တပ်သားများ ဗြိတိသျှတပ်ဖွဲ့များနှင့် ရွှေတောင်မြို့၌ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားသည်။

 

၁၉၄၃ မတ် ၉

မြန်မာအစိုးရသည် ဂျပန်စစ်အုပ်ချုပ်ရေးဌာန၏ သဘောတူညီချက်အရ ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေးအတွက် မြန်မာအလုပ်သမား ၃ သောင်းကျော် စတင် စုဆောင်းသည်။

 

၁၉၄၃ မတ် ၁ဝ

ဂျပန်အာဏာပိုင်တို့က မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ပတ်သက်၍ လမ်းညွှန်မူဝါဒ ချမှတ်သည်။

 

၁၉၄၃ မတ် ၁၁

ဂျပန်စစ်တပ်များ၏ စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး အီးဒါးက ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်မှူးကြီး အောင်ဆန်းအား ဗိုလ်ချုပ် ရာထူးသို့ တိုးမြှင့် ခန့်အပ်သည်။

 

၁၉၄၃ မတ်လ ၁၁

ဂျပန်အစိုးရ၏ ဖိတ်ခေါ်ချက်အရ ဂျပန် စစ်အုပ်ချုပ်ရေး ဦးစီးဌာန၏ အထွေထွေစီမံ ခန့်ခွဲရေး ဌာနမှူး ကြည်းတပ် ဗိုလ်ချုပ် အီဆိုမူရာ ဦးဆောင်လျက် မြန်မာပြည်ဝန်ကြီးချုပ် ဒေါက်တာ ဘမော်၊ ပြည်ထဲရေးဝန်ကြီး သခင်မြ၊ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ သိမ်းမောင်နှင့် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်းတို့သည် ရန်ကုန်မြို့မှ ဂျပန်နိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသည်။

 

၁၉၄၃ မတ် ၁၄

မြန်မာအစိုးရက ဗမာ့တံခွန်အသင်းကို ဖွဲ့စည်းတည်ထောင်သည်။

 

၁၉၄၃ မတ် ၂၂

ဂျပန် ဧကရာဇ် ဘုရင် ဟီရိုဟီတို (၁၉၀၁ – ၁၉၈၉) က ဒေါက်တာဘမော်အား တက်နေ၀န်း ပထမတန်းဘွဲ့တံဆိပ်နှင့် စလွယ်ကြီး၊ ပြည်ထဲရေးဝန်ကြီး သခင်မြ၊ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ သိမ်းမောင်တို့အား မွန်မြတ်သော ဘဏ္ဍာဒုတိယတန်း ဘွဲ့တံဆိပ်နှင့် ဗမာ့ကာကွယ်ရေး တပ်မတော် သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းအား တက်နေဝန်းတံဆိပ် တတိယတန်းဘွဲ့တံဆိပ် နှင့် စလွယ်လတ် ချီးမြှင့်သည်။

 

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်အစိုးရတို့ ဆွေးနွေးကြပြီးနောက် ၊ ဒေါက်တာဘမော်ထံ ဂျပန်အစိုးရဝန်ကြီးချုပ် ဟိဒေကီတိုကျိုက မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရန် အမိန့်စာချွန်တော်ကို ထိပ်တန်းလျှို့ဝှက် (လဝ – ၁) အဖြစ် ပေးအပ်သည်။

 

၁၉၄၃ မတ် ၂၃

ဂျပန်ဧကရာဇ် ဘုရင် ဟီရိုဟီတိုအား မြန်မာပြည် ဝန်ကြီးချုပ် ဒေါက်တာ ဘမော်၊ ပြည်ထဲရေးဝန်ကြီး သခင်မြ၊ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာသိမ်းမောင်နှင့် ဗမာ့ကာကွယ်ရေး တပ်မတော်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းတို့ ၀င်ရောက်တွေ့ဆုံသည်။

 

၁၉၄၄ မတ် ၂၇

ဂျပန်လွှတ်တော်အမတ် ဆာကူရိုင် ဂျပန်နိုင်ငံတွင် တည်မည့်စေတီတော်အတွက် မြန်မာနိုင်ငံမှ ပင့်ဆောင်မည့် ဓါတ်တော်များအား နောက်ဆုံးပူဇော်ပွဲ ကျင်းပသည်။

 

 

၁၉၄၅ မတ် ၁-၃

ရန်ကုန်မြို့ပတ်လမ်း (ယခု ဗိုလ်ချုပ် ပြတိုက်လမ်း) ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင် ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့အဖွဲ့ချုပ် ခေါင်းဆောင်များ အစည်းအဝေး ကျင်းပသည်။  ယင်းအစည်းအဝေးတွင် အိန္ဒိယနိုင်ငံ မဟာမိတ် စစ်ဌာနချုပ်မှ ပေးစာနှင့် သိန်းဖေမြင့်ထံမှ ပေးစာတို့အပေါ် မူတည်၍ ဆွေးနွေးကာ ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို သဘောတူ ချမှတ်သည်။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကို ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) ဟု ပြင်ဆင်ပြီး ဖတပလ ဦးစီးအဖွဲ့ကို  တပ်မတော်ကိုယ်စားလှယ်၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့မှ ကိုယ်စားလှယ်သုံးဦးစီဖြင့် ပြင်ဆင်ဖွဲ့စည်းသည်။ ထို့နောက် ဗမာ့ကာကွယ်ရေးတပ်မတော်ကိုလည်း “ပြည်သူ့လွတ်လပ်ရေးတပ်မတော်” (အတိုကောက် ပြည်သူ့တပ်မတော်) ဟု အမည်ပြောင်းလဲရန် ဖက်ဆစ်ဂျပန်များကို လက်နက်ကိုင်တော်လှန်ရေး စတင်ရန် မြန်မာနိုင်ငံအနှံ့ရှိ တပ်မတော်တပ်ဖွဲ့များနှင့် ဖတပလ အဖွဲ့ခွဲများသို့ “ပုန်ကန်ထကြွရေး ညွှန်ကြားချက် အမှတ် – ၁” ထုတ်ပြန်ရန် သဘောတူသည်။ ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲရန်နှင့် စစ်တိုင်းကြီးများခွဲခြင်း၊ စစ်နယ်မြေများ သတ်မှတ်ခြင်းနှင့် စစ်ရေးနှင့်နိုင်ငံရေး ခေါင်းဆောင်များ ရွေးချယ်ခြင်း စသည်တို့ကို ဆွေးနွေးဆုံးဖြတ်သည်။

