ဒေါက်တာဓမ္မပိယ (ITBMU) – မြန်မာ့ရိုးရာ အတာသင်္ကြန်နှင့် သရုပ်ပျက်ယဉ်ကျေးမှု

April 6, 2014

မြန်မာ့ရိုးရာ အတာသင်္ကြန်နှင့် သရုပ်ပျက်ယဉ်ကျေးမှု
ဒေါက်တာဓမ္မပိယ (ITBMU)
ဧပြီ ၆၊ ၂၀၁၄

သင်္ကြန်ပွဲတော်ရက်နီးလာပြီဆိုတော့ သင်္ကြန်သီချင်းသံတွေ မကြာခဏဆိုသလို ကြားလာရပြီ။ မြူးကြွတဲ့ တေးသံတွေ၊ သင်းပျံ့တဲ့ ပန်းပိ တောက်တွေ၊ အေးမြတဲ့ သင်္ကြန်ရေတွေကြောင့် သင်္ကြန်၏ပုံရိပ်သည် မြန်မာတို့၏နှလုံးသား၌ နေရာယူထားနိုင်၏။ မြန်မာ့ယဉ်ကျေးမှုပွဲတော်တွေထဲတွင် သင်္ကြန်ရိုးရာပွဲသည် အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်သလို အထင်ရှားဆုံးပွဲတော်တစ်ခုလည်း ဖြစ်နေခြင်းပါ။ ငယ်စဉ် ဘ၀က လူတိုင်းနီးပါး သင်္ကြန်ရေပက်ကစားဖူးခဲ့တာကြောင့် သင်္ကြန်ရောက်လာလျှင် ငယ်ဘ၀လေးများကို သတိတရရှိနေကြရင်း ပိ တောက်တွေ ဖူးမဲ့ရက်ကို မျှော်လင့်နေကြသူတွေကလည်း ဒုနှင့်ဒေးပါ။ သင်းပျံ့တဲ့ပိတောက်တွေ မကြာခင်မှာပဲ အလည်ရောက်လာကြ တော့မယ် … ။

သင်္ကြန်ပွဲနှင့်အတာရေ၊ သင်္ကြန်ရေနှင့် ပိတောက်ဖူး၊ မြူးကြွတဲ့တေးသံသာ၊ ပျုငှာယဉ်ကျးတဲ့ သူတို့ရဲ့ကဟန်တွေ အတာသင်္ကြန်မှာ ဆုံ ဆည်းကြပြန်တော့မယ်။ ခြုံငုံကြည့်တော့ သင်္ကြန်ပွဲတော်ဟာ တော်ဝင်ပြီး၊ ထီးမူနန်းဟန်ဆန်တဲ့ပွဲဖြစ်လို့ ကြိုဆိုမိခြင်းပါ။ တော်ဝင်တဲ့ ပိ တောက်ပန်းတွေဟာ သင်္ကြန်ရာသီမှာ ပွင့်တတ်ပြီး၊ ပိတောက်ကို မချစ်တတ်သူရယ်လို့ ရှိမှမရှိနိုင်တာ။ နောက်ပြီး ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ အလွှာပေါင်းစုံ ပါဝင်ဆင်နွဲတဲ့ ပွဲဖြစ်လို့ သင်္ကြန်ပွဲကို မြတ်နိုးမိခြင်းပါ။

မြန်မာတို့အတွက် သင်္ကြနတော်ပွဲဟာ အသွင်ထူးခြားလှတာကြောင့် သင်္ကြန်ရဲ့အဓိပ္ပါယ်နှင့် သမိုင်း ကြောင်းကို လေ့လာကြည့်မိတယ်။  ပါဠိဘာသာအားဖြင့် သင်္ကန္တ၊ သက္ကဋဘာသာအားဖြင့် “သင်္ကြန္တ”  မှ ဆင်းသက်လာတဲ့ ပါဠိသက်ဝေါဟာရဖြစ်တဲ့ “သင်္ကြန်” ရယ်လို့ မြန်မာ ဝေါဟာရတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ အဓိပ္ပါယ်က “ကူးပြောင်းခြင်း၊  ပြောင်းလဲခြင်း၊ နှစ်ဟောင်းမှ နှစ်သစ်သို့ရောက်ရှိခြင်း” ဆိုတဲ့ အဓိပ္ပါယ် ပါ။

