နိုင်ငံ၊ လွတ်လပ်မှု၊ ဒီမိုကရေစီအစရှိသော နိုင်ငံရေးသဘောတရားများ၏ အခြေခံသဘောတရားတစ်ခု – Dr Khin Maung Win

March 12, 2014

 

နိုင်ငံ၊ လွတ်လပ်မှု၊ ဒီမိုကရေစီအစရှိသော နိုင်ငံရေးသဘောတရားများ၏ အခြေခံသဘောတရားတစ်ခု

။ မတ် ၁၂၊ ၂၀၁၄

          နိုင်ငံ(state), လွတ်လပ်မှု (freedom), တန်းတူညီတူရှိမှု (equality), တရားမျှတမှု (justice), ဒီမို ကရေစီ (democracy) နှင့် နိုင်ငံသားဖြစ်ခြင်း (citizenship) ဟူသော သဘောတရားများကို လေ့လာသော အခါ ၎င်းတို့အားလုံးတွင်ပါဝင်သော ၎င်းတို့ကျောထောက်နောက်ခံပြုထားသော သဘောတရားတစ်ခုကို ရှာသောအခါ ထိုအရာသည် အာဏာ (Power) ဖြစ်သည်ကို တွေ့ရသည်။ အာဏာသည် နိုင်ငံရေးသိပံ္ပံတစ် ခုလုံး၏ အခြေခံဟုလည်းဆိုနိုင်သည်။

          နိုင်ငံရေးအကြောင်းကို ပြောတိုင်းအာဏာအကြောင်းကို ပြောရသည်။

သာမန်လူများတွင် အာဏာရှိသလား?

ဝန်ကြီးချုပ်များ၊ သမ္မတများတွင် အာဏာများလွန်းနေသလား?

လူများသည် သူတို့ ကိုယ်သူတို့ အာဏာမရှိဟု ယူဆသောကြောင့် မဲမပေးဘဲနေသလော?

အာဏာအကြောင်းကိုပြောလျှင်၊ လုပ်ပိုင်ခွင့် (authority) အကြောင်းသည်လည်း မပါမဖြစ်ပါလာသည်။

အင်အားရှိခြင်းသည် မှန်ကန်ခြင်း ဖြစ်သည်ဟူသည် အမှန်ဘဲလား?

အာဏာရှိသောသူတိုင်းသည် အာဏာကို ကိုယ်ကြိုက်သလိုသုံးခွင့် ရှိသလား?

ဤမေးခွန်းများကို မေးသည့်အခါတွင် ပေါ်ပေါက်လာသည့်မေးခွန်းမှာ …

အာဏာနှင့်လုပ်ပိုင်ခွင့်တို့ သည် အတူတူပဲလား၊ ကွဲပြားသလား?

ဥပမာ- အမေရိကန်နိုင်ငံသည် အခြားသောနိုင်ငံများအပေါ် အာဏာ သက်ရောက်၏။ သို့သော် လုပ်ပိုင်ခွင့်တကယ်ရှိသလား – ဟူ၍ ဝေဖန်နေကြသည်ကို ကြားရသောအခါ အာဏာနှင့်လုပ်ပိုင်ခွင့်မတူဟူ၍ စဉ်းစားနိုင်သည်။

          အာဏာနှင့် လုပ်ပိုင်ခွင့်သည် ဆက်စပ်မှုရှိသည်မှာ သေချာသည်။ ထိုဆက်စပ်မှုကို လေ့လာသော အခါ ဆောင်းပါးအစပိုင်းတွင် ဖော်ပြထားသော နိုင်ငံရေးသဘောတရားများသည် မပါမဖြစ်ပါလာရမည် ဖြစ်သည်။

          အာဏာနှင့်အခြားနိုင်ငံရေးသဘောတရားများ၏ ဆက်စပ်မှုကို လေ့လာမည်ဆိုလျှင် ဂျာမန်နိုင်ငံ ရေးပညာရှင်  မက်(စ)၀က်ဘာ (Max Weber, 1864-1920) ၏နိုင်ငံဟူသော ဝေါဟာရ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ယူပါမည်။

မက်(စ)၀က်ဘာက နိုင်ငံဟူသည်မှာ အင်အား(force) ကို တရားဝင်သုံးခွင့် အပိုင် ယူထားသော အဖွဲ့အစည်းဖြစ်သည် ဟူ၍ ဖွင့်ဆိုထားသည်။

ဤသို့ဆိုလျှင် တရားဝင်သောအင်အား (legitimate force) နှင့် အာဏာ ဘယ်လိုဆက်စပ်သလည်း?

