သန်းဝင်းလှိုင် – သမိုင်းတကွေ့မှ အာဠာဝက သခင်ဖိုးလှကြီး

May 2, 2014

သမိုင်းတကွေ့မှ အာဠာဝက သခင်ဖိုးလှကြီး
သန်းဝင်းလှိုင်
မေ ၂၊ ၂၀၁၄

 


နှစ်စဉ် မေလ ၁ ရက်နေ့ ရောက်တိုင်း ကမ္ဘာပေါ်ရှိ အလုပ်သမားတို့သည် ‘မေဒေးနေ့’ (ဝါ) အလုပ်သမား နေ့ အဖြစ် ကျင်းပလာခဲ့ကြသည်။ ၁၈၉ဝ ပြည့်နှစ် မေလ ၁ ရက်နေ့ အစပြု၍ ကျင်းပလာခဲ့သော မေဒေးနေ့သည် အလုပ်သမားများ သွေးဖြင့် ရင်းခဲ့ရသော နေ့ထူးနေ့မြတ် ဖြစ်သည်။ မေဒေးနေ့ ကို ကမ္ဘာနှင့်ချီ၍ ရေတွက်သော် ၁၂၄ နှစ်ရှိပြီ ဖြစ်သော်လည်း မြန်မာပြည်အနေနှင့်ကား ၇၆ နှစ်မြောက် ဖြစ်သည်။

၁၈၉ဝ ပြည့်နှစ် မေလ ၁ ရက်နေ့မှ အစပြု၍ ပထမဦးဆုံးသော မေဒေးနေ့ကြီးကို ကမ္ဘာ့အလုပ်သမားထုကြီးက စတင် ကျင်းပခဲ့သည်။ ထိုနေ့မှစ၍ ကမ္ဘာ့အလုပ်သမားနေ့ကို ရေတွက်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ၁၉၃၈ ခုနှစ် မေလ ၁ ရက်နေ့တွင် ရေနံချောင်းမြို့ ဈေးမြောက်ဘက် လယ်ပေါ်တန်ဆောင်းကြီး အတွင်း၌ ရေနံမြေ သပိတ်မှောက် အလုပ်သမားထုကြီးက ပထမဆုံးအကြိမ် စတင် ကျင်းပခဲ့လေသည်။

မေဒေးနေ ဖြစ်ပေါ်လာပုံကား ဤသို့ ဖြစ်လေသည်။ ၁၉ ရာစုနှစ်များအတွင်းက အမေရိကန်ပြည်၌ အလုပ်သမားများသည် အပန်းဖြေချိန်၊ နားနေချိန်ဟူ၍ မရှိဘဲ မိုးလင်းမှ မိုးချုပ်သည်အထိ အလုပ်လုပ်ကြရ၏။ တစ်နေ့လျှင် ၁၄ နာရီမှ ၁၈ နာရီအထိ အလုပ်လုပ်ကြရလေရာ ထိုအချိန်မှစ၍ အလုပ်သမားတို့၏ ရသင့်ရထိုက်သော အခွင့်အရေးကို တိုက်ပွဲဝင် တောင်းဆိုခဲ့ကြသည်။ ထိုစဉ်က အရင်းရှင် စီးပွားရေးခေတ်သည် တိုးတက်ဖြစ်ပေါ်စ အချိန်ဖြစ်၍ အလုပ်ချိန် ကန့်သတ်ချက်မရှိဘဲ၊ ထင်သလို ခိုင်းစေနေသော ကာလ ဖြစ်သည်။

၁၈၈၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အမေရိကန်ပြည် ချီကာဂိုမြို့၌ ကျင်းပခဲ့သော အမေရိကန် အလုပ်သမားအဖွဲ့၏ ညီလာခံ၌ တစ်နေ့အလုပ်ချိန် (၈) နာရီ သတ်မှတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်အတိုင်း အမေရိကန်တစ်ပြည်လုံးမှ အလုပ်သမားများ ပါဝင်နိုင်ရန် ၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့ကို တိုက်ပွဲစတင်ရန် သတ်မှတ်လိုက်ကြသည်။

၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့တွင် အမေရိကန်ပြည်ရှိ အလုပ်ရုံ စက်ရုံပေါင်း တစ်သောင်းကျော်မှ အလုပ်သမားပေါင်း ၅ သိန်းကျော်မျှ သပိတ်တိုက်ပွဲတွင် ပါဝင်ခဲ့ကြရာ ကမ္ဘကို တုန်လှုပ်သွားခဲ့ရသည်။

၁၈၈၉ ခုနှစ် ဇူလိုင်လတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပသော ကမ္ဘာ့အလုပ်သမား ကွန်ဂရက် အစည်းအဝေးကြီးတွင် အမေရိကန်အလုပ်သမားများ သပိတ်မှောက်တိုက်ပွဲဝင်ခဲ့သော အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရန် တောင်းဆိုချက်ကို ထပ်မံထောက်ခံ၍ အတည်ပြုခဲ့ကြသည်။ ထိုတောင်းဆိုချက်ကို ကမ္ဘာ့အလုပ်သမားထုကြီး တစ်ရပ်လုံးကလည်း တညီတညွတ်တည်း အင်အားပြကြရန် ဆုံးဖြတ်လိုက်လေသည်။ အင်အားပြမည့်နေ့ကိုလည်း ၁၈၉ဝ ပြည့်နှစ် မေလ ၁ ရက်နေ့ကို သတ်မှတ်လိုက်ကြသည်။

၁၈၉၀ ပြည့်နှစ် မေလ ၁ ရက်နေ့တွင် ဥရောပတိုက် နိုင်ငံအသီးသီး၌လည်း အလုပ်သမားများ၏ အင်အားပြပွဲများကို ဆင်နွှဲကျင်းပခဲ့ကြလေသည်။ ဤသို့ဖြင့် နှစ်စဉ် မေလ ၁ ရက်နေ့ ရောက်တိုင်း ကျင်းပလာခဲ့သော မေဒေးနေ့ (ဝါ) အလုပ်သမားနေ့သည် ကမ္ဘာ့အလုပ်သမားထု၏ လိုအင်ဆန္ဒမှ ပေါ်ပေါက်လာခဲ့သော နေ့ထူးနေ့မြတ် ဖြစ်လေသည်။

ကမ္ဘာ့မေဒေး လှုပ်ရှားမှု စတင်ပေါ်ပေါက်ခဲ့သော အချိန်၌ မြန်မာနိုင်ငံတွင် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်တွင် ဗြိတိသျှနယ်ချဲ့သမားတို့က မြန်မာဘုရင် သီပေါမင်း၊ မိဘုရားနှစ်ပါးနှင့် အချွေအရံတို့ကို ရတနာပုံ နန်းမြို့မှ အိန္ဒိယပြည် ဘုံဘေမြို့ဆီသို့ ဖမ်းယူခေါ်ဆောင်သွားခဲ့ချိန်နှင့် တိုက်ဆိုင်နေသည်။ ထို့ပြင် အလုပ်ချိန် ၈ နာရီ သတ်မှတ်ရန် အမေရိကန်အလုပ်သမားများ တိုက်ပွဲဝင်နေချိန်၌ သူ့ကျွန်မခံသော တိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်များ၏ ခုခံတိုက်ခိုက်မှုကို အင်္ဂလိပ်တို့က စစ်သားပေါင်း ၃၂ဝဝဝ ကျော်ဖြင့် နှိမ်နင်းနေဆဲ ကာလဖြစ်သည်။

ဝမ်းနည်းဖွယ်ကောင်းလောက်အောင် လာရောက်တိုက်ဆိုင်နေခြင်းကား ၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့တွင် အမေရိကန် အလုပ်သမားပေါင်း ၅ သိန်းကျော် တိုက်ပွဲဝင်နေသော အချိန်၌ မြန်မာပြည်ကို တာဝန်ခံအုပ်ချုပ်နေသော မဟာကော်မရှင်နာမင်းကြီး ဆာချားလ်ဘားနတ်က ရှမ်းပြည်မှလွဲ၍ မြန်မာပြည်နယ်အားလုံးကို ပေါင်းစပ်၍ စီမံအုပ်ချုပ်နေပြီဖြစ်ကြောင်း ကမ္ဘာသို့ကြေညာသောနေ့နှင့် တိုက်ဆိုင်နေခြင်းပင် ဖြစ်သည်။ အဆိုပါ ကြေညာချက်သည်ပင်လျှင် မြန်မာပြည်အား နယ်ချဲ့အရင်းရှင် စီးပွားရေး စနစ်ကို အင်္ဂလိပ်အရင်းရှင်တို့က အောင်မြင်စွာ စိုက်ထူလိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

ထိုစဉ်က အောက်မြန်မာပြည်၏ လူဦးရေသည် ၃ သန်းကျော်မျှသာရှိ၍ လယ်ယာကိုင်းကျွန်း အလုပ်လုပ်သူများသာ ရှိသည်။ နယ်ချဲ့ဗြိတိသျှအစိုးရသည် မြန်မာပြည်၌ ဘုံဘေဘားမား သစ်လုပ်ငန်း၊ ဧရာဝတီသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့်မီးရထားလုပ်ငန်းတို့ကိုအစပျိုးနေချိန်ဖြစ်သည်။ အောက်မြန်မာပြည် ဒေသရှိ ခယောင်းဆိုးတောများ၊ မြေရိုင်းများကို မြန်မာ ဆင်းရဲသားတို့အား အကွက်ချ ဝေငှပေး၍ စိုက်ပျိုးစေသည်။ စပါးဈေးမှာ ၁၇၈၅ ခုနှစ်၌ စပါး ၄ တင်းကို တစ်ကျပ်ပေး၍ ဝယ်ယူကြသည်။ ၁၈၂၄ ခုနှစ်၌ ဆန်တစ်တင်းကို တစ်ကျပ်သာ ပေးရသည်။ ၁၈၈ဝ ပြည့်နှစ်၌ စပါးတင်း ၁ဝဝ လျှင် ၅၅ ကျပ် ဖြစ်လာသည်။ ထို့ကြောင့် အောက်မြန်မာပြည်၌ လယ်သမားများ တိုးတက်များပြားလာသည်။ မြေခွန်မှာ လယ်တစ်ဧကလျှင် ၅ ပဲမျှသာ ပေးဆောင်ရသည်။ ဓါးမဦးချ ပြုပြင်စိုက်ပျိုးသော လယ်များကို ၁၂ နှစ် အခွန်ဆောင်ပြီးသော် လုံးဝပိုင်ဆိုင်ခွင့် ပေးထားလေသည်။ သို့ဖြစ်၍ ယခင်က လယ်ဧက ၆ သောင်းကျော် ရှိရာမှ ၂ သန်း ၈ သိန်းကျော်အထိ ခဏချင်း တိုးတက်လာခဲ့လေသည်။

ဤသို့ဖြင့် အမေရိကန် အလုပ်သမားတို့ စက်မှုလက်မှု တော်လှန်ရေးသမိုင်း စတင်ချိန်တွင် မြန်မာပြည်၌ ဗြိတိသျှ နယ်ချဲ့အရင်းရှင်တို့က မြန်မာပြည်သူတို့အား နှိမ်နှင်းတိုက်ခိုက်ပြီး အရင်းရှင် စီးပွားရေး စနစ်ကို အစပျိုးချိန်လည်း ဖြစ်သည်။ 

ယင်းသို့ မြန်မာပြည်တွင် အရင်းရှင်စီးပွားရေး စနစ် တစတစ အမြစ်တွယ်လာရာမှ စက်ရုံအလုပ်ရုံ ဦးရေမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခဲ့သည်။ ၁၉ဝဝ ပြည့်နှစ်တွင် အလုပ်သမား ၁၅ဝ သာရှိသော်လည်း ၁၉၃၇ တွင် ၁ဝ၃၈ ဦး ရှိလာပြီ ဖြစ်သည်။

နှစ်ပေါင်း ၄ဝ အတွင်း စက်ရုံ အလုပ်ရုံများ ၃ ဆ နီးပါး တိုးတက်လာခဲ့သော်လည်း ထိုစဉ်က အလုပ်သမားတစ်ဦး၏ တစ်နေ့လုပ်ခမှာ ၇ ပဲမှ တစ်ကျပ်အထိသာ ရကြသည်။ အမျိုးသမီး အလုပ်သမား တစ်ယောက်၏ လုပ်ခမှာ ၆ ပဲမှ ၁၂ ပဲ ရသည်။ လခစား အလုပ်သမားတစ်ဦး၏ လစာမှာ ၁၂ ကျပ်မှ ၂ဝ ကျပ်သာ ရရှိသည်။ အလုပ်သမားတို့၏ ယေဘုယျ အလုပ်ချိန်မှာ တစ်ပတ်လျှင် နာရီ ၈ဝ အထိ အခိုင်းခံရသည်။ နာမကျန်း ခွင့်ရက်၊ နားနေခွင့်ရက် စသည်များလည်း မရှိခဲ့ကြပေ။

