အရှင်ဥာဏိကာဘိဝံသ (မုဒိတာရွှေကျောင်း) – ရှည်ကြာခြင်းနှင့် ရှင်သန်ခြင်း

March 28, 2014

ရှည်ကြာခြင်းနှင့် ရှင်သန်ခြင်း

အရှင်ဥာဏိကာဘိဝံသ (မုဒိတာရွှေကျောင်း)
မတ်လ ၂၈၊ ၂၀၁၄

Photo @ Aung Htet

ဝိနယေ ဌိတေ သာသနံ ဌိတံ
ရဟန်းတော်တွေမှာ ရဟန်းကျင့်ဝတ်၊ လူသားတွေသန္တာန်မှာ လူသားကျင့်ဝတ်တွေရှိနေသေးလျင်ဖြင့် အဆုံးအမသာသနာဟာ တည်နေဆဲ ပါပဲ။ တစ်နည်းပြောရလျင်တော့ သာသနာဟာ အသက်ရှင်သန်နေဆဲပါပဲ။ ဆိုင်ရာဆိုင်ရာ ကျင့်ဝတ်တရားတွေ ကင်းမဲ့သွားလျင်ဖြင့် အဆုံး အမတရားတွေ ပျောက်ကွယ်သွားပြီ။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်လေအောင် လမ်းညွှန်ထားတဲ့ လမ်းညွှန်ချက်တွေ ပျောက်ကွယ်သွားပြီ။ ကြီးနိုင်ငယ်ညှင်း တောတွင်းသတ္တ၀ါဗီဇတွေ အားကောင်းလာပြီလို့ဆိုရမှာပါ။ ယဉ်ကျေးမှုဆိုတဲ့ လူသားတစ်ဦးရဲ့ အသက်ဝိဥာဉ်ပျောက်ကွယ်သွားပြီမို့ ဘ၀ဟာ သေဆုံးသွားပြီလို့ ပြောရမှာပါ။ ရှင်သန်နေဆဲသစ်တစ်ပင်၊ ရှင်သန်နေဆဲ ဘ၀တစ်ခု။ ရှင်သန်ခြင်းဆိုတာ ကောင်းမွန်တဲ့အရာပဲ မဟုတ်လား။

အမေရိကကို ထွက်မလာမီလေးအချိန်။ ၁၉၉၉ ခု အစလောက်က ဖြစ်မယ်ထင်ပါတယ်။ ငါးကျမ်းပြန် ထားဝယ်ရိပ်သာကို ပထမအကြိမ် ရောက်ဖြစ်ခဲ့တယ်။ အဲဒီအချိန်က ဒေါက်တာဓမ္မပီယက အမေရိကကနေ မြန်မာပြည်ကို ခဏကြွလာခိုက်။ မြန်မာပြည်မှာ အားသန်ရာ သာသနာရေးနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကျောင်းမြေနေရာကို ရှာနေချိန်။ သူနဲ့အတူ နေရာတော်တော်များများလိုက်ပါရင်း ငါးကျမ်းပြန်ကျောင်းတည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်ထဲကို ရောက်ဖြစ်ခဲ့တယ်။ ငါးကျမ်း ပြန်ထားဝယ်ကျောင်းဆိုတဲ့နာမည်ကိုလည်း အဲဒီအခါမှသာ စကြားဖူးခဲ့တာ။

ကျောင်းဝင်းအတွင်းရောက်သွားချိန်က နေရောင်အတောက်ပဆုံးအချိန်။ နေ့လယ် ၂ နာရီ ၃ နာရီခန့်။ မြင်ရတဲ့မြင်ကွင်းက နေရောင် တောက်တောက်အောက်မှာ မွဲမွဲခြောက်ခြောက်။ အရောင်ကင်းမဲ့၊ လှုပ်ရှားခြင်း ကင်းမဲ့။ အသက်ဝိဥာဉ်မဲ့နေတဲ့ တစ်နေရာမျှ။ ကျောင်းအိုကျောင်းဟောင်း၊ ဇရပ်ပျက် ဇရပ်ဟောင်း။ ကားဟောင်းများနဲ့။ တကယ့်ကိုမှ ခြောက်သယောင်းနေတဲ့မြင်ကွင်း။ ပရိယတ္တိဆိုတဲ့ စာကျက်စာအံသံကိုလည်း မကြားရသလို ပဋိပတ္တိဆိုတဲ့ တရားကျင့်ကြံပွားများနေကြတဲ့ သွင်ဟန်ကိုလည်းမတွေ့မြင်ရ။ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းစံညွှန်းနဲ့ပြောရရင်ဖြင့် တကယ့်ကိုမှ အသက်ဝိဥာဉ်ကင်းမဲ့နေတဲ့ကျောင်းအို ကျောင်းဟောင်းတစ်ကျောင်းမျှသာ။

