ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း (၁၀+၁၁+၁၂)

April 25, 2014

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း (၁၀+၁၁+၁၂)

ဟံသာဝတီ ဦးဝင်းတင် ၏ ကိုယ်တိုင်ပြော ဘဝဇာတ်ကြောင်း

(မူလ လွတ်လပ်တဲ့ အာရှအသံ ရေဒီယို အစီအစဉ်၊ မိုးမခ ပြန်လည်ဆန်းသစ်ခြင်း)

ဧပြီ ၂၅၊ ၂၀၁၄

 Photo by James Mackay

Copyright © James Mackay / enigmaimages.net

 

အပိုင်း (၁၀)

 

ရန်ကုန်တက္ကသိုလ်တက်နေစဉ်မှာပဲ သတင်းစာလောကကို ဦးဝင်းတင် စတင်ခြေချခွင့် ရခဲ့ပါတယ်။

 

ဦးဝင်းတင် – အဲဒီအချိန်တုန်းက စာအုပ်စာတမ်းလေးတွေကလည်း ထွက်နေတာပဲဗျ။  သိပ်ပြီးတော့လည်း ဟုတ္တိပတ္တိ မဟုတ်ဘူး။  ဈေးကလည်း တမူးဖိုးတို့၊ တမူး ဆိုတာ (၁) ကျပ်ဖိုး ရှစ်စောင်ပေါ့ဗျာ၊ ဂျာနယ်လေးတွေ ထွက်တယ်ဗျာ။  သတင်းစာ တစောင် တပဲတန်သတင်းစာ တို့ ဘာတို့တောင် ရှိတယ်ဗျ။  သူများတွေက လေးဖောင်ပေါ့။  လေးဖောင်ဆိုတာ (၁၆) မျက်နှာလောက် ထုတ်တဲ့အချိန်၊ သူတို့က နှစ်ဖောင်ပေါ့၊ (၈) မျက်နှာလောက်ထုတ်တာပေါ့။ အဲလို သတင်းစာတွေလည်း ထွက်တယ်ဗျ။

 

သတင်းစာလောကတို့ စာပေလောကတို့ကို ကြည့်လိုက်တဲ့အခါ ကျတော့လည်း နာမည်ကြီး ဆရာတွေကလည်း ဥပမာဆိုပါတော့ဗျာ ဆရာကြီး မဟာဆွေ ဆိုပါတော့ဗျာ ဟုတ်လား၊ ဆရာမကြီး ခင်ဆွေဦးရဲ့ ဖခင်ပေါ့ဗျာ၊ ဥပမာ ဆရာဇ၀နလို ပုဂ္ဂိုလ်တွေ၊ ဆရာကြီးရွှေဥဒေါင်းလို ပုဂ္ဂိုလ်ကလည်း ကျော်ကြားတုန်းဗျ။  နောက်တခါ အလားတူပဲ လူထုဦးလှတို့၊ လူထုဒေါ်အမာလို သတင်းစာဆရာကြီးတွေကလည်း အလွန်ကို ကျော်ကြားနေတဲ့ အချိန်..နော်။

 

အဲဒီတော့ ရန်ကုန်ဘက်တခါ ပြန်ပြီးတော့ လှည့်ကြည့်လိုက်တဲ့အခါကျတော့ ရန်ကုန်မှာလည်း ဥပမာဆိုပါတော့ တိုးတက်ရေး ဦးစိန်လိုပုဂ္ဂိုလ်တွေ၊ မြို့မမောင်လို ဆရာကြီးတွေ၊ သတင်းစာဆရာကြီး ဦးလူမောင်လို ပုဂ္ဂိုလ်မျိုးတွေ၊ နောက်တခါ စာရေးဆရာ ဓူဝံအနေနဲ့ အလွန်ကျော်ကြားတဲ့ ဆရာကြီးဦးသန်းတင်။

 

အဲဒီပုဂ္ဂိုလ်တွေကြားထဲမှာပေါ့ဗျာ ကျွန်တော်က ယောင်လည်ယောင်လည်နဲ့ အဲဒီကြားထဲ ရောက်သွားတယ်။  သတင်းစာနဲ့ပတ်သက်လို့လည်း သိပ်နားမလည်ဘူး။  နားမလည်လို့ ရေးတတ် သားတတ်သလားဆိုတော့လည်း ရေးတတ်သားတတ်တဲ့အဆင့်လည်း သိပ်မရောက်သေးဘူး။  ကဗျာရေး၊ ၀တ္ထုရေး၊ ဆောင်းပါးရေး ဒီလိုဟာလေးမျိုးလောက်ပေါ့။

 

ကျွန်တော်စံထားရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ထဲက တယောက်ကတော့ သတင်းစာသမားတိုင်း စံပြပုဂ္ဂိုလ်ကြီးအနေနဲ့သတ်မှတ်တဲ့ ဂျာနယ်ကျော်ဦးချစ်မောင်ပေါ့ဗျာ။  သတင်းစာကိုဖိပြီးတော့၊ ဘ၀ကို နှစ်ပြီးတော့ လုပ်တဲ့ပုဂ္ဂိုလ်မျိုးပေါ့ဗျာ။  ဂျာနယ်ကျော် ဦးချစ်မောင်ဆိုတာ ဟုန်းဟုန်းတောက်နေတဲ့ နာမည်ဖြစ်သော်ငြားလည်း သူ့ စာကလည်း များများ ပလူပျံနေတဲ့စာမျိုး မဟုတ်ဘူးဗျ။  အထူးသဖြင့် ကျွန်တော်က ဦးချစ်မောင်ကို သိပ်ကြည်ညိုတယ်။

