fbpx

သန်းဝင်းလှိုင် – သမိုင်းတကွေ့မှ သခင်စိုး

April 11, 2014

သမိုင်းတကွေ့မှ သခင်စိုး
သန်းဝင်းလှိုင်
ဧပြီ ၁၁၊ ၂၀၁၄

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားခဲ့သော ကွန်မြူနစ်ပါတီ(ဗမာပြည်)ခေါ် အလံနီ ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး သခင်စိုးကို ၁၉ဝ၆ ခုနှစ် မေလ ၁၅ ရက် အင်္ဂါနေ့တွင် အဖ သူကြီး ဦးစံဒွန်း၊ အမိဒေါ်နှင်းအောင် တို့မှဖွားမြင်ခဲ့သည်။ မွေးချင်းလေးယောက် အငယ်ဆုံးသားဖြစ်သည်။ အမည်ရင်းမှာ မောင်စိုး ဖြစ်သည်။

ငယ်စဉ်က ကျောက်တန်းရွာ ဘုန်းကြီးကျောင်း၊ မော်လမြိုင် မောင်ငံရပ် ဆရာကြီး ဦးစောမောင် တိုင်းရင်းစာသင်ကျောင်း၊အရှင်မဟာဗုဒ္ဓဃောသကျောင်း၊သန်လျင် မက်သဒစ်အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ သင်ကျောင်း ၊ အမျိုးသားတန်းမြင့်ကျောင်းတို့တွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။

၁၉၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ ၁၉၃၇ ခုနှစ် စက်တင်ဘာလအထိ သံလျင် ဘီ၊အို၊စီ (B.O.C) ရေနံချက်စက်ရုံတွင် အကိုကြီးဖြစ်သူ ဦးကျေးရင် (လက်နှိပ်စက် စာရေးကြီး) နှင့်အတူ ဓါတ်ခွဲခန်းမှူး အလုပ် ဝင်လုပ်ခဲ့သည်။ ဦးကျေးရင်သည် ဗြိတိသျှလူမျိုးများပိုင် ဘီအိုစီ သံလျင်ရေနံချက် စက်ရုံတွင် အင်္ဂလိပ်များ နှင့် အတူတူ အလုပ်လုပ်သောကြောင့် အင်္ဂလိပ်စာ အပြော၊ အရေး အလွန်ကောင်းသည်။ ညီဖြစ်သူအားလည်း အင်္ဂလိပ်စာကို စနစ်တကျ သင်ကြားပေးခဲ့သည်။ ဦးထွန်းငြိမ်း အင်္ဂလိပ်စာ အဘိဓါန်၌ ပါသည့် ဝေါဟာရ (၁ဝ) လုံးကို နေ့တိုင်းကျက်မှတ်ရန် သင်ကြားပေးသည်။

၁၉၃၇ ခုနှစ် စက်တင်ဘာလ၁၇ရက်နေ့တွင် သံလျင်ဘီအိုစီကုမ္ပဏီမှထွက်ပြီး တို့ဗမာအစည်းအရုံး သို့ဝင်ခဲ့ရာမှ သခင်စိုးအမည်တွင်ခဲ့သည်။ ထိုအချိန်မှစ၍ တို့ဗမာအစည်းအရုံးဌာနချုပ်တွင် အချိန်ပြည့် နိုင်ငံရေး ဆောင်ရွက်သည်။ ထိုစဉ်က တို့ဗမာအစည်းအရုံးတွင် ဥက္ကဌ သခင်လေးမောင်၊ ဒုတိယဥက္ကဌ သခင်ညီ၊ အထွေထွေအတွင်းရေးမှူးမှာ သခင်ထွန်းအုပ် ဖြစ်သည်။
သခင်စိုးသည် ငယ်စဉ်ကပင်ဇွဲလုံ့လကြီးသည်။ဝါသနာပါရာကို စူးစူးစိုက်စိုက် ဆောင်ရွက်တတ်သည် ကျန်း မာရေး ကိုလည်း လိုက်စားသည်။ သန်လျင်တွင် အလုပ်လုပ်နေစဉ် ရေကူးခြင်း၊ သန်လျင်မှ ၁၅ မိုင် အကွာအဝေးရှိသော သပြေကန်ရွာသို့ အသွားအပြန် လမ်းလျှောက်ခြင်းများ ပြုလုပ်ခဲ့သည်။ သန်လျင် ဘီအိုစီ ဓါတုဗေဒဆရာ ကိုလှအောင်၏ တိုက်တွန်းမှုဖြင့် သန်လျင်မှ ရွှေဘိုသို့ ခြေလျင်လမ်းလျှောက်ခဲ့ရာ ပျော်ဘွယ်အလွန်တွင် ဆက်မလျှောက်နိုင်သဖြင့် ရန်ကုန်သို့လှည့်ပြန်ခဲ့ရသည်။ ထို့ပြင် ဂီတအနုပညာ ဝါသနာပါသူဖြစ်ရာ အဆိုနှင့် တယောပညာကို စန္ဒရား ဆရာဘလှ၊ စန္ဒရား ဆရာနွှဲ့ကြီး ၊ ဘာဂျာဆွဲ အငြိမ့်ဆရာစိုးတို့ထံတွင် သင်ယူခဲ့သည်။  သီချင်းကြီး သီချင်းခံ ၆ ပုဒ်ပါသော “ဘုံပျံနေနန်း” ကို တရက်ခွဲနှင့် အပြီးတက်ခဲ့သည်။ သီချင်းပုဒ်ရေ ၂ဝဝ ခန့် တက်ခဲ့သည်။ သူအနှစ်သက်ဆုံး သီချင်းမှာ “အောင်မြေသာစံ” နှင့် “ဟေဝန်စုံမြိုင်” ဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင် ဂျူဗလီဟော၌ ကျင်းပခဲ့သော မြန်မာပြည်လုံးဆိုင်ရာ ဂီတပြိုင်ပွဲတွင် တယောပြိုင်ပွဲကို ကောလိပ်ကျောင်းသား ကိုကိုကြည်နှင့် ဝင်ရောက်ယှဉ်ပြိုင်ရာ သခင်စိုးသည် ဒုတိယသာ ရရှိခဲ့သည်။ တယောပြိုင်ပွဲ၌ ဒိုင်ဘက်လိုက်သည် ဟုယူဆကာ ဒိုင်လူကြီးများ ရှေ့၌ပင် မိမိထိုးသော တယောအား ရိုက်ချိုး၍ ဆုမယူဘဲ ထွက်ခွာသွားခဲ့လေသည်။

