ဖိုးထက် – ကိုမောင်စိုး ဘယ်လိုအိပ်မလဲ

March 26, 2014

ကိုမောင်စိုး ဘယ်လိုအိပ်မလဲ
ဖိုးထက်
မတ်လ ၂၆၊ ၂၀၁၄
photo@AungHtet

ကိုမောင်စိုး က သူ့ကိုယ်သူ “ကျုပ်က ဆရာဝန် အထူးကု နှစ်ယောက်ရဲ့ မောင်အရင်းခေါက်ခေါက်ကြီးပါဗျ” လို့ ပြောရင် အတွင်းသိများကလွဲပြီး မယုံကြ။ သူနဲ့ အပေါ်ယံလောက် ပေါင်းသော မိတ်ဆွေများကတော့ သူ့ကို ကွယ်ရာမှာ “အလကား သက်သက် ကြွားစရာမရှိ ရှာပြီး ကြွားတဲ့ လူ ဘဲ” ဟု ပြောတတ်သေးသည်။ ပြောသူတွေ မလွန်။ ကိုမောင်စိုးကလဲ လွန်သည်။ ဆရာဝန်မောင်ဆိုပေမယ့် ပါရာစီတမောတောင် မီလီဂရမ်နဲ့ ဆေးပြင်းအားကို ပြောပြီဆိုလျှင် မသိတော့။ေ၀၀ါးကုန်ပြီ။

“ဆရာဝန်ရဲ့ မောင်ဖြစ်တိုင်း ကျုပ်က ဆရာဝန်တွေလို ဆေးတွေ၊ ရောဂါတွေကို ခွဲခြမ်းစိပ်ဖြာ သိရမှာလားဗျ…မှတ်တောင် ထားရအုံးမယ်” ဟု သူက ပြန်ပက်တတ်သည်။ ဒါပေမယ့် သူ့မှာ ကျန်းမာရေးနဲ့ ပါတ်သက်ရင် ကောင်းကွက်လေး တစ်ခုတော့ ရှိသည်။ သူ့ ကိုယ်ခန္ဓာကိုယ် သူ ဂရု အလွန်စိုက်ခြင်းဖြစ်သည်။ ဂရုစိုက်ပုံကလဲ နေမကောင်း တစ်ခုခု ဖြစ်တာနဲ့ သူ့ အမတွေဆီကို ဖုန်းဆက်မေးတော့သည်။ ငါ့..ဘယ်က ဘယ်လို..ဒီက ဘယ်ညာ စသည်ဖြင့် ဖုံးထဲကနေ စုံစိနေအောင် မေးသည်။ ရေခြားမြေခြားရောက်နေသော မောင်ကို အမဆရာဝန် အထူးကု နှစ်ယောက်က ပူကြပေမယ့် အဆုံးသတ် အဖြေကတော့ “ပေါ့မနေနဲ့ ဆေးရုံသွားပြ။ ပိုက်ဆံ တွက်မနေနဲ့။ နေမကောင်းရင် နင့်ကို ဘယ်သူမှ ကြည့်နိုင်မှာ မဟုတ်ဘူး” ဆိုတာနဲ့ အဆုံးသတ်သည်။

တစ်ခါက အမနှစ်ယောက်နှင့် ဖုန်း consultant လုပ်တာနဲ့တင် မပြီး ပြတ်တာ ရှိခဲ့ဘူးသည်။ မှတ်မှတ်ရရ..မရိုသေစကား။ နားနဲ့ မနာ ဖ၀ါးနဲ့နာပါလို့ ပြောရမှာဘဲ။ ကိုမောင်စိုး အိမ်သာတက်တိုင်း သွေးစပါခြင်း ဖြစ်သည်။ အစပထမတော့ သူ ၀မ်းချုပ်လို့ နေမှာပါလေ ဆိုပြီး သူ့ဝမ်းမှန်အောင် ဂရုစိုက်သည်။ သင်္ဘောသီး တစ်လုံးလုံး တစ်ထိုင်တည်း စားပြစ်သည်။ နွားနို့ နှစ်ခွက် မော့သည်။ နောက်ရက် မနက် အလုပ်တောင် မသွားနိုင်ဘဲ ၀မ်းတွေသွားသည်။ သို့သော် သွေးစ၊ သွေးနတွေက ပါဆဲ ပါမြဲ။ ပိုတောင် ဆိုးလာတယ်လို့ ထင်ရသည်။ ဓာတ်ဆားရည်တွေသောက်ပြီး သူ့ဝမ်း ပုံမှန် ပြန်ဖြစ်သွားပေမယ့် သူ့ဝမ်းမှာ သွေးစလေးတွေ ပါဆဲ။ ကိုမောင်စိုး သူ့အမတွေဆီကို ရေးကြီးသုတ်ပြာ ဖုန်းခေါ်တော့သည်။

