ဗုဒ္ဓဘုရားရှင်ရဲ့ နောက်ဆုံးစကားနဲ့ ကိုအယ်လ်ဖြူရဲ့ သီချင်းတစ်ပုဒ် ….

March 17, 2014

ဖိုးထက်
မတ်လ ၁၇၊ ၂၀၁၄

 

ဘုရားရှင် ပရိနိဗ္ဗာန်ပျံလွန်တော်မူတော့ နောက်ဆုံး ပြောခဲ့တဲ့စကားက “အပ္ပမာဒေန သမ္ပာဒေထ” လို့ ကျွန်တော် မှတ်ထားတယ်။ သေသေ ချာချာ နားလည်ချင်လို့ စာရှာဖတ်တော့ ..

 

အပ္ပမာဒေန – မမေ့မလျော့ မပေါ့မဆ ပြင်းပြထက်သန် မှန်ကန်သော သတိတရားဖြင့်၊ သမ္ပာဒေထ – သီလ၊ သမာဓိ၊ ပညာဟုဆိုအပ်သော သိက္ခာသုံးပါးတို့ကို ကိုယ်စီကိုယ်ငှ ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းတဲ့။

 

ဒါက စာဖတ်တာလေး အရှိန်ရလာလို့ သေချာ ပြန်ရှာရကောင်းမှန်းသိလာပြီး အသက်အတော်ကြီးမှ အဓိပ္ပါယ်သေချာသိတာပါ။

 

ငယ်ငယ်ကတည်း ကတော့ ဒီ ပါဠိစကားလုံး အစုကို ကြားဘူးနေတာ ကြာပါပြီ။ ဘုန်းတော်ကြီးတွေဆီမှာ ငါးပါးသီလဘဲ ယူယူ၊ ရှစ်ပါးသီလ ဘဲ ယူယူ ဘုန်းတော်ကြီးတွေက နောက်ဆုံးစကားအနေနဲ့ တရားနာတဲ့ ပရိသတ်ကို ပြော ပြောနေလို့ ကြားဘူးတယ်။ ကိုယ့်တစ်ယောက်တည်း အတွက် သီးသီးသန့်သန့် ဘုန်းတော်ကြီး ပြောတာ ကြားဘူးတာတော့ ကျွန်တော် လေးတန်းနှစ် ကိုရင်ဝတ်တုံးကဘဲ။

 

တကယ်ဆို ကျွန်တော်က အဲဒီအချိန်တုန်းက ကိုရင် မ၀တ်ချင်သေးဘူးရယ်။ မဆော့ရမှာ စိုးတာလဲ မဟုတ်ဘူး။ ညစာမစားရမှာ စိုးတာလဲ မဟုတ်ဘူး။ သီချင်း မဆိုရမှာ စိုးတာလဲ မဟုတ်ဘူး။ အဓိက က အမေနဲ့ ခွဲမအိပ်ချင်တာဘဲ။ ဒါပေမယ့် အမေက မင်း သင်္ကန်းနိုင်ပြီ။ အမေကြီးလဲ (သူ့အမေ)ကျန်းမာတုံး သူ့မြေးသင်္ကန်းဆီးတာ တွေ့ချင်မှာ။ မ၀တ်ချင်လဲ သုံးလေးရက်တော့ အနည်းဆုံး ၀တ်ပေါ့၊ ကိုရင်ကထွက်လာရင် အဲဒီအချိန်က ခေတ်စားတဲ့ BMX စက်ဘီး ၀ယ်ပေးမယ်ဆိုလို့ “ဒါဆိုလဲ ပြီးရော။ အမေ့ကတိကိုယုံတယ်” လို့ ချည်ပြီး တုတ်ပြီး သဘောတူခဲ့တာ။

 