သူသည်သန်လျင်၌အလုပ်လုပ်နေစဉ်ကပင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ကားလ်မာ့က်စ်၏ အရင်းကျမ်းကြီးနှင့် အခြားနိုင်ငံရေးကျမ်းများကို လေ့လာဖတ်ရူခဲ့သည်။သခင်စိုးသည် ကွန်မြူနစ်များထဲတွင် မာ့ခ်စ်ဝါဒကိုအလေ့လာဆုံးဖြစ်သည်။သူသည်ဒိုင်ယာလက်တိကယ်ကို အနုပဋိလောမ ဟုမြန်မာ ပြန်ခဲ့ သည်။အမှန်က အနုပဋိလောမသည် ပါဠိစာလုံးကို အမြီးအမှောက်မတည့်အောင်ပြုလုပ်ထားခြင်းဖြစ်သည်။သို့ သော်လည်း ယင်းသို့ပြုလုပ်သည့်အတွက် သူ့  ကိုအပြစ်မတင်ထိုက်ပေ။စတင်လမ်းဖေါက်သည့်အတွက် ကြောင့်ဖြစ်သည်။သူသည်မည်သည့်ကိစ္စမဆို ထူးထူးချွန်ချွန်လုပ်တတ်သည်။ ထို့နောက် ဗြိတိသျှအစိုးရက တောင်သူလယ်သမား ခေါင်းဆောင်ကြီး သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ ဆရာစံအား သာယာဝတီထောင်တွင် ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကြိုးပေးကွပ်မျက်လိုက်သည့်သတင်း ကြားသိရသောအခါ အင်္ဂလိပ်နယ်ချဲ့အစိုးရကိုတော်လှန်ပုန်ကန်လိုသောစိတ်ပြင်းထန်လာမှုကြောင့်ဝါသနာထုံလှသောဂီတအနုပညာ ကို စွန့်လွှတ်ကာ နိုင်ငံရေးလောကသို့ ခြေစုံပစ် ဝင်ခဲ့လေသည်။ ဘီအိုစီ ကုမ္ပဏီမှ အိုနာစာ ပင်စင်ငွေ ၂၅ဝဝ ကျပ်ကို သခင်ဘသောင်း ရွေးကောက်ပွဲဝင်ရန်တွင် အသုံးပြုခဲ့သည်။

ထို့နောက် ဇနီးညီအမနှစ်ယောက် လှလေးစိန်နှင့် မြလေးစိန်တို့ကို ငွေ ၅ဝဝ ကျပ် လျော်ကြေးပေး၍ ကွာရှင်းခဲ့သည်။ထိုအချိန်မှစ၍ တို့ဗမာအစည်းအရုံးတွင်အချိန်ပြည့်နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ သခင်စိုး သည် သခင်သိန်းမောင်ကြီး (မီးဒုတ်) ၊ သခင်ဘသောင်း စသော တို့ဗမာအစည်းအရုံး ခေါင်းဆောင်ကြီးများ လမ်းညွှန်မှုဖြင့် နယ်ချဲ့ဆန့်ကျင်ရေး ဆောင်ရွက်ခဲ့သည်။ ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် စတင် တည်ထောင်သော နဂါးနီ စာအုပ်အသင်း၌ ကိုသန်းထွန်း (နောင် သခင်သန်းထွန်း) ၊ ကိုနု (နောင် သခင်နု) တို့နှင့်အတူ စာအုပ်ရွေးချယ်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ နဂါးစာအုပ်အသင်းမှပင် ၁၉၃၈ ခုနှစ်၌ ဆိုရှယ်လစ်ဝါဒ စာအုပ်နှင့် ၁၉၃၉ တွင် နဂါးနီ ဦးထွန်းအေး၏ မြန်မာပြည် စာအုပ်ဖြန့်ချိရေးမှ ဗမာ့တော်လှန်မှု၊ ၁၉၄ဝ တွင် အလုပ်သမားလောက စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ အဆိုပါ စာအုပ်များသည် ထိုစဉ်က နိုင်ငံရေးလောကတွင်လက်ဝဲဝါဒနှင့်အတူထင်ရှားခဲ့သည်။အထူးသဖြင့်လက်ဝဲလူငယ် နိုင်ငံရေးသမားများအပေါ် သြဇာကြီးမားသည်။

၁၉၃၈ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ၉၁ ဌာန အုပ်ချုပ်ရေး တိုက်ဖျက်ရန် ဒုတိယအကြိမ် ဆန္ဒပြကန့်ကွက်ပွဲကို တို့ဗမာအစည်းအရုံးက ကျင်းပရာသခင်စိုးသည် တို့ဗမာသီချင်းဆို၍အခမ်းအနား ဖွင့်လှစ် ပေးသည်။ ၁၉၃၈ ဇူလိုင်လတွင် သန်လျင် ဘီအိုစီ ရေနံချက်စက်ရုံ အလုပ်သမားသပိတ်ကို ဦးဆောင်ခဲ့သည်။

၁၉၃၈ အောက်တိုဘာလ ၁ ရက်တွင် တို့ဗမာအစည်းအရုံး နာယက သခင်ကိုယ်တော်မှိုင်း၏ နေအိမ်တွင် ကျင်းပသည်။ ရေနံမြေသပိတ်အရေး ဆွေးနွေးပွဲကို သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်တင်မောင် (ပန်းတနော်) တို့နှင့်အတူ တက်ရောက်ခဲ့သည်။ တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲပြီးနောက် သခင်ထိပ်တင်ကိုယ်တော်ကြီး ဥက္ကဌအဖြစ်ဆောင်ရွက်သည့် သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံး၌ ဆက်လက်ဆောင်ရွက်သည်။

၁၉၃၈ နိုဝင်ဘာလ ၃ဝ ရက် ချောက်ရေနံမြေ အလုပ်သမားများ ရန်ကုန်ကို ခြေလျင် ချီတက်ရာ၊ တို့ဗမာအစည်းအရုံးက အာဇာနည် ဗိုလ်စာရင်း တောင်းခံသည့် ဒီဇင်ဘာလ ၆ ရက် ထုတ်ပြန်ကြေညာချက်ကို သန်လျင်အလုပ်သမား အစည်းအရုံး တာဝန်ခံအဖြစ် လက်မှတ်ရေးထိုးသည်။

