Dr Khin Maung Win – နိုင်ငံဟူသောနိုင်ငံရေးသဘောတရား

April 16, 2014

 

နိုင်ငံဟူသောနိုင်ငံရေးသဘောတရား

 

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)

          နိုင်ငံ (state) ဟူသော ဝေါဟာရသည် သမိုင်းအရ တော်တော်ရှေးကျသည်ဟု ၁၉ရာစုဗြိတိသျှ နိုင်ငံရေးဒဿနပညာရှင် ဂရင်း (T.H Green) က ဆိုသည်။ နိုင်ငံသည် လူ့သမိုင်းအစတွင် မိသားစုများ၊ လူမျိုးစုများ ပေါ်ပေါက်ခဲ့စဉ်ကပင် ပေါ်ပေါက်ခဲ့သည်။ နိုင်ငံသည် တရားမျှတမှုနှင့် မှန်ကန်မှုအပေါ် အခြေခံ သည်ဟု ဂရင်းကယုံကြည်သည်။ ၁၉ရာစု ဂျာမန်ဒဿနပညာရှင် ဟီဂရယ် (Hegel, 1770-1831) ကမူ ရှေးအခါကရှိခဲ့သော လူမျိုးစုများတွင် သမိုင်းနှင့်နိုင်ငံဟူသောအရာများ ပီပီပြင်ပြင်မရှိဟုဆိုသည်။

          ယခုခေတ်တွင် အများကယုံကြည်ထားသည်မှာ နိုင်ငံဟူသောသဘောတရားနှင့် အဖွဲ့အစည်းတို့ သည် ယခုခေတ်တွင် ပေါ်ပေါက်လာသောအရာဖြစ်သည်။ (ဤနေရာတွင် ယခုခေတ်ဟူသည်မှာ ခုနှစ် ၁၅၀၀ နောက်ပိုင်းကို ဆိုလိုသည်)။ ယခုအထိ ပေါ်ပေါက်ခဲ့သောကျမ်းများတွင် နိုင်ငံဟူသောဝေါဟာရကို ၀ိသေသငါးခုဖြင့် ဖော်ပြသည်။ ၄င်းတို့မှာ –

၁။       နိုင်ငံဟူသည် လူမှုရေးနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာအဖွဲ့အစည်းမဟုတ်သော ပြည်သူ့အဖွဲ့အစည်းဖြစ် သည်။ ရှေးဂရိလူမှုရေးအဖွဲ့အစည်းကို ပိုလီ (polis) ဟု မှားယွင်းစွာခေါ်သည်ဟု နိုင်ငံရေးပညာရှင် ဒန်လီဘီ (Dunleavy) နှင့် အိုလီလီ (O’ Leary) တို့က ဆို၏။ ပိုလိ ဟူသောဝေါဟာရ၏ အဓိပပ္ပါယ်မှာ မြို့ နိုင်ငံ (city state) ဖြစ်သည်။ ယင်းအဓိပပ္ပါယ်သတ်မှတ်ချက်တွင် လူပုဂ္ဂိုလ် (individual) နှင့် နိုင်ငံတို့ကို ခွဲခြား၍မရပါ။ မြေရှင်ပဒေသရစ်စနစ်တွင် နိုင်ငံသားနှင့်အဖွဲ့အစည်းအားလုံးသည် နယ်မြေပိုင်ဘုရင်ကို သစ္စာခံမည်ဟူသော ကျမ်းကျိန်မှုမျိုးဖြင့် စည်းရုံးထားသည်။

၂။       နိုင်ငံဟူသည်မှာ အချုပ်အခြာအာဏာ တစုတစ်ပေါင်းတည်းရှိခြင်းဖြစ်သည်။ ဥပဒေများသည် ဓလေ့ထုံးစံများနှင့် လူမှုရေးဆိုင်ရာတန်ဖိုးထားမှုများကို အတည်ပြုပေး၍ ခိုင်မာစေသည်။ ၄င်းတို့ကို အဖွဲ့ အစည်းတစ်ခုက သူကြိုက်သလိုလုပ်ဆောင်ခြင်းမဟုတ်ပါ။

၃။       လူ့အဖွဲ့အစည်းထဲတွင် ပါဝင်သောလူအားလုံးအပေါ် အကျိုးသက်ရောက်စေသော ဥပဒေများ ရှိခြင်းသည် နိုင်ငံ၏၀ိသေသဖြစ်သည်။ ရှေးဂရိနိုင်ငံ- ပိုလိ -တွင် ကျွန်များကိုနိုင်ငံသားဟူ၍ မသတ်မှတ် သောကြောင့် ကျွန်များသည် နိုင်ငံတော်ဥပဒေ၏အကာအကွယ်ကို မရရှိပါ။ လူစိမ်းတစ်ယောက်သည် ဥပဒေ၏ကာကွယ်မှုကို ရရှိစေရန် နိုင်ငံသား၏ ထောက်ခံမှုကိုရရှိရန်လိုသည်။ မြေရှင်ပဒေသရာဇ်စနစ်တွင် ဥပဒေ၏ကာကွယ်မှုကိုရရှိစေရန် နယ်မြေပိုင်အကြီးအကဲ (ဘုရင်) ကိုသစ္စာခံရန်လိုသည်။ နယ်မြေတစ်ခု ထဲတွင် နေထိုင်ရုံဖြင့် ဥပဒေ၏အကာအကွယ်ကိုမရနိုင်ပါ။ အုပ်ချုပ်သူ၏ နိုင်ငံရေးစနစ်သည် ထိုနယ်မြေ တွင် နေထိုင်ဖြစ်ရုံဖြင့် အကျိုးမသက်ရောက်ပါ။

၎။       နိုင်ငံတော်အုပ်ချုပ်ရေးနှင့်ဆိုင်သော ရာထူးများသည် ရာထူးရရှိထားသူများက သူတို့သဘောဖြင့် ဆွေမျိုးသားချင်းများကို ထပ်ဆင့်ပေးအပ်ခြင်းမဖြစ်စေရ။ အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အတိုင်းသာဖြစ်ရမည်။ ထိုမှသာ နိုင်ငံတော်အဖွဲ့အစည်းပီသမည်။

၅။       ပြည်သူများထံမှ အခွန်ကြေးငွေကောက်ခံနိုင်သော လုပ်နိုင်စွမ်းရှိခြင်း။

          ဤ၀ိသေသငါးခုဖြင့် နိုင်ငံကိုအဓိပပ္ပါယ်သတ်မှတ်ရခြင်းအကြောင်းမှာ နိုင်ငံသည် အချုပ်အခြာ အာဏာပိုင်ဖြစ်ရမည်။ လူ့အဖွဲ့အစည်းဖြင့်လည်း သီးခြားဖြစ်ရမည်ဖြစ်သည်။ ထိုမှသာလျှင် နိုင်ငံသားများ ကို ထိုက်သင့်သောအကာအကွယ်ပေးနိုင်ခြင်း၊ နိုင်ငံဝန်များကို ခန့်ထားခြင်း၊ အခွန်ကောက်ခံခြင်းအလုပ် တို့ကို ထိရောက်စွာလုပ်နိုင်လိမ့်မည်ဟူသော အယူအဆကို အခြေခံသောဝိသေသများဖြစ်သည်။ ဤအယူအဆကို ဆန့်ကျင်စိန်ခေါ်သောအယူအဆများလည်း ရှိပါသည်။ သို့သော်လည်း ယခုမျက်မှောက် ခေတ်တွင် ဤ၀ိသေသများမှာ အများလက်ခံထားသောအရာများဖြစ်ကြသည်။

          နိုင်ငံဟူသောဝေါဟာရကို အဓိပပ္ပါယ်သတ်မှတ်ပုံ သတ်မှတ်နည်းများစွာရှိပါသည်။ ထိုနည်းလမ်းများ တစ်ခုနှင့်တစ်ခုကွာခြားချက်မှာ အင်အား(force) နှင့် အကျင့်သိက္ခာ (morality) နှစ်ခုအနက် မည်သည့် အရာကို မည်မျှအလေးပေးသည်ဟူရာတွင်ဖြစ်သည်။ ၄င်းတို့ထဲတွင် ဂျာမန်လူမှုရေးပညာရှင် မက်(စ)၀က်ဘာ (Max Weber, 1864 – 1920) ၏ အဓိပပ္ပါယ်သတ်မှတ်ချက်ကို နိုင်ငံရေးပညာရှင် တော်တော်များများက လက်ခံကြသည်။ ယင်းအဓိပပ္ပါယ်သတ်မှတ်ချက်မှာ နိုင်ငံဟူသည်မှာ နယ်မြေတစ်ခု အတွင်းတွင် အကြမ်းဖက်မှုကို တရားဝင်လုပ်ပိုင်ခွင့်တစ်ဦးတည်း မူပိုင်ရရှိထားသော အဖွဲ့အစည်းဖြစ်သည်ဟူ၍ြုဖစ်သည်။

          ယေး(Yale) တက္ကသိုလ်၏နိုင်ငံရေးသိပ္ပံပါမောက္ခ ရောဘတ်ဒါး(လ) (Robert Dahl) က နိုင်ငံနှင့် အစိုးရ (Government) ဟူသော ဝေါဟာရများကို အတူတူထားပြီး၊ မက်(စ)၀က်ဘာ၏ အဓိပပ္ပါယ်သတ်မှတ် ချက်ကို ယူခဲ့သည်။ နိုင်ငံရေးပညာရှင် ဒေးဘစ်အီစတွန် (David Easton) ကမူ နိုင်ငံရေးအဖွဲ့အစည်းများ တွင် စည်းလုံးသောအင်းအားရှိမှုကို အသားပေးခြင်း လက်ခံပြီး သောမတ်ဟော့ (Thomas Hobbes, 1588-1679) နှင့် မက်(စ)၀က်ဘာတို့၏ အယူအဆများအတိုင်း လက်ခံခဲ့သည်။ မက်(စ)၀်ကဘာ၏ ကျမ်းစာအုပ် Leviathan သည် ယခုထက်တိုင်ပင် ကိုးကားနေဆဲဖြစ်သော ဂန¨၀င်နိုင်ငံရေးသိပံ္ပကျမ်း တစ်ခုဖြစ်သည်။ 

ထိုကျမ်းတွင် နိုင်ငံနှင့်အင်အားတို့၏ ဆက်စပ်ပုံ၊ အာဏာတည်သည်ဟူရာတွင် လွတ်လပ်မှုနှင့် ကြောက်ရွံ့မှုတို့၏ အရေးပါပုံတို့ကို ဖော်ပြထားသည်။ ၄င်းပြင် အချုပ်အခြာအာဏာပိုင်က မည်ကဲ့သို့ပင်ပြောသည်ဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းသည် သူ့ကိုယ်သူကာကွယ်ပိုင်ခွင့်ရှိပုံတို့ကို ဖော်ပြ ထားသည်။ 

ကား(လ)မာ့(စ) Karl Marx, 1818-83) ကမူ သောမတ်ဟော့ကို ပြည်သူ့ဆန္ဒထက် အင်အားကိုဦးစားပေးသော နိုင်ငံရေးဒဿနပညာရှင်အဖြစ် ချီးမွမ်းပြောဆိုခဲ့သည်။ ကား(လ)မာ့(စ)နှင့် သူ၏လုပ်ဖော်ကိုင်ဘက် အိန်ဂျယ် (Engels, 1820-95) တို့က နိုင်ငံ၏ရပ်တည်ရေးတွင် အင်အားသည် အရေးကြီးဆုံးသော အခန်းကဏ္ဍတွင် ပါဝင်သည်ဟုဆိုကြသည်။ အင်အား၏အခန်းကဏ္ဍ၏အရေးပါပုံကို လက်ခံသောနိုင်ငံရေးပညာရှင်အများအပြားရှိသည်။ သို့သော် သူတို့ကိုယ်တိုင်က ၀န်ခံပြောဆိုကြသည်မှာ အင်အားအပြင် အခြားအရာများကလည်း အရေးကြီးသည်ဟူ၏။ ယင်းအခြားအရာများကို ကား(လ)မာ့(စ)က လက္ခဏာများဟုခေါ်သည်။ 

မက်(စ)၀က်ဘာ ကမူ အင်အား၏အခန်းကဏ္ဍသည် အရေးပါသည်မှာ မှန်သော်လည်း အင်အားသည် တရားဝင်ဖြစ်ရမည်ဟု ဆိုထားပြန်သည်။ အင်အားအပြင် အခြားသောအရေးပါသည့်အရာများရှိသည်။ သို့သော်လည်း ၄င်းတို့သည် အဓိကမဟုတ်ပါ။ အင်အားသည် နိုင်ငံအတွက် ဗဟိုအချက်အခြာဖြစ်သည် အလိုအပ်ဆုံးဖြစ်သည်ဟူ၍  လက်ခံထားသည်။

နိုင်ငံ၏ဗဟိုအချက်အခြာသည် စိတ်ဆန္ဒသဘောထားဖြစ်သည်ဟု ယုံကြည်သောသူများလည်း ရှိပါသည်။ ထိုကဲ့သို့ ယုံကြည်သောသူများကို စိတ်ကူးသမားများ (idealists) ဟု ခေါ်ဆိုကြသည်။ ထိုပုဂ္ဂိုလ် များသည် ရုပ်ဝတ္ထုပိုင်းနှင့် လက်တွေ့သဘောတရား၊ လိုအပ်ချက်များကို ဦးစားမပေးဘဲ အတွေးအခေါ်ပိုင်း ဆိုင်ရာ စိတ်ကူးစိတ်သန်းများကိုသာ ဦးစားပေးသည်ဟု ဝေဖန်ခြင်းခံရသည်။ ယင်းအတွေးသမားများတွင် အထင်ရှားဆုံးမှာ ဂျာမန်ဒဿနပညာရှင် ဟီဂယ် (Hegel, 1770-1831) ဖြစ်သည်။ ဟီဂယ်၏ကျမ်းတွင် နိုင်ငံသည် အကျင့်သိက္ခာကို ဖြစ်မြောက်စေသော အဖွဲ့အစည်း ဖြစ်ရမည်ဟု ဆိုထားသည်။

 နိုင်ငံရေး ပညာရှင်ဂရင်း (T.H Green) က နိုင်ငံ၏အဓိပပ္ပါယ်သတ်မှတ်ချက်တွင် အင်အားကိုအဓိကထားခြင်းသည် အကျင့်သိက္ခာပိုင်းကို ချိုးနှိမ်ရာရောက်သည်ဟုဆိုသည်။ ဂရင်းသည် ပြင်သစ်ဒဿနပညာရှင် ရူးစိုး (Roussean, 1712-1778)  ၏အဆိုကို ထောက်ခံသည်။ ရူးစိုးကဆိုထားသည်မှာ နိုင်ငံ၏အခြေခံမှာ၊ အကျင့်သိက္ခာ၊ မှန်ကန်ခြင်း၊ တရားမျှတခြင်းနှင့် တာဝန်ဖြစ်သည် ဟူ၏။ ဂရင်းအနေဖြင့် အာဏာနှင့် အင်အား၏အခန်းကဏ္ဍကို လက်ခံသော်လည်း အာဏာနှင့်အင်အားကို အကျင့်သိက္ခာပိုင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် သုံးခြင်းဖြစ်ရမည်ဟုဆိုသည်။

       

   ယခုမျက်မှောက်ခေတ်ဒဿနပညာရှင်များဖြစ်ကြသော ဟင်မလင်(Hamlim) နှင့် ပတိ (Petit) တို့က နိုင်ငံကိုအဓိပပ္ပါယ်သတ်မှတ်ရာတွင် တရားမျှတမှုနှင့် မှန်ကန်မှုကို အကျိုးသက်ရောက်စေသော စည်းမျဉ်းများအရ သတ်မှတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ဆိုကြသည်။

ကျမ်းကိုး

John Hoffman and Paul Grahami : Introduction to Political Theory

Karl Marx : Capital

Ronsseau : Social Contract

Thomas Hobbes : Leviathan

Green: The Principles of Political Obligation


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)