သူ့ အမတွေက မေးခွန်းတွေစုံစိနေအောင်မေးသည်။ ၀မ်းမှန်လား။ လိပ်ခေါင်းလား။ လိပ်ခေါင်း မဟုတ်ကြောင်းကိုတော့ ကိုမောင်စိုးက “ဟ..ငါသိပါတယ်ဟ။ လိပ်ခေါင်းမဟုတ်ဘူး” လို့ ပိတ်ပြောလိုက်သည်။ ဒါဆို ဘာဖြစ်သေးလဲ။ “ဖြေးဖြေး စဉ်းစားပြီး ပြောစမ်းဆိုတော့” မှ သူဖြစ်ပျက်နေတာတွေ အတော်များနေပြီဘဲ။ အဆိုးဆုံးက သူ့ဗိုက်ထဲက အူတွေက အလိပ်လိုက် အလိပ်လိုက် အထက်ကို တက်တာလိုလို၊ အောက်ကိုဘဲ ခေါက်ဆင်းသွားတာလိုလို၊ အစာအိမ်ထဲကဘဲ လှုပ်တာလိုလိုနဲ့ ဘာမှန်းမသိဘဲ သူ့ဝမ်းထဲက လှုပ်နေတတ်တယ်လို့ ပြောမိလိုက်သည်။

“ဟဲ့…နေအုံး..နေအုံး..သေချာတယ်နော်။ အဲဒီလို ဖြစ်ဖြစ်နေတာ ဘယ်လောက်ကြာနေပြီလဲ” လို့မေးပြန်တော့ “အတော်ကြာပြီဟ” လို့ မရေမရာ ဖြေသည်။ တစ်ဖက်က အမနှစ်ယောက်ကတော့ “ဒါဆို လောလောဆယ် ၀မ်းမှန်အောင် ဂရုစိုက်။ ဗိုက်တော့ မနာဘူးမို့လား။ အရေးရယ် အကြောင်းရယ် အရမ်းနာလာရင် ဆေးရုံသာ သွား။ ငါတို့ နှစ်ယောက် တိုင်ပင်ပြီး နင့်ကို အီးမေးလ်ပြန်ပို့မယ်” ဆိုကာ သူတို့ ဆရာကြီးတွေဆီ မေးစမ်းသည်။ စာတွေ ပြန်ဖတ်သည်။

သူတို့ မောင်တော်မောင် ပြောပုံအရဆိုရင် အူမကြီး ကင်ဆာများလား။ ဒီကောင်က အစားအသောက် အချိန်မမှန်၊ တွေ့ကရာစားတာနဲ့များ အစာအိမ်ထဲမှာ အနာပေါက်နေသလား။ ဒါမှ မဟုတ် အစာဟောင်းစွန့်တဲ့ လမ်းမှာ ကင်ဆာကြိတ်လိုမျိုး ဖြစ်ချင်တာလား…လားပေါင်းများစွာဖြင့် အဝေးကနေ ဘယ်လိုမှ အဖြေထုတ်မရခဲ့။ “ကိုင်း..နင်ခွင့်သာ ယူပြီး ပြန်လာခဲ့တော့။ ဒီမှာ သေချာ စမ်းသပ်ရအောင်။ နင်လဲ အဲဒီမှာ ဘာမှ သိတာ မဟုတ်ဘူး။ နောက်မကျခင် ကုကြရအောင်” ဆိုပြီး သူ့ကို ပြန်ခေါ်သည်။

