Po Htet – ပြည်တော်ပြန် သင်တန်း

March 21, 2014

ပြည်တော်ပြန် သင်တန်း

ဖိုးထက်၊ မတ် ၂၁၊ ၂၀၁၄

 

ကိုဝင်းနိုင် မြန်မာနိုင်ငံကို ပြန်ချင်ပြီ။ မြန်မာနိုင်ငံကို အပြီး ပြန်တော့မယ်လို့လဲ မိတ်ဆွေ အပေါင်း အသင်းများအား နှုတ်က မကြာခဏ ဖွင့်ဟပြောသည်။ ပြောလို့သာ ပြောနေတာ။ သူ ပြန်မယ် ပြန်မယ်ပြောတာ သူနိုင်ငံခြားစထွက်ထွက်ခြင်း တစ်လ ကြာပြီးကတည်းက ဆိုရင် အခုသူနိုင်ငံခြားထွက်နေတဲ့ ၁၂ နှစ်အတွင်း အကြိမ်ပေါင်း မနည်းတော့။ တစ်လကို အနည်းဆုံး သုံးခေါက် အနည်းဆုံး ပြန်မယ် ပြောသည်။  သူ့နိုင်ငံခြား အလုပ် သက်တမ်း စုစုပေါင်း ၁၂ နှစ်… ထားပါ ၁၀ နှစ်၊ အနည်းဆုံး အကြိမ်ပေါင်း နှစ်ရာခန့်တော့ အသာလေး။

      

    သူ ပြန်မယ်ပြောတိုင်းလဲ ပါးစပ်က ပြီး ပြီးရော ပြောချင်း မဟုတ်။ တကယ့်လေးလေးနက်နက် စဉ်းစားပြီးမှ ပြောခြင်းဖြစ်သည်။ ပြန်ဖို့ ရက်သက်မှတ်ပြီး လေယာဉ်လက်မှတ်ကို သူ့ရုံးက မသိအောင် ခိုးခိုးဝယ်ထားတာကိုဘဲ အနည်းဆုံး ငါးခါ ခြောက်ခါ ရှိသည်။ သုံးခါလောက် လက်မှတ်ဆုံးသည်။ ကျန်သုံးခါလောက်က ခွင့်ရက်တို ယူပြီး ပြန်လိုက်ရတာဘဲ အဖတ်တင်ကျန်သည်။

 

          အခုလဲ ပြောပြန်ပြီ။ ဒီတစ်ခါတော့ အရင်လို သူ့မန်နေဂျာကို ပြောခြင်းမဟုတ်။ သူ့ အခန်းဖော်ကို ပြောခြင်းဖြစ်သည်။

 

“ဟေ့လူ  ကျုပ် မြန်မာနိုင်ငံ ပြန်မယ်ဗျ။”

 

သူ နဲ့ သူ့အခန်းဖော် က အသက်ကြီးမှ အလုပ်ထဲမှာ ခင်ကြတယ်ဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ညီရင်း အစ်ကိုလို ခင်ကြသည်။ ပြီးတော့ သူတို့ နှစ်ယောက်စလုံးက စာဖတ်တာလဲ ၀ါသနာပါသူခြင်းဆိုတော့ ခပ်မြန်မြန်ဘဲ ရင်ဘတ်ချင်း ဂျက်ပင်ထိုးသော မိတ်ဆွေတွေ ဖြစ်သွားခဲ့ကြခြင်းဖြစ်သည်။ သာသာစကားတူ မိတ်ဆွေတွေ။

 

သူ့အခန်းဖော်က ကိုဝင်းနိုင် အရူးထပြန်ပြီဆိုတာ သိသည်။ ကိုဝင်းနိုင်ပြောတာ မြန်မာနိုင်ငံကို အပြီးပြန်မယ်လို့ ပြောခြင်းဟု သိသည်။ သို့သော် မသိချင်ယောင်ဆောင်ပြီး …

