ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း (၁ + ၂ + ၃)

April 22, 2014

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း (၁ + ၂ + ၃)
ဟံသာဝတီ ဦးဝင်းတင် ၏ ကိုယ်တိုင်ပြော ဘဝဇာတ်ကြောင်း
(မူလ လွတ်လပ်တဲ့အာရှအသံ ရေဒီယိုအစီအစဉ်၊ မိုးမခ ပြန်လည်ဆန်းသစ်ခြင်း)
ဧပြီ ၂၂၊ ၂၀၁၄
 
Photo by James Mackay
Copyright © James Mackay / enigmaimages.net
အပိုင်း (၁)


၁၉၄၁ ခုလောက်မှာတော့ မြန်မာနိုင်ငံကို ကမ္ဘာစစ်ကြီး ကူးလာခဲ့ပါပြီ။ ဦးဝင်းတင်တို့ မိသားစုလည်း တခြား ရန်ကုန်မြို့သားတွေနည်းတူ စစ်ရန်က ပြေးခဲ့ကြရပါတော့တယ်။

ဦးဝင်းတင် –  ကျွန်တော်လည်း အခုက အသက်က (၈၀) လည်း ကပ်ပြီပေါ့ဗျာ။ နောက်တခါ ကျွန်တော့်ဘ၀ ပုံသဏ္ဌာန်လည်း အကုန်လုံး ပြောင်းပေါ့ဗျာ နော်။  ဆိုပါတော့ဗျာ.. ကျွန်တော်က စာတွေဘာတွေပဲ ရေးတတ်တဲ့ လူပေါ့ဗျာ.. ဟုတ်လား။  ဒါပေမဲ့ နိုင်ငံရေးလောကထဲရောက်လာ၊ နိုင်ငံရေးသမားကလည်း ဖြစ်နေတော့ စကားကလည်း တောပြောတောင်ပြော ပြောရတာပေါ့။  ကျွန်တော်က တခါမှလည်း စကားတွေဘာတွေ ဟုတ်တိပတ်တိ ပြောလေ့ပြောထ မရှိဘူး။

အဲဒီအနေအထားက နေပြီးတော့ ရေဒီယိုတို့ဘာတို့.. တခါ အခု ခင်ဗျားတို့ မီဒီယာတွေထဲမှာ ပြောရတဲ့အခါကျတော့လည်း ကျွန်တော့်အဖို့လည်း တခါတလေကျတော့ တော်တော်ဂွကျတာပေါ့ဗျာ။ ခင်ဗျားက အဲဒီ ငယ်ငယ်တုန်းကအကြောင်းလေးဘာလေး မေးမယ်ဆိုတော့လည်း မဆိုးဘူးဗျ။ မဆိုးဘူးဆိုတာ လူက အသက် (၈၀) ပိုင်းလောက်ကပ်လာတဲ့အခါကျတော့ ရှင်းရှင်းပြောရရင် ဒီနေ့ဖြစ်ပျက်နေတာတွေ ပြောတာထက်ပေါ့ဗျာ၊ ကိုယ်ငယ်ငယ်တုန်းကအကြောင်းတွေပဲ ပြန်ပြောချင်တယ်ဗျ။  အသက်အရွယ် ရောက်လာတဲ့အခါကျတော့ ငယ်သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ စမြုံ့ပြန်ဆိုတော့ သိပ်ပြီးတော့ ပျော်စရာကောင်း၊ သိပ်ပြီးတော့ ကြည်နူးစရာကောင်းပေါ့ဗျာ။

ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့ဘ၀ဖြစ်နေတဲ့၊ အခု လတ်တလောပေါ်နေတဲ့ နိုင်ငံရေးတို့ စီးပွားရေးတို့ စသည်ပေါ့ဗျာ.. ဒီကိစ္စတွေ ကျွန်တော်တို့ မနိုင်တော့ဘူးဗျ၊ လိုက်လို့လည်း မမီပေါ့ဗျာ။  အထူးသဖြင့် ကျွန်တော်တို့လို ထောင်ထဲ နှစ် (၂၀) လောက်နေခဲ့တဲ့လူအနေနဲ့က သာပြီးတော့ အဟပ်ကွာပြီးတော့ ကိုယ်က နားမလည်တာတွေက အများကြီးဖြစ်တဲ့အခါကျတော့ သိပ်ပြီးတော့ မပြောချင်ဘူးဗျ။  အဲဒီအချိန်မှာ ခင်ဗျား အခုလို ငယ်ငယ်တုန်းကအကြောင်းလေးဘာလေး ပြောပါလားဗျာဆိုတော့ အဘိုးကြီးတယောက်အနေနဲ့တော့ အကိုက်ဆုံးပဲဗျ။

ဒီလိုပြောရမယ်ထင်တယ်ဗျ။  ကျွန်တော့်မိဘတွေကတော့ ကုန်သည်လို့ပဲ ပြောလို့ရပါတယ်။  ဘာလို့လဲဆိုတော့ ကျွန်တော့်အဖေက ရွှေတို့ငွေတို့ဆိုတဲ့ လုပ်ငန်းတွေလည်း လုပ်တယ်ပေါ့ဗျာ။  ရိုးရိုးအရပ်သားပါပဲ။  ကျွန်တော့် အမေကတော့ အိမ်ရှင်မသက်သက်ပါပဲ။  လက်လုပ်လက်စား မိဘတွေပါပဲ။ ဂျပန်ခေတ်ကျတော့ တခြား ထန်းလျက်တို့ဘာတို့ ဆိုတာတွေတောင်မှ ကုန်သည်အနေနဲ့ လုပ်ဖူးတယ်ပေါ့။

အဲဒီတော့ ပြောချင်တာကတော့ ကျွန်တော့်မိဘတွေက ကုန်သည်လို့ပဲ ဆိုပါတော့ဗျာ။  ကျွန်တော့်မိဘတွေက စစ်ကြိုခေတ်တုန်းကတော့ နိုင်ငံခြားသားတို့ ဘာတို့ဆိုတာတွေနဲ့တောင်မှ ပေါင်းစပ်ပြီးမှပေါ့ဗျာ ရွှေလုပ်ငန်းတို့ဘာတို့ ရှိတယ်ဗျ။  ကျွန်တော်က ဒီလိုခင်ဗျ။ အများအားဖြင့်တော့ ကျွန်တော်က ရန်ကုန်မှာနေတာခင်ဗျ။ သို့သော် ကျွန်တော့်မိဘများရဲ့ မိဘပေါ့ဗျာ။  ကြို့ပင်ကောက်ဆိုတာ သာယာဝတီခရိုင်၊ ရန်ကုန်ပြည်လမ်းပေါ်မှာရှိတဲ့ မြို့လေးတမြို့ပါပဲ။  ရန်ကုန်ကနေ (၁၁၀) မိုင်လောက် ဝေးတယ်ပေါ့။  အဲဒီတော့ ကျွန်တော့်ကို မွေးတဲ့အခါကျတော့ ကြို့ပင်ကောက်ကို ပြန်မွေးတယ်။

၁၉၃၀ ခုနှစ်ပေါ့ဗျာ။  မတ်လ (၁၂) ရက်နေ့၊ ဗုဒ္ဓဟူးနေ့ အဲဒါနဲ့တွက်ကြည့်ရင် ကျွန်တော်က အခုလာမယ့်မတ်လ (၁၂) ရက်နေ့ဆို ကျွန်တော် အသက် (၇၉) နှစ် ပြည့်ပြီ၊ ကျွန်တော်မှတ်မိသလောက် ကျွန်တော့်ရဲ့ ငယ်စဉ်ဘ၀ကတော့ ရန်ကုန်မှာပဲ ကြီးတာပါပဲ။  ကျွန်တော် အခုပြန်စဉ်းစားတဲ့အခါကျတော့ အဲဒီအချိန်တုန်းက ဗမာပြည်ရဲ့ လူဦးရေကလည်း ၁၆ သန်းလောက် ရှိတယ်ဗျ။  အဲဒီတော့ ကျွန်တော်က (၁၂) လမ်းမှာ နေဖူးတယ်။  နောက်ပြီးတော့ လမ်း (၃၀) မှာ နေဖူးတယ်။ (၄၈) လမ်းမှာ နေဖူးတယ်။ အင်းစိန်မှာ နေဖူးတယ်။  အင်းစိန်ကနေပြီးတော့ ကျွန်တော် စစ်ပြေးရတာပေါ့ဗျာ။