ငါးကျမ်းပြန်ဆရာတော်ကြီးအပါအ၀င် တောထွက်သံဃာတော်ကြီးလေးငါးပါးမျှ သီတင်းသုံးနေကြတယ်လို့ သိရတယ်။ မိသားစုဟန်ထင်ရတဲ့ လူအချို့ကိုလည်း ကျောင်းထဲမှာ တွေ့ခဲ့ရတယ်။ သန့်ရှင်းရေးလည်း မရှိ။ ပြုပြင်ရေးက နတ္တိ။ ခြံကျယ်ကျယ် သစ်ပင်အို အုပ်အုပ်ကလွဲပြီး ကျောင်းတစ်ကျောင်းရဲ့အသွင်အပြင်ကို ဘယ်နေရာမှာမှ ထင်ထင်ရှားရှား မတွေ့ရ။ ကျောင်းဝိုင်းရဲ့ တောင်ဖက်ခြမ်းမှာတော့မုံညင်း ချဉ်ပေါင်စတဲ့ ရာသီပင်လေးတွေ စိုက်ပျိုးထားတဲ့ စိုက်ကွင်းတစ်ခုကို အမှတ်ရနေမိတယ်။တကယ်တော့ အဲဒီအချိန်က ငါးကျမ်းပြန်ထားဝယ်ကျောင်းက ဘုန်းတော်ကြီးကျောင်းတကျောင်းအသွင်ထက် လယ်တောတစ်ခုပမာ။ အိမ်ထောင်စုအနည်းငယ်သာရှိတဲ့ ရွာဟောင်းတစ်ခုပမာ။၂၀၁၂ အမိမြန်မာပြည်ကို ပြန်ရောက်စဉ် ဒုတိယအကြိမ် ငါးကျမ်းပြန်ကို ရောက်ခဲ့တယ်။ ဒီတကြိမ်မှာတော့ ကျောင်းဝင်မုခ်ဦးကစလို့ မြင်ရတဲ့အသွင်အပြင်က ဟို အရင်တခါကနဲ့ ပြောင်းပြန်။ သစ်ပင်ပန်းမာလ်က စိမ်းစိမ်းစိုစို။ ကျောင်းအဆောက်အဦများက သစ်သစ်လွင်လွင်။ သပ်ရပ်သန့်ရှင်းခြင်း၊ခန့်ညားထယ်ဝါခြင်း၊ သက်ဝင်လှုပ်ရှားခြင်းတွေက ကျောင်းဝန်းတစ်ခုလုံးမှာ နေရာအနှံ့။ ဟိုတစ် ချိန်ကကျောင်းအိုဟောင်းတွေနေရာမှာ ကျောင်းဆောင်သစ်တွေ။ ဟိုစဉ်က ဖုံအလိမ်းလိမ်းထနေတဲ့ ကျောင်းတလင်းပြင်က ကွန်ကရစ်ရင်ပြင်။ ဟိုတစ်ချိန်က ဟိုနားတစ်ပင် ဒီနားတစ်စု သစ်စေ့ကျရာ ကြုံသလိုအလေ့ကျ ပေါက်ရောက်နေတဲ့ သစ်ပင်အိုတွေနေရာမှာ ပျိုမြစ်သန်မာတဲ့ သစ်ပင်ပန်းတွေက နေရာတကျ၊ စနစ်တကျ စီကာစဉ်ကာ စိုက်ပျိုးထားတဲ့ စားပင်၊ ပန်းပင်များနဲ့ အစီအရီ။ ညီညီညာညာ။သန့ှ်ရှင်းသပ်ရပ်ခြင်း၊ စိမ်းလန်းစိုပြည်ခြင်းနဲ့ သက်ဝင်လှုပ်ရှားခြင်းတွေ ယှက်ငင်ရောထွေးနေတဲ့နေရာ။ဘ၀ဆိုတာ အဓိပ္ဗါယ်ရှိစွာ ထာဝစဉ်ရှင်သန်နေဖို့လိုတယ်လေ။ တကယ်တော့ အသက်ရှူနေရုံမျှနဲ့ ရှင်သန်နေတာလို့ ပြောလို့မှ မရနိုင်တာ။

