ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း (၇ + ၈ + ၉)

April 23, 2014

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း (၇ + ၈ + ၉)
ဟံသာဝတီ ဦးဝင်းတင် ၏ ကိုယ်တိုင်ပြော ဘဝဇာတ်ကြောင်း
(မူလ လွတ်လပ်တဲ့ အာရှအသံ ရေဒီယို အစီအစဉ်၊ မိုးမခ ပြန်လည်ဆန်းသစ်ခြင်း)
ဧပြီ ၂၃၊ ၂၀၁၄
 
Photo by James Mackay
Copyright © James Mackay / enigmaimages.net
အပိုင်း (၇)

ဦးဝင်းတင် တက္ကသိုလ်တက်စဉ် အင်မတန် ခင်မင်ရင်းနှီးခဲ့တဲ့ ပုဂ္ဂိုလ် တယောက်ကတော့ ကဗျာဆရာ မင်းယုဝေပါ။

ဦးဝင်းတင် – မင်းယုဝေ က ကျွန်တော်တို့ထက် တနှစ်ကြီးတယ်ဗျ။  တနှစ်ကြီးတော့ ကျွန်တော်နဲ့လည်း မြသန်းတင့်လို အတန်းအတူတူ မဟုတ်ဘူး။  သူက ပုသိမ်သားပဲ။  နောက်ပိုင်းမှာမှ သိရတာတော့ ကာတွန်းဆရာ ကိုဖေသိန်းတို့၊ ကိုဖေသိန်းရဲ့ညီ ၀င်းမောင်တင်တို့ ဘာတို့ဆိုတဲ့ အဲဒီ လူတွေနဲ့လည်း သူငယ်ချင်းတွေဗျ။  အဲဒီတော့ သူက ကဗျာတွေရေးတယ်ဗျာ။

ဥပမာ ဆိုပါတော့ တရက်ဆိုလို့ရှိရင် ကျောင်းတွေကလည်း ကရင်သူပုန်ထ ဘာထနဲ့ ကျောင်းသားတွေက ပြန်ကုန်ပြီ။  မှတ်မိသေးတယ်ဗျ၊ နွေကြီးဗျ။  ကျောင်းသားတွေက အကုန်လုံးပြန်ကုန်ပြီ။  အဲဒီမှာ သူက ရေးတယ်ဗျာ။ သူ့အခန်းထဲမှာသူ။  ကျွန်တော်က ဒီဘက်ခန်း၊ သူနဲ့ ကျွန်တော်နဲ့က စစ်ကိုင်းဆောင်မှာဗျ။  ဒုတိယထပ်၊ စစ်ကိုင်းဆောင် အခန်းမှာနေတာ။  နှစ်ယောက် အခန်းချင်းကပ်လျက်ဆိုတော့ သူက သူ့ကဗျာတွေရေး၊ ရေးပြီးတဲ့အခါကျတော့ စိတ်ထက်သန်စွာပဲ ကျွန်တော့် လာပြီးတော့ ဖတ်စမ်းပါဗျာ၊ ကိုဝင်းတင် ဖတ်ကြည့်စမ်းပါဆိုပြီးတော့ပေး။

မင်းယုဝေနဲ့သိလိုက်ရတဲ့ အကျိုးဆက်တခု ဘာရသွားလဲဆိုတော့ လူလားမမြောက်တဲ့ကဗျာဆရာဘ၀ပေါ့ဗျာ၊ အဲဒီဟာက ငယ်ငယ်ရွယ်ရွယ်နဲ့ ပျံလွန်တော်မူသွားတယ်ပေါ့ဗျာ၊ အဲလိုပဲ ပြောရမယ်ထင်တယ်။  ဖြစ်ပုံက ဒီလိုဗျာ။  ကျွန်တော်က အဲဒီအချိန်မှာ ကျွန်တော်က ကဗျာတွေဘာတွေ ရေးနေပြီဗျ။  ဥပမာဆိုပါတော့ သွေးသောက်မဂ္ဂဇင်းတို့၊ ရှုမ၀တို့ဘာတို့ စတဲ့ ကဗျာတွေ ကျွန်တော် ကဗျာအရှည်ကြီးတွေလည်းရေးတယ်၊ ကျွန်တော့် ကဗျာဆရာနာမည်လည်း နှစ်ခုသုံးခုလောက် ရှိတယ်ပေါ့ဗျာ။  ကဗျာကလောင်နာမည်ပေါ့ဗျာ။  ရေးနေတော့ ကျွန်တော်လည်း ကိုယ့်ဟာကိုယ်တော့ တော်တော်ဟုတ်နေတယ် ထင်တာပေါ့ဗျာ။  နောက်ပြီးတော့ ကျွန်တော်က မင်းယုဝေထက်ပိုပြီးတော့ ကဗျာရေးတဲ့ဟာမှာ စောတယ်ထင်တာပဲပေါ့ဗျာ။  စာစောင်တို့ဘာတို့မှာ ပုံနှိပ်တာ ကျွန်တော် စောတယ်ပေါ့ဗျာ။ အဲလိုပဲ ထင်တာပေါ့။ ထားပါတော့။

အဲဒီလိုနဲ့ သူနဲ့ ကျွန်တော်နဲ့ အခန်းချင်း ကပ်လျက်နေတဲ့အခါကျတော့ သူက ကဗျာတွေရေးတယ်ဗျာ။  ရေးပြီး ကျွန်တော့်ကို ပြ၊ နောက်ကျတော့ သူက အဲဒီကဗျာတွေကို ဆရာမင်းသုဝဏ်ဆီသွား… ပြ…။  ဆရာမင်းသုဝဏ်က နေပြီးတော့ သူ့ကို အမှာစာတွေဘာတွေတောင် ရေးပေးတယ်ဗျ။  အဲဒီကဗျာစာအုပ်က နောက်တော့ကျတော့ စာအုပ်အနေနဲ့ ထွက်တယ်ဗျ။  “ဘ၀မာလာ” ဆိုပြီးတော့ ထွက်တဲ့ မင်းယုဝေရဲ့ ပထမဆုံး ကဗျာစာအုပ်ပေါ့ဗျာ။  မင်းယုဝေရယ်လို့ဆိုပြီးတော့ ကဗျာဆရာဖြစ်အောင်လုပ်တာလည်း ဒီစာအုပ်ပဲပေါ့ဗျာ။  နောက်တခါ ဒီစာအုပ်ကို အကြောင်းပြုပြီးတော့လည်း နောက်ပိုင်းမှာ ကျွန်တော်နည်းနည်းပြောပြမယ့်၊ ကဗျာဆရာမ ငွေတာရီနဲ့ တွေ့၊ ဆုံ၊ ချစ်ကြိုက်ပြီးတော့ ညားပေါ့ဗျာ။  အဲ.. အဲ့ဒီလိုဖြစ်ခဲ့တဲ့၊ သူ့ရဲ့ဘ၀ကို စတင်ခဲ့တဲ့ စာအုပ်ပေါ့။

