အရှင်ဥာဏိကာဘိဝံသ – မုဒိတာ တံခါး

May 1, 2014

မုဒိတာ တံခါး
အရှင်ဥာဏိကာဘိဝံသ၊ မေ ၁၊ ၂၀၁၄

မနေ့ညက(မြန်မာစံတော်ချိန်အရဆို ဒီနေ့မနက်ပိုင်းက) ဗိုင်ဗာဆက်သွယ်ရေးကနေ ဓမ္မဘေရီဆရာတော်က မှတ်ချက်လေးတစ်ခု ပို့ပေးထားတာကို တွေ့ရတယ်။ “မုဒိတာရွှေစာပေမှာ ဥပေက္ခာတွေ များ
နေတယ်ထင်တယ်။ မြန်မာပြည်မှာ မုဒိတာပွားစရာ ရှားလ့လိုလည်း ဖြစ်ကောင်းဖြစ်မယ်။ စာလေးရေးစမ်းပါဦး။ မုဒိတာရှားပုံတော်ဖြစ်ဖြစ်ပေါ့” တဲ့။

စာမရေးဖြစ်တာ တော်တော်ကြာသွားပြီ။ မရေးဖြစ်တာက ဆရာတော်မိန့်သလို ဥက္ခောတွေများနေလို့ လို့ ပြောမယ်ဆိုက ပြောလို့ရနိုင်မယ်ထင်ပါရဲ့။ ပြည်တွင်းသတင်း၊ ပြည်ပသတင်း၊ အင်္ဂလိပ် မြန်မာ၊
ဘယ်သတင်းကိုမှ ဟုတ်တိပတ်တိ အချိန်ပေး နားမထောင်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ အထူး သဖြင့်တော့ ဟိုယခင်က အမြဲတမ်းလိုနားထောင်ဖြစ်တဲ့ ဘီဘီစီ ဗွီအိုအေ အာအက်ဖ်အေလို မြန်မာ
ပြည်အကြောင်း အထူးတင်ဆက်တဲ့  ရေဒီယိုအစီအစဉ်များကို နားမထောင်ဖြစ်ခဲ့တာဆိုရင် နှစ်ချီလ့ပို င် ကြာနေခဲ့ပြီ။

တခါခါ လူပြောသူပြောများတဲ့ သတင်းတွေလောက်ကိုပဲ အင်တာနက်စာမျက်နှာများမှာ ကြိုးကြားကြိုး ကြား ရှာဖတ်ဖြစ်တော့တယ်။ ပန်းသတင်း လေညင်းဆောင်၊ လူသတင်းလူချင်းဆောင် ဆိုသလို
သတင်းစကားဆိုတာက လူများများနဲ့ အမြဲထိတွေ့ဆက်ဆံနေပါမှ ပိုမိုကြားရတတ်တာမျိုး။ ခုနောက်ပိုင်းမှာ တစ်ပါးတည်းနေတဲ့အချိန်ကသာများသမို့ စပ်မိစပ်ရာပြောဖြစ်တာဆိုတာလည်း တော်တော်ကို
နည်းပါးပါတယ်။ ဒီတော့ ဟိုဟိုဒီဒီ ကောင်းဆိုးသတင်းများက ကိုယ်နဲ့ဝေးနေတတ်ပါတယ်။ အထူးသဖြင့်တော့ ခုနောက်ပိုင်းမှာ ကိုယ်တိုင်ကလည်း လောဘကြောင့်ဖြစ်ဖြစ်၊ ဒေါသကြောင့်ပဲ ဖြစ်
ဖြစ် စိတ်ကိုဒဏ်သင့်စေမယ့် သတင်းမျိုးတွေကို မကြားမသိလိုတာ၊ မမြင်မတွေ့လိုတာကိုလည်း သတိ ထားမိခဲ့တယ်။ ဒီတော့လည်း မြန်မာပြည်က လက်ရှိဖြစ်နေတဲ့ အခြေအနေအရပ်ရပ်က အဆက်ပြတ်
နေသလိုဖြစ်သွားတတ်တယ်။ အနေအထားက ဥပေက္ခာပွားသလိုဖြစ်နေတော့လည်း ဆရာတော်မိန့်သလို မြန်မာပြည်မှာ မုဒိတာပွားစရာ ရှားသလား၊ များသလားဆိုတာက ပြောနေဖို့ပင် လိုမယ် မထင်
တော့ဘူးပေါ့။

စာရေးခြင်းနဲ့ပတ်သက်ပြီး ပြောရရင်လည်း အခြားသူများ စာရေးကြတာ ဘယ်လိုအကြောင်းအရာကို အခြေခံပြီးရေးတယ်၊ ဘယ်လိုခံစားမှုမျိုးက သူတို့တွေရဲ့ စာရေးလိုစိတ်ကို နှိုးဆွပေးတယ်ဆိုတာကို
တော့ မသိပါဘူး။ ကိုယ်ကိုယ်တိုင်ကတော့ ကိုယ်စာရေးဖြစ်တဲ့အကြောင်းထဲမှာ ကျေနပ်မှု မကျေနပ် မှုတစ်ခုခုဟာ အရင်းခံအကြောင်းဖြစ်တယ်ရယ်လို့ ထင်မိတယ်။ ဒီတော့ ကျေနပ်ခြင်း မကျေနပ်ခြင်း
တွေ အထူးမရှိလှပဲ စိတ်တည်တည်ငြိမ်ငြိမ် မလှုပ်မရှားဖြစ်နေချိန်များလို့ စာရေးဖို့ပါပျက်ကွက်နေ တယ်။ ကိုယ်တကယ် မြတ်မြတ်နိုးနိုးလုပ်ဖြစ်ချင်တဲ့ စာရေးခြင်းအလုပ်ကို မလုပ်ဖြစ်တာကြောင့် တခါခါ
မှာတော့ ကိုယ့်ကိုယ်ကို အားမရနိုင်ဖြစ်မိတတ်ပါရဲ့။

ဆရာတော်မိန့်သလို မြန်မာပြည်နဲ့ပတ်သက်လို့ မုဒိတာဖြစ်စရာ ရှားတယ် များတယ်ဆိုတာကို အထူး အထွေ ပြောစရာမရှိပေမယ့် ခုရက်ပိုင်းမှာ မုဒိတာဖြစ်စရာ(၀မ်းမြောက်ကြည်နူးစရာ) အကြောင်းအရာ
တော်တော်များများကိုတော့ ကိုယ်တိုင်တွေ့ခဲ့ရပါတယ်။ ဒီအထဲက အချို့အကြောင်းအရာများက မထူးဆန်းပေမယ့် အချို့ကတော့ ထူးထူးဆန်းဆန်းလို့ ပြောနိုင်မယ်ထင်ပါတယ်။ သူများတွေအဖို့ မထူးဆန်း
ခဲ့ရင်တောင် အနည်းဆုံး ကိုယ်တစ်ဦးတည်းအတွက်တော့ ထူးဆန်းတယ်လို့ ခံစားမိပါတယ်။

မကြာမီက သွေးသွားစစ်တော့ ကိုယ်လက်စထရောများနေတာကို တွေ့ရတယ်။ ဆရာဝန်က ဆေးစား မလား၊ လေ့ကျင့်ခန်းလုပ်မလားဆိုတာ့ လေ့ကျင့်ခန်းလုပ်မယ့်အစီအစဉ်ကို ရွေးချယ်ခဲ့တယ်။ အရင်က
ဆိုရင် တစ်ပတ်မှာ အနည်းဆုံး သုံးလေးကြိမ်မက လမ်းပုံမှန်လျှောက်နေကြ။ ခုနောက်ပိုင်းမှာတော့ အလုပ်နည်းနည်းများများတာကို အကြောင်းရှာပြီး လမ်းမလျှောက်ဖြစ်တော့ဘူး။ အသက်အရွယ်ရလာ
တာ၊ ကျန်းမာရေးအတွက် အထူးလေ့ကျင့်မှုမျိုး မလုပ်ဖြစ်တာ၊ ထိုင်ချိန်ပိုများလာတာ။ ကိုယ်အလေး ချိန်တိုးလာတာ၊ စတဲ့အကြောင်းအရာတွေက ကိုယ်လက်စထရောများဖို့ အထောက်အပံ့တွေ ဖြစ်လာ
တာထင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတော့ အချိန်နည်းနည်းနဲ့ ထိရောက်မယ့်နည်းလမ်းအဖြစ် တောင်တက်တဲ့ နည်းကို ရွေးဖြစ်တယ်။ လမ်းလျှောက်ရင် ခပ်သွက်သွက်တစ်နာရီလောက်လျှောက်မှ ချွေးထွက်ပြီး
မောဟိုက်တတ်ပေမယ့် တောင်တက်ရင်တော့ ဆယ့်ငါးမိနစ်လောက်နဲ့တင်ပဲ ဟောဟဲခပ်ကာ မော ဟိုက်ပြီး ချွေးလည်းကောင်းကောင်းစို့လာတတ်ပါတယ်။ နောက်ပြီး တက်စရာတောင်တန်းကလည်း
ကျောင်းနဲ့က ငါးမိနစ်ခန့်မျှလောက်သာ ကားနဲ့သွားရတဲ့ အကွာအဝေးမှာ။

ဒီနေရာလေးက မြို့ပြနဲ့နီးပေမယ့် တောရသကို အပြည့်အ၀ ခံစားလို့ရနိုင်တဲ့နေရာလေး။ အတန်ငယ်မြင့်တဲ့တောင်တန်းနှစ်ခုကြားမှာ ပြန့်ပြန့်ပြူးပြူးဖြစ်နေတဲ့ လွင်ပြင်လေး။ တောင်ခြေတလျှောက် ဒီလွင်
ပြင်လေးကို ပတ်ပြီးလည်း လမ်းလျှောက်နိုင်တယ်။ အသက်အရွယ်ကြီးရင့်သူတွေနဲ့ တွန်းလှည်းနဲ့လမ်း လျှောက်ကြတဲ့ မိခင်တွေအတွက် ကောင်းတဲ့အနေအထားပေါ့။ သူတို့အတွက် အတန်ငယ်မောလာရင်
ရေကန်ဘေးမှာ အပန်းဖြေအနားယူစရာ ခုံတန်းလေးတွေကလည်း အရန်သင့်။ သားငယ်သမီးငယ်တွေအတွက် ရေကန်လေးထဲမှာ ကူးခတ်ပျော်ပါးကာ အစာရှာနေတဲ့ ဘဲရိုင်းတွေနဲ့ရေကြက်ငယ်တွေကို
လည်း ညွှန်ပြလို့ရနိုင်တယ်။

လျှိုမြောင်ချောက်ကြားနဲ့ အနည်းငယ်စွန့်စွန့်စားစားသွားရတာ ၀ါသနာထုံသူတွေအတွက်တော့ တောင် တန်းနှစ်ခုကြားက လျှိုမြောင်တစ်လျှောက် ဟိုးဝေးဝေးထိသွားနိုင်တဲ့ မြေလမ်းလေးတွေကို အသုံးပြုနိုင်
တယ်။ ဒီလမ်းကြောင်းလေးတွေ ဘယ်မှာအဆုံးသတ်သလဲဆိုတာကိုတော့ တစ်ခါမှ အဆုံးထိအောင် မလျှောက်ဖူးလေတော့ ပြောမပြနိုင်ပါဘူး။ လျှိုမြောင်ကြားမှာ ပါးပါးလျလျ ဖြတ်စီးနေတဲ့ စမ်းချောင်း
လေးကို ဖြတ်ဖောက်ထားတဲ့ လူတစ်ယောက်သွားလာရုံမျှသာကျယ်တဲ့ တံတားငယ်လေးတွေ တော် တော်များများကိုတော့ ဒီလျှိုမြောင်လမ်းကြားကို အသုံးပြုရင်ဖြင့် တွေ့ရလိမ့်မယ်။

ဒီလျှိုမြောင်လမ်းကြားကို အသုံးပြုသူတွေအဖို့ သက်ဆိုင်ရာက သတိပေးထားတဲ့ အဆင်မသင့်လျင် တောင်ခြင်္သေ့တွေ၊ မြွေတွေနဲ့ ကျားသစ်လိုတောရိုင်းသတ္တ၀ါများနဲ့ တွေ့နိုင်တယ်ဆိုတာအတွက် ကြို
တင်ပြင်ဆင်သွားဖို့လိုပေလိမ့်မယ်။ အဖော်မပါပဲ ဒီလျှိုမြောင်တောနက်နက်ထဲကို တစ်ယောက်ထဲ သွားဖို့ကိုတော့ အားမပေးချင်ပါဘူး။

ဒါမှ မဟုတ်လို့ အတန်ငယ်ပြေလျောပြီး တစ်ကုန်းတက် တစ်ကုန်းဆင်းရတာကို နှစ်သက်တယ်။ နောက်ပြီး ဆန်ဖရန်စစ္စကိုဗေးဧရိယာတစ်ခွင်လုံးကို အပေါ်ကနေစီးမိုးကြည့်ရတဲ့ မြို့ပြမြင်ကွင်းမျိုးကို
နှစ်သက်သူဆိုရင်တော့လည်း ဥယျာဉ်ထဲကိုရောက်ပြီးး ကားရပ်နားတဲ့နေရကနေ ညာဘက်လမ်းကြော ကို ရွေးချယ်ဖို့လိုပေလိမ့်မယ်။ ဒီလမ်းကတော့ အတန်ငယ်ပြေပြစ်တယ်။ လမ်းတစ်လျှောက်လုံးက
တောင်စဉ်တောင်တန်းထိပ်မှာရှိနေတာမို့ မြင်မြင်သမျှက ပြားပြားဝပ်ဝပ်။ နွားခြံတွေကိုဖြတ်ကာ ဖောက် လုပ်ထားတဲ့ဒီလမ်းကြောင်းလေးကတော့ မြို့ပြနဲ့တောသဘာဝကို တစ်ပြိုင်တည်းခံစားလို့ရအောင်
ဖန်တီးဖောက်လုပ်ထားသလိုဖြစ်နေတယ်။ တစ်ဖက်မှာ မြို့ပြမြင်ကွင်း၊ အခြားတစ်ဖက်မှာတော့ တော တန်းတောင်တန်းဝ လျှိုမြောင်တန်း။

ပြောခဲ့သလိုပါပဲ။ ကိုယ်ကတော့ အချိန်တိုတိုနဲ့ ခရီးရောက်မယ့်နည်းကို အသုံးပြုလိုတာမို့ ဥယျာဉ်ထဲကို ရောက်တာနဲ့ ကားကိုရပ်။ တောင်တန်းကြားရှိ မြက်ခင်းစိမ်းစိမ်းလွင်ပြင်ကိုဖြတ်ပြီး မတ်စောက်စောက်
တောင်ကုန်းကို ဖြတ်ကျော်ရတဲ့လမ်းကို ရွေးပါတယ်။ ပထမတောင်ကုန်းလေးထိပ်ကိုရောက်ဖို့က ဆယ်မိနစ်ကျော်ကျော် ဆယ့်ငါးမိနစ်ခန့်မျှသာ။ ခြေလှန်းအားဖြင့်ဆိုရင်လည်း ခြေလှန်းရေ ငါးရာကျော်ကျော်
မျှသာ။ သို့ပေမယ့် ဒီတောင်ကုန်းလေးထိပ်ကိုရောက်ဖို့ မနားတမ်းတောက်လျှောက်တက်မယ်ဆိုပြီး ဆုံး ဖြတ်ချက်နဲ့ တက်ခဲ့တဲ့အကြိမ်ပေါင်းများစွာ။ သို့ပေမယ့် ကိုယ့်ဆုံးဖြတ်ချက်ကို လိုက်နာအကောင်
အထည်ဖော်နိုင်တဲ့အကြိမ်တော့ တစ်ကြိမ်မျှပင် မရှိခဲ့သေးဘူး။ ခရီးတစ်ဝက်လောက်ရောက်တာနဲ့ ၊ အချိန်အားဖြင့်ငါးမိနစ်ကျော်ကျော်လောက်ရောက်တာနဲ့ မောတာနဲ့ ခဏလောက်တော့ ရပ်နားခဲ့ရတာ
ချည်းပါပဲ။

အများအားဖြင့် ခြောက်သွေ့နေတဲ့မြက်ရိုင်းတွေကြောင့် အမြဲတမ်းနီးပါး အ၀ါရောင်သန်းနေတဲ့ ဒီတောင် ကုန်းလေးက နှစ်ပတ်ကျော်ကျော်မျှ အဆက်မပြတ်ရွာသွန်းခဲ့တဲ့ နှောင်းမိုးကြောင့် ခုချိန်မှာတော့ စိမ်း
စိမ်းစိုစို။ စက္ကူစသေးသေးငယ်လေးလို အမှိုက်တစ်စကျတာနဲ့ပင်လျှင် အဝေးကနေ လှန်းမြင်နိုင် လောက်အောင် ၀န်းကျင်တစ်ခွင်လုံးကလည်း စိုပြေစိမ်းလန်းလို့။

မြူဆိုင်းတဲ့ တမနက်မှာတော့ ဒီနေရာလေးဆီကို စောစောသွားရောက်ဖြစ်တယ်။ ကိုယ်ရောက်သွားချိန် ဥယျာဉ်ထဲမှာ ရပ်နားထားတဲ့ကားတစ်စီးနှစ်စီးစကိုသာ တွေ့ရတယ်။ သက်ရှိဆိုလို့ အမှိုက်ကောက်
သန့်ရှင်းရေးလုပ်နေတဲ့ လုပ်သားတစ်ဦးကလွဲပြီး အခြားသူများကို မတွေ့ရပါဘူး။ သန့်ရှင်းရေး လုပ်သားကလည်း အမှိုက်သိမ်းကားတစ်စီးနဲ့ အလုပ်ရှုပ်နေတာရယ်၊ ဟိုးခပ်လှန်းလှန်းမှာ ရောက်နေ
တာကြောင့် သူ့ကိုတောင် နှုတ်ဆက်စကား မဆိုနိုင်ပါဘူး။

ကိုယ့်စိတ်ကူးနဲ့ကိုယ်ပဲ ကွင်းပြင်လေးကိုဖြတ်ပြီး တောင်ကုန်းလေးရှိရာဖက်ဆီကို သွားရောက်ခဲ့တယ်။ တောင်ခြေကနေမော့ကြည့်လိုက်ရင် တောင်ကုန်းလေးရဲ့ အလယ်တည့်တည့်လောက်ဆီမှာ သောက်
ရေသန့်ပုလင်းတစ်လုံးနဲ့ ကိုကာကိုလာခွက်တစ်လုံးက မြက်ခင်းစိမ်းစိမ်းကြားမှာ ထင်ထင်ရှားရှား။ မနေ့ကညဦးပိုင်းက နောက်ဆုံးအနေ ဒီတောင်ကုန်းလေးပေါ်တက်ရောက်သွားခဲ့တဲ့တစ်ဦးဦးက စွန့်
ပစ်ထားခဲ့တာ ဖြစ်မယ်ထင်ပါတယ်။ တစ်တောတစ်တောင်လုံးစိမ်းစိမ်းလန်းလန်းကြားမှာမို့ ပုလင်းခွံ တစ်လုံးနဲ့ ခွက်တစ်ခုက ပိုမိုထင်ရှားနေသလိုဖြစ်နေတယ်။ နောက်ပြီး အဲဒီလိုမြင်ရတဲ့မြင်ကွင်းကလည်း
စိတ်ထဲမှာ ကသိကအောက်ဖြစ်နသလို ခံစားရတယ်။

တောင်ကုန်းလေးတစ်ဝက်ကိုရောက်တဲ့အခါ ပုလင်းခွံနဲ့ခွက်ကိုကောက်ပြီး တောင်ကုန်းလေးထိပ်ကို ဆက်လက်တက်ဖြစ်ခဲ့တယ်။ အခြားအချိန်များမှာ ကောက်ဖြစ်ခဲ့တဲ့ အမှိုက်ထက် ခုလိုတစ်တောတစ်
တောင်လုံး သန့်ရှင်းကာ စိုပြေစိမ်းလန်းနေတဲ့ကြားက အမှိုက်လေးနှစ်စကို ကောက်ဖြစ်ခဲ့တာအတွက် ကျေနပ်ဝမ်းသာစိတ်လည်းဖြစ်ခဲ့မိတယ်။ တကယ်တော့ ဒါဟာ ဘာမှပြောပလောက်တဲ့ အပြုအမူ
တစ်ခုတော့လည်း မဟုတ်ပါဘူး။

ဒီလိုနဲ့ပဲ ခြေထောက်နာတာရယ်၊ မိုးရွာတာရယ်စတဲ့ အကြောင်းများကြောင့် တစ်ပတ်နီးပါးခန့် လမ်း မလျှောက်ဖြစ်ခဲ့ပါဘူး။ မနေကမှ ခြေထောက်နာသက်သာတာရယ်၊ ရာသီဥတု သာယာတာရယ်
ကြောင့် ဥယျာဉ်လေးဆီကို တစ်ခေါက်ပြန်ရောက်ဖြစ်ခဲ့တယ်။

ဥယျာဉ်လေးထဲရောက်လို့ ကားရပ်ပြီးတာနဲ့ ခပ်လှန်းလှန်းမှာ ကိုယ့်လိုပဲကားရပ်ပြီးစ လူတစ်ဦး ကိုယ် ရှိရာရောက်လာတယ်။ သူ့ကိုယ်သူမိတ်ဆက်ပြီး

“လွန်ခဲ့တဲ့တစ်ပတ်ခန့်က သူသန့်ရှင်းရေးလုပ်နေချိန်မှာ ဟိုတောင်ကုန်းလေးပေါ်မှာရှိနေတဲ့ အမှိုက်တွေကို ကောက်သွားတဲ့ မိတ်ဆွေဖြစ်မယ်ထင်ပါတယ်။ မှတ်မိဦးမလားတော့ မသိဘူးပေါ့။ အဲဒီနေ့က သူကခြေထောက်နာနေတာနဲ့ အဲဒီတောင်ကုန်းလေး
ပေါ်ကို တက်ဖို့ အခက်အခဲဖြစ်နေခဲ့တာ။ အဲဒီမှာရှိနေတဲ့ အမှိုက်တွေကို ဘယ်လိုလုပ်ပြီးကောက်ရမ လဲလို့ စဉ်းစားနေတာ။ အဲဒီအမှိုက်တွေကို မြင်နေရပါလျက် မကောက်ပဲပြန်သွားရမယ်ဆိုရင်လည်း
သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မယ် မဟုတ်ဘူး။ အဲဒီအချိန်မှာပဲ ဒီကမိတ်ဆွေက အမှိုက်တွေကို နိုင်ငံကြီး သားပီသစွာကောက်သွားတော့ သူ့မှာ အတော်လေးကြည်နူးစိတ်ဖြစ်မိပါတယ်။ အမှိုက်ရှုပ်သူတွေက
ရှုပ်တတ်သလို အမှိုက်ရှင်းသူတွေကလည်း ရှင်းတတ်လို့သာ ဒီကမ္ဘာကြီးက သာတောင့်သာယာ ဖြစ်နေတာ။ အဲဒီအတွက် သူ့ရဲ့ ကျေးဇူးစကားပြောတာကို လက်ခံပေးပါ”လို့ ပြောသွားတယ်။ သူ့အမူ
အယာက တကယ့်ကိုမှ ကျေးဇူးတင်ဟန်၊ ကြည်နူးကျေနပ်ဟန်အပြည့်နဲ့ပါ။

ကိုယ်ကတော့ အမှိုက်စလေးနှစ်ခု ကောက်ဖြစ်ခဲ့တာအတွက် ကိုယ်တစ်ယောက်ပဲ ကြည်နူးမှုဖြစ်ခဲ့ရ တာလို့ ထင်ထားခဲ့တာ။ အဲဒီအတွက်လည်း ဘာလိုမှ မှတ်မှတ်ရရ ဖြစ်မနေခဲ့ပါဘူး။ သို့ပေမယ့် ခုတော့
ဘာမှ မပြောပလောက်တဲ့ ကိုယ့်လုပ်ရပ်တစ်ခုဟာ အခြားသူတစ်ဦးတစ်ယောက်အတွက်ပါ ကြည်နူးမှု ကိုဖြစ်စေခဲ့ပါသလားဆိုတာ သိလိုက်ရလို့ နောက်ထပ်တဖန်ကြည်နူးစိတ်ဖြစ်ရသလို ပိုမိုပြီး ၀မ်း
မြောက်ဝမ်းသာဖြစ်ရပါတယ်။

အဲဒီအမှိုက်စလေးနှစ်ခုကို ကိုယ်ကောက်ဖြစ်ခဲ့တဲ့နေ့က ဥယျာဉ်သန့်ရှင်းရေးလုပ်သားကြီးတစ်ဦးရဲ့ ရင်ထဲမှာ ဖြစ်သွားခဲ့တဲ့ ကြည်နူးဝမ်းသာစိတ်ဟာ၊ သူ့မိသားစုဝင်တွေ၊ သူ့မိတ်ဆွေသူငယ်ချင်းတွေ၊
သူနေုထိုင်ရာ လောကကြီးဆီထိပါ အတိုင်းအတာတစ်ခုအထိ ပြန့်နှံ့သွားခဲ့လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကြည်နူးကျေနပ်စိတ်ဟာ ကမ္ဘာလောကကြီး သာယာလှပ
စေရေးမှာ အရေးကြီးတဲ့အရာတစ်ခုလည်းပဲ ဖြစ်တယ်လို့လည်း ခံယူမိတယ်။

“အိမ်တိုင်းအိမ်တိုင်းကသာ ကိုယ့်အိမ်ရှေ့ကို သန့်ရှင်းအောင်ပြုလုပ်ကြမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံး ဟာ သပ်ရပ်သန်ရှင်းနေပေလိမ့်မယ်” လို့ကြားခဲ့ဖူးတယ်။

ကိုယ့်ရဲ့ပြတင်းတံခါးတွေကို သန့်ရှင်းရေးလုပ်ဖို့မေ့နေသူက အိမ်ထဲမှာရပ်ပြီး မြင်ရတဲ့ကမ္ဘာကြီးက ညစ်ပတ်လိုက်တာလို့ ပြောရင်ဖြင့် အမှန်ဖြစ်နိုင်မယ် မဟုတ်ပေဘူးပေါ့။

တို့တွေအားလုံး တို့ရဲ့ ပြတင်းတံခါးတွေကို သန့်ရှင်းအောင် အလျင်ဦးစွာ လုပ်ကြဖို့ အမှန်ပင် လိုပေလိမ့် မယ်။ ။

(ဓာတ်ပုံ: အမှတ်တရ ရိုက်ဖြစ်ခဲ့တဲ့ ဥယျာဉ်လေးရဲ့ မြင်ကွင်းတစ်စိတ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အရှင်ဉာဏိက, အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments