ဖိုးထက် – ဗီဇာသက်တမ်းပြည့်သော တိုးရစ်စ်ဂိုက်

April 9, 2014

ဗီဇာသက်တမ်းပြည့်သော တိုးရစ်စ်ဂိုက်
ဖိုးထက်
ဧပြီ ၉၊ ၂၀၁၄

ကိုထွန်းမြင့်ဘ၀ကို သုညက စသည်ဟု ပြောလျှင် ရမည်။ သူ့ သုညက လှပ ၀ိုင်းစက်သော သုညတောင် မဟုတ်။ ပိန်လိန် တွန့်ရှုံ့သော သုည။ ကိုထွန်းမြင့် မိဘတွေက မြင်းခြံနယ်ဘက်က။ အဖေက တောင်သူ။ သူငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့သည်။ မုဆိုးမဖြစ်သူ အမေက မူလတန်းပြဆရာမက သားနှစ်ယောက်ကို ထောက်ပံ့ဖို့ အတော်ကြီး ကသီကလင်နိုင်ခဲ့သည်။ အမေ့ရဲ့ အထောက်အပံ့ကို ဆယ်တန်းအောင်မြင်သည်အထိသာ ရယူခဲ့သည်။ ဆယ်တန်းအောင်ပြီး နောက်မှာတော့ ကိုထွန်းမြင့်ဘ၀က ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်တာဝန် ကိုယ်ယူ ဖြတ်သန်းခဲ့ရသည်။

သူဆယ်တန်းအောင်တော့ မြင်းခြံနယ်ဘက် တွဲဘက် အထက်တန်းကျောင်းတစ်ခုက အောင်မြင်ခဲ့သည်။ ဘာဂုဏ်ထူး တစ်ခုမှမပါ။ အမှတ်ပေါင်းလဲ မများ။ သို့သော် အပြင်ကျူရှင်တစ်ခုမှ မယူဘဲ တောရွာတစ်ခုကနေ နှစ်ချင်းပေါက် ဆယ်တန်း အောင်မြင်သော သူ့ကို ရွာဦးဆရာတော်က အသိအမှတ်ပြု ချီးကျူးခဲ့သည်။ ပညာရေး ဆုံးခန်းတိုင်သွားမှာ စိုးခဲ့သည်။ သို့နှင့် သူ့ကို ဆရာတော်က သူ၏ ငယ်သူငယ်ချင်း ဘုရားကြီး အရှေ့မုဒ်ဘက်ရှိ ဘုန်းကြီးကျောင်းတစ်ခုတစ်ခု၏ ကျောင်းထိုင်ဆရာတော်ထံ ကိုယ်တိုင် ကိုယ်ကျ လိုက်လံ အပ်ပေးခဲ့သည်။ ကျောင်းအိပ် ကျောင်းစားနေခွင့်ပေးဖို့။ အနေအထိုင် သူတာဝန်ယူကြောင်း။ ဘုန်းကြီး ကျောင်းသား အဖြစ်လက်ခံဖို့ ပြောပြီး အပ်ပေးခဲ့သည်။

ဒီလိုနဲ့ ဘုန်းကြီးကျောင်းသား တက္ကသိုလ်ကျောင်းသား ကိုထွန်းမြင့် ဖြစ်လာခဲ့သည်။ အသားညိုညို။ ရိုးသား သိတတ်သော သူ့ကို ကျောင်းထိုင်ဘုန်းကြီးက ချစ်သည်။ ကြိုးစားဖို့။ ဘ၀ကို အရှုံးမပေးဖို့။ အချိန်ကို အလဟဿမဖြုန်းတီးဖို့ ဆုံးမသည်။ ကိုထွန်းမြင့်ကလဲ မိဘမစုံတာ။ မတတ်နိုင်တာ။ မပံ့ပိုးပေးနိုင်တာတွေကို အားငယ်မနေတော့။ ကြိုးစားသည်။ ခေတ်ကြီးကိုအပြစ်တင်နေဖို့ သူ့မှာ အချိန်မရှိ။ သူ့မှာ တစ်ခုဘဲ ရည်ရွယ်ချက်ရှိသည်။ အဲဒါက တိုးရစ်စ်ဂိုက်ဖြစ်ဖို့။

ကိုထွန်းမြင့် အရင် ဆယ်တန်းလောက်ထိ တိုးရစ်စ်ဂိုက်ဆိုတာ ဘာမှန်းမသိ။ နိုင်ငံခြားသား မပြောနှင့် မြို့ပေါ်က လူတွေ့ရင်တောင် မျက်နှာချင်းဆိုင် စကားပြောရဲတာ မဟုတ်။ သို့ပေသိ မန္တလေးရောက်။ ဘုရားကြီးနားမှာနေ။ မန္တလေး မဟာမြတ်မုနိ ဘုရားကြီးဘက်ဆီကို ညနေတိုင်း စာဖတ်ရင်း၊ ဘုရားဖူးရင်း လာရင်း တိုးရစ်စ်ဂိုက်တွေရဲ့ ဘ၀ကို အားကျလာသည်။ ကိုယ့်ပညာနဲ့ ကိုယ် ဂုဏ်ရှိသော အသက်မွေး ၀မ်းကျောင်းတစ်ခု။ ဘယ်သူ့ကိုမှ ကပ်ဖား ယပ်ဖား လုပ်စရာမလိုသော အသက်မွေးမှု။ မချမ်းသာသော်လည်း ထမင်း မငတ်မယ့် အလုပ် တစ်ခု။