အဲဒီခေတ်တုန်းက ရန်ကုန်လူဦးရေသည်ပင် သိန်းဂဏန်းလောက်ပဲရှိသေးမှာပဲဗျ။  ကျွန်တော်နေတဲ့ (၁၂) လမ်းကနေပြီးတော့ လမ်းမတော်လောက် အထိက ဗမာတွေချည်းပဲနေတာဗျ။  လမ်းမတော်ကနေ ဟိုဘက်ကျော်တဲ့အခါကျတော့ ဒါ တရုတ်တန်းပေါ့ဗျာ။  တရုတ်တန်းကလည်း သိပ်များများမဟုတ်ဘူးဗျ။  တရုတ်တန်းလို့ခေါ်တဲ့ တရုတ်တွေအများစု နေကြတယ်ဆိုတဲ့ နေရာကလည်း အဲဒီ လမ်းမတော်နဲ့ သိမ်ကြီးဈေး ကြားလောက်ပဲရှိတယ်ဗျ၊ သိပ်မများဘူးဗျ။

အဲဒီ သိမ်ကြီးဈေးကနေပြီးတော့ (၃၉) လမ်း လမ်း (၄၀)၊ အခုခေတ်ခေါ်တဲ့ ဗိုလ်အောင်ကျော်လမ်းပေါ့ဗျာ၊ အဲဒီလောက်အထိကတော့ ကုလားချည်းပဲ နေကြတာ။  အဲဒီ စိန့်ပေါဘုရားကိုကျော်ပြီးတော့ ဟိုဘက်ရောက်သွားတဲ့ ရေကျော်ပိုင်းကျတဲ့အခါကျတော့ ဗမာရပ်ကွက်ဖြစ်သွားပြန်ရော။  အဲဒီဟိုဘက်ရောက်သွားတဲ့ တာမွေတို့၊ ကျောက်မြောင်းတို့ ဆိုတာတွေရောက်သွားတဲ့အခါကျတော့ ဗမာရပ်ကွက် လုံးဝဖြစ်သွားတဲ့အပြင်ကို အလွန့်ကို ဆင်းရဲတဲ့လူတွေနေတဲ့ အရပ်တွေပေါ့။

အဲဒီတုန်းက ရန်ကုန်မြို့ဟာ အာရှတလွှားမှာ မြန်မာတွေဂုဏ်ယူရတဲ့မြို့ ဖြစ်ခဲ့ပုံကို ဦးဝင်းတင်က ကိုယ်တွေ့ကြုံခဲ့သူပါ။

ဦးဝင်းတင် – ကျွန်တော်က တယောက်တည်းသော သားကိုး.. အဲဒီအချိန်အထိက။  အဲ.. နောက်ပိုင်းကျတော့ ကျွန်တော့်ညီမလေးတယောက် မွေးပါတယ်။  သူက ကျွန်တော့်ထက် တော်တော်ငယ်တယ်ဗျ။  ဆယ့်လေးငါးနှစ်လောက် ငယ်တယ်။  ကြားထဲမှာ ညီတယောက်မွေးတယ်။ အဲဒီညီကတော့ ခပ်ငယ်ငယ်ထဲကပဲ သေသွားတယ်ဗျ။ အခု ကျွန်တော်နဲ့ ကျွန်တော့်ညီမ ရှိတယ်ပေါ့ဗျာ။

အဲဒီတော့ အဲဒီအချိန်လောက်အထိ၊ ခြောက်နှစ်သား ခုနစ်နှစ်သားအထိလောက်ကတော့ တဦးတည်းသော သားပေါ့ဗျာ။  အဲဒီတော့ မိသားစုထဲမှာ ကျွန်တော်တို့ သုံးယောက်တည်း ဆိုတဲ့အခါကျတော့ ကျွန်တော့် အဖေတို့ဘာတို့က တပတ်တခါလောက် အပြင်ကိုထွက်ပြီးတော့ ထမင်းကျွေးတယ်။  တရုတ်ဆိုင်ဘာညာပေါ့ဗျာ၊ လမ်းဘေးပါပဲ။  ကုလားဆိုင်တို့။  ကျွန်တော်အခုထိ မှတ်မိနေတဲ့ဟာလေးတခုက ဘာလဲဆိုရင် ရန်ကုန်မြို့ကြီးကို ရေဖြန်းတယ်ဗျ။  ဥပမာ ကော်မရှင်နာလမ်းလို့ခေါ်တဲ့ အခု ဗိုလ်ချုပ်လမ်းပေါ့ဗျာ။  အဲဒါကြီးတခုလုံး ဟိုး ဘုရင်မအိမ်ကစပြီးတော့ ခရေပင်လမ်းတို့ဘာတို့ကနေ လာလိုက်တာ၊ ဒီဗိုလ်ချုပ်လမ်းကြီး တလျှောက်လုံးကနေပြီးတော့ အတွင်းဝန်ရုံး ကျော်တဲ့အထိ ရေဖြန်းတာပဲဗျ။  အဲဒီလမ်းမကြီးလေ၊ မှတ်မိနေတယ်။  မျက်စိထဲမှာ အခုထက်ထိ မြင်ယောင်နေတယ်။  ရန်ကုန်မြို့ကြီးကလည်း သန့်နေတာပဲ။  ဘာမှ မရှိဘူး။ ဒါ့ကြောင့်လည်း စစ်ကြိုခေတ်တုန်းက ဒီ စင်္ကာပူတို့ဘာတို့ စသည့် ဟာတွေ စုတ်ပြတ်သတ်နေတဲ့အချိန်ပေါ့ဗျာ။  ယိုးဒယားတို့ဘာတို့ စုတ်ပြတ်သတ်နေတဲ့အချိန်မှာ ရန်ကုန်ဟာ အာရှတိုက်ရဲ့ အလှဆုံးမြို့လို့ အပြောခံရတာ အဲဒီ အချက်တချက် ပါလိမ့်မယ်လို့ ကျွန်တော် ထင်တယ်ဗျ။

ရန်ကုန်မြို့ (၁၂) လမ်းဘက်က ရပ်ကွက် စာသင်ကျောင်းလေးတခုမှာ ဦးဝင်းတင်ရဲ့ မူလတန်းကျောင်းသားဘ၀ စခဲ့ရာကနေ လမ်း (၃၀) ဘက်ကို မိဘတွေ ရွှေ့ပြောင်းတဲ့အခါ မြို့မကျောင်းကို ရောက်သွားခဲ့ပါတယ်။ ၁၉၃၆/၃၇ လောက်ပဲလို့ ဦးဝင်းတင်က ပြောပါတယ်။

ဦးဝင်းတင် – မြို့မကျောင်းဆိုတာ အဲဒီအချိန်တုန်းကတော့ အမျိုးသားကျောင်းထဲမှာ ဒါ ထင်ရှားတဲ့ကျောင်းပေါ့ဗျာ။  ဆရာကြီး ဦးဘလွင်တို့၊ ဆရာကြီး ဦးအေးသွယ်တို့ ဆိုတဲ့ပုဂ္ဂိုလ်များ ဦးစီးတဲ့ ကျောင်းပေါ့။  နောက်ပြီးတော့ ဗမာ မျိုးချစ်ခေါင်းဆောင်များ မြောက်မြားစွာလည်း အဲဒီမှာ ကျောင်းဆရာတွေ လုပ်ခဲ့ဖူးတာပေါ့။ ဆရာဇော်ဂျီတို့ အပါအ၀င်ပေါ့ဗျာ..နော်။  အဲဒီကျောင်းက ထွက်တဲ့ လူတွေထဲမှာလည်း ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။

နောက်ပြီးကျွန်တော်တို့ လမ်း (၃၀) ကနေပြီးတော့ (၄၈) လမ်းပေါ့၊ ဘာခေါ်မလဲ ရေကျော်ဘက်ကို ကျွန်တော်တို့ ပြောင်းသွားတဲ့ အခါကျတော့လည်း ကျွန်တော် မြို့မကျောင်းမှာပဲ ဆက်တက်တယ်။  စကားတောင်ဖြတ်ပြောရဦးမယ်ဗျ၊ ကျွန်တော့်အဖေက ပညာတွေဘာတွေ သိပ်ပြီးတော့ တတ်တဲ့သူလည်း မဟုတ်ပါဘူး။  ဗမာစာတတ်ရုံလောက်ပေါ့ဗျာ၊ စသည်ပေါ့.. အင်္ဂလိပ်စာတတ်ရင် အင်္ဂလိပ်စာ နည်းနည်းပါးပါး လောက်တတ်မယ်။ ကျွန်တော် သိပ်မသိဘူး။ ကျွန်တော့်အဖေအကြောင်းတွေ ကျွန်တော် မေးဖို့လောက်တောင် ကျွန်တော့် အဖေက အသက်မရှည်ဘူး။  ကျွန်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတာကိုး။

ဒါပေမဲ့ ကျွန်တော့်အဖေက ဘာလဲဆိုတော့ (၁) ကတော့ ကျွန်တော့်ကို စာတတ်စေချင်တယ်။  နောက်တခုက ကျွန်တော့်ကို ကိုယ့်ဒူးကိုယ်ချွန်လုပ်အောင်ပေါ့ဗျာ .. ရဲရဲဝံ့ဝံ့ဖြစ်အောင်ပေါ့။  ကျွန်တော် ငယ်ငယ်ကလေးထဲက စပြီးတော့ ကျောင်းသွားရင် ကျွန်တော် တယောက်တည်း သွားရတာဗျ။  ကျွန်တော်မှတ်မိသလောက် ကျွန်တော် ခြောက်နှစ်သားလောက်ဘာလောက်လဲ မြို့မကျောင်းကိုသွားတဲ့အခါကျတော့ မြို့ထဲကနေပြီးတော့ပေါ့ဗျာ၊  ကျွန်တော် ရထားစီးသွားရတယ်ဗျာ။  ရန်ကုန်ဘူတာကြီးလာ၊ ရန်ကုန်ဘူတာကြီးကနေပြီးတော့ လမ်းမတော်အထိပေါ့။ ကျွန်တော် (၄၈) လမ်းနေတုန်းက ကျွန်တော် တယောက်ထဲ သွားရတာပဲ။

နောက်ပိုင်းကျတဲ့အခါကျတော့ ကျွန်တော့်အဖေက ရှစ်နှစ်သားကိုးနှစ်သားလောက်ကထဲက ကြို့ပင်ကောက်ကို ကျွန်တော် တယောက်တည်း ရထားပေါ် တင်လွှတ်လိုက်တာဗျ။  ကျွန်တော့် အဘွားရှိတာကိုး။  နွေရာသီကျောင်းပိတ်ရင် ကျွန်တော် တယောက်တည်း ပြန်တာပဲဗျ။  ဒါကျွန်တော့်အဖေကနေပြီးတော့ ကျွန်တော့်ကို သွန်သင်တဲ့ အလေ့အကျင့်တခုပေါ့ဗျာ။

ဦးဝင်းတင်ရဲ့ ဘ၀ပုံရိပ် အပိုင်း (၁) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။ လာမယ့်အပတ်မှာ ဦးဝင်းတင် အသက်ဘေးက သီသီလေးလွတ်ခဲ့တဲ့ ငယ်စဉ်အတွေ့အကြုံတခုကို နားဆင်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

• • • • •
အပိုင်း (၂)


“မြို့မကျောင်းကနေ အမွေရခဲ့တာကတော့ နိုင်ငံချစ်စိတ်ပဲလို့ ဦးဝင်းတင်က ပြောပါတယ်ခင်ဗျာ။”

ဦးဝင်းတင် – မြို့မကျောင်းမှာ မနက်တိုင်း တန်းစီရတယ်ဗျ။ ကျောင်းမှာ ဆရာကြီးဦးဘလွင်တို့၊ ဆရာကြီးဦးအေးသွယ်တို့ ဆိုတဲ့ ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ ကျွန်တော်တို့ ဟိုဒင်းကို မနက်တိုင်းနားထောင်ရတယ်ဗျ။  နောက်တော့ ကျောင်းမှာ စုပြီးတော့ နံနက်တိုင်း သန့်ရှင်းရေးတွေ လုပ်ရတယ်ဗျာ။  ဆိုတော့ အမျိုးသားစိတ်ဆိုတဲ့ဟာပေါ့ဗျာ.. နော်၊ မျိုးချစ်စိတ်ဆိုတာထက် နိုင်ငံချစ်စိတ်ပေါ့ဗျာ ဟုတ်လား၊ ဒါ တို့ဗမာပြည်ကွ၊ ဗမာပြည် ကိုယ့်တိုင်းပြည် ကို ချစ်ရမယ်။  ကိုယ့်တိုင်းပြည်ကို တိုင်းတပါးသားများက လာပြီးတော့ စိုးမိုးနေတယ်။  အဲဒါမို့ ဒို့တိုင်းပြည်ကို လွတ်လပ်အောင်လုပ်ရမယ်ဆိုတဲ့ဟာ ကျွန်တော်ငယ်ငယ်ထဲက စပြီးတော့ ကြားဖူးတယ်ဗျ။

ကြားဖူးတယ်ဆိုတာ ခုနပြောသလို ကျွန်တော့်ရဲ့ မိသားစု ပုံသဏ္ဌာန် နဲ့ဆိုရင်တော့ ကြားစရာ သိပ်အကြောင်းမရှိဘူးပေါ့။  ကျွန်တော့် မိဘကလည်း လက်လုပ်လက်စားတွေလို ဖြစ်နေတာကိုး။  သို့သော် မြို့မကျောင်းလို ဟာမျိုးရောက်တဲ့အခါကျတော့ အဲလို မဟုတ်ဘူးဗျ။  သူက နေ့တိုင်း သွန်သင်နေတာကိုး။  မနက်တိုင်း တန်းစီး၊ ဒို့ဗမာသီချင်းပေါ့ဗျာ။  ကျွန်တော်တို့ ဆိုရတယ်ဗျာ။  အဲဒီခေတ်တုန်းက ဒို့ဗမာ သီချင်းကတော့ ကျွန်တော်တို့ ဒီနေ့ဆိုနေတဲ့ ကမ္ဘာမကျေနဲ့တော့ မတူဘူးဗျ။

အဲ့ဒီသီချင်းကျွန်တော်တို့ ဆိုရတယ်။ အနည်းဆုံး ကျွန်တော်တို့ ခြောက်နှစ်သား၊ ခုနစ်နှစ်သားလောက်မှာ ကိုယ့်တိုင်းပြည်ကို ချစ်ရမယ်ဆိုတာ ကျွန်တော်တို့ သိပြီဗျာ။  ဘယ်တော့ဖြစ်ဖြစ် ညီညီညာညာ စုစုပေါင်းပေါင်း လုပ်ရမယ်ဆိုတာလေးကို ကျွန်တော်တို့ သိတယ်ဗျာ။  ဘာလို့လဲဆိုတော့ အမြဲတမ်း စုပေါင်းပြီးတော့ လုပ်ရတယ်။  နောက်တခု ကျွန်တော် ဘာမှတ်မိလဲဆိုတဲ့ အခါကျတော့ အမျိုးသားအောင်ပွဲနေ့ ကျွန်တော်တို့ ချီတက်ရတယ်ဗျ။  ဒို့ဗမာ သီချင်းတွေ ဆိုကြတယ်။  နောက်တခုက ဘာလဲဆို ကျောင်းထဲမှာလည်း လုပ်တယ်ဗျာ။  ဒီနေ့ အောင်ဆန်းကွင်းလို့ခေါ်တဲ့ အဲဒီကွင်းထဲမှာလည်း အားကစားပွဲတွေ လုပ်တယ်ဗျ။

ကျွန်တော်တို့ကတော့ အားကစားတွေဘာတွေ သိပ်ထူးထူးချွန်ချွန်မဟုတ်ပါဘူး။  ငယ်ငယ်တုန်းကလည်း ပြေးခုန်ပစ်တွေလုပ်တယ်ပေါ့ဗျာ။  ဥပမာဆိုရင် လက်ဝှေ့သင်တယ်ပေါ့ဗျာ။  ဘောလုံးကန်တယ်၊ ဒီလိုဟာတွေတော့ ရှိတယ်။  ကျွန်တော်ကလည်း အားကစားတော့ ထူးထူးချွန်ချွန်တော့ မဖြစ်ပါဘူး။  သို့သော် ငယ်ငယ်ထဲက ဒီ အားကစားတို့ဘာတို့ကို စိတ်ဝင်စားတယ်ဗျ။  ဒီနေ့ထိလည်း ကျွန်တော် ဘောလုံးပွဲကြည့်တုန်းပေါ့ဗျာ။