ကိုယ်ပြန်ရောက်သွားချိန်က နွေရာသီ ဗုဒ္ဓယဉ်ကျေးမှုသင်တန်း ကျင်းပနေချိန်။ ကျောင်းဝင်းထဲမှာသင်တန်းတက်ရောက်နေကြတဲ့ သင်တန်းသား သာမဏေတွေ၊ သိက္ခာရှင်(သီလရှင်)တွေ၊ အမြဲနေရဟန်းသာမဏေတွေ၊ ဝေယျာဝစ္စလုပ်အားဒါနပြုကြသူတွေ။ သင်တန်းကိုလာရောက်ပြီး ကုသိုလ်ဒါနပြုကြသူတွေနဲ့ စည်စည်ကားကား၊ မြိုင်မြိုင်ဆိုင်ဆိုင်။ သက်ဝင်လှုပ်ရှားနေဟန်က စိတ်ဓာတ်တက်ကြွ
စရာ။ ၀မ်းမြောက်အားကျစရာ။

ဟိုယခင်က ငြိမ်သက်နေတဲ့ ကျောင်းဝင်းက ခုတော့ တက်ကြွလှုပ်ရှားစွာ။ ဟိုယခင်က အိုဟောင်းဆွေးမြေ့နေတဲ့ မြင်ကွင်းများက ခုတော့ သစ်လွင်တောက်ပစွာ။ ဟိုယခင်က ညစ်ပေရှုပ်ပွနေတဲ့ ၀န်းကျင်ကခုတော့ သပ်ရပ်သန့်ရှင်းစွာ။ ဟိုယခင်က အသက်ဝိဥာဉ်ကင်းမဲ့နေတဲ့ ကျောင်းကြီးက ခုတော့ ရှင်သန်အသက်ဝင်စွာ။ သူ့အခန်း သူ့အကန့် သူ့နေရာ သူ့အပိုင်းနဲ့ အချိုးတကျ။အဓိပ္ဗါယ်မဲ့စွာ နှစ်ပေါင်းရှည်ကြာ နေရခြင်းထက် အဓိပ္ဗါယ်ပြည့်ဝစွာ ခဏတာမျှ အသက်ရှင်ရခြင်းကပိုမိုပြီး တန်ဖိုးရှိတယ်၊ မြင့်မြတ်ကောင်းမွန်တယ်လို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့တယ်။ ပြောရရင်ဖြင့် တန်ဖိုးမဲ့စွာ နှစ်ပေါင်းရှည်ကြာခြင်းထက် ရက်လနှစ် မကြာသော်ငြား တန်ဖိုးရှိစွာ ခဏတာမျှ အချိန်ကာလ
က ပိုပြီးကောင်းမွန်တာ အမှန်ပါပဲ။ အဲ တန်ဖိုးလည်းရှိမယ်၊ ရှင်သန်စွာနဲ့ နှစ်ပေါင်းရှည်ကြာစွာလည်းတည်တန့်နေမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ပိုမိုကောင်းမွန်တာပေါ့။

