သန်းဝင်းလှိုင် – ဝေါ့ဒစ္စနေးနှင့် သူ၏ကမ္ဘာ
May 3, 2014
ဝေါ့ဒစ္စနေးနှင့် သူ၏ကမ္ဘာ
သန်းဝင်းလှိုင်
မေ ၃၊ ၂၀၁၄
သူသည် ပါရမီ ထူးချွန်သော အနုပညာရှင်များတွင် ထိပ်တန်းက ပါဝင်ခဲ့သည်။ သူ၏ စိတ်ကူးစိတ်သန်းတို့ဖြင့်  ထားခဲ့သော ထူးဆန်းအံ့သြဖွယ်ရာ ကမ္ဘာမှစွဲမက်စရာ ဇာတ်ကောင်များကို  ကျွန်ုပ်တို့ကမ္ဘာတွင် နေထိုင်သော လူသားအားလုံးက ဘဝင်ခိုက်အောင် ကြိုက်နှစ်သက်ကြသည်။
ချစ်စဖွယ် မစ်ကီးမောက်စ်၊ စိတ်တိုတတ်သော ဒေါ်နယ်ဒပ်စ်၊ နှစ်လိုဖွယ် ပလူတို၊ သိမ်မွေ့သည့် ဘန်ဘီနှင့် များစွာသော အခြားတိရစ္ဆာန်များနှင့် လူသားဇာတ်ကောင်တို့၏ ဖခင်ကြီးအဖြစ် ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့က သူကို သိရှိထားကြသည်။ သူကွယ်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၄၈ နှစ် နီးပါးပင် ရှိသော်လည်း သူ့စတူဒီယိုမှ ထွက်သော ဇာတ်ကားများနှင့် သူဖန်တီးခဲ့သော ဒစ္စနေးကမ္ဘာကို ကမ္ဘာ့လူသား သန်းပေါင်းများစွာက ဆက်လက်ကြည့်ရူ အားပေးနဆဲ ဖြစ်သည်။ သူကား စိတ်ကူးဥာဏ် ကွန့်မြူးရာ၌ မှော်အတတ်ကဲ့သို့ တဘက်ကမ်းခတ်အောင် ကျွမ်းကျင်လှသည့် ကာတွန်းရုပ်ရှင် ၀ိဇ္ဇာကြီး ဝေါ့ဒစ္စနေး (Walt Disney) (၁၉ဝ၁ – ၁၉၆၆) ပင် ဖြစ်ပေသည်။
ဝေါ့ဒစ္စနေးသည် မူလက ကာတွန်းရုပ်ရှင်များကိုသာလျှင် ထုတ်လုပ်နေခဲ့ရာမှ နောက်ပိုင်း၌ သက်ရှိဇာတ်ကောင်များပါသော ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဇာတ်လမ်းများကိုပါ ရိုက်ကူးထုတ်လုပ်ခဲ့ရာ မိသားစုများ၏ ပျော်တော်ဆက် ဖြစ်ခဲ့သည်။ အဆိုပါ ဇာတ်ကားများဖြင့်ပင် သူ၏ နာမည်ကျော်ကြားမှုမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေသည်။ အချစ်အကြိုက်၊ အလွမ်းအဆွေး၊ အသောအလွမ်း၊ အကြမ်းအရမ်း စသည့် ဇာတ်လမ်းတို့ဖြင့်သာလျှင် ပြွမ်းသော ဟောလိဝုဒ် ရုပ်ရှင်လောက၌ အလွန်တတ်သိ လိမ္မာသော တိရစ္ဆာန်များ၊ ချစ်စဖွယ်ကလေးများနှင့် ရိုးသားသော လူသားဇာတ်ကောင်များ၏  သရုပ်သကန်ကိုသာလျှင် ဖော်ထုတ်တင်ပြသော ဒစ္စနေး၏ ဇာတ်ကားများ အောင်မြင်မှုရှိခဲ့သည်မှာ အံ့သြဖွယ်ရာ တစ်ရပ်ပင် ဖြစ်သည်။
“ကလေးတွေ အနေနဲ့ သူတို့ရဲ့ မိဘတွေကိုပါ ခေါ်လာလို့ရတဲ့ ဇာတ်ကားမျိုးတွေကို ရိုက်ထုတ်ဖို့ပါပဲ” ဟု ဒစ္စနေးက ပြောခဲ့ဘူးသည့်အတိုင်း ယင်းသို့သော ဇာတ်ကားမျိုးများကို သာလျှင် ရိုက်ထုတ်ခဲ့ခြင်းပင် ဖြစ်သည်။ ဇာတ်ကားများ ရိုက်ထုတ်ခြင်းကြောင့် ရရှိခဲ့သည့် မြောက်မြားလှစွာသော ငွေကြေးနှင့် ကျော်ကြားမှုတို့က သူ၏ ကြိုးပမ်းချက် မည်မျှအောင်မြင်ကြောင်း သက်သေအဖြစ် တွေ့ရှိနိုင်ပေသည်။ သို့သော် ဒစ္စနေးသည် မိမိရရှိသည့် ငွေများကို နောက်ထပ် အသစ်သစ် ရိုက်ကူးသော ဇာတ်ကားများ၌ ပို၍ သုံးစွဲလေ့ ရှိပေသည်။