 

ကျွန်တော်က အဲဒီထဲကို ချာလည်ချာလည်နဲ့ ရောက်သွားတာ။  ကံအားလျော်စွာပဲ ကျွန်တော်က သံတော်ဆင့်ဦးသိန်းမောင်ရဲ့ သံတော်ဆင့်နဲ့သွားဆက်မိတယ်ဗျ။  သံတော်ဆင့်ဦးသိန်းမောင်က ဘယ်မှာရှိလဲဆိုတော့ ဟိုအချိန်တုန်းက ဂလုပ်ရုပ်ရှင်ရုံရဲ့ မျက်နှာချင်းဆိုင်လောက်မှာ အဲဒီမှာ သူ့ရဲ့ သံတော်ဆင့် သတင်းစာတိုက်ပေါ့ဗျာ။  အဲဒါလေး ရှိတယ်ဗျ။  နှစ်ထပ်တိုက်လောက်ကလေး၊ နိမ့်နိမ့်လေးပဲ။  အဲဒီသံတော်ဆင့်ကနေပြီးတော့ အရံထုတ်နေတဲ့ “အကျိုးဆောင်ဂျာနယ်” ဆိုတာ ကျွန်တော်ပထမဦးဆုံး အနေနဲ့ စလုပ်ဖူးတယ်။

 

နောက်ပြီးတော့ သံတော်ဆင့် ကျွန်တော် ၀င်ပြီးတော့ ဟိုဟာဒီဟာ၊ လေ့လာတဲ့ဟာ တို့ဘာတို့၊ ကြည့်ဖူးတယ်။  သံတော်ဆင့်မှာ အဲဒီအချိန်တုန်းက အယ်ဒီတာလုပ်နေတဲ့ ပုဂ္ဂိုလ်က ဦးမောင်မောင်ကြည်လို့ဆိုပြီးတော့ နာမည်ကြီးတဲ့ သတင်းစာဆရာ၊ နောက်ပိုင်းမှာ နန္ဒာတို့ဘာတို့ဆိုတဲ့ ပြင်သစ်ဝတ္ထုတွေကို ဘာသာပြန်သွားတဲ့ ဦးမောင်မောင်ကြည်ဆိုတဲ့ ပုဂ္ဂိုလ်။

 

၁၉၆၃/၄ လောက်မှာ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာကို ထုတ်တဲ့အခါမှာလည်း သူအဲဒီမှာ အယ်ဒီတာ ၀င်လုပ်သေးတယ်ဗျ။  ဦးမောင်မောင်ကြည်ဆီမှာ ကျွန်တော်နည်းနည်းပါးပါး ဟိုဟာလုပ် ဒီဟာလုပ် လုပ်။  နောက်တခါ ဂျာနယ်မှာလည်းကျွန်တော် လုပ်ပေါ့ဗျာ။  သို့သော် အဲဒါကလည်း ဟိုလုပ်ဒီလုပ်၊ ဟိုကခိုင်းဒီကခိုင်းနဲ့ လုပ်ရတာကိုး။ ဒီထဲမှာ အလုပ်ရဆုံးကိစ္စကတော့ ဘာလဲဆိုတော့ စာရေးတဲ့  ဟာတို့၊ တည်းဖြတ်တဲ့ ကိစ္စတို့ ဖောင်သွင်းတဲ့ကိစ္စ၊ ဖောင်ပိတ်တဲ့ကိစ္စဆိုတာမျိုးတွေ လုပ်ရတာထက်ပေါ့ဗျာ၊ အဲဒီ အကျိုးဆောင်ဂျာနယ်ကို ကျွန်တော်တို့က ထုပ်ပိုးပြီးရင် မြို့တော်ခန်းမရဲ့ အခန်းတခန်းမှာရှိတဲ့ စာတိုက်ရှိတယ်ဗျ အဲဒီအချိန်တုန်းက၊ အဲဒီမှာ သွားသွားပြီးတော့ ပို့ရတဲ့ အဆင့်လောက်ပါပဲဗျာ။

 

သို့သော် ကျွန်တော်က သတင်းစာလောကထဲကို စပြီးတော့ ခြေချမိတယ်၊ အသိအကျွမ်းလေး နည်းနည်းပါးပါးရှိတယ်၊ နောက်ပြီးတော့ ခဲစာလုံးအကြောင်းလေး နည်းနည်းနားလည်တယ်၊ စာမျက်နှာဖွဲ့တဲ့အကြောင်းလေး နည်းနည်းနားလည်တယ်၊ ခေါင်းစဉ်တပ်တဲ့ အကြောင်းလေး နည်းနည်းနားလည်တယ်၊ ဘာသာပြန်တဲ့ အကြောင်းလေး နည်းနည်းနားလည်တယ်၊ စသည်ပေါ့ဗျာ၊ တိုလီမုတ်စပေါ့။  ဒီလောက်ပဲ သိပြီးတော့ လေးငါးရှစ်လလည်းကြာရော ပိတ်သွားရောဗျ။ ၁၉၅၀ ထဲလောက် ရောက်သွားပြီပေါ့။

 