ကိုရင်မ၀တ်ခင် တစ်ပါတ်ကတည်းက အမေက ကျွန်တော့်ကို သင်္ကန်းဆီးမယ့် ရွာဦးဘုန်းကြီးကျောင်းဆီကို နေ့ခင်းဆွမ်းစားချိန်အပြီးကို ချိန်ပြီး သွားခိုင်းတယ်။ သင်္ကန်းတောင်းကျက်ရတယ်။ ဘုန်းကြီးကျောင်းမှာ၊ ဆရာတော် ဘုရားကြီး ရှေ့မှာ ဘယ်လို နေရမယ်၊ ကိုရင်ရဲ့ ၀တ္တရားတွေက ဘယ်လို ဆိုပြီး ဦးပ္ပဇင်းလေးက သင်ပေးတာပေါ့။ ပြီးတော့ “ဧ၀ံမေသုတံ ဧကံသမယံ” အစချီတဲ့ မေတ္တာသုတ်ကြီးကို ပျင်းနေအောင် ကျက်ခဲ့ရတယ်လို့ ရိုးရိုးသားသား ၀န်ခံစမ်းပါရစေ။ ဒီလိုနဲ့ ကိုရင်ဝတ်တဲ့နေ့ ဆရာတော် ဘုရားကြီးဆီ သင်္ကန်းတောင်းတော့ အားလုံး အဆင်ပြေ ချောမောလို့။ ဘုန်းတော်ကြီး ပီပီသသကြီး နှုတ်တိုက်ချပေးတဲ့ “ဗုဒ္ဓသံ သရဏံ ဂစ္ဆာမိ၊ ဓမ္မသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ” ကိုလိုက်ဆိုတယ်။

 

နောက်ပြီး ဆရာတော်ဘုရားက ကျွန်တော့်ကို ခဏဘဲ ၀တ်မယ်ဆိုပေမယ့် ၀တ်တဲ့ အချိန်မှာ အတတ်နိုင်ဆုံး ၀ိနည်းသိက္ခာပုဒ်တွေ လိုက်နာစေလိုကြောင်း။ ကိုရင်ဘ၀ဆိုတာ ရခဲကြောင်း။ မင်း ဒီဘ၀မှာလူဖြစ်တာရော ဗုဒ္ဓဘာသာနဲ့ ကြုံဆုံတာကြောင့် ဖြစ်ကြောင်း။ ဒါကြောင့် ငါ့အရှင်ဟာ သေချာ လိုက်နာပါ။ အခု ဆယ်ပါးသီလပေးမယ်။ ဆယ်ပါးသီလဆိုတာ ငါ့အရှင် ဘာဆိုတာ သိပြီး ဖြစ်ကြောင်း လို့ မိန့်တော်မူပြီး ဆယ်ပါးသီလ ချပေးတယ်။ သီလပေးအပြီးမှာ ဆရာတော်က သူတစ်ဦးတည်း ရွတ်တယ်။ “အပ္ပမာဒေန သမ္ပာဒေထ” တဲ့။ လိုက်ဆိုရမှာလိုလို၊ ဘာပြောတာလဲလို့ သိချင်နဲ့ တကယ့်ကို နားမလည်ခဲ့တာ။ နည်းနည်း စပ်စပ်စုစုအကောင်ဆိုတော့ တေးမှတ်ထားလိုက်တယ်။

 

အမေကတော့ သူ့သား သင်္ကန်းဝတ်နဲ့ ကိုရင် ကျွန်တော့်ကို ကြည့်ပြီး မျက်ရည်ဝိုင်းနေတယ်။ အမအငယ်ဆုံး က ကျွန်တော့်ခေါင်းပေါ်က ဆံပင်ရိတ်ရင်း ဓားရှထားတဲ့ နေရာလေးက သွေးလေး စိမ့်စိမ့်ဖြစ်နေတာကို ဂွမ်းနဲ့ သုတ်ပေးမယ်ပြောလို့ “ဟဲ့ ကိုရင်ဟဲ့ နင့်မောင် မဟုတ်တော့ဘူး” ပြောလို့ ကျွန်တော့်မှာ ငါနဲ့ ငါ့အမေ၊ ငါ့အမတွေဟာ ဘ၀ခြားလေပြီလို့တောင် တွေးပြီး ၀မ်းနည်းမိသေးတာ။

 

ညနေခင်း အလှူဝေယျာဝစ္စ ကိစ္စတွေပြီးတော့ အမေတို့ အိမ်ပြန်သွားပြီ။ ကျွန်တော်ကတော့ မမေ့နိုင်ဘဲ အဲဒီ အပ္ပမာဒေန သမ္ပာဒေထ ဆိုတာ ဘာလဲလို့ ဦးပဇ္ဇင်းဆီ အပြေးအလွှားသွားမေးတယ်။ ဦးပဇ္ဇင်းက ဟက်ဟက်ပက်ပက်ရီပြီး ဆရာတော်ဘုရားကြီးဆီ ခေါ်သွားတယ်။ ကိုင်း ကိုရင့်ဘာသာ ဆရာတော်ကြီးဆီမေး။ မကြောက်နဲ့လို့ပြောလို့ မေးတော့ ဆရာတော်ကြီးက “အင်း..ငါ့အရှင် နားလည်အောင် ရှင်းရှင်းပြောရရင်တော့ မမေ့နဲ့။ သတိမလွတ်နဲ့ လို့ ပြောရမှာဘဲ။ အခု ငါ့အရှင်က လူဝတ်နဲ့ မဟုတ်ဘူး။ ဘုရားရှင်ရဲ့ သင်္ကန်းတော်ကို ဆီးထားတဲ့ ဘုရားသားတော်ဖြစ်နေပြီ။ ဘုရားသားတော်ဆိုတာ ဘယ်လိုနေ ဘယ်လို ထိုင်ရမယ်ဆိုတာ ငါ့အရှင်လဲ ဒီက မောင်ပဇ္ဇင်းဆီမှာ သင်ကြားသင့်သလောက် သင်ကြားပြီပြီ။ အခု ကိုရင်ဝတ်နေတဲ့ အချိန်မှာ အရင်လူဝတ်တုံးကလို ဆော့ကစား၊ ဆဲဆို၊ အော်ဟစ်နေတာတွေကို ငါကိုရင်ဝတ်ကြီးနဲ့ပါလားဆိုပြီး စိတ်ထဲမှာ တွေးပြီး မမေ့နဲ့လို့ ပြောတာ။ ကိုင်း..ကိုင်း…ဦးပဇ္ဇင်းနဲ့လိုက်သွား။ ညနေ တရားထိုင်ချိန်ကြရင် ပြန်လာခဲ့” လို့ မိန့်ပြီး ကျွန်တော့်ကို ပြန်လွှတ်လိုက်တယ်။

 

ကျွန်တော်ကိုရင်ဝတ်တာ သုံးရက်ဘဲ ရည်ရွယ်တာပါ။ ပျော်မယ်လို့လဲ မထင်ပါဘူး။ ဒါပေမယ့် မနက်ခင်း စောစောထပြီး ဘုရားရှင်ကို ရှစ်ခိုးရတာ။ အာရုံဆွမ်းစားတာ။ ဆွမ်းခံထွက်ရတာ သဘောကျလာတယ်။ ကျွန်တော့်ဆရာ ဦးပဇ္ဇင်းကလဲ ဆွမ်းခံထွက်ချိန်မှာ ဆွမ်းလောင်းသူကို မော့မကြည့်ရဘူး။ ဟင်းကောင်းတယ်၊ ညံ့တယ် စိတ်ထဲ မထည့်ရဘူး။ အစာအဟာရတွေကို ဘုရားရဲ့ သားတော်တွေမို့လို့ င့ါကို လှူကြတယ်လို့တွက်ရမယ်။ မနှေး မမြန်လျှောက်ရမယ်။ ကိုရင့်ရဲ့ ဒကာမကြီးအိမ်မှာရောက်ရင်တောင် ရေကို သူတို့ ကပ်မှ သောက်ရမယ်။ ကလေးလို မနေရဘူး ဆိုပြီး တဖွဖွသင်ပေးတယ်။ ဆွမ်းစားချိန်မှာဆိုရင်လဲ ပါးစပ်က ပြက်ပြက် ပြက်ပြက်နဲ့ မြည်အောင် မစားရဘူး။ ဆွမ်းအလုပ်တိုင်း အလုပ်တိုင်းကို ငါ့ကိုယ်ခန္ဓာကြီး လှုပ်ရှားဖို့ အစာတွေ ထည့်ပေးနေတယ်လို့တွက်ရမယ်ဆိုပြီး ဆုံးမတယ်။ အမှန်အတိုင်း ၀န်ခံစမ်းပါရစီ။ အဲဒီအချိန်က ဘာကိုမှ ရှင်းရှင်းလင်းလင်း နားမလည်ပေမယ့် စိတ်ထဲမှာ BMX စက်ဘီး လိုချင်တာလဲ မေ့သွားတယ်။ အမအငယ် ငါမရှိတုန်း အမေ့ကို စွတ်ချွဲနေမလားဘဲ ဆိုတဲ့ အတွေးလဲ ပျောက်သွားတယ်။ ၀င်သက်ထွက်သက် နှာသီးလေးမှာ ကပ်ဆိုလို့ ကပ်ထားပြီး ပါးစပ်၊ နှုတ်ခမ်းတွေ ကျဉ်တက်လာပြီး နောက် တစ်ကိုယ်လုံး ပေါ့ပေါ့ပါးပါး ဖြစ်လာတာကို သဘော အကျကြီး ကျပြီး ငါတော့ ဆရာတော်ဘုရားကြီး ပြောပြောနေတဲ့ ရဟန္တာကိုယ်တော်ကြီး ဖြစ်အောင် ကြိုးစားမယ်ဆိုပြီး မတန်မရာ စဉ်းစားခဲ့သေးတာ။ အခုပြန်တွေးတော့ ကြက်သီးတွေထလောက်အောင် ငါမတန်မရာ တွေးခဲ့တယ်လို့ သိလာရတာ။

 

ဒီလိုနဲ့ သုံးရက်ကနေ ဆယ့်ငါးရက်အထိ ရောက်လာတယ်။ အမေက မျက်စိပျက် မျက်နှာပျက်ဖြစ်လာပြီ။ အိမ်ကို ဆွမ်းခံစပြီး သွားစဉ်က မျက်လွှာချ၊ ငါကိုရင် ငါကကိုရင် အမေက ဒကာမကြီး ကုသိုလ်ရအောင် ဘုရားသားတော် ပီသအောင် နေရမယ်လို့ စိတ်ထဲ မှတ်နေတဲ့ ကျွန်တော့်ကို “တပည့်တော်တို့ ၀မ်းသာပါတယ် ဘုရား” လို့ ပြောနေခဲ့တာ။ နောက်ဆယ်ရက်လောက် ရောက်လာတော့ ဆရာတော်ကြီးမှာထားတဲ့ “မိမိဝမ်းဝရုံလောက်ဆွမ်းပါရင် (ဆွမ်းဟင်းမပါရင်တော်) ပြန်လှည့်တာဟာ ဘုရားရဲ့ လမ်းစဉ်ဘဲ ငါ့တပည့်တို့” ဆိုတဲ့ စကားကို သဘောအကျကြီး ကျပြီး အမေ့အိမ်ကိုတောင် ဆွမ်းမခံတော့ဘဲ ပြန်ပြန် လှည့်ခဲ့တာ။ အဲဒီမှာ အမေက ကျောင်းကို လိုက်လာပြီး ဆရာတော် ဘုရားကြီးကို “တပည့်တော်က ငရဲယူသလိုလဲ ဖြစ်မှာစိုးပါတယ်ဘုရား။ ဒါပေမယ့် တပည့်တော်မှာ ဒီသားလေး တစ်ယောက်ဘဲ ရှိတာပါဘုရား။ အခု သာသနာ့ဘောင်မှာ ပျော်သလိုလို (BMX ပူဆာထားတဲ့ အကောင်ကို သိပ်ယုံဟန်မတူ) ဖြစ်နေပေမယ့် နောင် အသက်ကြီးမှ မပျော်ဘဲ ဖြစ်နေရင် တပည့်တော်တော့ ရင်ကျိုးမှာဘဲ ဘုရား။ နောင် သူအသက်ကြီးမှ အသက်မွေးဝမ်းကျောင်းလေး တစ်ခုခု တတ်မှ ၀တ်ချင်သေးသပဆိုရင် တပည့်တော်က တားမြစ်စရာ မရှိပါဘူး ဘုရား။ အခုတော့ နောင်ငါးတန်းနှစ်အတွက် စာတွေ နွေရာသီမှာ သင်ထားရအုံးမှာဆိုတော့ ဆရာတော်ဘုရားနားလည်တော်မူပါ။ တပည့်တော်ကို အပြစ်တင်တော်မူပါ” လို့ ဆိုပြီး လာလျှောက်တော့ ဆရာတော်ဘုရားက လူတွေ သူ့ကျောင်းမှာ ရှုပ်ရှုပ်ယှက်ယှက်လုပ်တာ အလျင်း မကြိုက်သူဆိုတော့ “ကိုင်း ဒါဆိုရင်လဲ ဒကာမကြီး သားတော်နဲ့သာ ပြောပါလေ” လို့ ပြောပြီး နားလည်တော်မူရှာတယ်။

 

အမေက ကျွန်တော့်ဆီကိုလာပြီး ဆရာတော်ဘုရားကြီးကို ပြောခဲ့တဲ့ စကားတွေလဲ ပြောတယ်။ ကိုရင်ထွက်လာတဲ့ နေ့ BMX သွားဝယ်မယ်ဆို ကြိုတင်မိန့်ဖို့လဲ ပြောတယ်။ တကယ်တန်း ဘာသာရေး အမြင်ဘက်က ကြည့်ရင် အမေ ငရဲရမှာပေါ့။ မကောင်းဘူးပေါ့။ ဒါပေမယ့် သူ့သားအကြောင်း သူအသိဆုံး အမေက မမှားခဲ့ဘူးလို့ ကျွန်တော်ပြောပါရစေ။ အဲဒီညနေမှာဘဲ ကျွန်တော်ကိုရင်ထွက်တယ်။ နောက်ရက် နေ့ခင်း နေပူထဲမှာ BMX ပေါ်မှာ ကားကနဲ့၊ ယားကနဲ့ ကတုံး ကိုရင်လူထွက် ငပိချက်။ ဘာသတိမှလဲ မရှိတော့ဘူး။ ပြေးလိုက် လွှားလိုက် ခုံလိုက် ပေါက်လိုက်။ အမတွေနဲ့ ရန်ဖြစ်။ အော်ဟစ်။ သူငယ်ချင်းတွေနဲ့ ဆဲဆို။ ကိုယ်ကြိုက်တဲ့ မုန့်တွေ တစ်ခုပြီး တစ်ခု ရွေးပြီး ရှာစား၊ ၀ယ်စာ။ ပူဆာ။ အမေစာသင်ပေးတာ ပေကတ်ကတ်လုပ်။ အဆူခံ။ အရိုက်ခံ။ အော်ငို။

 

အခု ဒီအသက်အရွယ်ရောက်လာသည်အထိ ကျွန်တော် ကိုရင်လဲ ပြန်မ၀တ်ဖြစ်တော့ဘူး။ ဦးပဇ္ဇင်းလဲ မ၀တ်ဖြစ်ဘူး။ အခုဝင် အခုထွက် ရက်တိုတိုလေးဖြစ်တဲ့ ဒုလ္လပတ်ဝတ်ရတာလဲ စိတ်ထဲ သိပ်သဘောမတွေ့ဆိုတော့ ဘုရားသားတော် ပြန်ဖြစ်ခွင့် အခုအချိန်ထိ မရှိသေးဘူး။ ဒါပေမယ့် အခုထက်ထိ ဆရာတော် သံဃာတော်တွေ တွေ့ရင် ဘုရားသားတော်တွေပါလား၊ အလွန်များတဲ့ ၀ိနည်း စည်းကမ်းတွေနဲ့ နေရတဲ့ တကယ့် ပုဂ္ဂုလ်ကြီးတွေလို့ ကြည်ညိုပါတယ်။ နောက်ပြီး ၂၀၀၇ မှာ ဆရာတော် သံဃာတော်တွေ စီတန်းပြီး မေတ္တာသုတ်တွေ ရွတ်ကြတော့ သံဃာတွေကို အပြစ်မမြင်ဘဲ သြော်..ငါတို့နိုင်ငံများ သူခိုး သူဝှက် အစိုးရ လုပ်တာနဲ့ သံဃာတော်တွေတောင် အငြိမ်မနေရပါလားလို့ တွေးမိခဲ့တယ်။

 

နောက်ပိုင်းတော့ ဘုရားသားတော် ကိစ္စလဲ နည်းနည်းရှုပ်ထွေးလာတယ်။ စိတ်ညစ်စရာ ကိစ္စတွေ ကြားရ၊ မြင်နေရတာ စိတ်ညစ်ညူးရ တာထက် ပိုလာတယ်။ အရင်က ဘောလုံးပွဲရုံမှာ၊ ညနေခင်း လ္ဘက်ရည်ဆိုင်တွေမှာ ဆွမ်းဘုန်းပေးနေတာ လောက်ဘဲ စိတ်ညစ်ရတာ။ မသိချင်ယောင် ဆောင်ရတာ။ အခုတော့ ၉၆၉ တွေရော။ မျိုးစောင့်တွေရော။ နည်းနည်း ပိုရှုပ်လာတယ်။ ပိုပြီး စိတ်ဝမ်းကွဲလာတယ်။ အဆိုးဆုံးက သင်္ကန်းကြီး မ မ ၊ မ မပြီး ဘုရားဟောတစ်ခွန်းမှ မပါဘဲ လူဝတ်ကြောင်တောင် ပြောဖို့ ခက်တဲ့ စကားလုံးမျိုးတွေ သံဃာတော် တစ်ချို့ဆီက ကြားရတာ စိတ်ညစ်တယ်။

 

ကျွန်တော် ဥာဏ်မှီသလောက် ပြန်စဉ်းစားမိတယ်။ ကျွန်တော်သင်္ကန်းတောင်းတုံးက ဆရာတော် ဘုရားပြောတဲ့ “အပ္ပမာဒေန သမ္ပာဒေထ” နဲ့ ဘုရားရှင် နောက်ဆုံး နှုတ်ထွက်စကား “အပ္ပမာဒေန သမ္ပာဒေထ” က မတူဘူးနေမှာ။ ဆရာတော် မိန့်တော်မူတာက ရှပ်တီးရှပ်ပျာ အကောင် ကျွန်တော့်ကို ဆိုလိုတာ။ ဘုရားရှင်က သတ္တလောကကြီးကို ရည်ရွယ်ခဲ့တာ။ အထူးသဖြင့် သူ့ရဲ့ သာဝက တပည့် သံဃာတော်တွေကို ပိုပြီး ရည်ရွယ်ခဲ့ဟန်တူပါရဲ့။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးနဲ့ နေခဲ့ကြတော့။ မမေ့မလျော့ကြနဲ့။ သံသရာမှာ နစ်မွန်း အမြောကြီး မြောနေကြတဲ့ လူတွေကို ငါ့ရဲ့ တရားတွေတွေနဲ့ ကူညီကြလို့ မိန့်ခဲ့တာဘဲ နေမှာလို့ ကျွန်တော်က တွေးမိတယ်။

နောက်ပြီး …ဒီအသက်အရွယ်ရောက်လာတော့ မနှိုင်းကောင်း မဆိုကောင်း ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ “အပ္ပမာဒေန သမ္ပာဒေထ” ဆိုတဲ့စကားစုလေးကို ကြားတိုင်း The Ants ရဲ့ (ကိုအယ်လ်ဖြူ ရေးတာထင်တယ်) သတိ ဆိုတဲ့ သီချင်းကို သတိရတယ်။ ကိုလေးဖြူ၊ ကိုမောင်မောင်ဇော်လတ်၊ ကိုအယ်လ်ဖြူတို့ အတူတူ ဆိုထားတဲ့ သီချင်းလေး။

 

“မနက်ဖြန်တွေ့ဖို့ ရောက်အောင်လာပါ

မင်း မမေ့နဲ့အုံး..

 

ငါ့ကို ချိန်းပြီး..အဲဒီနေ့ကတည်းက

နောက်တစ်ခါဘယ်တော့မှ…

ပြန်မတွေ့ရတော့မယ့် သူငယ်ချင်းတစ်ယောက်…

 

လက်ပြပြီးတော့..ကားပေါ်တက်သွား..

ဆေးလိပ်ဖြတ်အုံးတဲ့…

 

ကျန်းမာရေးက သိပ်ခြူချာတာ…

ငါ့ကို သတိပေးသွား….

 

နောက်ဆုံးတွေ့လိုက်တဲ့ နေ့တုံးက…

ခဏ ခဏ ခဏ ခဏ မေ့ထား…

 

သေခြင်း သေခြင်း သေခြင်း သေခြင်းရဲ့တရား…

သတိ…သတိ…သတိ…သတိ တော့ထား..”

 

ဒီသီချင်းကို ကိုအလ်ဖြူ ရေးစဉ်က အပ္ပမာဒေန သမ္ပာဒေထ ကို အမှတ်ရသလား၊ မရသလား၊ သိသလား ၊ မသိသလား၊ ဒါမှ မဟုတ် သူ့ရင်ဘတ်မိတ်ဆွေ တစ်ယောက်ယောက်ရဲ့ သူ့ကို နှုတ်ဆက်မသွားတဲ့ သေခြင်းတရားကို ကြုံလိုက်ရလို့ဘဲ ရေးခဲ့သလား ကျွန်တော် မသိဘူး။

 

ကျွန်တော့်အတွက်ကတော့ အဲဒီသီချင်းကို ဘယ်လောက် ကြိုက်သလဲဆိုရင် သူငယ်ချင်းတွေလမ်းခွဲလို့ ကားပေါ်လိုက်ပို့ရင် သတိ…သတိ..သတိ…သတိ တော့ထားလို့ စတတ်လွန်းလို့ အခုဆိုရင် ဘယ်သူမှ ကျွန်တော့်ကို လိုက်အပို့ကို မခံတော့ဘူး။

 

ဘုရားရှင်ရဲ့ အပ္ပမာဒေန သမ္ပာဒေထ က သတ္တလောကကြီးကို ရည်ရွယ်တယ်။

 

လူတိုင်း သတ္တ၀ါတိုင်း သတိထားကြ။ ဘာမှ မဟုတ်တဲ့ သံသရာကြီးလို့ ပြောချင်ခဲ့တာ။

 

သူ့သားတော်တွေကို သတိလေးကပ်ကြ။ ငါ့တရားတော်တွေ လိုက်နာကြလို့ ပြောချင်ခဲ့တာ။

 

ကျွန်တော်လား… ကိုရင်ဘ၀တုန်းက အပ္ပမာဒေန သမ္ပာဒေထ ကို ပြန်လိုချင်တယ်။

 

ဘ၀မှာ အရမ်းမောလာရင်၊ ပူလောင်လာရင်၊ စိတ်ညစ်လာရင် ဘုရားရှင်ရဲ့ “အပ္ပမာဒေန သမ္ပာဒေထ” ကို သတိရတယ်။ နောက်ပြီးရင် ပြန်ပူ၊ ပြန်မော၊ ပြန်ညစ် ဖြစ်ပြန်တယ်။ ဒီတော့ ကျွန်တော် စိတ်ညစ်ရင် နားထောင်နေကျ  ကိုအယ်လ်ဖြူရဲ့ သီချင်း “သတိ..သတိ..သတိ တော့ထား…သေခြင်း..သေခြင်း..သေခြင်းရဲ့ တရား” ကို ညည်းမိတယ်။

 

ဘုရားရဲ့သားတော်တစ်ယောက်အနေနဲ့ အပ္ပမာဒေန သမ္ပာဒေထ နဲ့ နေဖို့ ကျွန်တော် ကြိုးစားကြည့်ချင်သေးသည်။ မမြဲတဲ့ လောက။ ဘာမှ မဟုတ်တဲ့ လောက။ အရာရာကို သတိနဲ့သွား၊ သတိနဲ့စား၊ သတိနဲ့ ပြောပြီး နေလို့ရတဲ့ ဘ၀။ အခုတော့ တ၀ဲလည်လည်….သေခြင်း..သေခြင်း..သေခြင်း ရဲ့ တရား……


