ငြိမ်းချမ်းအေး – ကိုးကွယ်ယုံကြည်မှု ဆိုတာ

March 24, 2014

ကိုးကွယ်ယုံကြည်မှု ဆိုတာ
ငြိမ်းချမ်းအေး
မတ်လ ၂၄၊ ၂၀၁၄

 Photo @Aung Htet

မင်းဘူး နဂါးပွက်တောင် မှာ နဂါး အစာကျွေး၊ နွားနို့ တိုက်တဲ့ ဓာတ်ပုံ တခုကို အခု လူတချို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ကြပြီး တောင်ပြော၊ မြောက်ပြော ဆိုနေကြတာ တွေ့ရတယ်။  ကိုယ့် ဘာသာတော့ ခေတ်မီသူကြီး၊ သိပ္ပံနည်းကျ ဘာသာရေး လိုက်စား ယုံကြည်သူကြီး၊ ဗုဒ္ဓဘာသာ အစစ်ကြီး၊ ဘာသာရေး မရှိသူကလည်း ခပ်ပေါပေါ အလုပ်တွေဆိုပြီး ရင်မောက် ခေါင်းမော့ ဆိုချင်ဟန် ရှိကြတယ်။  ဗမာပြည် မှာ မကျက်တကျက် half-baked လူများ က အများစု ဘွဲ့ရ ပညာတတ်ဆိုသူများ ဖြစ်ကြောင်းကို အွန်လိုင်းခေတ် ရောက်မှ တဖြည်းဖြည်း ထင်ရှားလာတယ်။

 

ဘယ် ဘာသာရေး မှ၊ ဘယ် ကိုးကွယ်ယုံကြည်မှု မှ အလုံးစုံ သိပ္ပံနည်းကျတယ်ဆိုတာ မရှိဘူး။  ဘာသာကြီး ဆိုကြတဲ့ အယူဝါဒတွေမှာလည်း သိပ္ပံတွေ၊ ယုတ္တိတွေ နဲ့ လွတ်တဲ့ သဘောတရားတွေ၊ ဓလေ့ထုံးတွေ အနည်းအများ ရှိတာပဲ။  နတ်ယုံသူ နဲ့ မယုံသူ ဘယ်သူမှ ပို ပြီး သိပ္ပံနည်းကျ တယ် မဆိုနိုင်ဘူး။

 

လူ တယောက် အယူ မှားတယ်၊ မမှားဘူး ကို အခြား ဘယ်သူကမှ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။  ပြယ်ရယ်ပြုခွင့် မရှိဘူး။  နှိမ်ချ ခွင့် မရှိဘူး။ စော်ကား ခွင့် မရှိဘူး။

 

ကိုယ့် နဲ့ အယူ မတူတိုင်း မိစ္ဆာဒိဌိ ဆိုပြီး ရှေးက ထင်ခဲ့ကြတာ နောက်ဆုံး အဲ့ဒီ မိစ္ဆာဒိဌိ ကိုပဲ သခင်ကြီး ခေါ် ကျွန် ခံရတော့တာပဲ။  ဒေါက်တာလှဘေ က သူ့ အတ္ထုပ္ပတ္တိ မှာ လန်ဒန်ရောက်တော့ မင်္ဂလာ့သုတ် မသိတဲ့ အနောက်တိုင်းသား လူဖြူ မိစ္ဆာဒိဌိ တွေ အင်မတန် ယဉ်ကျေး သိမ်မွေ့ကြောင်း ထည့်ဆိုဖူးတယ်။

 

ဆိုချင်တာက မိမိ စံ တခု တည်းနဲ့ မိစ္ဆာဒိဌိ သတ်မှတ်လို့ မရ၊ အယူလွဲတယ် ဆိုလို့ မရ၊ အမြင်ကျဉ်းတယ် ဆိုလို့ မရ။

 

ကျနော့် အတွက် ဘုရား လိုချင် မှ လိုမယ်။  ခင်ဗျား အတွက် တော့ ဘုရား က မရှိမဖြစ် ဖြစ်ချင် ဖြစ်နေမယ်။  အလားတူပဲ လူတချို့အတွက် ဘုရားလည်း လိုတယ်။ နတ်လည်း လိုတယ်၊ ဘိုးတော်လည်း လိုတယ်၊ နဂါးလည်း လိုတယ်၊ မြွေလည်း လိုတယ်။