အဲဒီတုန်းက စာနယ်ဇင်းသမားအတော်များများဟာ သူ့လိုပဲ ရန်ကုန်တက္ကသိုလ်ကျောင်းဆောင်မှာနေရင်း အလုပ်လုပ်ကြတယ်လို့ ဦးဝင်းတင်က ပြောပါတယ်ခင်ဗျာ။

 

ဦးဝင်းတင် – ကျောင်းဆောင်မှာက အဲဒီခေတ်တုန်းက ထမင်းခတို့ ဟုတ်လား၊ အဆောင်နေခတို့ အားလုံးစုစုပေါင်း (၆၀) ပဲ ကျတယ်ဗျ။  ထမင်းလခက (၄၈) ကျပ်ပေးရတယ်။  အဆောင်နေခက (၁၀) လောက်ပေးရတယ်။  မဂ္ဂဇင်းကြေးဆိုပြီးတော့ နှစ်ကျပ်လောက်ပေးရတယ်။  အဲဒီတော့ ငွေ (၆၀) ပေးလိုက်ရင် ကျောင်းမှာနေလို့ရတယ်ဗျ။  နောက် ကမာရွတ်ကနေ၊ ကျောင်းကနေပြီးတော့ မြို့ထဲကိုထွက်ရင်လည်း တရက်ကို တမူးဆိုရင်လည်း ရှစ်ရက်လောက်ကြာမှ (၁) ကျပ်လောက်ကုန်တယ်၊ ခရီးစရိတ်ပေါ့။

 

ဆိုတော့ ကျွန်တော်က အဲဒီမှာ ဂျာနယ်လေးလည်း လုပ်ရင်း ကျောင်းမှာလည်း နေတယ်။  ဂျာနယ်သွားလုပ်တယ်၊ သတင်းစာမှာသွားလုပ်တယ်။  ဟိုကသင် ဒီကသင် ဟိုလူခိုင်းတာလုပ် ဒီလူခိုင်းတာလုပ်နဲ့ အဲလိုနဲ့နေရင်း ရှစ်လလောက်လည်းကြာရော ဂျာနယ်က ပြုတ်သွားရောဗျ။   တခါ သတင်းစာကပ်မယ်ဆိုပြန်တော့လည်း သံတော်ဆင့်မှာလည်း ကျွန်တော့်ကို နေရာပေးနိုင်လောက်အောင်၊ အလုပ်ခန့်နိုင်လောက်အောင်လည်း သိပ်တောင့်တောင့်တင်းတင်းမရှိဘူး၊ သူကိုယ်တိုင်လည်း သိပ်မကြာခင်မှာပဲ ပြုတ်သွားပြန်ရောဗျ။  ကျွန်တော် အဲဒီမှာ ရန်ကုန်သတင်းစာကို သွားဖို့ ကြိုးစားတယ်။

 

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အပိုင်း (၁၀) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။  ဦးဝင်းတင် စာပေဗိမာန် အလုပ် လျှောက် ဖြစ်ပုံ နှင့် တက္ကသိုလ် ပထမနှစ် ဘီအေ ၀ိဇ္ဇာတန်း အကြောင်းကို ရှေ့အပတ်မှာ ဆက်ပြီး တင်ပြပါရစေခင်ဗျာ။

 

အပိုင်း (၁၁)

 

ဦးဝင်းတင် – အဲဒီမှာ စကားဖြတ်ပြောရင် အဲဒီအချိန်မှာ ကျွန်တော်က… စာပေဗိမာန် စာပြုရာထူး လျှောက် ဖြစ်သွားတယ်။  စာပြုအရာရှိ ဆိုတာ ဟိုကစာဒီကစာ၊ အင်္ဂလိပ်စာတွေစု ပြီးတော့ မြန်မာလို ပြန်ရေးရတယ်ပေါ့ဗျာ။  အဲဒါတွေကိုမှ အယ်ဒီတာဆီတင်ပြ၊ အယ်ဒီတာကမှ အယ်ဒီတာချုပ်ဆီတင်ပြပြီးတော့ စာအုပ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ် ထုတ်တယ်ပေါ့ဗျာ စသည်ပေါ့၊ စာကိုပြုပေးတဲ့သူ၊ စာပြုအရာရှိခေါ်တယ်။

 

သူငယ်ချင်း ကိုကျော်တင့် ကနေ အဲဒီ အလုပ်ခေါ်နေတယ်ဗျ၊ ခင်ဗျားလျှောက်ပါ့လား နော် ဆိုပြီး တိုက်တွန်းတယ်။

 

ဆိုတော့ ကျွန်တော်ကလည်း ဘာမှလည်း လုပ်စရာလည်းမရှိဘူး၊ နောက်ပြီးတော့ စာပေပိုးလေးကလည်း နည်းနည်းဝင်နေပြီဗျ၊ ကျောင်းကတော့ တက်နေတာပဲပေါ့ဗျာ ဟုတ်လား၊ ဥပစာတန်းလည်း ကျွန်တော် အောင်ပြီးပြီ။ ကျောင်းမှာလည်း နေတုန်းပဲ။

 

သို့သော် ကျွန်တော့်စိတ်ထဲမှာ စာပေလုပ်ငန်းပဲ လုပ်ချင်တော့တယ်ဆိုတော့ သူပြောတော့ အဲကောင်းသားပဲဗျာ ဆိုပြီးတော့ ကျွန်တော် လျှောက်လွှာလေးရေးတယ်ဗျာ။  ရေးပြီးတော့ သူ့လက်ထဲပဲ ပေးလိုက်တယ်။  သူကပဲ အဲဒါကိုယူပြီးတော့ လျှောက်လွှာတွေလက်ခံတဲ့ဌာနကို ပေးလိုက်တယ်ဗျ။  ပေးလိုက်ပြီး မေ့သွားရော ကျွန်တော် ဒီလိုပဲနေတယ်။

 

အဲဒါနဲ့ ပထမနှစ် ဘီအေ၀ိဇ္ဇာတန်းကို စပြီးတော့ တက်တယ်ဗျ။  အဲဒီတော့ကျွန်တော် ဘီအေ မှာ ဘာယူလဲဆိုတော့ ဘာသာရပ် အနေနဲ့ကတော့ အဲဒီအချိန်မှာ မြန်မာစာကျွန်တော်တို့ သင်စရာမလိုတော့ဘူးဗျ။  ဘီအေတန်းကျတဲ့ အခါကျတော့ မူရင်းအင်္ဂလိပ်စာလို့ခေါ်တဲ့ Compulsory English ပေါ့ဗျာ၊ ဒါဘီအေမှာ ယူကိုယူရတဲ့ အင်္ဂလိပ်စာ။  နောက်တခု ကတော့ Political Science လို့ခေါ်တဲ့ နိုင်ငံရေးဗေဒ သင်ရတယ်ဗျာ။  Modern History လို့ခေါ်တဲ့ ဥရောပခေတ်သစ်သမိုင်းကို ကျွန်တော်တို့ ယူရတယ်ဗျာ။  ပြီးတော့ English Literature ဆိုတဲ့ အင်္ဂလိပ်စာတွေကို ယူတယ်ဗျာ။  အဲဒီဘာသာတွေကတော့ အဲဒီအချိန်တုန်းကတော့ အလွန်ထိပ်တန်းကျတဲ့ ဘာသာတွဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဟာက BCS တို့ဘာတို့ဆိုတဲ့ အဲဒီခေတ်တုန်းက ခေတ်စားတဲ့ အရာရှိ စာမေးပွဲတို့ဘာတို့ ၀င်ဖြေတာတို့၊ သို့မဟုတ်ရင်လည်း အစိုးရဌာန စာမေးပွဲတွေ ၀င်ဖြေတာတို့ နောက်တချက် ကလည်း ခုနကပြောသလို ဘာသာရပ်ဆိုင်ရာ အနေနဲ့ကျတော့လည်း နည်းနည်းဟို ဂုဏ်သရေနည်းနည်းပိုပြီးတော့ရှိတဲ့ ဘာသာတွဲပေါ့ဗျာ။

 

အဲ လူအများကြီးယူတာနဲ့ ကျွန်တော်လည်း အဲဒါ ကျွန်တော်လည်း ယူလိုက်တာပါပဲ။  ယူပြီးတော့ လက်ချာတွေတော့ ကျွန်တော် နားထောင်တယ်ဗျ။  ဒေါက်တာထင်အောင် သင်ပုံသင်နည်းတို့၊ ဒေါက်တာထင်အောင် ကဗျာကို ဖွင့်ဆိုပုံတို့ကို ကျွန်တော်သဘောကျတယ်၊ သွားနားထောင်တယ်ပေါ့ဗျာ။

 

ထူးထူးခြားခြားမှတ်မိတာကတော့ အိုမာခယမ်ဆိုတဲ့ ပါရှင်ကဗျာဆရာကြီးပေါ့ဗျာ၊ အခုခေတ်တော့ အီရန်လို့ခေါ်တဲ့ နိုင်ငံကနေပြီးတော့ ကဗျာဆရာကြီး ထွက်တယ်ဗျနော်။  သင်္ချာပညာရှင်ကြီးလည်း ဖြစ်တယ်၊ နောက်ပြီးတော့ ထင်ရှားတဲ့ ကဗျာဆရာကြီးလည်း ဖြစ်တယ်။  အိုမာခယမ်ရဲ့ကဗျာတွေကို ကျွန်တော် မှတ်မိတယ်။

 

နောက်ပိုင်းမှာကျွန်တော် အကျဉ်းထောင်ထဲရောက်တဲ့ အခါမှာ အသုံးကျတယ်ပေါ့ဗျာ ဟုတ်လား။  အကျဉ်းထောင်ဆိုတာဟာ ကျောင်းသင်ခန်းနဲ့အတူတူပဲ၊ ထူးမခြားနားပဲ၊ ဆိုတဲ့ကဗျာမျိုးလေးတွေကို အဲဒီခေတ်ကစပြီးတော့ သင်ဖူးတယ်ပေါ့ဗျာ။

 

အလားတူပဲ ဒီ တက်နစ်ဆန်တို့ဘာတို့ဆိုတဲ့၊ ရောဘတ် ဘရောင်နင်တို့ရဲ့ ကဗျာတွေပေါ့ဗျာ။  နောက်ပြီးတော့ ကျွန်တော်တို့ ရှိတ်စပီးယားရဲ့ ပြဇာတ်တွေ၊ Othello တို့ဘာတို့ Macbeth တို့ဘာတို့ဆိုတဲ့ဟာတွေ ကျွန်တော်တို့ သင်ရတယ်။

 