သူတိုးရစ်စ်ဂိုက် လုပ်ချင်ပေမယ့် သူ့ကို ကူညီပေးမယ့်သူ ဘယ်သူမှ မရှိ။ အမျိုး အဆွေထဲမှာ တိုးရစ်စ်ဂိုက်မပြောနှင့် နိုင်ငံခြားသားကို လိုက်ပို့ဘူးသော ဆိုက္ကား သမားပင် မရှိ။ သို့သော် ဘ၀ကို စိတ်ပျက်အားငယ်နေလို့ ဘာဖြစ်လာမှာလဲ။ တစ်ခုခုဖြစ်ချင် တစ်ခုခု လုပ်မှ ရမှာပေါ့။ ဘာလုပ်ရမလဲ။ ကိုထွန်းမြင့် စဉ်းစားတော့ အရင်ဆုံး နိုင်ငံခြားသားကို ရှက်၊ ကြောက်နေသော စိတ်ကို ဖျောက်ရသည်။ ဂိုက်မပါဘဲ FIT (free independent traveler) လာသော နိုင်ငံခြားသားတွေကို ဇွတ်ရော အတင်းရော ၀င်ရော၊ ၀င်ပြောရသည်။

တစ်ချို့နိုင်ငံခြားသားတွေက မယုံမကြည်။ တစ်ချို့က သံသယ မျက်လုံးနှင့် ကြည့်သည်။ တစ်ချို့က လုံးဝ ခါးခါးသီးသီး အကပ်မခံ။ တစ်ချို့ကတော့ အပျင်းပြေ သဘောမျိုး လက်ခံ စကားပြောသည်။ တစ်ချို့ကတော့ လှိုက်လှိုက်လှဲလှဲ အကူအညီတောင်းသည်။ အဲဒီတုန်းက အင်္ဂလိပ်ဘာသာစကားကို ကိုထွန်းမြင့် အခုအချိန်ပြန်စဉ်းစားမိလျှင် တစ်ခါတစ်ရံ ရှက်တောင် ရှက်သည်။ သို့သော် အဲဒီလို အရှက်မရှိ ရူးသွပ်ခဲ့လို့လဲ အခုလို အောင်မြင်သော စီနီယာတိုးရစ်စ်ဂိုက်ကြီး တစ်ယောက်ဖြစ်လာတာဘဲ မဟုတ်လား။

တစ်ခါက ပြင်သစ်နိုင်ငံသား FIT စုံတွဲနှစ်ယောက်ကို ကိုထွန်းမြင့် လိုက်ပြီး ရောရင်း မန္တလေးကနေ ပုဂံအထိ စက်ဘီးနှင့် သွားမည်ဟု ဖြစ်သွားကြသည်။ သူ့ကို စက်ဘီးစီစဉ်ဖို့ ပိုက်ဆံ အနည်းငယ် ထုတ်ပေးသည်။ ကိုထွန်းမြင့် စက်ဘီးတွေ လိုက်ငှားသည်။ သူ့လို ဘုန်းကြီးကျောင်းသားကို ဘယ်သူကမှ စက်ဘီးကို ယုံယုံကြည်ကြည်မငှားချင်ကြ။ ဒါပေမယ့် နောက်ဆုံးတော့ ကိုထွန်းမြင့် ရိုးသားကြိုးစားတာကို ယုံကြည်သော စက်ဘီး အငှားဆိုင်ပိုင်ရှင်တစ်ယောက်က စဘော်ငွေ အနည်းငယ်ယူပြီး ငှားလိုက်သည်။ ခရီးစဉ်က သူရယ်၊ အဲဒီစုံတွဲ နှစ်ယောက်ရယ် မန္တလေးကနေ စက်ဘီး တစ်ယောက် တစ်စီးစီနဲ့ မနက်စောစောထွက်။ ပုဂံရောက်တာနဲ့ သူ့ကိစ္စပြီးပြီ။ သူက စက်ဘီးတွေကို ရထားပေါ် ပြန်တင်လာခဲ့ရုံ။ ကိုထွန်းမြင့်က စက်ဘီးငှားခ ပိုက်ဆံ အတိအကျကို ဖြတ်ပိုင်းပြပြီး ပိုငွေတွေ အကုန်ပြန်ပေးလိုက်တော့ သူ့ကို အဲဒီ ပြင်သစ်စုံတွဲက ယုံကြည်သွားခဲ့သည်။ Tun..pls arrange..we are Ok ဖြစ်သွားကြသည်။ မအိုကေတာက လမ်းမှာ စက်ဘီးက ဘီးပေါက်သည်။ ဂွေကောက်သည်။ စက်ဘီးကို ပြန်ထမ်းကြရသည်။ နောက်တော့ မိုးကြီးစုပ်စုပ်ချုပ်ခါနီးမှာ နိုင်ငံခြားသားတွေကို စိုးရိမ်သော သူက တွေ့ရာကားနဲ့ တောင်းပန်တင်၊ သေချာအပ်ပြီး စက်ဘီးအစုတ် နှစ်စီးနဲ့ တောလမ်းမှာ ကျန်နေခဲ့ရသည်။ အဲဒါက သူ့ဘ၀မှာ မှတ်မှတ်ရရ တိုးရစ်စ်ဂိုက်အစဦး ဘ၀ ဒုက္ခကြီးကြီးတွေ့ခြင်း။