သင်္ကြန်ပွဲတော်ဟာ မြန်မာလူမျိုးတို့ရဲ့ (၁၂) လ ရာသီပွဲတော် တစ်ခုဖြစ်ပြီး၊ တန်ခူးလမှာ ဆင်ယင်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်တယ်။ ရည်ရွယ်ချက်က – ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရန် အရွယ်စုံ ပါဝင်ဆင်နွှဲ နိုင်တဲ့ပွဲမျိုးဖြစ်အောင် ဘက်ပေါင်းစုံမှ ဆောင်ရွက်ထားခြင်းဖြစ်တယ်။ အချင်းချင်း အပြန်အလှန် ယဉ်ကျေးစွာ ရေပက်ကစားခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုများ တိုးပွားခြင်း၊ ဂုဏ်တံတိုင်း၊ ပကာသနတံတိုင်းများကို ဖယ်ရှားလျှက် သင်္ကြန်ပွဲတော်ကို လူတိုင်းပါဝင်နိုင်အောင် ပြုလုပ်ထားခြင်းမျိုးလည်းဖြစ်တယ်။  မြန်မာနိုင်ငံရောက် နိုင်ငံခြားသားများသည် ပင် သင်္ကြန်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲလာတာကြောင့် ထူးခြားတဲ့ ရာသီပွဲတော်ဟုလည်း ဆိုနိုင်တယ်။ သင်္ကြန်မှာ အပြန်အလှန် ရေပက် ဖျန်းတဲ့ဓလေ့သည် မဟာအတာသင်္ကြန်ပွဲတော်ရဲ့ပုံရိပ်ကို သင်္ကြန်ပွဲကို ပါဝင်ဆင်နွှဲတိုင်းရဲ့ စိတ်အစဉ်ကို ထာဝရညှို့ယူထားနိုင်တဲ့ စွမ်းအား တွေလည်း ပါဝင်နေတာကို တွေ့ရတယ်။ ထိုကြောင့် ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ပြီး ကျင်းပတဲ့ပွဲမျိုးဖြစ်လို့ သင်္ကြန်ရေကို ယဉ်ယဉ်ကျေးကျေး ကစားကြဖို့တော့ လိုမယ်ထင်ကြောင်း အထူးပြောနေစရာပင် လိုမည်မထင်ပါ။

သင်္ကြန်မှာ ပို၍ထူးခြားနေတာက မြန်မာလူမျိုးများသည် ထေရဝါဒဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့် အားလျော်စွာ သင်္ကြန်အခါရက်များအတွင်း စတုဒီသာကျွေးခြင်း၊ ဘုရားဆင်းတုများ၊ သက်တော်ဝါတော် ကြီးရင့်ကြသော ရဟန်းသံဃာတော်များအား ရေသတ်ပယ်ခြင်း၊ သက်ကြီး ရွယ်အိုများအား ရေချိုးပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ လက်သည်းခြေသည်းများ လှီးပေးခြင်း၊ ဥပုသ်သီတင်းစောင့်သုံးခြင်း၊ စုပေါင်း ရဟန်းခံ ရှင်ပြုပွဲများ၊ သိက္ခာရှင် (သီလရှင်) ၀တ်ပွဲများ ကျင်းပခြင်း၊ တရားရိပ်သာ ၀င်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာကို ပွားများခြင်းစတဲ့ မွန်မြတ် တဲ့ ကုသိုလ်ထူးများကို သင်္ကြန်ပွဲတော်တွင်းမှာ ထူးထူးခြားခြား ဆည်းပူးကြခြင်းပါ။ နိုင်ငံတော်မှ တရားဝင် ရက်ရှည်ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ပေးထားခြင်းကလည်း သင်္ကြန်ရဲ့ဂုဏ်ရောင်ကို ပို၍ထွန်းပြောင်စေခြင်းပါ။ ငယ်သူက ရေပက်၊ ကြီးသူက တရားဖက်တဲ့ ဒီယဉ် ကျေးမှုဟာ မြန်မာတို့အတွက် ထူးခြားတဲ့ယဉ်ကျေးမှုလို့ ဆိုနိုင်ခြင်းပါ။

