ဂါမဏိ – ဂန္ဓွီနှင့်အောင်ဆန်း မြန်မာနှင့် ကမ္ဘာ

April 22, 2014

ဂန္ဓွီနှင့်အောင်ဆန်း မြန်မာနှင့် ကမ္ဘာ
ဂါမဏိ
ဧပြီ ၂၂၊ ၂၀၁၄
 

“မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ” ဆိုတဲ့ အမေရိကန်နိုင်ငံရေးတွေးခေါ်ရှင် ဟင်နရီဒေးဗစ်သိုရူးရဲ့ ပြောင်မြောက်တဲ့အဆိုကိုမြန်မာ့အခြေအနေနဲ့ အထူးကိုက်ညီအောင် လက်တွေ့ကျင့်သုံးနိုင်ခဲ့သူကတော့မြန်မာနိုင်ငံမှာ အပြောင်မြောက် အထူးချွန်ဆုံး စွယ်စုံရပညာရှင်တဦးဖြစ်တဲ့ ဦးဝင်းတင်ပဲဖြစ်ပါတယ်။ 


ဒီကနေ့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကြီးစိုးနေတာ ဗိုလ်ချုပ်အောင်ဆန်းက ဆပ်ဆော့ပြီး ဘီအိုင်အေထောင် လက်နက်ကိုင်တော်လှန် ရေးလုပ်ခဲ့တာကြောင့်လား။ ဗိုလ်ချုပ်အောင်ဆန်းတို့ကသာ စစ်တပ်မထောင်တော်လှန်ရေးမလုပ်ခဲ့ရင် အခုလို စစ်အာဏာရှင်စနစ် ပေါ် မှာမဟုတ်၊ ဒါမှမဟုတ်လည်းဗြိတိသျှကိုလိုနီအုပ်ချုပ်သူတွေက လက်အောက်ခံကိုလိုနီ စစ်တပ်ထဲ ကရင်၊ ၊ချင်းတွေသာမက ဗမာတွေကိုပါ ဝင်ခွင့်ပေးခဲ့ရင် လက်နက်ကိုင်တပ်အသစ်ထောင် တော်လှန်ရေး လုပ်စရာမလိုဘဲအိန္ဒိယလိုမျိုး လွတ်လပ်ရေး အေးအေးဆေးဆေးရပြီး ခိုင်မာတဲ့ဒီမိုကရေစီနိုင်ငံဖြစ်သွားနိုင်တယ်၊ဗြိတိသျှတွေ သူတို့အကျိုးစီးပွားကို အတွက်မှားခဲ့လို့ တခြားကိုလိုနီတွေ လိုဗမာပြည်ကို ဓနသဟာယထဲတောင် ဆက်ထည့်မထားနိုင်ဘဲ နောက်ဆုံးမှာစစ်အာဏာရှင်စနစ်ဆီရောက်သွားရတယ်လို့ ယူဆလို့ ရမလား။ ဘီအိုင်အေထောင်တာ မှားသလား။ ရဲဘော် သုံးကျိပ်တို့ မှားသလား။