တစ်ခါတစ်ရံ ဘ၀က အလွန်ဆန်းကျယ်သည်။ ခင်မင်ချစ်ခင်မှုတစ်ခါရသွားရင် နောင်မေ့ဖို့ ခက်တယ်ဆိုတဲ့ စကားက ကိုထွန်းမြင့်အတွက် မှန်သည်လို့ဘဲ ဆိုရမည်။ အဲဒီတုံးက ပြင်သစ်လင်မယား နဲ့ သူနဲ့ မြင်းခြံအစပ် တောလမ်းလေးမှာ လမ်းခွဲပြီးကတည်းက မတွေ့ရတော့ဘူး ထင်ထားခဲ့သည်။ အဲဒီအချိန်က သူ့မှာ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လဲ မရှိ။ အီးမေးလ်လိပ်စာလဲ နထ္တိ။ ဘ၀မှာ ဘယ်လိုမှ ပြန်မတွေ့ရတော့ဘူး ထင်ခဲ့သည်။

သို့သော်….တလောက မန္တလေး မဟာမြတ်မုနိ ဘုရားကြီးမှာ လူ အယောက် သုံးဆယ်ခန့်ပါသော နိုင်ငံခြားသား အုပ်စုကြီးကို သူလိုက်ပြီး လိုက်လံ ရှင်းပြနေတုံး နိုင်ငံခြားသား စုံတွဲနှစ်ယောက် အူယား ဖားယား ပြေးလာပြီး သူ့ကို လာပြီး လက်ဆွဲသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က လမ်းခွဲခဲ့သော ပြင်သစ်စုံတွဲ။ သူရှင်းပြနေသော တိုးရစ်စ်အုပ်စုကြီးထဲမှာ ပြင်သစ်တွေက အများစု။ ထိုစုံတွဲက ပြင်သစ်ဘာသာစကားနှင့် သူနဲ့ သူတို့ အကြောင်းကို ရှင်းပြကြသည်။ အားလုံးက သူ့ကို လက်ခုပ်တီးပြီး ဂုဏ်ပြုကြသည်။ အဲဒီစုံတွဲက သူ့ကို လိုက်ရှာနေတာ ကြာပြီ။ black skin ၊  so honest ဆိုပြီး ဘုရားကြီးနားက စက်ဘီး အငှားဆိုင်တွေမှာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်မေးရာကနေ သူရှိတတ်တဲ့ နေရာကို လိုက်လာခြင်းဖြစ်သည်။ အခုတော့ သူတို့ လင်မယားနှစ်ယောက် တစ်နှစ်ကို တစ်ကြိမ် အနည်းဆုံး မြန်မာနိုင်ငံကို အလည်လာသည်။ လာတိုင်းလဲ ကိုထွန်းမြင့် အားတဲ့ အချိန်နဲ့ ချိန်ညှိပြီး လာသည်။

ကိုထွန်းမြင့် ဘ၀မှာ လက်ကိုင်ထားဖို့ စကားပုံတစ်ခုဘဲ ထားသည်။ အဲဒါကိုဘဲ စိတ်နှလုံး သွင်းသည်။ အဲဒါက ဘာလဲ ဆိုတော့ “ကောက်သော် မစားလောက်၊ ဖြောင့်သော် စားမနိုင်” ဆိုသည့် စကား။ ဆိုက္ကားနင်း၊ မြေတူး၊ ပန်းရံလိုက်၊ လက်သမားလိုက်ပြီး တိုးရစ်စ်ဂိုက် လိုက်ခွင့်ရ လက်မှတ်ရအောင် သူကြိုးစားခဲ့သော ဘ၀တစ်လျှောက်လုံးမှာ ဘယ်တော့မှ မဟုတ်တာ မလုပ်။ နိုင်ငံခြားသားဆီက ငွေကို တစ်ဒေါ်လာကအစ မဟုတ်မမှန်သော နည်းလမ်းနဲ့ မယူမိအောင် နေခဲ့သည်။ သဒ္ဒါလို့ ပေးသော ငွေဆိုရင်တောင်မှ များလွန်းရင် သူက ပြန်ပေးတတ်သောကြောင့် တစ်ချို့နိုင်ငံခြားသားတွေက မျက်လုံးကြီး ပြူး၊ သူ့ကို ကျောသပ်၊ ရင်သပ်လုပ်သွားခဲ့ကြသည်။

သူတိုးရစ်စ်ဂိုက် လက်မှတ်ရခါစက သူ့ရဲ့ ရိုးသားမှုကို ဒီ တိုရစ်ဇင်နယ်ပါယ်မှာ အသားကျနေသော လူများက ၀ိုင်းပြီး ဟား ချင်ကြသည်။ ပြောင်ချင်ကြသည်။ လှောင်ချင်ကြသည်။ ဘုရားဖြစ်မယ့် အုတ်နီခဲကြီးလားကွ ဆိုပြီး ပြောကြသည်။ ဟုတ်သည်။ လူတွေက ရေတိုကိုဘဲ ကြည့်ကြသည်။ နိုင်ငံခြားသား တစ်ယောက်ဆီကနေ ဒေါ်လာငါးဆယ်လောက်ရဖို့ လိမ်ညာလိုက်ကြဖို့ ၀န်မလေး။ ပညာတတ် တိုးရစ်စ်ဂိုက်တွေ တစ်ချို့ တစ်ချို့တောင် မဟုတ်တာ၊ မမှန်တာ လုပ်ချင်ကြသည်။ ကိုထွန်းမြင့်ကတော့ အမုန်းခံသည်။ ဒါကျွန်တော့် ဧည့်သည်။ ခင်ဗျားတို့ မဟုတ်တာ လုပ်မယ်။ ဈေးတွေ စွတ်တောင်းနေရင် ကျွန်တော် ပြောရလိမ့်မယ်လို့ ပြောလို့ သူ့ကို နိုင်ငံခြားသားရဲ့ ဟိုဒင်း၊ ဟိုဟာ မနေတဲ့ အကောင်အထိကို အပြောခံရသည်။