သင်္ကြန်ပွဲတော်တွင်း၌ အချင်းချင်း အပြန်အလှန် ရေပက်ကစားခြင်း၏ အနှစ်သာရမှာ – နှစ်ဟောင်းမှ အညစ်အကြေးများ၊ မကောင်းတဲ့ သဘောကိုဆောင်နေသည့် နိမိတ်ဆိုးများ၊ စိတ်ဓာတ်များ၊ မကောင်းတဲ့ ကံများကို (အတာရေလို့ခေါ်တဲ့) သင်္ကြန်ရေစင်ဖြင့် ဆေးကြော ပေးနိုင်ရန် တစ်ဦးကိုတစ်ဦး ရေကြည်၊ ရေအေး နံ့သာရေမွှေးတို့ဖြင့် သပြေခက်ကို ရေဖလားမှာနှစ်လျှက် အချင်းချင်းပက်ဖျန်းပြီး၊ နှစ်ဦးအစ မှာ မင်္ဂလာယူစေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ရှေးမင်းများက များပြည်သူအများ ပါဝင်နိုင်တဲ့ ဒီသင်္ကြန်ပွဲတော်ကို ကျင်းပပေးခဲ့ တယ်လို့ သမိုင်းကြောင်းများအရ သိရခြင်းပါ။ ယဉ်ကျေးပျူငှာစွာ တိုင်းသား ပြည်သူတွေ အတူတကွ ပါဝင်ဆင်နွှဲပြီး ပျော်ရွှင်နိုင်ကြစေရန် ရှေးမင်း များအဆက်ဆက် ဆင်ယင်ကျင်းပပေးခဲတဲ့ ရိုးရာပွဲတော်တစ်ခုလို့ ဆိုနိုင်ခြင်းပါ။

သင်္ကြန်ပွဲတော်ကို ဘယ်ခေတ် ဘယ်အခါက စတင်ခဲ့တာဆိုတာကို သမိုင်းအထောက်အထားဖြင့် အတိအတိအကျ ဖေါ်ပြရန် ခက်ခဲသော် လည်း မြန်မာစာပေနှင့် သမိုင်းအထောက်အထားများအရ သင်္ကြန်ရေကစားမှုပွဲတော်ကို ပုဂံခေတ်နှောင်းပိုင်း၊ နရသီဟပတေ့မင်း (တရုတ် ပြေးမင်း) လက်ထက်၌ သင်္ကြန်ပွဲတော်ကို အထင်အရှား ကျင်းပနေပြီဖြစ်ကြောင်း၊ ရှင်ဘုရင်မှအစ ပြည်သူပြည်သားအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေခဲ့ကြကြောင်း သမိုင်းအစအနများကို တွေ့ရှိရခြင်းပါ။
သို့သော် သင်္ကြန်ပွဲတော်ကို နှောင်းခေတ်ကာလ၌ စည်းမဲ့ကမ်းမဲ့ဖြစ်လာကာ ရိုးရာယဉ်ကျေးမှုအစဉ် အလာများ တစ်စတစ်စ အားနည်း လာပြီး၊ မြန်မာတို့ရဲ့ တာသင်္ကြန်ရဲ့အနှစ်သာရသည် ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ရခြင်းပါ။ ထိုကြောင့် ကြည်လင်သောသင်္ကြန်ရေတို့သည် နောက်ကျုလာခဲ့ရပြီး၊ မွှေးထုံသော နံသာရေတို့သည်လည်း နွံ့နံ့တွေသင်းလာခြင်းပါ။ မလုံ့တလုံ၊ မပေါ်တပေါ် ၀တ်စားဆင်ယဉ်မှုများ၊ အသားကို ဖေါက်ထွင်းမြင်နိုင်တဲ့ အသားကပ် အ၀တ်အစားများကိုဝတ်ဆင်ပြီး သင်္ကြန်ပွဲကို နွှဲခဲ့ကြတာကြောင့် မြန်မာ့ယဉ်ကျေးမှုများ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရပြီး အနောက်တိုင်းယဉ်ကျေးမှုများ မြန်မာယဉ်ကျေးမှုထဲသို့ တဖြည်းဖြည်း ရောထွေးစိမ့်ဝင်လာခြင်းပါ။ ထိုကြောင့် ရိုးရာသင်္ကြန်နှင့် မြန်မာယဉ်ကျေးမှုကို ထိန်းသိမ်းထား လိုသူတို့အတွက် ရင်ထုမနာဖြစ်ခဲ့ရတဲ့ သင်္ကြန်နှစ်များပါ။