 

ကိုးကွယ်ယုံကြည်မှုတိုင်းဟာ လူတဦးချင်း ရဲ့ လွတ်လပ်တဲ့ ရွေးချယ်မှု၊ ဆန္ဒ။  ဒီ ရွေးချယ်မှု အပေါ် မူတည်ပြီး ကိုးကွယ်မှု ဆက်စပ် အလုပ်တွေကို တခြား သူတပါး မထိခိုက်သရွေ့ လုပ်ခွင့် ရှိရမယ်၊ ဓလေ့တွေကို စောင့်ထိန်း ကျင့်သုံး ခွင့်ရှိရမယ်။  ဒီ အများကို မထိခိုက်တဲ့ အလုပ်၊ ဓလေ့ အတွက် မစော်ကားအပ်ဘူး၊ မထိပါး အပ်ဘူး။

 

ဒါပေမယ့် ခု ဗမာပြည် ဖြစ်နေတာက ဒီပြင့် ဘာသာ၊ အယူဝါဒ ကိစ္စတွေ မပြောနဲ့ဦး၊ ဗုဒ္ဓဘာသာ အတွင်းမှာကို သမားရိုးကျ အများလက်ခံပြီးနဲ့ ခွဲထွက် ပြောကြည့်၊ ဟောကြည့်ပါ့လား၊ မိုးပြာ ဘာဖြစ်နေလဲ မျက်မြင်ပဲ။

 

စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ဆိုတဲ့ အစွဲကြီး မပျောက်သရွေ့ ဗမာပြည် မှာ ဘာသာရေး လွတ်လပ်ခွင့် လည်း အခြေခံကျကျ ရှိမှာမဟုတ်ဘူး၊ ဘာသာရေး ဆက်စပ် ပဋိပက္ခ တွေလည်း ကင်းမှာ မဟုတ်ဘူး၊ မိုးပြာ ဆရာတော်လည်း ထောင်ထဲက ထွက် ရမှာ မဟုတ်ဘူး။

 

ဘာသာရေး လွတ်လပ်ခွင့်ရဲ့ အနှစ် သဘော မှာ ဂိုဏ်း၊ ဓလေ့၊ အယူ ကွဲမှုတွေကို လက်ခံနိုင်ရမယ်၊ သည်းခံတတ်ရမယ်၊ လေးစားတတ်ရမယ်။

 

လူတယောက် ဟာ ဆန္ဒ ရှိရင် ဘာသာ အယူဝါဒ တခု ကို အခုမှ ထ တည်ထောက်ခွင့် ရှိတယ်၊ သူယုံကြည်ရာ ကို သူတပါး ကို မထိခိုက် ရင် ဟောပြောခွင့် ရှိရမယ်။  သူ့ ကိုယ်သူ ငါ သာ ဘုရား ဧကန် (သို့မဟုတ်)၊ နောက်ဆုံး တမန်တော် ဖြစ်တယ် ဆိုခွင့် ရှိတယ်။  သူ့ ကို ယုံကြည်သူ က ကိုးကွယ်လိမ့်မယ်။  မယုံကြည်သူ၊ မကိုးကွယ်ချင်သူ ရဲ့ အလုပ်မဟုတ်၊ တားလို့ မရ။

 

ဒါပေမယ့် ဒီလို ယုံကြည်မှု အလွဲသုံးစားပြုပြီး နောက်လိုက်တွေကို၊ တခြား သူ တပါးကို အသက် အန္တရာယ် မပြုရဘူး၊  ယုံကြည်သူ နောက်လိုက်တွေကို အသုံးချပြီးတော့ ခေါင်းဆောင် က မတော် မတရား အခွင့်အရေးယူတာမျိုး (ဥပမာ ကာမ လိမ်လည် ယူခြင်းမျိုး) မလုပ်ရဘူး။  ဒီလိုလုပ်ရင် အရေးယူ၊ တားရမယ်။

 

ဒါမျိုး လူတယောက် ရဲ့ ယုံကြည်မှု၊ ကိုးကွယ်မှု၊ ဓလေ့ က ပတ်ဝန်းကျင် ကို ထိခိုက်မှု မရှိသရွေ့ လူ့ အဖွဲ့အစည်းမှာ အယူဝါဒ စုံကို ရှင်သန်ခွင့် ပေးမှ ၂၁ ရာစု ယဉ်ကျေးပြီး ဒီမိုကရေစီ ပြည့်ဝတဲ့ လူ့ အဖွဲ့အစည်း ဖြစ်မယ်။

