ဟံသာဝတီ ဦးဝင်းတင် – စာနယ်ဇင်း ဘာလဲ

April 23, 2014

စာနယ်ဇင်း ဘာလဲ
ဟံသာဝတီ ဦးဝင်းတင်
(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း)
ဧပြီ ၂၃၊ ၂၀၁၄
 ဆရာ ဦးဝင်းတင် (၁၉၃၀-၂၀၁၄) အား မန္တလေး ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အနေဖြင့် တွေ့ရစဉ်။
Photographer & Photo Source: Unknown / Various.  Credit goes to the rightful owner(s).


ဆရာကြီး ရွှေဥဒေါင်းကို စာရေးဆရာကြီး အဖြစ်နဲ့သာ ကျွန်တော်တို့ တွေ့မြင်နေလေ့ ရှိကြတယ်။  တကယ်တော့ ဆရာကြီး ဟာ ထူးခြား ထက်မြက်တဲ့ သတင်းစာဆရာကြီး တဦးလည်း ဖြစ်တယ် ဆိုတာ အမှတ်မထားမိသလို ရှိတတ်ကြတယ်။

ဆရာကြီးဟာ ၁၉၁၆ ကုန်မှာ ရတနာပုံ ဝတ္ထု ရေးပြီး စာရေးဆရာ ဖြစ်လာခဲ့တယ်။  ၁၉၁၇ ဆန်း သူရိယ သတင်းစာမှာ  အယ်ဒီတာ ဖြစ်လာခဲ့တယ်။  ဆရာကြီး ရဲ့ သတင်းစာဆရာ သက်တမ်းဟာ ၁၉၆၈ လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာ အယ်ဒီတာချုပ် ဘဝက အငြိမ်းစားယူတဲ့ အချိန် အထိ ကာလ တောင်တာ ရှည်ခဲ့တယ်။

 
ဆရာ ဦးဝင်းတင် ၏ ဆရာကြီး တဦး ဖြစ်သူ
ဗမာ့ သတင်းစာ ဘိုးအေကြီး ဆရာကြီး ရွှေဥဒေါင်း (၁၈၈၉-၁၉၇၃)
Photographer / Artist & Photo Source: Unknown / Various.  Credit goes to the rightful owner(s).


‘မည်သည့်ကိစ္စနှင့် ဖြစ်စေ၊ မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် မှန်သည်ကိုသာ ဝန်ခံရေးသားလို ၏’ ဆိုတာဟာ ဆရာကြီးရဲ့ သတင်းစာဆရာ ဘဝ မူဝါဒပဲ။

‘မှာသည်ထင်လျှင် ဖုံးဖုံးဖိဖိ မလုပ်ချင်၊ ကျွန်ုပ် လပ်လှမ်းမီသလောက် ဖော်ထုတ် တင်ပြရမှ ကျေနပ် တတ်သည်။  ဤအတွက်ကြောင့် မိတ်ဆွေနည်းလျှင်လည်း ကိစ္စ မရှိ၊ သစ္စာတရားကိုသာ မိတ်ဆွေဖွဲ့ချင်သည်’ ဆိုတာက ဆရာကြီး ရဲ့ သတင်းစာဆရာ ဘဝ ယုံကြည်ချက် ကြေညာစာတမ်းပဲ။

ဒီလို နှစ်ပေါင်းငါးဆယ်ကျော် လုပ်ကိုင်လာခဲ့တဲ့ သတင်းစာဆရာ ဘဝအပေါ်မှာ ဆရာကြီး ဘယ်လို ကောက်ချက်ချသလဲ၊ ထင်မြင်သလဲ၊ ခံစားသလဲ။

ဆရာကြီး သတင်းစာလောက က အနားယူတော့မယ် ဆိုတော့ ဆရာကြီး ရဲ့ သဘောထားကို ကျွန်တော်တို့ လူငယ်တွေ အခွင့်အလှည့် သင့်တိုင်း မေးကြမြန်းကြ လုပ်ကြတာပေါ့။  ဆရာကြီးက အင်းမလုပ်၊ အဲ မလုပ်ဘဲ ခပ်မဆိတ် နေခဲ့တယ်။

တနေ့တော့ ရန်ကုန်မြို့လယ် ယောက်လမ်းမှာ နေတဲ့ ဆရာကြီး အိမ်ကို ကျွန်တော် ရောက်သွားတယ်။  စကားစမြည် ပြောပြီး ပြန်ခါနီးတော့ ဆရာကြီးက ‘ရော့.. ကိုဝင်းတင်’ ဆိုပြီး စာရွက်ကလေး တရွက်လှမ်းပေးတယ်။

အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်၊ စာက တကြောင်းတည်း ရယ်။  စာနယ်ဇင်းလုပ်ငန်း အပေါ်မှာ ဆရာကြီး ရဲ့ ထင်မြင်ချက်လို့ ဆိုနိုင်တဲ့ စာတကြောင်းပဲ ဖြစ်ပါတယ်။

ဆရာကြီး ရဲ့ စာကို ကျွန်တော် ဖတ်ကြည့်တယ်။  သဘောမပေါက်ဘူး၊ အ အဓိပ္ပာယ်ကတော့ ရိုးရိုးစင်းစင်း ပါ။  ရိုးစင်းလွန်းလို့ နားမလည်နိုင်သလို ဖြစ်ရတယ်။  လွယ်လွယ်လေးနဲ့ မရှင်းလင်းလို့ မြှုပ်ကွက် တခုခုတော့ ပါနေပြီဆိုတာ သဘောပေါက်လိုက်တယ်။  ဒါပေမယ့် ဆရာကြီးကို ပြန်မေး မနေတော့ဘူး။  မေးရင်လည်း ဆရာကြီးက ဖြေမှာ မဟုတ်ဘူး။  ဆရာကြီးရဲ့ ဉာဉ်ကို ကျွန်တော် သိတယ်။

ဆရာကြီး က သူလည်း စဉ်းစားတယ်၊ သူတပါးကိုလည်း စဉ်းစားစေချင်တယ်။  သူက စဉ်းစားစေချင်လို့ ပြောတဲ့ စကားတခွန်းကို ဦးနှောက်ကြောတင်းအောင် မစဉ်းစားဘဲ ခွန်းတုံ့ပြန် မေးနေရင် မကြိုက်ဘူး၊ ပြန်လည်း မဖြေဘူး။

နှစ်ပေါင်း နှစ်ဆယ်က ဆရာကြီး ရေးပေးခဲ့တဲ့ စာရဲ့ အဓိပ္ပာယ်ကို ဒီကနေ့ထိ ကျွန်တော် တနုံ့နုံ့ တွေးပြီး အဖြေရှာနေမိတုန်း ရှိပါသေးတယ်။  ဆရာကြီးရဲ့ စာက ဒီနေ့ထိလည်း ပဟေဠိ ဆန်တုန်းပဲ ရှိသေးတာမို့ ဘယ်လို တွေးကြည့်ကြည့် သဘော မမိမြဲ မမိ ဆိုသလို ဖြစ်ရတုန်း ရှိပါသေးတယ်။

ဆရာကြီး ရဲ့ တကြောင်း စာချွန်လေးက ရှင်းရှင်းလေးပါ။

‘သတင်းစာလုပ်ငန်းဆိုတာ လက်စားချေခြင်းလား၊ ရန်တုံ့ပြန်ခြင်းလား’၊ အဲ့ဒီလို အပေါ်ယံကြော အဓိပ္ပာယ်ဖွင့်လို့ ရတဲ့ ဝါကျလေး ဖြစ်ပါတယ်။  (အင်္ဂလိပ်လို Is Journalism Vengeance?)

သမ္မာကျမ်းစာ ကမ္ဘာဦးကျမ်း၊ တရားဟောရာ ကျမ်း၊ ဆာလံကျမ်း၊ ယေရမိ အနာဂတ္တိ ကျမ်းတွေမှာ အဲဒီ စကားလုံးကို အပြစ်ပေးခြင်း၊ ဒဏ်ပေးခြင်းလို့ တပြေးတည်း အနက် ပေးကြတယ်။

ရှိတ်စပီးယား ပြဇာတ်တွေမှာ ဥပဒ် ပေးခြင်း၊ အန္တရာယ်ပြုခြင်း၊ ကျိန်စာတိုက်ခြင်း စတဲ့ သဘောတွေ နဲ့ အဲဒီ စကားလုံးကို သုံးလေ့ ရှိတယ်။  ‘အကျွန်ုပ်အား ဥပဒ် မပေးပါလင့်၊ သင့်အား ကျိန်စာသင့်စေသတည်း’ စတဲ့ အဆို အပြော တွေကို ပြဇာတ်တွေမှာ တွေ့ရတတ်တယ်။