 

၁၉၄၅ မတ် ၁၁

ဗိုလ်ချုပ်အောင်ဆန်းသည် သခင်သန်းထွန်း၊ ဦးဗဆွေ၊ ဗိုလ်မှူးကြီး နေဝင်း၊ ဗိုလ်မှူးကြီး ဇေယျ၊ သခင်ချစ်နှင့် အခြားတပ်မှူးများနှင့် ဆွေးနွေး၍ ဖက်ဆစ်တော်လှန်ရေးအတွက် ပြင်ဆင်မှုများ မတ် ၂၃ – ၂၄ ရက်လောက်တွင် ပြီးစီးမည်ဟု ခန့်မှန်းရကြောင်း၊ သွားရေးလာရေး အခြေအနေကို တွက်ဆပြီး ၁၉၄၅ မတ် ၂၅ ည ၇ နာရီ ၃၀ မိနစ် (၁၉း၃ဝ) နာရီ တိတိတွင် ဖက်ဆစ်ဂျပန်တို့ကို တပြိုင်နက်တည်း တော်လှန်တိုက်ခိုက်ကြရမည်ဟု သတ်မှတ်သည်။

 

၁၉၄၅ မတ် ၁၇

ရန်ကုန်မြို့ ဦးဝိစာရလမ်း ဂေါ့ဖ်ကစားကွင်း (ယခု တော်လှန်ရေးပန်းခြံ) တွင် ဗမာ့တပ်မတော် စစ်ရေးပြပွဲ အခမ်းအနား ကျင်းပ၍ ဗိုလ်ချုပ်အောင်ဆန်း တပ်ထွက်မိန့်ခွန်း ပြောကြားသည်။

 

၁၉၄၅ မတ် ၁၈

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၌ အစည်းအဝေးကျင်းပ၍ တော်လှန်ရေးနေ့ကို ဧပြီ ၂ ရက်သို့ ပြောင်းလဲသတ်မှတ်သည်။

 

 

၁၉၄၅ မတ် ၂၃

နံနက် ၆း၃၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ ကြို့ပင်ကောက်မြို့ အရှေ့ဖက် ၂ မိုင်ခန့် ဝေးသည့် ရှမ်းစုရွာသို့ ရောက်ရှိပြီး ခေတ္တနားသည်။ ညနေ ၆း၃၀ နာရီတွင် ကြို့ပင်ကောက်မြို့မှ ပြန်လည် ထွက်ခွာသည်။

 

ညနေတွင် ပဲခူးမြို့ရှိ လိုင်း (၄) တပ်မှူး ဗိုလ်မှူးကျော်ဇောက တပ်ကြပ်ကြီး တင်ဦး (မကွေး) ကို ခေါ်၍ ဗမာ့တပ်မတော်၏ လှုပ်ရှားမှုကို ဂျပန်များ သံသယရှိသဖြင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ဧပြီ ၂ ရက်အစား မတ် ၂၇ ရက်နေ့တွင် ပြုလုပ်ခွင့်ပြုပါရန် အမိန့်တောင်းခံကြောင်း ပန်ကြားစာကို ဗိုလ်ချုပ်အောင်ဆန်းထံ ပေးပို့ခိုင်းသည်။

 

၁၉၄၅ မတ် ၂၄

နံနက် ၄ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ သရက်ခရိုင်၊ ပြလိုပ (တိုင်းအမှတ် ၇ ဌာနချုပ်) ရောက်သည်။ ည ၇ နာရီတွင် ပြလို့မှ ပြန်လည်ထွက်ခွာခဲ့ရာ ည ၁၁ နာရီတွင် ရွှေတောင်မြို့သို့ ရောက်ရှိသည်။

ထိုနေ့မှာပင် ဗိုလ်ချုပ်အောင်ဆန်းထံသို့ တပ်ကြပ်ကြီး တင်ဦးက ဗိုလ်မှူးကျော်ဇော၏ ပန်ကြားစာကို ပေးအပ်သည်။ ထိုစာဖတ်ပြီးနောက် အခြေအနေ သုံးသပ်ကာ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်တော်လှန်ရေးနေ့ကို မတ် ၂၇ ရက်နေ့သို့ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း တိုင်းအသီးသီးသို့ ဆက်သားများ စေလွှတ်ကာ အကြောင်းကြားသည်။

 

၁၉၄၅ မတ် ၂၇

နံနက် ၉ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ ပြလို့မှ ဧရာဝတီမြစ်ကို ဖြတ်ကူး၍ အနောက်ဘက်ကမ်း ပြရီရွာမှ တညလုံး လှည်းဖြင့် ခရီးဆက်ခဲ့ပြီး သပွတ်ရွာကိုဖြတ်၍ ပုဏ္ဏားကျွန်း၌ ဖွင့်လှစ်ထားသော ပြည်သူ့လွတ်လပ်ရေး တပ်မတော် ဌာနချုပ်မှ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ပြီ ဖြစ်ကြောင်း ကြေညာသည်။ ဖတပလမှ ဦးစီး၍ မြန်မာနိုင်ငံတစ်ဝန်းလုံး ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲသည်။

 

၁၉၄၆ မတ် ၎

ဗိုလ်ချုပ်အောင်ဆန်း၏ ရခိုင်တခွင် ခရီးစဉ် စတင်သည်။ ဗိုလ်ချုပ်နှင့်အတူ ဟင်္သာတဦးမြ၊ သခင်မြ၊ ဦးအောင်ဇံဝေ၊ ဗိုလ်အောင်မင်း၊ ဗိုလ်ထွန်းလှ (ဗိုလ်ချုပ် အပါးတော်မြဲ) ဗိုလ်လှကြည် တို့ ပါဝင်သည်။

 

၁၉၄၆ မတ် ၇

ဗြိတိသျှအစိုးရ မြန်မာနိုင်ငံလုံးဆိုင်ရာ အတွင်းဝန်က မြန်မာဘုရင်ခံထံ ဂျပန်ခေတ်က သခင်ထွန်းအုပ်ရေးသားသည့် ကျွန်ုပ်၏ စွန့်စားခန်း စာအုပ်တွင် ဗြိတိသျှ စစ်သုံ့ပန်း ၁၁ ဦးအား သတ်ဖြတ်ရန် အမိန့်ထုတ်သည်ဟု ပါရှိကြောင်း ဖော်ပြသဖြင့် သခင်ထွန်းအုပ်အား အမှုဆောင်ကောင်စီမှ ဖယ်ရှားရန် သံကြိုးရိုက်သည်။