 

ကျနော် ငယ်ငယ် က နဂါးပွက်တောင် ရောက်တိုင်း ဆယ်ပြားစေ့ ပစ်ထည့်တာပဲ၊ မြသလွန် ဘုရား တက်တိုင်း ကျောက်တုံးကြီး မ ဆုတောင်း တာပဲ၊ မတိုင်း ဆုတောင်း ပြည့်၊ ကျောင်တုံးကလည်း ပေါ့တယ် ယုံတာပဲ။

 

ဒါပေမယ့် ကိုယ့် အချင်းချင်း အကြောင်းသိချင်းကျလည်း ဗမာပြည် မှာ အကြီးဆုံး နတ် ကတော့ စစ်ကိုင်းတံတား က နတ်ကြီးတွေကွ၊ တလုံး တလုံး လက်သီးဆုပ် လောက် ရှိတယ် ပြောချင် ပြောနေတာပဲ။

 

ထပ်.. ဒါပေမယ့်.. တကယ် ယုံကြည်သူတွေ နဲ့ တွေ့တဲ့အချိန်၊ ယုံကြည်သူများ အလေးထားတဲ့ နေရာ ရောက်တဲ့ အချိန်ကျလည်း လိုက်လျောညီထွေ ရှိတဲ့ လေးစားမှု ပြရတယ်။  ကြောက်လို့ မဟုတ်ဘူး၊ ကိုယ့်ကြောင့် ယုံကြည်သူ သူတပါး စိတ်အနှောင့် အယှက် မဖြစ်အောင် လို့ သူတို့ ယုံကြည်တဲ့ ဓလေ့ အတိုင်း လိုက်လုပ်ရတယ်။

 

ပုံတောင်၊ ပုံညာ ဖြတ်တော့ အမေယဉ် အတွက် စောင့်ထိန်းမှုတွေ လမ်းညွှန်မှုတွေ ဒေသခံတွေက ပြောပြတယ်။  ယုံယုံကြည်ကြည် လိုက်လုပ်ခဲ့ဖူးတယ်။  ဒါက ကိုယ့် ခရီး အန္တရာယ် ထက် သူတို့ အတွက်က ရိုးရာ ယုံကြည်မှု နေ့စဉ် ဘဝတွေနဲ့ ဆိုင်တယ်၊ အမေယဉ် စိတ်ဆိုးရင် မြွေဆိုးတွေ ပေါမယ်၊ လယ်ယာ လုပ်ငန်းခွင် ထိခိုက်မယ်၊ ရာသီဥတု ဖောက်ပြန်မယ်၊ စပါးအထွက် နည်းမယ် စသည် စသည် သူတို့ ယုံကြည်မှု က သူတို့ ထမင်းအိုး နဲ့ ဆိုင်တယ်၊ သူတို့ အသက် နဲ့ ဆက်စပ်နေတယ်။

 

ကိုယ့် အတ္တ စိတ်ကြီးဝင်မှု အတွက်နဲ့ သူတပါး ယုံကြည်မှုကို စော်ကားရင်း သူတပါး  ဥပါဒါန် ကြောင့် ဥပါဒ် ဖြစ် ဒုက္ခ ရောက်အောင် လုပ်မှုကမှ လူမပီသမှု၊ လူယဉ်ကျေးမဖြစ်မှု၊ နတ်ကိုးကွယ်တာက၊ နတ်ယုံကြည်တာက မယဉ်ကျေးတာ မဟုတ်၊ လူမပီသတာ မဟုတ်။

 

ခေတ်ပညာတတ် ဆိုတဲ့ ပြုတ်မနူးများ စာလေး ဘာလေး လူအထင်ကြီးအောင် ဖတ်ကြတယ် ဆိုရင်လည်း စာတွေ့ကနေလည်း သင်ခန်းစာ ယူရတယ်။

 

ဦးဖိုးကျား ကိုယ်တွေ့ ဝတ္ထုတိုများ ကြားဖူး၊ ဖတ်ဖူးမှာပေါ့။ အဲ့ထဲက တပုဒ်က ဒီလို..။

 