ပြောရင်းဆိုရင်း မောင်စွမ်းရည်ရဲ့ ကဗျာတပုဒ်ကို သွားသတိရတယ်။  Macbeth ဘုရင်ကြီးက လူတွေဘာတွေ သတ်လွန်းအားကြီးတဲ့အခါကျတော့ မောင်စွမ်းရည်က ကဗျာတပုဒ်ရေးဖူးတယ်၊ “ဆပ်ပြာ” ဆိုတဲ့ ကဗျာ။  ဗမာပြည်မှာကလည်း မဆလ လက်ထက်မှာ ဆပ်ပြာက အလွန်ရှားနေတဲ့အချိန်…။  ဒီ Macbeth ဘုရင်ကြီးကလည်း သူ့လက်ကိုဆေးချင်လို့ ဆပ်ပြာကလည်း မရှိဘူး။  သူ့လက်ဆေးချင်တဲ့အကြောင်းက ဘာလို့လဲဆိုတော့ သူသည်လူတွေသတ်လွန်းအားကြီးလို့ သူ့လက်ကလည်း သွေးစွန်းနေတဲ့လက်ပေါ့ဗျာ။  ဒီလက်ကိုဆေးဖို့ ဆပ်ပြာကလည်းမရှိဆိုတဲ့ အဲလိုဆန်ဆန်ကဗျာလေးတွေကို ကဗျာရေးတာ၊ အလွန်ကျော်ကြားတဲ့ ကဗျာဗျာ။

 

အဲလိုပေါ့ဗျာ၊ ပက်ထရန်ရီဇက်စာအုပ်တွေလည်း အများကြီးသင်ရတယ်၊ H.G. Well ၀တ္ထုစာအုပ်တွေ အများကြီးသင်ရတယ်။  အလားတူပဲ နိုင်ငံရေးဗေဒနဲ့ပတ်သက်လို့လည်း ဆရာ ဦးဘညွန့်က စကားပြောတာ တယ်ကောင်းတာကိုးဗျ။  အင်္ဂလိပ်စာကလည်း အသံနေအသံထား၊ အဖြတ်အတောက် တယ်ကောင်းတာကိုး။ အင်္ဂလိပ်တယောက်များ ပြောနေသလားလို့ ထင်ရအောင်ကို တော်တော်ကောင်းတဲ့၊ ပလေတိုတို့ဘာတို့ ခေတ်ကနေပြီးတော့၊ ဆော့ခရိတ်တီးဆိုပါစို့၊ ခေတ်ကနေပြီးတော့ ဟော့တို့လော့ဒ်တို့ စသည်ပေါ့ဗျာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မျိုးစုံအကြောင်း၊ ဆိုတော့ ကျွန်တော်က ကျောင်းမတက်လှပေမယ့်လို့ ဆရာဦးဘညွန့်ရဲ့ လက်ချာလိုဟာမျိုး၊ ဒေါက်တာထင်အောင်ရဲ့ လက်ချာလိုဟာမျိုး၊ သွားပြီး တက်တက်နားထောင်တယ်ပေါ့ဗျာ။

 

၁၉၅၀ ခုနှစ် ဇွန်လောက်လည်းကျရော ကိုကျော်တင့်ကနေပြီးတော့ တရက် စာယူလာတယ်ဗျ။  စာပေဗိမာန်ရဲ့ စာပြုရာထူးအတွက်၊ ယူလာပြီး ကိုဝင်းတင်တဲ့ ခင်ဗျားစာမေးပွဲသွားဖြေပေတော့ ဆိုတော့၊ ဒါနဲ့ ကျွန်တော် တရက် အဲဒီမြို့မကျောင်းမှာ ဖြေရတယ်ဗျ။  ဖြေတဲ့လူက အားလုံးပေါင်း (၂၀၀) ကျော်ကျော်လောက်ကို ၀င်ဖြေကြတာဗျ။ ဘာဖြစ်လို့လဲဆိုတော့ စာပေဗိမာန်မှာက အလုပ်ချိန် သူများထက် တနာရီလောက်လျော့တယ်ဗျ။  အဲဒီတော့ နယ်ကိုမသွားရဘူး ဟုတ်လား၊ လခကောင်းတယ်၊ ဒီဟာကိုဝိုင်းတိုးပြီးတော့ ဖြေကြတယ်ဗျ။

 

တလလောက်ကြာတဲ့အခါကျတော့ ကျွန်တော်က စာမေးပွဲအောင်သွားတယ်ဗျ။  ကျွန်တော် မှတ်မိသလောက် ငါးယောက်အောင်တယ်ဗျ။  ၁၉၅၀ အောက်တိုဘာလဆန်း (၁) ရက်နေ့မှာ ကျွန်တော် စာပေဗိမာန်မှာ စာပြု စပြီးတော့ လုပ်ရတယ်ဗျ။ ၀န်ထမ်းယောင်ယောင် ဘာယောင်ယောင်နဲ့ ကျွန်တော် စာပေလောကထဲကို ရောက်တယ်လို့ ဆိုရမှာပေါ့ဗျာ။  စာပေဗိမာန်ကိုရောက်တဲ့အခါကျတော့  စာပေလောကသတင်းစာလောကမှာ လူတွေရဲ့ဆက်ဆံပုံ၊ ပြောဆိုပုံ၊ အလုပ်လုပ်ပုံ၊ အသိုင်းအ၀ိုင်းတွေက တော်တော်ကွာတာပဲဗျာ။ စာပေဗိမာန်က အစိုးရရုံးကြီးတရုံးမှာ အရာရှိကြီးလုပ်ကိုင်နေသလို ဖြစ်နေတယ်ဗျ။ ကျွန်တော့်မျက်စိထဲမှာ နည်းနည်းမှမပျော်ပိုက်ဘူး။