 

၁၉၄၆ မတ် ၉

ဗမာပြည် ကွန်မြူနစ်ပါတီ တည်ထောင်သူတစ်ဦးဖြစ်သူ သခင်စိုးသည် ပါတီဗဟိုကော်မတီနှင့် အမှုဆောင်အဖွဲ့တွင် သခင်သန်းထွန်း၊ သခင်သိန်းဖေ (သိန်းဖေမြင့်) တို့နှင့် သဘောကွဲလွဲသဖြင့် ၎င်း၏ အဖော်တစ်စုနှင့်အတူ ကွန်မြူနစ်ပါတီမှ နုတ်ထွက်သည်။

 

၁၉၄၆ မတ် ၁ဝ

ဘူတစ်ပါတီက “မြန်မာပြည် အဘယ်သို့ ခြေလှမ်းမည်နည်း” ကြေညာချက် ထုတ်ပြန်သည်။ ပါတီဝင် ၁၁ ဦးရှိ၍ ဘူတစ်ပါတီဟု ခေါ်ခြင်း ဖြစ်သည်။ ပါတီဝင် ၁၁ ဦးမှာ –

 

၁။ ဦးလှဘူး  – ရန်ကုန်

၂။ ဦးဘိုးဗျော့ – ရန်ကုန်

၃။ ဦးဘသိန်း (ရွှေပေါက်ပင်) ရန်ကုန်

၎။ ဦးထွန်းသန်း – ရန်ကုန်

၅။ ဦးဘဒင် (ချပ်သင်း) – ရန်ကုန်

၆။ သခင်ကိုယ်တော်မှိုင်း

၇။ ဦးစံလှအောင် – မန္တလေး

၈။ ဦးမင်းအို – ရန်ကုန်

၉။ ဦးသော် (သဗူး) – အင်းစိန်

၁၀။ ဦးစ – ရန်ကုန်

၁၁။ ဦးထွန်းကြိုင် – ရန်ကုန် တို့ ဖြစ်သည်။

၁၉၄၆ မတ် ၁၂

သခင်စိုးက “တိုင်းပြည်သို့ သခင်စိုး ပြန်ကြားချက် စာတမ်း” တရပ် ထုတ်ပြန်ကာ ကွန်မြူနစ်ပါတီ (ဗမာပြည်) အမည်ဖြင့် ပစ္စည်းမဲ့ ပါတီတရပ် တည်ထောင်ကြောင်း ကြေညာသည်။ ပါတီဌာနချုပ်ကို အမှတ် ၁၁၊ မင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ်သည်။ သခင်စိုးပါတီကို နောင်တွင် အလံနီကွန်မြူနစ်ပါတီ ဟူ၍ ခေါ်တွင်ခဲ့ကြသည်။

 

၁၉၄၆ မတ် ၂၈

ရှမ်း – မြန်မာ ယဉ်ကျေးမှု အသင်းကို ဖွဲ့စည်းသည်။ ဥက္ကဌမှာ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက် ဖြစ်ပြီး အတွင်းရေးမှူးမှာ ဂဠုန်ဦးစော ဖြစ်သည်။

 

ယင်းနေ့မှာ မြန်မာနိုင်ငံဘုရင်ခံ ဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်းအား ဖမ်းလျှင် မြန်မာနိုင်ငံတ၀ှမ်း ဆူပူလှုပ်ရှား လာနိုင်၍ ဖမ်းမိကိစ္စကို သဘောမတူကြောင်း ဆုံးဖြတ်သည်။

 

၁၉၄၇ မတ် ၎

မြန်မာနိုင်ငံဘုရင်ခံ အမှုဆောင်ကောင်စီဝင် ဝန်ကြီး စောဘဦးကြီး ဝန်ကြီးရာထူးမှ နုတ်ထွက်သည်။

 

၁၉၄၇ မတ် ၄-၆

ပခုက္ကူခရိုင် ထီးလင်းမြို့တွင် ချင်း-ဗမာ ချစ်ကြည်ရေးညီလာခံကို ကျင်းပပြီး ညနေ ၅ နာရီတွင် ချင်း-ဗမာ ချစ်ကြည်ရေး အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူရန် အုတ်မြစ်ချ အခမ်းအနား ကျင်းပရာ ဒီးဒုတ်ဦးဘချို ၊ ဦးဝမ်းသူမောင်နှင့် ဦးဇဟူးတို့ အုတ်မြစ်ချသည်။

 

၁၉၄၇ မတ် ၁၉ မှ ဧပြီ ၂၁ ထိ

တောင်တန်းဒေသ စုံစမ်းရေးကော်မတီသည် မြန်မာပြည်မနှင့်တောင်တန်းဒေသရှိ သက်သေများကို စုံစမ်းမေးမြန်းသည်။

 

၁၉၄၇ မတ် ၂၄

လော့ဒ်မောင့်ဘက်တန်အား အိန္ဒိယနိုင်ငံ၏ ဘုရင်ခံချုပ်အဖြစ် ခန့်အပ်သည်။

 

၁၉၄၈ မတ် ၁၃

ဗမာပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ၏ ဒုတိယကြိမ်မြောက် တောင်သူလယ်သမား ကွန်ဂရက်ကို ပျဉ်းမနားမြို့တွင်ကျင်းပသည်။

 

၁၉၄၈ မတ် ၂၇

မဟာဗန္ဓုလပန်းခြံတွင် ဗမာပြည်ကွန်မြူနစ်ပါတီက ကြီးမှူး၍ တော်လှန်ရေးနှစ်ပတ်လည် အခမ်းအနား တခုကို ဖဆပလနှင့် ယှဉ်ပြိုင် ကျင်းပသည်။ ထိုအခမ်းအနား၌ သခင်သန်းထွန်းက ဖဆပလ အစိုးရကို တော်လှန်ပုန်ကန်ကြရန် ဗြောင်သွေးထိုးပေးရုံမက “ဗားကရာချောင်း” ၌ ဆိုရှယ်လစ်များ၏ သွေး၊ အရိုးဖြင့် ပြည့်လျှံသွားစေရမည် ဟု ခြိမ်းခြောက်ပြောဆိုသည်။

 

၁၉၄၈ မတ် ၂၈

ဗမာပြည်ကွန်မြူနစ်ပါတီ (အလံဖြူ) တောခိုသည်။

 