ဒစ္စနေးသည် ပင်ကိုယ်အားဖြင့် ဟန်ဆောင်မှုကင်းပြီး ဟန်ကြီးပန်ကြီး မလုပ်တတ်သော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။ နေ့လည်စာကို စတူဒီယိုရှိ စားသောက်ဆိုင်၌ပင် စားသောက်တတ်ပြီး အသားညှပ် ပေါင်မုန့်လောက်ဖြင့် တင်းတိမ်သည်က များပေသည်။ စားသောက်ဆိုင်မှ အမျိုးသမီးကလေးများမှအစ မန်နေဂျာကြီးများအဆုံး သူ့အား “ဝေါ့” (Walt) ဟုပင် ချစ်စနိုး ခေါ်တတ်ကြသည်။ သို့သော် ပုထုဇဉ် လူသားတစ်ဦးသာလျှင် ဖြစ်သော ‘ဝေါ့’ မှာ စိတ်ထိခိုက်လွယ်ခြင်း အသိရခက်ခြင်း၊ ခေါင်းမာခြင်း စသည့် အခြားအင်္ဂါလက္ခဏာများလည်း ရှိနေပေသည်။ ဝေဖန်ရေးဆရာ တစ်ဦးကမူ ဝေါ့ဒစ္စနေးအား “၁၉ ရာစု၏ စိတ်လှုပ်ရှားမှုများနှင့် ၂၁ ရာစုနှစ်၏ ဦးနှောက်တို့ ပဋိပက္ခဖြစ်နေသော လူသားတစ်ယောက်” ဟု မှတ်ချက် ချဘူးလေသည်။
ကွယ်လွန်သွားပြီဖြစ်သော ဂျယ်ရီဝေါ့လ်ဒ်ဒစ္စနေးက “သူများမမြင်နိုင်သော အရာကို မြင်နိုင်သည့် မျက်စိရှိသည်” ဟု ပြောဘူးလေသည်။
မှန်ပေသည်။ ဒစ္စနေးသည် အင်္ဂ၀ိဇ္ဇာမှော်အတတ်ပညာများကို တစ်ဘက်ကမ်းခတ် တတ်ထားဘိအလား သူတစ်ဦးတည်းသာလျှင် မြင်နိုင်စွမ်းသော လူသားတို့တွင် ရှိသည့် အသွင်လက္ခဏာများကို ကြွက်များ၊ ဇီးကွက်များ၊ သမင်များ၊ နှံကောင်များသို့ သွတ်သွင်းပေးနိုင်ခဲ့ပေသည်။ ထို့ပြင် သက်မဲ့အရာ ၀တ္ထုများကိုလည်း သက်ရှိကဲ့သို့ ဖန်ဆင်းနိုင်စွမ်း ရှိလေသည်။ အခန်းတံခါးမကြီး၏ လက်ကိုင်ဖုလုံးကို စိုက်ကြည့်ရာမှ ပါးစပ်များ၊ နားရွက်များ တပ်ဆင်လိုက်ခြင်းဖြင့် “အံ့သြဖွယ်ရာ ကမ္ဘာရောက် အဲလစ်” (Alice in Wonder land) ဟူသော နာမည်ကျော် ကာတွန်းရုပ်ရှင်တွင် ပါဝင်သည့် ဇာတ်ကောင်တစ်ကောင်ကို ဖန်ဆင်းယူခဲ့ပေသည်။
ဒစ္စနေး တီထွင်ခဲ့သော အသစ်အဆန်းများကို လူကြိုက်မှ ကြိုက်ပါ့မလားဟု သံသယဝင်ခဲ့ရသော်လည်း သူ၏ စိတ်ကူးယဉ် အိပ်မက်များကို ပြင်းပြ ခိုင်မာသော စိတ်ဓါတ်ဖြင့် အကောင်အထည် ဖေါ်ခဲ့သည်သာ ဖြစ်လေသည်။ ယင်းကဲ့သို့ ဒစ္စနေး၌ မဖြစ်မနေကြိုးစား အားထုတ်တတ်သော ကြီးမားသည့် ဇွဲရှိခြင်းမှာ ငယ်စဉ်မှ စ၍ ကျင့်သားရလာသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ဒစ္စနေး၏ ဖခင်ဖြစ်သူ အိုင်ရစ်နှင့် ကနေဒါသွေးပါသော အီလီယာဒစ္စနေးနှင့် ဂျာမန်နှင့် အမေရိကန် အဆက်အနွယ်ဖြစ်သော ဖလော်ရာကောလ် ဒစ္စနေး တို့၌ သားသမီး ငါးယောက်ရှိခဲ့လေရာ၊ ယင်း သားသမီးများကို ကျွေးမွေးပြုစုရာ၌ အကြပ်အတည်းများနှင့် ကြုံတွေ့ရလေသည်။ ထို့ကြောင့် ဖလော်ဒီရာနယ်၌ လိမ္မော်ခြံများ စိုက်ပျိုးရန် အားထုတ်ရင်း ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်၊ ချွတ်ခြုံကျသွားခဲ့လေရာ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော ဆိုးရိုးစကားအတိုင်း ရှီကာဂိုမြို့သို့ ပြောင်းရွှေ့လျက် လက်သမား တန်ဆာပလာ ဆိုင်တစ်ဆိုင် ဖွင့်လှစ်ကာ လုပ်ကိုင်စားသောက်ခဲ့ရလေသည်။ ဤတွင် ၁၉ဝ၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့၌ ဝေါ့ဒစ္စနေးကို မီးရူးသန့်စင် ဖွားမြင်ခဲ့သည်။
လက်သမား တန်ဆာပလာဆိုင်ကလည်း ဟန်မကျသဖြင့် ဒစ္စနေးတို့ မိသားစုသည် အမေရိကန် အနောက်အလယ်ပိုင်း နယ်တစ်နယ်ဖြစ်သော မစ်ဆိုးရီးနယ်သို့ ပြောင်းရွေ့လျက် လယ်ယာလုပ်ကိုင် စားသောက်ပြန်သည်။ အသက် (၇) နှစ် ရှိပြီဖြစ်သော ဝေါ့ဒစ္စနေးသည် ဤဒေသ၌ ပန်းချီအဖြစ် ပထမဆုံး ငွေအသပြာကို ရရှိခဲ့သည်။