၁၉၃၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၁၃ဝဝ ပြည့် အရေးတော်ကြီးအတွင်း ဒီဇင်ဘာလ ၈ ရက်နေ့တွင် အာဇာနည်ဗိုလ်အဖြစ် သခင်ဖေသန်း(စာရေးဆရာ၊ရုပ်ရှင်ဒါရိုက်တာသာဓု)၊သခင်ထိန်ဝင်း (ရဲဘော်သုံးကျိပ် ဝင် ဗိုလ်ဗလ အစ်ကို) တို့နှင့်အတူ မကွေးသို့ သွားရောက်ခဲ့သည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မကွေးမြို့ ၊မဲထီးကျောင်းတိုက်သပိတ်စခန်းတရားပွဲ၌နယ်ချဲ့ဆန့်ကျင်ရေးတရားဟောပြောမှုကြောင့် သခင်ခေါင်းဆောင် များနှင့်အတူ အဖမ်းခံရသည်။ မကွေးတရားရုံးက ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဗဟိန်း (နောင် သခင်ဗဟိန်း)၊ သမဂ္ဂအတွင်းရေးမှူးကိုဗဆွေ (နောင် ဖဆပလ ဝန်ကြီးချုပ်) တို့နှင့်အတူ ထောင်ဒဏ် ၃ လ ချမှတ်ခံရ၍ အင်းစိန်ဗဟိုအကျဉ်းထောင်သို့ အပို့ခံရသည်။ အကျဉ်းထောင်တွင် နိုင်ငံရေးသင်တန်းများ ပို့ချခဲ့သည်။ ၁၉၃၉ ဖေဖော်ဝါရီလတွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်သွားသည်။

အကျဉ်းကျနေစဉ် ၁၉၃၉ ဇန်န၀ါရီလ ၉ ရက်တွင် ဖွဲ့စည်းသည့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး နိုင်ငံလုံးဆိုင်ရာ အလုပ်အမှုဆောင်အဖြစ် အရွေးခံရသည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံတွင် သန်လျင်အလုပ်သမား အစည်းအရုံး တာဝန်ခံအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၁၉၃၉ မတ်လ ၂ ရက်နေ့တွင်  ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ အလုပ်သမား တရားပွဲတွင်  သခင်သိန်းမောင် (မီးဒုတ်) နှင့် အတူ မိန့်ခွန်းပြောကြားသည်။

၁၉၃၉ ဧပြီလ ၇ ရက်မှာ ၁၀ ရက်နေ့အထိ မော်လမြိုင်မြို့၌ ကျင်းပသော စတုတ္ထအကြိမ် တို့ဗမာ အစည်းအရုံး မော်လမြိုင်ညီလာခံသို့ တက်ရောက်၍ “မေလ ၁ ရက် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားနေ့ကို တို့ဗမာအစည်းအရုံးကြီးက အသိအမှတ်ပြုကြောင်း” အဆိုအမှတ် (၁၃) ကို တင်သွင်းခဲ့သည်။ ညီလာခံက သခင်စိုးကို တို့ဗမာအစည်းအရုံး ဌာနချုပ် အလုပ်သမားဌာန တာဝန်ခံအဖြစ် တာဝန်ပေးအပ်ခဲ့သည်။

၁၉၃၉ သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန် စမ်းချောင်းရပ် မြေနီကုန်း မြေနုလမ်းအမှတ် ၁၄ ရှိ သခင်ဗဟိန်းအိမ်တွင်မြေအောက်ကွန်မြူနစ်ပါတီကို လျှို့ဝှက်ဖွဲ့စည်းရာ သခင်အောင်ဆန်း (အထွေထွေအတွင်း ရေးမှူး)၊သခင်ဗဟိန်း၊သခင်လှဖေ(ဗိုလ်လကျာ်)၊ရဲဘော်ဂိုရှယ်၊ရဲဘော်နတ်(ဂ်) တို့နှင့်အတူ ပါတီတည်ထောင် သူအဖြစ် ပါဝင်ခဲ့သည်။

၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် မန္တလေးတွင် ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင် ဒုတိယအကြိမ် အစည်းအဝေးက သခင်စိုးအား ဗမာ့ထွက်ရပ်ဂိုဏ်း အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၄ဝ ပြည့်နှစ် မေလ ၁၁ မှ ၁၃ ရက်နေ့အထိ သာယာဝတီမြို့၌ ကျင်းပသော ပဉ္စမအကြိမ်မြောက် တို့ဗမာအစည်းအရုံး ညီလာခံက ဌာနချုပ်အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခဲ့သည်။

၁၉၄၁ ခုနှစ် ဇွန်လ ၂၂ ရက်တွင် ဂျာမနီက ရုရှားကို ဝင်တိုက်ရာ ကမ္ဘာ့စစ်ရေး အခြေအနေ ပြောင်းလဲမှုအရ ထောင်တွင်းရှိ သခင်လေးမောင်၊ သခင်ကျော်စိန်၊ သခင်သန်းထွန်း၊ သခင်လှအောင်ကြီး၊ သခင်နု တို့နှင့် တိုင်ပင်ဆွေးနွေးပြီး “နာဇီဖက်ဆစ်တိုက်သူတိုင်း မဟာမိတ် ဖြစ်ရမည်။ မဟာမိတ်တို့နှင့် ပူးပေါင်းပြီး ဖက်ဆစ်ဝါဒကို တိုက်ဖျက်ရမည်” ဟူသော “အင်းစိန်စစ်တမ်း” ကို ဦးဆောင်ရေးသားခဲ့သည်။ အင်းစိန်စစ်တမ်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဗြိတိသျှနယ်ချဲ့သမားဆန့်ကျင်ရေး လမ်းကြောင်းမှ ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေး လမ်းကြောင်းသို့ ပြောင်း၍ မြန်မာ့လွတ်လပ်ရေးကို ရယူရန် လမ်းညွှန်ထားသည်။ သခင်ကျော်စိန်၏ လက်မှတ်ဖြင့် အင်းစိန်စစ်တမ်းကို တို့ဗမာအစည်းအရုံးနှင့် အင်္ဂလန်လေဘာပါတီ ခေါင်းဆောင် ဆာစတက်ဖို့ဒဲကရစ်ထံ ပေးပို့ခဲ့သည်။

အင်းစိန်ထောင်မှ မြင်းခြံထောင်သို့ ပြောင်းရွှေ့ခံရသည်။ မြင်းခြံထောင်တွင်းမှ အင်းစိန် စစ်တမ်း၏ အဆက် “ဒီမိုကရေစီမဟာမိတ်တို့နှင့်လက်တွေ့ပူးပေါင်းကာ ဂျပန်ဖက်ဆစ်တို့အား တိုက်ပွဲဝင်ရန်အသင့်ရှိ ကြောင်း” သဘောရသည့် “မြင်းခြံစစ်တမ်း” ကို ရေးသားဖြန့်ဝေခဲ့သည်။

မြင်းခြံထောင်မှ မန္တလေး ဗဟိုအကျဉ်းထောင်အရောက် သခင်နု၊ သခင်ကျော်စိန်၊ သခင်ဗဟိန်း၊ သခင်မြသွင် တို့နှင့်အတူ နေရကာ ဖက်ဆစ်ဝါဒ ကမ္ဘာကိုလွှမ်းမိုးလျှင် လူတွေ ဘဝရှုံးလိမ့်မည်၊ ထို့ကြောင့် ဒီမိုကရေစီဘက်မှ ခြွင်းချက်မရှိ ကူညီတိုက်ရမည် ဟု ဆက်လက်ဟောပြော စည်းရုံးသည်။

ထို့နောက် သခင်စိုးသည် ဒီးဒုတ်ဦးဘချို၏ အဆက်အသွယ် တရုတ်တပ်များ အကူအညီဖြင့် ချုံကင်းသို့ လိုက်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် မေမြို့ (ပြင်ဦးလွင်) အရောက် စစ်ရေး အခြေအနေအရ မန္တလေး ထောင်တွင်းသို့ ပြန်အပို့ခံရသည်။ ၁၉၄၂ ခုနှစ် ဧပြီလ ၂၈ ရက်တွင် မန္တလေးထောင်မှ လွတ်မြောက်ခဲ့သည်။

ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ပြည်ပမှ ဆောင်ရွက်ရန် ကိုသိန်းဖေ၊ သခင်မြသွင်၊ သခင်ကျော်စိန် တို့နှင့်အတူတရုတ်ပြည်သို့ သွားရာ တရုတ်တပ်များနှင့် အဆင်မပြေ၍ အိန္ဒိယသို့ သွားရန်ကိုသိန်းဖေနှင့်အတူ စီစဉ်သည်။ ကိုသိန်းဖေနှင့် သခင်တင်ရွှေတို့ကို သခင်စိုးနှင့် သခင်တင်မြတို့က ပုသိမ်၊ သာပေါင်း ၊ ဂွလမ်းမှ ရခိုင်သံတွဲအရောက် လိုက်ပို့ခဲ့ကြသည်။ မင်းပြားတွင် ကိုသိန်းဖေနှင့် လမ်းခွဲကာ ဖက်ဆစ်ဆန့်ကျင်ရေးကို ပြည်တွင်းမှ ဦးဆောင်ရန် ရန်ကုန်ပြန်ခဲ့သည်။ သခင်တင်မြ၏ အကူအညီဖြင့် မြေအောက်ကွန်မြူနစ်ပါတီကို လျှို့ဝှက်ဖွဲ့စည်း၍ ကွန်မြူနစ်သဘောတရားနှင့် ဖက်ဆစ်ဆန့်ကျင်ရေး သင်တန်းများကို ရန်ကုန်မြို့နှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် ပို့ချသည်။ ထိုစဉ်အတွင်း “ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း အမှတ် -၁” ကို ရေးသားဖြန့်ဝေ စည်းရုံးခဲ့သည်။

၁၉၄၄ ဇန်န၀ါရီလ ၂၃ ရက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ပထမကွန်ဂရက်ကို ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ညောင်ချောင်းရွာ လယ်သမားကြီး ဦးဘကျော်၏ နေအိမ်၌ လျှို့ဝှက် ကျင်းပခဲ့သည်။ ကွန်ဂရက်သို့ သခင်စိုး၊ ကိုသွင် (နောင် ပြည်ထောင်စုအစိုးရ၀န်ကြီး ကျိုက်မရော ဦးသွင်) ၊ ကိုကျော်ဝင်း၊ ကိုထွန်းစိန်၊ ရေနံမြေ သခင်အေးမောင်၊ ကိုနေဝင်း(အလံနီ)၊ ကိုစံညွန့် နှင့် သခင်တင်မြတို့ တက်ရောက်ခဲ့ကြသည်။ လေ့လာသူအဖြစ် ကျိုက်လတ်မှ ကိုဌေးအောင် တက်ရောက်သည်။

၁၉၄၄ ခုနှစ် နှစ်ဦးတွင် ဗမာ့တပ်မတော်မှ ဗိုလ်မောင်မောင် (နောင်သံအမတ်၊ ဗိုလ်မှူးချုပ် မောင်မောင်)၊ ဗိုလ်အောင်ကြီး (နောင်ဗိုလ်မှူးချုပ်)တို့က ဗိုလ်မှူးကြီးနေဝင်းကို ခေါင်းဆောင်တင်ပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးစတင်ရန်စီစဉ်ခဲ့ရာသခင်စိုးက“လက်ဝဲသွေဖည်ရေးအန္တရာယ်” စာတမ်းရေးသားကာ ဝေဖန်ကန့်ကွက်ခဲ့သည်။

၁၉၄၄ သြဂုတ်လ ၄ ရက်မှ ၇ ရက်နေ့အထိ ဗမာ့တပ်မတော် ပဲခူးစံပြတပ်ရင်းရှိ ဗိုလ်ကျော်ဇောအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်းတို့ လျှို့ဝှက် တွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ရေးသားသည့် နယ်ချဲ့ ဖက်ဆစ်ဓါးပြ ဂျပန်လူရိုင်းများကို မောင်းထုတ် ဟူသောကြေညာချက်စာတမ်းအမှတ်(၁) ကို လက်ခံ၍ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် (ဖတပ) ကို ဖွဲ့စည်းခဲ့သည်။

၁၉၄၄ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ညွှန်ကြားချက်အရ ပြည်သူ့အရေးတော်ပုံပါတီမှ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ တပ်မတော်မှ ဗိုလ်မှူးကြီးနေဝင်း၊ ဗိုလ်ရဲထွဋ်တို့က ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီ ပူးပေါင်းရေးအတွက် ဒေးဒရဲရှိ သခင်စိုးထံ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

၁၉၄၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၃ ရက်နေ့အထိ သခင်စိုး နေထိုင်ရာ ဒေးဒရဲမြို့နယ် ချောင်းဖျားကျေးရွာ၌  ပြည်သူ့အရေးတော်ပုံပါတီမှ ကိုဗဆွေ (နောင်ဝန်ကြီးချုပ်)၊ သခင်ချစ် (ဗကပအတွင်းရေးမှူး၊တောတွင်းကျဆုံး)၊ ဗိုလ်ခင်မောင်ကလေး (ပြည်ထဲရေးဝန်ကြီးဟောင်း)၊ ဗိုလ်မောင်မောင် (သံအမတ်၊ဗိုလ်မှူးချုပ်)၊ဗိုလ်အောင်ကြီး(ဗိုလ်မှူးချုပ်)တို့နှင့်တွေ့ဆုံဆွေးနွေး၍ တစ်ပါတီတည်း ပေါင်းစည်းသည့် “တော်လှန်ရေး တပ်ဦး” ကြေညာချက်ကို လက်မှတ်ရေးထိုးသည်။ ရေးထိုးပြီး ၂ လအကြာ နိုဝင်ဘာလတွင် သခင်စိုးက သဘောတူညီချက်ကို ပယ်ဖျက်ခဲ့သည်။

၁၉၄၅ မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့ပတ်လမ်း (ယခုနတ်မောက်လမ်း) ရှိ ဗိုလ်ချုပ် အောင်ဆန်း နေအိမ်တွင် ဖက်ဆစ်တိုက်ဖျက်ရေး နှင့် ပြည်သူ့အဖွဲ့ချုပ် ခေါင်းဆောင်များ၏ အစည်းအဝေး ကျင်းပသည်။ ယင်းအစည်းအဝေးတွင် အိန္ဒိယနိုင်ငံ မဟာမိတ်စစ်ဌာနချုပ်မှ ပေးစာနှင့် ဦးသိန်းဖေမြင့်ထံမှ ပေးစာတို့အပေါ် မူတည်၍ ဆွေးနွေးကာ ဖက်ဆစ်ဂျပန်တော်လှန်ရေး နှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို သဘောတူ ချမှတ်ခဲ့သည်။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်၏ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) ဟု ပြင်ဆင်ပြီး ဖတပလ ဦးစီးအဖွဲ့ကို တပ်မတော်ကိုယ်စားလှယ် ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့မှ ကိုယ်စားလှယ် သုံးဦးစီဖြင့် ပြင်ဆင်ဖွဲ့စည်းသည်။

ထို့နောက် ဗမာ့ကာကွယ်ရေးတပ်မတော်ကိုလည်း “ပြည်သူ့လွတ်လပ်ရေး တပ်မတော်” (အတိုကောက်အားဖြင့် ပြည်သူ့တပ်မတော်) ဟု အမည်ပြောင်းလဲရန်နှင့် ဖက်ဆစ်ဂျပန်များကို လက်နက်ကိုင် တော်လှန်ရေး စတင်ရန် မြန်မာနိုင်ငံအနှံ့ရှိ တပ်မတော် တပ်ဖွဲ့များနှင့် ဖတပလ အဖွဲ့ခွဲများသို့ “ပုန်ကန်ထကြွရေး ညွှန်ကြားချက် အမှတ် – ၁” ထုတ်ပြန်ရန် သဘောတူခဲ့ကြသည်။

ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲရန် စစ်တိုင်းကြီးများခွဲခြင်း၊ စစ်နယ်မြေများ သတ်မှတ်ခြင်း နှင့် တာဝန်ခံ စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ ရွေးချယ်ခြင်း စသည်တို့ကို ဆွေးနွေးဆုံးဖြတ်ကြသည်။ ထို့ပြင် စစ်ရေး ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ၊ နိုင်ငံရေးခေါင်းဆောင်အဖြစ် သခင်စိုး၊ နိုင်ငံခြား ဆက်ဆံရေး ခေါင်းဆောင်အဖြစ် သခင်သန်းထွန်း တို့ကို ရွေးချယ်ခဲ့သည်။

၁၉၄၅ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးတွင် သခင်စိုးသည် မြစ်ဝကျွန်းပေါ် တိုင်း (၂) ၏ နိုင်ငံရေး တာဝန်ခံအဖြစ် ပါဝင်ခဲ့သည်။ တိုင်း (၂) စစ်ရေး ခေါင်းဆောင်မှာ ဗိုလ်မှူးကြီး နေဝင်း ဖြစ်သည်။

ဖက်ဆစ်တော်လှန်ရေးအပြီး ၁၉၄၅ ခုနှစ် မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ စမ်းချောင်း ၊ ဗားကရာလမ်း အမှတ် ၁၃၈ အဆောက်အဦတွင် ကွန်မြူနစ်ပါတီ ဆိုင်းဘုတ်တင်ခဲ့သည်။

၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှ ၂၇ ရက်နေ့အထိ ဌာနချုပ်၌ ကွန်မြူနစ်ပါတီ၏ ဒုတိယအကြိမ် ကွန်ဂရက်ကို သခင်သန်းထွန်းက ဦးဆောင်ကျင်းပသည်။ ကွန်ဂရက်က သခင်စိုးကို တော်လှန်ရေးမတိုင်မီ လက်ရှိဇနီး မခင်စီနှင့် တရားဝင် မပြတ်စဲဘဲ ပါတီကေဒါ မနှင်းမေ နှင့် တိတ်တဆိတ် ပေါင်းသင်းနေသည့် အတွက် အိမ်ထောင်ရေးပြစ်မှုဖြင့် ပါတီဝင်အဖြစ်မှ ၂ နှစ် ရပ်စဲလိုက်သည်။ ပါတီအထွေထွေ အတွင်းရေးမှူးသစ် အဖြစ် အိန္ဒိယနိုင်ငံရောက်နေသော ကိုသိန်းဖေ(သိန်းဖေမြင့်)ကို ရွေးချယ်လိုက်သည်။ဤသို့ ရပ်စဲလိုက်သည့် အတွက် သခင်စိုးသည် မခံမရပ်နိုင် ဖြစ်သွားသည်။ ယင်းပါတီ ကွန်ဂရက်မှ သခင်တင်မြအား သခင်စိုးကို အမြဲစောင့်ကြည့်၍ သူလိုအပ်သည့် အကူအညီများ ပေးရန် တာဝန်ပေးအပ်ခဲ့သည်။

ပါတီဝင်အဖြစ် ရပ်စဲခံနေရစဉ်အတွင်း ၁၉၄၅ စက်တင်ဘာလ ၁၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ကာလကတ္တား ကွန်မြူနစ်ပါတီသို့ ဗြိတိသျှစစ်တပ်မှ ကွန်မြူနစ်ပါတီဝင် မေဂျာအန်းဂတ်၏ အကူအညီဖြင့် သခင်စိုးအား လေယာဉ်ဖြင့် လျှို့ဝှက် ပို့လိုက်သည်။ ကာလကတ္တားမှတဆင့် ဘုံဘေ (ယခု မွန်ဘိုင်းလ်) သို့ မီးရထားဖြင့်သွားရောက်နိုင်ခဲ့သည်။ဘုံဘေတွင် သခင်စိုးသည် ဂိုရှယ်(ရဲဘော်ဘတင့်)နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။ သခင်စိုးသည် အိန္ဒိယတွင် နိုင်ငံရေး အခြေအနေ လော့လာပြီးနောက် ရခိုင်ဘက်မှတဆင့် ရန်ကုန်သို့ လျှို့ဝှက်ပြန်လာသည်။အိန္ဒိယမှအပြန် ၁၉၄၅ခုနှစ်ဒီဇင်ဘာလတွင် သခင်စိုးသည် သခင်ဗဟိန်းကိုယ်စား ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုအလုပ်အမှုဆောင၊် သမဂ္ဂဥက္ကဌနှင့် ဖဆပလ ဗဟိုဦးစီး အဖွဲ့ဝင် ဖြစ်လာသည်။