 

သို့သော် အဲဒီလို ခမ်းကြီးနားကြီးနဲ့ လူတွေနေထိုင်လုပ်ကိုင်နေတဲ့ ဌာနမှာပဲ၊ ကျွန်တော့်ကို လူရာသွင်းပြီးတော့ စကားပြောတဲ့ စာရေးဆရာကြီးတွေလည်း ကျွန်တော်သွားတွေ့ရတယ်ဗျ။  အဲဒီထဲမှာ ကျွန်တော်မှတ်မိတဲ့လူဆိုရင်တော့ အကြီးဆုံးပုဂ္ဂိုလ်ကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ် ပေါ့ဗျာ၊ စာပေကျေးဇူးရှင် ပေါ့။

 

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အပိုင်း (၁၁) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။  ဦးဝင်းတင် AFP မှာ ညပိုင်း သတင်း အယ်ဒီတာ လုပ်ဖြစ်ပုံ နှင့် အိုးဝေ ဦးညိုမြ ရဲ့ အိုးဝေ မှာလည်း ဝင်ရောက် ကူညီဖြစ်ပုံ အကြောင်းတွေကို ရှေ့အပတ်မှာ ဆက်ပြီး တင်ပြပါရစေခင်ဗျာ။

အပိုင်း (၁၂)

 

ဦးဝင်းတင် – အဲဒီ အချိန် ကျနော် AFP မှာလည်း ညပိုင်း လုပ်ဖြစ်တယ် ဗျ။  AFP ဆိုတာ ကျော်ကြားတဲ့၊ ထင်ရှားတဲ့ ပြင်သစ် သတင်းဌာနပဲဗျနော်။  Reuter ဆိုတာ အင်္ဂလိပ်၊ AP နဲ့ UPI က အမေရိကန်သတင်းဌာန စသည်ပေါ့ဗျာ၊ အဲဒီလိုရှိသလိုပဲ AFP ကလည်း ပြင်သစ်သတင်းဌာနပေါ့ဗျာ။

 

အဲဒီသတင်းဌာနကလည်း အဲဒီအချိန်တုန်းကတော့ ခပ်ချာချာပါဗျာ။  ခပ်ချာချာဆိုတာ စက်မှုနည်းပညာတွေအရ ခပ်ချာချာပဲ။  ဘာဖြစ်လို့လဲဆိုတော့ တယ်လီပရင်တာတောင် မရှိသေးဘူးဗျ။  ကျွန်တော်တို့ ဘာနဲ့လုပ်ရလဲဆိုတော့ မော့စ်ကုတ် (Morse Code) လို့ခေါ်တဲ့ ဒီ တီတီတီတီဆိုတဲ့ ဒီမော့စ်ကုတ်နဲ့ ကျွန်တော်တို့ လုပ်ရတယ်ဗျ။ အဲဒါတွေကို မော့စ်ကုတ်တွေကို ဖမ်းတဲ့လူတွေက ဘယ်သူတွေလဲဆိုလို့ရှိရင် ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံးက အလုပ်သမားတွေပေါ့ဗျာ၊ အဲဒီ မော့စ်ကုတ် ဖမ်းတတ်တဲ့လူတွေပေါ့၊ Wireless Operator ခေါ်တာပေါ့ဗျာ၊ သူတို့အားတဲ့ အချိန်တွေမှာ လာလုပ်တယ်။

 

အဲဒီတော့ မော့စ်ကုတ်လုပ်တယ်ဆိုတဲ့ဟာက သူက၊ အသံကြားတာ သူက ရိုက်နေတာ။  ဥပမာဆိုပါတော့ ဘောလုံးပွဲရှိတယ်ဆိုရင် တိုက်ရိုက်အသံလွှင့်တာတွေ ရှိတယ်။  ဘောလုံးဆွဲရင်သူတို့က လက်ကနေ တီတီတီ ဆိုတာကို ရိုက်နေတာပဲဗျ။  တဘက်ကလည်း ဘောလုံးပွဲအသံလွှင့်နေတာကို နားထောင်တာပဲဗျ။  တခါတလေကျ လူဆိုတာက အမှားတွေလည်း ပါတယ်ဗျ။  ကျွန်တော်တို့မှာ အဲဒီ ဘောလုံးပွဲတို့ဘာတို့ လာတဲ့အခါမှာ ပြင်ပေတော့ပဲ။  မြို့တွေရဲ့ အမည်နာမည်တွေ စာလုံးပေါင်းတွေမှား၊ စသည်တော့ ဖြစ်တာပေါ့ဗျာ။ သို့သော် ပျော်စရာလည်းကောင်းတယ်ဗျာ။ ကျွန်တော်တို့ လုပ်တာပဲ၊ တခါတလေ ညဆိုရင် တခါတလေ တစ်နာရီ၊ နှစ်နာရီအထိ လုပ်တာပဲဗျ။

 