 

“အေးဗျာ။ ပြန်ပေါ့။ ပြန်လာရင်သာ စာအုပ်တွေ ဆွဲခဲ့ဗျာ။ ဆရာဝင်းဖေမြင့်ရဲ့ အရောင်တွေ အကြောင်း၊ ပန်းချီကားတွေအကြောင်း စာအုပ်ထွက်နေတယ်ဗျာ။ ကျွန်တော် ဖတ်ချင်တယ်ဗျာ။ မဖြစ်မနေလေး ၀ယ်ခဲ့ဗျာ” ဟု ကိုဝင်းနိုင် ဖြတ်ပြောမှာကို စိုးရိမ်ပြီး အမြန်ပြောသည်။ သူ့မျက်နှာကိုလဲ မထူးဆန်းပါဘူး။ ပြန်…ပြန်ပေါ့ ဟု မျက်နှာပေး ချီထားလိုက်သည်။ သူ့ကို သိပ်မယုံတော့တာလား ကြားရဖန်များလွန်းတော့ နားထဲ မ၀င်တော့တာလား မသိ။

 

တကယ်ကျတော့ သူ့အခန်းဖော် အလွန်မဟုတ်။ ကိုဝင်းနိုင်အလွန်။ သူနဲ့ သူ့အခန်းဖော် တစ်ခန်းထဲမှာ အတူတူနေတာ သုံးလပင်မပြည့်တတ်သေး။ သူ့အခန်းဖော်ကိုတော့ မြန်မာနိုင်ငံကို ပြန်တော့မှာ ဖြစ်ကြောင်း။ စီးပွားရေး ဘယ်လို စီမံထားကြောင်း။ အလုပ်အတူတူတွဲလုပ်ကြဖို့ အကြောင်း။ အစမှာတော့ ရုန်းရ ကန်ရမှာဘဲ ဖြစ်ကြောင်း။ ဒါပေမယ့် လာဘ်ပေး လာဘ်ယူ အာဏာရှိ လူကြီးတွေနဲ့ ကပ်ယက်ပြီးတော့ ဘယ်တော့မှ စီးပွားရေး လုပ်မှာ မဟုတ်ကြောင်း။ သူ နားလည်တတ်ကျွမ်းသော PLC (Programming Logic Control) သင်တန်းကျောင်းလေး ထောင်မှာ ဖြစ်ကြောင်း။ တစ်ဖက်ကလဲ အဆောက်အဦး ရေ၊ မီး စနစ်များကို Installation နဲ့ Design ကိုတွဲလုပ်အုံးမှာ ဖြစ်ကြောင်း ယုံကြည်ချက် ခိုင်ခိုင်မာမာဖြင့် ပြောတတ်သည်။

 

အစအဦးကတော့ သူ့အခန်းဖော်က စိတ်ဝင်စားသည်။ ၀င်ရောက်ဆွေးနွေးသည်။ အကြံဥာဏ်ပေးသည်။ PLC ပစ္စည်းတွေ ၀ယ်ချင်ရင် အခု နိုင်ငံခြားမှာ ရှိတုံး ၀ယ်ဖို့ကောင်းကြောင်း။ သင်တန်း ကောင်းကောင်းလုပ်မှာဆိုရင် အမယ်စုံဖို့ လိုကြောင်း။ အသစ်ဝယ်ဖို့ မလိုကြောင်း။ တပါတ်ရစ် အကောင်းတွေ ရောင်းသော အင်တာနက် ၀က်ဘ်ဆိုဒ်တွေကိုပင် ၀ိုင်းကူ ရှာပေးသည်။ နှစ်ယောက်သားပေါင်းပြီး ဘာလေးတော့ သင်မှဖြစ်မယ်။ ဘယ် Model လေးဆောက်ပြီး သင်ရင် အကောင်းဆုံးဘဲဆိုတာတိုင်ပင်ပြီး သင်ရိုးညွှန်းတန်းလေးတောင် ၀ိုင်းကူ ဆွဲပေးသည်။