မြန်မာနိုင်ငံရောက်တော့ သူတို့မျက်နှာနဲ့ ဆရာဝန် အထူးကုကြီးတွေ၊ ပရောဖက်ဆာကြီးတွေကိုဘဲ ဘယ်ဆရာကြီးနဲ့ ဆိုရင် ပိုအဆင်ပြေမယ်။ ဘယ်သူက ဘယ်ဟာ စမ်းသပ်တာ ပိုကောင်းတယ်ဟု စီစဉ်ကာ အာထရာဆောင်း ရိုက်သည်။ အစာဟောင်းစွန့်လမ်းကြောင်းထဲကို မှန်ဘီလူးဖြင့် ကြည့်သည်။ သူ့အမ အလတ် သူငယ်ချင်း အစာအိမ် အထူးကုနဲ့ ပြတော့ ဆရာက သူငယ်ချင်း မောင်ဆိုတော့ သေသေချာချာ စမ်းသပ်ပေးသည်။

စမ်းသပ် ခန်းထဲမှာ အမသူငယ်ချင်း ဆရာဝန်ရယ်။ သူရယ်။ ပြီးတော့ ဆရာ့ လက်ထောက် ကိုမောင်စိုးထက် ငယ်ပုံရသည့် ဆရာဝန် အကူလေး တစ်ယောက်ရယ်ဘဲ ချန်ခဲ့သည်။ သူ့အမတွေကိုပင် ဆရာက အပြင်ထွက်ခိုင်းသည်။ သူ့ကို ဆရာက ဘာဖြစ်သလဲ။ သွေးပါတာ ကြာပြီလား။ ဗိုက်ထဲက နာသလား။ ၀မ်းသွားရတာ ခက်သလား။ အချိန်မှန်လား။ စုံစိနေအောင် မေးသည်။ နောက်ပြီး …ကန်တော့ပါရဲ့..သူ့ အစာဟောင်း စွန့်သော အပေါက်ထဲကို လက်အိတ်စွပ်ပြီး အားရပါးရ နှိုက်ခြင်း ဖြစ်သည်။ လက်က စမ်းသပ်ရင်း ပါးစပ်ကလဲ သူ့တပည့် လက်ထောက်ဆရာဝန်လေးကို “တွေ့လား..နိုင်ငံခြားမှာ အနေလဲကြာ၊ ပညာတတ်လဲ ဖြစ်လို့ ဆရာ စမ်းသပ်လို့ အဆင်ပြေအောင် နေပေးတာ။ မင်းတွေ့ပါလိမ့်မယ်..နယ်ဘက်က လူတွေဆိုရင် စမ်းရတာ သိပ်စိတ်ညစ်စရာဘဲကွ။ ဒါပေမယ့် စိတ်ရှည်ရမှာပေါ့ကွာ။” ဟု သင်ပေးနေသည်။ တကယ်တော့ ကိုမောင်စိုးကို မြှောက်တာလိုလို၊ သူ့တပည့်ကိုဘဲ သင်တာလိုလိုနဲ့ အားရပါးရ မွှေနှောက်စမ်းသပ် ခြင်းသာ ဖြစ်သည်။

ဆရာက သူအားရတော့ အပြင်ထွက်သွားသည်။ သူ့အမတွေနဲ့ တိုးတိုး တိုးတိုး ပြောနေတာ ကြားရသည်။ ပြီးတော့ ပြန်ဝင်လာသည်။ နောက်ပြီး သူ့ကို ရှင်းပြသည်။ “ခင်ဗျား စအို အ၀မှာ အနာလေး တွေ့တယ်ဗျ။ အိမ်သာတက်ပြီး သန့်စင်တဲ့ နေရာမှာလဲ စက္ကူသုံးပုံရတယ်။ ဖြစ်နိုင်ရင် နှစ်လလောက် ရေပြောင်းသုံးဗျာ။ စက္ကူနဲ့ ဆိုတော့ အနာဖေးလေး တက်လိုက်။ ပွတ်မိလိုက်။ သွေးထွက်လိုက် ဖြစ်နေပုံရတယ်။ အစာဟောင်း လမ်းကြောင်းမှာတော့ မင်္သကာစရာ အလုံး၊ ဘာညာ မတွေ့ဘူး။ စိတ်မပူပါနဲ့။ အားလဲ မနာနဲ့။ ခင်ဗျား အမနဲ့ ကျုပ်နဲ့က လုပ်ဖော်ကိုင်ဖက်တွေ။ ကိုင်း.. ကိုင်းရပြီနော်” လို့ စိတ်ရှည် လက်ရှည်ရှင်းပြ ပြန်လွှတ်လိုက်သည်။