လက်နက်ဆိုတာ လူကိုသွေးကြွစေတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါကြောင့် ကမ္ဘာမှာ စစ်တပ်တွေက အရပ်သားတွေ အပေါ် ဗိုလ်ကျလွှမ်းမိုးလာပြီးနောက်ဆုံးမှာ နိုင်ငံရေးအာဏာသိမ်းယူတာတွေအထိဖြစ်လာကြတာပါ။ ဒါပေမဲ့ အခြေခံ နိုင်ငံရေးအဆောက်အအုံကောင်းပြီးလူထုအင်အား ရှိနေရင်တော့ ဒီလိုမဖြစ်တာလည်း အားလုံးအမြင်ပါပဲ။ လက်နက်ကိုင် တော်လှန်ရေးနည်းနဲ့တိုင်းပြည်ထူထောင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ တချို့က စစ်တပ်အာဏာသိမ်းတာတွေဖြစ်သွားပြီး တချို့မှာ တော့ အရပ်သားအစိုးရတွေ ခိုင်မာနေကြတယ်။ အမေရိကန်၊ ပြင်သစ်၊တောင်အာဖရိက၊ အဇ္ဇရေး၊ ဗီယက်နမ်၊ တရုတ်၊ ကျူးဘား၊မြောက်ကိုးရီးယားနိုင်ငံတွေကို လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ထူထောင်ခဲ့ကြတာဖြစ်တယ်။ ဒီကနေ့မှာ ကျူးဘား၊ မြောက်ကိုးရီးယား စတာတွေကိုအာဏာရှင်နိုင်ငံအဖြစ် သတ်မှတ်ကြပေမဲ့ စစ်တပ်အာဏာရှင်နိုင်ငံတော့မဟုတ်ဘဲဖြစ်ခြင်းဖြစ်ရင် အရပ်သားအာဏာရှင်နိုင်ငံတွေလို့ပဲ ပြောလို့ရနိုင်ပါတယ်။ဖိလိပိုင်၊ စင်္ကာပူ၊ မလေးရှား တို့ကျတော့လည်း လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့တိုင်းပြည်ထူထောင်ခဲ့တာ မဟုတ်ပေမဲ့ အရပ်သားအာဏာရှင်စနစ်တွေ ကြီးစိုးခဲ့ကြတာ၊ကြီးစိုးနေတာတွေ တွေ့ရတယ်။

နယ်လဆင်မင်ဒဲလားကတော့ တိုက်ပွဲသဏ္ဌာန်ဆိုတာအားကြီးတဲ့အုပ်စိုးသူ တဖက်ရန်သူအပေါ်မှာမူတည်တယ်လို့ ပြောခဲ့ပါတယ်။ အုပ်စိုးသူက အတိုက်အခံအပေါ်အကြမ်းဖက်တဲ့နည်းနာတွေသုံးနေရင် အုပ်စိုးခံတွေအနေနဲ့ ပြန်လည် အကြမ်းဖက်တိုက်ခိုက်ဖို့ပဲရှိတယ်လို့ပြောခဲ့တယ်။ တောင်အာဖရိကအစိုးရက အတိုက်အခံတွေအပေါ် ချုပ်ချယ်ကန့်သတ်မှုတွေရုပ်သိမ်းပေးပြီး တရားဝင်လှုပ်ရှားခွင့်တွေ ကမ္ဘာသိ ပေးတော့မှ မင်ဒဲလားတို့ဟာ လက်နက်ကိုင်တိုက်ပွဲကို “ရပ်နား” လိုက် တယ်။(အပြီးရပ်စဲတာ၊ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်တာမဟုတ်သေး)ဒီမိုကရေစီနည်းကျအာဏာရလာတဲ့ တရားဝင် အစိုးရထံကိုသာ လက်နက်တွေအပ်မယ်လို့ရပ်ခံခဲ့တယ်။ မင်ဒဲလားခေါင်းဆောင်တဲ့ အေအင်စီနဲ့ တောင်အာဖရိကကွန်မြူနစ် ပါတီတို့ဟာအစိုးရရဲ့ခြေလှမ်းတွေပေါ်မူတည်ပြီးလိုအပ်ရင်လိုအပ်သလို လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ ဥပဒေတွင်း တိုက်ပွဲ၊စားပွဲဝိုင်းတိုက်ပွဲတွေကို လက်တွေ့အခြေအနေနဲ့ကိုက်ညီစွာ ကျွမ်းကျွမ်းကျင်ကျင်ဆင်နွှဲခဲ့ကြတယ်။ တိုက်ပွဲသဏ္ဌာန် တခုတည်းကိုပဲတရားသေမကိုင်စွဲခဲ့ပါဘူး။