ဒါပေမဲ့ ကျွန်တော်ပြောချင်တာက သူ့စာအုပ်တော့ ထားပါတော့၊ ကျွန်တော့်အဖို့က ခုနပြောတဲ့ အဲ လူလားမမြောက်တဲ့ ကျွန်တော့်ရဲ့ ကဗျာဆရာ ဘ၀ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ပျံလွန်တော်မူစေတယ်လို့ ဆိုတဲ့စကား ကျွန်တော်ပြောရတာ ဘာလို့လဲဆိုတော့ သူကဗျာရေးနေပုံတွေ၊ သူ့ကဗျာတွေ၊ ဟုတ်လား သူ့ရဲ့ အားထုတ်မှုတွေ၊ သူ့ရဲ့တွေးကြံမှုတွေ၊ သူ့ရဲ့ ငေးမျှော်မှုတွေကို ကြည့်ပြီးတော့ ကျွန်တော် ဟား…၊ ကဗျာဆရာဆိုတာ ဒီလိုပါလားလို့ သဘောပေါက်သွားတယ်ဗျ။

ကျွန်တော်လည်း ကဗျာဆရာကိုးဗျ။  အဲဒီအချိန်က။  ငါ အပျော်တမ်းကဗျာရေးသလိုဟာမျိုး ဖြစ်နေတယ်။ အဲဒီလိုလုပ်မယ့်အစားတော့ ငါ သတင်းစာပဲ စိုက်လိုက်မတ်တပ်လုပ်ဖို့ကောင်းတယ်။ ကဗျာဆရာယောင်ယောင် ဘာယောင်ယောင်နဲ့တော့ ငါလုပ်နေရင် အချိန်ကုန်တာပဲ ရှိမှာပဲ။ ဟုတ်လား။ ငါအမှိုက်ရှုပ်တာပဲ ဖြစ်မှာပဲဆိုပြီး ကျွန်တော်အဲဒီ စောစောစီးစီးပဲဗျာ၊ တက္ကသိုလ်ရောက်ခါစ နှစ်လောက်မှာပဲ ကျွန်တော်ကဗျာကို စွန့်ပစ်လိုက်ရောဗျာ။ နောက်ထပ် မရေးတော့ဘူး။ နောက်ပိုင်းမှာ ကျွန်တော် ကဗျာလေးဘာလေး ရေးတာတွေ ရှိတယ်ပေါ့ဗျာ။ အဲ ရှုမ၀တို့ဘာတို့ ကျွန်တော်ရေးတဲ့ ကဗျာလေးတွေကို နောက်ပိုင်းမှာ ကျွန်တော်သိတဲ့ နာမည်ကျော် စာရေးဆရာ “သန်းဆွေ” ပေါ့ဗျာ။ သန်းဆွေက ကျွန်တော်လုပ်တဲ့ သတင်းစာတိုက် အိုးဝေမှာ လာပြီးတော့ အလုပ်လုပ်တဲ့အခါကျတော့ အဲဒီကျွန်တော်ရေးတဲ့ အတိုအစကဗျာတွေ ဆွဲယူသွား၊ ရှုမ၀ထဲထည့်ဘာညာ ဒီလိုဟာလေးတွေတော့ တပုဒ်တလေ ရှိတယ်ပေါ့ဗျာ။ နောက်ပိုင်းမှာလည်း ကျွန်တော် အခု ထောင်ထဲရောက်တဲ့အခါကျမှ  ကျားရဲလိုကဗျာမျိုးတွေ ကျွန်တော် နည်းနည်းပါးပါး ရေးဖြစ်တယ်ပေါ့ဗျာ။ သို့သော် အများစုကတော့ ကဗျာတွေက မရေးဖြစ်တော့ဘူး။

ဦးဝင်းတင် စစ်ကိုင်းဆောင်မှာရှိခဲ့စဉ် ကဗျာဆရာ မင်းယုဝေနည်းတူ၊ ကဗျာဆရာ နောင်၊ ကဗျာဆရာ ကိုဝင်း၊ စာရေးဆရာ ကျော်အောင်၊ ဆရာကြည်လင်၊ ဆရာအောင်လင်း၊ ဆရာထင်လင်း စတဲ့ ပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးခဲ့ပါတယ်။

ဦးဝင်းတင် – အဲဒီလိုပုဂ္ဂိုလ်တွေနဲ့ ကျွန်တော် သွားပြီးတော့ တွေ့တာဗျ။  အဲဒီတွေ့တဲ့အထဲမှာ ကဗျာဆရာတွေပါတယ်၊ စာရေးဆရာတွေပါတယ်၊ ဘာသာပြန်ဆရာတွေပါတယ်၊ ၀တ္ထုရေးဆရာတွေပါတယ်၊ စသည်ပေါ့ဗျာ။  အဲဒီအခါကျတော့ ကျွန်တော်တို့ရဲ့ စာပေအားထုတ်မှုတွေ ကဗျာစာပေအမြင်တွေက ကျွန်တော့်လာပြီးတော့ ထင်ဟပ်တယ်၊ ရိုက်ခတ်တယ်။ ဟုတ်လား ကဲကဲပိုပိုလေး ပြောရမယ်ဆို ကျွန်တော့်ကို ကိုင်ဆောင့်တယ်ပေါ့ဗျာ။

တချိန်တည်းမှာပဲ နိုင်ငံရေးတွေဘာတွေ သိပ်အဆက်အစပ်မရှိဘူး ဆိုပေမယ့်လို့ နိုင်ငံရေးလှုပ်ရှားမှု တွေမှာလည်းပါဝင်တဲ့ မြသန်းတင့်လိုပုဂ္ဂိုလ်မျိုး၊ အောင်လင်းလိုပုဂ္ဂိုလ်မျိုး၊ ဟုတ်လား ဒီ ကျော်အောင်လို ပုဂ္ဂိုလ်မျိုးတွေနဲ့ ဆက်စပ်မိတဲ့အခါကျတော့လည်း နိုင်ငံရေးတွေက ကျွန်တော့်ကို လာပြီးတော့ ဂယက်ရိုက်တာလည်း ရှိတာပေါ့ဗျာ။ သို့သော် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ကျွန်တော်က ပါဝင်တယ်၊ ပတ်သက်တယ်၊ ရှေ့တန်းကနေ လှုပ်ရှားတယ် ဆိုတာမျိုးတော့ အဲဒီအထိတော့ မရောက်ခဲ့ပါဘူး။

ကျွန်တော် စောစောကပြောသလို အဲဒီနှစ်မှာ ကျွန်တော်တို့ လွတ်လပ်ရေးရတယ်ဗျာ။  လွတ်လပ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်လို့ သိပ်ပြီးတော့ ပါဝင်တယ်လို့လည်း ပြောလို့မရဘူး။  သိပ်ကွာတယ်လို့လည်း ပြောလို့မရဘူး။  ကျွန်တော်တို့မြို့မှာက ကွန်မြူနစ်ပါတီအနေနဲ့က သိပ်ပြီးတော့ ထူးထူးခြားခြားလှုပ်ရှားမှု သိပ်မရှိလှဘူးလို့ ကျွန်တော်တော့ ထင်တယ်ဗျ။  တခြားမြို့တွေနဲ့စာရင်။  ဒါ့ကြောင့်လည်း ကျွန်တော်တို့ ဒီကွန်မြူနစ်တွေဘာတွေ မဖြစ်ဘူးလို့ ထင်တယ်။