ကိုထွန်းမြင့်ကတော့ ဘယ်လို ထင်ကြ၊ ထင်ကြ သူ့စိတ်ထဲမှာ တစ်ခုဘဲ ထားသည်။ စိတ်ထားဖြောင့်ဖို့။ လိပ်ပြာလုံဖို့။ သူ တစ်သက်လုံး လုပ်စားမယ့် အလုပ်ကို လိပ်ပြာလုံချင်သည်လေ။ နောက်ပြီးတော့ ကိုယ့်ဆီ လာလည်သော ဧည့်သည်ကို ကောင်းကောင်းမွန်မွန်ဧည့်ခံရမှာပေါ့။ သူတို့ အဆင်ပြေ ချောမွေ့ဖို့ သူ့မှာ တာဝန် အပြည့်ရှိတာပေါ့။ ပါးပါးလှီး ။ ရသလောက် စားဖို့ ဆိုတဲ့ စိတ်နဲ့ တိုးတက်ပြီးသား နိုင်ငံတွေက လာသော ကမ္ဘာပတ်နေသည့် နိုင်ငံခြားသားတွေကို တစ်ခါဘဲ ဆက်ဆံလို့ရမည်။ အားနာလို့၊ ကြောက်လို့၊ ပြန်မပြောချင်လို့ ၊ စကားမများချင်လို့ မသိချင်ယောင်ဆောင်ပြီး တစ်ခါ လိုက်လျောသွားလိမ့်မည်။ သို့သော် သူ့နိုင်ငံ ပြန်ရောက်တာနဲ့ ဒီနိုင်ငံက ဟိုနေရာက အဲဒီဆိုင်က ဘယ်လို၊ ဘယ်ညာ လုပ်ကြတယ်ဆိုတာ မလုပ်ဘဲ နေကြမယ့် လူတွေ မဟုတ်။ မြန်မာနိုင်ငံမလာခင်ကတည်းက ရွှေတိဂုံဘုရားအကြောင်း အနည်းဆုံး နှစ်ခေါက်ဖတ်ထားပြီးကြသော နိုင်ငံခြားသားတွေကို ဘာမှ မသိဘူးဆိုပြီး ရသလောက် လိမ်စားချင်ကြသည့် လူတွေကို ကိုထွန်းမြင့် ဘယ်လိုမှ နားမလည်။

တိုးရစ်ဇင် နယ်ပါယ်မှာ ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသော သူတွေ မရှိမဟုတ်။ ရှိသည်။ ကိုယ်ကျင့်သီလ ကောင်းကောင်းနဲ့ နိုင်ငံခြားသားကို အစွမ်းကုန် ဧည့်ဝတ်ကျေသော သူ့ဆရာ အသက်ငါးဆယ်ကျော် ဆရာတစ်ချို့ပင်ရှိသေးသည်။ သူ့ကို လမ်းပြကူညီပေးသော တိုးရစ်ဇင် မှာ နှစ်ပေါင်း သုံးဆယ်ကျော် လုပ်သက်ရှိ ပြင်သစ်နဲ့ အင်္ဂလိပ်စကားပြော ဆရာက အမြဲဆုံးမသည်။ “ဒီမယ် မောင်ထွန်းမြင့်ရဲ့..မင်းဘာသာ အခု တိုးရစ်ဇင်မှာ အောင်မြင်လို့ အိမ်မှာ ကားဘယ်နှစ်စီးရှိရှိ၊ တိုက်ဘယ်နှစ်လုံးပိုင်ပိုင် ဧည့်သည်ကို လိုက်ပို့ပြီဆိုကတည်းက မင်းရဲ့ မာန်မာနကို အဆုံးထိသာ ချထားဟေ့။ မင်းဘာသာ ဘာကောင်ကြီး ဖြစ်ဖြစ် ဒီနယ်ပါယ်မှာ ရေရှည်လုပ်စားချင်တယ်ဆိုရင်တော့ သီးခံရမှာဘဲ။ အဲ…ဒါပေမယ့် Mr. Mark Sauz လိုလူမျိုးကိုတော့ ကိုယ်ဘာကောင်လဲဆိုတာ ပညာသားပါပါနဲ့ ပြဖို့ လိုတာပေါ့ကွာ” လို့ ဆုံးမတတ်သည်။