အိမ်အပြန်လမ်း မောင်နှမတွေ ပြန်လာတော့ လမ်းမှာ ဘ္ဘက်ရည်ဝင်သောက်ကြသည်။ အမ နှစ်ယောက်ကသူ့ကို ဘယ် ညာ ပိတ်ထိုင်ပြီး “ဟဲ့ မေးအုံးမယ်။ စိတ်မဆိုးနဲ့နော်။ ဒေါသလဲ မထွက်နဲ့။ ငါတို့က ဆရာဝန်တွေဆိုတော့ ပွင့်ပွင့်လင်းလင်းပေါ့ဟယ်” လို့ စကားစသည်။ “ကိုင်း..မေးမှာသာ မေးစမ်းပါ။ ဘာဖြစ်လို့လဲ” လို့ ပြန်မေးတော့ “နင် လိင်တူ မဆက်ဆံပါဘူးနော်” တဲ့။ ကိုမောင်စိုး သောက်လက်စ လ္ဘက်ရည်တွေ ဖူးဆိုပြီး အကုန်ပြန်ထွက်သွားသည်။ သြော်…ဒါကြောင့် ဟိုဆရာနဲ့ ဒင်းတို့နဲ့ တိုးတိုး တိုးတိုး ဖြစ်နေတာကိုးလို့ ဆက်စပ်တွေးမိလိုက်သည်။ “ဟ..ငါခေတ်မှီတယ် ဆိုပေမယ့် အဲဒီဘက်မှာတော့ စိတ်က ပုံမှန်ပါဟာ။ နင်တို့မေးမှဘဲ ငါ့ကိုယ် ငါတောင် မသတီတော့ဘူး။ လိင်လဲ မတူဘူး။ လိင်လဲ မကွဲဘူး။ အိုကေ..” လို့ ပိတ်ပြောရသည်။

ဒါကိုဘဲ သူ့အမအကြီးက “အေးလေ..ငါတို့က မေးသင့်လို့ မေးရတာပါ။ မဟုတ်ပြီးရောပေါ့။ ဟုတ်တယ်ဆိုရင်လဲ အစွပ်သုံးပေါ့။ တူတူ ကွဲကွဲ အစွပ်သုံးတာ ပို Safe ဖြစ်တာပေါ့။ဟုတ်ဘူးလား မလတ်ရယ်” လို့ စစ်ကူခေါ် အထွန့်တက်နေလို့ “ကိုင်း ..တော်တော့ ပြန်မယ်” ဟု ထပြန်ခဲ့ရသည်။

နောက်တော့လဲ ကိုမောင်စိုး အဆင်ပြေသွားသည်။ ၀မ်းမှန်အောင် ဂရုစိုက်သည်။ စက္ကူနဲ့ အရမ်းကြီး အကြမ်းကြီး မသန့်စင်တော့။ ရေသုံးသည်။ အစာအချိန်မှန်စားသည်။ ဒီလိုနဲ့ အဲဒီအူလှုပ်သည်းလှုပ်၊ ၀မ်းတွင်း သွေးပါ ကိစ္စ ပြတ်သွားသည်။ ဒါက ကိုမောင်စိုး ကျန်းမာရေးမှာ ဆေးရုံ ဆေးခန်း ကြီးကြီးမားမား စမ်းသပ် ကုသလိုက်ရခြင်းသာ။