ကောလိပ်ကျောင်းသား လူငယ် ခေတ်ပညာတတ် ကလေး တယောက်က သင်္ဘော အတူစီးလာတဲ့ ခရီးဖော် တောသားဦးကြီး တယောက်ရဲ့ လည်ပင်းက အဆောင်လက်ဖွဲ့ ကို မြင်တော့ “ဒါက.. ဘာလဲ..၊ ဘာအတွက်.. လဲ..” လို့ အထက်စီးကြီးနဲ့ မေးပါလေရော။  တောသားကြီးကလည်း ရိုးရိုးသားသားပဲ “ဒါက ကျူပ်တို့ နယ်ကို ဘီလူးဝင်မယ်လို့ ဘုန်းကြီး အိပ်မက်ရလို့ ကာကွယ်နိုင်အောင် ဘုန်းကြီး ကိုယ်တိုင် စီရင်ပေးတဲ့ အဆောင်ပါ” လို့ ပြန်ဖြေရှာတယ်။

 

အဲဒီတော့ ကောလိပ်ကျောင်းသား လူငယ်က “ဒီလို မန္တန်၊ ယတြာ၊ ဆေး၊ အင်းအိုင်၊ ဂါထာ၊ အဆောင်၊ လက်ဖွဲ့ တွေဟာ အဓိပ္ပာယ် မရှိ၊ ယုတ္တိ မဲ့၊ အကျိုး/အကြောင်း မညီ၊ သိပ္ပံနည်း မကျ ကြောင်း၊ ဒီအဆောင်လက်ဖွဲ့လေး ဆောင်ထားခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးမှ မရ၊ ဘယ်လို အန္တရာယ်မျိုးကိုမှလည်း မကာကွယ်နိုင်ကြောင်း၊ တကယ်တော့ ဘယ်.. ဘီလူးမှလည်း လာမှာ မဟုတ်ကြောင်း” အစရှိသလို ယုံကြည်မှု သဘောကို မျက်ကွယ်ပြုပြီး လက်တွေ့ ယုတ္တိဗေဒ နဲ့ ခေတ်သိပ္ပံ ကို နင်း ဇောင်းပေးပြောဆို အသိ၊ အမြင်၊ ပညာ နည်းရှာတဲ့ တောသား ရိုးအတဲ့ ဦးကြီးအပေါ် ဆရာကြီးလုပ်ပြီး အာပေါင်အာရင်းသန်သန်နဲ့ အချွတ်တရား ပြန်ဟောတယ်။

 

၃၊ ၄ တောင် မကွဲရှာတဲ့ တောသားကြီးလည်း ပါးစပ်အဟောင်းသား နဲ့ ဘာမှ ပြန်မပြောနိုင်ရှာ ဖြစ်နေတာပေါ့..။

 

ဒီလို လူငယ် တကိုယ်တော် တရားဟော နေတုန်းမှာပဲ ဘေးက တခြား လူကြီး တယောက်က ဝင်ပြီး.. “ဒီမှာ သူငယ်ရဲ့.. မောင်ရင် ရှင်းပြတာတွေက အကျိုး၊အကြောင်း ဆီလျော်ပါတယ်။  ဒီအဆောင်လက်ဖွဲ့ ဟာ မောင်ရင့် အတွက် မလိုဘူး..ဆိုတာလည်း မှန်ပါတယ်။  ဒါပေမယ့် ဒီက ဦးကြီး နဲ့ တခြားဒေသခံ ရွာသားတွေ အတွက်တော့ လိုတယ်.. ကွယ့်..။  သူတို့ရဲ့ ယုံကြည်မှုအရ ဒါဟာ သူတို့ကို ဘေးအန္တရာယ် က အကာအကွယ်ပေးတယ် ကွယ့်။  ဘုန်းကြီးကလည်း သူတို့ကို ဒါလေး ဆောင်ခိုင်းပြီး ဘာသာတရား ကိုင်းရှိုင်းအောင်၊ အကုသိုလ် အမှုတွေ မပြုမိအောင်၊ နည်းအောင်၊ ရပ်ရွာမှာ မူရစ်ရမ်းကား ခိုးဆိုး နေသူတွေ နည်းအောင် တနည်း လုပ်တာပဲ.. ကွယ့်..။ သူတို့ အတွက် ဒီ အဆောင်ဟာ လိုကို လိုတယ်..” လို့ ဝင်ပြီး ကိုးကွယ်ယုံကြည်မှုရဲ့ သဘော နဲ့ အနှစ်သာရကို သေချာ ရှင်းပြတယ်..။