Mr. Mark Sauz ဆိုတာ ဆရာလို လုပ်သက်ရင့်တိုးဂိုက်ကြီးတောင် စိတ်ညစ်ရအောင် အလွန် ဂဂျီးဂဂျောင်များသော ပိုလန်နိုင်ငံသား လူပျိုကြီး အရှေ့တိုင်း ပညာ ပရော်ဖက်ဖက်ဆာ။ အလွန်ဇီဇာကြောင်သည်။ အလွန် စောဒကတက်သည်။ နေပူ ပူပြန်ပြီ ။လေတိုက် တိုက်ပြန်ပြီ။ ဖုန်ထူ ထူပြန်ပြီ။ အစကတော့ ဆရာက သီးခံသည်။ နောက်တော့ ဘယ်လိုမှ သီးခံလို့ မဖြစ်တော့လောက်အောင် စီးပိုးလာသည်။ ဘုရားဝင်းထဲက ထွက်လာကြပြီးမှ အဲဒီနံရံဆေးလေးပြန်ကြည့်ချင်တယ်ဆိုပြီး ပြန်သည်။ ပြီးတော့လဲ သေချာ ကြည့်တာ မဟုတ်။ ဆရာက ပညာပေးရတော့သည်။ လိုအပ်တာထက် ပိုပြီး စကား မပြောတော့။ ဘယ်သွားမှာလဲ။ ဘာလုပ်ချင်လဲ သေသေချာချာ ရှင်းရှင်းလင်းလင်းမေးသည်။ အပိုတွေ လာမပြောနဲ့။ မင်းလဲ အပိုမပြောနဲ့။ ငါ့ဆီကလဲ အပိုတစ်ခုမှ ရဖို့ မမျှော်လင့်နဲ့။ မင်းကြိုက်တဲ့ ဆီတိုင်ချင်သလိုတိုင်။ ငါက လုပ်သက်ရင့် ဧည့်သည် အများကြီး လိုက်နေရတဲ့ ဂိုက်ကွဆိုပြီး မသိမသာ ကြွားရသည်။ sight seen တွေမှာ လာဆုံနေသော သူ့သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပြင်သစ်လို နှတ်ဆက်သည်။ အင်္ဂလိပ်လို နှုတ်ဆက်သည်။ ဂျာမန်လို နှုတ်ဆက်သည်။ ဒီလိုနဲ့ အဲဒီ Mr. Mark ကို ငြိမ်သွားအောင် ထိန်းခဲ့ရသည်။

ကိုထွန်းမြင့်ကတော့ သူ့ဆရာစကားကို လိုက်နာပါသည်။ ဂိုက်ဘ၀မှာ ဘာသာစကားထက် ဗဟုသုတနဲ့ ဧည့်သည်အပေါ်မှာ အနွံ့အတာခံနိုင်တာ၊ အရိပ်သုံးပါး နားလည်တာ၊ ပါးနပ်တာက ပိုပြီး အရေးကြီးသည်။ ဘာသာစကားက အရမ်းကြီး တော်၊ ချွန်နေဖို့ မလို။ သဒ္ဒါမှန်မှန်ကန်ကန်နဲ့ ဗဟုသုတကောင်းကောင်းနဲ့ ဟာသကြိုက်တဲ့ ဧည့်သည်ကို ဟာသလေးတွေနဲ့။ သမိုင်းကြိုက်တဲ့  ဧည့်သည်ကို သမိုင်းဘာသာရပ်နဲ့။ ယဉ်ကျေးမှု ကို စိတ်ဝင်စားသူဆိုရင် ယဉ်ကျေးမှုနဲ့ စိတ်ဝင်စားအောင် ပြောနိုင်ဖို့ ၀မ်းစာပြည့်ဖို့လိုသည်။ ၀မ်းစာပြည့်ဖို့ အတွေ့အကြုံနဲ့ စာဖတ်ခြင်းကသာ ကူညီနိုင်သည်။ ဘာသာစကားက တစ်နှစ်လောက် ဖိဖိစီးစီးလုပ်ရင် အနည်းဆုံး ပြောနိုင် ဆိုနိုင်တဲ့ အဆင့်ကို ရောက်ကို ရောက်သည်။ ဗဟုသုတရှိဖို့ကြတော့ စာဖတ်သွားရမှာ တစ်သက်လုံး။

ဂိုက်လုပ်တယ်ဆိုတာ something is better than nothing ဆိုတဲ့ စကားကိုလဲ လက်ကိုင်ထားရသည်။ ငှက်တွေအကြောင်း သိရသည်။ ပန်းပင်တွေအကြောင်း သိရသည်။ သစ်ပင်တွေအကြောင်း ပြောနိုင်ရမည်။ ကုန်ကုန်ပြောရလျှင် လမ်းဘေး ဈေးသည် ဗန်းထဲက ငါးသလဲထိုးနဲ့ ငါးခုတ်မ ငါးတွေရဲ့ အခေါ်အဝေါ်ကို သိရသည်။ သိပ္ပံအခေါ်အဝေါ် လေးပါ ပြောနိုင်လျှင်တော့ ဧည့်သည်ရဲ့ အထင်ကြီး လေးစားမှုကို ရတတ်သည်။ ဒါကြောင့် ဂိုက်လုပ်တယ်ဆိုတာ စာဖတ်ကို ဖတ်ရမယ် လို့ သူ့တပည့်တွေကို ကိုထွန်းမြင့် အမြဲပြောတတ်ခြင်းဖြစ်သည်။ စာမဖတ်တဲ့ ဂိုက်တစ်ယောက်ဟာ ရေရှည်မှာ ဘယ်လိုမှ မအောင်မြင်နိုင်ဘူးလို့ သူ့တပည့် ဂိုက်သင်တန်းဖြေဖို့ သင်တန်းလာတက်သူတွေကို တဖွဖွ ပြောရသည်။ သင်ရသည်။