၁၉၅၀ မတ် ၁၂

ပြည်မြို့၌ ဗမာပြည်ကွန်မြူနစ်ပါတီ ကွန်ဖရင့် ကျင်းပသည်။

 

၁၉၅၂ မတ် ၁၂

နိုင်ငံတော် တရားရေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဘဦးအား ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်သည်။

 

၁၉၅၂ မတ် ၁၃

နိုင်ငံတော် ၀န်ကြီးချုပ် သခင်နုသည် ဦးနုအမည်သို့ ပြောင်းလဲသုံးစွဲသည်။

 

၁၉၅၂ မတ် ၁၄

ဦးနုအား ပြည်ထောင်စုမြန်မာနိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်သည်။

 

၁၉၅၂ မတ် ၁၆

ဝန်ကြီးချုပ် ဦးနုခေါင်းဆောင်သည့် အစိုးရအဖွဲ့ဝန်ကြီးသစ်များ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို သမ္မတအိမ်တော်၌ ကျင်းပသည်။

 

၁၉၅၃ မတ် ၂၅

နိုင်ငံခြားရေးဝန်ကြီး စစ်ခွန်ချိုက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ ကေအမ်တီ တရုတ်ဖြူ ကျူးကျော်မှုများကို သံကြိုးရိုက်ကြားသည်။

 

၁၉၅၄ မတ် ၂

တပ်မတော်က ကေအမ်တီ တပ်များကို တိုက်ထုတ်ရန် ဘုရင့်နောင် စစ်ဆင်ရေး ဆင်နွဲသည်။

 

၁၉၅၇ မတ် ၁၁

ပါလီမန်လူမျိုးစု လွှတ်တော်တွဲဖက်ညီလာခံကျင်းပ၍ နိုင်ငံတော်သမ္မတအဖြစ် မန်းဝင်းမောင် အား ရွေးကောက်တင်မြှောက်သည်။

 

၁၉၅၉ မတ် ၁၂

လူထုသတင်းစာ ချိတ်ပိတ်ခံရသည်။

 

၁၉၆ဝ မတ် ၅

ယိုးဒယားသံရုံး ဧည့်ခံပွဲတွင် ယိုးဒယားဘုရင်မင်းမြတ်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းအား ယိုးဒယားဝန်ကြီးချုပ်နှင့် တန်းတူ ဆင်ဖြူတော်ဘွဲ့ပေးသည်။

 

၁၉၆၀ မတ် ၂၄

ဦးကောင်းလက်မှတ်ဖြင့် ဒေါင်းတံဆိပ် ငွေစက္ကူ ၁ဝဝ တန် တမျိုးတည်းကိုသာ ၁၉၆ဝ ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ တရားဝင်ငွေအဖြစ်မှ  ရပ်စဲထားပြီး ဦးကောင်းလက်မှတ်ပါ ဒေါင်းတံဆိပ် ၁ဝ တန်၊ ၅ ကျပ်တန်၊ ၁ ကျပ်တန် ငွေ စက္ကူများကို တရားဝင်ငွေအဖြစ် ဆက်လက်သုံးစွဲရမည် ဖြစ်သည်။ ၁၀၀ တန်ငွေစက္ကူများမှာလည်း ခရိုင်ငွေတိုက်၊ ငွေတိုက်ခွဲများတွင်လည်းကောင်း၊ မြန်မာနိုင်ငံတော် ဘဏ်တွင် လည်းကောင်း တန်ဖိုးလဲလှယ်နိုင်ခွင့်ရှိကြောင်း ပြည်ထောင်စုဘဏ်မှ ကြေညာချက် ထုတ်ပြန်သည်။

 

၁၉၆၂ မတ် ၁

ဖက်ဒရယ်မူနှင့်ပတ်သက်သော လူမျိုးပေါင်းစုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို ကျင်းပသည်။

 

၁၉၆၂ မတ် ၂

ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပိုက်၍ တော်လှန် ရေးကောင်စီကို အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

 

၁၉၆၂ မတ် ၃

တော်လှန်ရေးကောင်စီသည် ပြည်ထောင်စုပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်ကို ဖျက်သိမ်းလိုက်သည်။

 

၁၉၆၃ မတ် ၁၆

ဦးပုည၏ အနှစ် ၁၅၀ ပြည့် မွေးနေ့ကို မြန်မာနိုင်ငံ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် စာပေအဖွဲ့အစည်း ပေါင်းစုံက ကျင်းပသည်။

 

၁၉၆၄ မတ်၁

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ကို တော်လှန်ရေးကောင်စီက ဖျက်သိမ်းသည်။

 

၁၉၆၄ မတ် ၂ – ၅

တောင်ငူခရိုင် ခပေါင်းစခန်းတွင် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ ကျင်းပသည်။

 

၁၉၆၄ မတ် ၁၂

တော်လှန်ရေးကောင်စီနှင့် ကရင်တော်လှန်ရေးကောင်စီဥက္ကဌ စောဟန်တာသာမွှေးတို့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် သဘောတူညီမှု ရရှိသည်။

 

၁၉၆၄ မတ် ၁၃

၁၉၆၄ ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ဆောက်မှုကို ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ပြဌာန်းလိုက်သည်။

 

၁၉၆၄ မတ် ၂၈

၁၉၆၄ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေပြဌာန်း၍ ပါတီအဖွဲ့အစည်းများကို ဖျက်သိမ်းလိုက်သည်။

 

၁၉၇၂ မတ် ၁၆

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် စတင်တည်ထောင်သည်။

 

၁၉၇၃ မတ် ၂၂

မြန်မာစာပေပညာရှင်ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဦးဖေမောင်တင် ကွယ်လွန်သည်။

 

၁၉၇၄ မတ် ၂

ပြည်သူ့လွှတ်တော်အား နိုင်ငံတော်အချုပ်အခြာအာဏာ အပ်နှင်းပြီးနောက် တော်လှန်ရေး ကောင်စီကို ဖျက်သိမ်းကြောင်း ကြေညာသည်။ ထိုနေ့မှာပင် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ အရ ပြည်သူ့လွှတ်တော်က နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းသည်။ နိုင်ငံတော်ကောင်စီဥက္ကဌအဖြစ် ဦးနေဝင်း ဖြစ်လာသည်။

 

၁၉၇၄ မတ် ၃

နိုင်ငံတော်ကောင်စီက ၀န်ကြီးအဖွဲ့ဝင် (၁၈) ဦးကို ရွေးချယ်သည်။

 

