ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း (၄+၅+၆)

April 22, 2014

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း (၄ + ၅ + ၆)
ဟံသာဝတီ ဦးဝင်းတင် ၏ ကိုယ်တိုင်ပြော ဘဝဇာတ်ကြောင်း
(မူလ လွတ်လပ်တဲ့ အာရှအသံ ရေဒီယို အစီအစဉ်၊ မိုးမခ ပြန်လည်ဆန်းသစ်ခြင်း)
ဧပြီ ၂၂၊ ၂၀၁၄
 
Photo by James Mackay
Copyright © James Mackay / enigmaimages.net
အပိုင်း (၄)


ဦးဝင်းတင်ရဲ့ ဂျပန်ခေတ်အတွေ့အကြုံတွေထဲမှာ ထက်ထက်သန်သန် လှုပ်ရှားမှုတခုကတော့ အာရှလူငယ်အဖွဲ့ထဲ ပါဝင်ခဲ့ခြင်းပါပဲ ခင်ဗျာ။

ဦးဝင်းတင် – အာရှလူငယ်ဆိုတာက သာမန်အားဖြင့်တော့ ဂျပန်ပြည်ကပါလာတဲ့ အကြံဉာဏ်တွေနဲ့ ဂျပန်ရဲ့ အလေ့အထတွေပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ လူငယ်ကျောင်းသားတွေကို အကုန်လုံး အာရှလူငယ်ဆိုပြီးတော့ စုစည်းတာပေါ့ဗျာ။  သူတို့က တဖက်ကလည်း ကျွန်တော်ထင်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးတွေ ဦးဆောင်တဲ့ တပ်မတော်အရာရှိများ၊ သို့မဟုတ်လို့ ရှိရင်လည်း နိုင်ငံရေးသမားများကနေပြီးတော့ လူငယ်ဆိုတာဟာ တိုင်းပြည်ရဲ့အနာဂတ်ကို.. ဟုတ်လား၊ ဦးဆောင်မယ့်ပုဂ္ဂိုလ်တွေ၊ တိုင်းပြည်ကနေ အားကိုးရမယ့် ပုဂ္ဂိုလ်တွေ၊ ဒီလိုလူတွေ၊ ဒီအင်အားတွေကို ငါတို့.မွေးမြူရမယ်၊ လေ့ကျင့်ရမယ်၊ ပျိုးထောင်ရမယ်၊ ခေါင်းဆောင်မှုလုပ်တတ်အောင် လေ့ကျင့်သင်ကြားရမယ်ဆိုတဲ့ အယူအဆတွေနဲ့ ဒီအာရှလူငယ်ကို လုပ်တာပဲခင်ဗျ။

ကျွန်တော်တို့ကတော့ တော်တော့်ကို ထက်ထက်သန်သန်၊ ပျော်ပျော်ရွှင်ရွှင်ကြီးကို ပါတာပဲခင်ဗျ။  အဲဒီ အပျော်လွန်ပြီးတော့ပဲ ဟိုဟာဆိုလည်း ကျွန်တော် ရှေ့ကနေ၀င်လုပ်၊ သူများ မလုပ်ချင်တဲ့အလုပ်လည်း ၀င်လုပ်ဆိုတဲ့အခါကျတော့ တနေ့မှာ၊ ကျွန်တော်တို့၊ တိုက်ပေါ်ကနေ လိမ့်ကျရောဗျ။ ဖြစ်ပုံက ဒီလိုဗျာ။

အာရှလူငယ်ကနေပြီးတော့ ဦးစီးပြီးတော့ အကယ်၍ ဗုံးတွေဘာတွေ ကျခဲ့သော်၊ ဟုတ်လား၊ အိမ်တွေဘာတွေမှာ မီးလောင်တဲ့အခါမျိုး၊ အတွင်းမှာရှိတဲ့လူတွေကို ကယ်ဆယ်ဖို့ လေ့ကျင့်ခန်းပေါ့ဗျာ။  အဲဒီတော့ ကျွန်တော်တို့မြို့မှာ၊ ဈေးနဲ့ မျက်နှာချင်းဆိုင်မှာ ဦးသာလင်းတိုက်ဆိုတာရှိတယ်ဗျ၊ နှစ်ထပ်တိုက်။  အဲဒီမှာ ရှေ့မှာ လေသာဆောင်လိုဟာမျိုးပေါ့ဗျာ၊ ကျွန်တော်က လူနာလုပ်တယ်။  လေ့ကျင့်တဲ့ နည်းနည်းခပ်ကြီးကြီးလူတွေက၊ အာရှလူငယ်ထဲပါတဲ့လူတွေက ကျွန်တော့်ကို ထမ်းတယ်ဗျ။  အပေါ်ထပ်ကနေပြီးတော့ ကယ်ဆယ်ရတယ်ဆိုပါတော့ဗျာ။  ကယ်ဆယ်တယ်လုပ်ပြီးတော့ သွပ်တွေပေါ်ကနေ လျှောက်လာပြီးတော့၊ နောက်ဆုံးပိတ် လှေကားပေါ်ကို ပို့ဖို့အတွက် ကျွန်တော့်ကို ထမ်းရာကနေပြီးတော့၊ အောက်ကိုလည်း ချလည်းချရော၊ ကျွန်တော်က သွပ်ပြားပေါ်နင်းတဲ့အခါကျတော့၊ သွပ်ပြားပေါ်ကနေ ကျွန်တော် လိမ့်ကျပြီးတော့ အောက်ကိုလည်းကျလည်းကျရော ကျွန်တော် ခါးရိုးမကျိုးရုံတမည်ပေါ့ဗျာ။  ဂျပန်ခေတ်မှာ အိမ်ထဲမှာကို နှစ်လသုံးလလောက် နေလိုက်ရတယ်။  အဲဒီဒဏ်တွေဟာ ဒီအချိန်အထိ ကျွန်တော် သိပ်ပြီးတော့ ထိုင်နိုင်ပြုနိုင် သိပ်မရှိဘူး။  ကျွန်တော် ခါးခဏခဏနာတဲ့အခါ အခုထက်ထိ ကျန်နေတယ်ပေါ့ဗျာ။ နှစ်ပေါင်း (၆၀) လောက်အထိ ကျန်နေတာပေါ့ဗျာ။

အဲဒီအချိန်က အာရှလူငယ်အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့ကြသူတွေဟာ နောင်တချိန်မှာ တပ်မတော်နဲ့ အစိုးရအဖွဲ့အတွင်း အရေးပါသူတွေ ဖြစ်လာခဲ့ကြတယ်လို့လည်း ဦးဝင်းတင်က ပြောပါတယ်။

ဦးဝင်းတင် – ဥပမာ ဆိုပါတော့၊ ကိုညိုဆိုရင်၊ နောက်ပိုင်းကျတဲ့ အခါကျတော့၊ မဆလခေတ်ကျတဲ့အခါကျတော့ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးကြီး မောင်ညိုဆိုတာ ဖြစ်လာတယ်ပေါ့ဗျာ။  နောက်တခါ ကျွန်တော်နဲ့ သားချင်းတော်တဲ့ ဗိုလ်ကြီးမျိုးကျော်ပေါ့ဗျာ၊ ဗိုလ်သင်တန်းဒုတိယပတ်တို့ဘာတို့ထိ ရောက်သွားတယ်။  နိုင်ငံဂုဏ်ရည်ပထမဆင့် ဆိုတာတွေ ဖြစ်တယ်။  ဗိုလ်မှူးကြီးအေးသွင် ဆိုလို့ရှိရင် နောက်ပိုင်းမှာ ဒီဘဏ္ဍာရေးဝန်ကြီးတို့ ဘာတို့ လုပ်ခဲ့ဖူးတဲ့လူ ဖြစ်သွားတယ်။

သို့သော် အာရှလူငယ်ဟာ ဘာပဲပြောပြော၊ အဲဒီခေတ်လူငယ်တွေရဲ့၊ မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်တဲ့ဟာ၊ တိုင်းရေးပြည်ရေးစိတ်ဓာတ်တွေကို မွေးမြူတဲ့ Ground ဖြစ်တယ် ဆိုတဲ့ဟာကို ကျွန်တော်တို့ သွားတွေ့တယ်ခင်ဗျ။  ဒါကြောင့် ဒီနေ့ ကျွန်တော် လူငယ်တွေနဲ့ တွေ့ရဆုံရပြောရဆိုရတဲ့အခါမှာ ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်ငယ်ငယ်တုန်းက အာရှလူငယ်မှာ ကျွန်တော် ပါဝင်လှုပ်ရှားခဲ့တုန်းက ခံစားမှုမျိုးတွေပေါ့ခင်ဗျာ၊ ကျွန်တော် သူတို့ကို အဲလိုစိတ်ဓာတ်မျိုးတွေ ပေါ်ပေါက်စေချင်တယ်။

ကျွန်တော် လူငယ်တွေကို ဘာပြောလဲ ဆိုလို့ရှိရင် (၈) လေးလုံး ကာလကြီးမှာ ထက်ထက်သန်သန်ကြီးလုပ်ခဲ့ကြတယ်၊ ဟုတ်လား ပျော်ပျော်ပါးပါးကြီး လုပ်ခဲ့ကြတယ်၊ ဒီနေ့ကာလမှာ ဒီအရှိန်တွေ အများကြီးလျော့သွားတယ်၊ စစ်အစိုးရကလည်း အမျိုးမျိုးဖိနှိပ်မှု၊ ထောင်သွင်းအကျဉ်းချမှု၊ စတာတွေကြောင့် သူတို့မှာ လျော့ကုန်တယ်။  အဲလို လျော့နေတော့၊ အရင်တုန်းကလို ထက်ထက်သန်သန်ပျော်ပျော်ပါးပါးကြီး သူတို့ မလုပ်နိုင်ရင်တောင်မှ ထထကြွကြွနဲ့ ရွှင်ရွှင်လန်းလန်းတော့ တို့ လုပ်သွားကြရအောင်၊ တိုင်းရေးပြည်ရေးကို၊ မင်းတို့တွေပဲ ခေါင်းဆောင်ရမှာ၊ မင်းတို့တွေရဲ့ အမွေတွေကို မင်းတို့ဆက်ခံရမှာဆိုတာ ဒီနေ့အထိ ကျွန်တော်ပြောတုန်း၊ အဲဒီ ကျွန်တော်ပြောတာက ဘာလဲဆိုတော့ အာရှလူငယ်မှာ ကျွန်တော် ကြုံခဲ့ဖူးတဲ့ လူငယ်စိတ်ဓာတ်ကို ကျွန်တော်ပြောတာ ဖြစ်ပါတယ်။

ဂျပန်ခေတ်ရောက်တဲ့အခါကျတော့ ကျွန်တော့် သားချင်းတွေထဲကပဲ ဗိုလ်မင်းခေါင်လို ပုဂ္ဂိုလ်မျိုးက ရဲဘော်သုံးကျိပ်ဝင်ဖြစ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော်တပ်မှူးဆိုတဲ့ အဆင့်အတန်းမျိုးလည်း ဖြစ်နေတယ်။ နောက်တခါ ကျွန်တော့် ဦးလေးတွေဖြစ်တဲ့ ဗိုလ်ကြီးမျိုးကျော်လို ပုဂ္ဂိုလ်မျိုးတွေ၊ ဗိုလ်မှူးကြီးအေးကိုလို ပုဂ္ဂိုလ်မျိုးတွေ၊ ဗိုလ်မှူးကြီးမောင်ညိုဆိုတာ ကျွန်တော်တို့နဲ့ တလမ်းတည်းနေတာခင်ဗျ။  ဒီအကျိုးသက်ရောက်မှုတွေဟာ ဘယ်လို ဆက်စပ်သွားလဲဆိုတဲ့ အခါကျတော့ ဒီတော်လှန်ရေးကာလဆိုတဲ့အခါကျတော့ ကျွန်တော်တို့ မိသားစုဝင်တွေကို စောင့်ရှောက်တဲ့အင်အားတွေ အများကြီးပေါ်လာတယ်ခင်ဗျ။  အဲဒါကြောင့် ကျွန်တော်တို့ တောကိုပြေးတဲ့အခါမှာ အကုန်လုံးစီစဉ်ပေးတယ်ခင်ဗျ။

အဲဒီ ကျွန်တော်တို့မိသားစု လုံခြုံရေးကို စီစဉ်ရတဲ့အကြောင်း ကလည်း ဂျပန်တွေက ကျွန်တော်တို့ ဒီပြည်လမ်းပေါ့ဗျာ၊ ကျွန်တော်တို့မြို့က ရထားလမ်းရှိတယ်၊ ကားလမ်းရှိတယ်။  အဲဒီတော့ ဂျပန်တပ်တွေ ဆုတ်တိုင်းဆုတ်တိုင်းကလည်း ကျွန်တော်တို့မြို့ကို ဖြတ်သန်းသွားတယ်။  အဲဒီကျတော့ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့အိမ်မှာ ကျွန်တော့်အဘွားကြီးကနေပြီးတော့ ဦးလေးလို့ခေါ်ရတဲ့ပုဂ္ဂိုလ်ပေါ့ဗျာ၊ ဒီပုဂ္ဂိုလ်ကြီးတွေအပါအ၀င် ကျွန်တော်တို့မြို့က လူ (၃၀) လောက်ကို ဂျပန်က ၀င်ပြီး လှံစွပ်တွေနဲ့ ထိုးသတ်သွားတာဗျ။ တမြို့လုံးမှာ မြင်မကောင်းအောင်၊ စကားစပ်မိလို့ ဖြတ်ပြောရရင် ဒီအဘိုးကြီးဆိုလို့ရှိရင် သူက လူတိုင်းကို မေတ္တာပို့နေတာ မြွေကိုင်ရင် မြွေကိုမေတ္တာပို့၊ လူတွေ့ လူမေတ္တာပို့ပေါ့ဗျာ ဟုတ်လား၊ ပိတောက်တွေပွင့်နေတာတွေ့ရင် ပိတောက်တွေမေတ္တာပို့ စသည် မေတ္တာပဲပို့တဲ့ပုဂ္ဂိုလ်ဟာ နောက်ဆုံး ဂျပန်ကနေ လှံစွပ်နဲ့ထိုးသတ်သွားတော့ ဘာသာရေးဘက်ကနေ ကျွန်တော် ကြည့်ရင်တော့ သြော် မေတ္တာပို့နိုင်ပါစေ၊ ဒီပုဂ္ဂိုလ်ကြီးဟာ သေသွားတဲ့အထိ မေတ္တာတရားကိုပဲ ကိုင်စွဲနိုင်ပါစေလို့ တဖက်ကနေပြီးတော့ ကျွန်တော် တွေးတယ်ပေါ့ခင်ဗျာ။

တဖက်က ပြန်ကြည့်တော့လည်း ဒီအဘိုးကြီးက အမှန်က မေတ္တာပို့နေဖို့ မကောင်းဘူး။  ဒီလောက် ယုတ်မာတဲ့၊ ဒီလောက်ကို ရက်စက်တဲ့ ဖက်ဆစ်တွေ၊ ဂျပန်တွေကို ဟုတ်လား၊ သေခါနီးမှာတော့ မေတ္တာပို့သွားဖို့ မကောင်းဘူး။ အနည်းဆုံး အော်ဆဲသွားတာမဟုတ်တောင်မှ အံကြိတ်ပြီးတော့ သွားသင့်တယ်လို့ ကျွန်တော့်စိတ်ထဲမှာ တခါတလေ ခံစားရတယ်ဗျ။ အဲဒါလေးကို ကျွန်တော် လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀) လောက်ကပေါ့ဗျာ၊ ကျွန်တော် ငွေတာရီလား၊ မြ၀တီလားမှာမသိဘူး ရေးဖူးပါတယ်။ မေတ္တာရှင် ဆိုပြီးတော့။

ဦးဝင်းတင်တို့မိသားစုကို တော်လှန်ရေးအင်အားစုတွေက ကြို့ပင်ကောက်နဲ့ (၁) မိုင်သာသာ လောက်မှာရှိတဲ့ ရှမ်းစုဆိုတဲ့ရွာကို စစ်ဒဏ်ရှောင်ဖို့ ပို့ပေးခဲ့ရာမှာ ဦးဝင်းတင် ထာဝရမမေ့နိုင်တဲ့ ကိုယ်တွေ့တခုနဲ့ ကြုံခဲ့ရပါတယ်။

ဦးဝင်းတင် – အဲဒီအခါမှာလည်း ကျွန်တော် စိတ်ထဲမှာ ကြားဖြတ်ပြောရဦးမယ်၊ ကျွန်တော်အင်းစိန်မှာနေတဲ့အခါကျတော့ ကရင်ဆိုတာ၊ သူတို့မှာ သီးခြားစကားရှိတယ်၊ သီးခြားယဉ်ကျေးမှုရှိတယ်၊ ဒီလူတွေဟာ ငါတို့ရဲ့ တိုင်းရင်းသားတွေပါလား၊ ကျွန်တော်ခံစားရသလိုပဲ ဒုတိယအကြိမ်တွေ့ဖူးတဲ့ လူမျိုးစုက ရှမ်းပဲခင်ဗျ။ ရှမ်းပြည်ကနေဆင်းလာတဲ့ ရှမ်းတွေဟာ၊ ဟုတ်လား၊ ဒီနေရာအထိရောက်တယ်ဆိုတာ ဒါကတော့ မဆန်းဘူးဗျ၊ မြို့တွေရောက်တာ။

ကျွန်တော်တို့ဘက်တွေ ကျတဲ့အခါကျတော့ ပဲခူးရိုးမကျောမှာ ဟိုး ပေါင်းတည်၊ ပြည်တို့ဘာတို့ တ၀ိုက်လောက်အထိကို ကရင်တွေ၊ ရှမ်းတွေဆိုတာ အမှန် နေနေတာပဲဗျ။  ကျွန်တော်က ထင်တာက၊ သြော် ရှမ်းဆိုတာ ရှမ်းပြည်မှာနေတယ်၊ ဟုတ်လား ကရင်ဆိုတာ ကရင်ပြည်နယ်က တောင်တန်းတွေမှာ နေတယ်၊ သို့မဟုတ်လည်း မြစ်ဝကျွန်းပေါ်မှာ နေတယ်ပေါ့၊ ဒီလိုသာ ထင်တာဗျ။  တကယ့်တကယ်က အဲလိုမဟုတ်ဘူး။  ကျွန်တော်တို့မြို့ရဲ့ တောင်ပိုင်းက ရှစ်မိုင် ကိုးမိုင်လောက် ဝေးတယ်ဗျ၊ တောင်ပိုင်းက၊ ပဲခူးရိုးမ၊ အဲဒီကြားထဲမှာ ရွာတွေရှိတယ်ဗျ၊ အဲဒီရွာတွေထဲမှာ ကရင်ရွာတွေ ရှိရုံတင်မကဘူး၊ ရှမ်းရွာတွေလည်း ရှိတယ်၊ အဲဒီတော့ ကျွန်တော်တို့ စစ်ပြေးသွားတဲ့ရွာက ရှမ်းစုဆိုတဲ့ ရှမ်းရွာလေးဗျ။  ကျွန်တော်တို့ ရှမ်းတွေအိမ်မှာပဲ နေရတယ်။

ကျွန်တော့် ညီမ၊ အငယ်ဆုံးညီမက အဲဒီနှစ်မှာပဲ (၄၅) မှာပဲ မွေးပြီ၊ ကျွန်တော်က အဲဒီအချိန်မှာ ဆယ့်ငါးနှစ်သားလောက် ဖြစ်လာပြီ၊ အဲဒီတော့ နေရင်းကနေ တနေ့မှာ မနက်လည်းမိုးလင်းရော အကုန်လုံး ကလေးတွေ ငြိမ်၊ ဘယ်သူမှ မလှုပ်နဲ့ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဘာမှန်းလဲ မသိဘူးပေါ့။ ကျွန်တော်တို့ ထမင်းစားဆို၊ တိုးတိုးတိတ်တိတ်ပဲ စားရတယ်၊ ခါတိုင်းနဲ့မတူတာတော့ ကျွန်တော်တို့သိတယ်၊ ဘာမှန်းကျွန်တော်တို့ မသိဘူး။

 တချက်လောက်၊ နှစ်ချက်လောက် ဖြစ်မယ်ဗျာ၊ အဲဒီအချိန်ရောက်တဲ့အခါကျမှ ကျွန်တော်တို့အိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းရောက်နေတယ်၊ ဗိုလ်မင်းခေါင်နဲ့ အတူလိုက်လာတယ်၊ ဗိုလ်ချုပ်အောင်ဆန်းက တော်လှန်ရေးခရီးပေါ့ဗျာ ဟုတ်လား၊ သရက်နယ်ထဲကိုသွားမှာ၊ သူရဲ့ တော်လှန်ရေးထွက်တဲ့ ခရီးမှာ၊ ပထမဆုံးစတည်းချတဲ့မြို့ဟာ ကြို့ပင်ကောက်ဗျ။ ဗိုလ်ချုပ်အောင်ဆန်းကို ဗိုလ်မင်းခေါင်ကနေပြီးတော့ တောလမ်းကနေဖြတ်ပြီးတော့ ကျွန်တော်တို့ အဲဒီရွာမှာ ၀င်တည်းတယ်။  တညလုံးသူတို့ ရန်ကုန်ကနေ ကားနဲ့မောင်းလာတယ်။ ညရောက်တယ်၊ မှီခိုတော့ ကျွန်တော်တို့ ရွာမှာခိုတယ်။ မြို့ထဲမှာဆို အင်္ဂလိပ် စက်သေနတ်နဲ့လည်း တွေ့မှာ စိုးရတယ်၊ နောက်တော့ စစ်ဆုပ်နေတဲ့ ဂျပန်တွေနဲ့လည်း တိုးမှာ စိုးတဲ့အခါကျတော့ ကျွန်တော်တို့အိမ်မှာ တည်းတယ်ဗျ။ အဲဒါကြောင့် ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဲဒီမှာ တွေ့တာ။

အဲဒီမှာ စကားဖြတ်ပြောရဦးမယ်ဗျာ၊ ဗိုလ်ချုပ်အောင်ဆန်းဟာ တော်လှန်ရေးအတွက် ခရီးထွက်တဲ့အခါမှာ ပထမဆုံးစတည်းချတဲ့မြို့ဟာ ကြို့ပင်ကောက်မြို့၊ သူ့ရဲ့သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီမိုကရေစီတော်လှန်ရေးခရီးကြီးမှာ ပထမဆုံးစတည်းချတဲ့မြို့ဟာလည်း ကြို့ပင်ကောက်ဖြစ်နေတယ်ဗျာ။  တိုက်ဆိုင်မှုပေါ့ဗျာ။

ထားပါတော့ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းရောက်နေတယ်ဆိုတဲ့ သတင်းကြားပြီးတော့ ကျွန်တော်တို့လည်း ထမင်းစားပြီးပြီ ဒါပေမဲ့ ဗိုလ်ချုပ်တို့က တညလုံး ကားမောင်းလာရလို့လား မသိဘူးဗျ။  အဲ ဗိုလ်ချုပ်တို့က နာရီပြန်တချက်လောက်ကျမှ အိပ်ယာက ထကြတယ်၊ ဗိုလ်မင်းခေါင်ရော၊ ဗိုလ်ချုပ်ရော နောက်ပြီးတော့ သူ့ရဲ့ ကိုကျော်လှဆိုလား မသိဘူးဗျ၊ ကားမောင်းတဲ့သူ၊  အိပ်ယာကထကြတယ်။

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အပိုင်း (၄) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။  ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့တဲ့အခါ ဦးဝင်းတင်က ဘာပြောခဲ့ပါသလဲ။  ရှေ့အပတ်မှာ နားဆင်ပါခင်ဗျာ။။

• • • • •
အပိုင်း (၅)


ဗိုလ်ချုပ်အောင်ဆန်းဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးခရီးထွက်ခဲ့တဲ့ ပထမဦးဆုံးညမှာ ကြို့ပင်ကောက်မြို့ အနီး ရှမ်းစုရွာက ဦးဝင်းတင်တို့ စစ်ပြေးဘ၀နဲ့ ခိုလှုံနေတဲ့အိမ်ကို ရောက်ရှိပြီး ညအိပ်ရပ်နားပါတယ်။  နောက်တနေ့မှာ ဗိုလ်ချုပ်ကို ဦးဝင်းတင်က ချိုးရေခပ်ပေးရင်း စကားပြောခွင့် ကြုံလိုက်ပါတယ်။

ဦးဝင်းတင် – ကျွန်တော်တို့ အဲဒီ ရှမ်းစုရွာထဲမှာ မရမ်းပင်ကြီးတွေဗျ၊ အုပ်အုပ်အုပ်အုပ်နဲ့ မရမ်းပင်ကြီးတွေဘေးမှာပေါ့လေ ရေတွင်းရှိတယ်၊ နောက်တခါ ရေချိုးတဲ့ စဥ့်အိုးလေးတွေဘာတွေ ချထားတယ်။  ကျွန်တော်တို့က အဲဒီထဲကို ရေခပ်ပေးရတယ်ဗျ။  ကျွန်တော်တို့ ယောက်ျားလေးက ကျွန်တော်နဲ့ ကျွန်တော့်ဦးလေးပဲရှိတဲ့အခါကျတော့ ကျွန်တော်တို့ထက် နည်းနည်းကြီးတဲ့ ကျွန်တော့် အဒေါ်တွေအရွယ်တွေ ဘာတွေပေါ့ဗျာ၊ ရှိတယ်။  ဒါပေမဲ့လို့ သူတို့က အပျိုတွေဘာတွေ ဖြစ်နေကြတဲ့အချိန်ကျတော့လည်း သူတို့က ဒီယောက်ျားတွေကိစ္စ လိုက်ပြီးတော့ လုပ်မပေးချင်ဘူးပေါ့။  အဲဒီတော့ ကျွန်တော်တို့ပဲ လုပ်ရတယ်၊ ကျွန်တော့်ဦးလေး (၁၈) နှစ်သား လောက်နဲ့ (၁၄/၅) နှစ်သား ကျွန်တော် လုပ်ရတယ်ပေါ့ဗျာ။  ကျွန်တော့် ဦးလေးက ရေတွင်းထဲက ရေခပ်တယ်၊ ကျွန်တော်က အဲဒီကနေပြီးတော့ ပုံးတွေနဲ့သယ်ပြီးတော့ စဥ့်အိုးထဲကို လောင်းပေးပေါ့ဗျာ။  အဲဒါက သိပ်မဝေးပါဘူး၊ (၁၄/၅) လှမ်းပေါ့ဗျာ။

ဗိုလ်ချုပ်က ရေချိုးတယ်ပေါ့ဗျာ။  ဗိုလ်ချုပ်ကလည်း စကား တခွန်းမှ မပြောဘူး။  သူကလည်း စကားပြောတဲ့လူစားမျိုးမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ နောက်ပိုင်းကျတော့ ကြားဖူး တာပေါ့ဗျာ။  ဗိုလ်ချုပ်အောင်ဆန်းဆိုတာလည်း ဂျပန်ခေတ်မှာ လူတိုင်းလိုလိုရဲ့ ပါးစပ်ဖျားမှာ သီးနေတဲ့စကားပေါ့ဗျာ၊ ဟုတ်လား၊ အဲ.. ဗိုလ်ချုပ်ပဲဗျ၊ ဗိုလ်ချုပ်အောင်ဆန်းလို့တောင်မှ ကျွန်တော်တို့က နာမည်တောင်တပ်မခေါ်ဘူး၊ ဗိုလ်ချုပ်ပဲ။

အဲဒီတော့ ဗိုလ်ချုပ်က အသားကလည်း ခပ်လတ်လတ်ပဲဗျ.. နော်။  ထိပ်ကလည်း ချွန်းချွန်းနဲ့၊ ထိပ်က နည်းနည်း ပြောင်တယ်လို့တောင် ခေါ်ရမယ့်ဟာပေါ့ဗျာ။  နဖူးနည်းနည်း ပြောင်တယ်၊ သို့မဟုတ်လည်း နဖူး မြင့်တယ်ပေါ့ဗျာ။  အသားကလည်း တော်တော်လေး လတ်လတ်ပဲဗျ။  ကျွန်တော်တို့ သုန်သုန်မှုန်မှုန်နဲ့ သူကလည်း ဘာမှ မပြောဘူး။ ရေချိုးထားတာပဲဗျ။  လူငယ်ငယ်မို့လို့ ကျွန်တော်တို့ ကလေးတွေ၊ ဒီလူတွေခပ်ပေးတာအတွက် သူ စိတ်ထဲမကောင်းတာတို့၊ အားနာတာတို့ သို့မဟုတ်လည်း အာ ဟေ့မင်းကွယ် ခပ်ရတာ ပင်ပန်းမှာပေါ့ကွာ ဆိုတဲ့သဘောထားမျိုးလည်း ရှိပုံမပေါ်ဘူး။ သူ့ဘာသူ ရေရှိ ချိုးမှာပဲဆိုတဲ့ပုံစံနဲ့ ချိုးတာပဲဗျနော်။ အဲလိုချိုးနေတော့ ကျွန်တော်က ရပ်ကြည့်နေတာပေါ့ဗျာ။

အဲဒီဂျပန်ခေတ်မှာက ဆပ်ပြာတွေဘာတွေလည်း မရှိဘူး၊ ကျွန်တော်တို့အိမ်မှာလည်း ဆပ်ပြာမရှိဘူးဗျ။  အဲဒီတော့ ဒီတိုင်းပဲ ချိုးချက်ပြီးတော့ ပြီးတယ်။ အဲ ဂျပန်ခေတ်မှာ ကျွန်တော်တို့က မျက်နှာသုတ်ပ၀ါတို့ဘာတို့ မရှိဘူး။  ဗိုလ်ချုပ်ကလည်း… မျက်နှာသုတ်ပ၀ါတွေဘာတွေ ရှိပုံမပေါ်ဘူးဗျာ။  အဲဒီ ပုဆိုးပိုင်းနဲ့ပဲ၊ ရေလဲပိုင်းညှစ်ပြီးတော့ပဲ ကိုယ်သုတ်တာပဲဗျ။

အဲတော့ သူ ပုဆိုးနဲ့မျက်နှာသုတ်နေတဲ့အချိန်မှာ ကျွန်တော် စကားပြောချင်စိတ် သိပ်ပေါ်လာတယ်။ စကားပြောချင်စိတ် ပေါ်လာတယ်ဆိုတော့ ကျွန်တော် စောစောကပြောခဲ့သလို ကျွန်တော်တို့ အာရှလူငယ်တို့ ဘာတို့ညာတို့မှာ ကျွန်တော်က ထက်ထက်သန်သန်လုပ်နေတဲ့၊ ကျွန်တော့်ဆွေမျိုးတွေထဲမှာ စစ်ဗိုလ်တွေအများကြီးရှိတယ်၊ ဟုတ်လား၊ အဲဒီအနေအထားပေါ်မှာ တည်ပြီးတော့ ကျွန်တော်လည်း ဟုတ်လား၊ အမှန်အတိုင်းပြောရရင် စိတ်က ထက်သန်နေတာနဲ့ ကျွန်တော် စကား စွတ်ပြောတယ်ဗျ။ ပြောတာက ဘာလဲဆိုတော့ ဗိုလ်ချုပ် ကျွန်တော် စစ်ထဲဝင်ချင်တယ်ခင်ဗျာလို့ ဒါပဲပြောနိုင်တယ်။ ကျွန်တော် များများလည်း မပြောတတ်ဘူး၊ များများလည်းမပြောရဲဘူးပေါ့ဗျာ.. နော်။

ဗိုလ်ချုပ်က ဘာမှမပြောဘူးဗျ၊ ကျွန်တော့်ကို ဒီတိုင်းကြည့်နေတယ်။ ကြည့်ပြီးမှ တခွန်းပဲပြောတယ်။  မင်းကျောင်းနေလားတဲ့။  ဆိုတော့ ကျွန်တော် ဟုတ်ကဲ့ ကျွန်တော်စာသင်နေပါတယ်၊ ခုနစ်တန်းအောင်ပြီးပါပြီ ဆိုပြီးတော့ ကျွန်တော် ပြောတယ်။  အဲဒီတော့ ဗိုလ်ချုပ်က သူ ငေးနေသေးတယ်ဗျ။ သူ ဘာမှမပြောဘူး။ သူ့ ရေတွေဘာတွေသုတ်လက်စ ဆက်ပြီးတော့ သုတ်ရင်းကနေပြီးတော့ နောက်မှ တခွန်းပဲပြောတယ်၊ မင်းစာဆက်သင်ကွာတဲ့။  နော် စစ်တိုက်မယ့်လူတွေရှိတယ်၊ မင်း စာသင်ဦးလို့ ဒီစကားတခွန်းပဲ ရလိုက်တယ်ပေါ့ဗျာ။ ဒါနဲ့ ပြီးသွားတာပါပဲ။

သို့သော် ကျွန်တော့်ကို အဲဒီစကားက နောက်ပိုင်းကျတဲ့အခါကျတော့ တော်တော်များများလွှမ်းမိုးတယ်ဗျ။  စစ်ပြီးခါက ၁၉၄၉ မှာ ကျွန်တော် စစ်တပ်ထဲကိုဝင်မလို့ ဗိုလ်သင်တန်းတက်ခွင့်ရတယ်ဗျ။  အဲဒီဟာ ရတဲ့အချိန်မှာကို ကျွန်တော် သြော်.. ဗိုလ်ချုပ်အောင်ဆန်းကလည်း ငါ့ကို ပြောသွားဖူးတဲ့ စကားတခွန်းရှိပါလား။  စစ်တိုက်မယ့်လူတွေ ရှိတယ်ကွာ မင်း စာဆက်သင်ဆိုတဲ့စကားကို ကျွန်တော် မှတ်မိပြီးတော့ ကျွန်တော် စစ်ထဲလည်း မ၀င်ဖြစ်ဘူးပေါ့ဗျာ။ အဲဒီစကားနဲ့ပဲ ကျွန်တော် နိဂုံးချုပ်ချင်ပါတယ်။ ဂျပန်ခေတ်မှာလည်း ဒါ ကျွန်တော် နောက်ဆုံးမှတ်မိတဲ့ စကားပဲပေါ့ဗျာ။

ကျန်တဲ့ တော်လှန်ရေးကာလမှာ ကျွန်တော်တို့ တော်လှန်ရေးဌာနချုပ်မှာ နေရတဲ့အခါတွေ ရှိတယ်ဗျ။  နောက်ဆုံးဗိုလ်ချုပ်တို့ သွားပြီးတဲ့အခါကျတော့ ကျွန်တော်တို့ကို ရွာတရွာ ရွှေ့တယ်ဗျာ။  အဲဒီရွာတရွာကနေ နောက်ထပ် တော်လှန်ရေးစခန်းလုပ်ထားတဲ့ ဘီးခွဲဆိုတဲ့ ရွာပေါ့၊ မြို့နယ်တော်လှန်ရေးစခန်းလုပ်ထားတဲ့ ဘီးခွဲဆိုတဲ့ရွာကို ကျွန်တော်တို့ ပို့တယ်၊ မိသားစုကို ကျွန်တော်တို့ စောင့်ရှောက်ထားတယ်။  တော်လှန်ရေးအင်းအားစုတွေက အဲ.. အဲ့ဒီမှာ ကျွန်တော်တို့လိုက်ပြီးတော့ ဟုတ်လား၊ ဟိုခိုင်းဒီခိုင်းနဲ့ သွားပြီးတော့ ကင်းထောက်တဲ့လူတွေနဲ့ လိုက်သွားကြည့်စမ်း၊ ဘာဖြစ်လို့ဆို ကလေးတယောက် ပါတဲ့အခါကျတော့ နည်းနည်းကောင်းတာပေါ့ဗျာ။  အဲ ကျွန်တော်ကလည်း (၁၄/၅) နှစ်ဆိုတဲ့ အခါကျတော့ ကလေးသာသာ ပေါ့ဗျာဟုတ်လား။  ကျွန်တော်လည်း အရပ်ကလည်း ပုတာလည်း ပါမှာပေါ့လေ။  အဲဒီတော့ ဟိုလိုက်သွားဒီလိုက်သွား လိုက်ဖူးတာရှိတယ်။  တော်လှန်ရေးထဲမှာ ကျွန်တော် မပါခဲ့ဘူး။  အဲဒါနဲ့ပဲ ဒီ ဂျပန်ခေတ်ကိုတော့ ကျွန်တော် နိဂုံးချုပ်ချင်တယ်ဗျာ။

တော်လှန်ရေးအပြီး ဂျပန်ခေတ်အကုန်လောက်မှာ ဦးဝင်းတင်တို့ ကြို့ပင်ကောက်မြို့ပေါ် ပြန်လာခဲ့ကြပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေ ရေချိန်တက်နေချိန်ဖြစ်ပါတယ်။

ဦးဝင်းတင် – ကျွန်တော်တို့မြို့မှာ ပြည်သူ့ရဲဘော်တို့၊ ကွန်မြူနစ်ပါတီ ဒါတွေ လှုပ်ရှားမှုတွေ အများကြီးပေါ်တယ်ဗျ။  အဲဒီအချိန်မှာ ကျွန်တော်က ပြည်သူ့ရဲဘော်မှာလည်း ကျွန်တော်ဝင်လုပ်တယ်။  ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် ဦးလေး စစ်ဗိုလ်ပေါ့ဗျာ၊ ဗိုလ်ကြီးမျိုးကျော်၊ နောက်ပိုင်းမှာ မြန်မာ့ဂုဏ်ရည်ပထမဆင့်တို့၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်တို့ဆိုတဲ့ အဲ ရခဲ့တဲ့ပုဂ္ဂိုလ်က ကျွန်တော်တို့မြို့နယ်မှာ ပြည်သူ့ရဲဘော်အဖွဲ့ ဆိုပြီးတော့ ဖွဲ့တယ်။ ကျွန်တော်က အဲဒီအထဲမှာ ပါတယ်ပေါ့ဗျာ။

တချိန်ထဲမှာပဲ ကျောင်းသားတပ်ဦးဆိုတဲ့ အဲဒီအချိန်တုန်းက ကျောင်းသားတပ်ပေါ့ဗျာ။  ကျောင်းသားတပ်ဦးမှာလည်း ကျွန်တော်က စစ်ရေး တာဝန်ခံတို့ဘာတို့ လုပ်တယ်ဗျ။  အဲဒီအချိန်မှာပဲ နောင်တချိန်မှာ နိုင်ငံရေးလုပ်မယ့်ပုဂ္ဂိုလ်တွေနဲ့လည်း စပြီး တွေ့တယ်ဗျ။

ဆိုပါတော့ဗျာ ကျွန်တော် အဲဒီ ကျောင်းသားတပ်ဦးခေါင်းဆောင်အနေနဲ့ စစ်ပညာတွေ သွားသင်ရတယ်ဗျ၊  လက်ပံတန်းမှာ။  ကျွန်တော်တို့ သာယာဝတီခရိုင်ဥက္ကဋ္ဌက နောင်ကျတဲ့အခါကျတော့ ဦးကျော်ငြိမ်းတို့ရဲ့ လူငယ်အဖွဲ့မှာ ခေါင်းဆောင်ဖြစ်လာတဲ့ ကိုကြည်ညွန့်။  ကိုကြည်ညွန့်က သူက ဂျပန်ခေတ်တုန်းက စစ်တက္ကသိုလ်တို့ဘာတို့လည်း တက်ဖူးတဲ့လူပေါ့ဗျာ။ ကျောင်းသားခေါင်းဆောင်ကနေ နောက်ပြီးတော့ ဆိုရှယ်လစ်လူငယ်ခေါင်းဆောင်တွေ ဘာတွေ ဖြစ်ပြီးတော့ နိုင်ငံခြားတို့ဘာတို့မှာ သွားနေ၊ ကမ္ဘာ့ဆိုရှယ်လစ် ကျောင်းသားလူငယ်မှာတောင် ဥက္ကဋ္ဌတွေဘာတွေ ဖြစ်တဲ့အထိ တော်တော်လေး လှုပ်ရှားခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။

နောက်တယောက် ကျွန်တော်ပြောချင်တာကတော့ ဒီနေ့ပေါ့လေ၊ နာမည်အလွန်ကြီးနေတဲ့ စာရေးဆရာ ဆရာမောင်စူးစမ်း အမည်ခံ၊ ရဲဘော်ချမ်းအေး အမည်ခံ၊ ဦးတင်ရွှေပေါ့ဗျာ။  အဲဒီအချိန်တုန်းကတော့ ကိုတင်ရွှေပေါ့။  အဲဒီတော့ ကိုတင်ရွှေကလည်း စစ်သင်တန်းပေါ့ဗျာ။  ကျွန်တော်တို့ခေတ် ဒီ ရောနင်းတို့ဘာတို့က ဆင်းလာပြီးတော့ ကျောင်းသားစစ်သင်တန်းတွေ လာပြီးတော့ အဲဒီမှာ ပေးတယ်ဗျ။  တော်တော်ကြာတယ်ဗျ၊ စစ်သင်တန်းကလည်း ကျွန်တော်ထင်တယ်ဗျ၊ နှစ်ပတ်သုံးပတ်လောက်ကြာတယ်။

(၄၆) ခု အစလောက် ဘာလောက် ဖြစ်မယ်ထင်တယ်။ ကျွန်တော်က (၁၆) နှစ်သားလောက်ပေါ့ဗျာ။ ကိုချမ်းအေးက (၁၉) နှစ်သားလောက်ပေါ့ဗျာ။  အဲဒီအချိန်မှာ ကိုချမ်းအေးက စစ်သင်တန်းတွေပေးတယ်။  ဒါပေမဲ့ အချိန်အားလို့ရှိရင် သူက အင်္ဂလိပ်စာအုပ် အထူကြီးတွေဘာတွေ ဖတ်တယ်ဗျ။  ကျွန်တော်ကတော့ (၉) တန်း (၁၀) တန်းရောက်ပြီ ဆိုတော့ ကျွန်တော်လည်း အင်္ဂလိပ်စာတွေဘာတွေတော့ သင်နေပြီပေါ့။  ဒါပေမဲ့လို့ အင်္ဂလိပ်စာအုပ် အဲဒီလောက် ထူထူကြီးကြီးတွေတောင် ကျွန်တော်က မြင်ဖူးတာမဟုတ်တဲ့အခါကျတော့ တခါထဲ ဘယ်သူ့မှစကားမပြောဘဲနဲ့ အားတာနဲ့ တပြိုင်နက် စာအုပ်နဲ့မျက်နှာအပ်ထားတဲ့ ရဲဘော်ချမ်းအေးခေါ်၊ ရဲဘော်စူးစမ်းခေါ် ဘာညာပေါ့ဗျာ။  အဲဒီလူနဲ့တွေ့တဲ့အခါ ကျွန်တော်က သိပ်ပြီးတော့ သူ့ တယ်အံ့သြတာကိုးဗျ၊ တခါတည်း။  အဲဒါလေးကျွန်တော် မှတ်မိနေတယ်ဗျ။

ကျွန်တော်တို့ ထောင်က လွတ်လာပြီးတဲ့အခါကျတော့ ကိုချမ်းအေးနဲ့ မမျှော်လင့်ဘဲ တနေရာမှာ သွားတွေ့တယ်ပေါ့ဗျာ။ ရှေးဟောင်းနှောင်းဖြစ်တွေပြောတဲ့အခါကျတော့ အဲဒီစာအုပ်ကြီး ထူတဲ့ဟာကြီးကတော့ ကျွန်တော့်မျက်စိထဲကနေပြီးတော့ သေးမသွားဘူးဗျ။ ဒါပေမဲ့ ကိုချမ်းအေးကိုမြင်ရတဲ့ ပုံသဏ္ဌာန် ကတော့ပေါ့ဗျာ၊ ဟိုး ကျွန်တော်တို့ လွန်ခဲ့တဲ့ ငယ်ငယ်တုန်းကတွေ့ခဲ့တဲ့ ကိုချမ်းအေးရဲ့ တ၀က်လောက်များ သေးသွားသလား၊ ကြုံလှီသွားသလားဆိုတာကိုတော့ ကျွန်တော် မမှန်းတတ်ဘူး။  တော်တော်တော့ သေးသေးကွေးကွေးနဲ့ အဲ လူလေးဖြစ်သွားတယ်ဗျ။  အတော်ကို သေးသွားတဲ့လူပေါ့ဗျာ။  ဒါပေမဲ့ ကျွန်တော့်မျက်စိထဲမှာ စွဲနေသေးတဲ့၊ အာရုံထဲမှာ စွဲနေသေးတဲ့ အင်္ဂလိပ်စာအုပ်ထူထူကြီးကတော့ ထူမြဲထူနေတုန်းပဲခင်ဗျ။

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အပိုင်း (၅) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။  လာမယ့်အပတ်မှာ ဦးဝင်းတင်ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို သိရှိခွင့်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

• • • • •
အပိုင်း (၆)


ဆရာဦးဝင်းတင်ရဲ့ အထက်တန်းကျောင်းသားဘ၀ဟာ နိုင်ငံရေးအသိုင်းအ၀ိုင်းထဲမှာပဲ အဆုံးသတ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဦးဝင်းတင် – အဲဒီအချိန်မှာပဲ ကျွန်တော်က ကြို့ပင်ကောက်မြို့နယ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ လုပ်တယ်။  အဲဒီ ကျောင်းသား သမဂ္ဂဥက္ကဋ္ဌအနေနဲ့ ကျွန်တော် ရန်ကုန်းတိုင်း ညီလာခံတို့ဘာတို့ဆိုတာတွေ သွားတက်တယ်ဗျာ။  အဲဒီအချိန်က ညီလာခံ ခေါင်းဆောင်တွေဖြစ်တဲ့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းတို့၊ ကွန်မြူနစ်ပါတီက ချစ်သန်းထွန်းဆိုတာ နောက်ပိုင်းကျတော့ ရှေ့နေတွေဘာတွေဖြစ်ပေါ့ဗျာ။  ကွန်မြူနစ်ပါတီဝင်အနေနဲ့ တောခို ဆိုတော့ အဲဒီလို ပုဂ္ဂိုလ်တွေက ကျွန်တော် မှတ်မိနေတယ်ဗျ။  ကျောင်းသားခေါင်းဆောင်တွေ တော်တော်များများကို တွေ့ဖူးသွားတယ်ပေါ့ဗျာ။  မြင်လည်းမြင်ဖူးသွားတယ်။ ကျွန်တော်တို့အဖို့ကတော့ တအံ့တသြပေါ့။

တပြိုင်တည်းမှာပဲ ကျောင်းသားခေါင်းဆောင် တယောက်အနေနဲ့ ကြို့ပင်ကောက်မြို့က ဖဆပလ ခေါင်းဆောင်တွေ၊ ကွန်မြူနစ်ပါတီဝင်တွေနဲ့လည်း ဦးဝင်းတင် ရင်းနှီးခဲ့ပါတယ်။ အဲဒီနောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး အသက် (၁၆) နှစ်ကျော်ကျော် ၁၉၄၈၊ ဇွန်လလောက်မှာ ဦးဝင်းတင် တက္ကသိုလ် တက်ဖို့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတယ်။

ဦးဝင်းတင် – ကျွန်တော့်ဦးလေး တယောက်က စစ်ဗိုလ်လုပ်နေတော့ သူက အင်းလျားကန်စောင်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းနဲ့ ကုက္ကိုင်းလမ်းထောင့်မှာရှိတဲ့ ချင်းကျောင်းနန်းတော်ဆိုတဲ့ အဲဒီ တရုတ် နန်းတော်ကြီးပေါ့ဗျာ။  မြင်နေရတယ်ဗျ။

အဲဒီအချိန်မှာ ကျွန်တော် စာလေးဘာလေး ၀ါသနာပါပြီဗျာ။  အဲဒီတော့ အိမ်မှာရှိတဲ့ဟာတွေဘာတွေ ဆွေမျိုးတွေရဲ့ စာအုပ်တွေ၊ ကျွန်တော့်အဖေရဲ့ လယ်တီဆရာတော်ဘုရားရဲ့ စာအုပ်တွေ၊ ကဗျာစာအုပ်တွေ၊ ကျွန်တော့်ဦးလေး ဗိုလ်မင်းခေါင်စုဆောင်းထားတဲ့ နိုင်ငံရေးစာအုပ်တွေရော ဘာတွေရော၊ ကျွန်တော် တော်တော်များများ ရန်ကုန်ကို သယ်လာတာကိုးဗျ။

ကျွန်တော် အဲဒီတက္ကသိုလ်မရောက်ခင် ကျွန်တော့်ဦးလေးနဲ့ လိုက်ပြီးတော့ အဲဒီချင်းကျောင်းနန်းတော်ပေါ်မှာ ကျွန်တော် စာဖတ်တယ်ဗျ။  တွေ့ရာစာအုပ်တွေ ဖတ်တာပဲဗျ။  တနေ့လုံးလိုလိုဖတ်တာ၊ အဲဒီ အချိန်မှာ ကျွန်တော်မှတ်မိတဲ့မြင်ကွင်းက ဘာလဲဆိုလို့ရှိရင် အဲဒီနန်းတော်ကြီးမှာရှိတဲ့ ပါကေးဆိုတဲ့ ကျွန်းသားခင်းတွေကို အကုန်လုံး စစ်သားတွေက တူး၊ အဲဒါတွေကို မီးစိုက်တယ်။ အခန်း တခန်းပြီး တခန်း တခန်းပြီး တခန်း ထမင်း တခါချက်ရင် စစ်သားကလည်း အဲဒီအချိန်တုန်းက ကျွန်တော်ထင်တယ် ၇၀/၈၀ တော့ ရှိတယ်။  ထမင်းစားဖို့ တခါချက်ဘာညာဆိုလို့ရှိရင် ဒီ ပါကေးကျွန်းစလေးတွေဟာ တခန်းစာလောက်တော့ ကုန်သွားတာပဲဗျ။ နောက်တခါ ဒီရေချိုးခန်းကြီးထဲမှာရှိတဲ့ အိမ်သာတွေဘာတွေဆိုလည်း အကုန်လုံး မစင်တွေနဲ့ပြည့်နေ၊ နောက်တခါ ရေချိုးခန်းထဲမှာရှိတဲ့ လူတယောက်လှဲအိပ်နိုင်တဲ့ ကြွေဇလုံကြီးတွေထဲမှာလည်း မစင်တွေပြည့်။ အဲလိုဟာတွေပေါ့ဗျာ။

အဲဒီလိုနဲ့ပဲ ဦးဝင်းတင်တယောက် ရန်ကုန်တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါပြီ ခင်ဗျာ။

ဦးဝင်းတင် – အဲ တက္ကသိုလ်မှာ ကျွန်တော်တို့ အခု ဗဟိုအဆောင်များပေါ့ဗျာ။  ဒီ ဘွဲ့နှင်းသဘင်ခန်းမကြီး၊ နောက်တခါ ဟို နားမည်ကျော်ပေါ့ဗျာ။  အခု နာဂစ်မုန်တိုင်းမှာတောင်မှ လဲပြိုစရာထဲမှာ ပါမသွားတဲ့ သစ်ပုပ်ပင်ကြီးတို့ပေါ့ဗျာ။  နောက် အဓိပတိလမ်းတို့ဆိုတဲ့ အဲဒါတွေရှိတဲ့ တ၀ိုက်ပေါ့ဗျာ။  တက္ကသိုလ်။

အဲဒီတ၀ိုက်မှာ ဘာတွေရှိလဲဆိုတော့ ကျောင်းဆောင်တွေရှိတယ်ဗျာ။  စာသင်ဆောင် တွေရှိတယ်။ ကျောင်းသားအဆောင်တွေ ကတော့ အင်းဝတို့၊ စစ်ကိုင်းတို့၊ ပင်းယတို့၊ ပဲခူးတို့၊ သထုံတို့ဆိုတဲ့ ကျောင်းဆောင်တွေ ရှိတယ်။ အဲ ဟိုးရှေးခေတ်တုန်းက ခရစ်ယန် သာသနာကနေပြီးတော့ ဖွင့်ထားတဲ့ ဂျပ်ဆင်ကောလိပ်ဆိုတာကလည်း ကျွန်တော်တို့ တက္ကသိုလ်တွေနဲ့ ခုန အဓိပတိလမ်းရဲ့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်းပေါ့ဗျာ။

နောက်တခါ အရင်တုန်းက ကွက်လပ်ကြီးရှိတယ်ဗျ။ ဘွဲ့နှင်းသဘင်ရဲ့ ဘေးမှာ၊ ကွက်လပ်ကြီးမှာ နောက်ပိုင်းကျတဲ့အခါကျတော့ စီးပွားရေးတက္ကသိုလ်အဆောင်များဆိုပြီးတော့ ဆောက်တယ်နဲ့ တူတယ်ဗျာ။  ထားတော့။  မြေကွက်လပ်ကြီးအကြောင်း ကျွန်တော် ထည့်ပြောရတာလည်း ကရင်သူပုန်ထတဲ့အခါမှာ အဲဒီနေရာကနေပြီးတော့ အမြောက်တွေထောင်ပြီးတော့ တဒိန်းဒိန်းနဲ့ပစ်လို့ ကျွန်တော် မှတ်မိနေတာပေါ့။

တက္ကသိုလ်တက်တဲ့အခါကျတော့ ကျွန်တော်တို့ ဘာသာရပ်တွေက ယူချင်တာယူလို့ရတယ်ဗျာ။ ၀ိဇ္ဇာတန်းလို့ခေါ်တဲ့ Intermediate Classes တွေမှာ ငါးဘာသာ ယူရတယ်ဗျ။  မူရင်း အင်္ဂလိပ်စာယူရတယ်ဗျာ။  မူရင်းမြန်မာစာယူရတယ်ဗျာ။  အဲ့ဒါအပြင် သုံးဘာသာယူရတယ်ဗျ။  ယူချင်တာယူ ယူလို့ရတယ်။ ဘာသာရပ် သုံးခုအထဲက ကျွန်တော်ဘာယူလဲဆိုတော့ စိတ်ကြိုက်မြန်မာစာ ယူတယ်ဗျာ၊  သမိုင်းယူတယ်၊ နောက်ပြီးလော့ လော့ဂျစ်ဆိုတဲ့ တက္ကဗေဒပေါ့ဗျာ၊  အဲဒါတွေယူတယ်။

စစ်ပြီးခါစလည်းဖြစ်ပြန် ကျောင်းသားတွေကလည်း အရင်ခေတ်တွေလို မဟုတ်တော့ဘူး။ ခုံဖိနပ်နဲ့တက်တဲ့ကောင်က တက်ပေါ့ဗျာ။  သွားချင်ရာသွား၊ ခေါင်းစုတ်ဖွားနဲ့လည်း နေချင်ရာနေ၊ တရားပွဲတွေ ထွက်နားထောင်၊ တကသသွား၊ သို့မဟုတ်လည်း စာအကြောင်းပေအကြောင်းပြော၊ စာကြည့်တိုက်သွား၊ အင်းလျားကန်စောင်းသွားထိုင်၊ တော်တော်လေးကို လွတ်လပ်တယ်ပေါ့ဗျာ။

မိဘရဲ့ အရိပ်အောက်မှာနေရတဲ့ အနေအထားကနေပြီးတော့ လုံးဝကို ကျွတ်လွတ်ပြီးတော့ ကိုယ်ပိုင်နေရတဲ့အနေအထားရှိလာတယ် တပိုင်း၊ နောက်တပိုင်းကလည်း တက္ကသိုလ်ပညာသင်ကြားတယ် ဘာညာဆိုလည်း၊ ဆရာက အခန်းထဲဝင်လာ အဲ သူ့လက်ချာသူရိုက်သွားတာပဲ၊ ကျောင်းသားကျောင်းတက်တာတို့ မတက်တာတို့ ဘယ်ကောင် ကျောင်းထဲရှိတယ်တို့ဘာတို့ သိပ်မရှိဘူးဗျ။ သူတို့ရဲ့ပတ်ဝန်းကျင် လုံးဝပြောင်းလာတယ်ပေါ့ဗျာ။

ကျွန်တော်တို့ အိမ်မှာနဲ့မတူဘူး။  အိမ်မှာဆို ခေါင်းဖြီးပါလားတို့၊ ထမင်းစားချိန် ထမင်းစား၊ ဒါတွေ မရှိတော့ဘူး။  မနက်ဆိုလို့ရှိရင် ကော်ဖီတိုက်တယ်ပေါ့ဗျာ။  ပြီးရင် ကိုးနာရီလောက်ကနေစပြီး၊ နေ့လည် (၁၁) နာရီလောက်အထိကို ထမင်းကျွေးတယ်ဆိုလည်း အသားဟင်းစားလို့ရတယ်။  သတ်သက်လွတ်စားချင်ရင် သတ်သက်လွတ်စားရတယ်။  သူငယ်ချင်းတွေစုပြီးတော့ ၀ိုင်းတ၀ိုင်းဖွဲ့ရင် ဥပမာ-လေးယောက်ဝိုင်း၊ သတ်သက်လွတ်က နှစ်ယောက်ယူတယ်၊ အသားက နှစ်ယောက်ယူတယ်ပေါ့ဗျာ။ အဲဒါ လေးယောက်စားတာပဲဗျ။

မြို့ထဲကလာတဲ့သူငယ်ချင်းတို့ တောကလာတဲ့ သူငယ်ချင်းတို့လည်း ကျွန်တော်က အဆောင်ထဲ လက်ခံထားလိုက်တာပဲဗျ၊ ထမင်းစုစားလိုက်တာပဲ။  အဲဒီထဲမှာ လိုရင် သွားပြီးတော့ ဗရာကြော်ပေါ့ဗျာ။ တပ်ချောက်ဆိုတာ အဲဒီတုန်းက ကုလားဆိုင်တဆိုင်ရှိတယ်ဗျ။  စမူဆာသုတ်တို့၊ ဗရာကြော်သုတ်တို့၊ ထမင်းကြော်တို့ ၀ယ်လို့ရတယ်။ ဗရာကြော် တစ်မူး ဖိုးပေါ့ဗျာ။  တဆုပ်လောက်ဝယ်ပြီးရင် ကျွန်တော်တို့အဲဒီမှာ စုဝင်ပြီးတော့ ထမင်းစားလိုက်တာပဲ။ ပြီးသွားတာပဲ။  နယ် ကရောက်လာတဲ့သူငယ်ချင်း၊ ကျွန်တော့်သူငယ်ချင်း၊ အခုထိလည်း အလွန်ချစ်တဲ့ သူငယ်ချင်းပေါ့ဗျာ။  အုန်းထွန်းတို့ ဘာတို့ဆိုရင် ကျွန်တော့်အခန်းဝင်ပြီးတော့ ကျွန်တော်နဲ့အတူ ထမင်းအတူစားလိုက်ကြတာပဲဗျ။

တက္ကသိုလ်ဆိုတာ ကိုယ့်မြို့ကိုယ့်ရွာ၊ ကိုယ့်မိတ်ဆွေဆိုတဲ့ အတိုင်းအတာကို ကျော်လွန်သွားတဲ့ အံ့သြစရာတခုပါလားဆိုတာကို သွားတွေ့တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

ဦးဝင်းတင် – သွားတွေ့တယ်ဆိုတာက ကြည့်လိုက်တဲ့အခါကျတော့ ကောင်မလေးတွေကလည်း ချောချောလေးတွေရော၊ ကားနဲ့လာတာတွေရော၊ သူဌေးသမီးတွေရော၊ အစုံပေါ့ဗျာ။  သို့သော် ကျွန်တော်က သိပ်ပြီးတော့၊ ကောင်မလေးတွေ ဘာလေးတွေလည်း သိပ်ပြီးတော့ အရေးပါတယ်တို့၊ လှလှချည်ရဲ့တို့ဘာတို့ တယ်မရှိလှဘူးဗျ။  ကျွန်တော်သိပ်လည်း စိတ်မ၀င်စားဘူး။  ကျွန်တော်တို့တွေ့တာက အသိုင်းအ၀ိုင်းတွေဗျ။ စာပေကျောင်းသားအသိုင်းအ၀ိုင်းတွေ သွားတွေ့တယ်ဗျာနော်။

ခုံဖိနပ်စီး၊ အင်္ဂလိပ်စာတွေဖတ်၊ အင်္ဂလိပ်စာကလည်း ဖတ်ချင်သလောက်ပေါ့ဗျာ။  ဖတ်လို့ရနေပြီ။ အဲ တက္ကသိုလ်စာကြည့်တိုက်တို့ဘာတို့က သွားငှား၊ နောက်ပြီးတော့ အင်္ဂလိပ်စာကလည်း တတ်သလောက်မှတ်သလောက်နဲ့ စာအုပ်ထူထူကြီးတွေ ကိုင်ပေါ့ဗျာ။

စာပေ၊ ကဗျာ၊ ၀တ္ထု စတဲ့ ဒီလိုစာအုပ်တွေလည်း ဖတ်ပေါ့ဗျာ၊ အစုံပေါ့ဗျာ၊ လုပ်နေတာပဲ။  နောက်ပြီးတော့ ကျောင်းတွေကလည်း တက်ချင်မှတက်၊ မတက်ချင်ရင် နေလို့ရတယ်။ ဘယ်သူကမှလည်း Roll Call မခေါ်ဘူးဆိုတော့ အဲဒီမှာ ကျွန်တော်စပြီးတော့ စာပေနဲ့ပတ်သက်တဲ့ သူငယ်ချင်းတွေ၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သူငယ်ချင်းတွေ၊ စတွေ့တာပဲဗျ။

ဒီထဲမှာ အမှတ်မိဆုံးပုဂ္ဂိုလ်လို့ ပြောရမယ့်လူတွေထဲမှာ ထိပ်ဆုံးကပါတာတော့ မြသန်းတင့်ပေါ့ဗျာ။  မြသန်းတင့်က ကျွန်တော်နဲ့ တနှစ်တည်းအတူ ရောက်တာဗျ။ သူက ပခုက္ကူနားက “မြိုင်” ဆိုတဲ့ မြို့သားပေါ့ဗျာ။  နောက်တခါ ကွန်မြူနစ်ပါတီတို့ဘာတို့ဝင်၊ ဖက်ဆစ်တော်လှန်ရေးတို့ဘာတို့မှာ ပါဝင်၊ နောက် ကွန်မြူနစ်ပါတီတို့ဘာတို့ကနေ ကင်းကွာလာပြီးတော့ ရန်ကုန်ကိုရောက်။  ရန်ကုန်ရောက်တဲ့အခါကျတော့ ကျောင်းသားလှုပ်ရှားမှုတွေ ကွန်မြူနစ်လှုပ်ရှားမှုတွေ၊ ဒါတွေမှာပါဝင်ပေါ့ဗျာ။ နောက်ပိုင်းမှာ စာတွေရေး။ ရေးရင်းရေးရင်းနဲ့ နောက်ကျတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ စပြီးတော့စာရေးပေါ့ဗျာ။  အလွန်ထင်ရှားကျော်ကြားတဲ့ “မြသန်းတင့်ဆိုတဲ့စာရေးဆရာ” ဖြစ်လာတာပေါ့ဗျာ။

နော် အဲဒီလူနဲ့လည်း ကျွန်တော်သွားတွေ့တယ်။  သူက အဲဒီအချိန်တုန်းက နောက်ပိုင်း သေခါနီးမှာ ကောင်းသွားတဲ့ မျက်စိလိုမဟုတ်ဘူးခင်ဗျ။  အလွန်ကိုမျက်စိကမှုန်။  ဘာမှ မမြင်။  မျက်မှန်ကြီးကလည်း ပုလင်းကွဲကြီးလောက် ထူတဲ့မျက်မှန်နဲ့ ခုံဖိနပ်နဲ့ပေါ့ဗျာ။ အဲဒီမှာ ကျွန်တော်နဲ့သွားတွေ့ပြီးတော့ နှစ်ယောက်က တခါတလေ အတန်းမတက်တော့ဘဲနဲ့ အင်းလျားကန်စောင်းမှာ သွားထိုင် ဆေးလိပ်တိုနဲ့ပေါ့ဗျာ ထိုင်၊ ထိုင်ပြီး စာဖတ်၊ ပြော သူကလည်းပြော ကျွန်တော်ကလည်းပြော၊ တကယ်ပြောရရင်တော့ သူက ကျွန်တော့်ထက်အများကြီးပိုပြီးတော့ စာဖတ်ဖူးနေပြီဗျ။ အဲဒီအချိန်တုန်းက တနှစ် သူက ကျွန်တော့်ထက်ကြီးတယ်ဗျ။ စာအကြောင်းလည်း ပိုပြီးတော့ ကျွန်တော့်ထက် ပိုသိတဲ့ လူဆိုပါတော့။ ကျွန်တော်တို့ ကဗျာတွေဖတ်ကြတယ်ဗျာ၊ စာတွေဖတ်ကြတယ်၊ ၀တ္ထုတွေ ဖတ်ကြတယ်။ ဒါက ကျွန်တော်မှတ်မိတဲ့ စာပေနဲ့ပတ်သက်တဲ့ သူငယ်ချင်းဆိုပါတော့ဗျာ။

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အပိုင်း (၆) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။  ဦးဝင်းတင်ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို ရှေ့အပတ်မှာ ဆက်ပြီး တင်ပြပါရစေခင်ဗျာ။

 

(ဆရာဦးဝင်းတင် အမှတ်တရ ဆက်လက် ပြန်လည်ဆန်းသစ် တင်ဆက်ပါဦးမည်။  အစီအစဉ် မူလတင်ဆက်ခဲ့သည့် လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာပိုင်း နှင့် စိတ်ရှည် လက်ရှည် စနစ်တကျ စေတနာ ထား စာပြန်ရိုက် တင်ပေးသည့် တေဇာစပ်စု http://tazarsattsuu.blogspot.co.uk/ ကို ကျေးဇူးတင်ရှိကြောင်း မိုးမခ က မှတ်တမ်းပြုအပ်ပါသည်။)

ဆက်စပ်ဖတ်ရှုရန် …

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း (၁ + ၂+ ၃) 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:U Win Tin, ဟံသာဝတီ ဦးဝင်းတင်, ပြန်လည်ဆန်းသစ်ခြင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်