ဆရာဝန်ကြီးတစ်ဦး၏ မြင်းကို ပုံတူရေးဆွဲပေးခြင်းပင် ဖြစ်သည်။ ထိုမြင်းရုပ် ရေးဆွဲခအတွက် ဆရာဝန်ကြီးက ဝေါ့ဒစ္စနေးအား ၂၅ ဆင့်ပေးပြီး သူ့လက်ရာကိုလည်း ချီးကျူးခဲ့သည်။ အနှီမြင်းရုပ်မှာ နောင်သောအခါ၌ တစ်ဦးတည်းသော အနုပညာရှင်၏ ဦးနှောက်ထဲမှ ခုန်ပေါက်ပြေးထွက်လာကြသော နှစ်သက်ဖွယ်ရာ သတ္တ၀ါ တစ်ခု၏ ရှေ့ပြေးတမန် ကလေးပင် ဖြစ်သည်။
ဝေါ့ဒ် ၁၉ နှစ်သားအရွယ်၌ သူတို့၏ မိသားစုသည် ကန်းဆတ်စီးတီးမြို့သို့ ပြောင်းရွှေ့ပြန်သည်။ ထိုမြို့၌ ဝေါ့ဒစ္စနေး၏ ဖခင်သည် သတင်းစာပို့လုပ်ငန်းကို ရရှိလေသည်။ ထို့ကြောင့် ဒစ္စနေးသည် အာရုဏ်မတက်မီ အိပ်ရာမှ ထလျက် ကျောင်းမသွားမီ သတင်းစာများကို အပြီး လိုက်လံပို့ပေးရလေသည်။ ထို့နောက် ညနေကျောင်းပြန်ချိန်၌လည်း ညနေထုတ် သတင်းစာများကို လိုက်လံ၍ ပို့ပေးရပြန်သည်။ နှစ်အနည်းငယ် ကြာသောအခါ ဝေါ့ဒစ္စနေးတို့ ညီအကိုတစ်စုသည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း အလုပ်အမျိုးမျိုးကို လျှောက်၍ လုပ်ကိုင်ကြရလေသည်။ ယင်းအလုပ်များ၌ ဝေါ့ဒစ္စနေး သဘောအကျဆုံးအလုပ်မှာမူ ကန်းဆတ်စ် စီးတီးမှ ရှီကာဂိုမြို့သို့ သွားသော မီးရထားပေါ်၌ သကြားလုံးရောင်းရခြင်းပင် ဖြစ်လေသည်။ ဝေါ့ဒစ္စနေး သဘောကျခြင်းမှာ အခြားကြောင့်မဟုတ်ပေ။သကြားလုံးရောင်းရာ၌ဆင်တူဝတ်စုံကို ဝတ်ဆင်ရသောကြောင့်ပင် ဖြစ်သည်။
ရှီကာဂိုမြို့၌ အထက်တန်းကျောင်းတွင် ကျောင်းတက်နေစဉ် အတွင်းပန်းချီကျောင်း၌လည်း ညနေပိုင်း သင်တန်းများကိုတစ်နှစ်ကြာမျှတက်ရောက်သင်ကြားလေသည်။ထို့နောက် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလာခဲ့ ပေရာ ၊ စစ်မှုထမ်းလိုစိတ် ပြင်းပြနေသော ဝေါ့ဒစ္စနေးသည် မိမိ၏ အသက်ကိုလိမ်၍ စစ်ထဲသို့ ၀င်ခဲ့လေသည်။ စစ်တပ်က ဝေါ့ဒစ္စနေးအား သူနာတင်ကားမောင်းသမားအဖြစ် လက်ခံခဲ့ပြီးနောက် ပြင်သစ်သို့ ပို့လိုက်လေသည်။
စစ်ကြီးပြီးချိန်၌ ဒစ္စနေးသည် ကန်းဆတ်စ်စီးတီးမြို့ ရုပ်ပြောင်ကာတွန်းရေး ဆရာအဖြစ်ဖြင့် အလုပ်ရရှိလေသည်။ သူ၏ အလုပ်မှာ ရုပ်ရှင်ရုံများ၌ အနားပေးချိန်တွင် ပြသရန်အတွက် ရုပ်ပြောင်ကြော်ငြာများ ရေးဆွဲပေးရခြင်းပင် ဖြစ်သည်။ ထိုအချိန်က ရုပ်ပြောင်များကို လှုပ်ရှားအသံသွင်းခြင်းမှာ အသစ်အဆန်း တစ်ခုဟု ဆိုရုံသာ ဆိုနိုင်သေးသည်။ပြောင်ပြောင်မြောက်မြောက် မဖြစ်သေးပေ။ သို့သော် ဝေါ့ဒစ္စနေးသည် ဤတီထွင်မှု၏ အလားအလာကို ကောင်းစွာဖြင့်ထားပေသည်။ထို့ကြောင့် ကားဂိုဒေါင်တစ်ခုကိုဌားရမ်းလျက်၊ ပန်းချီစတူဒီယို အဖြစ်ဖြင့် အသုံးပြုခဲ့လေသည်။
ဤကားဂိုဒေါင်၌ ဝေါ့ဒစ္စနေးသည် သူ၏ နာမည်ကျော် ကြွက်ဇာတ်လိုက် ကလေးများကို တွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။ ပန်းချီဆရာလေး ဝေါ့ဒစ္စနေးသည် ကြွက်များကို အလွန်ချစ်၏ ကြွက်ကလေးများမှာ မျက်လုံးကလေး ကြောင်တောင်တောင်နှင့် ကြည့်တတ်ပြီး လှစ်ခနဲ၊ လှစ်ခနဲ နေအောင် ပြေးလွှားနိုင်သည်ကို သူ သဘောအကျဆုံးပင်ဖြစ်၏။ထို့ကြောင့်လည်းကြွက်ကလေးများ၏ သဘာဝကို သေသေချာချာ လေ့လာမိခြင်းပင် ဖြစ်သည်။ ကားဂိုဒေါင်ထဲ၌ တွေ့ရသော ကြွက်များတွင် ကြွက်ကလေးတစ်ကောင်မှာမူ အလွန်ရဲတင်းလှ၏။ သူပန်းချီဆွဲနေသော ခုံပေါ်သို့အကြောက်အလန့်မရှိတက်ရောက်ပြေးလွှားလေ့ရှိလေသည်။ ဤကြွက်ကလေးကို သူက မော့တီးမား ဟု အမည်ပေးထားလေသည်။