အင်အားသုံးခြင်းသည် အာဏာနှင့် တူသလား?

အာဏာနှင့် အင်အားသည် တော်တော်ဆင်တူသည်ဟုတော့ဆိုရမည်။

သို့သော်လည်း အာဏာ သည် လေးစားလိုက်နာခြင်း လိုက်လျောခြင်းကိုဖြစ်စေရမည်ဖြစ်ပြီး အင်အားသည် လိုက်နာခြင်းလိုက်လျော ခြင်းကို ဖြစ်ကောင်းဖြစ်မည်။ လေးစားခြင်းကိုတော့မဖြစ်ပါ။

ဥပမာ – သေနပ်ဖြင့် ချိန်ပြီးဓားပြတိုက်သောသူ သည် အင်အားသုံးခြင်းဖြစ်သည်။ သို့သော်သူသုံးသော အင်အားသည် တရားဝင်သောအင်အားမျိုးမဟုတ် ပါ။ သူ့ကို မတတ်သာ၍ လိုက်လျောချင်လိုက်လျောရမည်။ သို့သော် လေးစားလိုက်နာခြင်းမဟုတ်ပါ။

ထိုအခါ မကြာခဏအငြင်းပွားရသော ကိစ္စပေါ်လာသည်မှာ – အင်အားသည် တရားဝင်ဖြစ်နိုင်ပါ့ မလား?

တရားဝင်သော အင်အားဟူသည် အရည်အချင်းနှစ်ခုရှိရမည်။

၎င်းတို့မှာ – တရားဝင်လုပ်ပိုင်ခွင့်ရရှိထားခြင်း (လွှဲအပ်ထားခြင်း) နှင့် အတိုင်းအတာတစ်ခုအတွင်း ဘောင်ခတ်ထားခြင်းတို့ဖြစ်သည်။

ဤနေရာတွင်တရားဝင် လုပ်ပိုင်ခွင့်ရရှိထားခြင်းကို ဘယ်သူ့ရူထောင့်မှကြည့်သနည်း။ ဘယ်သူက  ဆုံးဖြတ်သလည်း?

ဥပမာ ဆန္ဒပြသူများကို ရဲကအင်အားသုံး၍ နှိမ်နင်းခွင့် ရှိခြင်းသည် တရားဝင်လုပ်ပိုင်ခွင့်ရှိသည်ဟု ဆန္ဒပြသူများဘက်က ယုံကြည်ပါ့မလား? ဆန္ဒပြသည့် အထဲတွင် မပါဝင်သောသူများကလည်း ဘယ်လိုသဘောထားနိုင်သလည်း? ဤကိစ္စများကို တစ်ထိုင်တည်းချက်ချင်း အဖြေပေးလို့မဖြစ်နိုင်ပါ။ ဆွေးနွေးစရာများဖြစ်ကြောင်းပြသရန် တင်ပြခြင်းဖြစ်ပါသည်။

အာဏာနှင့်လွတ်လပ်မှုတို့၏ ဆက်စပ်မှုကို စဉ်းစားကြည့်ပါမည်။ လွတ်လပ်ခြင်းဟူသည်ကို တစ်ဦး တည်း အနှောက်အယှက်ကင်းစွာဖြင့် နေနိုင်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။

နောက်တစ်နည်းမှာ လူတစ်ဦး၏ လုပ်ပိုင်ခွင့်များကို အပြည့်အ၀ရရှိထားခြင်းကိုလည်းခေါ်နိုင်သည်။

