fbpx

ဆရာကြီးမောင်ထင်သို့ လွမ်းဂါရဝ

March 8, 2014

မောင်စွမ်းရည်
မတ်လ ၈၊ ၂၀၁၄

 

ကွယ်လွန်သူစာရေးဆရာကြီး “မောင်ထင်” ကို လယ်သမားကြီး “ငဘ” ဝတ္ထုရေးတဲ့ စာရေးဆရာ၊ “ကိုဒေါင်း” ဝတ္ထုတိုများရေးတဲ့ စာရေးဆရာ၊ “ယောမင်းကြီး အတ္ထုပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်းကို တည်းဖြတ်ရေးသားသူ ကျမ်းပြုဆာ၊ ဗိုလ်ချုပ်အောင်ဆန်းကို “နိုင်ငံရေးသုခမိန်”အဖြစ် သုံးသပ်တင်ပြသူ စာရေးဆရာစသဖြင့် စာပေလောကသားများက သတိရနေကြပါလိမ့်မယ်။

 

မောင်ထင်ဟာ “ခေတ်စမ်းစာဆို” တဦးဖြစ်ပါတယ်။ ခေတ်စမ်းစာဆိုတွေထဲမှာ သိပံ္ပမောင်ဝနဲ့ မောင်ထင်ကို စကားပြေစာရေးဆရာကြီး များအဖြစ် အထူးလေးစားခံထားကြပါတယ်။

 

မောင်ထင်ဟာ ကိုလိုနီခေတ်နှောင်းပိုင်းမှာ မြို့အုပ်လုပ်ခဲ့ဖူးတယ်။ စစ်ကြီးဖြစ်သွားမှ မြို့အုပ်ဘဝကကထွက်ခဲ့ပါတယ်။ မြို့အုပ်ဘဝမှာ မြို့အုပ်မင်း “ဘုံရုံကဗျာများ” ရေးခဲ့တာကို လူသိနည်းပါတယ်။ “သြော်… မူကြွယ်သနစ်၊ လူရယ်လို့ဖြစ်ကရ၊ ညစ်လှတဲ့ဒီကံ၊ ဝိပါကဝဋ် မကင်းလေတော့ ကျွန်တွင်းမှာခံရ ဟန်မကျလေအုံးစသဖြင့် မြို့အုပ်မင်း ညည်းချင်းတွေကို ရေးခဲ့တာပါ။ ကြီးပွားရေး မောင်လှ(နောင်-လူထုဦးလှ) ရဲ့ ကြီးပွားရေးမဂ္ဂဇင်းမှာရေးခဲ့တာလို့ပဲ မှတ်မိပါတယ်။ ဟိုတုန်းကစုစည်းပြီး စာအုပ်မထွက်ဖူးခဲ့ပါဘူး၊ ဆရာကြီးအသက် ၈၀ကျော်မှ ကျနော်တို့တပည့်တွေ ဝိုင်းဝန်းကြိုးစားလို့(စာအုပ်ဈေးစာအုပ်တိုက်က?) ထုတ်ဝေဖြစ်ခဲ့ပါတယ်၊ စစ်ပြီးခေတ်တချို့မဂ္ဂဇင်း (ရှုမဝ?) မှာ ပြန်လည်ဖော်ပြခဲ့ဖူးတယ်ထင်ပါတယ်။ (ပြည်ပမှာ ကိုကားစရာစာအုပ်မရှိလို့ အတိအကျကိုးကားဖေါ်ပြတာတွေ မလုပ်နိုင်တာ ခွင့်လွှတ်ပ။)

 

ဆရာကြီးမောင်ထင်ရဲ့ စာအုပ်တွေထဲမှာကျနော်အကြိုက်ဆုံးကို ဖော်ပြပါဆိုရင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ရေးထားတဲ့ “နိုင်ငံရေး သုခမိန်” ဆိုတဲ့စာအုပ်လို့ဖြေပါမယ်။ ဗမာ့သမိုင်းမှာ “နိုင်ငံရေးသုခမိန်” လို့ခေါ်နိုင်သူဟာ အောင်ဆန်းကလွဲလို့ မရှိဘူးလို့ ခပ်တင်းတင်း ပြောထားပါတယ်။ မောင်ထင်ဟာ ဦးဖိုးလှိုင်အကြောင်းကိုလဲ ပြုစုခဲ့သူဖြစ်ပါတယ်။ ယောမင်းကြီးဦးဖိုးလှိုင်ဟာ အနောက်တိုင်းပါလီိမန် ဒီမိုကရေစီကို မြန်မာမှုပြုဖို့ မျက်စိကျခဲ့ပေမဲ့ အောင်ဆန်းလိုလူထုကို စည်းရုံးလှုံ့ဆော်ပြီး သူ့အယူအဆကို အကောင်အထည်မဖေါ်နိုင်ခဲ့ဖူးလို့ နိုင်ငံရေးခေါင်ဆောင်နှစ်ဦးကို ခွဲခြားဝေဖန်ပြထားပါတယ်။

 

မောင်ထင်ဟာ အောင်ဆန်းကို တက္ကသိုလ်ကျောင်းသားဘဝကတည်းက သိကျွမ်းရင်းနှီးခဲ့သူပါ။ ဆရာအောင်ဆန်းထက် အသက်ရော၊ ဝါရောကြီးသူဖြစ်လို့ အောင်ဆန်းက ဆရာနဲ့စကားပြောရင် “ခင်များကြီး” လို့ ညွှန်းဆိုလေ့ရှိပါတယ်။ဆရာကတော့ “အောင်ဆန်း” “ကိုအောင်ဆန်း” စသဖြင့် ခေါ်လေ့ရှိတာတွေ့ရပါတယ်။ ဆရာဇော်၊ ဆရာဝဏ်တို့ကိုတော့ တက္ကသိုလ်မှာ ဆရာလုပ်နေပြီမို့ “ဆရာ”လို့ အောင်ဆန်းကခေါ်ပါတယ်။

 

စစ်ပြီးစ ဖဆပလအစိုးရအဖွဲ့မှာ ဒီးဒုတ်ဦးဘချို၊ ဦးရာဇက်၊ ဦးဘဝင်းစတဲ့ ဆရာကြီးများနဲ့အတူ ဦးအောင်ဆန်း၊ ဦးဆောင်နေတဲ့ကာလမှာ ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်တို့လဲ ပါဝင်ကူညီနေပါတယ်။ ဘရင်းဂန်း ၂၀၀ ပျောက်ဆုံးသွားတဲ့ကိစ္စမှာ မောင်ထင်က ဗိုလ်ချုပ်အောင် ဆန်းအတွက် သောကရောက်မိလို့ ဦးဘချိုနဲ့ ဗိုလ်ချုပ်အပါးတော်မြဲ ဗိုလ်နေဝင်း(တက္ကသိုလ်နေဝင်း)တို့ကို-အကျိုးအကြောင်းတင်ပြ သတိပေးခဲ့တာ အခါခါပါလို့- မောင်ထင်ကသူ့ရဲ့စာအုပ်မှာ ထည့်သွင်းဖေါ်ပြထားပါတယ်။ ဦးဘချိုက ငါလဲဗိုလ်မိုးရဲ့ဇာတာကို စစ်ဆေးကြည့်ပြီး ဗိုလ်ချုပ်ကံနိမ့်နေတာတွေ့လို့ သတိပေးတာပဲ။ ဒါပေမဲ့ ဗိုလ်မိုးက လက်မခံဘူးလို့ ညည်းညူကြောင်းတွေလိုပဲ ဖတ်ရပါတယ်။ ကံကလူပဲ အပါးတော်မြဲများကလဲ ညည်းညူကြပါတယ်။

 

မောင်ထင်ရေးတဲ့အထဲမှာ ကျနော်စိတ်အထိခိုက်ဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းမျက်ရည်ကျခန်းပါပဲ၊ နိုင်ငံရေးသမားဘဝဟာ အထီးကျန် ဆန်ပုံကို ငြီးငွေ့မိလို့ အင်္ဂလိပ်ဘုရင်ခံဆီမှာ ရင်းနှီးယုံကြည်စွာနဲ့ ညည်းညူပြောဆိုရင်း မျက်ရည်ကျခဲ့ရှာပါသတဲ့။ လွတ်လပ်ရေးတိုက်ပွဲရဲ့ အထွတ်အထိပ်ကာလမှာ ဘုရင်ခံနဲ့ ဗိုလ်ချုပ်ဆိုတာ ပြဒါးတလမ်း သံတလမ်းပါပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်က တဦးနဲ့တဦးအတွင်းသိအစင်းသိချင်း ဖြစ်နေတဲ့ အင်္ဂလိပ်ဘုရင်ခံကို လူကြီးလူကောင်းတယောက်အဖြစ် လေးစားယုံကြည်မှုနဲ့ ရင်ဖွင့်ခဲ့ရှာတာဖြစ်ပါတယ်။

 

နိုင်ငံရေးသုခမိန်စာအုပ်ကို ကျနော်က သိပ်ကြိုက်မိလို့ ဆရာကိုပြန်ထုတ်ဖို့ ပြောဖူးပါတယ်။ မင်းကနောက်ကျနေပြီ မင်းအစိုးရအဖွဲ့ရောက်မှ ကြိုးစားပေတော့လို့ သူ့ထုံစံအတိုင်း ငေါ့ပါတယ်။ ဗိုလ်ချုပ်အောင်းဆန်းနဲ့ပတ်သက်သမျှကာလမှ ရေးခွင့်၊ ဟောခွင့်မပြုတဲ့ကာလပါ။ တပ်မတော်ဖခင်ကြီးရဲ့စာအုပ်ကို တပ်မတော်အစိုးရက ပိတ်ပင်ထားခဲ့ပါသတဲ့။ ခုအခါ-အောင်ဆန်းရာပြည့်ကာလနီးလာပြီဆိုတော့ ပြန် လည်ထုတ်ဖို့ကောင်းပါတယ်။ (ထုတ်ပြီးပြီလားမသိ)

 

မောင်ထင်ရဲ့“ ငဘ”ဝတ္ထုကိုတော့ ထုတ်ဝေစကတည်းက ဖတ်ဖူးပါတယ်။ မင်းသားညွှန့်မောင်ကြီး သရုပ်ဆောင်တဲ့ ငဘရုပ်ရှင်လဲ မှတ်မိရပါသေးတယ်။ မောင်ထင်က မြေရှင်လယ်ရှင်သဌေးသားပါ။ ငဘက ဆင်းရဲသားလယ်သမားပါ။ ဒါပေမဲ့ ဂျပန်ခေတ်မှာတော့ အဖိနှိပ်ခံဘဝချင်းတူခဲ့ကြပါတယ်။ လယ်သမားနှင့်လယ်ရှင်ခံစားမှုထပ်တူကျရိုးမရှိပေမဲ့ မောင်ထင်ဟာ အူတူတူ အတတ လယ်သမားကြီး ဘဝကိုတော့ စာနာဖေါ်ကျူးနိုင်စွမ်းရှိခဲ့တယ်လို့ ထင်ပါတယ်။ ဦးနုဝန်ကြီးဖြစ်လာတော့ ဦးနုက လယ်သမားကြီးတွေကို “ငဘ” ကြီးတွေလို့ တင်စားခေါ်ဝေါ်ခဲ့ဖူးပါတယ်။ ဒါကိုနားမလည်တဲ့ ဗိုလ်နေဝင်းက လယ်သမားကြီးတွေကို မရိုမသေ “ငဘ” လို့မခေါ်ရ။ “ဦးကြီး” တွေလို့ခေါ်ရ မယ်လို့ အမိန့်ချပြင်ဆင်ပြီး လယ်သမားကြီးတွေကို ညီလာခံကြီးတွေခေါ်ပြီး ချီးမြှောက်ခဲ့ပါတယ်။ ပြီးမှစစ်အာဏာရှင်သဘာဝ မြေချနင်းခဲ့ တာဟာ သူ့တပည့်လက်သားဗိုလ်ရှုပ်များက ခုထက်ထိ လယ်မြေတွေလုယက်သိမ်းဆည်းလို့ မဆုံးသေးပါဘူး။

 

ပြောရင်းဆိုရင်း စာပေဟောပြောပွဲတခုအကြောင်းကို သတိရလိုက်မိပါတယ်။ ညောင်ဦးဘက်မှာဆိုထင်ပါရဲ့ စာရေးဆရာတယောက်က သူဖတ်ဖူပြီး စွဲလန်းခဲ့တဲ့ ဝတ္ထုတွေအကြောင်းကိုပြောတဲ့အခါ ငဘရေးတဲ့ “မောင်ထင်” ဝတ္ထုကောင်းပုံကိုလဲ ထည့်သွင်းပြီး ပြောင်းပြန်ပြောခဲ့ ဖူးပါသတဲ့။ အဲဒီဆရာမောင်ထင်က ပြန်ပြောဖူးတာပါ။ “ငဘရေးတဲ့မောင်ထင်အကြောင်း မင်းတို့ဖတ်ဖူးကြရဲ့လား” လို့ ပြောခဲ့တယ်ထင် ပါတယ်။

 

ကျနော်က အညာသား၊ ဆရာကမြစ်ဝကျွန်ပေါ်သားဆိုတော့- ကျနော့်အနေနဲ့ ဆရာကိုစောစောစီးစီး သိကျွမ်းခွင့်မရခဲ့ပါဘူး။ ကျနော့် မိဘတွေက တဖွဖွပြောခဲ့တဲ့ ငဘဝတ္ထုရေးဆရာအဖြစ်နဲ့တော့ စိတ်ထဲမှာရင်းနှီးနေပါတယ်။ ရန်ကုန်ကိုကျနော်ရောက်သွားတော့မှ သိရှိရင်းနှီးတာပါ။ ဆရာဟာအောင်ဆန်းနဲ့အတူ ရင်းနှီးခဲ့သူတဦးဖြစ်ပေမဲ့ အောင်ဆန်းရဲ့သမီး နိုင်ငံရေးလောကထဲဝင်ရောက်လာတော့ ပြန်လည်တွေ့ဆုံခွင့် မကြုံခဲ့ဖူးလို့ထင်ပါတယ်။ ဒါကြောင့်ကျနော်နေတဲ့ မဂ္ဂီရပ်ကွက်ထဲက ဘုန်းကြီးကျောင်းကို ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတော့ ကျနော်ကားရှာပြီး ဆရာ့ကိုသွားခေါ်ခဲ့ပါတယ်။ ဆရာ့ကိုဘုန်းကြီးကျောင်းထဲပို့ပြီး ဒါပေမဲ့လူပရိသတ်ကြားထဲမှာ ဆရာက တိုးဝှေ့မသွားနိုင်ခဲ့လို့နဲ့တူပါတယ် တွေ့ဆုံခွင့်လွဲခဲ့ရပါတယ်။

 

ဆရာရေးတဲ့ဗိုလ်ချုပ်အောင်ဆန်းအကြောင်းစာအုပ်ထဲမှာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ရဲ့နာမည်ကို မလွှဲမရှောင်သာတွေ့ရပေမဲ့ တခြားအမျိုးသမီးနာမည်ဆိုလို့ ဒေါ်ခင်မျိုးချစ်တဦးပဲ၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်ဗဟိန်းတို့ရဲ့ ရဲဘော်မ – လူရင်းအဖြစ်နဲ့ ထည့်သွင်းဖေါ်ပြထားတာ တွေ့ရပါတယ်။ တခါက ဆရာထင်ကျနော့်ကိုခေါ်ပြီး ခင်မျိုးချစ်တို့အိမ်သွားရအောင်လို့ ခေါ်သွားဖူးပါတယ်။ သူတို့ချင်းမတွေ့တာ ကြာခဲ့ပြီဖြစ်ဟန်တူပါတယ်။ လူချင်းလဲတွေ့ရော “ဟေ့ခင်မျိုးချုပ်” နှုတ်ဆက်တော့ “ဟယ်- ကိုထင်ဖွတ်” လို့ ပြန်နှုတ် ဆက်ပါတယ်။ ဆရာထင်ရဲ့နာမည်ရင်းက ဦးထင်ဖတ်မဟုတ်လား။ ဒါကြောင့် “ကိုထင်ဖွတ်” ခေါ်တာပါ။ ကျနော်ကြားဖူးတာက (ဆရာ တိုက်စိုးပြောတာထင်ပါတယ်)- ဆရာထင်ဟာ တရုတ်စပ်မို့ သူ့အမည်ရင်းက “လျောင်ချင်ဖတ်” တဲ့။ ဗမာအသံနဲ့ “မောင်ထင်ဖတ်” ပေါ့။ ဟုတ်မဟုတ်မသိပါ။ ဆရာတိုက်စိုးကလဲ နောက်တတ်သူပါ။ ဆရာထင်နဲ့ညီအကိုလို့ထင်ရအောင် ရုပ်ရည်ချင်း ပြောပုံဆိုပေါက်ချင်း-ဆင်တူလှပါတယ်။

 

ရန်ကုန်မှာကျနော်အားရင် ဒေါ်ခင်မျိုးချစ်၊ ဆရာမင်းသုဝဏ်၊ ဆရာထင်၊ ဆရာတိုက်စိုးစတဲ့ လူကြီးတွေရဲ့အိမ်ကို သွားရောက်လည်ပတ် လေ့ရှိပါတယ်။ သူတို့ကအပြင်ထွက်တာနည်းတော့ ကျနော်တို့လာတာကို သဘောကျပါတယ်။ ဆရာထင်နဲ့ဒေါ်ခင်မျိုးချစ်တို့ကို တော်ရုံတန်ရုံသိကျွမ်းတဲ့ လူငယ်များ တေ့တေ့ဆိုင်ဆိုင်တွေ့ဆုံဖို့ ဝန်လေးကြပါတယ်။ သူတို့က ထေ့တတ်ငေါ့တတ်လို့ပါ။ ဒါလဲရင်းနှီး ခင်မင်မှုနဲ့ပါ။ တခါကဦးကြီးအောင်(ငွေဥဒေါင်း)နဲ့ စကားလက်ဆုံကျဖူးတော့ ဆရာထင်နဲ့ မဆုံရဲကြောင်း သူထေ့တာငေါ့တာ မခံနိုင်ကြောင်း ပြောဖူးပါတယ်။ ကနော်ကတော့ သူတို့စာတွေဖတ်ပြီး ဦးကြီးဒေါ်ကြီးအရင်းအချာတွေလို စိတ်ထဲကရင်းနှီးနေမိလို့ သူတို့နဲ့ဆက်ဆံရမှာအထစ်ငေါ့မဖြစ်ခဲ့ဖူးပါဘူး။

 

တခါက ဇော်လင်းလား၊ ဒေါက်တာခင်မောင်ညိုလားမသိ ဆရာဆီလိုက်ပို့ပါဆိုလို့ ကျနော်လိုက်ပို့ဖူးပါတယ်။ ဆရာ့အိမ်ဝင်းတံခါးက ပိတ်ထားလေ့ရှိတော့ အပြင်ကလှမ်းပြီးအသံပေးရတယ်။ နေလည်နေ့ခင်းမှာ ဆရာ့သားသမီးတွေ အလုပ်သွားချိန်ဆိုတော့ ဆရာတဦး တည်းရှိတတ်ပါတယ်။ ဆရာကထွက်လာပြီး “ဘယ်သူလဲဟေ့” လို့အော်လိုက်ရင်ဘဲ ကျနော်နဲ့ပါသူဟာ လန့်သွားပါ တယ်။ ကျနော့်အဖို့တော့ ရိုးနေပါပြီ။ “ဆရာကြီးခင်မျာ”၊ ကျနော်အညာသားလေးတယောက်ပါ။ အဝေးကြီးကလာပြီး ဆရာ့ကို ဂါရဝပြုတာပါ ဘာညာစသဖြင့် ပြောလိုက်ပါတယ်။ “ဟေ့ အညာသားတွေ ဘာတွေမလိုချင်ဘူး တံခါးဖွင့်မပေးနိုင်ဘူး” လို့ ဆရာကပြန်အော်တော့ ဧည့်သည်ကမျက်နှာ ပျက်လှပါပြီ။ “ကိစ္စမရှိပါဘူး ဆရာကြီးကျနော် ဝင်းထရံကိုကျော်တက်ခဲ့ပါမယ်” ဆိုတော့မှ ဆရာကြီးက တဟဲဟဲနဲ့လာပြီး “ဒီအညာသားလာ မလွယ်ဘူးကွ။ အဟုတ်ကျော်တက်မဲ့ကောင်” လို့ ပြောပြောဆိုဆိုနဲ့ တံခါးလာဖွင့်ပေးပါတယ်။ ကျနော်တို့ နေကုန်နေခန်း စကားလက်ဆုံ ကျကြပါတယ်။

 

ဆရာ့မွေးနေ့တခုမှာတော့ ကျနော်က မုံရွေးကိုတာကို လက်ကုတ်ပြီး “ကိုတာရေ-ဆရာကြီးကိုဝီစကီလေးတပုလင်းနဲ့ ကန်တော့ရအောင်” ဆိုတော့ ကိုတာကလဲ ကိုတာကလဲ ဝီစကီတပုလင်းဝယ်လာရှာတယ်။ ဒီတော့ဆရာက “ငါအသက်ကြီးပြီကွ မင်းတို့ဒါမျိုးတွေမလုပ်ကြနဲ့” ဆိုပြီး ပုလင်းကိုအောက်ချထားလိုက်တယ်။ မင်းတို့နေကြအုံး လူရှင်းမှ ငါတို့စာပေစကားပြောကြရအောင်လို့ ထားထားပါတယ်။ လူလဲရှင်း ရော အိမ်ဘေးအဖီထဲကို စာပေသမားတွေခေါ်ခဲ့ဖို့လို့ ကျနော့်ကိုပြောပါတယ်။ စာပေသမားလူရင်းတွေပဲ လက်ကုပ်ခေါ်ခဲ့ပါတယ်။ ဆရာထင်က မျက်နှာပျက်နေဆဲဖြစ်တဲ့ ကိုတာကိုလက်ညိုးထိုးလိုက်တော့ ကိုတာလဲ ပိုပြီးမျက်နှာပျက်သွားရှာပါတယ်။ “ဒီမှာအမောင် ဘသူ။  အဲ-မောင်တာ။ ငါကဒီမျိုးကို သိပ်ကြိုက်တာကွ။ ငါ- ဒူးနာနဲ့လဲ တဲ့တယ်။ နဲနဲပါးပါး လိမ်းလို့လဲရတယ်။ မင်းတို့ကလူရှေ့မှာပေးတာဆိုတော့ ဘယ်ကောင်းမလဲ။ ငါ့ဘေးကထိုင်ကန်တော့နေတာ ငါ့နှမကျောင်းအုပ်ဆရာမကြီးကွ။ ငါ့လိုအဖိုးကြီးက ပုလင်းလက်ခံတယ်ဆိုတော့ ဘယ် ကောင်းမလဲ။ ဒါကြောင့် သူတို့ကွယ်ရာမှာ မင်းကိုကျေးဇူးတင်စကားပြောရတာ” တဲ့။ ဒီတော့မှ ကိုတာကြီးလဲ မှေးပြီးသားမျက်ပေါက် ပျောက်သွားအောင်ပြုံးနိုင်လာပါတော့တယ်။