၁၉၇၄ မတ် ၁၉

နိုင်ငံတော်ကောင်စီရုံး၏ အမိန့်ကြေညာအမိန့် (၁)ကို ထုတ်ပြန်၍ (၁၉-၃-၇၄) မှ (၁၆-၆-၇၄) အတွင်း တရားဥပေဒဘောင်အတွင်း ၀င်ရောက်လျှင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းနှင့် ပြစ်ဒဏ်ကျခံသူတို့အား ပြစ်ဒဏ်လျှော့ပေါ့ခြင်းတို့နှင့် ပတ်သက်၍ ကြေညာသည်။

 

၁၉၇၅ မတ် ၁၅

ပဲခူးရိုးမတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ သခင်ဇင်နှင့် အတွင်းရေးမှူး သခင်ချစ်တို့ ကျဆုံးသည်။

 

၁၉၇၆ မတ် ၂၃

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရာပြည့်အရေးအခင်း ပေါ်ပေါက်သည်။

 

၁၉၇၆ မတ် ၃၀

စာရေးဆရာ ကုသ (ဦးတိုးအောင်) ကွယ်လွန်သည်။

 

၁၉၈၃ မတ် ၈

စာရေးဆရာ၊ သတင်းစာ ဆရာ ဆရာကြီး ဇဝန (၁၉၁၁ – ၁၉၈၃) ကွယ်လွန်သည်။

 

၁၉၈၅ မတ် ၂၂

ကဗျာဆရာ၊ စာရေးဆရာ ဒေါင်းနွယ်ဆွေ ကွယ်လွန်သည်။

 

၁၉၈၈ မတ် ၁၂

ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက်ရပ်ကွက် အရပ်သား လူငယ်အချို့ ခိုက်ရန်ဖြစ်ပွားသည်။

 

၁၉၈၈ မတ် ၁၃

စက်မှုတက္ကသိုလ် ကျောင်းသားတို့နှင့် အရပ်သားတို့ ဖြစ်ပွားခဲ့သည့် ရန်ပွဲကို အာဏာပိုင်များက မမျှမတ ဆုံးဖြတ်ခဲ့ရာ ယင်းကို မကျေမနပ်ဖြစ်နေသော စက်မှုတက္ကသိုလ် ကျောင်းသားများအား လုံထိန်းတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းကာ သေနတ်များဖြင့် ပစ်ခတ်နှိမ်နှင်းမှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျောင်းရှေ့၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ သေနတ်ဒဏ်ရာ ရရှိသော ကိုစိုးနိုင်သည် သေနတ်ဒဏ်ရာ၌ပင် ၃ ရက်အကြာတွင်  ရန်ကုန်ဆေးရုံကြီး၌ သေဆုံးခဲ့ရသည်။

 

၁၉၈၈ မတ် ၁၇

နိုင်ငံတော်ကောင်စီက အမိန့်ကြေငြာသော အမှတ် ၄၅/၈၈ ဖြင့် ရန်ကုန် စက်မှုတက္ကသိုလ် အရေးအခင်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းသည်။

 

၁၉၈၉ မတ် ၂၅

မြောက်ဥက္ကလာပ ကန်သာယာပန်းခြံတွင် ဗိုလ်ချုပ်မြင်းစီးရုပ်တု တည်ဆောက်၍ ဖွင့်လှစ်သည်။

 

၁၉၈၉ မတ် ၂၇

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နိုင်ငံခြားအမည်ရှိသော လမ်းများ၏ အမည်ကို မြန်မာအမည်သို့ ပြောင်းလဲသတ်မှတ်ကြောင်း ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက အမိန့်ကြေငြာစာဖြင့် ထုတ်ပြန်ကြေညာသည်။

 

၁၉၈၉ မတ် ၃၁

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၇) ဖွဲ့ တရားဥပဒေဘောင်အတွင်းသို့ ၀င်ရောက်သည်။

 

၁၉၉၀ မတ် ၁၃

ဂန္တ၀င် အဆိုတော် ပြည်လှဖေ ကွယ်လွန်သည်။

 

၁၉၉၀ မတ် ၂၇

အာဇာနည်ဗိမာန်၏ အရှေ့မြောက်ဘက်တွင် သူရဲကောင်းစစ်သည်ဗိမာန် ဖွင့်လှစ်သည်။

 

၁၉၉၂ မတ် ၂၀

န၀တအဖွဲ့၏ ကြေညာချက်အမှတ် ၆/၉၂ ဖြင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သန်းရွှေအား ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးသည်။

 

၁၉၉၄ မတ် ၆

ကာတွန်းဆရာကြီး မောင်စိန် ကွယ်လွန်သည်။

 

၁၉၉၄ မတ် ၂၇

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကျပ် ၅ဝဝ တန်၊ ကျပ် ၁ဝဝ တန်၊ ကျပ် ၅ဝ တန်၊ ကျပ် ၂ဝ တန်နှင့် ပြား ငါးဆယ်တန် ငွေစက္ကူအသစ် ငါးမျိုးကို စတင်ထုတ်ဝေသည်။

 

၂၀၀၂ မတ် ၉

ရန်ကုန်မြို့ အင်းလျားလမ်း၊ တပ်မတော်ဧည့်ဂေဟာတွင် သက်ဆိုင်ရာ ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံ၍ ဒုတိယတပ်မတော်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မေခလမ်းနေ ဦးအေးဇော်ဝင်းနှင့်သားများ ဖြစ်ကြသော အေးနေဝင်း၊ ကျော်နေဝင်းနှင့် ဇွဲနေဝင်းတို့အား နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်မှုနှင့် တပ်မတော်အတွင်း သွေးခွဲရန် ပဋိပက္ခဖြစ်စေရန် လှုပ်ရှားဆောင်ရွက်မှုကြောင့် သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းလိုက်ရကြောင်း ရှင်းလင်းပြောကြားသည်။

 

၂၀၁၁ မတ် ၃ဝ

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူ ဦးသိန်းစိန်နှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများ ဖြစ်ကြသော သီဟသူရ ဦးတင်အောင်မြင့်ဦး နှင့် ဒေါက်တာ စိုင်းမောက်ခမ်း တို့ ပြည်ထောင်စု လွှတ်တော်နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုသည်။ ထိုနေ့မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီများ ဖျက်သိမ်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသကြီးများ၏ အာဏာများ လွှဲပြောင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့် ဖံွ့ဖြိုးရေး ကောင်စီများ၏ လုပ်ငန်းတာဝန်များ လွှဲပြောင်းသည်။