နောက်တခါ ကျွန်တော်တို့ အဲဒီတုန်းကဆိုရင်၊ ကျွန်တော့်တာဝန်ဆိုလို့ရှိရင် ညနေခြောက်နာရီလောက် ရောက်တယ်၊ သတင်းတွေ ကျွန်တော် တည်းဖြတ်တယ်။  နိုင်ငံခြားသတင်းတွေပေါ့ဗျာ ဖြတ်၊ ဆက်ပြီးတော့ Edit လုပ်၊ Edit လုပ်ပြီးရင် ကျွန်တော် ဘယ်ကိုပို့ရလဲဆိုတော့ ဟံသာဝတီတို့၊ ရန်ကုန်သတင်းစာတို့ ဆိုတာမျိုးတွေကို ဗမာ့ခေတ်ဆိုတဲ့ ဟာမျိုးတွေကို ပို့ရတယ်ဗျ။  နေးရှင်း ကိုလည်း ကျွန်တော်တို့ ပို့ရတယ်ဗျ။

 

တခါ မနက်အစောကြီးဆိုလို့ရှိရင်၊ ငါးနာရီလောက်မှာ လူထုသတင်းစာတိုက်က မန္တလေးမှာရှိတော့၊ လူထုသတင်းစာတိုက်ကို အဲဒီကျွန်တော်တို့ အဲဒီ ညကနေပြီးတော့ရတဲ့ သတင်းတွေ၊ ကျွန်တော်တို့က လေယာဉ်ပျံနဲ့ ပို့ရတယ်ဗျ။  ပို့ပြီးတော့ ပို့တဲ့အခါကျတော့ လေယာဉ်ပျံက ခြောက်နာရီလောက်ဘာလောက် ထွက်တယ်နဲ့တူပါတယ်။  လူထုသတင်းစာက နေပြီးတော့ ကားလွှတ်ပြီးတော့ သတင်းတွေကို ယူတယ်။ အဲဒီတော့ ကျွန်တော်က ငါးနာရီလောက် ထပြီးတော့ အလုပ်လုပ်ရတယ်။  လုပ်ပြီးတော့ နောက်ဆုံးသတင်းတွေကို လူထုကို ထည့်ပေးလိုက်တယ်။

 

အဲဒီမှာ ဘာအချက်တခု သွားရလဲဆိုတော့ သတင်းစာနဲ့သွားချိတ်မိတာ။  အဲဒီ စပက်လမ်းနဲ့ နှစ်လမ်းလောက်ခြားတဲ့ လွစ်စလမ်းမှာ အိုးဝေသတင်းစာရှိတယ်။  နာမည်ကျော်သတင်းစာဆရာကြီး ဦးညိုမြ ဦးစီးထုတ်တဲ့ အိုးဝေသတင်းစာပေါ့။  အိုးဝေကလည်း အဲဒီအချိန်တုန်းက စုတ်ပြတ်သတ်နေတာ။  ပိုက်ဆံလည်းမရှိဘူး၊ သတင်းထောက်လည်းမရှိဘူးဗျာ။  တော်ကြာဟိုလူက၀င်လာလိုက်၊ လုပ်သွား၊ ထွက်သွားလိုက်၊ ဒီလူက၀င်လာ၊ လုပ်သွားထွက်သွားလိုက်၊ သတင်းစာတက္ကသိုလ်ဆိုတဲ့ နာမည်ရှိတဲ့အတိုင်းပဲ ဒီသတင်းစာမှာ ကြေးမုံဦးသောင်းလို ပုဂ္ဂိုလ်မျိုး၊ စိန်ခင်မောင်ရီလို ပုဂ္ဂိုလ်မျိုး၊ သာဂဒိုးလိုပုဂ္ဂိုလ်မျိုး၊ အခြားအခြားသော နာမည်ကြီးသတင်းစာဆရာတွေပေါ့ဗျာ၊ လုပ်ကိုင်ဖူးတဲ့သတင်းစာဗျနော်။

 

ဒါပေမဲ့လို့ လုပ်ငန်းအုပ်ချုပ်မှုတို့ စီစဉ်မှုတို့မှာ ဦးညိုမြက ဖြစ်ကတတ်ဆန်း လုပ်တတ်တယ်၊ သို့မဟုတ်လည်း ငါ့သတင်းစာဆိုတဲ့ ဟန်မျိုး အာရုံစွဲလမ်းမှုတွေ သိပ်မထားဘဲနဲ့ လွယ်လွယ်ကူကူ၊ ပေါ့ပေါ့ပါးပါးလေး လုပ်တယ်လို့လည်း ပြောချင်ပြောပေါ့ဗျာ။  အဲဒီလိုလုပ်တတ်တဲ့အတွက် သတင်းစာက တကယ့်ကို ပရမ်းပတာပဲဗျာ။  ဖြစ်ချင်သလိုဖြစ်နေတဲ့ သတင်းစာပေါ့ဗျာ။

 

အဲဒီတော့ အဲဒီသတင်းစာမှာက အဲဒီအချိန်တုန်းက သတင်းထောက်တယောက်ပဲရှိတယ်ဗျ။  သို့မဟုတ်လည်း အယ်ဒီတာအဖွဲ့အထဲမှာ ပုဂ္ဂိုလ်တယောက်တည်းပဲရှိတယ်ဗျ။  အဲဒီလူက ဘယ်သူလဲဆိုတော့ ပခုက္ကူမြို့သားပေါ့ဗျာ၊ ရဲဘော်ဟောင်း ကိုဘထူးဆိုတာ ရှိတယ်ဗျ။  နောက်တော့ ကိုဘထူးက ဂါးဒီးယန်းသတင်းစာမှာ သွားပြီးတော့ သတင်းထောက်အဖြစ်နဲ့ လုပ်ခဲ့ဖူးတယ်။  အဲဒီတော့ ကိုဘထူးက ဘာလုပ်လည်းဆိုတော့ ကျွန်တော့်ဆီ လာလာပြီးတော့ လည်တယ်။