ကလေးတစ်ချို့က ဂိုက်လုပ်တယ်ဆိုတာ အင်္ဂလိပ်စကားပြောတတ်တာနဲ့ ရပြီလို့ ထင်ကြသည်။ ဂိုက်ဆိုတာ နေပူမိုးရွာ သွားနိုင်ရမယ်။ ကျန်းမာရမယ်။ လူမျိုး တစ်ရာ့ တစ်ပါးနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံတတ်ရမယ်။ ပြီးတော့ တိုးရစ်ဇင် နယ်ပါယ်မှာ ရှိတဲ့ တခြား လုပ်ဖော်ကိုင်ဖက် ဒရိုက်ဘာတွေ၊ ဈေးသည်တွေ၊ ပန်းသည်တွေ၊ ငှက်လွှတ်သူတွေကို နားလည်၊ညှာတာရမည်။ ကိုယ့် ဧည့်သည် ဆိုးဆိုးရွားရွား မဖြစ်ရင် တစ်ခါတစ်ရံ မသိချင်ယောင် ဆောင်တတ်ရမယ်။ ငါက ဂိုက်။ ငါ့ဧည့်သည်ကို ငါပြောရင်ပြီးတယ်။ မင်းတို့က ဘာအဆင့်ရှိလဲ ဆိုတဲ့ စိတ်မျိုး မမွေးရဘူး..စတဲ့ စိတ်ထားမျိုး ထားဖို့ သူ့တပည့် ဂိုက်လက်သစ်လေးတွေကို ဝေမျှတယ်။

တစ်ခါက အောက်မြန်မာပြည်မှ မိဘက အတော်အသင့် ပိုက်ဆံရှိ၊ တိုးဂိုက် အတွေ့အကြုံ လဲ အသင့်အတင့်ရှိသော ဂိုက်တစ်ယောက် မန္တလေးကို ဧည့်သည်တစ်ယောက်အား throughout လိုက်ရင်း ပါလာသည်။ မန္တလေးရောက်တော့ သူ့အေးဂျင့်က စီစဉ်ပေးတဲ့ ကားနဲ့ မန္တလေး တစ်ဝိုက်လိုက်ပို့သည်။ ကားမောင်းတဲ့ ကားဆရာက ကားပိုင်ရှင်။ သူ့မှာ အဲဒီလို တိုးရစ်ဇင်နယ်ပါယ်မှာ ထည့်ထားတဲ့ ကားအစီးက ဆယ်စီး၊ ဆယ့်နှစ်စီး။ Tour ကုပ္မဏီတွေကို ငှားထားတဲ့ ရုံးခန်းတွေ ၊ မြေတွေလဲ ရှိသေးတာ။ ဒီလူက သက်သက်မဲ့ အပျင်းလဲပြေ၊ အလုပ်လဲ ရှိစေတော့ ဆိုတဲ့ သဘောမျိုးနဲ့ ကားလိုက်မောင်းပေးနေတာ။ ဒါပေမယ့် ဒီလူက သူ့စည်းကို သူသိတယ်။ သူ့ဘာသာ ဂိုက်က လမ်းဘေးက နွားကြီး လက်ညှိုးထိုးပြီး That is Myanmar horse ဆိုရင်လဲ သူဘာမှ ၀င်ပြောပိုင်ခွင့် ၊ မျက်နှာပျက်ပိုင်ခွင့်၊ ရီကျဲကျဲ လုပ်ပိုင်ခွင့် မရှိဘူးဆိုတာ သိပြီးသား။ ခက်တာက အဲဒီ ဂိုက်။ ကားသမားကို ခင်ဗျား အင်္ဂလိပ်စကား ပြောတတ်သလား။ ကျုပ်က ငတ်လို့ ဂိုက်လိုက်နေတာ မဟုတ်ဘူး။ ကျုပ်က ရန်ကုန်မှာ ဘာအလုပ်၊ ညာအလုပ်ရှိတယ်။ သဘောကတော့ မဆိုင်ရင် ၀င်မရှုပ်နဲ့ ဆိုပြီး စွတ်ဖိငေါက်နေခဲ့သည်။ ဟိုကားပိုင်ရှင် သူဌေး ဒရိုက်ဘာက တစ်ခွန်းမှ ပြန်မပြော။ ဟုတ်ကဲ့…ဟုတ်ကဲ့ ဘဲပေါ့။