 

ကိုဝင်းနိုင်က သူ့ PLC သင်တန်းကို ယုံကြည်သည်။ အောင်မြင်နိုင်သည်။ တကယ်တော့ PLC ဆိုတာ စက်ရုံကြီးတွေ၊ အလုပ်ရုံကြီးတွေမှာ မရှိမဖြစ်။ ပစ္စည်းတွေ ထုတ်လုပ်တာ၊ ထုပ်ပိုးတာ၊ အရည်အသွေးထိန်းတာ အားလုံးမှာ ဒီ PLC က မရှိမဖြစ်။ အနည်းဆုံး ယခုလက်ရှိ လူတွေအများစု သုံးစွဲနေကြသော ဓာတ်လှေခါး၊ စက်လှေခါးတွေတောင် PLC စနစ်အခြေခံတွေ။ ဘယ်အထပ်မှာ ရပ်။ မီးဘေး အချက်ပြ Fire Alarm ဖြစ်လျှင် အနီးဆုံး အထပ်မှာပွင့် စတာတွေ အကုန်လုံးကို PLC နဲ့ ထိန်းရသည်။

 

သူကျောင်းမှာတုံးက PLC သင်ရသည်။ အရာအားလုံး စာရွက်ပေါ်မှာ။ သို့သော် စဉ်းစားရတာ၊ logic ကျသော ပညာရပ်ကို စိတ်ဝင်စားသော ကိုဝင်းနိုင်အတွက် နိုင်ငံခြားထွက်တော့လဲ PLC စာအုပ်တွေကို အင်တာနက်က ရှာဖတ်သည်။ လေ့လာသည်။ ရူးသွပ်သည်။ ဘယ်ပညာရပ်မဆို ရူးသွပ်လျှင် ထူးရင်ထူး၊ မထူးရင် ရူးဖြစ်တတ်သောကြောင့် ကိုဝင်းနိုင်ကတော့ မရူးဘဲ ထူးခဲ့သည်။ အခုတော့ အရှေ့အလည်ပိုင်း က အမှိုက်မီးရှို့တဲ့ စက်ရုံကြီးက စက်တွေရဲ့ PLC အကုန်လုံး သူ့လက်အောက်မှာ။ စမ်းသပ်တာ၊ တပ်ဆင်တာ အကုန်လုံးကို သူနဲ့ Supplier ကုပ္မဏီက အင်ဂျင်နီယာတွေ တွက်ချက် ဆွေးနွေးပြီး အလုပ် လုပ်ရသည်။

 

ဒီတော့ ကိုဝင်းနိုင်ရတဲ့ အတွေ့အကြုံက မနည်းတော့။ ပြီးတော့ မြန်မာနိုင်ငံမှာက PLC သင်တန်းလေးတွေ ရှိတာ သူသိသည်။ သူလဲ တက်ခဲ့ဘူးသည်။ သို့သော် အားလုံးက ခြောက်တီး ခြောက်ချက်။ Input ၊ Output module လေးတွေတောင်မှ ပြည့်စုံအောင် ရှိတာမဟုတ်။ ကိုဝင်းနိုင်ကတော့ သူ့အခန်းဖော် ရှာပေးထားသော ၀က်ဘ်ဆိုဒ်ကနေ ပစ္စည်းတွေ တစ်လ တစ်ခု ၀ယ် ၀ယ်ပြီး စုသည်။ အခုဆို အတော်စုံပြီ။

 