အရင်ကတော့ ကိုမောင်စိုး ဆိုတာ မိသားစုထဲမှာ ဒေါင်ဒေါင်မြည်။ ဖျားတာ နာတာ မရှိသလောက်။ သူငယ်ငယ်ကဆိုရင် ကျောင်းပိတ်ရက်တွေမှာ မနက်မိုးလင်းကနေ ညနေ ဘောလုံး မမြင်ရတော့သည် အထိ ဘောလုံးကန်သည်။ ချွေးတွေ တလုံးလုံးနဲ့ ရေလဲ ချိုးတာဘဲ။ တစ်ခါမှ မဖျား။ အိမ်နဲ့ ကျောင်း ခုနှစ်မိုင်လောက်ကို စက်ဘီး စီးပြီး ကျောင်းသွားသည်။ အိမ်ပြန်သည်။ ညနေ ဘောလုံး ကန်သေးသည်။ ညကျတော့ စာကြည့်စားပွဲ အပြီးမှာ ဂစ်တာလေး ဒေါင်ဒေါင် ဒင်ဒင်က ခေါက်သေးသည်။ အိပ်ရေးပျက်လို့ နုံးတာ၊ လူမလန်းတာ တစ်ခါမှ မဖြစ်။

ဆရာဦးအောင်သင်းရဲ့ စာပေဟောပြောပွဲကို သူနားထောင်ဘူးသည်။ “ကလေးတွေက ဖြစ်…ဖြစ်…ဖြစ်…ပျက် အဲဒီလို သွားတာကွ။ နည်းနည်း အသက်ကြီးလာတော့။ ဖြစ်…ဖြစ် …ပျက် ကွ။ ထပ်ပြီး အသက်ကြီးလာတော့ ဖြစ်….ပျက် ကွ။ အဲ..နောက်တော့ ဖြစ်…ပျက်…ပျက်…ပျက်..ပျက်..ပျက် ဆိုရင်တော့ ဂန့်တာဘဲ မောင်တို့ရေ” လို့ ပြောတာ ကြားဘူးသည်။

ဆရာကြီး ပြောသလိုသာ ဆိုရင် ကိုမောင်စိုးလဲ “ဖြစ်….ပျက်…ပျက်…” အဆင့်ရောက်နေသလား မသိတော့။ အရင်လို မဟုတ်တော့။ နည်းနည်းလောက် တစ်နေကုန် အလုပ် ရှုပ်တာနဲ့ ညနေမှာ လူက လုံးဝ ဒေါင်းနေပြီ။ ငယ်ငယ်က ဘယ်လောက် ပင်ပန်း ပင်ပန်း ခေါင်းချပြီး ရှစ်နာရီလောက် အိပ်လိုက်တာနဲ့ အဆင်ပြေသည်။

ခြေထောက်တွေက အဆိုးဆုံး။ အရင်က ဘောလုံး ကန်တာများ ညိုသကျဉ်းခြင်းတောင် ဆိုင်ပြီး ရိုက်ရဲလောက်အောင် ကိုမောင်စိုးက သတ္တိကောင်းသည်။ ဘာခြေသလုံး အကာမှ မပါဘဲ သံခွာ ဘောလုံး ကန်ဖိနပ်တွေနဲ့ ယှဉ်ပြီးကန်သည်။ အခုတော့ လမ်းလျှောက်များရင်ကိုဘဲ ညနေဆိုရင် သူ့ခြေထောက်တွေကို အပိုကြီးတွေလို့ကို မြင်ချင်လာသည်။ ကိုက်…ခဲ..ညောင်း…ညာ။

