မောင်စွမ်းရည် – သတင်းစာဆရာ ခြင်္သေ့ကြီး ဦးဝင်းတင်

April 25, 2014

သတင်းစာဆရာ ခြင်္သေ့ကြီး ဦးဝင်းတင်
မောင်စွမ်းရည်
ဧပြီ ၂၅၊ ၂၀၁၄
 

ဦးဝင်းတင် ဧပြီ ၂၀ ရက်နေ့က ကွယ်လွန်သွားခဲ့ရှာပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ်အရွယ်ဆိုတော့ သာမန်လူတယောက်အဖို့ နေပျော်၊ သေပျော်ပါပြီလို့ ဆိုနိုင်ပေမယ့် ဦးဝင်းတင်လို ကမ္ဘာ့အမြင်ရှိတဲ့ သတင်းစာဆရာကြီးတဦး ဆုံးပါးသွားရတာကိုတော့ အသေစောလို့ နှမျောလှတယ်လို့ပဲ ပြောချင်ပါတယ်။ ကိုယ်ရေးကိုယ်တာ မငဲ့ကွက်ဘဲ တသက်ပန်လုံး ပြည်သူ့ဘက်က မားမားမတ်မတ် စွန့်စား ရပ်တည်သွားတဲ့ သတင်းစာဆရာကြီးတဦး မဟုတ်ပါလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ အစားထိုးရဖို့ ခက်ခဲတဲ့ နိုင်ငံရေးသမားတဦး ဖြစ်သလို၊ မြန်မာသတင်းစာလောကအတွက်လည်း အားထားစရာ စံနမူနာပြုစရာ ရတနာတပါး ဆုံးရှုံးရခြင်းပါပဲ။

အသက် ၈၀ ကျော် နေသွားရပေမယ့် သူ့ရဲ့သက်တမ်း ၄ ပုံ ၁ ပုံ ကာလဟာ ထောင်ထဲမှာ တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့သာမက ရာဇ၀တ်အကျဉ်းသားတွေနဲ့ရော၊ ထောင်ဝန်ထမ်းတွေနဲ့ပါ အဆက်ဖြတ်ပြီး တိုက်ပိတ်ထားတာကို ခံခဲ့ရတာပါ။ တခြားသူတွေနဲ့ အော်ဟစ်ပြီး စကားပြောလို့မရအောင် ပေ ၃၀၊ ၄၀ ကျော် အခန်းကြီး ၃-၄ ခန်းနဲ့ ခြားထားလိုက်ပါသေးတယ်။ သူဝါသနာပါတဲ့ ပန်းချီ၊ ဂီတ၊ စာပေဆိုတာတွေလည်း ဘာမှ လုပ်ခွင့်မပေးဘဲ ဆန်ကြမ်းထမင်းနဲ့ ဟင်းရွက်ပြုတ်ရည်ကိုသာ ကျွေးပြီး၊ သွားမပါဘဲ ၀ါးမျိုချ အသက်ရှင်နေခဲ့ပါတယ်။ “သွားမပါဘဲ စားရတယ်” ဆိုတာက ငရဲသားဗိုလ်ချုပ်ခင်ညွန့်တို့ရဲ့ လက်ချက်နဲ့ သွားတွေ ကျိုးကြေ ပြုတ်ထွက်ကုန်လို့ပါပဲ။ အစာအိမ်ရောဂါလည်း စွဲခဲ့ရတယ်။ အူကျရောဂါဖြစ်တာကို ဆေးရုံတင် ကုသမပေးဘဲ ဖြစ်ချင်ရာဖြစ် ဖြစ်ရော ဆိုပြီး ပစ်ထားတာလဲ ခံခဲ့ရပါတယ်။ ၅ နှစ်ကြာမှ ခွဲစိတ်ကုသတော့ သိပ်နောက်ကျသွားလို့ မွေးရာပါပစ္စည်းတခုလုံး ဆုံရှုံးခဲ့ရလို့ ‘သင်းကွပ်’ ခံဘ၀ရောက်သွားခဲ့ရပါပြီ။ ခွဲစိတ်မှု ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ပေါင်တဖက် နာကျင် ကိုက်ခဲတာလည်း တသက်လုံး ခံသွားခဲ့ရရှာပါသတဲ့။

ထောင်က လွတ်လာတော့ နေစရာ အိမ်မရှိတော့ဘူး။ သူ့အိမ်ခန်းကို သိမ်းလိုက်တော့ တသက်လုံး စုဆောင်းခဲ့တဲ့ စာအုပ်စာတမ်း၊ မှတ်တမ်း မှတ်ရာတွေနဲ့တကွ ပစ္စည်းတွေအားလုံး ဆုံးရှုံးခဲ့ရတယ်။ အငြိမ်းစားလစာလည်း အသိမ်းခံရလို့ နေစရာ၊ စားစရာရော၊ သုံးစရာငွေကြေးပါ ဘာမှ မရှိတဲ့အပြင် ထောင်အပြင်မှာလည်း နောက်က ထောက်လှမ်းရေးတွေက အမြဲလိုကပ်လိုက်နေတော့ ကျွေးမယ့် ပေးမယ့် ဆွေမျိုး မိတ်သင်္ဂဟတွေလည်း တော်ရုံလူက မကပ်ရဲတော့ဘူးပေါ့။

ဒီလိုနဲ့ … ‘ကျနော်တယောက် အကြံတုံး၊ ဥာဏ်တုံး၊ နလပိန်တုံးလောက် နီးနီးအဖြစ်နဲ့ ဘ၀နေ၀င်ချိန် ခရီးဆုံးကို လှမ်းလျှောက် လျှောက်နေရပါပြီ’ လို့ သူရဲ့ ‘လူ့ငရဲ’ အမှာစာမှာ ရေးသွားခဲ့ပါတယ်။ ဒါပေမယ့် ရှိတဲ့အင်အားနဲ့ မကြောက်တရားကို လက်ကိုင်ထားပြီး မလျှော့တမ်း တိုက်ပွဲဝင်သွားမယ်လို့ ကြွေးကြော်အော်ဟစ်ပြီး ကြွေးကြော်တဲ့အတိုင်းလည်း လေသံတောင် မလျှော့ဘဲ မကြောက်တရားနဲ့ တိုက်ပွဲဝင်သွားခဲ့ပါတယ်။ လူငယ်တွေအတွက် ဇွဲမာန်သတ္တိတွေ အမွေပေးသွားခဲ့ပါတယ်။

ဦးဝင်းတင်က ကြို့ပင်ကောက်သားဆိုတော့ ကျနော်တို့အညာသားတွေနဲ့ အနေဝေးခဲ့ပါတယ်။ အသက်အရွယ်ကလည်း ကျနော်တို့ထက် ၁၀နှစ်လောက် ကြီးတဲ့အပြင် သူက ရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့တာပါ။ တက္ကသိုလ်ကျောင်းသားဘ၀မှာ စာပေလေ့လာဖော်သူငယ်ချင်းက ဦးဝင်းမောင် (မင်းယုဝေ)ပါ။ ကျနော်တို့က ‘ကြီးဖော်’တွေပါ။ ၁၉၆၉-၇၈ မန္တလေးကို ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀နဲ့ ရောက်လာတော့ သိကျွမ်းရင်းနှီးလာခဲ့ရတာပါ။ စာပေသမားအချင်းချင်းဆိုတော့လည်း သိဟောင်းကျွမ်းဟောင်းလို ချက်ခြင်း ခင်မင်ရင်းနှီးသွားပြီး ညီအကိုလို သွေးသောက်ရဲဘော်လို ရင်းနှီးသွားခဲ့ရပါတယ်။ တွေ့တွေ့ချင်း ကျနော့်ကို အိမ်ရှာခိုင်းလို့ ကျနော်နဲ့ မျက်နှာချင်းဆိုင်က အိမ်ကို ရှာပေးထားခဲ့ပါတယ်။ မီးရထားရပ်ကွက်အရှေ့ဖက်မှာပါ။ အစိုးရတိုက်တန်း (နန်းရှေ့)ကို ပြောင်းကြရတော့လည်း အတူတူပဲ ပြောင်းကြရပြီး မျက်နှာချင်းဆိုင် နေခဲ့ရပါတယ်။ နန်းရှေ့မှာ ကျနော်အလုပ်သွားတဲ့ကျောင်းက မန္တလေးအနောက်ဖျားမှာပါ။ စိန်တောင်ရပ်ထဲမှာပါ။ ဒါကြောင့် ကျနော်က အချိန်ရတိုင်း သူ့စာပွဲကို သွားထိုင်ပါသေးတယ်။ သူ့ရှေ့မှာ ပန်းချီဆရာလေးတွေ၊ ကာတွန်းဆရာလေးတွေရော၊ စာပေ၀ါသနာရှင် ရဟန်းသံဃာတွပါ တွေ့ရတတ်ပါတယ်။ သူ့စာပွဲပေါ်မှာတော့ စာရွက်စာတမ်းနဲ့အတူ မြေပဲကြော်ပန်းကန် အမြဲရှိနေတတ်ပါတယ်။ ခု သူနဲ့အတူ နိုင်ငံရေးလောကထဲ ရောက်လာတဲ့ ကိုအုန်းကြိုင်တို့ကိုလည်း အဲဒီစာပွဲမှာပဲ မိတ်ဆွေတွေ ဖြစ်လာခဲ့ရပါတယ်။

ဦးဝင်းတင်တို့ “ကြေးမုံ” သတင်းစာတိုက်ကို ပြည်သူပိုင်သိမ်းလိုက်တော့ ဦးဝင်းတင်မှာ အားလပ်သွားခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်နေ၀င်းက သတင်းစာလုံးဝမရှိတော့တဲ့ မန္တလေးကို သွားပြီး လုပ်ဖို့ လွှတ်လိုက်တဲ့အခါမှာ ဒုတိယလူထုသတင်းစာ မဖြစ်စေနဲ့။ ဦးလှတို့ ဒေါ်အမာတို့ လူထုမောင်စောလွင်၊ မောင်စွမ်းရည်တို့နဲ့ ဝေးဝေးနေလို့ အသေအချာ မှာလိုက်တဲ့အပြင် ဗိုလ်ကြီးတယောက်ကိုလည်း သတင်းစာမှာ ပူးတွဲတာဝန်ယူဖို့ ခန့်လိုက်သေးတာပါ။ အဲဒီစစ်ဗိုလ်ကို တနင်္ဂနွေအချပ်ပိုကိုပဲ တပ်မတော်ကဏ္ဍအတွက် နေရာပေးပြီး တာဝန်ယူခိုင်းထားဟန် ရှိပါတယ်။ ဒါပေမယ့် အဲဒီဗိုလ်ကြီးက လူအေးလူရိုးပါ။ ဦးဝင်းတင်လို ပုဂ္ဂိုလ်ကိုလည်း တန်ဖိုးထား လေးစားဟန်ရှိပါတယ်။ စွက်ဖက်ခဲ့ပုံ မရပါဘူး။ ဦးဝင်းတင်ကလည်း စွက်ဖက်ခံမှာ မဟုတ်ပါဘူး။

ဦးဝင်းတင်လိုလူက မန္တလေးရဲ့ မြို့မျက်နှာဖုံးလိုဖြစ်နေတဲ့ လူထုဦးလှတို့လို သတင်းစာဆရာကြီးတွေကို ဘယ်မှာ ဦးမခိုက်ဘဲ နေပါ့မလဲ။ သူ့မိဘတွေလိုတောင် သဘောထားတာပါ။ သတင်းစာဖွင့်ပွဲမှာ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးကိုယ်တိုင်လည်း တက်ရောက်ပါတယ်။ ဦးဝင်းတင်က ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးမြမျိုးလွင်၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ကို ရှေ့တန်းတင်ပြီး ဖွင့်ပွဲလုပ်ရာမှာ ကျနော်တို့တတွေကိုလည်း အရေးတယူဖိတ်ကြားခဲ့ပါတယ်။ မန္တလေး စာပေသမားတွေအားလုံးကို ပါဝင်ရေးသားကြဖို့ ဖိတ်ခေါ်ပါတယ်။ ကလောင်ရှင်သစ်တွေနဲ့ ကာတွန်းဆရာအသစ်တွေကိုတောင် မွေးထုတ်ပေးသွားနိုင်ခဲ့ပါတယ်။

ကျနော်တို့ကတော့ သူ့ကို ဗိုလ်နေ၀င်း ငြိုငြင်တာ ခံရမှာစိုးလို့ တခါတရံ ကလောင်အမည်ဝှက်တခု သုံးပြီး ရေးပါတယ်။ မောင်စွမ်းရည် အမည်နဲ့ကတော့ ကောက်စိုက်သီချင်းတို့၊ ဗုံကြီးသံတို့လို အငြိုအငြင်အခံရနိုင်တာမျိုးလောက်ပဲ နည်းနည်းပါးပါး ၀င်ရေးခဲ့ပါတယ်။ ကျနော်ရေးလေ့ရှိတဲ့ စာအုပ်ဝေဖန်စာများကိုလည်း ကျနော်မရေးပါဘူး။ ဦးဝင်းတင်ကိုယ်တိုင်ပဲ ကလောင်ခွဲသုံးပြီး ရေးခဲ့ပါတယ်။ ဦးဝင်းတင်အားထုတ်မှုကြောင့် မန္တလေးလူထုကလည်း ဦးဝင်းတင်ကို လေးစားချစ်ခင်လာကြတဲ့အပြင် ဟံသာဝတီသတင်းစာကိုလည်း အထူးအားထား လေးစားလာခဲ့ကြပါတယ်။ တချို့ကလည်း ဦးဝင်းတင်ကို မန္တလေးသားဖြစ်အောင် ရွှေမန်းသူ ရွှေးခြေကျင်းမယ်တဦးဦးနဲ့ လက်ဆက်ပေးဖို့တောင် အားထုတ်ခဲ့ကြတယ်လို့ ကြားလိုက်မိဖူးပါတယ်။

ဦးဝင်းတင်ရောက်လာပြီး မကြာခင်မှာပဲ ကျနော်တို့တတွေ တနှစ်မှ တကြိမ် လုပ်ဖြစ်တဲ့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း စာဆိုတော် နေ့ စာတမ်းဖတ်ပွဲကိုလည်း အသင်းနဲ့တကွ ပိတ်ပစ်လိုက်တာကို ခံရပ်တယ်။ ဒါပေမယ့် ဦးဝင်းတင်က ဟံသာဝတီသတင်းစာတိုက်မှာ ဒီလူတွေနဲ့ ဆက်ပြီး စာတမ်းဖတ်ပွဲတွေ လုပ်ပါတယ်။ ဗိုလ်နေ၀င်း ငြိုငြင်ခံထားရတဲ့ ဦးသိန်းဖေမြင့်တို့၊ သခင်ကျော်စိန်တို့ပါ တက်ရောက် ဖတ်ကြားတာမျိုးတွေ လုပ်လာခဲ့တော့ ဟံသာဝတီသတင်းစာတိုက်ကိုပါ ပိတ်ပစ်လိုက်တဲ့အထိ ငြိုငြင်တာ ခံလိုက်ရပါတယ်။

ဦးဝင်းတင်ဟာ အလွန်မကန် ရဲဘော်ရဲဘက်စိတ်ရှိသူပါ။ သူ့လုပ်ဖော်ကိုင်ဖက်တွေအတွက်ဆိုရင် သူ့အငတ်ခံပြီး ကျွေးတာပေးတာမျိုး လုပ်တတ်သူပါ။ ကြေးမုံသတင်းစာတိုက်မှာ လုပ်တုန်းက သူ့လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအယ်ဒီတာတဦး အဖမ်းဆီး ထောင်ချခံရတော့ သူ့မိတ်ဆွေရဲ့ မိသားစုကို သူ့လစာကို လွှဲပေးထားလိုက်ပြီး သူကတော့ အပြင်စာနယ်ဇင်းတွေမှာ ဆောင်းပါးတွေရေးပြီး ၀င်ငွေ ရှာစားနေခဲ့ ပါတယ်။ (မိုးမခ ဖြည့်စာ – အဆိုပါအယ်ဒီတာမှာ လူထုစိန်ဝင်း ဖြစ်ပါတယ်။ ဆရာလူထုစိန်ဝင်းကိုယ်တိုင်က ထိုအကြောင်းကို ဦးဝင်းတင်ဂုဏ်ပြုဆောင်းပါးတခုမှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်)။ မိတ်ဆွေတွေရဲ့ သားသမီးတွေ ကျောင်းနေစာရိတ် အခက်အခဲကြုံရင်လည်း သူပဲဝင်ပြီး ဖြေရှင်းပေးတတ်ပါတယ်။

မန္တလေးမှာ အလုပ်လုပ်တော့ ၀န်ထမ်းသက်သာဆိုင်တွေ ခေတ်စားတဲ့အချိန်ပါ။ အများအားဖြင့်တော့ ဌာနဆိုင်ရာ ဆရာကြီးတွေ အုပ်စားခဲ့ကြတာမျိုးပေါ့။ ဦးဝင်းတင်ကတော့ သကြား၊ နို့ဆီ၊ ဆီ၊ ဆန်၊ ဆား စတာတွေ ရရှိအောင် သူကိုယ်တိုင်စီစဉ်ပေးပြီး ထမင်းဆိုင်နဲ့ လဖက်ရည်ဆိုင် ဖွင့်စေပါတယ်။ မခိုမကပ်ပဲ ကောင်းကောင်းလုပ်စေပြီး အပြင်လူထုကို ဆိုင်ဖွင့်ရောင်းချတော့ လက်မလည်အောင် ရောင်းခဲ့ရပါတယ်။ ကောင်းအောင်လည်းလုပ်ပြီး အမြတ်ကြီးစားတာမျိုးလည်း မလုပ်တော့ လဖက်ရည်သောက်လာသူတွေ၊ ချိုင့်ဆွဲသွား သူတွေ များပါတယ်။ ၀န်ထမ်းတွေလည်း တကယ် သက်သာချောင်ချိခဲ့ပါတယ်။ ဟံသာဝတီသတင်းစာဝန်ထမ်းတွေ ပျော်ကြတာမျိုး အဲဒီခေတ်က ဘယ်မှ မတွေ့ဖူးပါဘူး။ အဲသလို လူထုအများရဲ့အကျိုးကို တကယ်ရှိအောင် လုပ်တာမျိုးကို ဗိုလ်နေ၀င်းက ဘယ်တုန်းကမှ မလိုလားခဲ့ဖူးလေတော့ ဦးဝင်းတင် လူကြိုက်များလာတာမျိုးကိုလည်း ဘယ်ကြိုက်မလဲ။ မနာလိုဝန်တိုတာလည်း ပါမယ် ထင်ပါတယ်။

ဦးဝင်းတင်ရဲ့ ဟံသာဝတီသတင်းစာဟာ ၁၀ နှစ် နီးပါးပဲ သက်တမ်းရှည်လိုက်တယ်လို့ ထင်ပါတယ်။ သူ့အရင် ကျနော် ရန်ကုန်ရောက် သွားတယ်။ သူက ၁၉၇၈ လောက်မှ ရန်ကုန်ကို ရောက်လာပြီး လမ်းသစ်ရိပ်သာက တိုက်ခန်းမှာ နေပါတယ်။ စာအုပ်တွေ အပြည့်နဲ့ပေါ့။ သူတဦးတည်းနေပါတယ်။ တပတ်တခါ တွေ့ဆုံပွဲလေး လုပ်ပါတယ်။ ဆရာဇ၀နက အိမ်နီးချင်းဖြစ်ပေမယ့် ဦးဝင်းတင်ရဲ့ တိုက်ခန်းလှေကားကို တက်ရမှာ ၀န်လေးတာကြောင့် ကြုံရခဲပါတယ်။ ကိုသာဘန်း၊ ကိုဝံသတို့ အမြဲလာတယ်။ ကိုကျော်အောင်၊ ကိုမင်းကျော်၊ ကိုညွန့်ကြူးတို့လည်း အမြဲလာတယ်။ တင်မိုး၊ မိုးသူ၊ မောင်စွမ်းရည်တို့ မန္တလေးအုပ်စုလည်း ပါတတ်ပါတယ်။ စကားဝိုင်းဖွဲ့ ပြောကြတာပါပဲ။ စားစရာ ထမင်းဟင်းလို ဟာမျိုးကိုတော့ ဦးဝင်းတင်ကိုယ်တိုင် ချက်ပါတယ်။ ကိုအုန်းကြိုင်တို့ ကူညီတယ် ထင်ပါတယ်။

ဦးဝင်းတင်က အပေါင်းအသင်း အလွန်များပါတယ်။ လုပ်ဖော်ကိုင်ဖက်များအပြင် တပည့်တပန်းတွေလည်း ပေါပါတယ်။ သူက တသက်လုံး သတင်းစာဆရာ လုပ်ခဲ့သူပါ။ ၁၉၄၉ ခုနှစ်လောက်က စပြီး အကျိုးဆောင်ဂျာနယ်နဲ့ သံတော်ဆင့်သတင်းစာတို့မှာ အလုပ်သင်အဖြစ် ၀င်ရောက်ခဲ့ပါတယ်။ ၁၉၅၃ ကစပြီး စာပေဗိမာန်မှာ ၀င်လုပ်တယ်။ နောက် အေအက်ဖ်ပီ သတင်းဌာနမှာလည်း ၀င်လုပ်ဖူးပါတယ်။ ဆရာဦးထင်ကြီးတို့ လက်အောက်မှာပေါ့။ သူက လူမှန်းသိကတည်းက သတင်းစာဆရာလုပ်မယ်ဆိုတာ ပိုင်းဖြတ်ပြီးသား။ ဂျာနယ်ကျော် မမလေး ရေးတဲ့ သတင်းစာဆရာကြီး ဦးချစ်မောင်ရဲ့ အထုပ္ပတ္တိ ‘သူလိုလူ’ ကို ဖတ်ပြီး ဦးချစ်မောင်ကို အထူးအားကျခဲ့တာလို့ ပြောဖူးပါတယ်။ ဦးချစ်မောင် အထူးနှစ်သက်တဲ့ ‘ကွိ’ စာအုပ်ကိုလည်း ရှာဖတ်ပြီး နောင်အခါ အဲဒီစာအုပ်ကို သူ ဘာသာပြန်ပါတယ်။ သူရဲ့ လက်ရာမွန်တခုပါပဲ။

ဦးဝင်းတင် စာပေဗိမာန်မှာ အလုပ်လုပ်ရင်း (စွယ်စုံကျမ်း၊ လူထုသိပ္ပံကျမ်းတို့ ထုတ်ဝေရေးကို ဆောင်ရွက်ရင်းလို့ ထင်ပါတယ်) နယ်သာလန်နိုင်ငံ၊ အမ်စတာဒန်မြိုံ၊ ဂျမ်ဘာတန်စာအုပ်ကုမ္ပဏီမှာ ပုံနှိပ်ထုတ်ဝေရေးပညာကို သင်ယူရင်း သမ္မာမိတ္တ စာအုပ်ကုမ္ပဏီလုပ်ငန်းအဖြစ် သွားရောက်လုပ်ဆောင် ရပါတယ်။ ၁၉၅၅-၅၇ ခုနှစ်များ အတွင်းမှာပါ။ ၂ နှစ်ကြာခဲ့ပါတယ်။ အဲဒီမှာ နေရင်း သူ့ငွေနဲ့သူ သတင်းစာလေးတစောင်ကို ပြည်ပမြန်မာတွေ ဖတ်ဖို့ စီစဉ်တည်းဖြတ် ထုတ်ဝေပြီး ဖြန့်ချိခဲ့ပါသေးတယ်။ ဥရောပပန်းချီကျော်များရဲ့ ပန်းချီပြတိုက် (ဗန်ဂိုး စတဲ့) တွေကိုလည်း လှည့်လည်ကြည့်ရှု မှတ်သားခဲ့ပါသေးတယ်။ အဲဒီကိုယ်တွေ့မှတ်သားခဲ့တာတွေနဲ့ ပေါင်းစပ်ပြီး ကမ္ဘာပန်းချီသမိုင်းနဲ့ မြန်မာ့ပန်းချီသမိုင်းပါဝင်တဲ့ ‘အလှရှာတော်ပုံ’ စာအုပ်ကြီးကို ၁၉၆၇မှာ ထုတ်ဖြစ်ခဲ့ပါတယ်။ ‘ပေါ်သစ်’ ဆိုတဲ့ ကလောင်အမည်ကို ယူခဲ့ပါတယ်။ ကျနော် ၂၀၀၂ အမ်စတာဒန်မြိုံကို ရောက်တော့ ဗန်ဂိုးပြတိုက်ကို ၀င်ကြည့်ခဲ့ရပါတယ်။ ဦးဝင်းတင်ခြေရာ ထပ်ခဲ့တဲ့နေရာမှာ ငါ့ခြေရာ ချခဲ့တာပါကလားလို့ အလွမ်းပွားခဲ့ရဖူးပါတယ်။ ဦးဝင်းတင်မကွယ်လွန်မီကလေးတင်ပဲ ‘အလှရှာတော်ပုံ’ ကို ပြင်ဆင်မွန်းမံပြီး ဆေးရောင်စုံနဲ့ ဒုတိယအကြိမ် ထုတ်နိုင်ခဲ့လို့ သူ အထူးဝမ်းသာသွားခဲ့ပါတယ်။ ပန်းချီအနုပညာသမား ဒေါ်အောင်ဆန်းစုကြည် အမှာစာ ချီးမြှင့်ထားတာ တွေ့ရပါတယ်။

ဦးဝင်းတင်အကြောင်း ဆောင်းပါးနိဂုံးချုပ်ခါနီးမှာ  ဦးလေးလူထုဦးလှရဲ့ ဦးဝင်းတင် ဂုဏ်ပြုစကားလေးနဲ့ နိဂုံးချုပ်ပေးသင့်တယ်လို့ စဉ်းစားလိုက်မိပါတယ်။ ဟံသာဝတီသတင်းစာတိုက်ဖွင့်ပွဲ မန္တလးမှာလုပ်တုန်းက  ပြောခဲ့တာပါ။ ပုံပြင်ဆရာကြီး ပြောခဲ့တဲ့ ပုံပြင်တပုဒ်ပါ။
‘တနေ့တော့ ခြင်္သေ့မကြီးတကောင် မီးဖွားတဲ့သတင်းရလို့ မြေခွေးမတကောင်က မီးနေမေးဖို့ သွားပါသတဲ့။ “ဟင် … ခြင်္သေမကြီးဆိုပြီး မွေးလာတော့လည်း ခြင်္သေ့လေးတကောင်တည်းပါကလား၊ ကျမတို့ဆိုရင် တခါတည်း ၅ကောင် ၁၀ကောင် မွေးတာ …” လို့ ရှုတ်ချ ပြောဆိုပါသတဲ့။ ခြင်္သေမကြီးက “အေး – တကောင်တည်းတော့ တကောင်တည်းပဲ။ ဒါပေမယ့် ခြင်္သေ့ ဟဲ့ …” လို့ ပြန်ဟောက်လိုက်ပါသတဲ့။ ဦးဝင်းတင် ဟံသာဝတီတိုက်ကို တဦင်္းတည်း ရောက်လာလို့ ဦးလေး လူထုဦးလှက တင်စားပြောတဲ့ ပုံပြင်ပါ။ အစမှာ ရေးခဲ့တဲ့ အတိုင်း ဗိုလ်နေ၀င်းမကြိုက်ပေမယ့် ဦးဝင်းတင်ကတော့ လူထုမောင်နှံကို မိဘနှစ်ပါးလို သဘောထားခဲ့ပါတယ်။ ဦးလေးတို့ကလည်း တူသားရင်းချာလို စောင့်ရှောက်ပါတယ်။ အမေ ဒေါ်အမာ ရန်ကုန်ကို အလည်လာတော့ ရုပ်ရှင်မင်းသားကြီးဦးထွန်းဝေအိမ်မှာ မိတ်ဆွေအသိုင်းအ၀ိုင်း ၁၀၀ လောက်နဲ့ ထမင်းစားပွဲကြီး တခုလုပ်ပြီး ဂုဏ်ပြု ဧည့်ခံဖူးပါတယ်။

ဂုဏ်ပြုပွဲမှာ ဦးဝင်းတင်က ‘ကျနော့်မှာ အမေ ၂ ယောက်ရှိတယ်။ အမေရင်းအမည်က ဒေါ်အမာတဲ့။ နောက်ရတဲ့ အမေကလည်း ဒေါ်အမာပါ ပဲ” လို့ လှိုက်လှိုက်လှဲလှဲ ပြောခဲ့ဖူးပါတယ်။ ကျနော်တို့ကလည်း လူထုမောင်နှံရဲ့ သားသမီးများဖြစ်လေတော့ ဦးဝင်းတင်ကလည်း ကျနော် တို့ရဲ့ မန်းစကားနဲ့ပြောရရင် ‘နောင်တော်ကြီး’ ပါပဲ။ ဦးဝင်းတင်ဆုံးပါး ကွယ်လွန်သွားတာဟာ ကျနော်တို့ရဲ့ နောင်တော်ကြီးတဦး ဆုံးရှုံး သွားရတာနဲ့ မခြားပါဘူး။ နောင်တော်ကြီး နောင်ဘ၀မှာ သတင်းစာဆရာကြီးဘ၀နဲ့ ဗမာပြည်ရဲ့အကျိုးကို ဆထက်တပိုး တိုးပြီး ဆောင်ရွက်နိုင်ပါစေသတည်း။

မောင်စွမ်းရည်
၂၀၁၄ ဧပြီ ၂၂၊ နယူးယောက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Maung Swan Yi, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်