ထို့နောက် ဒစ္စနေးသည် ဟော်လီဝုဒ်သို့ သွားရောက်၍ သူ၏ ဥာဏ်စွမ်းကို တစ်ပွဲတစ်လမ်း အကဲစမ်းလိုစိတ် ပေါ်ပေါက်လာသဖြင့် ၁၉၂၇ ခုနှစ်၌ ဟော်လီဝုဒ် ရုပ်ရှင်မြို့တော်ဆီသို့ ခြေဦးလှည့်ခဲ့လေသည်။ ဟော်လီဝုဒ်သို့ ဝေါ့ဒစ္စနေး ရောက်လာသောအချိန်၌ သူနှင့်အတူ ဒေါ်လာ ၄ဝ ၊ ဝတ်စုံအဟောင်းတစ်ခု ၊ ဆွယ်တာတစ်ထည်နှင့် ပန်းချီကိရိယာ အချို့သာလျှင် ပါလာခဲ့လေသည်။ ဟော်လီဝုဒ်၌ သူ၏ ရောင်တော်ရှိုင်း၏ အကူအညီဖြင့် ကုမ္ပဏီကလေးတစ်ခု ကပ်ထောင်လျက် ကန်းဆတ်စ်စီးတီးရှိ လုပ်ဖေါ်ကိုင်ဖက်များကို ခေါ်ယူခဲ့ပြီးနောက် ကာတွန်းနယ်မြေမှအဲလစ် (Alice in Cartoonland) ဟု ခေါ်သော အခန်းဆက် ကာတွန်းဇာတ်ကားကို  ထုတ်လုပ်လေသည်။ အဆိုပါ ကာတွန်းဇာတ်လမ်း၌ အဲလစ်အဖြစ် အမျိုးသမီးကို ဌားရမ်းခဲ့ရာ လီလီယန်ဘောင်းစ်ဟုခေါ်သော ထိုအမျိုးသမီးမှာနောင်သောအခါ သူ၏ ချစ်ဇနီး ဖြစ်လာလေသည်။
နှစ်အတန်ကြာသောအခါ အဲလစ်၏ ဇာတ်လမ်းများကို မရိုက်တော့ဘဲ ၊ “ကံကောင်းသော မောင်ရွှေယုန်အော့စ်ဝဲ” (Oswald the lucky Rabbit ) ရိုက်ထုတ်ပြန်သည်။ ဝေါ့ဒစ္စနေး ဆက်မလုပ်လျှင်သာ နေမည်။လုပ်မိပါကလည်းအားလုံးစိတ်တိုင်းကျဖြစ်လာမှကျေနပ်သူဖြစ်ရာ အော့စ်ဝဲလ်ဇာတ်လမ်း ရုပ်ရှင်ကား များမှာ အောင်မြင်မှု ရရှိသော်လည်း သူ့အနေဖြင့် တင်းတိမ်ရောင့်ရဲခြင်း မရှိခဲ့ပေ။ ငွေအားကောင်းကောင်းဖြင့် ရိုက်ထုတ်နိုင်ပါက ပို၍ ကောင်းမွန်လာမည်ဟု ယုံကြည်ထားပေးသည်။
ထို့ကြောင့် ဤကိစ္စကို ဆွေးနွေးရန်အတွက် အော့စ်ဝဲလ်ဇာတ်ကားများ ဖြန့်ချိသူ နေထိုင်ရာ နယူးယောက်မြို့သို့ ထွက်ခွာလာခဲ့သောအခါ၌ ကာတွန်းများ၏ မူပိုင်အခွင့်အရေးကို ရေးဆွဲသူမပိုင်ဘဲ ဖြန့်ချိသူသာ ပိုင်ဆိုင်ကြောင်း ၀မ်းနည်းဖွယ်ရာ သိရှိရလေသည်။ ထို့အပြင် အခြား ကာတွန်းဆရာများက ယင်းကာတွန်းကိုပင် ဝေါ့ဒစ္စနေး ရေးဆွဲနေသော အခကြေးငွေထက် လျော့၍ ရေးဆွဲရန် အဆင်သင့်ပင် ရှိကြောင်း ကြားသိခဲ့ရလေသည်။
ဝေါ့ဒစ္စနေးသည်ကာလီဖိုးနီးယားသို့စိတ်ပျက်လက်ပျက်ဖြင့်ပြန်လာခဲ့ရာလမ်းခရီး၌ ဇာတ်ကောင်သစ် တစ်ခု တီထွင်ရန် စဉ်းစားလာခဲ့လေသည်။ ထိုအခိုက် မိမိ ကင်းဆတ်စ်စီးတီးတွင် နေခဲ့စဉ်က ကားဂိုဒေါင်ထဲမှ ကြွက်ကလေးကို သွား၍ သတိရမိလေသည်။ ဝေါ့ဒစ္စနေးက မိမိ၏ ဇာတ်ကောင်အား ‘မော့တီးမား’ (Mortimer) ဟုပင် အမည်ပေးမည်ဟု ကြံစည်ခဲ့သော်လည်း ယင်းအမည်မှာ ထည်ဝါခန့်ငြားလွန်းသည်ဟု သူ၏ ဇနီးကဆိုသဖြင့် ‘မစ်ကီး’ (Micky) ဟု ပြောင်းလဲခေါ်ဝေါ်ရန် သဘောတူခဲ့သည်။ ဤသို့ဖြင့် မစ်ကီးမောက် ဟု ပြောင်းလဲ ခေါ်ဝေါ်ရန် သဘောတူခဲ့သည်။ ဤသို့ဖြင့် မစ်ကီးမောက်စ် (Mickey Mouse) ဟူသော ကြွက်ဇာတ်ကောင်တစ်ဦး စိတ်ကူးယဉ်ကမ္ဘာ၌ ပေါ်ပေါက်လာခဲ့ခြင်းပင် ဖြစ်သည်။
ဝေါ့ဒစ္စနေး၏ ပထမကြွက်ကား နှစ်ကားကိုမူ ဖြန့်ချိသူများ မကြိုက်ကြပေ။ အကြောင်းမှာ ရုပ်ရှင်လုပ်ငန်း၌ အသံသွင်းဇာတ်ကားများ ခေတ်စားလာပြီဖြစ်ရာ၊ အသံမထွက်သော ကြွက်ဇာတ်ကားကို မည်သူမျှ စိတ်ဝင်စားခြင်း မရှိသောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် ဒစ္စနေး ညီအကိုများသည် တတိယမြောက် ကြွက်ဇာတ်ကား၌ အသံသွင်းနိုင်ရန်အတွက် မိမိတို့နေထိုင်သော အိမ်များကိုပင် ပေါင်နှံခဲ့ရလေသည်။ ၁၉၂၈ ခုနှစ် အောက်တိုဘာလ၌ ‘စတိင်းဘုတ်ဝီလီ’ (Steam-boat Willie) ဟူသော ဇာတ်ကားကို နယူးယောက်မြို့တွင် ရုံတင်သောအခါ၌ မစ်ကီးမောက်စ် ကာတွန်းကိုလည်း ပူးတွဲပြသခဲ့ရာ လူကြိုက်အလွန်များခဲ့လေသည်။
မစ်ကီးမောက်စ်ဇာတ်ကောင်ကျော်ကြားလာပြီးနောက်ယနေ့လူသိများနေကြသောဇာတ်ကောင်သစ်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာခဲ့လေသည်။ ၁၉၃၂ ခုနှစ်၌ သူ၏ ပထမဆုံးသော ဆေးရောင်စုံ ကာတွန်းဇာတ်လမ်းဖြစ်သည့် ‘စီးလီးဆင်ဖိုနီးစ်’ (Silly Symphonies)ကို ရိုက်ထုတ်နိုင်ခဲ့လေသည်။ ထိုဇာတ်ကားနှင့်အတူ ပြသသော် သစ်ပင်ပန်းမာလာများ (Flowers and Trees) မှာလည်း ထူးထူးခြားခြား တင့်တယ်လှပေရာ မျက်စိပသာဒ ရှိလှပေသည်။ ယင်းနောက် တစ်နှစ်ခန့်အကြာတွင် ‘၀က်ကလေးသုံးကောင်’ (The Three Little Pigs) ဇာတ်ကားကို ရိုက်ထုတ်ပြန်ရာ ကမ္ဘာကြီးတစ်ခုလုံး စီးပွားအကျပ်အတည်းနှင့် ကြုံတွေ့နေချိန်၌ နှလုံးမသာမယာ ဖြစ်နေသူများအား ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့ခြင်းပင် ဖြစ်သည်။
၁၉၃၀ ပြည့်နှစ်များ အလယ်ပိုင်းလောက်တွင် ဒစ္စနေး အဖွဲ့သားများဦးရေမှာလည်း ခြောက်ယောက်မှ ၁၆၇ ယောက်အထိ တိုးတက်လာသည်။ နိုင်ငံသိပညာရှင်များပင် အလုပ်အကိုင်ရရှိရန် မလွယ်ကူသော အခါသမယတွင် ဒစ္စနေးအဖွဲ့က အနုပညာကျောင်းဆင်းကာ ကြံရည်ဖန်ရည်ကောင်း အရည်အသွေးရှိ လူငယ်လူရွယ်များအား  ခေါ်ယူအသုံးပြုခဲ့သည်။ ဒစ္စနေး၏ ရုပ်ရှင်စတူဒီယိုမှာ စိတ်ဝင်စားဖွယ်နေရာတစ်ခု ဖြစ်မည်ဆိုက ဖြစ်သင့်ပေသည်။ အခြားသော ဟောလီဝုဒ် စတူဒီယိုများ၌ သဘောထားချင်း မတိုက်ဆိုင်သော ၀န်ထမ်းဂိုဏ်းကွဲများ ရှိနေကြချိန်၊ အလုပ်သမားများကို လစာနှင့် ကျွမ်းကျင်မှုအလိုက် အဆင့်အတန်း ခွဲထားချိန်တွင် ဒစ္စနေးစတူဒီယို၌ တံခါးများ ဖွင့်ပေးထားသည်။ လုပ်ငန်းနှင့် စပ်လျဉ်း၍ လွတ်လပ်စွာ နှီးနှောဖလှယ်နိုင်ကြသည်။ အလုပ်သမားတို့ လုပ်ငန်းအကြီးအကဲကို တရင်းတနှီး ဆက်ဆံပြောဆို နိုင်ပေသည်။ ထိုစဉ်က ဒစ္စနေးသည် အသက်မှာ ၃ဝ နှစ်ပင် မပြည့်သေးပေ။
ငွေရေးကြေးရေး မလွယ်ကူသည့်ကြားမှ ပြဿနာများ အရပ်ရပ် ဖြေရှင်းရေးနှင့် ဘ၀အဆင့်အတန်း ပိုမိုမြင့်မားရေးအတွက် သူ့ကိုယ်သူလည်း အစဉ်အားပေးသည်။ လုပ်ဖော်ကိုင်ဖက်များအားလည်း တိုက်တွန်းလမ်းညွှန် ကူညီလေသည်။ သူသည် နောင်အခါ အချိန်ပြည့်သင်တန်းကျောင်း ဖြစ်လာမည့် သင်တန်းများကို စတူဒီယို ပန်းချီဆရာများအတွက် တည်ထောင်ဖွင့်လှစ်ခဲ့သည်။  ရုပ်ရှင် ပိတ်ကားပေါ်မှ ဇာတ်ကောင်တိုင်းတွင် ကြည့်ရူသူ ပရိတ်သတ်ယုံကြည် နိုင်လောက်သည့် ကွဲပြားခြားနားသော ဥပဓိရုပ်၊ ကိုယ်ခန္ဓာအလေးချိန် ၊လှုပ်ရှားပုံ သိမ်မွေ့မှုရှိရမည်ဟု ဒစ္စနေး ခံယူထားသည်။ ဇာတ်လမ်းတည်းဖြတ်သူအဖြစ် ဒစ္စနေး လိုချင်သည့် အချက်မှာ ပြက်လုံးတိုင်းသည် သက်ဆိုင်ရာ ဇာတ်ကား၏ ဦးတည်ချက်ကို အကျိုးပြုရေးနှင့် စိတ်ကူးစိတ်သန်းသည် တကယ့်ဘ၀ ဖြစ်ရပ်မှန်အပေါ် အခြေခံရေးပင် ဖြစ်သည်။
သူ့ရည်မှန်းချက်အား အကောင်အထည် ဖော်နိုင်လောက်သည့် ငွေကြေးပမာဏကို ကာတွန်း ကားတိုများဖြင့် မရရှိနိုင်ကြောင်း ဒစ္စနေး သဘောပေါက်လာသည်။ ထို့ကြောင့် ကားတွန်းဇာတ်ကားရှည်များ ရိုက်ထုတ်ရန်အတွက် လက်ယားနေလေသည်။ လူမဟုတ်သော အရုပ်များကို မည်သူမျှ မိနစ် ၈၀ ကြာအောင် ထိုင်၍ ကြည့်မည်မဟုတ်ဟု မိတ်ဆွေများက ဝေါ့ဒစ္စနေအား သတိပေးနေသည့်ကြားမှ “မနှင်းဖြူနှင့် လူပုကလေး ခုနှစ်ယောက်” (Snow white and the Seven Dwarfs) ခေါ် ကာတွန်း ဇာတ်ကားရှည်ကြီးကို  ရိုက်ထုတ်လေသည်။ ယင်းဇာတ်ကားမှာ အနုပညာ လက်ရာအားဖြင့် ပြောင်မြောက်လှပြီး ၀င်ငွေလဲ သောက်သောက်လဲ ရရှိခဲ့သည်။ ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီ အသင်းကြီးမှလည်း ဝေါ့ဒစ္စနေးအား အထူး “အော်စကာ” ရွှေစင်ရုပ်ဆုတစ်ခုနှင့် ရွှေစင်ရုပ်ကလေး ခုနှစ်ခုကို ချီးမြှင့်ခဲ့လေသည်။
ဒစ္စနေးကိုယ်တိုင်ကလည်း “မနှင်းဖြူဇာတ်ကားကို မပြသသော နေရာဟူ၍ ကမ္ဘာပေါ်၌ မရှိပါ။ ကျွန်ုပ် ဤကမ္ဘာမှ ပျောက်ကွယ်သွားသည့် တိုင်အောင်လည်း မနှင်းဖြူမှာမူ နှစ်ပေါင်းများစွာ ဤကမ္ဘာ၌ ကျန်ရစ်နေဦးမည်သာ ဖြစ်ပါသည်” ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့လေသည်။
“မနှင်းဖြူနှင့် လူပုကလေး ခုနှစ်ယောက်” ဇာတ်ကားပြီးသည့်နောက် အခြားကာတွန်း ဇာတ်လမ်းရှည်များ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မှာ “ပီနိုချီယို” (Pinnochio) ၊ “ဖန်တာရှား” (Fantasia) ၊ “ဘမ်ဘီ” (Banbi) ၊ “သူရဲကောင်း သုံးယောက်” (The Three Caballeros) ၊ “ဒမ်ဘို” (Dumbo) ၊ “အိပ်ပျော်နေသော မင်းသမီး” ၊ “စင်ဒရဲလား” (Cinderella)စသည့် နာမည်ကြီး ဇာတ်ကားများနှင့် အခြားမြောက်များစွာသော ဇာတ်ကားတို့ ဖြစ်လေသည်။ အဆိုပါ ဇာတ်ကားတို့၌ ကာတွန်းရုပ်ပြောင် တိရစ္ဆာန်များနှင့် လူဇာတ်ကောင်များ လက်တွဲ၍ ကခုန်ခဲ့သည်များလည်း ပါဝင်ခဲ့လေသည်။ 
စစ်ကြီးပြီးသည့်နောက် ကာတွန်းဇာတ်ကားများ ရိုက်ထုတ်ရာ၌ စရိတ်စက ကြီးလှပေရာ ဝေါ့ဒစ္စနေးသည် သဘာဝကို အခြေခံသော စွန့်စားခန်း ဇာတ်ကားများကိုပါ ရိုက်ကူးခဲ့လေသည်။ ထိုဇာတ်ကားများ၌ “သက်ရှိသဲကန္တာရ” (The Living Desert) ၊ “ပျောက်ကွယ်လျက်ရှိသော ကိုင်းတောကြီး” နှင့် “၀ှိုက်ဝိုင်းလဒါးနက်စ်”(   White    Wilderness)တို့ပါဝင်ကြရာ ကာတွန်းဇာတ်ကားများကဲ့သို့ပင် လူကြိုက်များ လှပေသည်။ ထို့နောက် လူနှင့် ဒေသများကို အခြေခံသော ဇာတ်ကားများ ရိုက်ထုတ်ပြန်ရာ ဗော်ရိုကိုမှ လူပြာများ၊ လက်ပ္ပလင်း၊ ပေါ်တူဂယ်နှင့် ဂျပန်တို့ ပါဝင်ကြသည်။
ဝေါ့ဒစ္စနေးသည် နောက်ဆုံး၌ လက်ရှိလှုပ်ရှားမှု ဇာတ်ကားများကိုသာလျှင် ထုတ်လုပ်ခဲ့ရာ ယင်းဇာတ်ကားများ၌ သူ၏ ကာတွန်းများတွင် တွေ့ရတတ်သော သွက်လက်မှု၊ ပျော်ရွှင်မှုနှင့် အပြစ်ကင်းစင်မှုများကို သက်ရှိဇာတ်ကောင်များတွင် ဖေါ်ထုတ်ထားသည်ကို တွေ့မြင်နိုင်လေလည်။  “အမွှေးစုတ်ဖွားနှင့် ဆေးကလေး” ၊ “မေ့တတ်သော ပါမောက္ခ” ၊ “ပိုလီယာနာ” နှင့် “ကနေသောကြောင်ကလေး” စသော ဇာတ်ကားများပင် ဖြစ်သည်။ ယင်းတို့အနက် “မေရီပေါ်ပင်” (Marry Poppins) ဟူသော တေးသံစုံ ရယ်ရွှင်ဖွယ် ဇာတ်ကားမှာမူ အောင်မြင်မှု အရှိဆုံးဖြစ်ပြီး၊ ရုပ်ရှင်ထဲ၌ အံ့သြစရာများကို လုပ်ပြသော သူနာပြုဆရာမလေးအဖြစ် ပထမဆုံး ပါဝင်ရသည့် ဂျူလီအန်ဒရူးစ်မှာလည်း ထိုဇာတ်ကားဖြင့် နာမည်ကျော်ကြား လူသိများသွားလေသည်။
ဝေါ့ဒစ္စနေးသည် လုပ်ငန်းအခြေအနေကောင်းစဉ် ကာလမှာရော၊ ဆိုးဝါးချိန်ကာလတလျှောက်လုံးမှာပါ ထင်ပေါ်ကျော်ကြားမှုကြောင့် စိတ်ထားမပြောင်းလဲခဲ့၊ ဘ၀င်မမြင့်ခဲ့ပေ။ ရိုးသားနှိမ့်ချတတ်သူ ပီပီ ဟန်ကြီးပန်ကြီးဖြင့် နေလိုသူလည်း မဟုတ်ပေ။ “နာမည်ကျော် မျက်နှာကြီးတစ်ယောက် ဖြစ်ရတဲ့ အဖြစ်ဟာ ရုပ်ရှင်ကားကောင်းတစ်ကား ရိုက်နိုင်အောင် သို့မဟုတ် ပိုလို့ ရိုက်ချက်ကောင်းအောင် ဘယ်တုန်းကမှ အထောက်အကူ မပြုခဲ့ပါဘူး၊ ကျုပ်သမီးလေးတွေ ကျုပ်စကားနားထောင်ဖို့ ၊ ကျူပ်ဇနီး ကျုပ်အပေါ်အထင်ကြီးဖို့ သြဇာလည်း မပေးနိုင်ခဲ့ပါဘူး။ ကျုပ်ရဲ့ ခွေးပေါ်က သန်းတွေကိုတောင် နာမည်ကြီး မျက်နှာကြီးဆိုတဲ့ အဖြစ်က မဖယ်ရှား ပစ်နိုင်ပါဘူး ဟု ဒစ္စနေးက သူ့ခံယူချက် သဘောထားကို တွေ့ဆုံမေးမြန်းသူများအား ပြောပြခဲ့သည်။
ဒစ္စနေးတွင် မိမိဖာသာ ကိုယ်ပိုင်အရှိန်ယူ လှုပ်ရှားမှု အလွန်နည်းသည်။ သို့သော် ၁၉၄၈ ခုနှစ်က ၀ယ်ယူထားသော အိမ်ဝန်းအတွင်းရှိ ပန်းခြံကိုပတ်၍ ရှေးဟောင်း မီးရထားလမ်းကလေး ဖောက်လုပ်ခြင်းဖြင့် မျိုသိပ်ထားသော ဆန္ဒကို ဖြေသိမ့်ခဲ့သည်။ စတူဒီယိုမှ လုပ်ဖော်ကိုင်ဖက် ၀ါသနာရှင်များ၏ အကူအညီဖြင့် မီးရထားစက်ခေါင်းနှင့်တွဲများတည်ဆောက်ရာတွင်လည်း အသေးစိတ်ပါဝင် ကူညီလုပ်ကိုင်သည်။ယင်းမီးရထား ကလေးမှာ သူ့အတွက် တပျော်တပါး ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်လာခဲ့သည့်အလျောက် ဧည့်သည်များအား စီးနင်းရန် ဖိတ်ခေါ်ရသည်ကို သူ ပီတိဖြစ်ရလေသည်။
တနင်္ဂနွေနေ့များတွင် သမီးငယ်လေးများနှင့် အတူတကွ သွားရောက်လည်ပတ်လေ့ရှိသော အပန်းဖြေဥယာဉ်များ အဘယ်ကြောင့် စုတ်ချာပြီး လူများစိတ်မ၀င်စားကြသည့် အကြောင်းကို ဒစ္စနေး တွေးမိသည်မှာ ယင်းမီးရထားကလေးကြောင့်ပင် ဖြစ်သည်။ စတိုးဆိုင်များနှင့် ရုပ်ရှင်တစ်ရုံ၊ မီးရထားလမ်းကလေးနှင့် သံလမ်းပြေး ဘတ်စ်ကားများ၊ ခေတ်ဟောင်းက အမေရိကန် အနောက်ပိုင်း ဒေသဆိုင်ရာ အပန်းဖြေစရာ၊ သူငယ်စဉ်ဘ၀က ပွဲလမ်းသဘင် အခမ်းအနားများ ပါရှိသည့် အမေရိကန် ကျေးလက်မြို့လေးတစ်မြို့ကို တည်ဆောက်ရန် ဒစ္စနေး ကြံစည်တော့သည်။ ဒစ္စနေးသည် သမီးငယ်များကို ကြည့်လျက်သူ့ကလေးဘဝကိုပြန်လည်ခံစားကြည့်လိုသည်၊သို့မဟုတ်သူဖြစ်လိုနေလိုခဲ့သည့် ကလေးဘ၀မျိုးကို ခံစားကြည့်လိုသည်။ ဂျွိုင်းကမူ ဒစ္စနေး၏ စိတ်ကူးယဉ် အပန်းဖြေဥယဉ်ကို တည်ဆောက်လျှင် စတူဒီယို ပြုတ်လိမ့်မည်ဟု ထင်သည်။
မည်သို့ ဆိုစေ ဝေါ့ဒ်ဒစ္စနေးလ်အားကမ္ဘာကသိကြသည်မှာသူ၏ ရုပ်ရှင်များကြောင့်ပင်ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတို၊ဇာတ်ကားရှည်စုစုပေါင်း ၇ဝဝ ကျော်ရိုက်ကူးထုတ်လုပ်ခဲ့သော ဝေါ့ဒ်သည် ရုပ်ရှင်အကယ် ဒမီအော်စကာဆုပေါင်း    ၃ဝ၊ရုပ်မြင်သံကြား အကယ်ဒမီဆု        ၄    ဆုနှင့်နိုင်ငံပေါင်းစုံမျချီ့းမြှင့်သော ဂုဏ်ထူး ဆောင်ဆုတံဆိပ်စုစုပေါင်း ၈ဝဝ ကျော်တို့ ကိုလည်းရရှိခဲ့သည်။ဝေါ့ဒ်ဒစ္စနေးလ်မကွယ်လွန်မီနောက်ဆုံးရရှိသောဆုများတွင် လူသားတို့ အသည်းနှလုံး၌ တိရစ္ဆာန်ကလေးများကိုသနားကြင်နာစိတ်ပွားများလာအောင်အနုပညာဖြင့်အံမခန်းစွမ်းဆောင်နိုင်ခဲ့ခြင်း ကြောင့် အမေရိကန်သစ်တောအသင်းမှ ချိးမြှင့်ခဲ့သည့်”ထူးချွန်သောအမှုထမ်းကောင်းတံဆိပ်” လည်းပါဝင်လေသည်။
“ကျနော်ကြိုက်တာကျနော်လုပ်လို့ ဖြစ်ပါလိပ်မယ်။ဘဝရဲ့    မသာယာလှတဲ့အပိုင်း၊မကောင်းတဲ့အပိုင်းတွေ ကို စိတ်မဝင်စားသလို၊ကောင်းတဲ့အပိုင်းတွေကိုလည်းစိတ်ဝင်စားကြလိပ်မယ်လို့ ကျနော်ယူဆခဲ့တဲ့အအအတိုင်း
တိရစ္ဆာန်လေးတွေကိုရွေးပြိးတင်ဆက်နိုင်ခဲ့လို့ ပါပဲ”   ဟူ၍ပြန်ပြောခဲ့လေသည်။
ထို့ နောက်ဝေါ့ဒ်ဒစ္စနေးလ်သည် နှစ်ပေါင်းများစွာတစ်နေ့ စိးရက်လေးဗူးသောက်ခဲ့သောကြောင့်ရရှိခဲ့ သောအဆုတ်ကင်ဆာရောဂါဖြင့်၁၉၆၆ ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင်ကွယ်လွန်သွားခဲ့လေသည်။ သူကွယ် လွန်သည့်ညနေမှာပင်ဒစ္စနေးလ်ဘင်ခရာအဖွဲ့ ၁၆ ဖွဲ့ မှတီးမှုတ်၍ဂုဏ်ပြုခဲ့ကြသည်။အဆိုပါဘင်ခရာအဖွဲ့ ကပင်“ပင်နော့ချို(Pinocohio)”ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းသီချင်းကလေးဖြင့်   ဝေါ့ဒ်၏ ဘဝကို သရုပ်ဖေါ်လိုက်ကြ သည်။
မည်သို့ ဆိုစေ ကာတွန်းဝိဇ္ဇာဆရာကြိးဝေါ့ဒ်ဒစ္စနေးလ် ၏အမွေကိုဝေါ့ဒ်ဒစ္စနေးလ်ကုမ္ပဏီမှသူ့ ရဲဘော်ရဲ
ဘက်များက သူ့  စိတ်ကူး၊သူ့ ဖန်တီးမှုအဝဝကိုဆက်လျက် အကောင်ထည်ဖေါ်လျက်ရှိရာ     ဝေါ့ဒ်ဒစ္စနေးလ်၏ အမည်သည်ထာဝစဉ်ရှင်သန်နေလိမ့်မည်မှာမလွဲဧကန်ပင်တည်း။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်
One Response to သန်းဝင်းလှိုင် – ဝေါ့ဒစ္စနေးနှင့် သူ၏ကမ္ဘာ
  1. catwoman on May 3, 2014 at 10:58 pm
    thank you for the article, i ve been to disney too many times. one can never get tired of it.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ
By
  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...
Read more »
မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ
By
  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...
Read more »
ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ
By
ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...
Read more »
ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)
By
ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်