ဒါပေမယ့် နောက်ဆုံးမှာ ဘယ်လိုမှ သီးမခံနိုင်လောက်အောင် အဲဒီဂိုက်က မောက်မာသထက် မောက်မာလာသည်။ ဒရိုက်ဘာကို လုပ်ဖော်ကိုင်ဖက်လိုသဘောမထားဘဲ တဆင့်နှိမ့်ဆက်ဆံရမယ်ဆိုတဲ့ သဘောမျိုး လုပ်လာသည်။ နောက်ဆုံး ဘယ်လိုမှ မဖြစ်တဲ့အဆုံး “ကိုင်း…ငါ့ညီ မင်း ဂိုက်လိုက်တာ တစ်ရက် ဘယ်လောက်ရသလဲ။ ရလှ ဒေါ်လာလေးဆယ်ပေါ့ကွာ။ ထားကွာ ဒေါ်လာ ငါးဆယ်။ မြန်မာငွေ ငါးသောင်းကွာ။ မင်း နေ့စဉ် ဧည့်သည်ရှိတယ်ထားကွာ။ တစ်လကို ဆယ့်ငါးသိန်း ၀င်ငွေရှိတယ်ထားကွာ။ အေး..ကိုယ်က ကိုယ့်ကားတွေ၊ ရုံးခန်းတွေ ငှားတာကကိုဘဲ တစ်လကို ၀င်ငွေ သိန်းသုံးဆယ် အထက်မှာရှိတယ်။ ညီလေး စိတ်မဆိုးပါနဲ့။ ကိုယ်ကြွားနေတယ်လို့ မထင်ပါနဲ့။ ကိုယ့်ကို လုပ်ဖော်ကိုင်ဖက်လို သဘောထားပါ။ သူများနိုင်ငံခြားသားရှေ့မှာ ဧည့်သည် အဆင်ပြေအောင် ညီနဲ့ ကိုယ်နဲ့ အလုပ် တွဲလုပ်ကြရအောင်နော်” လို့ ပြောယူရလောက်အောင် စုန်းပြူး အသားလွတ် မော်ကြွားနေတဲ့ မပြည့်တဲ့ ဂိုက်မျိုးတွေလဲ ရှိတတ်တယ်။

ကိုင်းပါလေ…ကိုထွန်းမြင့်ရဲ့ တိုးရစ်ဇင် နယ်ပါယ် အတွေ့အကြုံပြောရရင် ဘယ်ကုန်မလဲ။ ဘယ်ပြီးတော့မလဲ။ အခုတော့ ကိုထွန်းမြင့်ဘ၀မှာ ဒီတိုးဂိုက်အလုပ်တစ်ခုဘဲ လုပ်လာတာ နှစ်ပေါင်း သုံးဆယ် နီးပါးရှိပြီ။ ငွေရေးကြေးရေး မပူမပင်ဘ၀တော့ ရောက်ပြီ။ သူဌေးမဖြစ်ပါဘူး။ နိုင်ငံခြားသားနဲ့ တွဲပြီး လုပ်ထားတဲ့ တိုးရစ်စ်လိုက်တဲ့ ကားလေး နှစ်စီးရှိတယ်။ ဟိုတယ် သေးသေးလေး guest house လေး ရှိတယ်။ ဥရောပကို နှစ်ခေါက်ရောက်ပြီးပြီ။ ဒါတွေက သူ့လို မြင်းခြံရွာသားတစ်ယောက်၊ ခြေဖ၀ါး၊ လက်ဖ၀ါး ဗလာ၊ ဘုန်းကြီးကျောင်းမှာ ကပ်နေခဲ့ရတဲ့ သူအတွက် အောင်မြင်တယ်လို့ ထင်ကြတာပေါ့။ သူ့အတွက်ကတော့ သူ့လုပ်ချင်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုကို စိတ်ပါ လက်ပါ လုပ်ရတာထက် မပိုပါဘူး။  သူ့မိန်းမကတော့ သူ့ထက် လောဘကြီးတယ်။ သူ့ကို အားမရဘူး။ သူ့လိုလဲ တိုးဂိုက်လိုက်တယ်။ ခရီးသွားအေဂျင်စီလေး တစ်နိုင်တစ်ပိုင်လုပ်တယ်။ ကိုယ်တိုင် အလုပ်ကို ကျားစီး ဖားစီး လုပ်တဲ့ မိန်းမဆိုတော့ “တိုးဂိုက်လုပ်တာလေးနဲ့ ဘယ်လိုလုပ် ကျုပ်တို့ သမီးကို ပြည့်ပြည့်စုံစုံထားခဲ့မလဲ” လို့ သူ့ကို မကြာ မကြာ စကားနာထိုးတယ်။ အားမရဘူးထင်ပါရဲ့။

ကိုထွန်းမြင့်ကလဲ သူ့မိန်းမကို စကားနည်း ရန်စဲ။ ပြန်မပြောပေမယ့် စိတ်ထဲမှာတော့ ဘာလုပ်မှာလဲ။ လောဘဆိုတာ ရှိသင့်ရှိထိုက်တာထက် ပိုရင် လောကကြီးမှာ ဘယ်လိုလုပ် နေရတာ အဆင်ပြေတော့မလဲ။ ကိုထွန်းမြင့်အမေ နဲ့ သူ့မိန်းမ အမေတို့ လက်ထက်တုန်းက ကိုယ်ပိုင် အိမ်ဝိုင်းတောင် ရှိတာ မဟုတ်ဘူး။ စက်ဘီးတောင် သူများဆီက ငှားစီးလာခဲ့ရတာ။ အခု သူတို့ လက်ထက်ရောက်တော့ ကိုယ်ပိုင်အိမ်ဝိုင်းနဲ့။ ကားနဲ့ ။ အလုပ်နဲ့။ သူ့မိန်းမက ဘယ်အထိ ချမ်းသာဖို့ ရည်ရွယ်ထားတာလဲဆိုတာတော့ ကိုထွန်းမြင့် တစ်ခါတစ်ရံ ဘယ်လိုမှ နားမလည်။ အခု သူတို့ လင်မယားပိုင်ဆိုင်သမျှမှာ ဘယ်သူ့ ဘယ်သူ့ဆီကမှ ခိုးဝှက်ထားတာ၊ မဟုတ်တန်းတရား ယူထားတာ တစ်ပြား တစ်ချပ်မှ မရှိဘူးလေ။ ကုတင်ပေါ်ကနေ အဆင်း ခြံထဲ မြေကြီးကို ခြေထောက်နဲ့ ထိသည်အထိ အရာအားလုံးမှာ သူတို့ ရိုးသားမှုနဲ့ ရှာဖွေ ကြိုးစားခဲ့ရတာတွေချည်းဘဲ။ တော်ပြီပေါ့။ “ဒီအတိုင်း ဆက်အလုပ် လုပ်သွားရင် လဲ ရနေတာဘဲကွာ….မင်းကလဲ” လို့ ပြန်ပြောမိရင် သူ့မိန်းမကတော့ သွေးတက်တော့တာဘဲ။