 

ပြန်မပြောနိုင်ရှာ၊ ပြန်မပြောတတ်တဲ့ သူမျိုးကိုသာ ဆရာ လုပ်တတ်တဲ့ ကောလိပ်ကျောင်းသား ခေတ်ပညာတတ် လူငယ်လည်း သူ့ကို အကျိုး၊ အကြောင်း ပြန်ရှင်းပြနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကျ ဘာမှ ပြန် မပြောသာတော့ဘဲ ငြိမ်နေရရှာတယ် ဆိုတဲ့ ဦးဖိုးကျား ကိုယ်တွေ့ ဝတ္ထု ယူတတ်ရင် စိတ်ကြီးဝင်နေသူ ပညာတတ်ဆိုသူများ အကျွတ်တရား ရသင့်တယ်။

 

မနှစ်က လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါ လယ်တီသိမ် ကိစ္စ “စေတီ နဲ့ သိမ်တို့သည် ပထမ လယ်တီ ဆရာတော်ဘုရားကြီး တည်ထားသည့် သာသနိက အဆောက်အအုံများ ဖြစ်ကြောင်း အထောက်အထား မတွေ့ရှိရပါ” ဆိုထားတာ ဖတ်ရတော့ ပထမ ဆုံး သတိရတာ ဆိုခဲ့တဲ့ ဦးဖိုးကျား ကိုယ်တွေ့ ဝတ္ထုပဲ။

 

ဟေ့ ဘယ် သမိုင်း ဆရာ၊ ကဝိ ပညာရှိ က မဟုတ်ဘူး ပြောပြော၊ ဒေါက်တာသန်းထွန်း မကလို့ ဒေါက်တော သန်းထွန်း အဖေ က ပဲ “ဗုဒ္ဓဘုရား အရှင် ဗမာပြည်မထဲ လုံးဝ မရောက်ဖူးဘူး၊ အလွန်ဆုံးရောက် ရခိုင်ပေါ့” ဘယ်လို ဆိုဆို ဘုရား ကိုယ်တော်တိုင် ချီးမြှင့်တဲ့ သလွန်တော် နဲ့ မြသလွန် ကို ဘီလူး ညီနောင် တည်ခဲ့တာပဲ လို့ မကွေးသားများ ယုံကြတာပဲ၊ သိကြားမင်း က ဗီတို အာဏာ သုံးလို့ ပိုင်ရှင် ဘီလူးတွေ ခမျာ ရေစက်တောင် တမ်း မချရရှာဘူး။  မင်းဘူးသားများကလည်း ဘုရား က စက္ကိန်းတဲ ဘုရား (နဂါးပွက်တောင်ဘေး) မှာ ပဲ ကျိန်းစက်ပြီး မကွေးဘက် မကူးခဲ့တာ ကို အခွင့်ကောင်းယူပြီး မင်းတို့ အရှေ့ဘက် ကမ်းသားများ မိုက်တယ်၊ မမိုက်ဘူး ဆို ဘုရားတောင် အရှေ့ဘက်ခြမ်း မကူးလာခဲ့ဘူး မဟုတ်လား အသားယူ ဆိုကြတာပဲ။  ဘုရား ခြေတော်ရာ အစစ်ဖြစ်ကြောင်း မန်းစက်တော်ရာ ဒေသသားများ ယုံကြည်ကြတာပဲ။

 

ထုံးဖြူသုတ် ဘုရားငုတ်တို ဖြစ်ပါစေ၊ ဒေသခံ အတွက်ကတော့ အသောကမင်းကြီး တည်ခဲ့တာပဲ။  အလားတူပဲ လက်ပံတောင်း ဒေသခံ တွေ အတွက်တော့ ဘယ် သမိုင်းပညာရှင် မှ ထောက်ခံစရာမလို သူတို့ဆီက ဘုရားတွေ၊ ကျောင်းတွေ က လယ်တီ ဆရာတော်ဘုရားကြီး တည်ခဲ့တာပဲ။

 

ကိုးကွယ်ယုံကြည်မှုမှာ သိပ္ပံတွေ၊ သမိုင်းတွေ၊ ယုတ္တိ တွေ၊ သက်သေ အထောက်အထားတွေ မလိုဘူး။