 

ကိုဘထူးက ဘယ်သူနဲ့သိလဲဆိုတော့ အဲဒီအချိန်မှာ ကိုရွှေမောင်ဆိုတာ နောက်ပိုင်းမှာ အလွန်နာမည်ကျော်တဲ့ သတင်းစာဆရာ၊ ဓာတ်ပုံသတင်းထောက်၊ သို့မဟုတ် သတင်းစာထဲမှာ ဆောင်းပါးရှင်ပေါ့ဗျာ။ အဲဒီကိုရွှေမောင်ကလည်း ကျွန်တော်တို့ AFP မှာ ဦးစိန်ရီရဲ့ တပည့်အနေနဲ့ စပြီးတော့ ဓာတ်ပုံပညာတို့ဘာတို့ အလုပ်သင်နေတဲ့အချိန်၊ ကျွန်တော်နဲ့လည်း တနယ်တည်းသားဖြစ်တဲ့အတွက် ကျွန်တော်နဲ့အလွန်ခင်တယ်။ ရင်းလည်းရင်းနှီးတယ်။ သေတဲ့အထိ အလွန့်ကို ရင်းနှီးတဲ့ မိတ်ဆွေတွေပေါ့ဗျာ။

 

ကိုရွှေမောင်နဲ့ ကျွန်တော်နဲ့က ရင်းနှီးတယ်၊ ကိုရွှေမောင်နဲ့ ကိုဘထူးကလည်း ရင်းနှီးတဲ့အခါကျတော့ ကိုဘထူးက ကျွန်တော့်ကို သူ့သတင်းစာမှာ နည်းနည်းပါးပါး ကြည့်ပေးပါ။ လာလည်ပါဦးဆိုတဲ့အတွက် တခါတလေ ကျွန်တော်သွားကြည့်တယ်။ ကြည့်ရင်းကနေ သူတို့လိုအပ်မယ်ထို့ ထင်တဲ့အတိုင်းပဲ နိုင်ငံခြားသတင်းတို့ဘာတို့ကို ကျွန်တော် အားတဲ့အချိန်မှာ ဘာသာတွေဘာတွေ ပြန်တယ်။ နောက်ပြီး အဲဒီဟာကိုယူသွားပြီးတော့ အိုးဝေမှာ ထည့်တယ်။ ဆိုတဲ့အခါကျတော့ အိုးဝေက ဘယ်လိုလဲဆိုတော့ AFP မှာပါတဲ့ နိုင်ငံခြားသတင်းတွေကို မ၀ယ်ရဘဲနဲ့ အလကားရတယ်။ နောက်ပြီးတော့ ဘာသာပြန်ပြီးသားရတယ်။ ဆိုတဲ့အခါကျတော့ အိုးဝေက တော်တော်နိပ်နေတာပေါ့ဗျာ။

 

အဲလိုအနေအထားမှာ ဘာတခါ ပိုလာလဲဆိုတော့ အဲဒီဗိုလ်ဘထူးဆိုတဲ့လူက ဆရာဦးဝင်းတင်.. ခင်ဗျား ဒီတိုင်းတော့ မလုပ်ပါနဲ့ဗျာ၊ သတင်းစာလေးပါ ဖောင်လေးပါ ကိုင်ပေးပါဦး ဆိုတဲ့အခါကျတော့ ကျွန်တော်ကလည်း လုပ်ချင်ချင်ပေါ့ဗျာ၊ အဲ တခါတလေ ၀င်ထိုင်ပေးတယ်။ တစ်နာရီ နှစ်နာရီ၊ တစ်ခါတလေလည်း နှစ်နာရီသုံးနာရီအထိ ကြာတယ်

 

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အပိုင်း (၁၂) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။  ဦးဝင်းတင် မန္တလေး လူထု သတင်းစာ ကိုတောင် ရောက် မလို ကြုံခဲ့ရမှုတွေ အပါအဝင် သူ ၏ သတင်းစာဆရာ ဘဝ အဦး အဖြစ်အပျေက် တွေကို ရှေ့အပတ်မှာ ဆက်ပြီး တင်ပြပါရစေခင်ဗျာ။

 

(ဆရာဦးဝင်းတင် အမှတ်တရ ဆက်လက် တင်ဆက်ပါဦးမည်။  အစီအစဉ် မူလတင်ဆက်ခဲ့သည့် လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာပိုင်း နှင့် စိတ်ရှည် လက်ရှည် စနစ်တကျ စေတနာ ထား စာပြန်ရိုက် တင်ပေးသည့် တေဇာစပ်စု http://tazarsattsuu.blogspot.co.uk/ ကို ကျေးဇူးတင်ရှိကြောင်း မိုးမခ က မှတ်တမ်းပြုအပ်ပါသည်။)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:U Win Tin, ဟံသာဝတီ ဦးဝင်းတင်, ဦးဝင်းတင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်