မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၆၁)

April 15, 2014

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၉၂၊ ဧပြီလ ၁၀ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၆၁)

အောင်ဒင်၊ ဧပြီ ၁၅၊ ၂၀၁၄

အပိုင်း (၆၁) ကျောင်းသားအခွင့်အရေးကို မျက်ကွယ်ပြုတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်း (၂)

#အခန်း (၅) အခြေခံပညာကဏ္ဏ

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေခံပညာရေးစနစ်မှာ သူငယ်တန်းမှ ဒဿမတန်းအထိ အတန်းပေါင်း (၁၁) တန်းရှိပြီး ဒီအမျိုးသားပညာရေးဥပဒေကြမ်းမှာ “အခြေခံပညာရေး၏ ကျောင်းပညာသင်ကာလမှာ သူငယ်တန်းပြီးသည့်နောက် (၁၂) နှစ် ဖြစ်ရမည်၊” လို့ ပြဋ္ဌန်းထားပါတယ်၊ ဒါပေမည့် မတ်လ (၂၁) ရက်နေ့အစည်းအဝေးမှာ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်က စာသင်နှစ်တွေကို ချက်ချင်းမတိုးပဲ အရည်အသွေးပြည့်ဝတဲ့ သင်ကြားရေးလုပ်ငန်းမျိုးကို အရင်တည်ဆောက်ဖို့ အကြံပြုပြီး မူလပြဋ္ဌန်းချက်ကို “အခြေခံပညာရေး၏ ကျောင်းပညာသင်ကာလမှာ သူငယ်တန်းပြီးသည့်နောက် (၁၂) နှစ်သော ပညာသင်နှစ်ကို ဦးတည်ဆောင်ရွက်မည်၊” လို့ ပြင်ဆင်ရန် အကြံပြုပါတယ်၊ ဆိုလိုတာက အခြေခံပညာကဏ္ဏကို အခုအတိုင်း သူငယ်တန်းကနေ ဆယ်တန်းအထိ (၁၁) နှစ်ပဲထား၊ ပညာရေးအဆင့်အတန်းမြင့်အောင်အရင်လုပ်၊ ပညာရေးအဆင့်မြင့်ပြီဆိုမှ (၁၂) တန်းစနစ်ပြောင်းလို့ ဖြစ်မယ်ထင်ပါတယ်၊ သူ့အကြံပြုချက်ကို ဥပဒေကြမ်းကော်မီတီက ထောက်ခံပြီး ဘယ်လွှတ်တော်ကိုယ်စားလှယ်ကမှ မကန့်ကွက်လို့ အတည်ဖြစ်သွားခဲ့ပါတယ်၊

 

တကယ်တော့ ပညာရေး အဆင့်အတန်းမြှင့်ဖို့ ဆိုရင် အခြေခံပညာ (၁၂) တန်းအဆင့်အထိ ပြဋ္ဌန်းဖို့လိုအပ်ပါတယ်၊ ကမ္ဘာပေါ်မှာ ပညာရေးအဆင့်အတန်းမြင့်မားတဲ့ နိုင်ငံတွေအားလုံး အခြေခံပညာကို (၁၂) တန်း အထိ သတ်မှတ်ထားကြပါတယ်၊ မြန်မာနိုင်ငံက ဆယ်တန်းအောင်တဲ့ ကျောင်းသားတစ်ယောက် အမေရိကန်ပြည်ထောင်စုမှာ ပညာဆက်သင်မယ်ဆိုရင် တက္ကသိုလ်၊ ကောလိပ်တွေကို တိုက်ရိုက်တက်ခွင့်မရပဲ အမေရိကန်က (၁၂) တန်းအဆင့်နဲ့ညီဖို့ လိုအပ်တဲ့ အတန်းတွေကို နှစ်နှစ်ကနေ သုံးနှစ်လောက် အရင်တက်ရပါတယ်၊ မြန်မာနိုင်ငံက ဘွဲ့တစ်ခုခုရပြီးသူတွေ အမေရိကန်မှာ ဘွဲ့လွန်တန်းတက်မယ်ဆိုရင်လည်း အခြေခံပညာအဆင့်မှာ (၁၂) တန်းထိ မတက်ခဲ့ရလို့ သတ်မှတ်ပညာသင်ချိန် (Credit Hours) မပြည့်တာမို့ ဘွဲ့လွန်တန်းကို တိုက်ရိုက်တက်ခွင့်မရှိပဲ လိုအပ်တဲ့ အတန်းတွေအရင်တက်ရပါတယ်၊ ဒါကြောင့်မို့ ပညာရေးအဆင့်မြှင့်ခြင်းနဲ့ အခြေခံပညာကို (၁၂) တန်းအဆင့်ထိ သတ်မှတ်ခြင်းတို့ဟာ တစ်ပြိုင်တည်းလုပ်ရမှာပါ၊ တစ်ခုပြီးမှ တစ်ခုလုပ်ရမည့်ကိစ္စမဟုတ်ပါ၊ အမျိုးသားလွှတ်တော်က ဒီပြင်ဆင်ချက်ကို ပြန်လည်ပြင်ဆင်ပြီး (၁၂) တန်းစနစ်ကို အတည်ပြုသင့်ပါတယ်၊

 

အခြေခံပညာကဏ္ဏမှာပဲ နောက်ထပ်လိုအပ်ချက်တစ်ခုက “အခြေခံပညာ ကျောင်းသားသမဂ္ဂများဖွဲ့စည်းခွင့်” ဖြစ်ပါတယ်၊ အနည်းဆုံး အခြေခံပညာ အထက်တန်းအဆင့်မှာ ကျောင်းအလိုက် လွတ်လပ်သောကျောင်းသားသမဂ္ဂများ ဖွဲ့စည်းလှုပ်ရှားခွင့်ရှိရပါမယ်၊ ကျောင်းသားသမဂ္ဂများတည်ရှိမှ ကျောင်းသားအခွင့်အရေးအကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာလည်း အခြေခံပညာကျောင်းသားသမဂ္ဂများ တည်ရှိခဲ့ပြီး အဲဒီ အခြေခံပညာကျောင်းသားသမဂ္ဂများစုစည်းလို့ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ၊ ဟံသာဝတီခရိုင်ကျောင်းသားသမဂ္ဂတွေ ပေါ်ထွန်းခဲ့ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂများနဲ့ အတူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ကြတာပါ၊ ဒါကြောင့်မို့ “အခြေခံပညာကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းလှုပ်ရှားခွင့်” ကို အခြေခံပညာကဏ္ဏမှာ ပြဋ္ဌန်းချက်တစ်ခုအဖြစ် ထည့်သွင်းသင့်ပါတယ်၊

 

#အခန်း (၆) အဆင့်မြင့်ပညာကဏ္ဏ

 

ဒီအခန်းမှာလည်း အဓိကလိုအပ်ချက်က “တက္ကသိုလ်/ကောလိပ်/သိပံ္ပ များအလိုက် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းလှုပ်ရှားခွင့်ပြုရေး” ဖြစ်ပါတယ်၊ ကျောင်းသားထုကို အကာအကွယ်ပေးနိုင်ဆုံးက ကျောင်းသားကိုယ်စားပြုအဖွဲ့များပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ကျောင်းသားသမဂ္ဂများလွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်လှုပ်ရှားခွင့်ကို အမျိုးသားပညာရေးဥပဒေကြမ်းမှာ ထည့်သွင်းပြဋ္ဌန်းသင့်ပါတယ်၊

ဦးသိန်းညွန့်ရဲ့ အဆိုပြုချက်ကို ကန့်ကွက်တဲ့ ဥပဒေကြမ်းကော်မီတီက ဒေါက်တာစိုးမိုးအောင်က “ဦးသိန်းညွန့်တင်သွင်းတဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးအဆိုဟာ အမျိုးသားပညာရေးဥပဒေနဲ့ အခြေခံအားဖြင့် မသက်ဆိုင်ပဲ တက္ကသိုလ်ဆိုင်ရာဥပဒေများပေါ်ထွက်လာတဲ့ အချိန်ကျမှ ထည့်သွင်းသင့်ကြောင်း” အကြောင်းပြပါတယ်၊ ဦးသိန်းညွန့်က “အမျိုးသားပညာရေးဥပဒေဟာ ပညာရေးဆိုင်ရာဥပဒေများအားလုံးရဲ့ ပင်မရေစီးဥပဒေဖြစ်တာမို့ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကို မလွဲမသွေထည့်သွင်းပြဋ္ဌန်းသင့်ကြောင်း” တုန့်ပြန်ပါတယ်၊ ဦးသိန်းညွန့် မှန်တယ်လို့ ကျနော်ယူဆပါတယ်၊  

“ကျောင်းသားအခွင့်အရေးကာကွယ်ရေး” နဲ့ “ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး” ပြဋ္ဌန်းချက်တွေကို “ကျောင်းသားဗဟိုပြုပညာရေးစနစ်” ကို တည်ဆောက်မည့် မည်သည့် ပညာရေးဥပဒေမှာမဆို ထည့်သွင်းပြဋ္ဌန်းရမှာပါ၊ ပြီးတော့ “ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး” ဟာ တက္ကသိုလ်/ကောလိပ်များသာမက အခြေခံပညာကျောင်းများနဲ့ သက်ဆိုင်တဲ့ ကိစ္စပါ၊ ဒါကြောင့်မို့ အားလုံးကို လွှမ်းခြုံတဲ့ “အမျိုးသားပညာရေးဥပဒေ” မှာ ထည့်သွင်းပြဋ္ဌန်းရမှာပါ၊

 

#အခန်း (၉) ပညာရေးဆိုင်ရာ တာဝန်နှင့် အခွင့်အရေးများ

 

ဒီအခန်းမှာ နိုင်ငံသားများ၊ ကျောင်းသားများ၊ မိဘနှင့် အုပ်ထိန်းသူများ နဲ့ ဆရာများ၏ ပညာရေးဆိုင်ရာ တာဝန်နှင့် အခွင့်အရေးများကို ပြဋ္ဌန်းထားပါတယ်၊ ကျောင်းသားများနဲ့ပါတ်သက်လို့ “နိုင်ငံတော်မှ သတ်မှတ်ထားသော အခမဲ့မသင်မနေရပညာရေးကို သင်ယူခွင့်၊ အရည်အသွေးအာမခံချက်ရှိသည့် ပညာရေးကို ရယူပိုင်ခွင့်၊ ဘာသာရပ်ဆိုင်ရာ သင်ယူခွင့်နှင့် ပါတ်သက်၍ လမ်းညွှန်မှုခံယူခွင့်၊ တိုင်ပင်ဆွေးနွေးခွင့်၊ မိမိစိတ်ဝင်စားသော ဘာသာရပ်ကို ရွေးချယ်ခွင့်ရှိပြီး အရည်အချင်းကိုက်ညီပါက တက်ရောက်ခွင့်ရှိခြင်း၊ ကျောင်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း” စတဲ့ အချက်တွေ ပြဋ္ဌန်းထားပါတယ်၊

 

မပါဝင်တာကတော့ ထုံးစံအတိုင်း “ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးနှင့် ကျောင်းသားအခွင့်အရေးကာကွယ်ရေး” တွေပါပဲ၊ ဒီအခန်းမှာ “ကျောင်းသားများအနေဖြင့် ကျောင်းသားအဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းလှုပ်ရှားခွင့်ရှိခြင်း၊ ကျောင်းသားများ၏ နစ်နာမှုများကို တိုင်ကြားပိုင်ခွင့်ရှိ၍ မျှတမှန်ကန်၍ ထိရောက်မှုရှိသော စုံစမ်းစစ်ဆေးအရေးယူမှုရရှိခြင်း” စတဲ့ ကျောင်းသားအခွင့်အရေးပြဋ္ဌန်းချက်များကို ထည့်သွင်းသင့်ပါတယ်၊

 

#အခန်း (၁၀) ပညာရေးစီမံခန့်ခွဲမှု

 

ဒီအခန်းမှာ “အမျိုးသားပညာရေးကောင်စီ” ဖွဲ့စည်းခြင်းနဲ့ ကောင်စီရဲ့ လုပ်ပိုင်ခွင့်နဲ့တာဝန်များကို ပြဋ္ဌန်းထားပါတယ်၊ ကောင်စီဖွဲ့စည်းမှုနဲ့ပါတ်သက်လို့ “ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေပါပြဋ္ဌန်းချက်များကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သင့်လျော်သောပုဂ္ဂိုလ်များပါဝင်သည့် အမျိုးသားပညာရေးကောင်စီကို ဖွဲ့စည်းရမည်၊’ လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီကောင်စီမှာ ကျောင်းသားထုက အဆိုပြုတဲ့၊ ကျောင်းသားထုကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရဖို့ လိုအပ်ပါတယ်၊ တစ်ချိန်တုံးက အစိုးရကဖွဲ့စည်းတဲ့ ပညာရေးကောင်စီတွေမှာ ကျောင်းသားသမဂ္ဂက အဆိုပြုတဲ့ ပုဂ္ဂိုလ်တွေကို ပါဝင်ခွင့်ပြုခဲ့ပါတယ်၊ ကျောင်းသားထုရဲ့ ကိုယ်စားလှယ်တွေ ဒီကောင်စီထဲမှာ ပါဝင်ခွင့်ရမှ “ကျောင်းသားဗဟိုပြုပညာရေးစနစ်” ဆိုတာ ပိုပြီးအဓိပ္ပာယ်ရှိပါလိမ့်မယ်၊ ဒါကြောင့် ဒီပြဋ္ဌန်းချက်ကို “ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေပါပြဋ္ဌန်းချက်များကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစိုးရမှ ရွေးချယ်သော သင့်လျော်သောပုဂ္ဂိုလ်များနှင့် ကျောင်းသားထုမှ အဆိုပြုသော ပုဂ္ဂိုလ်များ ပါဝင်သည့် အမျိုးသားပညာရေးကောင်စီကို ဖွဲ့စည်းရမည်၊”လို့ ပြင်ဆင်ပြဋ္ဌန်းသင့်ပါတယ်၊

 

ဒီအခန်းမှာပဲ အမျိုးသားပညာရေးကောင်စီက “တက္ကသိုလ်များ၏ လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန် သင့်လျော်သောပုဂ္ဂိုလ်များပါဝင်သည့် လွတ်လပ်စွာရပ်တည်သော အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကော်မီတီ တစ်ရပ်ကို ဖွဲ့စည်းရမည်” လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီကော်မီတီမှာလည်း ကျောင်းသားသမဂ္ဂက အဆိုပြုတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ခွင့်ရှိဖို့လိုအပ်ပါတယ်၊ ဒါကြောင့် ဒီပြဋ္ဌန်းချက်ကို  “တက္ကသိုလ်များ၏ လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန် သင့်လျော်သောပုဂ္ဂိုလ်များနှင့် ကျောင်းသားထုမှ အဆိုပြုသူများ ပါဝင်သည့် လွတ်လပ်စွာရပ်တည်သော အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကော်မီတီ တစ်ရပ်ကို ဖွဲ့စည်းရမည်” လို့ ပြင်ဆင်သင့်ပါတယ်၊

 

ဒီအခန်းမှာပဲ “အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မီတီ၏ အောက်တွင် ပညာရပ်ဆိုင်ရာ အဖွဲ့များကို လိုအပ်သလိုဖွဲ့စည်းဆောင်ရွက်နိုင်သည်” လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီပညာရပ်ဆိုင်ရာအဖွဲ့များမှာလည်း ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ ပါဝင်ခွင့်ရဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် ဒီပြဋ္ဌန်းချက်ကို “အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မီတီ၏ အောက်တွင် ပညာရပ်ဆိုင်ရာ အဖွဲ့များကို သက်ဆိုင်ရာပညာရှင်များ၊ ဆရာများ၊ ကျောင်းသားကိုယ်စားလှယ်များဖြင့် လိုအပ်သလိုဖွဲ့စည်းဆောင်ရွက်နိုင်သည်” လို့ ပြင်ဆင်သင့်ပါတယ်၊

 

ဒီအခန်းမှာပဲ “အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကော်မီတီနှင့် သက်ဆိုင်သည့် တက္ကသိုလ်များ၏ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာတက္ကသိုလ်များက လွတ်လပ်စွာစီမံခန့်ခွဲဆောင်ရွက်ရမည်” လို့ ပြဋ္ဌန်းထားတာ ကျေနပ်စရာကောင်းပေမည့် “ဝန်ကြီးဋ္ဌာန၏ စီမံခန့်ခွဲမှုအောက်ရှိ တက္ကသိုလ်များကို သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနက စီမံခန့်ခွဲဆောင်ရွက်ရမည်” လို့ ပြဋ္ဌန်းထားတာကတော့ ကျေနပ်နိုင်စရာမရှိပါ၊ ဒီပြဋ္ဌန်းချက်အရ သိပံ္ပနှင့် နည်းပညာဝန်ကြီးဋ္ဌာန၊ ကျန်းမာရေးဝန်ကြီးဋ္ဌာန စတဲ့ အခြားသောဝန်ကြီးဋ္ဌာနများရဲ့ လက်အောက်ကိုရောက်နေတဲ့ စက်မှုတက္ကသိုလ်၊ ဆေးတက္ကသို်လ်စတဲ့ နည်းပညာနဲ့ သက်မွေးပညာတက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ သိပံ္ပတွေမှာ လွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့်မရှိပဲ ဝန်ကြီးဋ္ဌာနရဲ့ စီမံခန့်ခွဲမှုကိုသာ နာခံနေရမှာ ဖြစ်ပါတယ်၊ ပညာရေးလွတ်လပ်ခွင့် (Academic Freedom) ဆိုတာ တက္ကသိုလ်၊ ကောလိပ်၊ သိပံ္ပများ အားလုံးနဲ့သက်ဆိုင်ပြီး အဲဒီကျောင်းအားလုံးမှာ ကျောင်းအလိုက် ဒေသဆိုင်ရာ အစိုးရကိုယ်စားလှယ်များ၊ ဆရာများ၊ ကျောင်းသားကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများပါဝင်တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့များနဲ့ သက်ဆိုင်ရာကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်ရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီပြဋ္ဌန်းချက်ကို “ဝန်ကြီးဋ္ဌာန၏ စီမံခန့်ခွဲမှုအောက်ရှိ တက္ကသိုလ်များကို သက်ဆိုင်ရာ တက္ကသိုလ်များက လွတ်လပ်စွာစီမံခန့်ခွဲဆောင်ရွက်ရမည်”ဟု ပြင်ဆင်သင့်ပါတယ်၊

 

#အခန်း (၁၂) ဘဏ္ဏာရေး

 

ဒီအခန်းမှာ အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မီနှင့် သက်ဆိုင်သော နိုင်ငံပိုင်တက္ကသိုလ်များကို ကိုယ်ပိုင်ရန်ပုံငွေ ရှာဖွေထူထောင်ခွင့်ပေးထားပေမည့် ဝန်ကြီးဋ္ဌာနလက်အောက်မှ တက္ကသိုလ်များကတော့ ဝန်ကြီးဋ္ဌာနက ခွဲဝေပေးတဲ့ နိုင်ငံတော်ဘဏ္ဏာငွေနဲ့ပဲ ရပ်တည်ရမှာဖြစ်ပါတယ်၊ တနည်းအားဖြင့် ပြောရရင် ဝန်ကြီးဋ္ဌာနရဲ့ လက်အောက်က တက္ကသိုလ်များအားလုံးဟာ ဘဏ္ဏာရေးနဲ့ပါတ်သက်ရင် အစိုးရကိုသာ မှီခိုရမှာဖြစ်ပါတယ်၊ အဲဒီလို အစိုးရကို မှီခိုရပ်တည်ရခြင်းက သက်ဆိုင်ရာကျောင်းများရဲ့ ပညာရေးလွတ်လပ်ခွင့်ကို ထိပါးနိုင်ပါတယ်၊ ဒါကြောင့် ဝန်ကြီးဋ္ဌာနလက်အောက်က ကျောင်းများမှာလည်း ကိုယ်ပိုင်ရန်ပုံငွေ ရှာဖွေထူထောင်ဆောင်ရွက်နိုင်ခွင့် ရှိရပါမယ်၊

 

ဒီအခန်းမှာပဲ “တက္ကသိုလ်များသည် ပြည်တွင်း၊ ပြည်ပ တရားဝင်အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင်များ၏ အထောက်အပံ့ သို့မဟုတ် အလှူငွေကို လက်ခံခွင့်ရှိသည်” လို့ ပြဋ္ဌန်းထားပါတယ်၊ အလားတူပဲ၊ “အခြေခံပညာကျောင်းများနှင့် နည်းပညာနှင့် သက်မွေးပညာသင်တန်း၊ သိပံ္ပ၊ ကျောင်းများသည် တရားဝင်အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင်များ၏ အထောက်အပံ့နှင့် အလှူငွေကို လက်ခံခွင့်ရှိသည်” ဟု ပြဋ္ဌန်းထားပါတယ်၊ မလုံလောက်ပါ၊ စေတနာရှင်တွေရဲ့ ပညာရေးအတွက် လှူဒါန်းငွေတွေအပေါ်မှာ ဝင်ငွေခွန်သက်သာခွင့်ပေးမည့် အာမခံချက် ပါဝင်သင့်ပါတယ်၊

 

# ပြည်သူ့အသံမပါတဲ့ ဥပဒေပြုခြင်း

 

တိုင်းပြည်အတွက် အင်မတန်အရေးကြီးလှတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုတာ အလွန်မြန်ဆန်လွန်းတယ်လို့ ယူဆပါတယ်၊ မတ်လ (၁၂) ရက်နဲ့ မတ်လ (၁၄) ရက်နေ့တွေမှာ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မီတီနဲ့ ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးဋ္ဌာနတို့က သူတို့သီးခြားဆီ ရေးဆွဲထားတဲ့ “အမျိုးသားပညာရေးဥပဒေကြမ်း” များကို တင်သွင်းကြပါတယ်၊ မတ်လ (၁၄) ရက်နေ့မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မီတီက ဥပဒေကြမ်းနှစ်ခုကို ပေါင်းစပ်ညှိနှိုင်းပြီး တစ်ခုတည်းဖြစ်လာတဲ့ ဥပဒေကြမ်းကို မတ်လ (၂၀) ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကို တင်သွင်းပါတယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဲဒီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ လေ့လာဖို့ တစ်ရက်တည်းအချိန်ပေးပြီး နောက်တစ်နေ့ မတ်လ (၂၁) ရက်နေ့မှာ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်၊ ဥပဒေကြမ်းများတင်သွင်းတဲ့နေ့ကနေ အတည်ပြုတဲ့နေ့အထိ အစအဆုံး (၉) ရက်ပဲကြာပါတယ်၊ ပေါင်းစပ်ထားတဲ့ ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မီတီက တင်သွင်းတဲ့နေ့ကနေ မဲခွဲဆုံးဖြတ်တဲ့ နေ့အထိ (၂) ရက်ပဲ ကြာပါတယ်၊

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ဥပဒေကြမ်းကို လေ့လာဖို့ တစ်ရက်ပဲ အချိန်ပေးခဲ့တာမို့ လွှတ်တော်ကိုယ်စားလှယ်များ ဒီဥပဒေကြမ်းကို သေသေချာချာလေ့လာသုံးသပ်နိုင်တဲ့ အချိန် လုံလုံလောက်လောက် မရခဲ့တာ အထင်အရှားဖြစ်ပါတယ်၊ ဒီဥပဒေကြမ်းကို ပြည်သူလူထုလေ့လာသိရှိအကြံပြုနိုင်ဖို့ ဆိုပြီး အစိုးရသတင်းစာတွေမှာ မတ်လ (၁၇) နဲ့ (၁၈) ရက်တွေမှာ ဖော်ပြခဲ့ပါတယ်၊ ဥပဒေကြမ်းကို မတ်လ (၂၁) ရက်နေ့မှာ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာမို့ (၃) ရက်လောက် ကာလအတွင်း ဘယ်ပြည်သူကမှ အကြံပြုနိုင်မှာ မဟုတ်ပါ၊

 

မဲခွဲတဲ့အခါမှာလည်း ဦးသိန်းညွန့်ရဲ့ ကျောင်းသားသမဂ္ဂများဆိုင်ရာ ပြင်ဆင်ချက်အပေါ် မဲခွဲပုံက ထူးခြားပါတယ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ဥပဒေကြမ်းကော်မီတီဝင်များနဲ့ အခြားသော လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပြင်ဆင်ချက်တွေကို မဲခွဲရာမှာ “လွှတ်တော်က ကန့်ကွက်သူရှိပါသလား” လို့ မေးပြီး ကန့်ကွက်လိုသူ ကိုယ်စားလှယ်များက မတ်တပ်ရပ်ပြရပါတယ်၊ မတ်တပ်ရပ်သူနည်းတာမို့ (သို့မဟုတ်) မရှိတာမို့ အဆိုပါ ပြင်ဆင်ချက်များအားလုံး အတည်ဖြစ်ပါတယ်၊ ဒါပေမည့် ဦးသိန်းညွန့်ရဲ့ အဆိုပြုချက်ကို မဲခွဲရာမှာ လွှတ်တော်ဥက္ကဋ္ဌက ကန့်ကွက်လိုသူများကို မတ်တပ်မရပ်ခိုင်းပဲ ထူးထူးခြားခြား ထောက်ခံသူများကိုသာ မတ်တပ်ရပ်ခိုင်းပါတယ်၊ မတ်တပ်ရပ်ပြီး ထောက်ခံသူ (၃၂) ဦးသာ ရှိလို့ ဦးသိန်းညွန့်အဆိုအရေးနိမ့်ရတာပါ၊ တကယ်လို့ အခြားပြင်ဆင်ချက်များလိုပဲ ကန့်ကွက်လိုသူတွေကိုသာ မတ်တပ်ရပ်ခိုင်းရင် ရလာဒ်တစ်မျိုးဖြစ်နိုင်ပါတယ်၊

 

# ကျောင်းသားသမဂ္ဂများ၏ တာဝန်

 

အခုတော့ ကျောင်းသားထုအခွင့်အရေးနဲ့ ကျောင်းသားသမဂ္ဂများရဲ့ အခန်းကဏ္ဏကို မျက်ကွယ်ပြုထားတဲ့ “အမျိုးသားပညာရေး ဥပဒေကြမ်း” ကို “ဥပဒေ” ဖြစ်မလာအောင် တားဆီးဖို့၊ ကျောင်းသားထုအခွင့်အရေးနဲ့ ကျောင်းသားသမဂ္ဂများရဲ့အခန်းကဏ္ဏတွေကို အာမခံချက်ပေးတဲ့ “ဥပဒေ” တစ်ရပ်ဖြစ်လာအောင် စည်းရုံးလှုံ့ဆော်ဖို့ ကျောင်းသားသမဂ္ဂများရဲ့ တာဝန်ဖြစ်လာပါပြီ၊

 

အရပ်ဘက်အဖွဲ့အစည်းများရဲ့ အားကောင်းညီညွတ်မှု၊ ထိတွေ့စည်းရုံးမှုတွေနဲ့ “အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကြမ်း” ကို အများလက်ခံနိုင်တဲ့ အဆင့်ရောက်အောင် ပြင်ဆင်နိုင်ခဲ့ပါတယ်၊ သတင်းမီဒီယာများကလည်း စုပေါင်းလက်တွဲပြီး ပြန်ကြားရေးဝန်ကြီးဋ္ဌာနက တင်သွင်းတဲ့ သတင်းမီဒီယာ ဥပဒေကြမ်းပါ “စာပေလွတ်လပ်ခွင့်ကို ကန့်သတ်တဲ့” ပြဋ္ဌန်းချက်တွေကို လျော့နည်းအောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်၊ ကျောင်းသားထုနဲ့ ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများ လက်တွဲပြီး လက်ရှိ “အမျိုးသားပညာရေးဥပဒေကြမ်း” ကို ကျောင်းသားထုလက်ခံနိုင်တဲ့ “ဥပဒေ” ဖြစ်လာအောင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များထံ ချဉ်းကပ်စည်းရုံးကြရမှာပါ၊

 

အောင်ဒင်

မတ်လ (၂၉) ၂၀၁၄

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, အောင်ဒင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)