 

ခင်ဗျားတို့ ကိုယ်တိုင်လည်း ကိုယ် အရိုးစွဲ ယုံကြည်တဲ့ ကိုယ့် ဘာသာ ဆက်စပ် တချို့ ကိစ္စတွေ၊ အချက် တွေ၊ ဘုရားသမိုင်းတွေ ဆို ဒီလိုပဲ ရှည်ရှည်ဝေးဝေး ယုတ္တိတွေ မချတော့ဘဲ မျက်စိ မှိတ် ယုံပစ်လိုက်တာပဲ မဟုတ်လား။

 

ဒီ သဘောပဲ နတ်ယုံတာ၊ နဂါး ယုံတာ လည်း ဘာပို ထူးလို့လဲ။

 

ဗမာပြည် ရဲ့ မျက်မှောက် ဘာသာရေး ပြဿနာတွေ ကို တွေးမိတိုင်း ငါတို့ ပုဂံခေတ်လောက်သာ လူတွေ၊ အုပ်ချုပ်သူတွေ ရင့်ကျက်၊ အမြင်ကျယ် ရင် ဒါမျိုးတွေ မြင်ရ၊ ကြားရ မဟုတ်ဘူး လို့ ဆိုမိတယ်။

 

ပုဂံခေတ်ဟာ မြန်မာတွေ ရေရှည်တည်မယ့် ကိုးကွယ်ယုံကြည်မှု စရခါစ ဖြစ်တာကြောင့် ဖြစ်မယ်၊ အင်မတန် သဘောထား ကြီးကြတယ်။  အရိုးစွဲမှုတွေ အခြေမတည်သေးဘူး။  ဘာ ဘာသာရေး အစွဲ ကြီးမှု မျိုးမှ အုပ်ချုပ်သူ ကော၊ ပြည်သူမှာ ပါ မရှိဘူး။

 

ပုဂံခေတ် ဘာသာ သာသနာ ကြည့်ရင် ခေတ် သဘော စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓ ဘာသာ မှ ဆိုတဲ့ သဘော မရှိဘူး၊ မဟာယန လည်း ရှိတာပဲ။  ဗြဟ္မဝါဒလည်း ထွန်းကားတာပဲ။  ဟိန္ဒူ ဓလေ့၊ အယူဝါဒ လည်း ကျယ်ပြန့်တာပဲ။  အနော်ရထာ မင်းမြတ်က ထေရဝါဒ ဗုဒ္ဓ ဘာသာ ကို ထိန်းသိမ်းချင် လို့ အရည်းကြီးတွေ နှိမ်နင်းတယ် ဆိုတာ အလကား ပြောတာ။  လွတ်လပ်တဲ့ နတ်ကိုးကွယ်မှုလည်း ရှိတယ်။  မင်းက လည်း တဖက်သတ် ဖိနှိပ်၊ တားမြစ်မှု မပြုခဲဘူး။  မွန်နိုင်ငံ သာသနာ အစစ် လိုချင်လို့ သွားသိမ်းတယ် ဆိုတာလည်း နောက်ပိုင်းမှ အမျိုးသား၊ ဘာသာ သာသနာ ဇောင်းပေး အမြင်နဲ့ တရားမှု ရှာ သမိုင်း ဖန်တီး ကောက်ချ ဆွဲကြတာ။  တကယ် သိမ်းရခြင်း အကြောင်းရင်းမှာ ဘာသာရေး အကြောင်း က အဓိက မဟုတ်ဘူး။  ဘာသာရေး ဆက်စပ် ကျားမ ခွဲခြား မှုမျိုးလည်း မရှိဘူး။  အမျိုးသမီး သာသနာ့ဝန်ထမ်းတွေလည်း အမျိုးသားနဲ့ တန်းတူပဲ။

 

ပုဂံခေတ် လောက် အယူဝါဒ စုံ အထွန်းကားဆုံး၊ လက်သင့် အခံဆုံး၊ သည်းခံနိုင်မှု အရှိဆုံး၊ ရင်ဘက် အကျယ်ဆုံး၊ နှလုံးအပြည့်ဆုံး ခေတ် ဗမာ့ သမိုင်း မှာ မရှိတော့ဘူး။  ဟတ်/မဟုတ် သိချင်ရင် ပုဂံခေတ် ဗိသုကာ လက်ရာတွေ ကြည့် ကြည့်ပေါ့။  အယူဝါဒစုံ လွှမ်းမိုးနေတာ တွေ့ရမယ်။

 

နတ်ကိုးကွယ်မှု ကို သွား ပေါ့သေးသေး မထင်နဲ့။  နိုင်ငံရေး သဘော ဆိုရရင် အိုးဝေ ဦးညိုမြ စကား ငှားဆိုလိုက်ချင်တယ်။  ဗမာ့ သမိုင်းမှာ ပဒေသရာဇ် မင်းဆိုး၊ သက်ဦးဆံပိုင် အာဏာရှင် စနစ်ကို စ တော်လှန်ခဲ့တာ ဒီမိုကရေစီ အင်အားစု မဟုတ်၊ ကွန်မြူနစ် မဟုတ်၊ လစ်ဘရယ်ဝါဒ မဟုတ် ပန်းပဲ မောင်တင့်တယ် အမှူးပြုတဲ့ ပုပ္ပား ၃၇ မင်း နတ် အဖွဲ့သာ ဖြစ်တယ်။  သက်ဦးဆံပိုင် ရှင်ဘုရင် ရဲ့ မှားယွင်းမှုကို တော်လှန်ဆန့်ကျင် မျက်မှောက်ခေတ် အထိ လူထုကြား အရိုးစွဲ အောင် လုပ်ခဲ့တာ သူတို့သာ ဖြစ်တယ်။

 

နိဂုံးချုပ်ရရင် နတ်ကိုးကွယ်တာ ကို ဘွဲ့ရ ပညာတတ်ဆိုကာ မကျက်တကျက် နဲ့ ရယ်သွမ်းသွေးလိုမှု စိတ်အခံ မပျောက်မချင်း ဗမာပြည် မှာ ကိုးကွယ်ယုံကြည်မှု ဆက်စပ် လွတ်လပ်ခွင့် ပြဿနာတွေ ဆုံးမှာ မဟုတ်ဘူး၊ အယူဝါဒ မတူသူကြား ယဉ်ကျေးမှု၊ ဓလေ့ ကွဲပြားမှုကို သည်းခံနိုင်မှု ခန္တီစ တရားတွေ မဲ့နေဦးမှာပဲ။  အလားတူပဲ (၂၁) ရာစု ခေတ် ဗမာပြည် က လူတွေ (၁၀) ရာစု၊ (၁၁) ရာစု ဝန်းကျင် ပုဂံခေတ် က ရှေးမြန်မာကြီးတွေ လောက် အမြင်မကျယ်၊ နှလုံးသား မကြီး သရွေ့ လူမျိုးရေး၊ ဘာသာရေး အမုန်းတွေ၊ ပဋိပက္ခတွေ၊ ပြည်တွင်း စစ်ပွဲ၊ ရန်ပွဲတွေ ရှည်နေဦးမှာပဲ ဖြစ်ကြောင်း အားနာနာနဲ့၊ ဝမ်းနည်းစွာနဲ့ ဆိုလိုက်ပါရစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ငြိမ်းချမ်းအေး

2 Responses to ငြိမ်းချမ်းအေး – ကိုးကွယ်ယုံကြည်မှု ဆိုတာ

  1. catwoman on March 24, 2014 at 8:41 pm

    it s tricky subject. Buddha respected all beliefs and he asked us to believe in him after making all kinds of assessment. it s never about blind faith. When we meditate it s like doing a scientific experiment. things are always arising and falling/changing and you can see impermanence and non self or lack of self.
    there is a way to learn and try the Dhamma. the goal is to get rid of all mental defilements.
    now let s ask the Q. Can we get rid of all greed, hatred and delusions JUST by praying to someone. You can see that you have to study to take a test and you cant just pray and pass the test. that is obvious.
    There re many beliefs and we have to respect them for sure . but we also have to spread the Dhamma for if people live by 8 fold noble paths and follow the 5 precepts , others are safe also b/c there will be no killing, stealing, adultery etc etc.
    make sense right? we should respect and have loving kindness for all living beings but must also know the Dhamma and teach the Dhamma when we can.

  2. Thet Moe on March 28, 2014 at 4:37 pm

    I agree with Ko Nyein chan
    I have already read other articles and I really like it and appreciate it.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်