သို့သော် ဒီကွန်မြူနစ်ပါတီဆိုင်းဘုတ်တင်ထားပြီးတော့ လှုပ်ရှားမှုတွေလုပ်တဲ့ ဟာတွေမှာတော့ ကျွန်တော်တို့ ပါနေတာပဲ။  ဥပမာ ဆိုပါတော့ – ဂန္ဓီလုပ်ကြံခံရတဲ့နေ့မှာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အနေနဲ့ ကျွန်တော် လူသတ်ဝါဒ ရှုတ်ချရေး အစည်းအဝေးမှာ ကျွန်တော် ကွန်မြူနစ်ခေါင်းဆောင်တွေ၊ ဖဆပလ ခေါင်းဆောင်တွေ၊ ပြည်သူ့ရဲဘော် ခေါင်းဆောင်တွေ၊ အခြားနိုင်ငံရေးခေါင်းဆောင်တွေနဲ့အတူ ကျွန်တော်ကလည်း (၁၇) နှစ်သားလောက်မှာ ကျွန်တော် ၀င်ပြီးတော့ မိန့်ခွန်းတွေ၊ စကားတွေ ကျွန်တော် ပြောဖူးတာ ရှိတယ်ခင်ဗျ။

ဆိုလိုတာက ကျွန်တော် ဒီလွတ်လပ်ရေးနဲ့ လှုပ်ရှားမှုနဲ့ပတ်သက်လို့ ကျွန်တော် သိပ်ပြီးတော့၊ များများစားစားကြီးလည်း သိပ်ပြီးတော့ ဟိုဒင်း.. မဟုတ်ဘူး၊ မလုပ်ဖူးတာလည်း မဟုတ်ဘူး၊ လုပ်ခဲ့တဲ့ အခြေခံတွေ ရှိတယ်။

ဆိုတော့ တက္ကသိုလ်ရောက်တဲ့အခါကျတော့ ဘယ်လိုဖြစ်သွားသလဲဆိုတော့ လွတ်လပ်ရေးက ကျွန်တော် တက္ကသိုလ်ကို မရောက်ခင်ကတည်းက လွတ်လပ်ရေးက ရပြီးနေပြီ။  အဲဒီ လွတ်လပ်ရေးရပြီးတဲ့အပြင်ကို အဲဒီအပေါ်မှာတည်ပြီးတော့ ကွန်မြူနစ်ပါတီတို့ဘာတို့ တောခိုတာတို့ဘာတို့ ဖြစ်ကုန်ပြီ။  ကရင်သူပုန်ထတာတွေ ဖြစ်ကုန်ပြီ။  သို့သော် နိုင်ငံရေးထဲ ကျွန်တော် သိပ်မပါတော့ဘူး။  စာပေကိစ္စပဲ ပါဝင်သွားတယ်ပေါ့ဗျာ။  ဒီနေရာမှာ ကျွန်တော် နည်းနည်းလေး ဖြတ်ပြောချင်တယ်ဗျ။  နိုင်ငံရေးနဲ့ မပတ်သက်ဘူး ဆိုပေမယ့်လို့လည်း နက်နက်ရှိုင်းရှိုင်းပေါ့ဗျာ။ တော်တော်ကို ရောရောယှက်ယှက်ပါဝင်ခဲ့တဲ့ ဖြစ်ရပ်ကလေး တခု ရှိတယ်ဗျ။ ဒီလိုဗျာ။

အဲဒါကတော့ ၁၉၄၉၊ နှစ်ဆန်းပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ကရင်နဲ့ဗမာ တိုက်ပွဲတွေပါပဲခင်ဗျာ။

ဦးဝင်းတင် – ကရင်က အင်းစိန်ကိုလည်း သိမ်းထားပြီ။  စော်ဘွားကြီးကုန်းတို့ဟုတ်လား။  အခု ဘုရားတည်ထားတဲ့ မင်းဓမ္မကုန်းဆိုတဲ့ နေရာ တ၀ိုက်တွေ ဟုတ်လား၊ ခ၀ဲခြံတို့ အဲဒီ ရန်ကုန်-အင်းစိန် ကားလမ်း တ၀ိုက်က နေရာတွေကို သိမ်းထားပြီ။  အဲ ကြည့်မြင်တိုင်ဟိုဘက်ကမ်းမှာလည်း သူပုန်တွေက ခဏခဏလာနေ၊ ၀င်ထွက်သွားလာနေပြီ။  ခရမ်းသုံးခွတို့ အဲဒီဘက်ကနေပြီးတော့ ကရင်သူပုန်တွေ ၀င်ထွက်သွားလာ နေတဲ့အတွက်၊ ဒီ သံလျင်တို့ဘာတို့ သွားဖို့ကလည်း မလွယ်။  ကြည့်မြင်တိုင် ဟိုဘက်ကမ်းတို့ဘာတို့၊ ညောင်တုန်းတို့ကလည်းဟုတ်လား၊ ကူးဖို့ဆိုတာလည်း မလွယ်။  တခါ ဒီစော်ဘွားကြီးကုန်းတို့ဘာတို့ ကရင်က သိမ်းထားတဲ့အတွက် ပြည်၊ ရန်ကုန်၊ မန္တလေးလမ်းဆိုတာတွေလည်း မသွားနိုင်ဖြစ်ပြီးတော့ ရန်ကုန်မြို့က ကွက်ကွက်ကလေး ကျန်တော့တယ်ဗျနော်။

ကျွန်တော် အဲဒါလေး ပြောပြချင်တယ်။ ရန်ကုန်မြို့က ဘာမှမရှိတော့ဘူး။ ရန်ကုန်မြို့ဟာ ဘယ်အထိသွားလို့ရသလဲ ဆိုတော့ သမိုင်းအထိ လာလို့ရတယ်ဗျနော်။  တခါ ဟိုဘက်မှာဆိုလို့ရှိရင်တော့ သင်္ဃန်းကျွန်းဟိုဘက်ဆိုရင်ကို စိတ်မချရတော့ဘူးပေါ့ဗျာ။  အဲလိုဖြစ်နေတဲ့ အချိန်ပေါ့ဗျာနော်။  သူတို့တွေ ဘာလုပ်ကြလဲဆိုတော့ စောစောကပြောခဲ့တဲ့ ပြည်လမ်းနဲ့ ဘွဲ့နှင်းသဘင်ကြားထဲမှာရှိတဲ့ ကွက်လပ်ကြီးပေါ့ဗျာ။  စီးပွားရေးတက္ကသိုလ်နေရာပေါ့ဗျာ။  အဲဒီကွက်လပ်ပြီးမှာ အမြောက်ကြီးတွေဆင်ပြီးတော့ တခါတည်း အဲဒီကနေပြီးတော့ သမိုင်း တ၀ိုက်ကို လှမ်းပစ်တယ်ဗျ။  ကျောင်းတွေကလည်း ပိတ်။ ပြန်ချင်တဲ့လူကလည်း ပြန်သွား။ မပြန်နိုင်တဲ့လူကလည်း ကျောင်းသားတွေ ကျွန်တော်တို့လိုပေါ့ဗျာ။ ကျန်နေ။ ဘယ်သွားရမှန်းလဲမသိ၊ ဘာမသိ။

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အပိုင်း (၇) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။  ဦးဝင်းတင်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ ကရင်ဗမာ အရေးအခင်းမှာ ပါဝင်ခဲ့ပုံကို ရှေ့အပတ်မှာ ဆက်လက်နားဆင်ပါခင်ဗျာ။

• •  •  •  •
အပိုင်း (၈)


မြန်မာနဲ့ကရင်တိုင်းရင်းသားတွေအကြား တိုက်ပွဲပြင်းထန်နေဆဲကာလ။  မြန်မာအစိုးရကို ရန်ကုန်အစိုးရလို့ ကမ္ဘာကခေါ်နေကြချိန် ဖြစ်ပါတယ်။

ဦးဝင်းတင် – ကျွန်တော်တို့ကလည်း ကျောင်းမှာ ပထမ နေသေးတယ်။  နောက်ကျတော့ ကျောင်းကလည်း ထမင်းတွေ ဘာတွေ မကျွေးတော့ဘူးဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ မြို့ထဲသွားပေါ့ဗျာ။  မြို့ထဲသွားပြီးတော့ လက်စွပ်တွေဘာတွေ ချွတ်ရောင်း၊ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ အင်္ကျီမှာ ရွှေကြယ်သီးလေးတွေ ဘာတွေ ကျွန်တော်တို့ လုပ်ကြတယ်ဗျ။  ရွှေကြိုးတွေဘာတွေနဲ့ဆက်ထားတဲ့ ရွှေကြယ်သီးလေးပေါ့။  လေးလုံးလောက်ပေါ့ဗျာ။  အဲဒါလေးတွေ ဖြတ်ရောင်းပေါ့ဗျာ၊ စသည်ပေါ့။  ရောင်းပြီးတော့ ထမင်းစားကြရတယ်။

ကျွန်တော် မှတ်မိတာလေး တချက် ကျွန်တော် ပြောပြချင်တယ်ဗျ။ ဆိုပါတော့ဗျာ။ ရွှေကလည်း (၁၀၀) အောက်မှာ ဈေးရှိတယ်ဗျ။  သုံးမူးသားလောက် ဘာလောက်ရောင်းမှ ငွေသုံးဆယ်လောက် ရမယ်ထင်တယ်။  အဲဒီအချိန်မှာ ထမင်းတလစာ၊ တချိုင့်ကို (၃၀) ပဲပေးရတယ်ဗျ။  အဲဒါက ဘာပါလဲဆိုတော့ အသားဟင်းလေး တခွက်ပါတယ်၊ နောက်တခါ ဥပမာ ချဉ်ပေါင်ရွက်ချဉ်ရည်တို့၊ ဗူးသီးချဉ်ရည်တို့စသည်ဖြင့် ချဉ်ရည်ဟင်းလိုဟာမျိုးလေးတွေ ပါတယ်၊ နောက်ပြီးတော့ ဟင်းသီးဟင်းရွက်ကြော် ပါတယ်၊ နောက်ပြီးတော့ ငပိတို့စရာတို့ဘာတို့ ပါတယ်၊ ထမင်းတချိုင့်။

အဲဒီမှာ ကျွန်တော်က တောင်းပန်ပြီးတော့ ကျောင်းသားတွေမို့လို့ပါ ကျွန်တော်တို့ တယောက်စာကို နှစ်ယောက် ခွဲစားပါ့မယ်။  ထမင်းငါးကျပ်ဖိုးလောက် ပိုရောင်းပါဆိုပြီး လုပ်ပြီးတော့ ဆွဲရော (၃၅) ကျပ်လောက်၊ တလလုံးလုံး စားရတယ်ဗျ။

ကျွန်တော်ဘာဖြစ်လို့ ဒီအချိန်ပြောလဲဆိုတော့ ကျွန်တော် ထောင်ထဲရောက်သွားတဲ့ အချိန်နဲ့ ထောင်ထဲကထွက်လာတဲ့အချိန်နဲ့ ကုန်ဈေးနှုန်းရဲ့ကွာခြားမှုက တော်တော့်ကို ကြောက်ခမန်းလိလိ သို့မဟုတ်၊ မယုံကြည်နိုင်စရာကောင်းလောက်အောင် ပြောင်းလဲသွားတာကိုးဗျ။

အဲ.. ဆိုပါတော့ဗျာ ကျွန်တော်တို့ ထောင်ထဲမရောက်ခင်လေးမှာ လက်ဖက်ရည်တခွက်ကို နှစ်ကျပ်၊ ၀က်သား (၁) ပိဿာ (၂၅/၃၀) လောက်ပေါ့ဗျာ။  အခုကျွန်တော် ထောင်ထဲကနေပြီးတော့ ထွက်လည်းလာလည်းလာရော လက်ဖက်ရည်တခွက်ကို နှစ်ရာတို့သုံးရာတို့ ဆိုတာမျိုးတွေ၊ ၀က်သား (၁) ပိဿာကို လေးထောင်တို့ငါးထောင်တို့ဆိုတာမျိုးတွေ ဖြစ်တဲ့အခါကျတော့ ကျွန်တော့်အဖို့ တခါတည်း ရင်သပ်ရှုမောပေါ့ဗျာ။ ဟာ ဘယ်လိုတွေများဖြစ်ကုန်ပြီလဲလို့ တွက်တာပေါ့ဗျာ။

စောစောကပြောသလို ရန်ကုန်တမြို့လုံး ပတ်လည်မှာလည်း သေနတ်သံတို့ဘာတို့ ဗုံးဒိုင်း ဗုန်းဒိုင်းနဲ့တော့ ကြားနေတယ်။  ရန်ကုန်မြို့ကြီးကလည်း ဘယ်မှ လှုပ်ရှားလို့မရဘူး။  ဒါပေမဲ့ ရန်ကုန်မြို့ကြီးက သိပ်ပျက်ပြားနေတယ်လို့ မခေါ်နိုင်ဘူး။  ရုပ်ရှင်တွေကလည်း ပြမြဲပဲဗျ..နော်။  ဘောလုံးပွဲဘာညာ ဒါတွေကတော့ ရှိနေတာပဲဗျ။  ဒီလိုအနေအထားတွေမှာ ရှုပ်ထွေးနေတဲ့အခါမှာ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိဘူးဗျ။ တခါတလေ အင်္ဂလိပ်စာအုပ် ဖတ်ပေါ့ဗျာ။  ကျွန်တော် စောစောကပြောသလို ကျောင်းဆောင်မှာမနေနိုင်တော့ဘူး။ ကျွန်တော်မြို့ထဲသွား ငှက်ပျောသီးတဖီးကို ဟုတ်လား.. တပဲပေးရတယ်ဗျ။  တကျပ်ဖိုးဆို လေးငါးဆယ်ဖီးလောက်ရတဲ့အထိ ငှက်ပျောသီးကလည်း ပေါတယ်ဗျ။  နောက်ပြီးတော့ ငှက်ပျောသီးလေးစား၊ စာဖတ်။

ဒီ NLD ခေတ်မှာ ကြို့ပင်ကောက် ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဝင်းမြင့်ဆိုတာ သူနဲ့ကျွန်တော်နဲ့ နှစ်ယောက်ထဲ ရန်ကုန်မှာ သောင်တင်နေတာကိုး။  စောစောကပြောခဲ့သလိုပဲ ကျွန်တော်က စာသင်ကြားတဲ့ဘက်ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းညွှန်ချက်အတိုင်း ယိမ်းသွားတယ်ဆိုသော်ငြားလည်း ကျွန်တော့်ရင်ထဲမှာရှိတဲ့ စစ်တိုက်ချင်တဲ့စိတ်က မကုန်ဘူး။  အဲဒီအချိန်မှာ ကရင်ကိုတိုက်နေတဲ့ ကျောင်းသားတပ်ဖွဲ့တွေက ပေါ်ပြီဗျ။  တကသမှာ အဲဒီအချိန်က ဥက္ကဋ္ဌလုပ်တဲ့လူက ရေနံချောင်းသား ကိုရန်ဝေးဆိုတာ၊ အတွင်းရေးမှူးလုပ်တဲ့လူက ကိုကိုလေးဆိုတာ၊ မောင်မောင်ကျော်တို့ နာမည်ကျော် ရှေ့နေကြီးပေါ့ဗျာ၊ စသည်ပေါ့ဗျာ ခေါင်းဆောင်တွေပေါ့။  ကျွန်တော်က မြို့ထဲကနေ တကသသွား၊ အဲဒီမှာ တကသမှာကြည့်လိုက်တဲ့အခါကျတော့ ကျောင်းသားတပ်ပေါ့ဗျာ၊ ခေါ်နေတယ်ဗျ။

အဲဒီ အချိန်တုန်းက ကျွန်တော်မှတ်မိသလောက်ပြောရရင် ဆူးလေဘုရားမှာရှိတဲ့ ကျောင်းသားအဖွဲ့ကလည်း ရှိတယ်ဗျ။  ကျွန်တော်တို့ နောက်ပိုင်းမှာ ကြေးမုံသတင်းစာ အယ်ဒီတာပေါ့ဗျာ၊ နာမည်ကျော် ရုပ်ရှင်ဝေဖန်ရေးဆရာပေါ့ဗျာ၊  စိန်ခင်မောင်ရီ တို့ဘာတို့ဆိုတဲ့ လူတွေက ဆူးလေဘုရားမှာ ရှိတယ်လို့ ကျွန်တော်ကြားတယ်။  ဘုရားတို့ကျောင်းကန်တို့မှာ စုဝေးနေကြတယ်ပေါ့ဗျာ။

အဲဒီခေတ်တုန်းက ကျောင်းသားတွေရဲ့ နိုင်ငံရေးအရောင်တို့ ကိုယ်နဲ့ချဉ်းကပ်တဲ့အဖွဲကအစည်းကွဲပြားမှုတို့ စသည်၊ ဒီအပေါ်မှာ တည်ပြီးတော့ ကျောင်းသားတွေကလည်း တယ်ပြီးတော့ ဒီ..  စည်းလုံး လှတယ်လို့ မရှိဘူးလို့ ပြောနိုင်မယ်ထင်တယ်။ အဲဒီတော့ တကသရဲ့ဦးဆောင်မှုကို ယူပြီးတော့ ဖွဲ့စည်းမယ့်တပ်က ကိုဗထွေးဆိုတာ ခေါင်းဆောင်ပဲ။  အဲနောက်တော့ သူ့ရဲ့လက်ထောက်က ကိုဖိုးသာဆိုတာ ဟင်္သတဦးမြရဲ့သား၊ နောက်တခါ ကိုစိုးမြင့်အောင်ဆိုတာ နောက်ပိုင်းမှာ ဗိုလ်မှူးကြီးတွေဘာတွေ ဖြစ်သွားတဲ့လူ။  ကိုရန်ဝေးတို့ဘာတို့ကနေပြီးတော့ စီစဉ်တယ်ဗျ။  ကိုရန်ဝေးကလည်း အတော်ကို ခင်မင်စရာကောင်းတဲ့လူ အစည်းအဝေးသမားပေါ့ဗျာ။ အဲ ကျွန်တော် ကိုရန်ဝေးနဲ့ကလည်း ခင်တော့ ကျွန်တော်က အဲဒီကျောင်းသားတပ်မှာ စာရင်းသွင်းလိုက်ရောဗျ။

ရန်ကုန်မြို့ကြီးကလည်း အကုန်လုံးပေါ့ဗျာ။ ကွန်မြူနစ်ကလည်းဝိုင်း၊ ကရင်ကလည်းဝိုင်း ဗရုတ်သုက္ခ ဖြစ်နေတဲ့ အထဲမှာ ကျွန်တော်တို့ အဲဒီအချိန်တုန်းက လွတ်လပ်ရေးရပြီးခါစ၊ သွေးကလည်း ကြွခါစနဲ့ နယ်ချဲ့ကနေ သွေးထိုးတယ်ဆိုတဲ့၊ အဲ နိုင်ငံရေးသွေးထိုးမှုတွေကလည်း အမျိုးစုံပေါ်ပေါက်နေတာဗျ။  ပေါ်ပေါက်နေတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအမြင် မကြည်လင်မှုလည်း ခေါ်ခေါ်ပေါ့ဗျာ။  သို့မဟုတ် လူမျိုးရေးအစွဲလို့ ခေါ်ခေါ်၊ သို့မဟုတ်လို့ရှိရင်လည်း တိုင်းရေးပြည်ရေးကို နားမလည်တဲ့အပေါ် တည်ပြီးတော့ ကျွန်တော်တို့တွေကလည်း ကရင်ကိုခံတိုက်ကြမယ်ဆိုတဲ့ စိတ်ဓာတ်က ကျောင်းသားတွေ တော်တော်များများအထဲမှာ ပါလာတယ်ဗျ

ဘာဖြစ်လို့လဲဆိုတော့ ကရင်ကလည်း ရန်ကုန်တက်သိမ်းတော့မယ့် အနေအထားက ဖြစ်နေပြီကိုး။  ဒီကရင်တပ်တွေဟာ နယ်ချဲ့ကနေပြီးတော့ သွေးထိုးမြှောက်ပေးနေတာတွေ၊ စသည်ပေါ့ဗျာ။ အဲလိုသွေးထိုးမှုတွေကလည်း ရှိတယ်။  အဲဒီတော့ ကျောင်းသားတပ်ဖွဲ့တွေ ဖွဲ့တဲ့အခါမှာ ကျွန်တော်လည်း ပါသွားတယ်ပေါ့ဗျာ။