အင်္ဂလိပ် အဘိဓာန် အကျယ်တွေမှာတော့ ဒီ ဝေါဟာရကို မကောင်းဆိုးဝါး၊ အကုသိုလ် တရား၊ အနိဋ္ဌာရုံ၊ ကံဆိုး မိုးမှောင်၊ အမနာပ၊ သွားပုပ်လေလွင့်၊ ချောပစ်ဂုံးပစ်၊ အမှောင့် ပယောဂ၊ ကပျက်ယပျက်၊ ဖရုဿဝါစာ၊ ခလောက်ဆန်ခြင်း၊ နှောင့်ယှက် မှောင့်အောင့်ခြင်း၊ အကျိုးနည်းစေခြင်း စတဲ့ အနက်မျိုးတွေ စုံနေအောင် ပေးပါတယ်။

အဘိဓာန်တွေက ပေးတဲ့ အနက်ကို ယူပြီး ဆရာကြီး ရဲ့ တကြောင်းစာချွန်ကို အနှစ်ချုပ် အဓိပ္ပာယ် ဖွင့်ရင် နှစ်မျိုး ရနိုင်တယ်လို့ ထင်တယ်။

တမျိုးက ‘စာနယ်ဇင်း လုပ်ငန်းဆိုတာ အမှောင့်ပယောဂ လား’၊ နောက် တမျိုးက ‘စာနယ်ဇင်း လုပ်ငန်း ဆိုတာ ကျိန်စာလား’။  ဒီ အဓိပ္ပာယ် နှစ်မျိုးမှာ ဘယ် အဓိပ္ပာယ်နဲ့ ဆရာကြီး ရည်ညွှန်းခဲ့ပါလိမ့်၊ ကျွန်တော် အတပ် မပြောနိုင်ပါ။  ပြောနိုင်စရာ တခုသာ ရှိပါတယ်။  အဓိပ္ပာယ် နှစ်မျိုးလုံး မှာ ကြိုက်တဲ့သူ နှစ်မျိုး နှစ်စား ရှိနိုင်တယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

စာနယ်ဇင်းလုပ်ငန်းကို လည်မျိုထဲ စူးနေတဲ့ အရိုးလို သဘောပိုက်သူတွေက ပထမ အဓိပ္ပာယ် ကို အကြိုက် တွေ့စရာ  အကြောင်း ရှိပါတယ်။

စာနယ်ဇင်းလုပ်ငန်း မှာ ဘဝနှစ်မြှုပ်ပြီး လုပ်ကိုင် နေသူတွေ အဖို့တော့ ဒုတိယ အဓိပ္ပာယ် ဟာ သူတို့ ကြုံတွေ့ခံစားရလေ့ ရှိတဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေနဲ့ တသားတည်း ကိုက်ညီတယ်ရယ်လို့ ထင်မြင်စရာ အကြောင်းရှိပါတယ်။

ဆရာကြီး အဲဒီ စာတိုကလေးကို ရေးခဲ့တဲ့ အချိန်လောက်တုန်းက ကမ္ဘာ့ စာနယ်ဇင်း လောကမှာ အကြောင်း အမျိုးမျိုး နဲ့ စာနယ်ဇင်းတွေ ဇီဝိန်ကြွေ နေရတယ် မဟုတ်လား။  စာနယ်ဇင်းသမားတွေ ကလောင်ကျိုးနေရတယ် မဟုတ်လား။  စာနယ်ဇင်းသမားတွေ ကိုယ့်ကလောင် ပါးစပ်မြဲအောင်ကိုယ် ဇက်ဆွဲ နေရတယ် မဟုတ်လား။  ဒါတွေကို ဆရာကြီး ကြားသိနေခဲ့တာပေါ့။

အဲဒီအချိန်တုန်းက ပြည်သူပိုင် သတင်းစာ တစောင်ကတောင်မှ ကမ္ဘာ့ စာနယ်ဇင်းလောကကို လှမ်းမျှော်ကြည့်ပြီး ‘သတင်းစာဆိုတာ ဘာလဲ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ခေါင်းကြီးပိုင်း အာဘော် ရေးခဲ့ဖူးသေးတယ် မဟုတ်လား။  (ဟံသာဝတီ ၉ နိုဝင်ဘာ ၁၉၇၄ ရှု။)