ထို့နောက် မြန်မာနိုင်ငံ၏ မြေတွင်းမြေပေါ် သယံဇာတ ပစ္စည်းများကိုသာမက အလုပ်သမားများ၏ အသွေးအသားများကို လူစဉ်မမှီသည့် ဘဝသို့ရောက်အောင် အမြတ်သွေးစုတ်နေကြသည့် ဘီအိုစီရေနံ ကုမ္ပဏီနှင့် နယ်ချဲ့အစိုးရကို ရေနံမြေ အလုပ်သမားထုက နည်းအမျိုးမျိုးဖြင့် ဖိနှိပ်နေသည့်ကြားမှ အံတုဘက်ပြိုင်ကာ သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။ သို့သော် ဘီအိုစီ ကုမ္ပဏီနှင့် နယ်ချဲ့အစိုးရသည် ရေနံမြေ အလုပ်သမားတို့၏ တရားမျှတသော တောင်းဆိုချက်များကို ၁၁ လတိုင်တိုင် မလိုက်လျောဘဲ ငြင်းဆန်နေသောကြောင့် ၎င်းတို့၏ သွေးစုတ်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှု ဇာတိရုပ်ကို ပြည်သူလူထုရှေ့မှောက်တွင် ထုတ်ဖေါ်ပြသရန်အတွက်လည်းကောင်း၊ ရေနံမြေသပိတ်တိုက်ပွဲ မီးတုတ်ကြီးဖြင့် မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ လုပ်သားပြည်သူတို့၏ ဓနရှင်စနစ်ဆန့်ကျင်ရေး၊ နယ်ချဲ့စနစ် တိုက်ဖျက်ရေး မီးရူးမီးတိုက်များသို့ ကူးစက်ထွန်းညှိပေးရန် အတွက်လည်းကောင်း၊ ၁၉၃၈ နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ရေနံမြေသပိတ်မှောက် အလုပ်သမား တပ်ကြီးသည် မိုင် ၄ဝဝ ကွာဝေးသော ရန်ကုန်မြို့သို့ ခရီးရှည်ချီတက်၍ အင်အားပြခဲ့ရာမှ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းရှင်၊ လူတို့ ပူးပေါင်းပါဝင်ကာ မြန်မာ့သမိုင်းတွင် အရေးပါလှသော ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့လေသည်။

အဆိုပါ ရေနံမြေတပ်ကြီးကို တာဝန်ယူ၍ ရန်ကုန်အထိ ချီတက်ရန် ဦးဆောင်လာခဲ့သူကား ရေနံတပ်ဗိုလ်ချုပ်ကြီး အာဠာဝကဘွဲ့ခံ သခင်ဖိုးလှကြီးပင် ဖြစ်လေသည်။

အာဋ္ဌာဝက သခင်ဖိုးလှကြီးသည် တောသူတောင်သား သာမန်မျိုးရိုးမျွှ ဆင်းသက်လာသူ ဖြစ်သည်။ ၎င်း၏ ဇာတိမှာ မကွေးခရိုင် သရက်လေးပင်ရွာ ဖြစ်သော်လည်း မိဘအမည်နှင့် မွေးသက္ကရာဇ်ကို  အမှတ်အသား မတွေ့ရပေ။ ရေနံမြေသပိတ် စတင်ချိန်က အသက် ၃ဝ ခန့် အရွယ်ရှိသည် ဟု မှန်းဆကာ သခင်ဖိုးလှကြီးကို ၁၉ဝ၈ ခုနှစ် ဝန်းကျင်တွင် ဖွားမြင်သည်ဟု မှန်းဆကြသည်။

သူသည် ဗြိတိသျှနယ်ချဲ့အစိုးရ လက်အောက် သူ့ကျွန်ဘ၀တွင် ကြီးပြင်းခဲ့ရသောကြောင့် ၀ံသာနုစိတ်ဓါတ် ပြင်းထန်လှပေသည်။ ဖိုးလှကြီး အသက် ၁၄ နှစ်အရွယ်တွင် မြေခွန်ယာခွန် မပေးဆောင်နိုင်သဖြင့် ဖခင်အား ပုလိပ်များက လာရောက်ဖမ်းဆီးသွားကြသည်။ ဤသို့ဖြင့် ဖိုးလှကြီးသည် ငယ်စဉ်ကပင် တိုင်းတစ်ပါးသားတို့၏ အုပ်ချုပ်မှုကို ရွံမုန်းသွားခဲ့သည်။

ဖိုးလှကြီး ငယ်စဉ်က ဘုန်းကြီးကျောင်းတွင်သာ ပညာသင်ယူခဲ့ရသည်။ ဆရာတော်မှာ ဗိုလ်ချုပ် အောင်ဆန်း၏ အဘိုး ဗိုလ်မင်းရောင်၏ ညာလက်ရုံး တစ်ဆူ ဖြစ်ခဲ့ဖူးသည်။

၁၉၂၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်လာသောအခါ အင်္ဂလိပ်တို့က စစ်ပွဲအတွက် စစ်သားများ စုဆောင်းရာ မြန်မာလူမျိုး အများအပြား စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း ခံခဲ့ရသည်။ ဤတွင် ဆရာတော်က ဖိုးလှကြီးအား စစ်ထဲဝင်ရန် တိုက်တွန်းခဲ့၍ စစ်ထဲ လိုက်သွားသည်။ မက်ဆိုပိုတေးမီးယား စစ်မြေပြင်သို့ ရောက်ခဲ့သည်။

ဖိုးလှကြီးသည် စစ်မြေပြင်တွင် သုံးနှစ်စစ်မှုထမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ထို့နောက် ရေနံမြေတွင် အလုပ်ကြမ်းသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ယင်းသို့ လုပ်ကိုင်ရင်း ရေနံမြေ အလုပ်သမားများ ဘ၀နှင့် မျက်နှာဖြူ အရာရှိကြီးများ ဂုတ်သွေးစုတ်နေမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။

ဖိုးလှကြီးသည် ရေနံမြေ စတို စာရေးကြီး ဦးညီခင်၏ သမီး မညွှန့်နှင့် လက်ထပ်ခဲ့သည်။ ယင်းနောက် တို့ဗမာအစည်းအရုံးသို့ ဝင်ခဲ့ရာ သခင်ဖိုးလှကြီး အမည်တွင်ခဲ့သည်။ ၁၉၃၈ မတ်လ ၁၇ ရက်တွင် ရေနံချောင်း လယ်ပေါ်တန်ဆောင်းအတွင်း ပြုလုပ်သည့် အလုပ်သမားပေါင်း ၅ဝဝဝ ကျော် တက်ရောက်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ရေနံမြေအလုပ်သမား အစည်းအရုံးကို တည်ထောင်ရာတွင် သခင်ဘိုးလှကြီးသည် အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။

၁၉၃၈ ခုနှစ်တွင် ရေနံမြေ အလုပ်သမားတို့ နစ်နာချက်များကို တောင်းဆိုရာ ဘီအိုစီကုမ္ပဏီက လိုက်လျောမှု မရှိသဖြင့် ရန်ကုန်မြို့သို့ ချီတက်ဆန္ဒပြတောင်းဆိုရန် ရေနံမြေ သပိတ်တပ်ကြီး၏ ခေါင်းဆောင်အဖြစ် သခင်ဖိုးလှကြီးကို ရွေးချယ်တင်မြောက်ခဲ့ကြသည်။

၁၉၃၈ နိုဝင်ဘာလ ၃၀ တွင် သခင်ဖိုးလှကြီး ခေါင်းဆောင်သည့် အလုပ်သမား ၂ဝဝဝ ကျော် ပါဝင်သော ရေနံမြေ သပိတ်တပ်မကြီးသည် မိုင် ၄ဝဝ ကျော် ဝေးသော ရန်ကုန်မြို့သို့ ချီတက်စဉ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် မကွေးသို့ ရောက်ပြီး မကြာမီမှာပင် သခင်ဖိုးလှကြီး အဖမ်းခံခဲ့ရသည်။ သို့သော် ကိုဗဆွေ၊ သခင်ဗဟိန်း တို့၏ ရဲရဲတောက် မိန့်ခွန်းကြောင့် အားတက်လာကာ တဗိုလ်ကျ တဗိုလ်တက်ဖြင့် ဒီဇင်ဘာလ ၁၂ ရက်၌ ဆက်လက်ချီတက်ခဲ့ကြသည်။ သပိတ်တပ်ကြီး နတ်တလင်းမြို့အရောက် ၁၉၃၈ ဒီဇင်ဘာလ ၂၄ ရက်တွင် သခင်ဖိုးလှကြီး ပြန်လည်လွတ်မြောက်ကာ သပိတ်တပ်နှင့် ထပ်မံတွေ့ဆုံပြီး ခေါင်းဆောင်အဖြစ် ပြန်လည်တင်မြှောက်ခံရသည်။ ထိုအခါ သပိတ်တပ်သားများက “အာဠာဝကကွ” ဟူ၍ အားပေးချီးမြှင့်ရာမှ အာဋ္ဌာဝက သခင်ဖိုးလှကြီး အမည်တွင်သွားခဲ့သည်။

သခင်ဖိုးလှကြီးခေါင်းဆောင်သော ရေနံမြေသပိတ်ကြီးသည် ၁၉၃၉ ဇန်န၀ါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိချိန်တွင် ရေနံမြေသပိတ်မှ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးအဖြစ် လူထုလူတန်းစား အလွှာအသီးသီးမှ ပါဝင်လာခဲ့သည်။ ထို့နောက် ၁၉၃၉ မတ်လ ၁၃ ရက်တွင် သခင်ဖိုးလှကြီး ခေါင်းဆောင်သော ရေနံမြေ သပိတ်တပ်မကြီးသည် ဗိုလ်တထောင် ဓနိတော (ဘီအိုစီ)၊ )အိုင်ဘီပီ) ကုမ္ပဏီ ဓါတ်ဆီသိုလှောင်ရေး ဌာနများသို့ ချီတက်ပြီး ဆန္ဒပြ သပိတ်မှောက်ခဲ့သည်။

ယင်းနောက် ဗြိတိသျှအာဏာပိုင်တို့က သခင်ဖိုးလှကြီးအား ရူးသွပ်သွားပြီဟု ကြေညာလျက် စိတ္တဇဆေးရုံသို့ ပို့လိုက်ကြသည်။ ဆေးရုံမှ ပြန်ထွက်လာချိန်တွင် ရေနံမြေသပိတ်တပ်သားများမှာ ၂ဝဝ ခန့် သာ ရှိတော့၏။ သို့ဖြင့် သခင်ဖိုးလှကြီးသည် စိတ်ပျက်သွားကာ ကိုရင်ကြီးဝတ်သွားလေသည်။

သခင်ဖိုးလှကြီးသည် ကိုရင်ကြီးဘ၀ဖြင့် “သပိတ်စစ်ပွဲ” အမည်ရှိ စာအုပ်ကို ထုတ်ဝေကာ ရန်ပုံငွေ ရှာဖွေခဲ့သည်။ ငွေရေးအချို့ ရရှိလာသောအခါ စိတ်မလျှော့သေးဘဲ ကိုရင်လူထွက်ပြီး လက်ကျန် သပိတ်တပ်သားများကို ပြန်လည်စုစည်းပြီး သံမဏိသပိတ်တပ်ပြန်ဖွဲ့စည်းခဲ့သည်။

ထို့နောက် ရွှေတိဂုံစေတီမှ ခြောက်ထပ်ကြီးဘုရား၊ ယင်းနောက် ကိုးထပ်ကြီးဘုရားသို့ ပြောင်းရွှေ့သည်။ သံမဏိ သပိတ်တပ်သားများ တောင်းဆိုချက်များ မရမချင်း သေပွဲဝင်သည်အထိ အစာငတ်ခံတိုက်ပွဲ ဝင်မည်ဟု ၁၉၃၉ ဇွန်လ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။

ဦးပုညွှန်ပေါင်းအစိုးရက သခင်ဖိုးလှကြီးတို့အား အလုပ်ပြန်ဝင်လျှင် စပေါ်ငွေ ၁ဝ၊ ထမင်းဖိုး သုံးကျပ် ပေးမည်ဟု ဖျောင်းဖျပြောဆိုခဲ့သည်။ သို့သော် လက်ခ၏မခံခဲ့ပေ။ နောက်ဆုံး ၁၉၃၉ ဇွန်လ ၉ ရက်နေ့တွင် တို့ဗမာအစည်းအရုံး နာယက သခင်ကိုယ်တော်မှိုင်းက ဘာမဟုတ်သည့် ကိစ္စအတွက် အသေမခံရန် ဆုံးမမှ အစာရေစာများ ပြန်လည်စားသောက်ခဲ့သည်။ ဇွန်လ ၁၈ ရက်နေ့တွင် ရေနံမြေကုမ္ပဏီများဘက်မှ ကတိဝန်ခံချက်များ ရသဖြင့် ရေနံမြေ သပိတ်တပ်သားအားလုံး အညာဆန်သင်္ဘောဖြင့် ရေနံမြေသို့ တပ်ခေါက်ပြန်သွားခဲ့ရာ ၁ နှစ်ခွဲ ကြာမြင့်ခဲ့သည့် ရေနံမြေသပိတ်တိုက်ပွဲကြီးလည်း ပြီးဆုံးသွားခဲ့သည်။

သခင်ဖိုးလှကြီးသည် အလုပ်ပြန်မ၀င်တော့ဘဲ၊ အလုပ်သမားများ အကျိုးကိုသာ အချိန်ပြည့် ဆောင်ရွက်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ရေနံမြေ အလုပ်သမားများအား စည်းရုံးကာ လုပ်သားထု  လွှတ်တော် ခေါ်ယူရန် သခင်တင်နှင့်အတူ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော် ကျင်းပရန် နှစ်ရက်အလိုတွင် သခင်ဖိုးလှကြီးတို့အဖွဲ့ ထိန်းသိမ်းခံခဲ့ရသည်။ သခင်ဖိုးလှကြီးကို မြစ်ကြီးနားမှတဆင့် ဗန်းမော်ထောင်သို့ ပေးပို့ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသောဘီအိုင်အေတပ်များဝင်ရောက်လာချိန်မှ လွှတ်မြောက်သွားခဲ့သည်။

သခင်ဖိုးလှကြီးသည် ဂျပန်ခေတ်တွင် ဗန်းမော်မြို့ အုပ်ချုပ်ရေးမှူး တာဝန်ပေးအပ်ခြင်း ခံရသည်။ ဂျပန်ခေတ် တလျှောက်လုံးတွင် အလုပ်သမားရေး ကိစ္စကိုသာ ဆောင်ရွက်ခဲ့သည်။ သခင်ဖိုးလှကြီးသည် မကြာမီ အုပ်ချုပ်ရေးမှူး ရာထူးကို ပြန်အပ်ပြီးရေနံမြေသို့ပြန်ခဲ့ရာချောက်မြို့တွင်အုပ်ချုပ်ရေး တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

ထို့နောက်ကျန်းမာရေးအခြေအနေဆိုးရွားလာရာရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တက်ရောက် ကုသနေရာ မှ ၁၉၄၃ ခု စက်တင်ဘာလ ၂၅ ရက်နေ့တွင် သခင်ဖိုးလှကြီးသည် ဝမ်းဗိုက်အတွင်း ကင်ဆာ (Retro peritoneal Sarcoma) ရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့လေသည်။ စက်တင်ဘာ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရအဖွဲ့ ဒုတိယ၀န်ကြီးချုပ် သခင်မြ၊ ဝန်ကြီး သခင်သန်းထွန်း၊ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ် နေဝင်းတို့ ကြီးမှူး၍ သခင်ဖိုးလှကြီး ရုပ်ကလာပ်ကို ညနေ (၃း၀၀) နာရီတွင် ကြံတောသုသာန်သို့ ပို့ဆောင်သဂြိုဟ်ခဲ့သည်။ ကွယ်လွန်ချိန်၌ သားဖြစ်သူ မောင်အောင်သန်း ကျန်ရစ်ခဲ့သည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ တွင် ၁၃ဝဝ ပြည့်အရေးတော်ပုံကြီးစိန်ရတုသဘင် အထိမ်းအမှတ်နေ့၌ သခင်ဖိုးလှကြီး ရုပ်တုကို ရေနံချောင်းမြို့၌ အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့လေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments