ဇော်ထက် (ပျဉ်းမနား) – သူရို့ကိုလား၊ ဆရာ့ထီးတစ်လက်ငှား သင်္ကြန်မှာ ကာပြီးထားချင်ရဲ့

April 19, 2014

သူရို့ကိုလား၊ ဆရာ့ထီးတစ်လက်ငှား သင်္ကြန်မှာ ကာပြီးထားချင်ရဲ့
ဇော်ထက် (ပျဉ်းမနား)
ဧပြီ ၁၉၊ ၂၀၁၄
 
 


သင်္ကြန်ရောက်ပြီမို့ ရွက်ကြွေတွေနဲ့အတူ နှစ်ဟောင်းကြွေလို့ နှစ်သစ်ကို ရောက်ပြီပေါ့။ ကိုယ်တိုင်က နိုင်ငံရပ်ခြားကို ရောက်နေပေမယ့်လည်း အင်တာနက်တန်ခိုးနဲ့ မြန်မာပြည်က သင်္ကြန်ကို အလွမ်းဖြေရပါတယ်။ မြန်မာပြည်ကသင်္ကြန်ပွဲရဲ့  ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို မြင်ရတော့ မြန်မာပြည်ကို လွမ်းလည်းလွမ်းသလို စိတ်အနှောက်အယှက် ဖြစ်မိရတာလည်း အမှန်ပါပဲ။ ကို်ယ်ပဲ အသက်ကြီးလာလို့ ခေတ်မမှီတော့ တာလား…။

 “သင်္ကြန်မယ်တွေ ပျော်ပါစေ
…………………………….
အို…ရွှေမန်းမြို့မ လာပြီလေ”  ဆိုတဲ့သီချင်းနဲ့ မြန်မာ့ယဉ်ကျေးမှု အပြည့်နဲ့ မန္တလေးသင်္ကြန်မှာ လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ရခဲ့တဲ့ပျော် ရွှင်မှုတွေက ဒီနေ့အထိ၊ နိုင်ငံခြားရောက်ပြီး နှစ်ပေါင်း၂၀ကျော် ကြာခဲ့ပေမယ့် မမေ့နိုင်သေးပါဘူး..။

“သူများပျော်လို့ မပျော်နိုင် သင်္ကြန်ရောက်လို့မှိုင်” ဆိုတာက နိုင်ငံခြားရောက် မြန်မာလူမျိုး နည်းနည်းပဲ ရှိတဲ့နေရာက ကိုယ်လို မြန်မာတွေ အတွက်လားလို့ တွေးမိပါရဲ့ ။ အခုခေတ်မှာတော့ အင်တာနက်ကြောင့် ကမ္ဘာအရပ်ရပ်က မြန်မာတွေလည်း မြန်မာပြည်နဲ့ တပြိုင်တည်း အွန်လိုင်းသင်္ကြန်ကျလို့ရတယ် ဆိုတော့လည်း မဆိုးလှပါဘူး။ ကိုယ့် အသက်ကမငယ်တော့ဘူး ဒီအရွယ်က ဘာဝနာပဲလုပ် ဆိုချင်တဲ့သူ တွေလည်း ဆိုမှာပေါ့။ ဘာပဲပြောပြော နှစ်ကူးဆိုတော့ စိတ်မြူးတာက၊ စိတ်ပျော်တာက ကောင်းပါတယ်။ နှစ်ဟောင်းက စိတ်ဟောင်းတွေ စိတ်ညစ်တွေကို ထားခဲ့ပြီးတော့ စိတ်သစ် လူသစ်နဲ့ မင်္ဂလာ နှစ်သစ်ကို ကူးရမှာပေါ့။

မြန်မာနိုင်ငံက သင်္ကြန်ပွဲတော်မှာ တချို့သောသူတွေ တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ ကြမ်းရမ်းလာတာကို စိတ်မကောင်းစရာ တွေ့ရတယ်။ သရုပ်ပျက်စွာဝတ်စားဆင်ယင်တာတွေ၊ မူးရူးပြီး အမြင်မတော်အောင် ကခုန်ကြတာတွေပေါ့။ ဒီနှစ်တော့ တခြားနှစ်တွေနဲ့မတူ တရားဝင် စင်ပေါ်မှာ မိန်းမပျိုလေးတွေ စကပ်တိုတိုနဲ့ အပြာရောင်တွေဝတ်ပြီး အပြာကတွေနဲ့ ကော့ကော်ကန်ကား ကတာတွေ တွေ့ရတော့ “ဖြူုဖြူပြာပြာနီနီဝါ၀ါ ဝေဆာမြူးလို့ပင်” ဆိုတဲ့ယိမ်းကနေတဲ့ချစ်စရာ မြန်မာမကလေးတွေ ဘယ်မှာလည်းလို့ နှမျောတသစွာနဲ့ တွေးမိရဲ့။ ရှိတော့ရှိတယ် ရှားတယ်ဆိုတာမျိုး မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါရဲ့။

မြန်မာသင်္ကြန်က “ဆရာ့ထီး” နဲ့ ဘာဆိုင်လို့လည်းလို့ မေးချင်ကြမှာပါ။ ကျနော့ဆရာကတော့ ကျနော်ငယ်စဉ်က ပျဉ်းမနားမြို့မှာ ကျောင်းတက်တုန်းက အလယ်တန်းပြဆရာ ချင်းအမျိုးသား ဆရာကြီး ဦးအုန်းဖေပဲ ဖြစ်ပါတယ်။ ဆရာကြီးက အင်္ဂလိပ်စာ အရမ်းဝါသနာ ပါသလို စေတနာလည်း အရမ်းကောင်းပါတယ်။ ဆရာကြီးရဲ့ ထူးခြားချက်ကတော့ ဘယ်သွားသွား သူ့ပခုံးပေါ်မှာ ထီးကောက်ကြီး တစ်ချောင်း ချိတ်ထားတာပဲ။ ဆရာကြီးရဲ့  အဲဒီထီးအကြောင်းကို အခု အနှစ် ၄၀ လောက် ကြာတဲ့အထိ အမှတ်ရနေမိပါတယ်။

ဒီနှစ် ၂၀၁၄ချုနှစ် နှစ်ဆန်းတုန်းက ပျဉ်းမနားမြို့၊ အထက(၂) ကျောင်းသားဟောင်းများရဲ့  ဆရာကန်တော့ပွဲမှာ ငယ်ဆရာတွေကို ကန်တော့ရင်း ဆရာကြီးကို ပြန်ပြီးတွေ့ခဲ့ရတယ်။ အသက်ကတော့ ၈၀ ကျော်ပြီပေါ့။ ဆရာကြီးကို တခြားဆရာဆရာမတွေနဲ့ အတူတွေ့တော့ ကျနော့အနေနဲ့ ၀မ်းသာဝမ်းနည်း ဖြစ်မိရပါတယ်။ ၀မ်းသာတာကတော့ ဆရာကြီး သက်ရှိထင်ရှားရှိပြီး သန်သန်မာမာ ဖြစ်နေတာကို မြင်ရလို့ပါပဲ။ အကန်တော့ခံစဉ်မြင့်ပေါ်က ဆရာကြီးကို သွားနှုတ်ဆက်တော့ ဆရာကြီးက ပြောပါတယ်။ “မင်း နိုင်ငံခြားက ပြန်မလာနဲ့ဦး။ ဒီမှာငါတို့လို အောက်ခြေက လူတန်းစားတွေက ခံစားရတုန်းပဲ”ဆိုပြီး ရင်နာသံနဲ့ ရင်ဖွင့်ရှာပါတယ်။ တစ်သက်လုံး ရိုးရိုးသားသားနဲ့ ပညာနဲ့ပင်ပင်ပန်းပန်း အသက်မွေးခဲ့ပြီး တစ်ဘက်ကလည်း တတ်နိုင်သမျှ မွေးမြူရေးလေးဘာလေး လုပ်ခဲ့ပေမဲ့ ရုန်းကန်နေရဆဲဖြစ်တဲ့ သူ့ဘ၀ကတော့ မြန်မာနိုင်ငံရဲ့ အခြေခံလူအများရဲ့ ဘ၀ကို ထင်ဟပ်နေတာလား တွေးမိရပါတယ်။ “မင်း ဒီမိုကရေစီအစစ်ရမှသာ ပြန်လာပါကွာ” ဆိုတဲ့ဆရာ့ရဲ့ စကားကို ကြားရတော့ ကျနော်လည်း ၀မ်းနည်းမိပါတယ်။ အရင်ကဆိုရင် “မင်း ဘယ်တော့ ပြန်လာမှာလည်း”လို့ စေတနာနဲ့ မေးရှာမှာ။ “အချိန်တန်ရင်တော့ အိမ်ပြန်ချင်တဲ့သူတွေချည်းပါပဲဆရာကြီးရာ” လို့ ရင်ထဲကသာ ပြောနေမိပါတယ်။

ကျနော်ငယ်ငယ်က ကျောင်းတက်ရင်းနဲ့ တစ်နေ့မှာ ကျနော်တို့ ပျဉ်းမနား အထက (၂) က ကျောင်းသူတစ်ယောက် ဆုံးတော့ ကျောင်း သူကျောင်းသားတွေအားလုံး လမ်းလျှောက်ပြီး သင်္ချိုင်းကုန်းကို အသုဘလိုက်ပို့ကြပါတယ်။ အရင်တုန်းက ပျဉ်းမနား သင်္ချိုင်းကုန်းက မြို့အ၀င်ဝ ဆင်ရုပ်ကြီးနားမှာ ရှိပါတယ်။ မြို့အနောက်ဘက်အထွက် ရန်ကုန်-မန္တလေးလမ်းဟောင်းရဲ့ ညာဘက်ခြမ်းမှာ သင်္ချိုင်းရှိပါတယ်။ မြို့လယ်ကနေ သင်္ချိုင်းအထိလမ်းလျှောက်ရင် တစ်မိုင်သာသာ ၂ မိုင်လျော့လျော့လောက် ရှိတာမို့လို့ အဲဒီခေတ်အခါက လမ်းလျှောက်ပြီး အသုဘ ပို့လေ့ ရှိကြပါတယ်။ မြင်းလှည်းအသုဘရထားရှိပါတယ်။ မြင်းရထားနဲ့ အခေါင်းကို တင်ရင်တင်၊ မတင်ရင် အခေါင်းကိုထမ်းပြီးတော့ အသုဘ ချကြတာလည်း ရှိခဲ့တယ်။ ကြေးစည်တီးသူ၊ အသုဘနှဲ နဲ့ ဗျောတီးသူတွေလည်း ပါတာပေါ့။ အခုခေတ် ကလေးတွေကတော့ ဘယ် မြင်ဘူးပါတော့မလည်း။ ပျဉ်းမနားသချိုင်္င်းကလည်း ကားနဲ့သွားမှရမဲ့ နေရာကို ပြောင်းသွားပြီ။ တစ်ခါတောင်မက နှစ်ခါပြောင်းလို့ ကျနော့ ဘိုးဘွားတွေရဲ့ အုတ်ဂူတွေတောင် ဘယ်ရောက်ကုန်ပြီလည်း မသိတော့ပါဘူး။ တရားနဲ့ ဘာမှမမြဲဘူးလို့ပဲ ဖြေရတာပေါ့။ သူများနိုင်ငံတွေမှာတော့ အသက်ရှိသူတွေမပြောနဲ့ တမလွန်ရောက်သွားတဲ့သူတွေကိုတောင် ဂရုတစိုက်။ သူတို့ရဲ့ ထောက်ကြံ့ က သင်္ချိုင်းကိုပဲ ကြည့်ပါလား။ ကိုယ်တွေကတော့ ဘာတတ်နိုင်လို့လည်းပေါ့။

အဖြူနဲ့အစိမ်းဝတ်ထားတဲ့ကျနော်တို့ ကျောင်းသားတန်းကြီးက အသုဘပို့ရင်း ပျဉ်းမနားဈေးကြီးရဲ့ အနောက်မြောက်ထောင့်ကို ရောက် လာပါတယ်။ ဈေးအနောက်မြောက်ထောင့်ရောက်ရင် သင်္ချိုင်းကုန်းသွားဖို့ ဘယ်ဘက်ကို ကွေ့ရတယ်။ ပြီးတော့မှ ဈေးနောက်ဘက် တံခါးပေါက်ရောက်ရင် ညာချိုးပြီး အနောက်ဘက်ကိုတန်းတန်း ရှမ်းကန်ဘက်ကိုဦးတည်ပြီး ဆက်သွားရတယ်။ အဲဒီအချိန်က ဈေးလမ်း ထောင့် လမ်းမပေါ်မှာ အရူးတစ်ယောက်က လုံချည်မပါ အောက်ပိုင်းဗလာနဲ့ အုတ်မုတ်ခွက်ကို အားရပါးရခေါက်ပြီး သီချင်းတငြီးငြီးနဲ့ပေါ့။ ကျောင်းသူတွေက အပျိုရွယ်ကလေးတွေဆိုတော့ မျက်စေ့လွှဲကုန်ကြတာပေါ့။ ဒါပေမယ့် လုတန်းကြီးနဲ့သူနဲ့က အရမ်းကပ်နေတာကိုး။ ဘယ်လောက်ပဲ မျက်နှာလွှဲတယ်ဆိုဆို ဘယ်လွယ်ပါ့မလည်း။ မိန်းကလေးတွေမပြောနဲ့ ကိုယ်တောင် အော်ဂလီဆန်တယ်။ ဆရာမတွေ လည်း ဒုက္ခပေါ့။ အဲဒီမှာတင် ကယ်တင်ရှင်က ရောက်လာတယ်။ တခြား ဘယ်သူမှ မဟုတ်ပါဘူး။ ဆရာကြီးဦးအုန်းဖေပါပဲ။

ဆရာကြီးက သူ့ပခုံးက ထီးကောက်ကြီးကို အမြန်ဖွင့်လိုက်ပြီး လမ်းမပေါ်မှာပေါင်ကားယားနဲ့ တန်းလန်းငုတ်တုတ်ထိုင်နေတဲ့အရူးကို သူ့ထီးနဲ့ ကာထားလိုက်ပါတယ်။ အဲဒီတော့မှပဲ ကျနော်အပါအ၀င် ကျောင်းသားကျောင်းသူတွေ နေသာသွားတော့တယ်။ ဆရာကြီးခမျာ နောက်ဆုံးကျောင်းသားတန်းကြီး ဆုံးသွားတဲ့အထိ နေပူထဲမှာ ချွေးသံတရွှဲရွှဲနဲ့ နေပူပူထဲမှာ ကာထားပေးရှာပါတယ်။ လွန်ခဲ့တဲ့အနှစ် ၄၀ နီးပါးက ဆိုပေမဲ့ ကျနော့်ရဲ့ မျက်စေ့ထဲမှာ ခုထက်ထိကို ကွင်းကွင်းကွက်ကွက် မြင်နေဆဲပဲ ဖြစ်ပါတယ်။ အရူးကတော့ ရူးနေတော့ ရှက်ရ ကောင်းမှန်း မသိဘူးပေါ့။ ယိုသူမရှက် မြင်သူရှက်ဆိုတာ ဒါမျိုးပဲ ထင်ပါတယ်။ ပေါ်သူမရှက် မြင်သူရှက်ပေါ့။ အရူးကတော့ မိန်းက လေးတွေကိုကြည့်ပြီး ပြုံးပြုံးကြီးတောင် လုပ်နေလိုက်သေးတယ်။

အခုနှစ် မြန်မာနိုင်ငံသင်္ကြန်မှာလည်း ယိုသူမရှက်၊ မြင်သူရှက်၊ ကသူမရှက် ကြည့်သူရှက်ပါပဲ…။ အပြာရောင်မယ်များက အပြာရောင်နောက်ခံ စဉ်မြင့်ပေါ်က ပိတ်ကားရဲ့ရှေ့မှာ ဆတ်ကော့လပ်ကော့ ကကြတာက ထိုင်းနိုင်ငံက အကမယ်တွေလို့လည်း ပြောပါတယ်။ ပရိသတ်ထဲမှာ အရွယ်မစင်သေးတဲ့ကလေးတွေ ပါမှာပါ။ ဒီလိုကတာတွေက ညကလပ်လိုဟာမျိုးတွေမှာဆိုရင် ဘာမှမထူးပေမဲ့လည်း နေ့ခင်းကြောင်တောင် ကြီးမှာ သူသူငါငါ အရွယ်မရွေး မြင်ရတဲ့အခါ အမိနဲ့နှမများကိုလည်း မျက်စေ့ရှက်စေပါတယ်။ ခေတ်တွေပြောင်းလဲလာတယ် ဆိုပေမဲ့လည်း မြန်မာသင်္ကြန်ဆိုတာ ဒါမျိုးလားလို့ သူများ တိုင်းတစ်ပါးသားတွေ ထင်စရာဖြစ်ပါတယ်။ လန်ဒန်မှာ အလုပ်လုပ်နေတဲ့မိတ်တွေ မြန်မာဆရာဝန်တစ်ဦးက ဆေးရုံမှာ အတူတူ အလုပ်လုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်တွေကို ငါတို့သင်္ကြန် ဆိုပြီး ကြွားမလို့ ဂူဂဲလ်မှာ သင်္ကြန် ဓာတ်ပုံတွေကို ရှာတယ် ပြောပါတယ်။ အဲဒီအခါမှာ မြန်မာသင်္ကြန်ရဲ့ ကော့ကော်ကန်ကားပုံတွေ အများကြီး ထွက်လာလို့တော်တော်လေး မျက်နှာပူမိရတဲ့အကြောင်း၊ စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ပြောပါတယ်။

ဒီလိုသရုပ်ပျက်တွေ သင်္ကြန်မှာ မမြင်ချင်တာဟာ နိုင်ငံခြားမှာရောက်တာ ကြာတဲ့ကျနော်တို့လို အဘိုးကြီးတွေ ခေတ်မမှီတာပဲ ဖြစ်မယ်လို့ တော့ မထင်ပါ။ မြန်မာနိုင်ငံ အတွင်းမှာလည်း ဒီလိုပုံရိပ်တွေကို မမြင်စေချင်တဲ့သူတွေ အများကြီးရှိပါတယ်။  မြူးကြွတဲ့တေးသံ ပျံ့လွင့်နေတဲ့အဆိပ်နဲ့ သင်္ကြန်မိုးအတုတွေရဲ့ အန္တရာယ်တွေကနေ အနာဂတ် မြန်မာကလေးသူငယ်တွေကို လွတ်ကင်းအောင်တော့ ဘယ်လိုလုပ်ကြရင် ကောင်းမလည်း တွေးကြည့်မိပါတယ်။

ဘာပဲပြောပြော သင်္ကြန်ရောက်ရင် မြင်သူတွေ ဘယ်လောက်ရှက်ရှက် ယိုသူတွေက နှစ်စဉ် ယိုကြမှာပါပဲ။ ဒီလို ဟော့ရှော့ကခုန်ကြသူတွေ၊ စီစဉ်သူတွေဆိုတဲ့ယိုသူအပေါင်းက မရှက်တတ်တော့လည်း နောင်လာနောက်သား လူမမယ်လေးတွေက အတုယူတွေမှားမှာ စိုးပါတယ်။ ကိုယ့်မှာက ပါဝါအာဏာ မရှိလေတောလည်း များများတော့ မတတ်နိုင်ပါ။ အဲဒီတော့ ပျော်ပျော်ပါးပါးစီစဉ်သူနဲ့ ပေါ်ပေါ်ပါးပါး၊ ဖော်ဖော်ကားကား ကခုန်သူတွေကိုတော့ အရူးရဲ့ အင်္ဂါကို မမြင်ရအောင် ကာပေးခဲ့တဲ့“ဆရာကြီးရဲ့ထီးကောက်ကြီးသာ ငှားပြီးတော့ သူရို့ ကို ကာထားပေးလိုက်ချင်ရဲ့ ” လို့ပဲ ဆိုချင်ပါတော့တယ်။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)