ရှုပ်ထွေးခြင်းသည် မသဲကွဲခြင်း၏အဓိပ္ပါယ်ကို ဖေါ်ဆောင်နိုင်ပြီး၊ (အဖြူအမဲ) မသဲကွဲခြင်းသည် ရှုပ်ထွေးခြင်း၏ အဓိပ္ပါယ်ကို ဖော်ဆောင် နိုင်တာဖြစ်လို့ ရိုးရာယဉ်ကျေးမှုနှင့် အနောက်တိုင်းယဉ်ကျေးမှု ဤနှစ်ခုတို့အကြား သဲကွဲစွာ သိထားနိုင်ကြဖို့ပါ။

လွတ်လပ်ခြင်းနှင့် လွတ်ထွက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် အပျော်လွန်ခြင်း၊ အေးမြခြင်းနှင့် ပူလောင်ခြင်းစတဲ့ တူမယောင်ယောင်နှင့် အသွင်ကွဲ နေတဲ့ ဤနှစ်မျိုးတို့၏ ခြားနားချက်ကို လူငယ်လူရွယ်များ သတိပြုစရာ အချက်တစ်ခုဖြစ်လာခြင်းပါ။ သင်္ကြန်အတွင်း၌ အပျော်လွန်လျှက် အရက်သေစာ သောက်စားခြင်း၊ မူးယစ်ခြင်း၊  ခိုက်ရန်မှုများ ဖြစ်ပွားခြင်းစသော ဤအမှုများ များပြားလာ၍ သင်္ကြန်ပွဲတော် ကာလအတွင်း သေဆုံးသူပေါင်း ရာချည်အထိ ရှိလာခြင်းပါ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ယဉ်ကျေးလှပါသည့်ဆိုတဲ့ မြန်မာတို့ရဲ့ တာသင်္ကြန် ရေသဘင်ပွဲ သည် နိုင်ငံခြားသားများအတွက် ပဟေဠိဆန်သော ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေခြင်းပါ။