၁၉၃၉/၄၀ ခုနှစ်လောက်မှာ ဦးဝင်းတင်ရဲ့မိဘတွေက အင်းစိန်ဘက်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ သူ့ကို အင်းစိန်ကနေ ရထားနဲ့ မြို့မကျောင်းကိုဆက်ပြီး တက်ခိုင်းခဲ့ရာမှာ ဘ၀တလျှောက်လုံး မမေ့နိုင်တဲ့ သင်ခန်းစာတ်ခုကို ရခဲ့တယ်လို့ ဦးဝင်းတင်က ပြောပါတယ်ခင်ဗျာ။

ဦးဝင်းတင် – ကျွန်တော်ကတော့ ကလေးပီပီ ဆော့တာပေါ့ဗျာ။ တက်လိုက်ဆင်းလိုက်တို့၊ ဟိုအတွဲကနေဟိုအတွဲ ခုန်ကူးတာတို့ဘာတို့ လုပ်တာပေါ့ဗျာ။  အဲဒီမှာ ကျွန်တော် ဒိုင်းဆို တရက်လည်းကျရော ပလက်ဖောင်းနဲ့ ရထားတွဲထဲ ကျသွားတယ်။  အဲဒီ ကျသွားတဲ့အချိန်မှာ ရထားကြီးက ကျွန်တော့်အပေါ်ကနေ ဖြတ်မောင်းသွားတာပေါ့ဗျာ။  အရှိန်ကလည်း သတ်လို့မရဘူး။  ဒါပေမဲ့ ရထားပေါ်ကလည်း အုတ်အော်သောင်းနင်းပေါ့ဗျာ အော်ကြဟစ်ကြတွေဖြစ်တော့ ရထားက ကျွန်တော့်ကို ကျော်သွားတဲ့အချိန်လောက်ရောက်မှကို အရှိန်သတ်လို့ ရတော့တယ်ဗျာ။  ရထားက ကျွန်တော့်ကို လွန်သွားတဲ့အချိန်မှ အောက်ထဲမှာ ကျွန်တော် ထွက်လာရတယ်ပေါ့ဗျာ။

ကျွန်တော့်ကို လူတွေကလည်း ၀ိုင်းပြီး၊ သေပြီထင်တာပေါ့ဗျာ။  ကျွန်တော်က ဘာမှမဖြစ်ဘူး။  ဒီတိုင်း ဖုတ်ဖတ်ခါပြီးတော့ ကျွန်တော့် ထမင်းချိုင့်လေး ကျွန်တော်ဆွဲပြီး၊ ကျွန်တော့်လွယ်အိတ်ကလေး ပြန်လွယ်ပြီးတော့ ကျွန်တော် ထွက်လာတာ။  ထားတော့ ဒါက သိပ်အရေးမကြီးဘူး။  အရေးကြီးတာက ဘာလဲဆိုတော့ ကျွန်တော့်မှာ အမြဲတမ်း သတိရှိရတယ်ဆိုတဲ့ ဟာလေးတခုကို “သတိ” ဆိုတာလေးကို သွားသိရတယ်။  သိရတဲ့အကြောင်းက ဒီလိုဗျ။  ပြောရဦးမယ်။  အဲဒီရက်ပိုင်းမှာ အခု ကာတွန်းဆရာကြီး ဦးဖေသိန်း ပေါ့ဗျာ။  ဦးဖေသိန်းတို့ကလည်း အင်းစိန်မှာ နေတယ်ဗျ။  ကျွန်တော်တို့လမ်းနဲ့ သိပ်မဝေးဘူး။  အဲဒီတော့ ဦးဖေသိန်းရဲ့ အစ်ကိုလား ညီလား ကျွန်တော် သိပ်ပြီးတော့ မကွဲပြားတော့ဘူးဗျ။  ကိုသိန်းထွန်းဆိုတဲ့လူ ရှိတယ်ဗျ။  သူက အနုပညာကျောင်းတက်ရင်း သူက ကျွန်တော့်လိုပဲ ရထားပေါ်က လိမ့်ကျပြီးတော့ ကွယ်လွန်တယ်ပေါ့ဗျာ။ အဲဒီတော့ အဲဒီလူ ကွယ်လွန်တဲ့အချိန်မှာ ဘာပြောကြလဲ ဆိုတဲ့အခါကျတော့ အဲဒီ ကိုသိန်းထွန်းဟာတဲ့ ရထားပေါ်က ကျသွားရင် သူသာ သတိနဲ့ရှိပြီးတော့ ၀ပ်နေရင်တဲ့ သေမှာမဟုတ်ဘူးတဲ့။ သူက ကုန်းထတာလား၊ သို့မဟုတ် ဆိုရင်လည်း ပက်လက်လန်ကျရာကနေပြီးတော့ ထထိုင်သလိုဟာမျိုး လုပ်တာလား၊ ဘာလားတော့မသိဘူး။ အပေါ်က ရထားရဲ့ တန်းတွေဘာတွေနဲ့ပေါ့ဗျာ၊ ခေါင်းမှာဒဏ်ရာတွေရပြီးတော့ ကွယ်လွန်တယ်ဆိုပြီးတော့ အဲဒီစကားလေးဟာ ကျွန်တော် မှတ်မိနေတယ်ဗျ။

ကျွန်တော် ရထားပေါ်က ကျသွားတဲ့အချိန်မှာ ကျွန်တော်က ပက်လက်လန်ကျတယ်ဗျာ။ ပက်လက်လန်ကျပြီးတော့ ကျွန်တော့် လက်တဖက်က ရထားသံလမ်း ပေါ်မှာ ရောက်နေတယ်။  ကျွန်တော့်လက်ကို ရထားက ချက်ချင်း မကြိတ်မိဘူးဗျ။  ဝေးနေသေးတယ်။ ရထားဘီးလာနေတာ တွေ့တဲ့အခါကျတော့ ကျွန်တော်ခုနပြောတဲ့ ဦးသိန်းထွန်း သတိနည်းနည်းလစ်သွားတဲ့ အတွက်ပေါ့ဗျာ ဟုတ်လား၊ သူခေါင်းမှာ ဒဏ်ရာရပြီးတော့ ကွယ်လွန်တယ်ဆိုတဲ့.. အဲဒီဟာလေးကို မှတ်မိနေပြီးတော့ ရထားသံလမ်းပေါ်မှာ ကျနေတဲ့ ကျွန်တော့်လက်ကို ရုတ်လိုက်ပြီးတော့ ကျွန်တော် အသာလေး ၀ပ်နေတဲ့အခါကျတော့၊ ကျွန်တော် သေဘေးက လွတ်သွားတယ် ဆိုပါတော့ဗျာ။ သို့မဟုတ်လည်း လက်ပြတ်တဲ့ဘေးက လွတ်သွားတယ်။

ကျွန်တော် ဆက်ပြောရဦးမယ်။  အဲဒီလို ရထားပေါ်က ကျပြီးလည်းပြီးရော ကျွန်တော့်ကို ရုံပိုင်ကြီးဆီ ခေါ်သွားတယ်။ ရုံပိုင်ကြီးကနေပြီးတော့ ကျွန်တော့်ကို ကျောင်းသားမှန်း သိတဲ့အခါကျတော့ ကျောင်းကို သတင်းပို့တယ်။ နောက်ဆုံး ကျွန်တော့်မိဘကို အကြောင်းကြားတဲ့အခါကျတော့ ကျွန်တော့် အဖေက၊ သို့မဟုတ်လည်း ကျွန်တော့် အမေကပေါ့ဗျာ ဒီလောက်ဝေးတဲ့နေရာ မသွားစေနဲ့တော့၊ တနေ့နေ့ ရထားပေါ်က ထပ်ကျမယ်။ အင်းစိန်ကျောင်းပြောင်းနေဆိုပြီးတော့ အင်းစိန်ကျောင်း ပြောင်းလိုက်တာပေါ့ဗျာ။ အင်းစိန်ကျောင်းဆိုတာ တရားရုံးတို့ ဘာတို့နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ကျောင်းပဲဗျ။

အင်းစိန်အထက်တန်းကျောင်း ရောက်သွားတဲ့အခါ၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ စဉ်းစားစရာတွေ ဦးဝင်းတင် ရရှိခဲ့ပါပြီ။

ဦးဝင်းတင် – အဲဒီကျောင်းက ကရင်တွေကလည်း အများကြီးဗျ။ ကျွန်တော် လူမျိုးခြားတွေတော့ တွေ့ဖူးတယ်။  တရုတ်တွေတွေ့ဖူးတယ်၊ ကုလားတွေ တွေ့ဖူးတယ်။ တိုင်းရင်းသားဆိုတာ ကျွန်တော် မတွေ့ဖူးဘူးဗျ။  ဆိုတော့ အဲဒီမှာ ကျွန်တော် ကရင်ဆိုတာ သွားတွေ့တဲ့အခါကျတော့ ဒါ ဒို့တိုင်းရင်းသား။ ဒို့လူမျိုး ဆိုတဲ့ အသိလေးတခု ၀င်သွားတယ်ပေါ့ဗျာ။ ငါနဲ့တော့ စကားမတူဘူး။ ငါနဲ့တော့ အသားအရောင် မတူဘူး။  ငါနဲ့တော့ ရုပ်မတူဘူး။  ဒါပေမဲ့ ဒီလူတွေကက ငါတို့ရဲ့ တိုင်းရင်းသားတွေ။  အဲဒါ ကျွန်တော် အသိပေါ်ခဲ့တယ်ဗျ။  အဲဒါကျွန်တော် အင်းစိန်ကျောင်းမှာ နေရတဲ့ဟာရဲ့ အမြတ်ပဲဗျ။

ဦးဝင်းတင် မိခင်ရဲ့ ဦးလေးတယောက်ဟာ ရန်ကုန်မီးသတ်အရာရှိချုပ်နဲ့ မီးသတ်ညွှန်ကြားရေးဝန် တာဝန်တွေထမ်းဆောင်ခဲ့တဲ့ မီးသတ် ဦးလှကျော်ဆိုသူ ဖြစ်ပါတယ်။

ဦးဝင်းတင် – အဲဒီဦးလှကျော်ဟာ အဲဒီအချိန်တုန်းက ဘာလဲဆိုတော့၊ အခု မြို့တော်ခန်းမမှာ သူက အထိန်းပေါ့ဗျာ။  ဒီခေတ်အခေါ်နဲ့ဆိုရင် ကြီးကြပ်ရေးမှူးပေါ့ဗျာ။  သူက အဲဒီမြို့တော်ခန်းမမှာ နေရတဲ့အခါကျတော့ အခုမြို့တော်ခန်းမ မျက်နှာစာဘက်ကနေ ကြည့်လို့ရှိရင်ပေါ့ဗျာ၊ ညာဘက်ဆိုတာ အရှေ့ဘက်ပေါ့ဗျာ။  ဟိုး လေးထပ်၊ အပေါ်ဆုံးထပ်မှာ ကျွန်တော့်ဦးလေး၊ အဲဒီ နောက်ပိုင်းမှာ မီးသတ်ဦးလှကျော်ဆိုပြီးတော့ ထင်ရှားလာမယ့် ပုဂ္ဂိုလ်က နေတယ်ဗျ။

စနေနေ့ညဆိုလို့ရှိရင် မဟာဗန္ဓုလပန်းခြံထဲမှာ ကျွန်တော်တို့ ရုံလေးတရုံရှိတယ်ဗျ။  အဲဒီမှာ အငြိမ့်ကတယ်ဗျ။  သိပ်ပြီးတော့ အသံတွေဘာတွေလည်း မကြားရဘူး၊ အဝေးကြီးကိုးဗျ။  သို့သော် မှန်ပြောင်းရှိတဲ့ အခါကျတော့ မှန်ပြောင်းနဲ့ ပြတင်းပေါက်ကနေပြီးတော့ ကျွန်တော်တို့ ကြည့်တယ်ဗျ။  ဆိုတော့ ဘာကိုကျွန်တော် သွားပြီးတော့ နှမြောလည်းဆိုတဲ့အခါကျတော့ ဒီနေ့ ဒီလို အငြိမ့်တွေဘာတွေပြန်ပြီးတော့ ဒီလို ပန်းခြံထဲမှာပေါ့ဗျာ၊ ကပြမယ်ဆိုရင် မြို့တော်လူထုအဖို့လည်း ပျော်စရာရွှင်စရာပေါ့ဗျာ။  Open Air ပွဲလမ်းသဘင်ကိုး။  နောက်တခုက အခု တဖြည်းဖြည်းနဲ့ ခေတ်ကုန်လာတယ်ဆိုတဲ့ အနေမျိုး ဖြစ်နေတဲ့ အငြိမ့်တို့ဘာတို့လည်း ပြန်ပြီးတော့ ခေတ်စားလာတာပေါ့ဗျာ။

ဦးဝင်းတင်ရဲ့မိခင်ဘက်က အဘိုးတွေထဲမှာ မီးသတ်ဦးလှကျော်အပြင် ဦးလှကျော်ရဲ့ ညီဖြစ်တဲ့ ကိုစောလွင်ဆိုသူလည်း ရှိပါသေးတယ်။ အဲဒီအဘိုးလေး ဦးစောလွင်ဟာ နောင်တချိန်မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင် ဖြစ်လာခဲ့သူပါ။ ကိုစောလွင်ဟာ သူ့အစ်ကို ဦးလှကျော်ရဲ့ နေရာပေးမှုနဲ့ မြို့တော်ခန်းမက အခန်းတခုမှာပဲ နေထိုင်တယ်လို့ ဆိုပါတယ်။

ဦးဝင်းတင် – ကိုစောလွင်ကိုလည်း ကျွန်တော့်အမေရဲ့ ညီမတွေဘာတွေခေါ်သလိုပဲ ကျွန်တော်က သူ့ကို ကိုကိုစောပဲခေါ်တယ်။  ကိုစောနဲ့အတူ နိုင်ငံရေးသမားတွေက သူနဲ့လိုက်နေတယ်။  ကျွန်တော်အခုထိမှတ်မိတာက၊ ကိုအေးကြည်ဆိုတာ နောက်ပိုင်းကျတော့ ကွန်မြူနစ်ပါတီရဲ့ မြောက်ပိုင်းတိုင်းမှူးတို့ဘာတို့ ဖြစ်သွားတဲ့ ဗိုလ်မှူးအောင်မြင့်လို့ ကျွန်တော် မှတ်မိတယ်ဗျ။  တောထဲမှာပဲ ကျဆုံးသွားသလား ဘာလား၊ မသိဘူးဗျ။

ဆိုလိုတာက အဲဒီမှာ နိုင်ငံရေးသမားတွေ စုတယ်ပေါ့ဗျာ။  ဒီနိုင်ငံရေးသမားတွေထဲကနေပြီးတော့ နိုင်ငံရေးစကားတွေ ကြားတယ်။  တခါတလေ ကျွန်တော့် အဲဒီ ကိုကိုစောပေါ့ဗျာ။ ဗိုလ်မင်းခေါင်ကလည်း ဟေ့ကောင် မင်းစကားနားထောင်ချင်ရင် ဒီတိုင်းနားမထောင်နဲ့ ငါ့ခြေထောက်နှိပ်ပေး ဆိုတာမျိုးတို့၊ ကျောကုပ်ပေးဆိုတာမျိုးတို့ သူတို့လူကြီးဝိုင်းထဲမှာ ခုနပြောတဲ့ သူတို့ခြေသလုံးနှိပ်ပေးရင်းတို့ သူတို့ကျောကုပ်ပေးရင်းတို့ ဆိုတာနဲ့အတူပေါ့ဗျာ၊ အငြိမ့်မရှိတဲ့နေ့တွေမှာ ကျွန်တော် သူတို့နဲ့အတူပဲ အိပ်ပြီးတော့ သူတို့နဲ့အတူပဲ သူတို့အခန်းထဲမှာပဲ ကျွန်တော် နေပြီးတော့၊ ကျွန်တော်က အဲဒီအချိန်တုန်းကတော့ ဆိုပါတော့ဗျာ၊ ဆယ်နှစ်သား ပတ်ဝန်းကျင်လောက်ပေါ့ဗျာ၊ သူတို့ကတော့ ကျွန်တော်ထင်တယ် ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ် အနှစ်နှစ်ဆယ် စသည်ပေါ့။ အဲဒီအချိန်မှာ ကျွန်တော် နိုင်ငံရေးစကားတွေ အများကြီး ကြားရတယ်။

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အပိုင်း (၂) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။ ရှေ့အပတ်မှာ ဒုတိယကမ္ဘာစစ်ရဲ့ အနိဌာရုံတွေနဲ့ ဦးဝင်းတင် ကြုံတွေ့ခဲ့ရပုံကို နားဆင်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

• • • • •
 
အပိုင်း (၃)


၁၉၄၁ ခုလောက်မှာတော့ မြန်မာနိုင်ငံကို ကမ္ဘာစစ်ကြီး ကူးလာခဲ့ပါပြီ။ ဦးဝင်းတင်တို့ မိသားစုလည်း တခြား ရန်ကုန်မြို့သားတွေနည်းတူ စစ်ရန်က ပြေးခဲ့ကြရပါတော့တယ်။

ဦးဝင်းတင် – ကျွန်တော့် အဘိုးအဘွားများရှိတဲ့ ကြို့ပင်ကောက်ပဲ ပြေးရတာပေါ့ဗျာ။  အဲဒီတော့ ရထားတွေ ဆိုရင်လည်း ကြပ်လိုက်တာမှ၊ ရထားခေါင်မိုးပေါ်တွေမှာ၊ ဘေးက တွဲတွေမှာ အဲဒါတွေကို အတင်းတိုးဝှေ့ပြီးတော့ ကျွန်တော်တို့အိမ်ကလည်း ရှိသမျှပစ္စည်းလေးတွေ ပါမှာပေါ့ဗျာ။  ပန်းကန်ခွက်ယောက်တို့လိုဟာမျိုး၊ အိပ်ယာလိပ်တို့ဘာတို့ ဒါတွေလည်း ပါမှာပေါ့ဗျာ။  အိမ်တွေကလည်း ထားပစ်ခဲ့ရတယ်။  တချို့ဟာလေးတွေ ကျွန်တော့် ကစားစရာကအစ ကျန်ခဲ့တယ်ပေါ့ဗျာ။

စစ်ဆိုတာ အတော်မုန်းစရာကောင်းပါလားဆိုတဲ့ အတွေးအခေါ်လေးကို ကျွန်တော်စပြီးတော့ ရင်ထဲမှာပေါ့ဗျာ ဒါလေးသွားစွဲတယ်ဗျ။  နောက်တခုကတော့ ဘာလဲဆိုတော့ တနေ့သောအခါမှာ ကျွန်တော့်ရဲ့ဘ၀ကိုပေါ့၊ ပြုပြင်မယ့်ဟာပဲခေါ်ခေါ် ကျွန်တော့်ရဲ့ဘ၀ကို လမ်းကြောင်းမယ့်ဟာလို့ပဲ ပြောပြော၊ အနုပညာပေါ့၊ ကဗျာဆိုတဲ့ဟာလေး ကျွန်တော့်ရင်ထဲမှာ စစွဲလာပြီဗျ။  ကျွန်တော် အဲဒီအချိန်မှာ စတာပဲဗျ။

ဒီလိုဗျ။ ကျွန်တော့်အဖေက အဲဒီအချိန်တုန်းက နာမည်ကြီးတဲ့ ၀ိပဿနာဂိုဏ်းနဲ့ သွားတွဲမိတယ်ဗျ။  ကျွန်တော်တို့အိမ်ကလည်း နည်းနည်းလေး အောက်ထပ်တွေဘာတွေမှာ ကျယ်တယ်ဗျ။  တရားပွဲပုံမှန်လုပ်တယ်၊ ၀ိပဿနာတရားပွဲ။  ကျွန်တော့်အဖေကလည်း စနွင်းမကင်းလုပ်တယ်ဗျာ၊ ကျောက်ကြောလုပ်တယ်၊ စမူဆာကြော်တယ်၊ ပလာတာလုပ်တယ်၊ စသည်ပေါ့ဗျာ၊ ဧည့်ခံတာပေါ့ဗျာ။ 

ကျွန်တော့်အဖေက ကျွန်တော့်ကို လယ်တီဆရာတော်ဘုရားရဲ့ ပဋိစသမုပ္ပါတ်လင်္ကာကြီးဆိုတာ ရှိတယ်ဗျ၊ ကျွန်တော့်ကို အဲဒါကို ကျက်ခိုင်းတယ်ဗျ။  ကျက်ခိုင်းပြီးတော့ ၀ိပဿနာပွဲကျရင် သူက မုန့်ကျွေးတယ်၊ ကျွန်တော့်အဖေက လာတဲ့ဧည့်သည်တွေကို တရားပွဲမစခင်ပေါ့ဗျာ၊ ကျွန်တော့်ကို အမြဲတမ်းထပြီးတော့ ပဋိစသမုပ္ပါတ်လင်္ကာကြီးထဲကနေပြီးတော့ တပိုဒ်ချင်းတပိုဒ်ချင်း ကျွန်တော့်ကို ရွတ်ခိုင်းတယ်ဗျ။

ကျွန်တော်လည်း ဘာသိမှာလဲဗျာ၊ အသက်ကိုးနှစ်သား ဆယ်နှစ်သားဆိုတဲ့အခါကျတော့ ဒါတွေလျှောက်ကျက်တာပေါ့၊ ကျက်ပြီးတဲ့အခါကျတော့ အဲဒီလူကြီးတွေရှေ့ ထပြီးတော့ အလွတ်ရွတ်ပြရတာပေါ့ဗျာ။  ဆိုတော့ လူကြီးတွေကလည်း ကျွန်တော့်ကို ကောင်းတယ်ဘာညာ၊ အဲလိုပြောကြတာပေါ့ဗျာ။ ကျွန်တော့်စိတ်ထဲမှာ ရွတ်ရဖတ်ရတယ်ဆိုတာလည်း အရသာတွေ့တယ်။ ကဗျာမှာလည်း အရသာတွေ့တယ်။

ဒါ့အပြင်ကို ခုနပြောသလို သူများကနေပြီးတော့ ကိုယ့်ကို ချီးကျူးတဲ့အခါ၊ အဲလိုဟာမျိုးကို တွေ့တဲ့အခါကျတော့ ဒီအနုပညာရဲ့သဘောလေးကို ကျွန်တော့်စိတ်ထဲမှာ ခုနပြောတဲ့ စစ်ကိုမကြိုက်တဲ့စိတ်ကလေး ငြိတွယ်သလိုပဲ အနုပညာအပေါ်မှာ အသက်ဝင်တဲ့စိတ်ကလေးက ငြိသွားတယ်ဗျ။  အင်္ဂလိပ်ခေတ်တုန်းက ကြုံခဲ့ရတဲ့ ကျွန်တော့်ရဲ့ ဘ၀ပဲဗျ။

အင်္ဂလိပ်ခေတ်အပြီး ဂျပန်ခေတ်ကို ဖြတ်သန်းရတဲ့နှစ်တွေကတော့ ဦးဝင်းတင်အသက် (၁၁) နှစ်ကနေ (၁၅) နှစ်လောက်အတွင်း ဖြစ်ပါတယ်။

ဦးဝင်းတင် – ဖက်ဆစ်ခေတ်ကြီးဆိုတော့ တကယ့်အမှောင်ခေတ်ကြီးဗျာနော်။

ဂျပန်ကင်ပေတို့ဘာတို့ကလည်း ဟိုလူ့ဖမ်း ဒီလူ့ဖမ်း၊ အဲ ကျွန်တော်တို့အရွယ်တော့လည်း ဆယ်နှစ်ဆယ့်တနှစ်ဆိုတော့.. အဖမ်းခံရမယ့်ကိစ္စကတော့ ကျွန်တော်တို့မှာ ဒီအန္တရာယ်ကတော့ ခြိမ်းခြောက်နေတယ်လို့ ကျွန်တော်တို့ မပြောနိုင်ပေမယ့်လို့ ကျွန်တော်တို့ရဲ့ သားချင်းတွေထဲမှာ၊ ဆွေမျိုးတွေထဲမှာ၊ အသိမိတ်ဆွေတွေထဲမှာ တော်ကြာဟိုလူ့ဖမ်းသွားပြန်ပြီ၊ ကင်ပေတိုင် ကင်ပေတိုင်ဆိုတဲ့စကားကလည်း၊ ကင်ပေတိုင်ဆိုတာကတော့ ဒီခေတ်စကားနဲ့ပြောရင်တော့ တို့ဘာတို့ပေါ့ဗျာ။ အမ်အိုင်အက်စ်တို့ဘာတို့ပေါ့ဗျာ၊ စစ်ထောက်လှမ်းရေးတို့ဘာတို့ပေါ့။ ဂျပန်စစ်ထောက်လှမ်းရေးပေါ့။ အဲဒီတော့ ဂျပန်ကင်ပေတိုင်က ဖမ်းသွားပြန်ပြီတို့၊ ဒီလူ့တော့ နှိပ်စက်လွှတ်လိုက်ပြန်ပြီတို့၊ ဒီလူတော့ ဖမ်းသွားတဲ့အထဲ သေပြန်ပြီတို့၊ အဲ ပြန်ထွက်လာတဲ့လူတွေမှာလည်း အကျိုးအကန်းတွေဖြစ်လာ၊ သို့မဟုတ်လည်း ခြေသည်းလက်သည်း အခွာခံရတဲ့လူတွေတို့ စတဲ့သတင်းမျိုးတွေကတော့ ကြားနေတာဗျ။

ထားပါတော့၊ အဲဒီခေတ်ကြီးထဲမှာ အသက်အရွယ်လေးကလည်း (၁၁) နှစ် (၁၂) နှစ်လောက်ဖြစ်လာတဲ့အခါကျတော့ ကျွန်တော် ကိုရင်ဝတ်တယ်ဗျ။  ကိုရင်ဝတ်တဲ့အခါကျတော့ ကျွန်တော့်မှာ ဒီ ဘာသာရေးစိတ်က တော်တော်ထက်သန်လာတယ်ဗျ။  ရှင်းရှင်းပြောရရင် ကျွန်တော် တသက်လုံး ဘုန်းကြီးဝတ်တော့မယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်ဗျ။  ဆုံးဖြတ်ပြီး တခါတည်း ကျွန်တော် မထွက်တော့ဘူးဗျ။  ကျွန်တော် မထွက်တာမှ တ၀ါကနေပြီးတော့ ၀ါကျွတ်တဲ့အထိ အိမ်ကထွက်ခိုင်းတာ မထွက်လို့ ကျွန်တော် တံဆောင်တိုင်အထိကို ထပ်ပြီးတော့ ၀တ်လိုက်သေးတယ်ဗျ။

ဒါပေမဲ့ အံ့သြစရာကောင်းတာက ဒီ ဘာသာရေးသက်ဝင်ယုံကြည်မှု ခံစားချက်ကလေးဟာ (၁၁) နှစ် (၁၂) သားမှာ ပြင်းပြင်းထန်ထန်ကြီး ပေါ်ခဲ့တယ်။  နောက်ပိုင်းနောက်ပိုင်းမှာလည်း အခါအားလျော်စွာ ဟိုအခါပေါ်လိုက် ဒီအခါပေါ်လိုက်၊ ဟိုနေရာမှာပေါ်လိုက်၊ ဒီနေရာမှာပေါ်လိုက်၊ ဖြစ်ခဲ့သော်ငြားလည်း တဖြည်းဖြည်းနဲ့ အသက်ကြီးလာတာနဲ့အမျှ အဲဒီ ဘာသာရေးဘက်ကို ကိုင်းညွတ်မှုပေါ့ဗျာ၊ အဲ အဲဒီခံစားချက်ဟာ လျော့လျော့လျော့လျော့လာတယ်ဗျ။ လျော့လာတယ်ဆိုတာ ကျွန်တော် ဘာသာရေးအပေါ်မှာ ယုံကြည်မှုပျက်ပြားခြင်း၊ ဒီလိုမဟုတ်ဘူးဗျ။ သာမန်ပဲ ကျွန်တော် နည်းနည်းလျော့လာတယ်။ ဒါ ကျွန်တော် ပွင့်ပွင့်လင်းလင်းဝန်ခံရတာပေါ့ဗျာ။

နိုင်ငံရေးအားဖြင့် ဖိနှိပ်မှု၊ ဟုတ်လား ကန့်သတ်မှုတွေ ခံခဲ့ရတယ်။ နောက်ဆုံး ထောင်ထဲရောက်လာတယ်။ ထောင်ထဲကျတော့ တခါတည်း ရိုးရိုးတောင်မဟုတ်ဘူး၊ တိုက်ပိတ်ခံရတယ်။ ဒီလိုအတွေ့အကြုံတွေ ရှိပေမဲ့လို့ ဘာသာရေးစိတ်က ပိုပြီးတော့ ထက်သန်ပြီးတော့ ပြင်းပြလာတာမရှိဘဲနဲ့ လျော့ပါးတယ်ပေါ့ဗျာ။ အဲဒါဟာ တော်တော့်ကို ဆန်းတယ်လို့ ကျွန်တော်က ဒီနေရာမှာ ထည့်ပြောတာပဲ။

ကျွန်တော် ဘာကိုတွေးမိလဲဆိုတဲ့အခါကျတော့ လူတွေမှာ ဘာသာတရားတို့၊ ဘာသာတရားကိုကိုင်းရှိုင်းခြင်းတို့ဆိုတာ ဒါ အလွန်လိုအပ်တဲ့အရာပဲလို့ ကျွန်တော် တွက်မိပါတယ်။ ကျွန်တော်သဘောပေါက်တယ်။ သို့သော် အဲဒီ ဘာသာတရားကို ရိုသေခြင်း၊ ကိုင်းရှိုင်းခြင်းဆိုတဲ့ စိတ်တွေဟာလည်း တခါတလေကျတော့လည်း အလွန်ထက်သန်သွားနိုင်သလို တခါတလေကျတော့လည်း မှေးမှိန်သွားနိုင်တယ်လို့ဆိုတာ ကျွန်တော့်ကိုယ်တွေ့ပဲဆိုတာ ပြောချင်တယ်။ ဒါ ကျွန်တော်ထင်တယ်၊ အဲ လူတွေကြားထဲမှာလည်း စိတ်ဝင်စားစရာ ကောင်းသင့်သလောက် ကောင်းမယ်လို့ထင်လို့ ကျွန်တော် ဒီဟာကို ထည့်ပြောတာပါ။

ဆရာဦးဝင်းတင်ကို သူ့ဖခင်က ပထမဦးစွာ ကြို့ပင်ကောက်မှာ အင်္ဂလိပ်စာ သင်ခိုင်းပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အင်္ဂလိပ်စာကို ရေရှည် သင်ကြားခွင့် မရခဲ့ပါဘူး။ အဲဒီနောက် ရန်ကုန်ကို ပြန်ခေါ်လာပြီး နာမည်ကျော် အရှင် ဦးဥတ္တမရဲ့ ညီမဖြစ်သူ ဒေါ်အိမ်စိုးကျောင်းမှာ ဂျပန်စာ သင်ခိုင်းပါတယ်။ ဒါပေမဲ့ ဂျပန်စာကိုလည်း သူ ကြာကြာသင်ခွင့် မရခဲ့ပါဘူး။

အဲဒီအချိန်မှာပဲ တပြည်လုံးကို အင်္ဂလိပ်ကစပြီးတော့ ဗုံးကြဲလာပြီ လေယာဉ်ပျံတွေက ပျံသွား၊ မြို့တွေရွာတွေ လူစုစုမြင်တာ၊ စက်ရုံအလုပ်ရုံလိုဟာမျိုး မြင်တယ်ဆို စက်သေနတ်နဲ့ပစ်တယ်၊ ဗုံးကြဲတယ်၊ ဒါတွေလုပ်နေပြီခင်ဗျ။  အထူးသဖြင့်တော့ “ကျွဲညီနောင်” က နာမည်ကြီးပေါ့ဗျာ။  ရန်ကုန်ဆိုတာမျိုးကတော့ ပြောမနေနဲ့တော့ နေ့ရော ညရော ပစ်တာပဲဗျ။  နေ့ခင်းပိုင်းလာတဲ့အသုတ်ကလာ၊ ညပိုင်းဆိုလို့ရှိရင် ကျွန်တော်တို့ မီးမောင်းကြီးတွေ ထိုးပေါ့ဗျာ။  မီးမောင်းကြီးတွေ ထိုးတဲ့အခါ လေယာဉ်ပျံလေးတွေကို မီးနှစ်ခုသုံးခုနဲ့ ပြိုင်စုံမိလို့ မိနေပြီဆိုရင် အဲဒါကို အောက်က အမြောက်တွေနဲ့ ပစ်ပေါ့ဗျာ။  လေယာဉ်ပျံတွေက သိပ်ကျတယ် မရှိပါဘူးဗျာ။ ပျံသွားတာပါပဲ။ သူ့ဘာသူ မီးမောင်းကြီးတွေ ထိုးပေါ့။ သို့သော် အဲဒီ ဗုံးတွေကတော့ ကျွန်တော်နေတဲ့ဟာကလည်း အဲဒီ (၁၄) လမ်းဆိုတော့ မြို့လယ်ကောင်စစ်စစ်ကြီး မဟုတ်သော်လည်းပေါ့ဗျာ၊ ဗုံးတွေက အဲဒီနားတ၀ိုက်တော့ ကျနေတယ်ဗျ။

နောက်ဆုံး ဂျပန်စာလည်း မင်း သင်မနေနဲ့တော့၊ အင်္ဂလိပ်စာလည်း မတတ်ဘူး၊ တောသာပြန်ပေတော့ဆိုပြီးတော့ ကျွန်တော့်အဖေက ပြန်ပြီးတော့ခေါ်တော့ ကျွန်တော် ကြို့ပင်ကောက် ပြန်ရောက်တာပေါ့ဗျာ။  ဗမာလိုပဲသင်တဲ့ ကျောင်းမှာပဲ ကျွန်တော် ပြန်နေတယ်ပေါ့ဗျာ။  ကြို့ပင်ကောက်မြို့ အထက်တန်းကျောင်းပေါ့။  ဆရာကြီး ဗိုလ်ဖိုးကွန်းဆိုတာ၊ သံအမတ်ကြီးဖြစ်ခဲ့ဖူးတဲ့ ဆရာကြီး ဦးဖိုးကွန်းပေါ့ဗျာ။  ဗိုလ်မှူးဖိုးကွန်းက ကျွန်တော်တို့ အဲဒီ ကြို့ပင်ကောက်ကျောင်းမှာ ကျောင်းအုပ်ကြီး၊ သို့သော် သူက စစ်ထဲကို ရောက်သွားပြီးတော့ ဘယ်သူ သူ့နေရာကို ဆက်ခံလဲဆိုတော့ ကျောင်းဆရာကြီးအနေနဲ့က ဆရာကြီး ဦးစံမြင့်ဆိုတာ၊ နောက်ပိုင်းကျတော့ ဟံသာဝတီသတင်းစာမှာ အယ်ဒီတာလုပ်တယ်။  နောက်ပိုင်းကျတော့ ပညာရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဖြစ်ခဲ့တဲ့ ဆရာကြီး ဦးစံမြင့်ပေါ့။

ဆိုတော့ ကျောင်းတွေက ဖွင့်တယ်လို့တောင်မှ ပြောလို့မရဘူး။  ဘာဖြစ်လို့လဲဆိုတော့ ဖွင့်မယ်ဆိုတခါ နေ့ခင်းမှာ လေယာဉ်ပျံတွေက ဖြတ်သွားပြီးတော့ စစ်သေနတ်တွေပစ်၊ ဗုံးချတဲ့အခါ ချဆိုတဲ့ အခါကျတော့ တခါတလေကျတော့ ကျောင်းရောက်တာနဲ့ ပြန်လွှတ်လိုက်တယ်။  တခါတလေ ဆရာကိုက မလာတာရှိတယ်။  အဲဒီ ဂျပန်ခေတ်ကျောင်းမှာ ဆရာဦးဘသိန်းဆိုတာ ရှိတယ်ဗျ။  အလွန် တပည့်တွေအပေါ်မှာ အလွန်ချစ်တဲ့ဆရာ။  အလွန် တပည့်တွေကို အသိပညာအသစ်တွေ ရစေချင်တယ်။  အဲဒီတော့ သူကဘာလုပ်လဲဆိုတော့ ဗုံးတွေ လာလာကြဲတဲ့အတွက် ကျောင်းတွေလည်း ပုံမှန်မဖွင့်နိုင်တဲ့အတူတူ မင်းတို့တွေ၊ တောရွာကို တို့ လေ့လာရေး သွားကြမယ်။ သူက စကောက်တွေဘာတွေ ဆရာတွေ လုပ်ခဲ့ဖူးတာကိုးဗျ။ အဲဒီတော့ စကောက်နည်းတွေကို သုံးပြီးတော့ သစ်ပင်တွေမှာ အမှတ်အသားလုပ်တို့၊ ဟုတ်လား အခြားအခြားသောနည်းတွေနဲ့ လုပ်ပြီးတော့ ရွာတွေကို လမ်းလျှောက်ခိုင်းတယ်ခင်ဗျ။

အဲဒီတော့ ကျွန်တော်တို့ တနည်းအားဖြင့် (၁) က ဘာလဲဆိုတော့ ကျောင်းသားတွေ ဗုံးဒဏ်၊ စက်သေနတ်ဒဏ်နဲ့လည်း ဝေးသွားတယ်ပေါ့ဗျာ။  အဲဒီတော့ ကျွန်တော်နောက်ပိုင်းမှာ ခရီးတော်တော်ထွက်တယ်ဗျ။  ခရီးလည်း ၀ါသနာပါတယ်။  အဲဒါက အဲဒီ ဂျပန်ခေတ်ကရတဲ့ မျိုးစေ့လို့တောင်မှ ကျွန်တော် ပြောနိုင်ပါတယ်။

နောက် ကျောင်းနေရင်း အတွေ့အကြုံ တခုကတော့ အဲဒီအချိန်မှာ ကျွန်တော်တို့ နံရံကပ်စာစောင်တွေ ထုတ်တယ်ဗျ။  ဒါ ကျွန်တော် ပထမဦးဆုံး ကျွန်တော်ရေးတဲ့စာ၊ ကျွန်တော်ရေးတဲ့ကဗျာ၊ ပုံနှိပ်စာလုံးနဲ့ မဟုတ်သော်ငြားလည်း၊ လူမြင်သမြင်ပေါ့ဗျာ၊ ပထမဆုံးအကြိမ်ပေါ့ဗျာ။

အဲဒါက ၁၉၄၃ လောက်၊ ကျွန်တော် (၁၃) နှစ်သားလောက်က သစ်ပင်အကြောင်းတို့၊ တောအကြောင်း တောင်အကြောင်းပေါ့ဗျာ၊ ကောင်မလေးတွေအကြောင်းတော့ ကျွန်တော် သိပ်ပြီးတော့ မရေးဖြစ်ပါဘူး။  ဒါ့ကြောင့်လည်း နောက်ပိုင်းမှာ ကျွန်တော် ဒီလိုကိစ္စတွေနဲ့များ သိပ်ပြီးတော့ ကင်းရှင်းသလားမသိဘူး။  ဒါက ကျွန်တော် စာပေနဲ့ပတ်သက်ပြီးတော့ မျိုးစေ့ရတာကို ကျွန်တော် မှတ်မိတာပေါ့ဗျာ။

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အပိုင်း (၃) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။ ရှေ့လာမယ့် အပတ်မှာ ဦးဝင်းတင် အာရှလူငယ်အစည်းအရုံးမှာ လှုပ်ရှားပုံတွေကို နားဆင်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

(ဆရာဦးဝင်းတင် အမှတ်တရ ဆက်လက် ပြန်လည်ဆန်းသစ် တင်ဆက်ပါဦးမည်။  အစီအစဉ် မူလတင်ဆက်ခဲ့သည့် လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာပိုင်းနှင့် စိတ်ရှည် လက်ရှည် စနစ်တကျ စေတနာထား စာပြန်ရိုက် တင်ပေးသည့် တေဇာစပ်စု http://tazarsattsuu.blogspot.co.uk/ ကို ကျေးဇူးတင်ရှိကြောင်း မိုးမခ က မှတ်တမ်းပြုအပ်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:U Win Tin, ဟံသာဝတီ ဦးဝင်းတင်, ပြန်လည်ဆန်းသစ်ခြင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်