ဥပမာ – လွတ်လပ်စွာ ကိုယ်ယုံကြည်ရာကို ပြောဆိုခွင့်၊ ကိုယ်ယုံကြည်သောအဖွဲ့အစည်းတွင် လွတ်လပ်စွာပါဝင်ခွင့် စသည်တို့ဖြစ်သည်။

ထိုအခါပေါ်ပေါက်လာသောမေးခွန်းမှာ လူတစ်ယောက်၏ လွတ်လပ်မှုကို ဘယ်အတိုင်းအတာထိ ခွင့်ပြုထားပြီး ဘယ်အတိုင်းအတာကို ကျော်လွန်လျှင် နှိမ်သင့်သနည်း?

ဤကိစ္စများကို ဆွေးနွေးမည်ဆို လျှင် အာဏာနှင့်လုပ်ပိုင်ခွင့်အကြောင်းကို ကောင်းစွာနားလည်ရန်လိုသည်။ နိုင်ငံရေးပညာရှင် ဂျွန်စတော့မီး(လ) (John Stuart Mill, 1806-73) ၏ ကျမ်းဖြစ်သော On Liberty တွင် ဤအကြောင်းများ ကို ဆွေးနွေးတင်ပြထားသည်။ သူ၏အဆိုအမိန့်များအနက် အများနားလည်လက်ခံနိုင်သော အဆိုနှစ်ခုမှာ-

လူပုဂ္ဂိုလ်တစ်ဦး၏ လွတ်လပ်မှုကို ဤကဲ့သို့ဘောင်ခတ်ထားရမည်။ သူသည်အခြားသူများကို အနှောင့်အယှက်မဖြစ်စေရ။

နိုင်ငံ၏တန်ဖိုးသည် ထိုနိုင်ငံရှိနိုင်ငံသားများ၏ တန်ဖိုးဖြစ်သည်။

တန်းတူညီတူရှိမှုနှင့် တရားမျှတမှုတို့သည် မှန်ကန်ခြင်း (rightness) အပေါ်တည်နေသည်။ အချို့သူများသည် တန်းတူညီတူရှိခြင်းနှင့် တရားမျှတခြင်းဟူသောအရာနှစ်ခုသည် အချင်းချင်းပဋိပက္ခ ဖြစ် နိုင်သည်ဟုမြင်ကြသည်။

အရာရာတိုင်း၌ တန်းတူညီတူဖြစ်ရမည်ဆိုကာ တန်းညှိလိုက်ခြင်းသည် တစ်ခါတစ်ရံတွင် လူတစ်ဦးချင်း၏ အရည်အသွေးကို ချိုးနှိမ်ရာရောက်သည်၊ အရည်အချင်းအလိုက် အသိအမှတ်မပြုခြင်းကို ဖြစ်စေသည်။

ထင်ရှားသောဥပမာတစ်ခုမှာ ၁၉၆၇ခုနှစ်လောက်က တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုတော်လှန်ရေးတွင် လူတိုင်းလယ်ထွန်ရမည်ဟူသောမူအရ တက္ကသိုလ်မှ ပါမောက္ခများကို လယ်ထွန်ခိုင်းသည့်အဖြစ် ဖြစ်သည်။

တန်းတူညီတူရှိခြင်းသည် မှန်ကန်မှုအပေါ်အခြေခံသည်ဟုဆိုလျှင် အချို့သောသူများသည် အချို့သူများထက် ပို၍အာဏာရှိခြင်း၊ လုပ်ပိုင်ခွင့်ရှိခြင်းကို မှန်ကန်သည်ဟု ဆိုနိုင်မည်လော။

ဒီမိုကရေစီကို အဓိပ္ပါယ်သတ်မှတ်သောနည်းများထဲမှ တစ်ခုမှာ – ‘ပြည်သူတို့၏အာဏာ’ (power of the people) ဟူ၍ဖြစ်သည်။ သမိုင်းအရကြည့်မည်ဆိုလျှင် ဒီမိုကရေစီအပေါ် ကန့်ကွက်သော အကြောင်းတစ်ခုမှာ အာဏာကိုအသုံးပြုသောပုဂ္ဂိုလ်သည် မထိုက်တန်သောသူဖြစ်နေနိုင်သည့် အန္တရာယ် ရှိသောကြောင့်ဖြစ်သည်။