 

ကမ္ဘာ့သမိုင်း၌ မတ်လအတွင်း ဖြစ်ပွားခဲ့သော သမိုင်းဝင် ဖြစ်ရပ်များလည်း ပေါ်ပေါက်ခဲ့သည်။

 

အမေရိကန်ပြည် ဘော်စတွန်မြို့၌ ၁၇၇၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့တွင် “ဘောစတွန် အဓိကရုဏ်း” ပေါ်ပေါက်ခဲ့သည်။ ဆန္ဒပြရခြင်းအကြောင်းမှာ အင်္ဂလိပ်လက်အောက်ခံ အမေရိကန် ပြည်ငယ်များ၌ အင်္ဂလန်ပါလီမန်က ဥပေဒပြဌာန်း၍ အခွန်အကောက်များ စည်းကြပ်ခြင်းကို အမေရိကန် ပြည်နယ်သားတို့က မကျေနပ်သောကြောင့် ကန့်ကွက်ကြခြင်း ဖြစ်သည်။ ဆန္ဒပြပွဲကို အင်္ဂလိပ်စစ်တပ်က နှိမ်နှင်းရာတွင် အမေရိကန်သုံးဦးသေဆုံး၍  ရှစ်ဦးဒဏ်ရာရခဲ့သည်။ ဤဖြစ်ရပ်မှာ အမေရိကန် လွတ်လပ်ရေး မတိုင်မီကာအတွင်း ထင်ရှားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။

 

အမေရိကန်လူမျိုး အလက်ဇန္ဒာဂရေဟမ်ဘဲလ် (၁၈၄၇ – ၁၉၂၂) သည် ၁၈၇၆ ခု မတ်လ ၇ ရက်နေ့တွင် တယ်လီဖုန်းကို တီထွင်အောင်မြင်ခဲ့သည်။

 

၁၈၅၆ မတ် ၃ဝ ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပါရီငြိမ်းချမ်းရေးစာချုပ်ကြောင့် အော်တိုမန် အင်ပါယာနှင့် အပြိုင်အဆိုင် နယ်ချဲ့မှုကြောင့် ပြင်သစ် ရုရှားတို့ ဖြစ်ပွားခဲ့သော “ကရိုင်းမီးယား စစ်ပွဲ” ပြီးဆုံးသွားခဲ့သည်။

 

၁၉၁၇ မတ် ၁၂ ရက်နေ့တွင် ရုရှားနိုင်ငံ၌ အောက်တိုဘာတော်လှန်ရေး၏ ရှေ့ပြေးဖြစ်သော “အရင်းရှင် ဘူဇွာဒီမိုကရေစီ တော်လှန်ရေး” ပေါ်ပေါက်သည်။

 

၁၉၃၅ မတ်လ ၁၀ ရက်နေ့တွင်  ဂျာမနီအာဏာရှင် ဟစ်တလာက ဗာဆိုင်းစာချုပ်ကို ချိုးဖောက်ကာ စစ်ထဲမ၀င်မနေရ စစ်မိန့်ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဂျာမနီသည် ၁၉၃၆ မတ် လ ၇ ရက်နေ့တွင် “ရိုင်းလင်းဒေသ” သို့ ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်သည်။ ၁၉၃၈ မတ်လ ၁၁ ရက်နေ့တွင် သြစတြီးယားနိုင်ငံကို ဂျာမနီက ဝင်ရောက်သိမ်းပိုက်ပြီး မတ်လ ၁၃ ရက်နေ့တွင် ဂျာမန် သြစတြီးယား ပြည်ထောင်စုဖွဲ့စည်းကြောင်း ကြေညာသည်။

 

၁၉၆၅ မတ် လ ၁၈ ရက်နေ့တွင် ရုရှား အာကာသသူရဲကောင်း ပေဗယ်ဘဲလယာယက်သည် Voskhod-Z အာကာသယာဉ်မှ ထွက်၍ ၁ဝ မိနစ်ကြာမျှ အာကာသထဲ၌ လမ်းလျှောက်ခဲ့သည်။ ယင်းသည် အာကာသစူးစမ်းမှု သမိုင်း၌ ပထမဆုံးအကြိမ် အာကာသထဲ၌ လမ်းလျှောက်ခြင်း ဖြစ်သည်။

 

၁၉၆၅ မတ်လ ၂၃ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှ ပထမဆုံး လူလိုက်ပါသော ဂျင်မီနီ-၃ အာကာသယာဉ်၌ ကနေဒီအာကာသစခန်းမှ လွှတ်တင်ခဲ့သည်။

 

ဗြိတိန်နိုင်ငံ ဝေလပြည်နယ်တွင် မတ်လ ၁ ရက်နေ့ကို စိန့်ဒေးဗစ်နေ့ အဖြစ်ကျင်းပကြသည်။ အမေရိကန်၌ မတ်လ ၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ စာဖတ်မြတ်နိုးသူများနေ့ အဖြစ် သတ်မှတ်ထားသည်။ ကမ္ဘာတစ်ဝှမ်း၌ မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့ အဖြစ် ကျင်းပ၍ မတ်လ ၂၃ ရက်တွင် ပိုလန်-ဟန်ဂေရီ နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် နှစ်စဉ်ကျင်းပကြသည်။

 

တောင်အာဖရိကနိုင်ငံ၌ မတ်လ ၂၁ ရက်နေ့ကို လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ကြသည်။ မြန်မာနိုင်ငံတွင် ၁၉၈၉ မတ်လ ၁၃ ရက်နေ့တွင် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် နှစ်ပတ်လည် အခမ်းအနားနေ့ကို ဒီမိုကရေစီအင်အားစုများက ကျင်းပကာ ယင်းနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

 

၂၀၁၄ မတ်လ ၁ဝ ရက်နေ့ ဓနသဟာယနိုင်ငံများ အထိမ်းအမှတ်နေ့အဖြစ် ကျင်းပရန် ပြင်ဆင်ထားသည်။ နှစ်စဉ် မတ်လ၏ ဒုတိယအပတ်တွင် ကျရောက်သော တနင်္လာနေ့ကို ဓနသဟာယနိုင်ငံများနေ့အဖြစ် ကျင်းပလာခဲ့သည်။

 

ကမ္ဘာတစ်ဝှမ်း၌ မတ်လ၏ ဒုတိယသတ္တပတ်တွင် ကျရောက်သော အင်္ဂါနေ့ကို “ကမ္ဘာ့ကျောက်ကပ်သည်များနေ့” အဖြစ် နှစ်စဉ် ကျင်းပလျက်ရှိသည်။

 

မတ်လ ၈ ရက်နေ့ကို အင်ဂိုလာ၊ နီပေါ၊ လာအို၊ ယူဂန်ဒါ၊ ကွန်ဂိုနိုင်ငံများ၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ကျင်းပသည်။ သြစတြေးလျနိုင်ငံ၌ မတ်လ ၁၂ ရက်နေ့ကို အလုပ်သမားနေ့ အဖြစ် သတ်မှတ်ထားသည်။ မတ်လ ၂၆ ရက်နေ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးနေ့ ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၌ မတ်လ ၈ ရက်နေ့ကို အမျိုးသမီးများနေ့ သတ်မှတ်ထားသည်။  မတ်လ ၆ ရက်နေ့သည် ဂါနာနိုင်ငံ၏ လွတ်လပ်ရေးနေ့ ဖြစ်သည်။

 

မာလီနိုင်ငံ၌ မတ်လ ၂၆ ရက်နေ့ ဒီမိုကရေစီနေ့အဖြစ် ကျင်းပလျက် ရှိသည်။ မောရိရှပ်နိုင်ငံ၏ အမျိုးသားနေ့မှာ မတ်လ ၁၂ တွင် ကျရောက်သည်။ မြန်မာနိုင်ငံ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် နှစ်စဉ် ကျင်းပလျက် ရှိသည်။ တောင်ကိုရီိးယားနိုင်ငံ၌ မတ်လ ၁ ရက်နေ့ကို လွတ်လပ်ရေး လှုပ်ရှားမှုနေ့အဖြစ် ကျင်းပလျက် ရှိသည်။ နမ်ဘီးယားနိုင်ငံ၏ လွတ်လပ်ရေးနေ့မှာ မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သည်။

 

အနောက်တိုင်း ဗေဒင်အလိုအရ မတ်လ ၁ ရက်မှ ၂ဝ ရက်အတွင်း မွေးဖွားသူများသည် စိတ်ကူးယဉ်သမားများ ဖြစ်ကြသည်။ သို့ရာတွင် တွေးခေါ်မြော်မြင်ရာ၌ကား ပြောင်မြောက်ကြသည်။ အခက်အခဲ စိန်ခေါ်မှုများကို ကျော်ဖြတ်ပြီးမှသာ ဘဝ၏ အောင်မြင်မှုကို ရရှိမည့်သူများ ဖြစ်သည်။

 

မတ်လ ၂၁ မှ ၃၁ ရက်အတွင်း မွေးဖွားသူတို့ကား စိတ်ဓါတ်စွမ်းအား ကြီးမားတတ်သည်။ အရာရာတါင် ခေါင်းမာပြီး ယတိပြတ်လုပ်ကိုင်တတ်သလို ဇွဲသတ္တိကြီးမားသူများလည်း ဖြစ်သည်။

 

မတ်လဖွား ကမ္ဘာကျော် ပုဂ္ဂိုလ်များတွင် ဂျာမန်ရူပဗေဒပညာရှင် ဒယ်လဘတ်အိုင်းစတိုင်း၊ အိပ်စရေးရောင်ခြည်ကို ရှာဖွေတွေ့ရှိသော ရူပဗေဒ နိုဘယ်ဆုရှင် ကွန်နတ်ရွန်ဂျင်၊ ဒီဇယ်အင်ဂျင်စက်ကို တီထွင်ခဲ့သော ရူးဒေါ့ဖ်ဒီဇယ်၊ စပိန်ပန်းချီကျော် ဂိုယာ၊ ဒတ်ခ်ျပန်းချီကျော် ဗင်ရိုး၊ နောက်ဆေးပြဇာတ်နှင့် ကဗျာဆရာကြီး အစ်ဘဆင်၊ ပြင်သစ် သိပ္ပံနှင့် ဒသနိဗေဒ ပညာရှင် ရီနီဒက်စကာတီး၊ ရုရှားစာရေးဆရာကြီး မက္ကဇင်ဂေါ်ကီ၊ အီတလီပန်းချီ ပန်းပုပညာရှင် မိုက်ကယ်အိန်ဂျယ်လို၊ တယ်လီဖုန်းတီထွင်ခဲ့သော အမေရိကန် သိပ္ပံပညာရှင် ဂရေဟမ်ဘဲလ်၊ ပူလစ်ဇာဘလေ လေးကြိမ်ဆုရ ကဗျာဆရာကြီး ရောဘတ်ဖရော့၊ အောက်ဆီဂျင်ဓါတ်ကို ရှာဖွေတွေ့ရှိသော အင်္ဂလိပ်သိပ္ပံပညာရှင် ဂျိုးဇက်ပရိစတလီ၊ နက္ခတ္တဗေဒပညာရှင် ဆာဝီလျံဟာရှယ် ၊ အိုင်းရစ်သမိုင်းပညာရှင် ဝီလျံလက်ကီးတို့ ပါဝင်သည်။

 

မတ်လဖွား မြန်မာ့ဂန္တ၀င် စာပေအနုပညာရှင်များမှာ  သပြေပင် ဆရာတော် ဘဒ္ဒန္တသောဘန (ဟင်္သာတ)၊ မောင်ထင်၊ ပါဠိပါရဂူဦးအောင်မိုး၊ တက္ကသိုလ်မောင်မောင်ကြီး၊ မြလှိုင်၊ ဒဂုန်ပ ဦးဘတင်၊ အမျိုးသားပညာဝန် ဦးဖိုးကျား၊ ဗြိတိသျှဘားမား ဦးညွှန့်၊ တက္ကသိုလ် မောင်အောင်ဆွေ၊ ထွန်းသိင်္ဂါ တို့ ဖြစ်သည်။

 

မတ်လဖွား ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်များမှာ ဗန္ဓုလဦးစိန်၊ ငွေစာရင်းမင်းကြီး ဦးဘခင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒေါက်တာ ဝမ်ကိုဟော တို့ ဖြစ်သည်။

ယခု ၂ဝ၁၄ ခုနှစ် မတ်လသည် မြန်မာ တပေါင်း လဆန်း ၁ ရက်မှ  တပေါင်းလကွယ်နေ့အထိ ရက်ပေါင်း ၃ဝ ပါဝင်၍ တန်ခူးလဆန်း ၁ ရက် ပါဝင်သောကြောင့် မတ်လသည် မြန်မာတပေါင်းလနှင့် အများဆုံးတိုက်ဆိုင်နေလေသည်။

 

တပေါင်းလသည် မြန်မာလများတွင် (၁၂) ခု မြောက်လ ဖြစ်သည်။ ပထမလ၀က်သည် ဆောင်းရာသီစက်မှ မလွတ်သေးချေ။ ဒုတိယလ၀က်သို့ရောက်မှသာ နွေရာသီစက်သည် စတင်လေသည်။ ထို့ကြောင့် တပေါင်းလသည် ဆောင်းတဝက် နွေတဝက်လဖြစ်၍ “နေပူလို့ ညချမ်း၊ တပေါင်းလ လသရမ်း” ဟု ဆိုစမှတ်ပြုကြသည်။

 

၂၇ လုံးသော နက္ခတ်များ စုပေါင်းထွက်ပေါ်ခြင်းကြောင့်လည်းကောင်း၊ ထန်းရည်များ ပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်းပူသောစကားမှ ရွေ့လျားလာသောကြောင့်လည်းကောင်း၊ “တပေါင်း” လဟု ခေါ်တွင်သည်ဟု ဆိုသည်။ ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်၏။ မိန်ရာသီ၏ အရုပ်မှာ ငါးနှစ်ကောင် ပုံ ဖြစ်သည်။ စန်းယှဉ်နက္ခတ်ကား ဥတ္တရဘရဂုဏ္ဏီတည်း။ သရဖီကို ရာသီပန်းအဖြစ် အသိအမှတ်ပြုကြသည်။

 

ယင်းလတွင် မြစ်ဖျား၊ ချောင်းဖျားရေစစ်ကာ သောင်ခုံသဲပြင်များ ပေါ်ထွန်းသဖြင့် သဲပုံစေတီတည်သော ရာသီပွဲများ ကျင်းပလေ့ရှိသည်ဟု စာဟောင်းပေဟောင်းများ၌ အဆိုရှိခဲ့၏။ ထိုလ၌ နေထွက်ချိန်မှာ ၆ နာရီ ၁ဝ မိနစ် ဖြစ်၍ နေဝင်ချိန်မှာ ၅ နာရီ မိနစ် ၅ဝ ဖြစ်သည်။ နေ့တာအနည်းငယ်တို၍ ညတာ ရှည်သည်။

 

တပေါင်းလသည် ဆောင်းကြွင်းနွေဦးလ ဖြစ်သဖြင့်  လေကသဘာဝအလုံးသည် သစ်ပင်များ ရွက်ဟောင်းစွန့်၍ ရွက်သစ်ကွန့်ကာဝေ၍ အညွှန့်အညှောက်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ်သာယာ လှပေသည်။

 

ထို့ကြောင့်လည်း ရှေးစာဆိုများက “တပေါင်းသာခေါင် လများနောင်” ဟူ၍လည်းကောင်း၊ “ရာသီတွင် အညီပြောပေ ကြော၍သာမြဲ” ဟု တဖုံ တပေါင်းလကို အမွှမ်းတင်၍ စာပန်းချီရေးဖွဲ့ကြသည်။

 

မြန်မာစာပေလောကတွင် ရှေးစာဆိုအများသည် တပေါင်းလကို အထူးဖွဲ့ဆို ရေးသားကြလေရာ အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်ဥတ္တမကျော်သည် သူ၏ တောလားကဗျာကြီး၌ တပေါင်းလ၌ တင့်တယ်သာယာပုံကို “လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ယော်ယီ က္ကုန္ဒရီဝယ် သိင်္ဂီတ၀က်၊ ဖက်၍ ဆေးစုံ၊ ခြယ်သောပုံသို့၊ ဂရုံပြိုင်တွင်း၊ တောလုံးလင်းသား” ဟု ချီးကျူးဖွဲ့ဆိုခဲ့သည်။

 

ရှင်လုံးညိုကလည်း တပေါင်းလ၏ ကြည်နူးရူချင်ဖွယ်ကောင်းပုံကို ဂါထာ ၆၀ ပျို့တွင် ကာဋုဒါယီအမတ် မြတ်စွာဘုရားအား လျှောက်ကြားသည့်ဟန် ဖွဲ့နွဲ့စပ်ဆိုခဲ့သည်။

 

ကုန်းဘောင်ခေတ် ပြဇာတ်ဆရာကြီး ဦးကြင်ဥကမူ “ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ပတ်လည်၊ သဇင်ကြွင်းငယ်နှင့်၊ အင်ကြင်းသန္တာညွှန့်ငယ်တို့၊ ဖူးကွန့်ကိုက်စည်၊ ဘမရာ ရွှေပိတုန်းငယ်တို့၊ ရွေသုံးကြ၀တ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖော်ကွဲ၊ ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ၊ ဥာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊ ရာသီတွင်ခါညီ ပြောလေပ၊ ကြော၍သာမြဲ” ဟူ၍ တပေါင်းလ၏ သာယာလှပမှုကို ရွေးချယ်သီကုံးခဲ့လေသည်။

 

တဖန် ဦးအောင်ကြီး၏ အင်းဝမြို့ဘွဲ့ ၁၂ ရာသီလူးတားတွင်

 

“တပေါင်းလသာ၊ လတကာထက်၊ နှိုင်းရာဖက်ရှောင်၊ လများနောင်ကား၊ တောင်လည်းသာမော၊ တောလည်းသာထွေ၊ ရေလည်းသာလှ၊ ဖြူလွသောင်ပြင်၊ ငှက်ပေါင်းရွှင်လျက်၊ သဘင်အပြီ၊ သဲစေတီဟု၊ မြှောက်ချီရွှင်ပ၊ ပူဇော်ကြလျက်၊ ပြည်ပပြည်တွင်း၊ ဖြောင့်စင်းရည်ဆောင်၊ ဆီးမီးတောင်နှင့် ထွန်းပြောင်ညှိရုံး၊ ပန်းလျှင်ကုန်းသို့၊ နှလုံးသဒ္ဓါ၊ ရတနာသုံးဖော်၊ ဖူးမြှော်ကုန်ကြ၊ လွန်ရွှင်ပျရှင့်” ဟူ၍ ဖွဲ့ဆိုခဲ့လေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်