“ကျုပ်ကတော့ သင်တန်းလာတက်တဲ့ ကလေးတွေကို တတ်သမျှ သင်ပေးမှာဘဲ။ တကယ်တတ်စေရမယ်ဗျာ။ သင်တန်းစည်းကမ်း ကိုတော့ ကိုင်မယ်ဗျာ။ ခပ်ပေါ့ပေါ့ လာတက်တဲ့ ကောင်တွေဆိုရင်တော့ ပိုက်ဆံ ပြန်အမ်းပြီး ထုတ်မယ်လို့ကို သင်တန်းလက်ခံကတည်းက စည်းကမ်းချက်မှာ ရေးရမယ်ဗျ။ သိလား။ နည်းနည်းတော်တဲ့ ကောင်တွေ ဆိုရင်လဲ သူတို့ ကျုပ်သင်တန်းမှာ နည်းပြ ပြန်ခန့်မယ်ဗျာ။ ကောင်းတယ်မို့လား ကျုပ်အကြံ..ဟဲ ဟဲ..” ဟု သူ့အခန်းဖော်ကို တိုင်ပင်သည်။

 

သူ့အခန်းဖော်က သူ့အတွေးအခေါ်ကို ကြိုက်သည်။ ဒီလူသင်ရင် တကယ်တတ်ကြမယ်ဆိုတာလဲ နည်းနည်းမှ သံသယမရှိ။ ဒါပေမယ့် သူသံသယရှိတာ တစ်ခုဘဲ ရှိသည်။ ဒီလူ့ သင်တန်းကို အပ်တောင် အဆင့်မှီအောင် မထုတ်လုပ်နိုင်သေးသော ရွှေပြည်ကြီးက ကလေးတွေက စိတ်ဝင်စားပါ့မလား။ စိတ်ဝင်စားစေအုံးတော့ ပြည်တွင်းမှာ Apply လုပ်ဖို့ ခက်တဲ့ ဘာသာရပ်ကို ကြာရင် စိတ်ညစ်မကုန်ပေဘူးလား။

 

နောက်တစ်ခု သူ့အခန်းဖော်က ကိုဝင်းနိုင်ကို စိတ်မချ၊ မယုံကြည်တာ တစ်ခုရှိသေးသည်။ ငွေရေးကြေးရေး တတ်နိုင်ပါ့မလား။ သူ့သင်တန်းအတွက် ပစ္စည်းတွေ ၀ယ်မှာ နှစ်ယောက်သားချတွက်တာကိုဘဲ အမေရိကန် ဒေါ်လာ တစ်သောင်းကျော်နေပြီ။ ဒါတောင် လိုအပ်တဲ့ ကွန်ပြူတာ ရှစ်လုံး ကိုးလုံးလောက်ဝယ်ရအုံးမှာ ကျန်သေးသည်။ ကွန်ပြူတာ တစ်စုံ ၀မ်းဆက် တစ်စုံကို သုံးသိန်းထား။ သိန်းသုံးဆယ်ခန့် ကုန်အုံးမည်။ သင်တန်းကြော်ငြာတွေ လုပ်ရအုံးမည်။ အဆိုးဆုံးက ကိုဝင်းနိုင်က ရန်ကုန်မှာ အခန်းရှိတာ မဟုတ်။ သူကတော့ အခန်းဝယ်မယ်ဟု ပြောနေသည်။ “မြေညီထပ်မဟုတ်ရင်တောင် သုံးထပ်၊ လေးထပ်တော့ ကလေးတွေ တက်မှာပါဗျာ” ဟု ပြောနေပေမယ့် လှည်းတန်းလို၊ မြေနီကုန်းလို သင်တန်းဖွင့်လို့ကောင်းတဲ့ နေရာက သုံးထပ်၊ လေးထပ်က တိုက်ခန်းတွေ ဈေး စုံစမ်းကြည့်ကြတော့ ကိုဝင်းနိုင် လန့်သွားသည်။ ဖျားသွားသည်။ ဘုရားတသည်။ ထို့နောက် သူ၏ PLC သင်တန်း အရေးတော်ပုံကြီး အသံတိတ်ဆိတ်စပြုလာသည်။ အားလျော့လာသည်။

 

သူ့အခန်းဖော်မှာတော့ အခန်းလေး တစ်ခန်းရှိသည်။ သူဝယ်စဉ်က သိန်း တစ်ရာ့ ငါးဆယ်လောက်ရှိသည်။ အခုတော့ သိန်းသုံးရာခန့် ဈေးပေါက်နေပြီတဲ့။ ကိုဝင်းနိုင်ယူမယ်ဆိုရင် ဈေးလျှော့ပေးမယ် ပြောပေမယ့်လဲ သူ မ၀ယ်နိုင်။ သူ့အခန်းဖော်ကလဲ သူတတ်နိုင်တဲ့ ဈေးအထိ ဘယ်လိုလုပ် လျှော့ပေးနိုင်မှာလဲ။ နောက်ပြီး သူ့သူငယ်ချင်း အခန်းက ဟိုး..အုတ်ကျင်းမှတ်တိုင် ကနေ အထဲကို အတော်ကြီး ၀င်ရသေးသည်။ သင်တန်းဖွင့်လို့ ကောင်းတဲ့ နေရာမဟုတ်။ အခန်းငှားဖွင့်ရလောက်အောင်ကျတော့လဲ အောင်မြင်တော်သေးရဲ့။ မအောင်မြင်ရင် ငတ်မှာက သူ။  မြန်မာနိုင်ငံမှာက ပါမစ်နဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ရသော စီးပွားရေးက လွဲလို့ ဘယ်စီးပွားရေးကများ စိတ်ချ လက်ချ ရှိရတာ ရှိလို့လဲ။ အထူးသဖြင့် သူ့လို ပညာရပ်နဲ့ လုပ်စားရမယ့် စီးပွားရေး က အဆိုးဆုံး။ အောင်မြင်ချင်ရင် ဘုရင့်နောင် ဖောင်ဖျက်ရမယ် ပြောကြပေမယ့် ဟိုက တိုက်ပွဲမနိုင်ရင် တစ်ခါတည်း မာကကီးယားသွားကြမှာ။ သူက ခွေးဖြစ်မှာ။ သူ့အသက်အရွယ်နဲ့ နိုင်ငံခြားကိုပြန်ထွက်လို့လဲ ကောင်းတဲ့ အရွယ်မဟုတ်တော့။  ဒီပုံစံနဲ့ဆိုရင် သူ့အိပ်မက်တွေက ဝေးနေပြန်သေးသည်။

 

ကိုဝင်းနိုင် မြန်မာနိုင်ငံ ပြန်ဖို့ အကြောင်း သိပ်မပြောတော့။ အကြိမ်ရည်နည်းသွားသည်။ ပြောပြန်တော့လဲ သိပ်အားမာန်မပါ။ “ကျုပ်တို့ ပြန်တော့ ပြန်ရမယ်ဗျ။ ဟုတ်တယ်မို့လား။” ဟု မရဲ တရဲ ပြောရှာသည်။  သင်တန်းတွေ၊ ကုပ္မဏီတွေ ခေါင်းထဲက လောလောဆယ် ထုတ်လိုက်သည်။ “ဟယ်…အချိန်တန် အိမ်ပြန်ရမှာပ” လို့ တွေးထားလိုက်တော့သည်။

 

မနေ့ကတော့ ကိုဝင်းနိုင် မျက်နှာကြီးကို ပြုံးပြုံးကြီးလုပ်ပြီး အခန်းသို့ ပြန်လာသည်။ သူ့အခန်းဖော်ကို အူယားဖားယားလိုက်ရှာသည်။ ပြီးတော့

 

“ဟေ့လူ ခင်ဗျား ရန်ကုန်က အခန်းရှိသေးတယ်မို့လား။”

 

“ရှိသေးတယ်လေ။ ဘာဖြစ်လို့လဲ။ မရောင်းတော့ဘူးဗျ။ ခင်ဗျား သင်တန်းဖွင့်ချင်ရင် အချိန်အတိုင်းတာ တစ်ခုနဲ့ ယူဖွင့်ချင်ရင်တော့ ယူပါ။”

 

“အင်းလေ..ကျုပ်ကလဲ သင်တန်းဖွင့်ဖို့ ယူမလို့ဗျ။ ခင်ဗျားက အခန်းစိုက်။ ကျန်တာ ကျွန်တော်စိုက်မယ်။ သေချာပေါက်အောင်မြင်စေရမယ်ဗျ။”

 

“တယ်ဟုတ်ပါလား။ ဘာသင်တန်းလဲ။”

 

          “Facebook မီဒီယာသင်တန်း”

 

          “တောက်တီး တောက်တဲ့ဗျာ။”

 

          “ဟေ့လူ အတည်ပြောတာဗျ။ အခုတောင် ကမ္ဘာကြီး အမှန်သိစေဖို့ ဖေ့စ်ဘုတ်သုံးကြစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ မီဒီယာသင်တန်းတွေ ဖွင့်နေပြီဗျ။”

 

          “ဟာဗျာ..တော်ဗျာ…မနောက်နဲ့ဗျာ..ရေချိုး။ပြီးရင် အပြင်ကိုထွက်ပြီး တစ်ခုခုသွားစားမယ်။ လုပ်..လုပ် မြန်မြန်”

 

          ကိုဝင်းနိုင်က ပြတင်းတခါးဝကို ထထွက်သွားပြီး…“ကျုပ် အတည် ပြောတာဗျ။ တကယ်ဖွင့်ချင်တာဗျ။ အမှန်တကယ်လဲ လိုအပ်တယ်ဗျ။ ကမ္ဘာကြီးကို အမှန်သိဖို့ ဖေ့စ်ဘုတ်သုံးရမယ်ဗျ။ နောက်ပြီး အဲဒီကျုပ်သင်တန်းကို တက်လာတဲ့ သူတွေကို ငိငိ…ခိခိ…ငွယ်..အသံထွက်နည်းတွေ ဘယ်နေရာမှာဘယ်လိုသုံး သင်ရမယ်ဗျ။ ဦးလေးကလဲတို့..မားကလဲတို့.. မာမာကလဲတို့ အာလုပ်သံနဲ့ ချစ်ဖို့ကောင်းအောင် ခေါ်နည်း သင်ပေးမယ်ဗျာ။  ဓာတ်ပုံကို ဘယ်လို ရိုက်ရတယ်၊ အဖုအပိန့်တွေ ပျောက်အောင် ဘယ်လို Application တွေသုံးရတယ်ဆိုတာ သင်ပေးမယ်ဗျာ။  နောက်ပြီး ဆရာတော် ဘုရားတွေက ဒီသင်တန်းဖွင့် ဖို့ စီစဉ်နေတာ အောင်မြင်မှာ မဟုတ်ဘူးဗျ။ ဘာလို့လဲ ဆိုတော့ သူတို့က ကျုပ်လို၊ ခင်ဗျားလို တစ်တစ်ခွခွ၊ နှိုက်နှိုက်ချွတ်ချွတ် ဘယ်နေရာ ဘာရှိ ကာလသားကြိုက် သင်ပေးလို့မရဘူးဗျာ။ ခင်ဗျားနဲ့ ကျုပ်နဲ့က ဒါတွေ အတော်ကျွမ်းမို့လား။ နောက်ပြီးဗျာ…ဖေ့စ်ဘုတ်ပေါ်မှာ အမျိုးစောင့်ဥပဒေ ဘယ်လို ထိန်းသိမ်းစောင့်ရှောက် လိုက်နာ ကာကွယ်နည်းလဲ သင်ပေးလို့ရတယ်ဗျာ။ ဆရာတော်တွေကျတော့ သင်ပေးချင်ရင်တောင်မှ ဆင်ခြင်ရမယ်မို့လား။ ဝေဖန်သူတွေ များတယ်လေ။ ခင်ဗျားနဲ့ ကျုပ်ကြတော့ အမျိုးစောင့်ဥပဒေကို ခြင်ထောင်စောင့်၊ ဘောင်းဘီသော့ခပ် ဥပဒေလို့  ပြောတယ်ဆိုတာ အပနာပ ပြောတာ၊ အမျိုး မစောင့် လောက်ကောင် သစ္စာဖောက်တွေ ပြောတာလို့ ခပ်ရှင်းရှင်း ရှင်းပြလို့ ရမယ်ဗျ။ ရှင်းရှင်းပြောရရင်ဗျာ လူကြိုက်များအောင်၊သင်တန်းသားများအောင် သင်ပေးလို့ရတယ်ဗျာ။ ဟုတ်တယ်မို့လား.. ဟေ့လူ.. ဟာ..ဒီလူတော့” ဟု ကိုဝင်းနိုင် လှည့်အကြည့်မှာ မရှိတော့သော သူ့အခန်းဖော်ကို လိုက်ရှာသည်။ မရှိတော့။ ရေချိုးခန်းထဲ ၀င်သွားခြင်းဖြစ်သည်။  ခက်တဲ့ လူဘဲ..နောက်ရက်မှ နားလည်အောင် ပြောရမယ်လို့ တွေးလိုက်သည်။

 

                    ည..အိပ်ခါနီးရောက်တော့ ကိုဝင်းနိုင် ဘုရားတွေ ဘာတွေ မရှိခိုးစဘူး ရှိခိုးသည်။ “ဆရာတော် ဘုရားကျန်းမာ ချမ်းသာပါစေ။ တပည့်တော် အရင်းအနှီး မလောက်မင ဘာစီးပွားရေး လုပ်စားလို့ လုပ်စားရမှန်း မသိ မြန်မာနိုင်ငံကို မပြန်နိုင်ဖြစ်နေတာ အရှင်ဘုရားတို့ကြောင့်မို့ ကျေးဇူးကြီးလှပါတယ်” ဟု မေတ္တာပို့သည်။

 

          သူ့အခန်းဖော်က ဒီလူ နောက်နေတာလားဆိုပြီး တစ်ဖက်ကုတင်ကနေ လှမ်းကြည့်နေသည်။ ကြောင်ကုန်ပြီဟု တွေးပြီး အိပ်ပျော်သွားသည်။ မနက် ရုံးကို သူ့အခန်းဖော်ရောက်လာတော့ ကိုဝင်းနိုင်က သူ့မန်နေဂျာအား စကားပြောနေတာကို ကြားရသည်။

 

“I am going back soon. I am going to resign soon.” တဲ့။

 

ကိုဝင်းနိုင်၏ အခန်းဖော်က မျက်လုံး အပြူးသားနဲ့ သူ့ကို လှမ်းကြည့်နေသည်။

 

ကိုဝင်းနိုင်၏ မန်နေဂျာ နိုင်ငံခြားသား ကတော့ အပြုံးမပျက်။ ကိုဝင်းနိုင် ဆက်ပြောနေသော “To know more world, to use more Facebook” ဆိုတာတွေလဲ စိတ်ဝင်စားပုံမရ။ Ok… All Right…Sure…Correct တွေဘဲ ရေလိုက် ငါးလိုက် လုပ်နေသည်။

 

ဘယ်သူ ယုံယုံ မယုံယုံ ကိုဝင်းနိုင် ပြည်တော်ပြန်မည်။ Facebook ဖြင့် အမျိုးဘာသာ သာသနာတိုးတက်စေခြင်း ဆိုသည့် Apply Facebook သင်တန်းဖွင့်မည်။ သင်တန်းနာမည်တော့ ပေးမှရမည်။ “ပြည်တော်ပြန်သင်တန်း” လို့လေ။

 

ဖိုးထက်

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)