 

ဆရာမင်းသုဝဏ်မွေးနေ့တွေမှာလဲ ကားရှာပြီးဆရာထင့်ကို ကျနော်သွားခေါ်လေ့ရှိပါတယ်။ ဆရာမင်းသုဝဏ်နဲ့ ဆရာမောင်ထင်တို့က သက်တူရွယ်တူတွေပါ။ ဆရာတို့နောက်ဆုံးတွေ့ကြတုန်းမှာ ဆရာထင်က ဆရာဝဏ်အနားကပ်ပြီး “ကြီးကောင့်ကြီးမှ နိုင်ငံရေးတွေဘာတွေ လျှောက်လုပ်မနေနဲ့” လို့ပြောတာကြားလိုက်မိပါတယ်။ ဆရာတာရာကိုလဲ ငယ်နိုင်လိုသဘောထားပြီး “ဟေ့-ဌေးမြိုင် လေနုအေးးတွေ နော့မနေနဲ့ စသဖြင့်” ရိလေ့ရှိပါတယ်။ “ရိ” တာ ဆရာ့သဘာဝပါ။

 

ဆရာကွယ်လွန်တော့ ကျနော်ပြည်ပရောက်နေလို့ လိုက်မပို့လိုက်ရပါ။ ဆရာ့အကြောင်းစကားစပ်မိကြရင် “သရော်စာရေးဆရာကြီး” ဆိုတဲ့ စကားကို ဆရာ့ဂုဏ်ပုဒ်အဖြစ် ထည့်သွင်းပြောတတ်ပါတယ်။ ဟုတ်ကဲ့။ သဘောတူပါတယ်။ ဒါပေမဲ့ “ဟာသစာရေးဆရာ” နဲ့ “အပြောင်အပြတ်စာရေးဆရာ” တွေလို “သရော်စာ” ရေးမှုနဲ့ ရောမပြောမိဘို့ သတိထားသင့်ပါတယ်။ ဥပမာပြောရရင် ဆရာသော်တာဆွေက ဟာသစာရေးဆရာပါ။ အီကြာကွေးလိုဟာမျိုးက အပြောင်အပြတ်ရေးတဲ့သူပါ။ စာပေအမျိုးအစားတမျိုးနဲ့တမျိုး မတူပါဘူး။ ပညာအရည် အချင်းနဲ့ ပါရမီချင်းလဲမတူပါဘူး။ သူတို့စာတွေဖတ်ဖူးရင် နှိုင်းယှဉ်ပြီးသိမှာပါ။

 

ဆရာထင်က သရော်စာရေးသူပါ။ ခုအခါဆရာထင်နဲ့အတူ ခေတ်စမ်းစာဆိုတွေ တယောက်မှမရှိကြတော့၊ သူတို့နောက်နားက ဆရာတာရာလဲမရှိတော့-။ တွေးမိတိုင်းလွမ်းမိပါတယ်။ လွမ်းမိလို့ရေးမိတဲ့စာနဲ့ ဆရာထင်ကို ကန်တော့လိုက်ပါတယ်။

 

အောင်ဆန်းဟာတဦးတည်းသော မြန်မာ့နိုင်ငံရေးသုခမိန်လို့ ဆရာပြောခဲ့သလို ဆရာထင်ဟာ တဦးတည်းသော မြန်မာ့သရော် စာရေး ဆရာပါလို့ ကျနော်တို့ပြောနေကြပါတယ်။ ဒီစကားကိုကြားရင်“ မောင်ရင်တို့က သရော်စာဆိုတာ ဘာမှန်းသိလို့လား” လို့ ဆရာပြန်ထေ့ မယ်ထင်ပါကြောင်း။ ကျနော်မောင်စွမ်းရည်ပါ။

 ၂၀၁၃ အောက်တိုဘာ ၉

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized, လူများ၊ ရုပ်ပုံလွှာများ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)