ဟော…ခုကြည့် အလုပ်ကို သရဲစီးနေသလို လုပ်တဲ့ သူ့မိန်းမ လည်ပင်းမှာ ကျီးပေါင်းတက်တာဆိုလား၊ ကျောရိုးမအဆစ်ထဲမှာ ကျောရိုးမအကြောကြီး ညှပ်တာဆိုလား ခေါင်းတွေ မူးတယ်။ မျက်လုံးတွေ ပျာဝေလာတယ်။ ဆေးခန်းသွား၊ လေ့ကျင့်ခန်းတွေ လုပ်ရတာနဲ့ ကုန်လိုက်တဲ့ ပိုက်ဆံ။ ဒီငွေတွေက သူနဲ့ သူ့မိန်းမ တက်ညီလက်ညီရှာထားတာတွေဘဲလေ။ ဒီလိုရှာဖွေထားတာတွေ ဒီလို ရောဂါ ကြီးကြီးမားမားဖြစ်တော့ သုံးရ၊ စွဲရတာဘဲ မဟုတ်ဘူးလား။ အလုပ်ကို စိတ်အေးလက်အေးလုပ်ပါလို့ ပြောပေမယ့် သူ့ကို ရှင်သာ…ငွေကို မလိုချင်တဲ့ ပုံစံနဲ့ ဟန်ဆောင်မနေစမ်းပါနဲ့ ဆိုပြီး ပြန်ပက်လို့ စကားများရတာလဲ များလှပြီ။ အခု နေမကောင်းဖြစ်တော့ သူ့မိန်းမမှာ ဘယ်မှာ အစား ကောင်းကောင်းစားနိုင်သလဲ။ ဘယ်မှာ အလုပ်ကောင်းကောင်း အာရုံစိုက် လုပ်လို့ရတော့သလဲ။ ဘ၀ဆိုတာ မသေမချင်း အလုပ် လုပ်သွားရမှာဘဲ။ အေးအေးဆေးဆေးပေါ့ဆိုတဲ့ ကိုထွန်းမြင့်နဲ့ သူ့မိန်းမနဲ့ကတော့ တကျက်ကျက်။

ကိုထွန်းမြင့် နားလည်တာက လူ့ဘ၀ဆိုတာ သူဧည့်သည်တွေကို လိုက်ပြီး ရှင်းပြရသလိုမျိုး။ တစ်ချို့က ငှက်တွေ စိတ်ဝင်စားတယ်။ တစ်ချို့က နံရံဆေးပန်းချီတွေစိတ်ဝင်စားတယ်။ တစ်ချို့က ဘာမဟုတ်တဲ့ လမ်းဘေးပန်းသည်လေးတွေကို စိတ်ဝင်စားချင် စိတ်ဝင်စားနေတတ်တယ်။ တစ်ချို့က ဇီဇာကြောင်တယ်။ တစ်ချို့က ကလေးဆန်တယ်။ တစ်ချို့က အရာရာကို နားလည် သဘောပေါက် ပေး တယ်။ တစ်ချို့က သဘောကောင်းတယ်။ တစ်ချို့က ကပ်စီးနဲတယ်။ တစ်ချို့က လက်ဖွာတယ်။ တစ်ချို့က အပင်ပန်းခံတယ်။ တစ်ချို့က နုလွန်းတယ်။ တစ်ချို့က…တစ်ချို့က..တစ်ချို့က…ဘယ်လိုဘဲ ဖြစ်ဖြစ်…အချိန်တန်ရင် ..ဗီဇာသက်တမ်း ပြည့်ရင် သူ နဲ့ သူ့ ဧည့်သည်တွေ ဘယ်လောက် ခင်ခင် ၊ ဘယ်လောက် သံယောဇဉ်ရှိရှိ သူ့နိုင်ငံသူ ပြန်ကြရတာပါဘဲမို့လား။ ဒါတွေ တွေးမိပြီး ကိုထွန်းမြင့်က သူ့မိန်းမကို “အေး..စွတ်ရွတ်ငွေရှာမနေနဲ့ကွ..တစ်ချိန်ကျရင် မင်းလဲ ဗီဇာသက်တမ်းပြည့်ရင် ပြန်ရမှာ..ဟဲ..ဟဲ “ လို့ စတော့ “ဟုတ်ပါ့ ..ဟုတ်ပါ့ ..ကျုပ် ဗီဇာသက်တမ်းပြည့်တာတောင် မစောင့်ချင်ဘဲ ရှင်က ကျွန်မကို Black list သွင်းချင်နေတာ မသိဘူးမှတ်နေသလား..ဟင်း..ဟင်း” လို့ ပြန်ပြောတော့ သူဘဲ “တော်ကွာ..တော်ကွာ..မင်းတော်…တော်” ဆိုပြီး ထထွက်ခဲ့ရတာချည်းပါဘဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်