ငါးကျမ်းပြန်ထားဝယ်ကျောင်းတည်ထောင်ခဲ့တာ ခုဆို အနှစ်တစ်ရာပြည့်ပြီမို့ နှစ်တစ်ရာပြည့်ပွဲတော်ကိုကျင်းပတော့မယ်တဲ့။ ပြန်ပြောင်း စဉ်းစားကြည့်မိတော့ ဒေါက်တာဓမ္မပီယ ဒီငါးကျမ်းပြန်ကိုစတင်တာဝန်ယူခဲ့တာက ၁၉၉၉ ခုနှစ်ကဆိုတော့ ခုဆို ၁၅ နှစ်ခန့်မျှ။ ဒီ ၁၅ နှစ်ခန့်အတွင်းလောက်မှာပဲ ဒေါက်တာဓမ္မပီယဦးဆောင်တဲ့ တပည့်သံဃာတော်တွေ၊ ထောက်ပံ့အားပေးကြတဲ့ ဒကာဒကာမတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ပြောင်းလဲတိုးတက်လာတဲ့ ငါးကျမ်းပြန်ရဲ့ ပုံရိပ်က မယုံနိုင်လောက်စရာ။လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၅ နှစ်ကြာကာလနဲ့ နောက်ပိုင်း ၁၅ နှစ်သောကာလ၊ ဒီကာလနှစ်ခုကို အချိန်အရတိုင်းတာကြည့်ရင် မနှိုင်းသာအောင် ကွာခြားပါတယ်။ သို့ပေမယ့် နောက်ပိုင်း ၁၅ နှစ်ဆိုတဲ့ တိုတောင်းတဲ့ကာလအတွင်းက ရှင်သန်စွာဖြတ်သန်းခဲ့တဲ့ အချိန်ပိုင်း။ အဓိပ္ဗါယ်အပြည့်အ၀၊ အနှစ်သာရရှိစွာ ကုန်ဆုံးသွားခဲ့တဲ့ အချိန်ပိုင်း။ အချိန်တွေရဲ့ ကုန်ဆုံးချိန်တန်ဖိုးလည်း ကွာခြားပါတယ်။ ငါးကျမ်းပြန်ထားဝယ်ကျောင်းဆိုတဲ့အမည်နေရာမှာ ငါးကျမ်းပြန်ထားဝယ် သာသနာ့ရိပ်သာဆိုပြီး အမည်ကင်ပွန်း ပြောင်းလဲထိုးလာတယ်။ ပြောင်းလဲခဲ့တဲ့အမည်နဲ့အတူ အနှစ် သာရပါပြောင်းလာတာက ကောင်းမွန်တဲ့လက္ခဏာ။

နှစ်ပေါင်းတစ်ရာဆိုတာကတော့ လူ့သက်တမ်းနဲ့ နှိုင်းစာရင် ကြာတယ်လို့ ပြောလို့ရနိုင်ပြီ။ သို့ပေမယ့်၁၅ နှစ်ဆိုတဲ့ ဒီကာလကတော့ ကြာတယ်ဆို ကြာတယ်ပြောလို့ ရသလို မကြာသေးဘူးလို့ ဆိုမယ်ဆိုလည်း ဆိုနိုင်သေးတဲ့အနေအထား။ စာရေးသူကတော့ ၁၅ နှစ်ဆိုတဲ့ အချိန်ကာလကို အားကောင်းမောင်းသန် လူသားတစ်ယောက်ဖြစ်လာဖို့ ပြုစုနေရတဲ့အချိန်အပိုင်းအခြားလို့ပဲ မြင်ပါတယ်။ ဒါကြောင့်ရှေ့ပိုင်း ၈၅ နှစ်ကြာ ကာလကို ခဏမေ့ထားပြီး တကယ် ရှင်သန်းနေတဲ့အချိန်ကာလမျှကိုသာ ယူပြီး ငါးကျမ်းပြန်ထားဝယ်သာသနာ့ရိပ်သာရဲ့ နောက်ပိုင်း ၁၅ နှစ်တာ ကာလကိုလည်း အားကောင်းမောင်းသန် တကယ်အောင်မြင်တဲ့ ကျောင်းတစ်ကျောင်းဖြစ်လာစေဖို့ ပြုစုပျိုးထောင်နေရသေးတဲ့ အချိန်လို့ပဲယူဆပါတယ်။နောင်တချိန်မှာတော့ အားကောင်းမောင်းသန်တဲ့ ငါးကျမ်းပြန်သာသနာ့ရိပ်သာ ဒီနေရာဌာနကနေသာသနာအတွက်၊ ဘာသာလူမျိုးအတွက်၊ တိုင်းပြည်နိုင်ငံအတွက်၊ လူသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံးအတွက် ကောင်းကျိုးဆောင်နိုင်မယ့် ပုဂ္ဂိုလ်ထူးတွေ ပေါ်ပေါက်လာပေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ခုလို (Centennial Celebration) နှစ်တစ်ရာပွဲတော်ကျင်းပနိုင်ခြင်းကနေ (Millennium Celebrations) နှစ်အထောင်ပွဲတော်များကျင်းပခွင့်ရသည့်တိုင် ရှင်သန်စွာနဲ့ ရှည်ရှည်ကြာကြာ
တည်တန့်ပါစေကြောင်းကိုလည်း ဆုတောင်းဆန္ဒပြုပါတယ်။ ။

(ငါးကျမ်းပြန်ထားဝယ် သာသနာ့ရိပ်သာ နှစ်တရာပြည့် စာစောင်အတွက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်