အဆိုးဆုံးက ကိုမောင်စိုး အရင်လို လွယ်လွယ်နဲ့ အိပ်မပျော်တတ်တော့ခြင်း။ ဒါတော့ သူ့အမေ၀ဋ်လည်တာလဲ ဖြစ်နိုင်သည်။ သူငယ်ငယ်တုံး သူ့အမေက “ငါ့ဟယ်..ည..ည အိပ်လို့ မပျော်ဘူး” လို့ ပြောရင် ကိုမောင်စိုးက ပျက်ရယ် အပြုဆုံး။ “အိပ်တာဘဲဗျာ။ ခေါင်းချ အိပ်ပေါ့။ ပင်ပန်း အိပ်ပေါ့။” လို့ စောဒက တက်တတ်သည်။ သူ့အမေကတော့ “အေးပါ..အခုတော့ ပြောထားပေါ့။ နင်အသက်ကြီးမှ သိမယ်” လို့ ပြန်ပြောသည်။ အခုတော့ အမေ့စကားတွေ မှန်နေပြီ။ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်အကြောင်း အရာမှ မတွေးပါဘဲ ကိုမောင်စိုး သူ့အိပ်ရာပေါ်မှာ တလူးလူး တလွန့်လွန့်။ ညဘက် ညဘက် မနက် တစ်နာရီ။ နှစ်နာရီ။ ဘယ်လိုမှ အိပ်မရ။ သူ့ရင်ထဲမှာ ပူပင်တာတွေရှိလားဆိုတော့လဲ သူက အပူ၊ အလောင်တွေနဲ့ ဝေးဝေးနေသောသူ။ သူ့ကို ပူလောင်မှု ပေးတယ်လို့ ထင်ရင်လဲ ဘယ်သူ့ကို မဆို သူ့ဘ၀ထဲက ဆွဲထုတ်ပြစ်ခဲ့သောသူ။ အားမနာတတ်သူ။

ဒီနေ့ညလဲ ကိုမောင်စိုး အိပ်မပျော်ပြန်။ ပြီးတော့ သူ့ ကိုယ်ခန္ဓာကြီး တစ်ခုလုံးလဲ အလုပ်ပင်ပန်းထားလို့ လား မသိ။ တစ်ကိုယ်လုံး ကိုက်ခဲနေသည်။ ခေါင်းကလဲ ကိုက်ချင်သလိုလို။ အိပ်မပျော်မယ့် အတူတူ သူ့ခေါင်းရင်းက တွေ့ရာ စာအုပ် တစ်အုပ်ကို ဆွဲလိုက်သည်။ ဘာစာအုပ်လဲ ကြည့်မနေတော့ဘဲ တွေ့ရာ စာမျက်နှာကို လှန်လိုက်တော့ နိမိတ်ကြီးလေးပါးကို ဘုရားလောင်း သိဒ္ဓိတ္ထမင်းသားက မြင်တော်မူသော အခန်း။ သူအို…သူနာ..သူသေ..ရဟန်း လေးယောက်ကို တွေ့တာနဲ့ လောကကြီးကို သတိပြု၊ ရဟန်းဘ၀ကို အားကျပြီး သံသရာ ထွက်လမ်းရှာရင်း သတ္တ၀ါတွေကိုလဲ ကယ်တင်ခဲ့သတဲ့။ ဟယ်…ဆိုပြီး လက်ထဲက စာအုပ်ကို ချထားလိုက်သည်။

မီးကိုမှိတ်ပြီး ကိုမောင်စိုး သူ့မျက်စိနှစ်လုံးကို အတင်းပိတ်သည်။ အိပ်တော့ အိပ်တော့ မနက် အလုပ်သွားရမယ်။ အလုပ်တွေ အများကြီး လုပ်စရာရှိတယ်လို့ စိတ်က လိုက်တွေးနေသည်။ မဖြစ်သေးပါဘူး..အလုပ်အကြောင်း လိုက်တွေးနေရင် အိပ်ပျော်မယ် မဟုတ်တော့ဘူး။  ထွက်လေ..၀င်လေ လေး ရှူမှဘဲ။ ဟောဗျာ..ခုမှ ဒူးတွေ ကိုက်လိုက်တာနော်။ အဲဒီကျောကနာနာနေတာလဲ သေရာပါမယ် ထင်တယ်။ ဟိုဘက် စောင်းအိပ်အုံးမှဆိုပြီး သူ့ ကိုယ်ခန္ဓာကြီးကို အစောင်းမှာ “ဟာ..ဒါက ငါစောင်းနိုင်သေးလို့။ နောင် ငါ ရောဂါတွေ ဖြစ်တာဘဲ ဖြစ်ဖြစ်၊ အသက်ကြီးလာလို့ဘဲ ဖြစ်ဖြစ် မစောင်းနိုင်တော့ရင် ဘယ်လိုလုပ်မလဲ။ အို..ရှုပ်တယ်..ဘယ်လိုမှ မလုပ်ဘူး။ အခု ဒီဘက်စောင်းတာ မကောင်းဘူး။ ဟိုဘက် ပြန်စောင်းမယ်” ဆိုပြီး ပြန်လှည့်ပြန်သည်။

“တောက်…ဒါလေး အိပ်ဖို့ကို ဒီလောက် ဒုက္ခများတာ။ ကိုင်း…နင်သေတော့ပါမယ်တဲ့။ နင် ဒီလို ဟိုဘက်လှည့်လို့ ရပါ့မလား။ ဒီဘက် ပြန်လှည့်ချင်လို့ကော ရပါ့မလား။ နင့် ကိုယ်ခန္ဓာကြီး နာနေတာကိုရော ဘယ်လို လုပ်မှာလဲ” လို့ အတွေးတွေ ဆက်ပြီး ကိုမောင်စိုး စိတ်တိုသွားသည်။ ကိုင်း..ဒီလောက်တောင် ရှိလှတယ်။ မအိပ်ဘူးကွာ။ ထတော့ ဘာဖြစ်လဲ ဆိုပြီး အခန်းအပြင်ဘက်ကို ဇောင့်ဇောင့် အောင့်အောင့်ဖြင့် ထထွက်သွာသည်။

သေချာတာက ဒီတစ်ညကို ကိုမောင်စိုး မအိပ်ဘဲ နေလိုက်လို့ ရပါလိမ့်မည်။ ဒါပေမယ့် သူလွန်ဆန်လို့ မရတဲ့ အိပ်စက်ခြင်းကို ဒီလို ထထွက်သွားလို့ မရဘူးဆိုတာ သိရင် ဒီလူ ဘယ်လို တုံ့ပြန်မလဲဆိုတာ သူ့အမတွေလဲ အကြံမပေးနိုင်၊ သူလဲ ဘာလုပ်မလဲဆိုတာ အခုအချိန်အထိ မသိသေး။ ဒီလူက သိဖို့တော့  စိတ်ဆန္ဒ ရှိဟန်တူပါသည်။ ဒါပေမယ့် “လူဆိုတာကလဲ ကွေးသောလက်မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်ဗျ”  လို့ ဖိုးရာဇာကြံစုပ်နည်း သူ့ကို သွားပြောရင် တွေ့ကရာနဲ့ လိုက်ထု လေမည်လား မသိ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

2 Responses to ဖိုးထက် – ကိုမောင်စိုး ဘယ်လိုအိပ်မလဲ

  1. Catwoman on March 27, 2014 at 6:01 am

    I can’t believe they didn’t do colonoscopy but I guess that s burma

  2. မင်းသိုက် on March 27, 2014 at 8:57 pm

    ကိုဖိုးထက် ရေးထားတာထဲမှာ အစာအိမ်ထဲ မှန်ပြောင်းကြည့်တယ်လို့ ပါတယ်ဆိုတော့ ကိုလိုနိုစကုပ်ကြည့်တာကို ပြောတာ နေမှာပါဗျ ။ ဒီမှန်ပြောင်းကြည့်တာလဲ ရန်ကုန်မှာဘဲ ရှိတယ်လို့ ကြားဘူးတယ်။ မန္တလေးမှာ အခု ရှိ၊ မရှိတော့ မသိဘူးဗျ ။
    ကိုဖိုးထက် စာတွေ အရင်က သိပ်မဖတ်ဖြစ်ဘဲ ကျော်ကျော်သွားဖြစ်တယ်။ အခုတော့ ဖတ်ရင်း ဖတ်ရင်း ခင်ဗျား စာတွေက တစ်ခုခုအမြဲပေးလို့ စောင့်ဖတ်ဖြစ်တယ်။ ကိုဖိုးထက် စင်္ကာပူမှာ ရှိရင် ကျွန်တော့်ကို ဆက်သွယ်ပါအုံး။ အပြင်မှာ တွေ့ချင်ပါတယ်။ ကျွန်တော့် e.mail လိပ်စာက minthike1980@gmail.com ပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်