ဖြစ်ပျက်ခဲ့သမျှကို သင်ခန်းစာယူတတ်လျှင် အကျိုးတရားများ ဖြစ်ထွန်းနိုင်သည် ဆိုတဲ့ ပညာရှိတို့ရဲ့ ဆိုထုံးအတိုင်း ယခုနှစ်တွင် ပြည်သူများရဲ့ အတာသင်္ကြန်ကို စနစ်တကျပျော်ရွှင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ သင်္ကြန်မဏ္ဍပ် များလိုက်နာရန် စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ခဲ့၍ ကြိုဆိုမိခြင်းပါ။ မဏ္ဍပ်ကြီးများတွင် လုံခြုံရေးဝန်ထမ်းများ (Security Service) ကို အနည်းဆုံး ၁၅ ဦးနှင့် မဏ္ဍပ်လတ်များတွင် အနည်းဆုံး ၁၀ ဦးကို ခန့်ထားရမည်ဖြစ်သည်။ လုံခြုံရေးဝန်ထမ်းများသည် ယူနီဖေါင်းများကို ၀တ်ဆင်ထားရမည်ဖြစ်ပြီး နေ့နေ့ ညည တာဝန်အပြည့်ကို ချထားပေးရမည်။

သင်္ကြန်မဏ္ဍပ်များတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ပုံဖေါ်ထားသည့် ပန်းချီ ဒီဇိုင်းများဖြင့်သာ မဏ္ဍပ်၏ နောက်ခံကားချပ် အပြင်အဆင်ကို ရေးဆွဲထားရမည်။ မြန်မာရိုးရာယဉ်ကျေးမှုနှင့် မအပ်စပ်သော အပြုအမူ၊ အပြောအဆို၊ ၀တ်စားဆင်ယင်မှု၊ ကခုန်သီဆိုမှုစသည့် သရုပ် ပျက်လုပ်ဆောင်မှုများအား လုံးဝ (လုံးဝ) မပြုလုပ်ရဟု စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ထားသည်။ မြန်မာရိုးရာယဉ်ကျေးမှုနှင့် ဆန့် ကျင်သော မဖွယ်မရာဆိုင်းဘုတ်များ ရေးသားခြင်း၊ သင်္ကြန်မဏ္ဍပ်များပေါ်တွင် အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး များကို ရောင်းချခြင်း၊ သုံးစွဲခြင်းများ သင်္ကြန်မဏ္ဍပ်များအပေါ်တွင် တုတ် ဓား လက်နက် ကိုင်ဆောင်ခွင့်များကို အထူးတားမြစ်ထားသည်ကို တွေ့ရှိရ၍ အံ့သြ၀မ်း သာနေမိခြင်းပါ။ ယဉ်ကျေးမှုကို ထိန်းသိမ်းပေလိုတဲ့ စေတနာကို လှိုက်လှဲစွာ ကြိုဆိုပါ၏။

ပိတောက်ပန်းဟာ သင်္ကြန်ရဲ့ဂုဏ်ရောင်ကို ထွန်းပြောင်အောင်ပြုပေးတာမို့ ပိတောက်ပန်းကို မနွမ်းစေချင်ရင် ကေသာမှာ ပန်ဆင်ထားဖို့ပါ။ သင်္ကြန်ရေကို မနောက်ကျူစေချင်ရင် သရုပ်ပျက်ယဉ်ကျေးမှု အရောင်တွေ၊ အနောက်တိုင်းယဉ်ကျေးမှုအရောင်တွေကို သင်္ကြန်ရေမှာ မထည့်မိ၊ မဆိုးမိကြဖို့ပါ။ တန်ဖိုးကြီးမားတဲ့ မြန်မာရိုးရာယဉ်ကျေးမှု အမွေနှစ်ဖြစ်တဲ့ အတာသင်္ကြန်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းထား လိုကြ တယ်ဆိုလျှင် စည်းကမ်းရှိရှိဖြင့် အတာသင်္ကြန်ကို ဆင်နွဲကြဖို့ပါ။ မြန်မာရိုးရာ အတာသင်္ကြန်ကို စည်းကမ်းရှိရှိ ပျော်ရွှင် ခြင်းဖြင့် မြန်မာရိုးရာ ယဉ်ကျေးမှုအမွေနှစ်ကို နှစ်စဉ်နှစ်တိုင်း ထိန်းသိမ်းစောင့်ရှောက်နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသတည်း။

ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ဒေါက်တာဓမ္မပီယ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)