နောက်အကြောင်းတစ်ခုမှာ ရွေးကောက်ပွဲတွင် အသည်းကြားက မဲတစ်ပြားဟု ဆိုကြသော်လည်း ထိုမဲတစ်ပြားသည် နောင်ဖြစ်ပေါ်လာမည့်အကျိုးဆက်များ၊ အဖြစ်အပျက်များအပေါ် ဘာမှလွှမ်းမိုးနိုင်သော အာဏာမရှိခြင်းဖြစ်သည်။

နိုင်ငံသားဖြစ်ခြင်းသဘောတရားသည်လည်း ဤနည်းအတိုင်းဖြစ်သည်။ နိုင်ငံသားဟူသည်မှာ သူ့ဘ၀သူရပ်တည်နိုင်ခွင့်ရှိသောသူဟု အဓိပ္ပါယ်သတ်မှတ်မည်ဆိုလျှင် နိုင်ငံသားဖြစ်ခြင်းဟူသော အခြေ အနေသည် လူတိုင်း၏သွားနေသောပန်းတိုင်ဖြစ်ပြီး၊ ထိုပန်းတိုင်ကို ဘယ်တော့မှရောက်နိုင်မည်မဟုတ်ပါ ဟူ၍ နိုင်ငံရေးဒသနပညာရှင်များက ဆိုကြသည်။

နိုင်ငံသားတိုင်းတွင် အာဏာနှင့်လုပ်ပိုင်ခွင့် ‘အထိုက်အလျောက်’ ရှိသည်ဟု သဘောတရားအရဆို၏။

‘အထိုက်အလျောက်’ ဟူသည်မှာ အားလုံးတူညီသည်ဟုဆိုသလား?

အားလုံးမတူညီတာတော့ သေချာ သည်။ ဤသို့ဆိုလျှင် တူညီသောဝိသေသအချို့တို့ကိုကော ဖော်ပြနိုင်မလား? ဒါလည်းမလွယ်ပါ။

နိုင်ငံသားဖြစ်ခြင်းသည် အာဏာနှင့်လုပ်ပိုင်ခွင့် အထိုက်အလျောက်ကို ရရှိသည်ဟုဆို၏။ သို့သော် အလုံအလောက်ရရှိရဲ့လား? ဥပမာ-အိမ်ရှင်မတစ်ဦးသည် နိုင်ငံသားဖြစ်၏။ သူ့မှာ မဲပေးခွင့်ရှိ၏။ ရွေးကောက်ပွဲဝင်ခွင့်ရှိ၏။ တစ်ချိန်တည်းမှာပင် သူသည် သူ့ယောက်ျားစကားကို လိုက်နာရန်တာဝန်ရှိသည်။ သူ့ဘ၀အပေါ် သူလွှမ်းမိုးနိုင်သောလုပ်ပိုင်ခွင့်အပြည့် ရှိပါရဲ့လား?

ဤဆောင်းပါးတွင် အာဏာဟူသော သဘောတရားနှင့် နိုင်ငံ၊ လွတ်လပ်မှု၊ တန်းတူညီတူရှိမှု၊ တရားမျှတမှု (မှန်ကန်မှု) ဒီမိုကရေစီနှင့် နိုင်ငံသားဖြစ်ခြင်းတို့ ဆက်စပ်ပုံကို ဖော်ပြသွားသည်။ နိုင်ငံရေး ပညာရှင်များဖြစ်ကြသော မက်(စ)၀က်ဘာ၊ နှင့် ဂျွန်စတော့မီး(လ) တို့၏ အယူအဆများကိုလည်း တင်ပြ သွားပါသည်။

ကျမ်းကိုး

John Hoftman and Paul Graham

Introduction to Political Theory

John Stuart Mill : On Liberty


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments