ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – ဦးမောင်ကောင်း၏ ရင်ဖွင့်သံ

May 2, 2014

ဦးမောင်ကောင်း၏ ရင်ဖွင့်သံ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မေ ၂၊ ၂၀၁၄

ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာ “မေတ္တာရှင်”လူမှု ကူညီရေး အသင်းသား ဦးမောင်ကောင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့များက ဆရာတော်များနှင့် ဦးကျော်သူအပါအဝင် ပရဟိတ ညီ အစ်ကိုများကို အဖွဲ့ရဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တောင်းပန်စကားလေး ပြောကြားပါရ စေခင်ဗျား။

တော်ဝိရွာမှာ လူမှုကူညီရေးလုပ်ငန်းများကို စွမ်းစွမ်းတမံလုပ်ကိုင်နေတဲ့ “မေတ္တာရှင်”လူမှုကူညီရေးအသင်းက လူနာတင်ယာဉ် (၁) စီး၊ နိဗ္ဗာန်ယာဉ် (၁) စီးတို့ကို အစိုးရက လိုင်စင်မဲ့ကားများအဖြစ် သိမ်းယူကာ ကော်မတီဝင် (၇) ဦးကိုလည်း ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ ဒီကိစ္စကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ လူမှုရေး အသင်းအဖွဲ့တွေနဲ့တကွ တိုင်းသူပြည်သားတွေလည်း အံ့သြတုန်လှုပ် ဝမ်းနည်းခဲ့ရပါတယ်။ ပြည်သူတွေကို အကူအညီပေးနေတဲ့ ဒီလိုအဖွဲ့အစည်းတွေကိုမှ လုပ်ရက်လေခြင်းဆိုပြီးတော့ ယူကျုံးမရ ဖြစ်ခဲ့ကြ ရပါတယ်။ ထိတ် လန့်တုန်လှုပ်မှုလည်း ဖြစ်ခဲ့ရပါတယ်။

ရိုးရိုးသားသား ဝန်ခံပါတယ်။ ဒီကိစ္စဖြစ်ဖြစ်ခြင်း ကြောက်ရွံ့တုန်လှုပ်ခဲ့ရပါတယ်။ ကိုယ်ကျိုးမဖက် အများအကျိုးအတွက် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ခြင်းရဲ့ အဆုံးသတ်ရလဒ်ဟာ ဒါပဲလားလို့လည်း ယူကျုံးမရ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော်တို့ ဦးကျော်သူထံ အားကိုးတကြီး အကူအညီ တောင်းခံခဲ့ကြပါတယ်။ ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့တွေရဲ့ အားကိုးရာမဏ္ဍိုင်ဖြစ်တဲ့ ဦးကျော်သူရဲ့ ညွှန်ကြားမှုနဲ့ ဦးညီညီအောင် (မိုးမေတ္တာ-ပြည်) နဲ့တကွ ပဲခူး၊ ပြည်၊ ကြို့ပင်ကောက်၊ ပြွန်တန်ဆာ၊ ညောင် လေးပင်၊ ပဲနွယ်ကုန်း၊ ဒိုက်ဦးအစရှိတဲ့ မြို့များမှ လူမှုရေးအသင်းတွေကလည်း အကြိမ်ကြိမ်လာရောက် အားပေး ကူညီခဲ့ကြပါတယ်။

လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ဦးကျော်သူ။ အချုပ်အနှောင်ခံနေရတဲ့ လူမှုရေး အသင်းသား (၇) ဦးအပေါ် အလေးအနက်ထားပြီး “သည်ကိစ္စမအောင်မြင်ရင် ကျွန်တော်လူမှုရေးမလုပ်တော့ဘူး” ဆိုတဲ့အထိ ကတိပေးကာ ဆောင်ရွက်ခဲ့တဲ့အတွက် ကြက်သီးမွေးညင်းတောင် ထလုမတတ် ခံစားရပါတယ် ခင်ဗျား။

အချုပ်အနှောင်ခံနေရတဲ့ လူမှုရေးသမား (၇) ဦးကလည်း သူတို့ကိုသွားရောက် တွေ့ဆုံတဲ့အခါမှာ အံ့သြဝမ်းသာမှု၊ အားရတက်ကြွမှုနဲ့အတူ သူတို့ရင်ထဲက စကားတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

“ကျွန်တော်တို့တော့ ခံရပြီးပြီ၊ နောက်ကျွန်တော်တို့လို ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်နေတဲ့ လူမှုရေးအသင်းအဖွဲ့တွေကလည်း ဒီလိုကိစ္စ ရပ်မျိုးတွေနဲ့ တွေ့ကြုံရတဲ့အခါ ကျွန်တော်တို့လို မခံရအောင်၊ ကျွန်တော်တို့လို မကြုံရအောင် လုပ်ပေးစေချင်တယ်ဗျာ” လို့ ရိုးရိုးသား သားကြီးပြောလိုက်တဲ့ ဖမ်းဆီးခံအသင်းသား ဦးဝင်းမောင်ရဲ့စကားက ကျွန်တော်တို့ရဲ့ရင်ကို တိုက်ရိုက်ထိမှန်ခဲ့ပါတယ်ခင်ဗျာ။

မှန်ပါတယ် ဦးကျော်သူ။ ကျွန်တော်တို့ လူမှုရေးအဖွဲ့တွေအားလုံး သူတို့နဲ့ထပ်တူ နာကျင်ခဲ့ရ၊ ခံစား ခဲ့ရတာပါ။ ဒီလိုအချိန်မျိုးမှာ ဦးကျော်သူရဲ့ အားပေးစကား (မိသားစုဝင်များကို ဖုန်းနဲ့ပြောခဲ့တဲ့) ဟာ သူတို့ တွေအတွက် စိတ်ဓာတ်ခွန်အားတွေပါပဲခင်ဗျာ။ တော်ဝိကျေးရွာသူ/သားတွေအတွက် စိတ်ဓာတ်ခွန်အား တွေပါပဲခင်ဗျာ။ တော်ဝိကျေးရွာသူ/သားတွေအတွက် အရေးပေါ် နာမကျန်းဖြစ်ခဲ့ရင် လတ်တလော အသုံး ပြုနိုင်ဖို့ လူနာတင်ကားတစ်စီး စီစဉ်ပေးမယ်ဆိုတဲ့အတွက်လည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ် ခင်ဗျာ။

တစ်ခုတော့ တောင်းပန်ပါရစေ ဦးကျော်သူ။ လူမှုရေးလုပ်ငန်းတွေ မရပ်တန့်လိုက်ပါနဲ့ ဦးကျော်သူ ခင်ဗျာ။ ဦးကျော်သူလို ဗြဟ္မစိုရ် တရားလေးပါး လက်ကိုင်ထားပြီး မြန်မာနိုင်ငံတစ်ဝန်း လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကျွန်တော်တို့ရဲ့ စံပြပုဂ္ဂိုလ် ဦးကျော်သူကို ဒီမွန်မြတ်တဲ့ လူမှုရေးလုပ်ငန်းတွေမှာပဲ အမြဲမြင် တွေ့ခွင့်ပေးပါ ဦးကျော်သူ။ ကျွန်တော်တို့ ရှုံးချင်ရှုံးပါစေ။ ကျွန်တော်တို့ရဲ့ ပရဟိတစိတ် ဓာတ်တွေ အဆုံးရှုံး မခံပါရစေနဲ့ ဦးကျော်သူ။ ကျွန်တော်တို့လို အဖြစ်မျိုး အခြားအဖွဲ့တွေ နောင်ကြုံလာခဲ့ရင် ဘယ်သူက မားမားမတ်မတ် ရပ်တည်ပေးမှာလဲ၊ ကျွန်တော်တို့ရဲ့ အဖြစ်အပျက်ကို သင်ခန်းစာယူပြီး ကျွန်တော်တို့လို အသင်းအဖွဲ့တွေ အခုလိုအဖြစ်မျိုး မကြုံတွေ့ရ အောင် ရှေ့ကနေဦးဆောင်ပေးပါဦး ဦးကျော်သူခင်ဗျာ။

“တော်ဝိကိစ္စ မအောင်မြင်ရင် လူမှုရေးအလုပ်တွေ မလုပ်တော့ဘူး” ဆိုတဲ့စကားကြောင့် အားတက် ခဲ့ရပေမယ့်လည်း စိုးလည်းစိုးရိမ်မိတယ် ဦးကျော်သူ။ ဦးကျော်သူဟာ မြန်မာပြည်တစ်ဝန်းက ပြည်သူတွေ ကို အေးရိပ်ပေးနေတဲ့ ညောင်ပင်ကြီးဆိုရင် ကျွန်တော်တို့ တော်ဝိရွာ “မေတ္တာရှင်” လူမှုကူညီရေးအဖွဲ့ဟာ အကိုင်းအခက်လေး တစ်ခုပါပဲ။ ဒီပင်စည်ကြီး ရှင်သန်နေသရွေ့ ဒီအကိုင်းအခက်လေးတွေဟာ ဝေဆာနေ မှာပါ မလိုတမာလူတွေ ဘယ်အကိုင်းချိုးချိုး တစ်ကိုင်းချိုးရင် နှစ်ကိုင်းထွက်မယ် ဦးကျော်သူ။ မြန်ပြည် တစ်ဝန်းက ပြည်သူတွေကလည်း ဦးကျော်သူဆိုတဲ့ ညောင်ပင်ကြီး ရေရှည်တည်တံ့အောင် ရေလောင်း ပေါင်းသင်နေကြပါတယ် ဦးကျော်သူ။
ဒါကြောင့် မြန်မာပြည် တစ်နံတစ်လျားမှာရှိတဲ့ ပြည်သူတွေရဲ့ မျက်နှာကို ဆက်လက်ကြည့်ရှုပေး ပါဦး ဦးကျော်သူ။ အေးမြတဲ့ အရိပ်အာဝါသတွေ ဒီ့ထက်ဒီ့ထက် ပေးပါဦးခင်ဗျာ။

ဦးကျော်သူ ဆရာတော်များနှင့် ပရဟိတအဖွဲ့များ ကျန်းမာပါစေ။
ဗြဟ္မစိုရ်တရားလက်ကိုင်ထား၍ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ပါစေ။

သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းရင်းနဲ့ မေတ္တာလွှမ်းတဲ့ မြန်မာနိုင်ငံတစ်ဝန်း နှစ်သစ်မှာ မင်္ဂလာရှိပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။        
                                 
မောင်ကောင်း(တော်ဝိ)

 

(၃ဝ.၄.၂ဝ၁၄ (ဗုဒ္ဓဟူးနေ့) ထုတ် Popular New Journal တွင် ဖော်ပြခဲ့သော တော်ဝိကျေးရွာရှိ  အဖမ်းဆီးခံ ပရဟိတသူရဲကောင်း (၇) ဦး ပြန်လည်လွှတ်မြောက်သည့်နေ့တွင် ကျင်းပပြုလုပ်သည့် ဂုဏ်ပြုပွဲ၌ ဦးမောင်ကောင်း (တော်ဝိ) ၏ ရင်ဖွင့်ပြောကြားခဲ့သော စကားသံများ ဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)