အချစ်လမင်း
မောင်စိုးချိန်
ဧပြီ ၁၉၊ ၂၀၁၄
အဲဒီအချစ်ပေါ့…….
အရွယ်ရိုင်းတို့
စိတ်လှိုင်း ဂယက်
အိမ်မက်အချစ်မျိုးမဟုတ်။
နှင်းဆီ၊ စံပယ်ဖြူ
ပန်းအချစ်
ခြွေသူရဲ့ အချစ်မျိုးမဟုတ်။
ခွေးကလေး၊ ကြောင်ကလေး
ပိုက်ထွေးတွယ်ရစ်
အဲဒီအချစ်မျိုးလည်း မဟုတ်။
အဲဒီအချစ်က
အဖိနှိပ်ခံကြရ၊ ဘဝတူခြင်း
ဖိနှိပ်မှုအောက်မှ၊ လွတ်မြောက်လိုသူခြင်း
ငြိမ်းချမ်းရေးအတွက်၊ တပ်မြောက်သူခြင်း
လက်ချင်းတွဲဆက်၊ ရင်ထဲစူးနစ်
လူတန်းစားအချစ်ဖြစ်တယ်။
ထိုအချစ်က
တော်လှန်ဘဝအတွက်
အသက်။
ရောမခေတ်မှာ
“စပါတာ” မှသည်
ဗမာပြည် “ဖုန်းမော်” အထိ
ရာစုနှစ်အပိုင်းပိုင်း ၊ သမိုင်းချီခဲ့
တိုက်ပွဲရဲ့ အတွင်း
အချစ်လမင်း
သာလင်းရွှန်းမြခဲ့ပေါ့။
အဲဒီအချစ်လေ
အဖိနှိပ်ခံချင်း၊ ရိုင်းပင်းတဲ့အချစ်
အဖိနှိပ်ခံချင်း၊ ညီညွတ်ခြင်းအချစ်
လွတ်မြောက်ရေးအတွက်
အသက်ဓါတ်အချစ်
အဲဒီချစ်ခြင်း၊ လမင်း
သာလင်းဝင်းပခဲ့ကြပေါ့။
အဲဒီအချစ်ပေါ့
မြင့်မားမို့မောက်
ကျောက်တောင်လို တည်ကြည်အချစ်
သမုဒ္ဒရာ ပင်လယ်ရိုင်း
နက်ရှိုင်းတဲ့အချစ်
အဲဒီအချစ်၊ သမိုင်းခေတ်များ
ပြောင်းလဲသွားစေခဲ့ပေါ့။
သင်တို့ ငါတို့
ငါတို့ သင်တို့
အဖိနှိပ်ခံတို့ရင်တွင်း
အချစ်လမင်း၊ သာလင်းကြဟေ့။
မုန်တိုင်းခက်ကြမ်း
ဆူးလမ်းပေါ်လျောက်
မိုးမသောက်မှီ၊ ရာသီညမိုက်
တိမ်တိုက်ချိတ်မည်း၊ အမှောင်ထဲမှာ
စွဲမြဲသာလင်း၊ အချစ်လမင်းရေ။
မောင်စိုးချိန်
မေ ၁၂၊ ၂၀၀၀
No tags for this post.
Recent Comments