သတင်းစာဆိုတာ ဝါဒဖြန့် စာရွက်လား၊ မှန်ပါ့ဘုရား သံတော်ဦး တင်လွှာလား၊ ဗောင်းတော်ညိတ် စိတ်တော်သိ ဘုန်းတော်ဘွဲ့ စာတမ်းလား၊ အားလုံး ကောင်းပါသည် ခင်ဗျား အစီရင်ခံစာလား၊ ခိုင်းရာရေး၊ ပေးရာ ထုတ်ပြန်သည့် ပြန်ကြားရေး စာစဉ်လား၊ လက်ညှိုးညွှန်ရာ ရေ ဖြစ်ချင်သူတို့ ၏ ဖောင်တော်စီး လက်မှတ်လား။

အာဏာ နှင့် ငွေကို ရေလိုသုံးကာ ကိုယ်ကျိုး ရှာသူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒရေး ဖောက်ပြန်သူ၊ အာဏာ နှင့် အခွင့်အရေး အလွဲသုံးသူတို့၏ အသိပျက်မှု၊ အကျင့်ပျက်မှု၊ တာဝန်ပျက်မှု၊ စည်းကမ်းပျက်မှု၊ ယုံကြည်ချက်၊ ခံယူချက် ရပ်တည်ချက် ပျက်မှု များကို ဖုံးကွယ်ပေးသည့် စက္ကူကန့်လန့်ကာ လား။

အမှန်တရား၊ အရှိတရား၊ အဖြစ်တရားများကို ပိတ်ဟဲ့၊ ကာဟဲ့၊ တားဟဲ့၊ ဆီးဟဲ့၊ လျှို့ဟဲ့ ဝှက်ဟဲ့ နှင့် သတင်းထောက်က တကောက်ကောက် လိုက်ခြင်း၊ သတင်းစာ က တစာစာ ရေးခြင်းကို မခံနိုင်၊ မရပ်နိုင် ဖြစ်ကာ ပြည်သူတို့ကို နားမျက်စိ ပိတ်ပြီး အကြံတုံး၊ ဉာဏ်တုံး ဖြစ်အောင် ပြုလုပ်ရာ၌ အသုံးပြုသည့် စက္ကူ မျက်နှာဖုံး လားရယ်လို့ အမေးရှိခဲ့ဖူးသေးတယ် မဟုတ်လား။

ဆရာကြီး ကိုယ်တိုယ်ကတော့ ဘယ် အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဆိုလိုကြောင်း အပ်ချမတ်ချ အတည်ပြု မသွားပါဘူး။  အဲဒီ စာတိုလေးကို ရေးပြီးတဲ့ နောက် ငါးနှစ်ကျော် အကြာမှာ ဆရာကြီး ရွှေဥဒေါင်း ကွယ်လွန်သွားခဲ့ပါတယ်။

အဲဒီ ငါးနှစ် ကာလ တလျှောက်လုံး မပြတ်မလပ် ဆိုသလို ဆရာကြီး ထံပါးမှာ ကျွန်တော် ဆည်းကပ် ထိတွေ့နေခဲ့ပါတယ်။  ဒါပေမယ့် စာရဲ့ အဓိပ္ပာယ် ကို ဆရာကြီး ဖွင့်ဆိုသွားသံ မကြားခဲ့ရတော့ပါဘူး။

ဝင်းတင်
စက်တင်ဘာ ၄၊ ၁၉၈၈
ဝရဇိန် သတင်းစာ

 

(ဆရာ ဦးဝင်းတင် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ နေ့စွဲနှင့် ရေးသားခဲ့ပြီး ရှစ်လေးလုံး အရေးတော်ပုံကြီး ကာလ ဆရာ ထုတ်ဝေခဲ့သည့် ၀ရဇိန်သတင်းစာမှာ ပုံနှိပ် ဖော်ပြခဲ့သည်။  ယခု ဆရာဦးဝင်းတင် အမှတ်တရ အဖြစ် မိုးမခ က ၂၀၀၅ ခုနှစ် မတ်လထုတ် ဥဒါန်းမဂ္ဂဇင်းပါ ဗားရှင်းကို  အခြေခံ၍ ပြန်လည် စာရိုက် တင်ဆက်ခြင်း ဖြစ်သည်။  မူလ ပုံနှိပ်ဖော်ပြခဲ့သည့် စာနယ်ဇင်းများကို ကျေးဇူးတင်ရှိကြောင်း မိုးမခ က မှတ်တမ်းတင်အပ်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဟံသာဝတီ ဦးဝင်းတင်, ပြန်လည်ဆန်းသစ်ခြင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်