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

3 Responses to ဗုဒ္ဓဘုရားရှင်ရဲ့ နောက်ဆုံးစကားနဲ့ ကိုအယ်လ်ဖြူရဲ့ သီချင်းတစ်ပုဒ် ….

  1. maungmaunglatt on March 17, 2014 at 12:26 pm

    အေးဗျာ…ဒိတခေါက် ဒိဆောင်းပါးလေးက သိပ်ကောင်းပါတယ်…ဒီလိုလုပ်စမ်းပါဗျာ….၊
    အရင်တပုဒ်က ခင်ဗျား တစုံတယောက်ကို ရည်ညွှန်းထားတယ်လို့  ကျနော် သတ်မှတ်ယုံကြည်ပြီး..
    ကာယကံရှင်နဲ့  တိုက်ရိုက် စကားပြောဖြစ်ပါတယ်………
    ကာယကံရှင်ကတော့  ငြင်းကွယ်ဗျောက်ချက် ပေးပါတယ်….
    ခင်ဗျားရဲ့  အဲဒီဆောင်းပါးကို မှ အုပ်စုတစုကနေ အင်တာနက် ဝက်ဆိုက်ပေါ်တင်လိုက်တော့ …
    ကာယကံရှင် အတွက် မဟုတ်ဘူးဆိုငြား…အနဲအများတော့  ထိခိုက်မှု ရှိခဲ့ တာ အသေအချာပါဘဲ….
    ခင်ျေားရေးတဲ့ ဆောင်းပါးတွေ ဖတ်ကြည့် လိုက်တိုင်း ခင်ျေားရင်ဘတ်ထဲက အဖြူရောင် စေတနာတွေ တွေ့ ရပါတယ်
    ခင်ဗျားရဲ့  မျက်နှာများကို ဖတ်ပါ ဆောင်းပါးက ခင်ဗျားဟန် …ခင်ဗျားစတိုင်လေးနဲ့  ပေါ့ ပေါ့ ပါးပါး ရေးသွားတာ
    အရင်ကလိုဘဲ ကျနော် လက်ခံ ကြိုက်နှစ်သက်ပါတယ်ကိုဖိုးထက်…..
    ဒါပေမဲ့  တဦးတယောက်ကို ရည်ရွှယ်ထားသလို ထင်ရှားနေတော့ ….စိတ်မကောင်းဖြစ်ရပါတယ်…
    အဓိက အကြောင်းရင်းကတော့ …သူလဲလေ..ကျနော်ခင်ဗျားတို့ ရဲ့  ဘက်တော်သားတဦးမို့ ပါ….
    ဒီအချိန် ဒိအခါမှာ ကျနော်တို့  ခင်ဗျားတို့ တတွေ ကိုယ်ပိုင်ရာ ကိုယ်သန်ရာ နဲ့ ….
    အာဏာရှင်စံနစ်တခုကို တွန်းဖြိုဖျက်ဖို့  ကျိုးစားနေချိန်…ကိုယ့် ဘက်တော်သားတယောက်ကို
    တခြားတဖက်က အားနည်းချက်ကိုင်မိသွားမှာ မလိုလားလို့ ပါဗျာ….
    ကြီးကျယ်သွားမလားတော့ မသိ ၊
    ကျနော် မောင်မောင်လတ် (ရွှေအင်းလေးစာပေ )ပါ…..၊၊

    ခင်မင် လေးစားလျှက် ၊၊

  2. minko on March 17, 2014 at 2:23 pm

    ဆောင်းပါးလေး ဖတ်ရတာ တန်ဖိုးရှိပါတယ်- ကောင်းလဲကောင်းပါတယ်- ကိုဖိုးထက် ခင်ဗျာ-

  3. catwoman on March 17, 2014 at 8:52 pm

    you dont have to be a monk. you can meditate as a lay person. there were many lay people compared to monks even in Buddha ‘s time.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)