အမေရိကန်နိုင်ငံသမိုင်းကို ပြန်ကြည့်ရင်ကနဦးအမေရိကန်လွတ်လပ်ရေးတိုက်ပွဲဝင်သူတွေဟာ ၁၇၆၅-၆၇ သွင်းကုန်သပိတ်မှောက်ရေးလှုပ်ရှားမှု၊ ၁၇၇၃ ဘော့စတွန်လဖက်ရည်ပွဲ၊ ၁၇၇၄အမေရိကတိုက်လုံးဆိုင်ရာညီလာခံလို အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ လုပ်ခဲ့တာရှိပေမဲ့လွတ်လပ်ရေးအတွက် အကြမ်းဖက်ရေး မဖက်ရေးကိစ္စကို ရေးကြီးခွင်ကျယ်မလုပ်ခဲ့ကြပါဘူး။လွတ်လပ်ရေး ဒီမိုကရေစီရေး ဖက်ဒရယ်ရေးဆိုတဲ့ အရင်းခံအတွေးအခေါ်ကိုသာ ပဓာနထားခဲ့တာဖြစ်ပါတယ်။ ၁၇၇၅ ဧပြီလမှာ အမေရိကန်ပြည်သူ့စစ်တချို့နဲ့ ဗြိတိသျှတပ်တွေ တိုက်ပွဲစဖြစ်ပြီးနောက် ဇွန်လကျမှ ဒုတိယအကြိမ် အမေရိက တိုက်လုံးဆိုင်ရာညီလာခံကဗြိတိသျှကို အကြမ်းဖက်တော်လှန်ဖို့ လက်နက်ကိုင်တပ်ဖွဲ့စည်းရေးဆုံးဖြတ်လိုက်တာဖြစ်တယ်။ ၁၇၇၆ ဇူလိုင်မှာ လွတ်လပ်ရေးကြေညာလိုက်ပေမဲ့လုံးဝအောင်ပွဲရတဲ့ ၁၇၈၁ နှောင်းပိုင်းအထိ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့ရတယ်။၁၇၈၃ ကျမှ တရားဝင်စစ်ပြေငြိမ်းစာချုပ်ချုပ်ပြီး အင်္ဂလိပ်က အမေရိကန်လွတ်လပ်ရေးကိုအသိအမှတ်ပြုခဲ့ရ တယ်။ အမျိုးသားလွတ်လပ်ရေးစစ်ပွဲဆိုပေမဲ့ ၁၇၇၈ ကစပြီး ပြင်သစ်၊စပိန်၊ နယ်သာလန်နိုင်ငံတို့ကလည်း အင်္ဂလိပ်ကို အတိအလင်း ပါဝင်တိုက်ခိုက်ခဲ့ကြတယ်။

အမေရိကန်နိုင်ငံဟာ လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ လွတ်လပ်ရေးရအောင်တိုက်ခဲ့ရပေမဲ့ တခြားဗြိတိသျှကိုလိုနီတွေ ဖြစ်တဲ့ ကနေဒါနိုင်ငံနဲ့သြစတြေးလျနိုင်ငံတို့ကတော့ အကြမ်းမဖက်တဲ့နည်းနဲ့ပဲ နောက်ဆုံးမှာ လွတ်လပ်ရေးရခဲ့ကြတယ်လို့ အများက ယေဘုယျ သိထားကြတယ်။ ဒီနိုင်ငံတွေရဲ့လွတ်လပ်ရေးကို အကြမ်းမဖက်ရေးနည်းသဏ္ဌာန်ရဲ့အောင်မြင်တဲ့နမူနာ တွေအဖြစ် ထောက်ပြကြတယ်။ တကယ်တော့အမေရိကန်တော်လှန်ရေးအောင်ပွဲခံပြီးနောက် ကနေဒါမှာလည်း အင်္ဂလိပ် ကိုလိုနီဘဝကလွတ်မြောက်ဖို့လက်နက်ကိုင်ပုန်ကန်မှုတွေ ပေါ်ခဲ့တယ်။ ၁၈၃၇ မှာ မက္ကင်ဇီ နဲ့ ပက်ပင်နိုး တို့နှစ်ဦးခေါင်းဆောင် တဲ့ လက်နက်ကိုင်တော်လှန်ရေး ကနေဒါနိုင်ငံအနှံ့မှာ ပေါ်ပေါက်ခဲ့တယ်။၁၈၃၈ မှာ သူပုန်တွေအရေးနိမ့်သွားခဲ့ပေမဲ့ ကနေဒါ နိုင်ငံရေးအပေါ်ဘယ်လိုမှရှောင်လွဲမရနိုင်တဲ့ ဂယက်ရိုက်ခတ်ချက်တွေဖြစ်သွားခဲ့တယ်။ ၁၈၆၉ မှာ ရီးယဲလ် ခေါင်းဆောင်တဲ့ တိုင်းရင်းသားလူနီသူပုန်ထမှုပေါ်ပေါက်ပြန်တယ်။ နောက်တနှစ်မှာ ဖြိုခွင်းခံရတယ်။ ရီးယဲလ်ခေါင်းဆောင်တဲ့လူနီတိုင်းရင်း သားတွေဟာ ၁၈၈၅ မှာ ဒုတိယအကြိမ် သူပုန်ထပြန်တယ်။ ဒီတခါလည်း ရှုံးနိမ့်သွားပြန်ပြီး ရီးယဲလ်ကိုယ်တိုင် အဖမ်းခံရကြိုးပေးကွပ်မျက်ခံလိုက်ရတယ်။ အမေရိကန်လို လုံးဝအောင်မြင်တဲ့အထိလက်နက်ကိုင်မတိုက်နိုင်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကနေဒါရဲ့လွတ်လပ်ရေးကြိုးပမ်းမှုမှာအရေးပါတဲ့အကျိုးပြုမှုတွေဖြစ်ခဲ့တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

သြစတြေးလျနိုင်ငံမှာတော့ ၁၈ဝ၄ ခုတကျွန်းစံအိုင်ယာလန်နိုင်ငံရေးအကျဉ်းသားတွေ ပုန်ကန်ထကြွတာကို ဗြိတိသျှ အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းလိုက်ပြီးခေါင်းဆောင်လုပ်သူကို ဖမ်းဆီးကြိုးပေးလိုက်တယ်။ ၁၈ဝ၈ မှာ ဒေသခံတပိုင်း ဖြစ်လာတဲ့ကိုလိုနီစစ်တပ်အရာရှိတွေက ဗြိတိသျှဘုရင်ခံရဲ့စီးပွားရေးလက်ဝါးကြီးအုပ်မှုကို မကျေနပ်လို့ ‘ရမ်အရက်သူပုန်ထမှု’ လို့နာမည်ကျော်တဲ့ ပုန်ကန်မှုလုပ်၊ ဘုရင်ခံကိုဖြုတ်ချပြီး တိုင်းပြည်ကိုတနှစ်လောက်သိမ်းပိုက်အုပ်ချုပ်ခဲ့တယ်။ နောက်ပိုင်းမှာ သူပုန်ထသူတွေ အရေးယူခံရပေမဲ့အရေးပါတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပြုပြင်မှုတွေ လုပ်ပေးခဲ့ရတယ်။ ၁၈၅၄မှာလည်း ယူရေးကား ရွှေတွင်းအလုပ်သမားတွေက မဲပေးခွင့်မရတဲ့ကိစ္စ၊မတရားဆက်ကြေးကောက်တဲ့ကိစ္စတွေကို မကျေနပ် လို့ လက်နက်ကိုင်ပုန်ကန်ပြန်တယ်။ရက်ရက်စက်စက် နှိမ်နင်းခံလိုက်ရပေမဲ့ သြစတြေးလျလွတ်လပ်ရေးသမိုင်းမှာ အကြီးကျယ် ဆုံးသူပုန်ထမှု ဖြစ်သွားခဲ့တယ်။