ဦးဝင်းတင်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို ရန်ကုန်ကနေ လှည်းကူးအထိ ကားတွေနဲ့ ပို့ဆောင်ခဲ့ရာမှာ မင်္ဂလာဒုံလေဆိပ်ဝန်းထဲက ဖြတ်ပြီး သွားခဲ့ကြရပါတယ်။  စော်ဘွားကြီးကုန်းကို KNDO တွေ သိမ်းပိုက်ထားတဲ့အတွက် ဆယ်မိုင်ကုန်းကနေ မင်္ဂလာဒုံဘက်ကို ပြည်လမ်းအတိုင်း ဂငယ်ပုံ သွားလို့မရပါဘူး။  ဒါ့အပြင် ကျွန်တော်သိသလောက် အဲဒီနေရာမှာ ပြည်လမ်းဟာ ဂငယ်ပုံ ဖြစ်နေရတာဟာ မင်္ဂလာဒုံလေဆိပ် ဧရိယာကို ဘေးက၀ိုင်းပတ်ပြီး လမ်းဖောက်ထားလို့ဖြစ်ပါတယ်။  မြန်မာစစ်တပ်ဟာ အရေးတကြီးကိစ္စတွေမှာ အဲဒီလိုပဲ မင်္ဂလာဒုံလေဆိပ်ဝန်းကို ဖြတ်လမ်းအဖြစ် သုံးလေ့ရှိပါတယ်ခင်ဗျာ။

ဦးဝင်းတင် – ကျွန်တော်တို့မှာ ဘာမှ ထရိန်နင်မရှိဘူး ဟုတ်လား၊ ကျောင်းသားတော်တော်များများက ခုနပြောခဲ့တဲ့ ကိုဗထွေးတို့ ဆိုတဲ့လူတွေက တပ်ထဲမှာ နေဖူးတယ်၊ ဂျပန်ကိုသွားပြီးတော့ စစ်ပညာသင်ဖူးတဲ့လူတွေ၊ ဥပမာ- ကိုဖိုးသာဆိုတဲ့လူက တော်လှန်ရေးတပ်ထဲမှာ ပါဖူးတယ်၊ စိုးမင်းအောင်ဆိုတာက စစ်ပညာတွေဘာတွေ သင်ဖူးတယ်၊ စသည် ဒါပဲရှိတယ်ဗျ။  ကျန်တဲ့လူတွေအကုန်လုံးက ဘာမှကျွန်တော်တို့ မရှိကြဘူးဗျ။

အဲဒီလိုသွားတဲ့အထဲမှာ ကျွန်တော်မှတ်မိတာဗျာ၊ အခုခေတ်နာမည်ကျော်တဲ့ “မောင်ဆုရှင်” အမည်ခံ ဦးမျိုးသန့်ပေါ့ဗျာ။  နောက်တခါ ဆေးကျောင်းက “ကိုတင်ဦး” ဆိုတာ၊ နောက်ပိုင်းမှာ တိုင်းရင်းဆေးပညာနဲ့ပတ်သက်လို့ ထင်ရှားကျော်ကြားတဲ့ ဆရာဝန်ကြီးဖြစ်လာတဲ့ ဦးတင်ဦးပေါ့ဗျာ၊ ဒေါက်တာတင်ဦးပေါ့၊ အဲဒီလူတွေလည်းပါတယ်။

ကျွန်တော်တို့သွားကြရော၊ လှည်းကူးရောက်။  ကျွန်တော်တို့ကို ဘာနဲ့တွဲထားလဲဆိုတော့ စစ်ရဲနဲ့တွဲထားတယ်။  စစ်ရဲက ကျွန်တော်တို့ကို လက်နက်တို့ဘာတို့ တပ်ဆင်ပေးပေါ့ဗျာ။  ပစ်တဲ့ခတ်တဲ့နည်းကတော့ ညနေတိုင်းပေါ့ဗျာ။  မြို့ပြင်ထွက်ပြီးတော့ ဒိန်းဒိုင်းဆို ကျည်ဆန်ဒီလိုသွင်းရတယ်၊ မောင်းကိုဆွဲတာတို့ ပြန်ချတာတို့ အဲဒါတွေ လုပ်တယ်။  တယောက်ကို နှစ်တောင့်သုံးတောင့်လောက်တော့ ပစ်ရတယ်၊ ကျည်ဆန်မရှိဘူးကိုးဗျ။  ဒီလိုနဲ့ပဲ လူတွေကလည်း ငယ်လည်းငယ်ကြတယ်၊ တက်လည်းတက်ကြွနေတယ်။ ပတ်ပတ်လည်ကြည့်တဲ့အခါကျတော့ တပြည်လုံးကလည်း ပြည်တွင်းစစ်မီးကြီးက ဟုန်းဟုန်းတောက်နေတယ်။ ပြေးကြလွှားကြ ဒုက္ခသည်တွေကလည်း အများကြီးဗျာ။

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အပိုင်း (၈) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။  လာမယ့်အပတ်မှာ ဦးဝင်းတင်ရဲ့ တက္ကသိုလ်ကျောင်းသား တယောက် အနေနဲ့   အဦးပိုင်းကို ဖြတ်သန်းခဲ့ရပုံကို ဆက်လက် တက်ဆက်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

• •  •  •  •
အပိုင်း (၉)


ဦးဝင်းတင်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ စာဘူးတောင်းမှဆုတ်ခွာလာပြီး လှည်းကူးမြို့ ရဲစခန်းထဲမှာ မြေကတုတ်ကျင်းတွေ တူးပြီး ခံစစ်လုပ်နေခဲ့ကြပါတယ်။

ဦးဝင်းတင် – သိပ်မကြာလိုက်ဘူးဗျ။  နောက်ပိုင်းကြားတာတော့ ဗိုလ်ချုပ်နေ၀င်းကနေ ဟာကျောင်းသားတွေ “ကျကျက်” ကုန်ရင်တော့ မဖြစ်ဘူး။  အဲဒီတော့ ကျောင်းသားတွေအကုန်လုံးကို ရန်ကုန်ပြန်ခေါ်၊ စစ်ပညာတွေဘာတွေ သင်ပေး၊ ပြီးတဲ့အခါကျတော့ စစ်ထဲသွင်းပေါ့ဗျာ၊ ဆိုတဲ့ လမ်းကြောင်းနဲ့ သို့မဟုတ်လည်း လမ်းစဉ်နဲ့ ကျောင်းသားတွေကို ပြန်စုတယ်ဗျ။  အဲဒီတော့ ကျွန်တော်တို့ကလည်း ကရင်သွားပြီးတော့ ခါးကလိထိုးသလို သွားပြီးတော့ လုပ်နေတာကိုးဗျ။ လုပ်နေတော့ နောက်ဆုံးဘိတ်ကျတော့ ကျွန်တော်တို့လည်း ကျောင်းသားသုံးယောက်ကျ၊ ကျပြီးတော့ ကျွန်တော်တို့လည်း ခွေးပြေးဝက်ပြေးပြေးပြီးတော့ လှည်းကူးရောက်၊ လှည်းကူးကနေပြီးတော့ အဲဒီ အမိန့်အရ လော်လီကားကြီးတစင်းနဲ့ ခေါ်ပြီးတော့ ရန်ကုန်ရောက်ရော ဆိုပါတော့ဗျာ။

(စကားချပ် – ပြန်လည်တင်ဆက်သူ မှတ်ချက် – RFA အစီအစဉ် မှာ ဆရာ ဦးဝင်းတင် ပြောသွားတဲ့ အထဲမှာ ကရင် နဲ့ သူတို့ တိုက်ပွဲ တပွဲ ဖြစ်တယ်၊ သူ့ သူငယ်ချင်း အရင်း တယောက် ကျ တယ်၊ ဒီ အကြောင်း ပြောနေရင်း နဲ့ ဆရာ ဦးဝင်းတင် အတိတ် ကို ပြန်သတိရ ရင်း ငိုသံပါ၊ စိတ်လှုပ်ရှားလွန်းလာလို့ အဲ့ဒီ အကြောင်း စကား ဆက်မပြောတော့ဘဲ ဖြတ်ချလိုက်တယ် လို့ မှတ်မိနေပါတယ်။  ဒီလို ကျ လို့လည်း အထက်မှာ ဆိုထားသလို ဗိုလ်နေဝင်း က ကျောင်းသားတပ်ကို ရန်ကုန်ပြန်ခေါ် ဗိုလ်သင်တန်း တက်ခိုင်းဖို့ စီစဉ် ဖြစ်တယ်။)

ရန်ကုန် ရောက်လည်းရောက်ရော တန်းပြီးတော့ ကျွန်တော်တို့ကို SVF (Student Volunteer Force) ကျောင်းသားအဖွဲ့ကို ဖွဲ့လိုက်တယ်ဗျ။  ဖွဲ့လိုက်ပြီးတော့ အဲဒီတပ်ဖွဲ့ကို ဘယ်မှာထားလဲဆိုတော့ ပညာရေးတက္ကသိုလ်ရဲ့ ပါမောက္ခလုပ်နေတဲ့ ဦးဘအိမ်ရဲ့ တောင်ဘက်မှာပေါ့ဗျာ၊  အဲဒီ ဒီဂျီကျောင်းဆောင်ကြီး ရှိတယ်။  အဲဒီကျောင်းဆောင်ကြီးမှာ ကျွန်တော်တို့ကို အဲဒီမှာ ထည့်လိုက်တယ်။  ထည့်လိုက်တဲ့အခါကျတော့ အဲဒီကျတော့ ကျွန်တော်တို့ဒီ တကသမှာသွားတဲ့ အဖွဲ့အစည်းပေါ့ဗျာ စာဘူးတောင်းကိုသွားတိုက်တဲ့ အဖွဲ့တင်မကတော့ဘဲနဲ့ ကျန်တဲ့ ဒီတပ်ထဲဝင်ချင်တယ်ဆိုတဲ့ စစ်ပညာသင်ချင်တယ်ဆိုတဲ့ လူငယ်တွေအားလုံး ၀င်လာကြတယ်။ အဲဒီမှာ ကျောင်းသား (၁၀၀) လောက်ရှိတယ်။

ကျွန်တော်တို့ စာဘူးတောင်းတော့ ပါမလာဘူး။ ဒါပေမဲ့ အသစ်တွေက ဘယ်သူတွေသွားတွေ့လဲဆိုတော့ ဥပမာ- ဦးညွန့်ဝေဆိုပါတော့ဗျာ ဟုတ်လား၊ ကိုညွန့်ဝေ။  နိုင်ငံခြားဟားဗတ်တို့ဘာတို့ သွားပြီးတော့ စီးပွားရေးပညာတွေ သင်တယ်။ နောက်ပြီးတော့ IMF တို့ဘာတို့ ဆိုတဲ့ ကမ္ဘာ့စီးပွားရေးအဖွဲ့အစည်းကြီးမှာ သွားပြီး အလုပ်လုပ်တဲ့၊ ဒီနေ့ခေတ်မှာကျတဲ့အခါကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အနေနဲ့ ရှိနေတဲ့ ဦးညွန့်ဝေပေါ့ဗျာ။

နောက်တယောက် ကျွန်တော်မှတ်မိတဲ့လူတယောက် ရှိသေးတယ်ဗျ။  နာမည်ကျော် အမျိုးသားစာပေတွေကိုရေးတဲ့ ဦးဖိုးကျားရဲ့သား ဇော်ဝင်း။  အဲဒီ ကိုဇော်ဝင်းတို့ဘာတို့ ပါတယ်ဗျာ။  ကျောင်းသားတပ်ဆိုပြီးတော့ ဖွဲ့ကြတယ်ဗျ။  ဖွဲ့ပြီးတော့ ဥပမာဆိုပါတော့ ကိုညွန့်တင် ကျွန်တော်မှတ်မိသေးတယ်။  နောက်ပိုင်းကျတော့ ဗိုလ်မှူးချုပ်တွေဘာတွေ ဖြစ်ပေါ့ဗျာ။  နောက်ကိုပြည်စိုးဆိုတာ။  နောက်ပိုင်းကျတော့ ဗိုလ်မှူးကြီးပြည်စိုးတို့ဘာတို့ဖြစ်၊ နာမည်ကျော် တက္ကသိုလ် လက်ဝှေ့သမားပေါ့ဗျာ။  ကိုအောင်ထွန်းဆိုတဲ့လူ ကျွန်တော်မှတ်မိသေးတယ်ဗျာ။  ပညာရေးဌာန ဒုဝန်ကြီးတို့ဘာတို့ ဖြစ်သွားတယ်။ ဦးအောင်ထွန်းပေါ့ဗျာ။ နောက်ပြီးတော့ ကိုလူမော်ဆိုတာ နောက်ပိုင်းကျတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မှာ သုတေသနဌာနမှူးတို့ဘာတို့ဖြစ်သွားတဲ့ ဗိုလ်မှူးကြီးလူမော်ပေါ့။

အဲဒီသင်တန်းကျောင်းကို စပြီးတော့ဖွင့်တဲ့အချိန်ကျတော့ ဘယ်သူက ကိုင်လဲဆိုတော့ ဗိုလ်ဘချိုက လက်ဖတင်နင်၊ အဲဗိုလ်ကြီးကျော်ညွန့်ကတော့ ကက်ပတိန်ပေါ့ဗျာ။  ဒါပေမဲ့ သိပ်မကြာလိုက်ဘူးဗျာ။  အဲဒီမှာ ပြဿနာလေးတွေ နည်းနည်းရှိတယ်ဗျ။  ရှိတယ်ဆိုတာက ကျောင်းသားတွေက လက်နက်နဲ့ဖြစ်တဲ့အခါ၊ နိုင်ငံရေးတွေကလည်း အမျိုးစုံရှုပ်ထွေးနေတဲ့အချိန်မှာ ကွန်မြူနစ်နဲ့နည်းနည်းနွယ်တဲ့ ကျောင်းသားတွေက တောခိုမယ်ဆိုပြီးတော့ စီစဉ်ကြတယ်ဗျ။

ထောက်လှမ်းရေးက အလွန်ကောင်းတာကိုးဗျ။  သတင်းကပေါက်ရောဗျ။  ပေါက်ပြီးတော့ နောက်ပိုင်းမှာ နာမည်အလွန်ကျော်တဲ့ ထောက်လှမ်းရေး ဗိုလ်မှူးကြီး ဂွမ်ရှိန်က ကျွန်တော်တို့ရဲ့တပ်မှူးဖြစ်လာတယ်။  အဲဒီသင်တန်းမှာ ကျွန်တော်တို့ တက်ရတယ်။  သုံးလနီးပါးလောက် ကျွန်တော်တို့ တက်ရတာဗျ။  မိုးဦးပေါက်လောက်လည်းကျရော သင်တန်းဆင်းပွဲ ပြီးသွားရော။  ကျွန်တော်တို့ကို စစ်ထဲဝင်ဖို့ကို ပြောတယ်။  ဗိုလ်သင်တန်းကို သွားကြ။ အဲဒီအချိန်မှာ ဗိုလ်သင်တန်းကလည်း ကျွန်တော်သိရသလောက်တော့၊ ကျွန်တော်ထင်တယ် လပိုင်းလောက်ပဲလုပ်ပြီးတော့ ဗိုလ်တွေမွေးထုတ်နေတာဗျ။ အဲဒီအချိန်မှာ ကျွန်တော်တို့ ကျောင်းသားတွေကို တပ်ထဲကိုဝင်ဖို့ ပြောတယ်။

ပြောတဲ့အခါကျတော့ အခုဒီ စာဘူးတောင်းတိုက်ပွဲတို့ဘာတို့ ရောက်သွားတဲ့အထိ သို့မဟုတ်လည်း စာဘူးတောင်းတိုက်ပွဲကနေပြီးတော့ ဟုတ်လား၊ တပ်လန် ပြီးတော့ ပြေးလာရတဲ့အထိပေါ့ဗျာ။  နောက်တခါ ဒီ SVF သင်တန်းတို့ဘာတို့ တက်တဲ့အထိ စစ်သွေးလေးက ကျွန်တော့်မှာလာပြီးတော့ နည်းနည်းနည်းနည်း ရွပိုးထိုးတယ်ပေါ့ဗျာ။ ဒါကတဖက်။

သို့သော် တချိန်တည်းမှာပဲ ကျွန်တော်တို့ကို စစ်ထဲဝင်ကြပါ၊ ဗိုလ်သင်တန်းတက်ကြပါ၊ ဆိုပြီးတော့ တိုက်တွန်းတော့အချိန်ကျတဲ့အခါကျတော့ ကျွန်တော်က အဲဒီ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့တဲ့အချိန်တုန်းက ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော့်ကိုပြောခဲ့သလိုပဲ “ဟေ့.. စစ်တိုက်မယ့်လူတွေ ရှိတယ်။ မင်းစာသင်နေတယ်မဟုတ်လား။ စာဆက်သင်..” လို့ဆိုတဲ့ တိုတိုပြတ်ပြတ်စကားကို ကျွန်တော့်သွေးထဲမှာ တခါပြန်ကြွလာပြန်ရောဗျ။ အဲဒီတော့ စစ်ထဲဝင်ကြဟေ့လို့ မေမြို့သင်တန်းကို ပို့နေတဲ့အချိန်ကျတဲ့ အခါကျတော့ ကျွန်တော်စစ်ထဲမ၀င်ဖြစ်တော့ဘူး။

ဒီလိုနဲ့ဦးဝင်းတင်ဟာ မေမြို့ဗိုလ်သင်တန်းကျောင်းကို မတက်ဖြစ်တော့ဘဲ ရန်ကုန်တက္ကသိုလ်နယ်မြေကို ပြန်ရောက်လာခဲ့ပါတယ်။

ဦးဝင်းတင် – ဒုတိယနှစ်ကို (၄၉) အလယ်ပိုင်းလောက်မှာ ကျွန်တော်ပြန်ပြီးတော့ တက်တယ်။ သို့သော် တက္ကသိုလ်ရောက်လာတဲ့ ပထမနှစ်မှာလည်းကျွန်တော် ဟုတ္တိပတ္တိ ကျောင်းစာမသင်ခဲ့ဘူး။  စောစောကပြောခဲ့သလိုပဲ  မြသန်းတင့်နဲ့ကျွန်တော်နဲ့ တခါတလေ အင်းလျားကန်စောင်းမှာထိုင်ပြီးတော့ အင်္ဂလိပ်ကဗျာတွေကို ရွတ်ကြဖတ်ကြ။

 အဲဒီအချိန်တုန်းက တက္ကသိုလ်ကျောင်းအုပ်ကြီးပေါ့ဗျာ။  နောက်ပိုင်းမှာ ဗမာပြည်သမိုင်းနဲ့ပတ်သက်ပြီး အလွန်အရေးကြီးတဲ့ သမိုင်းစာအုပ်တွေကိုရေးခဲ့တဲ့ ဒေါက်တာထင်င်အောင်က အင်္ဂလိပ်စကားပြောတာကျတော့ အလွန်ကောင်းတယ်၊ အလွန်ရှင်းတယ်။  သို့သော် အသံက အင်္ဂလိပ်သံနဲ့ ပြောတာမဟုတ်ဘူးဗျ။ ကျွန်တော်တို့ ဗမာသံပေါ့ဗျာ။ ငပိသံပေါ့ဗျာ။ ဒီအသံမျိုးနဲ့ပြောတာပဲ။ ဒါပေမဲ့ အင်္ဂလိပ်စကားပြောတာက တယ်ကောင်း၊ တယ်ရှင်း၊ တယ်ပြီးတော့ သင်တာပြုတာလို ပြတ်သား၊ ဆိုတဲ့အခါကျတော့ ကျွန်တော်က သိပ်ပြီးတော့ သဘောကျတာ။  သူက အဲဒီအချိန်တုန်းက ပါမောက္ခချုပ်သာဖြစ်နေတယ်၊ သူက ကျွန်တော်တို့ကို ကဗျာတွေ သင်တယ်ဗျာ၊ အင်္ဂလိပ်စာတွေ..။

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အပိုင်း (၉) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။  ဦးဝင်းတင်ရဲ့ ရန်ကုန် တက္ကသိုလ်ကျောင်းသားဘ၀ကနေ သတင်းစာလောက ထဲ စတင် ဝင်ရောက်ဖို့ ကြိုးစားခဲ့ပုံတွေကို ရှေ့အပတ်မှာ ဆက်ပြီး တင်ပြပါရစေခင်ဗျာ။

 

(ဆရာဦးဝင်းတင် အမှတ်တရ နောင် အပိုင်းများကို ပြန်လည်ဆန်းသစ် ဆက်လက် တင်ဆက်ပါဦးမည်။  အစီအစဉ် မူလတင်ဆက်ခဲ့သည့် လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာပိုင်း နှင့် စိတ်ရှည် လက်ရှည် စနစ်တကျ စေတနာ ထား စာပြန်ရိုက် တင်ပေးသည့် တေဇာစပ်စု http://tazarsattsuu.blogspot.co.uk/ ကို ကျေးဇူးတင်ရှိကြောင်း မိုးမခ က မှတ်တမ်းပြုအပ်ပါသည်။)


ဆက်စပ်ဖတ်ရှုရန် …

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း (၁ + ၂ + ၃)

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း (၄ + ၅ + ၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:U Win Tin, ဟံသာဝတီ ဦးဝင်းတင်, ပြန်လည်ဆန်းသစ်ခြင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်