၁၉၄၆ ခုနှစ် ဇန်န၀ါရီလ ၂ဝ ရက်နေ့ထုတ် ကွန်မြူနစ် နေ့စဉ်သတင်းစာ “ပြည်သူ့အာဏာ” ပါ ဖဆပလ အတွင်းရေးများကို ဖွင့်ချသည့်သခင်စိုး၏ “ဒိုမီနီယံ ဦးဘဘေကို လိပ်ကျောက်မြီးနှင့်ဆော်ပြီ” ဆောင်းပါးကြောင့် ဖဆပလနှင့် ကွန်မြူနစ်ပါတီတို့ ဆက်ဆံရေး ကွဲအက်လာခဲ့ရသည်။

၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၇ ရက်နေ့အထိ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပခဲ့သည်။  အစည်းအဝေး၌ သခင်စိုးသည် ပါတီဗဟိုကော်မတီဝင် ဖြစ်လာသည်။ အစည်းအဝေး၌ သခင်စိုးသည် စာတမ်း ၃ စောင် (ငြိမ်းချမ်းစွာဖြစ်ပေါ်ရေး (ဘရောက်ဒါ ဝါဒ) ဝေဖန်ချက်၊ စက္ကူနီစာတမ်း၊ ဝေဖန်ရေး အစီရင်ခံစာ) တို့ကို တင်သွင်းခဲ့သည်။

ဝေဖန်ရေး အစီရင်ခံစာတွင် သခင်စိုးက –
“၁၉၄၅ ဖေဖော်ဝါရီလက ဘရောက်ဒါဝါဒ (လက်နက်ချအရှုံးပေးရေးဝါဒ) ကို ဗမာပြည်အတွင်းသို့ တင်သွင်းခဲ့သူမှာ သခင်သိန်းဖေ (သိန်းဖေမြင့်) ဖြစ်ပြီး၊ ပါတီတွင်း လက်ခံကျင့်သုံးခဲ့သူမှာ သခင်သန်းထွန်းနှင့် ကျွန်တော်ဖြစ်ပါသည်။ အကာလ ညအခါလည်းဖြစ် ၊ အကျင့်ဖောက်ပြားပြီး မြူဆွယ်လာသည့် မိန်းမပျိုနှင့် တွေ့သည့်အခါ ကျွန်တော် စိတ်မထိန်းနိုင်တော့ဘဲ ဖောက်ပြားခဲ့ရသူ ဖြစ်သည့်အတွက် ခွင့်လွှတ်ကြရန် တောင်းပန်ပါသည်။ သခင်သိန်းဖေနှင့် သခင်သန်းထွန်းတို့သည် ကုရာနတ္တိ ဆေးမရှိ သူများ ဖြစ်သည့်အတွက် သူတို့နှစ်ယောက်ကို ကုပေးနိုင်မည့်အရာမှာ ကြံတောသုဿန်သာ ဖြစ်ပါသည်” ဟု သူ၏ ဝေဖန်ရေး အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
ထို့နောက်သခင်စိုးက ဒုတိယပါတီကွန်ဂရက်သည် သခင်သိန်းဖေနှင့်သခင်သန်းထွန်းတို့ကို ပါတီဗဟို ကော်မတီဝင်နှင့် ပေါလစ်ဗျူရို အဖွဲ့ဝင်ရာထူးမှ နုတ်ထွက်ပေးရမည် စသည်ဟုဆို၍ သူကိုယ်တိုင် ပါတီဗဟိုကော်မတီဝင်နှင့် ပေါလစ်ဗျူရိုအဖွဲ့သစ်စာရင်းကို တင်သွင်းခဲ့သည်။ သခင်စိုး၏ အစီရင်ခံစာကို ဗဟိုကော်မတီဝင် ၂၉ ဦးက ကန့်ကွက်၍ သခင်စိုးအား သူ၏ တပည့်ရင်း သခင်တင်မြ၊ ကိုထွန်းရင်၊ ကိုထွန်းစိန်၊ ကိုသက်တင်၊ ကိုထွန်းလှ၊ ကိုထွန်းသန်း၊ မစောမြ အစရှိသည့် (၇) ဦးက ထောက်ခံခဲ့ကြသည်။ ထို့ကြောင့် သခင်စိုးနှင့် သူ၏တပည့် (၇) ဦးကို ပါတီသွေးခွဲမှုဖြင့် ကွန်မြူနစ်ပါတီမှ ၁၉၄၆ မတ်လ ၆ ရက်နေ့တွင် ထုတ်ပယ်လိုက်ကြောင်း သဘာပတိ သခင်ဗဟိန်းက ထုတ်ပြန်ခဲ့သည်။

နှစ် မတ်လ ၁၁ ရက်နေ့တွင် သခင်စိုးသည် ထုတ်ပယ်ခံရသည့် သူ့တပည့် (၇) ဦးနှင့်အတူ ဗဟိုကော်မတီအစည်းအဝေး ကျင်းပ၍ ၊ ကွန်မြူနစ်ပါတီ (ဗမာပြည်) (C.P.B) ကို သီးခြား တည်ထောင်ခဲ့သည်။
ထို့နောက် သခင်စိုး ခေါင်းဆောင်ပြီး စမ်းချောင်းမင်္ဂလာလမ်း အမှတ် ၁ဝ ရှိ သခင်သန်း၏ အိမ်တွင် ဌာနချုပ်ဖွင့်ပြီး သတင်းစာကွန်ဖရင့်ကျင်းခဲ့သည်။ ယင်းသတင်းစာကွန်ဖရင့်၌ ပါတီ၏အမည်ကို  ကွန်မြူနစ်ပါတီ (ဗမာပြည်) ဟု ခေါ်ကြရန် ရှင်းပြခဲ့သည်။ ထို့အပြင် သခင်သိန်းဖေနှင့် သခင်သန်းထွန်းတို့၏ ပါတီကိုမူ “သိန်းသန်းတို့၏ အချောင်သမားပါတီ” ဟု အမည်တပ်ပြီး ခေါ်ကြရန် ပြောကြားခဲ့သည်။ ယင်းပါတီတွင် သခင်စိုးသည် ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူ၍ ပါတီကြွေးကြော်သံ “အာဏာသစ်” ဂျာနယ်မှ ကိုသိန်းဖေ၊ သခင်သန်းထွန်း ၊ ဖဆပလနှင့် ဖဆပလ ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်းတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ဒီမိုနီယံအန္တရာယ် (၁၉၄၆) ၊ ပြည်သူ့ရုံးတော် (၁၉၄၆)၊ လက်တွေ့ကွန်မြူနစ်ဝါဒ (၁၉၄၆) စာအုပ်ဖြင့် ဝေဖန်တိုက်ခတ်ခဲ့သည်။

၁၉၄၆ မတ်လ ၁၄ တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)က ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်၌ သခင်စိုး ဂိုဏ်းခွဲထောင်မှုနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ မတ်လ ၁၈ ရက်တွင် ပြည်သူ့လွတ်လပ်ရေး(ဆိုရှယ်လစ်)ပါတီ အထွေထွေအတွင်းရေးမှူး ဦးဗဆွေက ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲခြင်းမှာ အချောင်သမားဂိုဏ်းနှင့် အယူသည်းဂိုဏ်း ဗိုလ်လု၍ ကွဲခြင်းဖြစ်ကြောင်း သဘောထား တစ်ရပ် ထုတ်ပြန်ခဲ့သည်။

၁၉၄၆ ဧပြီလ ၁၆ ရက်နေ့တွင် သခင်စိုး၏ ကွန်မြူနစ်ပါတီ (ဗမာပြည်) မှ ဖဆပလ အဖွဲ့ချုပ်သို့ ပါတီအလိုက် ဝင်ရောက်လိုကြောင်း စာပေးပို့ခဲ့သည်။

သခင်စိုးခေါင်းဆောင်သော ကွန်မြူနစ်ပါတီ (ဗမာပြည်) သည် အတွင်းများရုံး (နောင်ဝန်ကြီးများရုံး) ၊ ပုလိပ်ရုံးကြီး (နောင် ပဆလ ပါတီဌာနချုပ်) များကိုဝိုင်း၍ “သေရဲတာ အလံနီ၊ သတ်ရဲတာ အလံနီ” ဟူ၍ ကြွေးကြော်ဆန္ဒပြ သပိတ်မှောက်ရာမှ အလံနီပါတီဟု အမည်တွင်ခဲ့သည်။ ၁၉၄၆ မေ ၂၉ တွင် အလံနီ ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်စိုးအား ၁၉၄၆ မေ ၂၈ က တရားမဝင် အစည်းအဝေး ကျင်းပသည့်အတွက် တွေ့သည့်နေရာ၌ ဖမ်းဆီးရန် ဝရမ်းထုတ်ပြန်သည်။

၁၉၄၆ ဇူလိုင်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ ဘုရင်ခံချုပ် ဟင်နရီနိုက်က သခင်စိုး ဦးဆောင်သည့် ကွန်မြူနစ်ပါတီ (ဗမာပြည်)အား အငတ်ပြဿနာကို အကြောင်းပြု၍ ဆန်လုပွဲများပြုလုပ်ခြင်း၊ ဟံသာဝတီ ခရိုင် တောင်သူလယ်သမားတို့အား အခွန်မပေးရန် လှုံ့ဆော်ခြင်းတို့ကြောင့် ကွန်မြူနစ်ပါတီ (ဗမာပြည်) နှင့် တောင်သူလယ်သမားသမဂ္ဂနှင့် ၎င်းတို့၏ ကော်မတီအဖွဲ့ခွဲများ၊ ဆပ်ကော်မတီများနှင့် အဖွဲ့အားလုံးကို တိုင်းပြည်ငြိမ်ဝပ်ပိပြားရေး ထိခိုက်ဖွယ်ရှိသည်ဟု ယူဆသဖြင့် မတရားအသင်း ကြေညာခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ လက်ထက်၌ မတရားသင်း အမိန့်ကို ပယ်ဖျက်ပေး၍ သခင်စိုးထောင်မှ ပြန်၍ လွတ်မြောက်လာသည်။ အလံနီပါတီသည် ဖဆပလ လမ်းစဉ်ကို ဆက်လက်ဆန့်ကျင်၍ လွတ်လပ်ရေးကို တိုက်ယူရမည် သဘောထားဖြင့် ဆန္ဒပြပွဲ ၊ ဆန်လုပွဲများ ဦးဆောင် လှုံ့ဆော်ခဲ့ရာ ၁၉၄၇ ဇွန်လ ၂၄ ရက်နေ့တွင် မတရားသင်း ထပ်မံကြေညာခံရသည်။

၁၉၄၈ မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ ဗားကရာ၌ သခင်စိုး အဖမ်းခံရသည်။ သခင်စိုး အဖမ်းခံနေရစဉ် သခင်စိုးသည် အလံနီပါတီအား ဖဆပလ အစိုးရကို လက်နက်ကိုင် ပုန်ကန်ရန် မတ်လ ၂၄ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

၁၉၄၉ ဧပြီ ၅ ရက်နေ့တွင် တော်လှန်ပုန်ကန်နေသည့် ရဲဘော်ဖြူနှင့် တော်လှန်သော ဗမာ့တပ်မတော်က သာယာဝတီထောင်ကို ထောင်ဖွင့်ပေးရာ သခင်စိုး လွတ်မြောက်သွားခဲ့လေသည်။

၁၉၄၉ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ သခင်စိုး ဦးဆောင်သော အလံနီပါတီသည် အစိုးရကို လက်နက်ကိုင်ဆန့်ကျင်ခဲ့သည်။အလံနီပါတီဌာနချုပ်ကို မြစ်ဝကျွန်းပေါ်ကျိုက်လတ်၊ဒေးဒရဲ၊ တွံတေးတောကြီး တန်း၊ မုံရွာခရိုင်ပုလဲမြို့နယ်၊ ရိုးမ ကော့ချောင်းဖျား၊ စေတုတ္ထရာမြို့နယ် ဖူးကြီးတောင်၊ လောင်းရှည်မြို့နယ် နွားမတောင်သို့ အသီးသီး ပြောင်းရွှေ့ခဲ့သည်။

၁၉၆၀ ပြည့်နှစ်က အလံနီပါတီသည် ထီးလင်းမြို့နယ် ဆင်စွယ်ရွာကို မြေလှန်၍ ရွာသား ၇၄ ယောက်ကို ရက်စက်စွာ သတ်ဖြတ်သည်။

၁၉၆၃ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် သခင်စိုး ခေါင်းဆောင်သော အလံနီပါတီ ပဏာမ ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်သို့ ရောက်လာသည်။ တော်လှန်ရေးကောင်စီနှင့် သြဂုတ်လ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးသည်။ သဘောတူညီမှု မရရှိသောကြောင့် သြဂုတ်လ ၁၉ ရက်တွင် တော်လှန်ရေးကောင်စီက ဆွေးနွေးပွဲ ရပ်စဲလိုက်ကာ သခင်စိုး ဦးဆောင်သောအဖွဲ့က တောတွင်းသို့ ပြန်လည် ထွက်ခွာသွားသည်။

၁၉၇၁ ခုနှစ်တွင် အလံနီ ဗဟိုကော်မတီဝင်များ၏ သဘောတူညီမှုဖြင့် ငြိမ်းချမ်းရေးအတွက် သခင်စိုး ကိုယ်တိုင်ခေါင်းဆောင်ဆွေးနွေးရန်သခင်စိုး၊ဇနီးမခင်စု၊ သား ခင်မောင်စိုး တို့ကို ဗဟိုကော်မတီက ကျွန်းချောင်း ပြည်သူ့စစ်ထံ အပ်နှံခဲ့သည်။ ၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျွန်းချောင်း ပြည်သူ့စစ်က ဆိပ်ဖြူမြို့နယ် ခလရ (၈၇) ထံ လွှဲပေးခဲ့သည်။

၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အင်းစိန်အကျဉ်းဦးစီးဌာန သင်တန်းခန်းမ၌ နိုင်ငံတော် ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၂ (ခ) အရ အရေးယူထားမှုကို အငြိမ်းစား အကျဉ်းမင်းကြီး ဦးသန်းနွှဲ့ နာယက ဆောင်ရွက်သော အထူးရာဇ၀တ်ခုံရုံးက အမှုစတင် စစ်ဆေး၍ ၊ အထူးရာဇဝတ်ရုံးမှ ၁၉၇၃ ဇန်န၀ါရီ ၁၅ တွင် သေဒဏ်ချမှတ်ခဲ့သည်။ ၁၉၄၇ တွင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြဌာန်းအတည်ပြုခြင်း အထိန်းအမှတ်အဖြစ် သေဒဏ်မှ တစ်သက်တကျွန်းသို့ ပြောင်းလဲချမှတ်ခဲ့သည်။

၁၉၈ဝ ပြည့်နှစ် မေလ ၂၈ ရက်တွင် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခြင်း အထိမ်းအမှတ်အဖြစ် အမိန့်အမှတ် ၂/၈ဝ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာမှ သခင်စိုးသည် ထောင်မှ ကွင်းလုံးကျွတ် လွတ်မြောက်သွားခဲ့သည်။ ထောင်မှ လွတ်မြောက်ပြီးနောက် တချိန်က မိမိကိုယ်တိုင် နာမည်ပေးခဲ့သော (မင်းမနိုင်) ဦးဝိစာရရိပ်သာ၊ တိုက် ၂၉ ၊ အခန်း (၈) ပထမထပ်တွင် နေထိုင်ခွင့်ရခဲ့သည်။ ၎င်းတိုက်ခန်းအား ဦးနေဝင်းကနိုင်ငံရေး လုပ်ဖော်ကိုင်ဖက်ဖြစ်သောသခင်စိုးအား ငွေကြေးမယူဘဲ အိမ်ခန်းပေး ခဲ့ခြင်း ဖြစ်သည်။

သခင်စိုးသည် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ၁၉၈၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ရရှိခဲ့သည်။ မကွယ်လွန်မီ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ခဲ့သော “ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ” ၏ နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

သခင်စိုးသည် အင်္ဂလိပ်ခေတ် ကတည်းကပင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စာပေများကို ရေးသားခဲ့သူ ဖြစ်သည်။ “အလုပ်သမားလောက”၊ “ဗမာ့တော်လှန်မှု” ၊ “ကျွန်မချစ်လင်”  စသော စာအုပ်များကို ရေးသားခဲ့သည်။ ထို့ပြင် ဘူဂေးရီးယားပြည်သား ဂျော့ဒီမစ်ထရော့စ်၏ အလုပ်သမားလူတန်းစား၏ ဖက်ဆစ်ဆန့်ကျင်ရေး စာအုပ်ကိုလည်း ဘာသာပြန်ခဲ့သည်။ နောက်ဆုံး ရေးသားခဲ့သော စာမူများမှာ ‘အကျပ်အတည်းမှ လွတ်မြောက်ရာ တစ်ခုတည်းသော လမ်းသို့’ ၊ ‘ကမ္ဘာ့စီးပွားရေး ပြဿနာကို ဖြေရှင်းပြခြင်း’ ၊ ‘အမိနိုင်ငံတော်အတွက် တိုးတက်မှန်ကန်သော လမ်းများကို ရှာဖွေခြင်း’၊ ‘ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း’ တို့ကို ပြုစုခဲ့သော်လည်း စာအုပ်အဖြစ် မထုတ်ဝေရသေးပေ။

သခင်စိုးသည် အိမ်ထောင် ၆ ဆက်ကျခဲ့ရာ၊ ဇနီးအမည်များမှာ လှလေးစိန်၊ မြလေးစိန်၊ (သားကိုမြသိန်း၊ သမီးမာမာမြင့်)၊ မခင်စီ၊ မနှင်းမေ (သမီးရီရီစိုး၊ နီနီစိုး)၊ မငွေစံ၊ မခင်စု (သား ခင်မောင်စိုး၊ သမီး နွယ်ရီစိုး) တို့ ဖြစ်သည်။

ထို့နေက် ၁၉၈၄ ခုနှစ် မေလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ၊ ဦးဝိစာရအိမ်ရာ၊ တိုက် ၂၉ ၊ အခန်း ၈ (ပထမထပ်) ၌ ကွယ်လွန် သွားခဲ့သည်။

ကြွင်းကျန်သော ရုပ်ကလာပ်ကို ကြံတောသုဿန်၌ မိသားစုနှင့် တပည့်များက ဂူသွင်း သဂြိုဟ်ခဲ့သည်။

စာကိုး
၁။ မောင်ဇေယျာ၊ မြန်မာလူကျော် ၁၀၀ (ဒုတိယအုပ်) Unity စာပေ၊ ၂၀၁၂ ၊ မေလ
၂။ သခင်စိုး၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ
၃။ သန်းဝင်းလှိုင်၊ အနှစ်ချုပ် မြန်မာ့သမိုင်း အဘိဓါန် (ပထမတွဲ) ပညာရွှေတောင် ၂၀၁၀။
၎။ သန်လျင်တင်ထွန်း “သခင်စိုး၏ ကိုယ်ရေးအကျဉ်းချုပ်” Northern Star (၂၀၁၀ မတ် ၂၅)
၅။ သခင်တင်မြ၏ ပြောပြချက်များ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်

3 Responses to သန်းဝင်းလှိုင် – သမိုင်းတကွေ့မှ သခင်စိုး

  1. kyawkyar on April 13, 2014 at 8:12 am

    လ ၄ ရက်နေ့တွင် ရရှိခဲ့သည်။ မကွယ်လွန်မီ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ခဲ့သော “ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ” ၏ နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

    ///////////////////////////////////

    ထို့နေက် ၁၉၈၄ ခုနှစ် မေလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ၊ ဦးဝိစာရအိမ်ရာ၊ တိုက် ၂၉ ၊ အခန်း ၈ (ပထမထပ်) ၌ ကွယ်လွန် သွားခဲ့သည်။
    //////////////

    wondering . ? ? . date are wrong ? .
    could you please rectify these, if any .

  2. Than Win Hlaing on April 13, 2014 at 3:31 pm

    ၁၉၈၉ မေလ ၄ ရက်နေ့ တွင်ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပါသည်။စာစီမှားသွားခြင်းဖြစ်ပါသည်။
    စာရေးသူ

  3. kyawkyar on April 14, 2014 at 11:33 am

    the author is a gentleman. He is a responsible person.
    He rectifies as needed in timely manner and effectively.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)