ဂန္ဓွီဟာ ကမ္ဘာမှာသြဇာအကြီးဆုံး၊ အထိရောက်ဆုံး အကြမ်းမဖက်လှုပ်ရှားရေးသမားစစ်စစ်ဖြစ်သလိုဒီမိုကရေစီကိုလည်း ဦးထိပ်ထားသူဖြစ် တယ်။ ဒါကြောင့် သဘာဝကျစွာပဲ သူဟာ ဖက်ဆစ်ဝါဒကိုဆန့်ကျင်ပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါကျတော့ စစ်ပွဲတခုလုံးကိုလည်း ဆန့်ကျင်ခဲ့တယ်။၁၉၃၉ စက်တင်ဘာ ၁၄ ရက် အိန္ဒိယအမျိုးသားကွန်ဂရက်ကြေညာစာတမ်းမှာအိန္ဒိယ ကို လွတ်လပ်ရေးပေးရင် မဟာမိတ်ဘက်က စစ်တိုက်ပေးမယ်လို့ သဘောထားချမှတ်တာကိုဂန္ဓွီကသဘောမတူပေမဲ့ အများစုဆန္ဒကို နာခံခဲ့တယ်။ တကယ့်သူ့သဘောထားအစစ်အမှန်ကတော့ဖက်ဆစ်ကို အကြမ်းမဖက်ဘဲ ဆန့်ကျင်ဖို့သာ ဖြစ်တယ်။ လွတ်လပ်ရေး ရဖို့အတွက် အင်္ဂလိပ်ကို အကြမ်းမဖက်ဘဲ တိုက်ဖို့၊ ဖက်ဆစ်ဝါဒကိုလည်း အင်္ဂလိပ်က အိန္ဒိယကိုလွတ်လပ်ရေးပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ လက်နက်ကိုင်မတိုက်ဘဲအကြမ်းမဖက်တိုက်ပွဲဝင်ဖို့ကိုသာ သူလိုလားတယ်။ အိန္ဒိယကို ဂျပန်မသိမ်းနိုင်ခဲ့လို့ဖက်ဆစ်ကို ဂန္ဓွီနည်းနဲ့တိုက်ရင် ဘယ်လိုဖြစ်မယ်ဆိုတာတော့ ကမ္ဘာကတွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကွန်ဂရက်ပါတီဗဟိုခေါင်းဆောင်အများစုသဘောထားကို သူနာခံပြီး ဗြိတိသျှက လွတ်လပ်ရေး မပေးရင်စစ်ပွဲကိုဆန့်ကျင်မယ် (=လွတ်လပ်ရေး ပေးရင်တော့ ဂျပန်ကိုလက်နက်ကိုင်တိုက်မယ်) လို့တနိုင်ငံလုံးမှာ ထောင်ကျ ခံလိုက်လံဟောပြောခဲ့တယ်။

“မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ” ဆိုတဲ့ အမေရိကန်နိုင်ငံရေးတွေးခေါ်ရှင် ဟင်နရီဒေးဗစ်သိုရူးရဲ့ ပြောင်မြောက်တဲ့အဆိုကိုမြန်မာ့အခြေအနေနဲ့ အထူးကိုက်ညီအောင် လက်တွေ့ကျင့်သုံးနိုင်ခဲ့သူကတော့မြန်မာနိုင်ငံမှာ အပြောင်မြောက် အထူးချွန်ဆုံး စွယ်စုံရပညာရှင်တဦးဖြစ်တဲ့ ဦးဝင်းတင်ပဲဖြစ်ပါတယ်။ သိုရူးကတော့ ပြောင်မြောက်တဲ့အတွေး အခေါ်တွေကိုထက်ထက်မြက်မြက်တွေးဆ ဖော်ထုတ်ခဲ့တဲ့ အမေရိကန်လူမျိုးတယောက်ဖြစ်ပေမဲ့ လက်တွေ့နိုင်ငံရေးနယ်ပယ်ထဲမှာတော့ ဒါလောက် ထဲထဲဝင်ဝင် မပတ်သက်ခဲ့ပါဘူး။ ဦးဝင်းတင်ကတော့ အတွေးအခေါ်တင်မကဘဲလက်တွေ့နိုင်ငံရေး မှာရော အထွေထွေစာပေပန်းချီ ဂီတအနုပညာပိုင်းတွေမှာပါအားလုံးကလက်ဖျားခါရလောက်အောင် ထူးချွန်သူဖြစ်တယ်။

ဒေးဗစ်သိုရူးဟာ စာပေသမား၊သဘာဝပတ်ဝန်းကျင်ပညာရှင်၊ ဒဿနပညာရှင်၊ လူမှုဝေဖန်ရေးသမား၊ အစိုးရဆန့်ကျင်ရေး သမားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက မက္ကဆီကိုနိုင်ငံကိုကျူးကျော်နယ်ချဲ့တဲ့စစ်ကို ဆန့်ကျင်တဲ့အနေနဲ့ အခွန်မပေးဘဲ အာဏာဖီဆန်လို့ ၁၈၄၆ခုနှစ်မှာ ထောင်တရက်ကျခဲ့တယ်။ အဲဒီနောက် အကြမ်းမဖက်အာဏာဖီဆန်ရေး ဆိုတဲ့ကျမ်းကိုပြုစုခဲ့ရာမှာ ၂ဝ ရာစုကျမှ နာမည်ကြီး လူဖတ်များတဲ့ စာအုပ်ဖြစ်လာပြီး သိုရူးလည်း သူရဲကောင်းဖြစ်လာတယ်။ သိုရူးဟာတိုင်းရင်းသားလူနီအခွင့်အရေး၊ ကျွန်စနစ်ဖျက်သိမ်းရေး၊ အလုပ်သမားအခွင့်အရေး၊အမျိုးသမီးများမဲပေးခွင့်တို့ကိုလည်း တောင်းဆိုခဲ့တယ်။ လက်တွေ့နိုင်ငံရေးလှုပ်ရှားမှုအနေနဲ့တော့ကျွန်တွေကို ဥပဒေဘောင်အပြင်ဘက်ကကူတဲ့ ‘မြေအောက် ရထားလမ်း’ ဆိုတဲ့အဖွဲ့ထဲဝင်လုပ်ခဲ့ပြီး ကျွန်တွေထွက်ပြေးအောင် လှုံ့ဆော်ကူညီ၊ကျွန်ပြေးတွေကိုဖွက်ပေး ထောက်ပံ့ကူညီပေး တာတွေ လုပ်ခဲ့တယ်။ အခြေခံအားဖြင့်အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေးအယူအဆ ခံယူထားပေမဲ့ ကျွန်စနစ်ဖျက်သိမ်းရေး-ကျွန်သူပုန်ထရေးအတွက်အကြမ်းဖက်လက်နက်ကိုင်လှုပ်ရှားလို့ သေဒါဏ်ပေးခံရသူ ဂျွန်ဘရောင်း ကိုတော့ အတွေးအခေါ် ရပ်တည်ချက်အတွက် ဂုဏ်ပြုချီးကျူးခဲ့တယ်။ အခုအခါ သိုရူးကို အများက အမေရိကန်နိုင်ငံရဲ့ ‘အကြမ်းမဖက်တဲ့ မင်းမဲ့ဝါဒ’ စတင်တည်ထောင်သူတဦးအဖြစ် သတ်မှတ်ကြတယ်။ ကျွန်စနစ်ဖျက်သိမ်းရေးအမေရိကန်ဖြစ်စ (၁၈၆၂) မှာပဲ ကွယ်လွန်ခဲ့လို့ အဲဒီစစ်ပွဲအပေါ်သူ့သဘောထားကို မသိလိုက်ရပါဘူး။ ယေဘုယျအကဲဖြတ်ရရင်တော့ သိုရူးဟာအကြမ်းမဖက် ရေးသဏ္ဌာန်ကို ပိုလိုလားပေမဲ့ သဏ္ဌာန်ထက် အနှစ်သာရပိုင်းကို အဓိကထားတယ်ဆိုတာ ဂျွန်ဘရောင်းအပေါ် သူ့သဘော ထားတွေအရပြောနိုင်ပါတယ်။

ကိုယ်ကျိုးစီးပွားဆိုတာ ဗမာပြည်နဲ့တင် ထူးထူးခြားခြားသက်ဆိုင်နေတာ မဟုတ်ပါဘူး။ဘယ်နိုင်ငံမှာမဆို လူသားတွေဟာ ကိုယ်ကျိုးစီးပွား နောက် လိုက်ကြတာချည်းပါပဲ။ တဦးချင်းကိုယ်ကျိုးစီးပွားကို အများအကျိုးစီးပွားနဲ့ မထိန်းနိုင်တဲ့တိုင်းပြည်တွေမှာ စစ်အာဏာရှင်စနစ်၊ အရပ်သားအာဏာရှင်စနစ်တွေ ခေါင်းထောင်တာ ဓမ္မတာဖြစ်ပါတယ်။ ဦးဝင်းတင်တို့၊ ဒေါ်အောင် ဆန်းစုကြည် တို့လိုလူမျိုးတွေကျတော့ အဲဒီလိုတဦးချင်းကိုယ်ကျိုးစီးပွားတွေကို အများပြည်သူ့အကျိုးစီးပွားနဲ့ ပြန်ထိန်းဖို့အနစ် နာခံ ကိုယ်ကျိုးစွန့်နေ တာဖြစ်တယ်။ ခေါင်းမာနေ တာ၊ တင်းမာနေတာမဟုတ်ပါဘူး။ခေါင်းမာတယ်ဆိုတာ ကိုယ်ကျိုးစီးပွား အကြီးအကျယ် ရှိနေသူတွေရဲ့ လက္ခဏာသာဖြစ်ပါတယ်။

ဦးဝင်းတင်ဟာ ခိုင်မာပြတ်သားလှတဲ့ သံမဏိစိတ်ဓာတ်ကို ထောင်ထဲမှာ အလံမလှဲစတမ်းစိုက်ထူထားနိုင်တာ ကမ္ဘာသိ ဖြစ်ပါတယ်။ အဲသလို စွယ်စုံထူးချွန်ထက်မြက်လှသူတယောက်ကစစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ် အင်မတန် ကြံ့ခိုင်လှ တဲ့အတွက်ကြောင့်ပဲ သူ့ကိုစစ်အစိုးရက လုံးဝပြန်မလွှတ်ပေးတာဖြစ်တယ်။ လက်ဝဲယိမ်းလို့ လွှတ်မပေးတာမဟုတ်ပါဘူး။ဦးဝင်းတင် ကွန်မြူနစ်မဟုတ်မှန်း စစ်အစိုးရ ကောင်းကောင်းသိပါတယ်။ကွန်မြူနစ်စာအုပ်စာတမ်းဆိုပြီး စောမောင်-ခင်ညွန့်တို့ ဦးဝင်းတင်အိမ်ကသိမ်းယူပြတဲ့စာအုပ်တွေမှာ ကွန်မြူနစ်ဆန့်ကျင်ရေးစာအုပ်တွေလည်း အတော်များများပါဝင်နေပါတယ်။ ကွယ်လွန်သူ ဖဆပလဦးကျော်ငြိမ်းလိုလူတောင် ကွန်မြူနစ် ဝါဒစာအုပ်တွေ ကိုယ်ပိုင်ဝယ်ယူလေ့လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဦးဝင်းတင်လို ဘက်စုံလေ့လာသူ၊ ဘက်စုံနှံ့စပ်ထူးချွန်သူ တယောက် ဟာ ကွန်မြူနစ်ဝါဒစာအုပ်တွေကိုလည်း လေ့လာတာ ဘာမှမဆန်းပါဘူး။ ဒါတွေကိုမသိနားမလည်ဘဲဦးဝင်းတင်လိုလူမျိုး စစ်အစိုးရက လွှတ်မပေးတာကို နားလည်မှုပေးသင့်တယ် လို့သွားစဉ်းစားရင်တော့ စစ်ဗိုလ်ချုပ်တွေရဲ့အကွက်ထဲဝင်သွားပါလိမ့်မယ်။ စစ်အုပ်စုကိုယ်ကျိုး စီးပွားတွေထဲက အရိုးအရင်းလေးများ စားရမလားဆိုပြီး ဆင့်ဟိုဒင်း ဟဝှာကောင်မျှော်တဲ့ဘဝ မဆိုက်ကြစေချင်ပါဘူး။

ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ နိုင်ငံတကာနဲ့မြန်မာ့သမိုင်းကြောင်းတွေ၊ လက်ရှိအခြေအနေအရပ်ရပ်ကို ဘက်စုံဒေါင့်စုံ နှံ့နှံ့စပ်စပ် မသိ နားမလည် မလေ့လာဘဲ စစ်အုပ်စုဘက်တော်သားတွေလုပ်သလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဝင်းတင်တို့ကို မဆင်မခြင် စော် ကားမိတာမျိုး မဖြစ်စေချင်ပါ။

(ဦးဝင်းတင် အကျဉ်းစံ ၁၆ နှစ်မြောက်အမှတ်တရအဖြစ် ၂၀၀၅ ဇူလိုင်လကရေးခဲ့သည်ကို နောက်ဆုံးတပိုဒ် ထပ်ဖြည့်စွက်ထားပါသည်။)

 

ဂါမဏိဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:U Win Tin, ရသဆောင်းပါးစုံ, ဦးဝင်းတင်

One Response to ဂါမဏိ – ဂန္ဓွီနှင့်အောင်ဆန်း မြန်မာနှင့် ကမ္ဘာ

  1. pn wara on April 23, 2014 at 6:58 am

    အင်း– ဗိုလ်ချုပ် အောင်ဆန်း နဲ့  ဦးဝင်းတင် တို့ ကို မဆင်မချင် စော်ကားမိတာမျိုး မဖြစ်စေချင်ပါတဲ့- ဆောင်းပါးနိဂုံးချုပ် စကားကြောင့် ရေးချင်တာပေါ်လာလို့ ရေးလိုက်ပါတယ်- ဆောင်းပါးရှင် ရဲ့  ဗိုလ်ချုပ်ဆောင်ဆန်း နဲ့  ဦးဝင်းတင်အပေါ် ထားရှိတဲ့စေတနာကို နားလည်ပါတယ်-ဒါပေမဲ့ ဆောင်းပါးအစမှာ ပါတဲ့ -ဗမာပြည်မှာ စစ်အာဏာရှင် စနစ် ကြီးစိုးနေတာ ဗိုလ်ချုပ် အောင်ဆန်း က ဆပ်ဆော့ပြီး ဘီအိုင်အေ တည်ထောင်ခဲ့လို့ လားဆိုတဲ့ အရေးအသားကိုတော့ သိပ် သဘောမတွေ့ လှဘူး- အဲဒီလိုပြောကြမယ်ဆိုရင် – နိုင်ငံရေးတိုက်ပွဲတွေ ဘာသာရေးတိုက်ပွဲတွေ ဖြစ်ပေါ်နေတာ နိုင်ငံရေးဝါဒ စတင်တည်ထောင်နေသူတွေကြောင့်လား- ထို နည်းလည်းကောင်း ဘာသာရေး အဓိကရုဏ်းတွေ ကရော ဘာသာတရား စတင်တည်ထောင်ခဲ့ ဂေါတမ ဗုဒ္ဓ တို့  ယေရှူတို့ - မိုဟာမက်တို့ ကြောင့်လား မေးခွန်းထုတ်ရမလိုဖြစ်နေတယ်။ တကယ်တော့ အကြောင်းကြောင့် အကျိုးတရားဖြစ်ပေါ်လာတာပါ- အဲဒီအကြောင်းဆိုတာ ဘာလဲ ဆန်းစစ်ဘို့ တော့လိုတယ်- အသိဥာဏ် မပြည့်ဝမှူဘဲ- အသိဥာဏ်မပြည့်ဝတော့ အတ္တများတယ်- အတ္တများတော့ သိတဲ့အတိုင်းဘဲ ပြသနာပေါင်းစုံဖြစ်ပွားပေါ်ပေါက်လာရတာဘဲလို့ ဆိုချင်ပါတယ်-

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်