သန်းဝင်းလှိုင် – မေလသမိုင်း

May 5, 2014

မေလသမိုင်း
သန်းဝင်းလှိုင်
မေ ၅၊ ၂၀၁၄
 
 

ရှေးရောမပြက္ခဒိန်တွင် မေလသည် တတိယမြောက်လ ဖြစ်ခဲ့သည်။ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့ကို ပြက္ခဒိန်တွင် ထပ်ဖြည့်လိုက်သောအခါမှ မေလမှာ ပဉ္စမမြောက်လ အဖြစ်သို့ ရောက်ရှိသွားခဲ့လေသည်။ မေလ၌ မူလကတည်းကပင် ရက်ပေါင်း ၃၁ ရက်ရှိသည်။

ဤလဖြစ်ပေါ်လာပုံ အမည်မှည့်ခေါ်ပုံနှင့် ပတ်သက်၍ ဒဏ္ဍာရီများစွာ ရှိခဲ့သည်။ အများလက်ခံသော အမည်မှာ နွေဦးရာသီနှင့် ဝပြောစည်ပင်ခြင်းတို့ကို အစိုးရသည်ဟု ရောမလူမျိုးတို့ ယုံကြည်သော နတ်သမီး “မာယာ” (Maia) မှ ဆင်းသက်လာသော အမည်ဖြစ်သည်။ အချို့ကမူ “မေ” မှာ Majoires မှာ လက်တင်ဘာသာ စကားဖြစ်ပြီး “လူအို” ဟူ၍ အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဇွန်လသည် “လူငယ်” တို့အား ရည်ညွှန်းသောလ ဖြစ်သကဲ့သို့ မေလသည်လည်း  “လူအို” များအား ရည်ညွန်းသောလ ဖြစ်သည်ဟု ရောမလူမျိုးတို့က ယုံကြည်ကြလေသည်။

မြန်မာ့သမိုင်း၌ မေလအတွင်း ဖြစ်ပွားခဲ့သော အထင်ကရ သမိုင်းမှတ်တမ်းများမှာ –

၁၂၅၆ မေ ၅။     နရသီဟပတေ့မင်း နန်းတက်သည်။ ရာဇဝင်၌ နရသီဟပတေ့မင်းကို စည်သူမင်း၊ တရုတ်ပြေးမင်း၊ မင်းခွေးချေး၊ ဥစ္စာနာ၊ ပန်းပွတ်သည်မြေး ဟုလည်း လူသိများသည်။

၁၂၆၂ မေ ၂ဝ။    နရသီဟပတေ့မင်း၏ မိဘုရားရတနာပုံ နတ်ရွာစံသည်။ နတ်ရွာစံသည်ကို ရည်စူး၍ နရသီဟပတေ့မင်းသည် မဟာကဿပ ကျောင်းဘေးနား၌ ကျောင်းဆောက်၍ လယ်၊ ကျွန် လှူသည်။

၁၂၈၉ မေ ၃ဝ။    တရုတ်နှင့်ငြိမ်းချမ်းရေးကတိစကားများ မအောင်မြင်သဖြင့် ယူနန်အစိုးရက ရေဆင်တိမုရ်မင်း သား ကွပ်ကဲသည့် စစ်တပ်တစ်တပ်လွှတ်ပြီး ပုဂံကို သိမ်းသည်။ ပုဂံမင်းဆက်မှ ရွှေနန်းရှင်ကို ရှင်ဘုရင်ခန့်သည်။

၁၂၉၉ မေ ၁ဝ။    ရှမ်းညီနောင် ၃ ဦးသည် ကျော်စွာမင်းကို ကွပ်မျက်သည်။

၁၅ဝ၁ မေ ၁ဝ။    ဒုတိယမင်းခေါင်၏ သားတော် အငယ်မင်းဆွေသည် သီရိတြိဘဝနာ ဒိတျာနရပတိပဝရမဟာ ရာဇာဓိပတိ အမည်ဖြင့် နန်းတက်သည်။

၁၅၅ဝ မေ ၁။    သမိန်စောထွက်၏ ညီလက်ဝဲစားမှူး စစ်တောင်းစားက လုပ်ကြံ၍ မင်းတရားရွှေထီး နတ်ပြည်စံသည်။ စစ်တောင်းတွင် စောထွက်မင်းပြုသည်။

၁၅၅၇ မေ ၂၅။    ဘုရင့်နောင်သည် ပုဂံရွှေစည်းခုံဘုရား၌ ခေါင်းလောင်းကြီး သွန်းလုပ်သည်။

၁၅၅၉ မေ ၂၅။    ဘုရင့်နောင် ဟံသာဝတီသို့ ရောက်သည်။

၁၅၆၄ မေ ၂၅။    ဘုရင့်နောင် ယိုးဒယားမှ ဟံသာဝတီ နေပြည်တော်သို့ ပြန်ရောက်ရှိသည်။

၁၅၆၈ မေ ၁၂။    ဟံသာဝတီရှိဘုရင့်နောင်မင်းထံယိုးဒယားမင်း၏ သမက်ပိဿလောက်စားသြယာ ခိုဝင်လာ သည်။

၁၅၈၈ မေ ၄။    တောင်ငူမင်း၏ ညီတော် ကောလိယမင်းကို မင်းရဲကျော်ထင် ဟူသော အမည်ဖြင့် သမီးတော် အထွေးနှင့် စုံမက်ပေးသည်။

၁၆၀၆ မေ ၁၀။    အနောက်ဘက်လွန်မင်းသည် စစ်အင်္ဂါလေးပါး ခင်းကျင်းလျက် မဟာမြတ်မုနိစေတီသို့ သွားရောက်ကာ ထီးတင်သည်။

၁၆၁၅ မေ ၉။    အနောက်ဘက်လွန်မင်းသည်၊ ဇင်းမယ်ကို အောင်နိုင်ခဲ့ပြီး ဇင်းမယ်ဘုရင်နှင့် သားတော် မှူးမတ်တို့ကို ခေါ်ဆောင်၍ အင်းဝ နေပြည်တော်သို့ ပြန်သည်။

၁၆၁၆ မေ ၇။    အနောက်ဘက်လွန်မင်းသည် ဟံသာဝတီ၌ ဘုံစည်ရပ်သာတဲတော်ကို တည်၍ ပြောင်းရွှေ့စံနေပြီး ထိုတဲတော်တွင် ဇင်းမယ်ဘုရင် နော်ရထာမင်းစော၏ မှူးမတ်ကျေးရွာစား တို့ကို သွေးသောက်ကြီးခန့်သည်။

၁၆၃၅ မေ ၂၄။    သာလွန်မင်းသင်္ကြန်ခေါ်ရန် အစီအစဉ်များ ပြုလုပ်သည်။ ညီတော်မင်းရဲကျော်စွာအား အိမ်ရှေ့အရာ ပေးသည်။

၁၆၃၇ မေ ၂၁။     သာလွန်မင်းသည် မင်းမှုမင်းခင်း၊ စစ်ရေးမင်းမှု၊ ပြည်ရေးရွာမှု၊ အဝေးမြို့ရွာ အမှုအခင်းများကို သက်ဆိုင်ရာတို့က အသီးသီး စီရင်ကြရန် အမိန့်ထုတ်သည်။

၁၆၃၈ မေ ၇။    သာလွန်မင်း ကရိတ်ရွှေဖောင်တည်သည်။

၁၆၃၈ မေ ၁၆။    တောင်ဖီလာဆရာတော် အပါအဝင် ဆရာတော် ၄ ပါး ပထမစက်တော်ရာ ၊ ဒုတိယ စက်တော်ရာများကို တွေ့ရှိပြီး၊ ထိုစက်တော်ရာများကို ချည်ဖြင့် ကွင်းယူခဲ့သော ချည်ကွင်းများမှ ရောင်ခြည်တော်များ လွှတ်သည်။

၁၆၄၈ မေ ၁၆။    အင်းဝ၌ ငလျင်ပြင်းစွာ လှုပ်၍ ဘုရားပုထိုးများ ပြိုကျသည်။

၁၆၆၄ မေ ၂၂။    ပြည်မင်းသည် သားတော် နရာဝရအား အိမ်ရှေ့အရာ ပေးသည်။

၁၆၇၈ မေ ၁၉။    မင်းရဲကျော်ထင်မင်းသည် မင်းသား၊ မင်းမြေးများသာ ခမောက်အနီရောင် ဆောင်းခွင့်၊ ရွှေချည်ပါ ဝတ်စုံ ဝတ်ဆင်ခွင့်ပြုကြောင်း အမိန့်ထုတ်သည်။

၁၆၈၇ မေ ၁။    ဗားကရာ ဆရာတော် ပျံလွန်တော်မူသည်။

၁၆၈၇ မေ ၁ဝ။    ဗားကရာ ဆရာတော်၏ ရုပ်ကလာပ်ကို သဂြိုဟ်သည်။

၁၇ဝ၇ မေ ၃။    စနေမင်းက ဘုံကျော်တုလွတ်ကျောင်းတော်ကို ရှင်ဥာဏာသီရိ ဆရာတော်အား တင်လှူသည်။

၁၇ဝ၉ မေ ၂၂။    စနေမင်းက ၀န်ရှင်တော် နန္ဒကျော်ထင် ကွယ်လွန်သဖြင့် ဇေယျရန္တာမိတ်၊ ဥဒိန်ကျော်ထင်၊ လက်ျာရန္ဒမိတ်တို့ကို အဂ္ဂမဟာ သေနာပတိ ခန့်သည်။

၁၇၅၅ မေ ၂။    အလောင်းမင်းတရားသည် ဒဂုံမြို့ဟောင်းနေရာကို ခုတ်ထွင်ရှင်းလင်းစေပြီး ရန်ကုန်ဟု သမုတ်သည်။

၁၇၅၇ မေ ၁၂။     အလောင်းမင်းတရား ဟံသာဝတီမြို့ကို တိုက်ခိုက်သိမ်းပိုက်သည်။

၁၇၆၀ မေ ၁၁။    အလောင်းမင်းတရားသည် မုတ္တမနယ် ကင်းရွာတွင် နတ်ပြည်စံသည်။

၁၇၆၇ မေ ၁၁။     ဝန်ကြီးမဟာသီဟသူရနှင့်အဖွဲ့ တရုတ်ကျူးကျော်မှုကို ခုခံတိုက်ခိုက်ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။

၁၇၈၃ မေ ၁၂။    ဗဒုံမင်းသည် အင်းဝမှ အမရပူရသို့ ပြောင်းရွှေ့နန်းစံသည်။

၁၇၈၅ မေ ၂၃။    ဗဒုံမင်းသည် အောင်ပင်လယ်ကန်အနီး ပွဲသဘင်ခင်းကာ လယ်ထွန်မင်္ဂလာပြုသည်။

၁၇၈၉   မေ၂။      ဗဒုံမင်းကိုယ်တိုင်တရုတ်နိုင်ငံမှပေးပို့သောစွယ်တော်၊ဆင်းတုတော်များကိုကြိုဆိုပင့်ဆောင်သည်။

၁၈၂၄ မေ ၇။    ပန်းဝါတိုက်ပွဲ အောင်မြင်သော်လည်း ကုလား (အင်္ဂလိပ်) တို့သည် ဟံသာဝတီ၊ရန်ကုန်သို့ ပင်လယ်ရေလမ်းမှ ထွက်ခွာသွားကြောင်း လျှောက်တင်ချက်အရ ဝန်ကြီး သတိုးမဟာ သေနာပတိကို ဟံသာဝတီသို့ စေလွှတ်၍ စောင့်ကြပ်စေသည်။

၁၈၂၄ မေ ၁၁။    ရန်ကုန်မြို့က အင်္ဂလိပ်လက်အောက်သို့ ကျရောက်သည်။

၁၈၂၉ မေ ၃။     အကြီးတော် (စစ်ကိုင်းမင်း)က မြန်မာသမိုင်းပြုစုရန် မှန်နန်းမဟာရာဇဝင် ရေးသားပြုစုရေး အဖွဲ့ကို အဖွဲ့ဝင် (၁၃) ဦးဖြင့်ဖွဲ့စည်းသည်။

၁၈၂၉ မေ ၃၀။    မဟာဝိဇယရံသီ စေတီတော်ရှေ့ ခေါင်းလောင်းတော်ကို မဟာမေရုမကုဋ ကက္ကာရာဇာ ဟု တံဆိပ်ခတ်နှိပ်သည်။

၁၈၅၂ မေ ၂၃။    ပုသိမ်မြို့ကို အင်္ဂလိပ်တို့ တိုက်ခိုက်သိမ်းပိုက်သည်။

၁၈၅၇ မေ ၇။    မင်းတုန်းမင်းလက်ထက်တွင် မန္တလေးမြို့သစ်နှင့်အတူ လက်နက်တိုက်စတင်ဆောက်လုပ် သည်။

၁၈၅၇ မေ ၁၄။    မင်းတုန်းမင်းသည် သဿမေဓ အခွန်တော် ပြန်လည်ကောက်ခံရန် အမိန့်တော်ထုတ်သည်။

၁၈၅၇ မေ ၁၄။    မင်းတုန်းမင်းသည် ရာဇာဘိသေကမုဒ္ဓါဘိသိက် ခံယူပြီးနောက် သီရိပဝရ၀ိဇယနန္ဒယ သပဏ္ဍီတ မဟာဓမ္မရာဇာ ဓိရာဇာ တံဆိပ် နာခံတော်မူသည်။

၁၈၈၇ မေ ၁၃။    လင်းပင်မင်းသား ဗြိတိသျှအာဏာပိုင်တို့ထံ လက်နက်ချသည်။

၁၈၈၉ မေ ၁။     ဗြိတိသျှအာဏာပိုင်တို့က ကင်းဝန်မင်းကြီးဦးကောင်း အမှူးပြုသည့် အတိုင်ပင်ခံ အဖွဲ့ကို ဖျက်သိမ်းသည်။

၁၈၉၀ မေ ၃၀။    ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးခေါင်းဆောင်ဗိုလ်ရာညွှန့်ဗြိတိသျှအာဏာပိုင်များထံ လက်နက်ချ သည်။

၁၈၉၂ မေ ၂၃။    ဆာဖရက်ဒရစ်ဖရိုင်ယာ (K.C.S.,I.C.S) မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး ရာထူးကို လက်ခံဆောင်ရွက်သည်။

၁၈၉၄ မေ ၃။    အလက်ဇန္ဒားမက္ကင်ဇီသည် မြန်မာနိုင်ငံမဟာဝန်ရှင်တော်မင်းကြီး ရာထူးစတင် ထမ်းရွက်သည်။

၁၈၉၇ မေ ၁။    မဟာဝန်ရှင်တော်မင်းကြီး ဖရိုင်ယာသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံအဖြစ် ခန့်အပ်ခံရသည့် အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး ဒုတိယဘုရင်ခံ ဖြစ်လာသည်။

၁၉၁၀ မေ ၁၉။    ဆာဟာဗေးအဒမ်ဆင်သည် မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံအဖြစ် ခန့်အပ်ခံရသည်။

၁၉၁၉ မေ ၁။    မြန်မာ့အလင်း သတင်းစာ အသစ်ကို စတင်ထုတ်ဝေသည်။

၁၉၁၉ မေ ၁၈။    ၀ိုင်အမ်ဘီအေ အသင်းချုပ် အထူးအစည်းအဝေးကို အင်္ဂလန်သွား ကိုယ်စားလှယ်များအဖြစ် ၀ိုင်အမ်ဘီအေမှ ဦးဘဘေ (သူရိယ)၊ ဦးပု (ဝတ်လုံတော်ရ၊ရွှေကျင်)၊ ဦးထွန်းရှိန် (ကျောင်းအုပ်ဆရာကြီး မန္တလေး) တို့ကို ရွေးချယ်သည်။

၁၉၂၀ မေ ၂။    ၀ိုင်အမ်ဘီအေအသင်းက ကြီးမှူး၍ ဂျူဗလီဟော၌လူထုအစည်းအဝေး ကျင်းပကာ ကရက်ဒေါက်စီမံကိန်းကို ကန့်ကွက်ကြောင်း ဆုံးဖြတ်သည်။

၁၉၂၀ မေ ၂၉။     မြန်မာနိုင်ငံအား ဒိုင်အာခီခေါ် ပူးတွဲတာဝန်ခံ အုပ်ချုပ်ရေး ရရှိအောင် တောင်းဆိုရန် ဦးဘဘေ၊ ဦးပု၊(ရွှေကျင်)နှင့် ၀တ်လုံတော်ရ ဦးသိမ်းမောင် (ဘေ၊ပု၊မောင်) ကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်ပြည်သို့ ထွက်ခွာသည်။

၁၉၂၃ မေ ၁ဝ။    နိုင်ငံရေးဌာန ကြော်ငြာစာအမှတ် ၁၇ အရ (The Federal Council of Shan Chiefs) အား မြန်မာဘာသာဖြင့် ကမ္ဘောဇပဒေသ ရာဇာအသင်း ဟုခေါ်ရန် သတ်မှတ်သည်။

၁၉၂၄ မေ ၁ဝ-၁၃။ မြန်မာပြည် သမ္မာသမ္ဗုဒ္ဓ သာသနာတော် လုံးဆိုင်ရာ မဟာသံဃာသာမဂ္ဂီအဖွဲ့ချုပ်ကြီး၏ တတိယအကြိမ်မြောက် အစည်းအဝေးနှင့် ဦးချစ်လှိုင် ဂျီစီဘီအေ၏ နိုင်ငံလုံးဆိုင်ရာ ၁၁ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံကို ပေါင်းတည်မြို့တွင် ကျင်းပသည်။ ညီလာခံတွင် ဦးချစ်လှိုင်အား သမ္မတ ဘွဲ့ဖြင့် ဂျီစီဘီအေ အသင်းချုပ်ကြီး၏ ဥက္ကဌ တင်မြှောက်သည်။

၁၉၂၆ မေ ၂။    လူငယ်များ ကြီးပွားရေးအသင်း (ယခင်စာပေစာယူ မိတ်ဆက်အသင်း) တည်ထောင်သည်။

၁၉၂၇ မေ ၃၁။     ဆရာတော် ဦးဝိစာရအား ပုဒ်မ ၁၂၄(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၁ လ ပြစ်ဒဏ်ချမှတ်သည်။

၁၉၂၉ မေ ၁။    ဗန္ဓကရသေ့အပါအဝင် ၂၆ ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ၁၃ စီးအား ထောင်ဒဏ် ၇ နှစ် အသီးသီး ကျခံရန် စီရင်ချက် ချမှတ်သည်။

၁၉၃၀ မေ ၅။    မြေငလျင်ကြီးစွာ လှုပ်မှုကြောင့် ရန်ကုန်နှင့် ပဲခူးမြို့များတွင် တိုက်အများအပြား ပြိုကျ၍ အိမ်များ မီးလောင်ကာ လူပေါင်း ၅၀၀ ခန့် သေဆုံးသည်။ ရွှေတိဂုံစေတီ စိန်ဖူးလည်း ကျိုးသည်။
၁၉၃၀ မေ ၂၆။    ကုလား-မြန်မာ အဓိကရုဏ်း ဖြစ်ပွားရာ လူ ၁၀၀ ကျော်ခန့် သေဆုံးသည်။

၁၉၃၀ မေ ၃၀။    သခင်ဘသောင်း ဦးဆောင်၍ လူငယ်တစ်စု တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်ကာ မြန်မာပြည်သူလူထုကို တပ်လှန့်လှုံ့ဆော်သည့် နိုင်ငံပြု စာစုအမှတ်-၁ ကို ထုတ်ဝေသည်။

၁၉၃၃ မေ ၁၅။    စစ်ကိုင်းအနီး ဧရာဝတီမြစ်ကို ဖြတ်ကျော်၍ ဆောက်လုပ်ဆဲ တံတားကြီးအား အင်းဝခံတပ်ကြီးအား အစွဲပြု၍ အင်းဝတံတားဟု အမည်ပေးရန် သဘောတူဆုံးဖြတ်သည်။

၁၉၃၆ မေ ၈-၉။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ပထမအကြိမ် ကွန်ဖရင့်ကို ဂျူဗလီဟောတွင် ကျင်းပသည်။

၁၉၃၆ မေ ၁၀။    ရန်ကုန်တက္ကသိုလ် သပိတ်ကောင်စီမှ သပိတ်လှန်သည့်အတွက် ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ် ပြီးဆုံးသည်။

၁၉၃၈ မေ ၁။    တို့ဗမာအစည်းအရုံးက ဦးဆောင်၍ ရေနံချောင်းမြို့တွင် ကမ္ဘာ့အလုပ်သမားနေ့ကို ပထမဆုံး အကြိမ် ကျင်းပသည်။

၁၉၃၉ မေ ၃၀။    တို့ဗမာအစည်းအရုံး ဌာနချုပ်ကို ရန်ကုန်မြို့ ပန်းဆိုးတန်း အိမ်အမှတ် ၂၇၇ မှ ရန်ကုန်မြို့ အရှေ့ပိုင်း ရေကျော်လမ်းအမှတ် ၄၆ သို့ ပြောင်းရွှေ့သည်။

၁၉၄၀ မေ ၁။     သခင်အောင်ဆန်း အိန္ဒိယမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

၁၉၄၁ မေ ၆။    ဆာရယ်ဂျီနယ် ဒေါ်မန်စမစ် မြန်မာနိုင်ငံ ဘုရင်ခံ ရာထူးကို လက်ခံဆောင်ရွက်သည်။

၁၉၄၁ မေ။    ရဲဘော်သုံးကျိပ် တတိယအသုတ်ဖြစ်သော ကိုလှမောင် (ဗိုလ်ဇေယျ)၊ သခင်စံမြ( ဗိုလ်တောက်ထိန်)၊သခင် ခင်မောင်ဦး (ဗိုလ်တာရာ) တို့ ဆိုင်မာရူး သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာသည်။

၁၉၄၂ မေ ၁၂။    မန္တလေးမြို့တွင် တိုင်းချစ်သတင်းစာ စတင်ထုတ်ဝေသည်။

၁၉၄၂ မေ ၂ဝ။    ဗြိတိသျှ စစ်တပ်များ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားသည်။

၁၉၄၂ မေ ၂၁။    အမှတ် ၁၅ ဂျပန်တပ်မတော် စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး အီးဒါးက ဗမာပြည်အုပ်ချုပ်ရေး၊ စီစဉ်မှုအဖွဲ့ ထူထောင်ခြင်းကိစ္စ အမိန့်ထုတ်ပြန်သည်။

၁၉၄၄ မေ ၂၀။    ဂျပန်နိုင်ငံဆိုင်ရာ တွဲဖက် မြန်မာစစ်သံအမတ် ဗိုလ်စကြာနှင့် လက်ထောက်စစ်သံမှူး ဗိုလ်အေးငွေ (ဒဂုန်မြတ်လေးနွယ်) တို့ တိုကျိုမြို့သို့ ရောက်ရှိသည်။

၁၉၄၅ မေ ၁။    ဗမာ့တော်လှန်ရေး တပ်မတော် ဗိုလ်စိန်တင်၊ ဦးကျော်ငြိမ်း (R.E.T) တို့ဦးဆောင်၍ မျိုးချစ်တပ်မတော်သားများနှင့် ပြောကာ ကျားအင်အား ၁၅၀ ခန့်တို့ဖြင့် ရန်ကုန်မြို့သို့ ၀င်ရောက်သိမ်းပိုက်သည် နံနက် ၆ နာရီမှစ၍ ရန်ကုန်မြို့တော်ကို ဗမာ့တော်လှန်ရေး တပ်မတော်က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြန်မာ့တော်လှန်ရေး တပ်မတော် ဗဟို စစ်ဦးစီး အမိန့်အမှတ် ၁ ကို ကြေညာသည်။ ရန်ကုန်မြို့ကို ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်း စစ်ဆင်ရေး ဆင်နွှဲရန် အမှတ် ၅၀ အိန္ဒိယ လေထီးတပ်မဟာက အဲလ်ီးဖင့်ပွိုင့် အငူ (Elephant Point) ကို သိမ်းပိုက်သည်။ ပြည်သူ့လွတ်လပ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်းက ဗိုလ်မှူး ဗထူး၊ ဒုတိယဗိုလ်မှူးရဲထွဋ်၊ ဗိုလ်ကြီး စိန်ဝင်း၊ ဗိုလ်ကြီး စိန်မှန်နှင့် ဗိုလ်ကြီး မင်းခေါင်တို့အား ရာထူးတိုးမြှင့်သည့် အမိန့်ထုတ်ပြန်သည်။

၁၉၄၅ မေ ၃။    အမှတ် ၂၆ ဗြိတိသျှ အိန္ဒိယတပ်မမှ တပ်မဟာသည် ညအချိန်တွင် ကျိုင်းမြစ်ကို ဖြတ်၍ ရန်ကုန်သင်္ဘောဆိပ်သို့ ၀င်ရောက်သည်။ ထိုနေ့မှာပင် ဗမာပြည်ကွန်မြူနစ်ပါတီက ရန်ကုန်မြို့ စမ်းချောင်းရပ် ဗားကရာလမ်း၊ အိမ်အမှတ် ၁၃၈ တွင် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်သည်။

၁၉၄၅ မေ ၇။    ဗိုလ်မှူးကြီး နေ၀င်းက ဖက်ဆစ်တော်လှန်ရေး အောင်ပွဲခံသည့် သတင်းနှင့် ရန်ကုန်မြို့ကို ဗမာ့တပ်မတော်က သိမ်းယူသည့်အကြောင်းကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကမ္ဘသို့ အသံလွှင့်ကြေညာသည်။
ရန်ကုန်မြို့ကို မဟာမိတ်တပ်များ သိမ်းပိုက်ပြီး ကက်စ်ဘီ (C.A.S-B) အရာရှိအချို့က အာရှ အရှေ့တောင်ပိုင်း မဟာမိတ် စစ်သေနာပတိချုပ် မောင့်ဘက်တန်အား ဖတပလကို မတရားအသင်း ကြေညာရန်နှင့် ဗိုလ်ချုပ် အောင်ဆန်းကို စစ်ရာဇ၀တ်ကောင် တစ်ဦးအနေနှင့် ဖမ်းဆီးချုပ်နှောင်ထားရန် တိုက်တွန်းအရေးဆိုသည်။

၁၉၄၅ မေ ၁၀။    မြန်မာနိုင်ငံ မြို့ပြရေးရာ အရာရှိချုပ်ဗိုလ်ချုပ် ပီးယားနေရာတွင် ဗိုလ်ချုပ် ဆာဟူးဘတ်ရန့်စ်အား ခန့်အပ်သည်။

၁၉၄၅ မေ ၁၂။    ဗိုလ်ချုပ် အောင်ဆန်းသည် ပုဏ္ဏားစခန်းမှ သရက်မြို့သို့ ခရီးထွက်ခွာသည်။

၁၉၄၅ မေ ၁၄။     ဖတပလ အဖွဲ့ချုပ်ခေါင်းဆောင်များက နိုင်ငံခြားသတင်းထောက်များကို ဖိတ်ခေါ်၍ အစည်းအဝေး ပြုလုပ်ပြီး ဖတပလ အဖွဲ့ချုပ် ကြေညာချက်ကို ထုတ်ပြန်သည်။

၁၉၄၅ မေ ၁၅။    ဗိုလ်ချုပ်အောင်ဆန်းသည် ဧရာဝတီမြစ်ကို လှေဖြင့် ဗြိတိသျှတပ်မကြီးသို့ ရောက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မင်းခေါင် နှင့် ဗိုလ်မှူးအောင်တို့ သရက်မြို့မှ အမှတ် ၁၄ ဗြိတိသျှတပ်မတော် ရှိရာ မိတ္ထီလာမြို့သို့ လေကြောင်းဖြင့် ထွက်ခွာသည်။

၁၉၄၅ မေ ၁၆။    မိတ္ထီလာမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဗိုလ်ချုပ်ကြီး ၀ီလျံစလင်းတို့ တွေ့ဆုံသည်။

၉၄၅ မေ ၁၇။    ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအုပ်ချုပ်ရေး မူဝါဒ သဘောထား ကြေညာချက်ဖြစ်သည့် စက္ကူဖြူစာတမ်း (White Paper) ကို ထုတ်ပြန်သည်။

၁၉၄၅ မေ ၁၈။    ဗိုလ်ချုပ်အောင်ဆန်း မိတ္ထီလာမြို့မှ ရန်ကုန်ရောက်လျှင် ရောက်ခြင်း ဗိုလ်မှူးကြီး လက်ျာ၊ သခင်စိုး၊ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်း၊ ဗိုလ်မှူးကြီးနေ၀င်း၊ ဦးဗဆွေတို့နှင့် စစ်ရေး၊ နိုင်ငံရေး၊ အခြေအနေများကို တိုင်ပင်ဆွေးနွေးသည်။ ထို့နောက် ဖတပလ အဖွဲ့ချုပ်ကြီးကို စနစ်တကျ ပြန်လည် ဖွဲ့စည်းရန် ဆုံးဖြတ်သည်။

၁၉၄၆ မေ ၅။    မျိုးချစ်ပါတီ ကွန်ဖရင့်ကျင်းပရာ ကွန်ဖရင့်တွင် ဂဋုန်ဦးစောက ဘုရင်ခံ၏ အလုပ်အမှုဆောင် ကောင်စီနှင့် ဥပဒေပြုလွှတ်တော်အတွင်းမှ မျိုးချစ်ပါတီဝင်များ ထွက်ရန် အမိန့်ပေးသည်။ ၁၉၃၅ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ အာဏာများရှိသော အစိုးရ အဖွဲ့မျိုးတွင်သာ မျိုးချစ်အဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းချက် ချမှတ်သည်။

၁၉၄၆ မေ ၁၈။    နံနက် ၁၀ နာရီအချိန် အင်းစိန်ခရိုင်၊ ထန်းတစ်ပင်မြို့၌ တောင်သူလယ်သမား အင်အား ၁၀၀၀ ကျော်ခန့်သည် ပြည်သူ့ရဲဘော်များအား ဖမ်းဆီးနေခြင်းကို ကန့်ကွက်ဆန္ဒပြရာ ထန်းတစ်ပင် ရဲဌာနအုပ် ဦးမောင်ကလေး၏ အမိန့်ဖြင့် ပစ်ခတ်ခံရသည်။

၁၉၄၆ မေ ၂၅။     ထန်းတပင်မြို့၌ လူထုဆန္ဒပြပွဲတွင် ကျဆုံးသွားသည့် လယ်သမာများ၏  ဈပနအခမ်းအနား ကျင်းပရာသို့ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက် မိန့်ခွန်းပြောကြားသည်။

၁၉၄၇ မေ ၂၁။    ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလ အဖွဲ့ချုပ် ပဏာမညီလာခံ သဘာပတိ မိန့်ခွန်းတွင် ဖဆပလ အဖွဲ့သည် ဒိုမီနီယံအဆင့်လွတ်လပ်ရေးကို အလိုမရှိဘဲ လုံးဝလွတ်လပ်ရေးကိုသာ အလိုရှိကြောင်း ထည့်သွင်းပြောကြားသည်။

၁၉၄၇ မေ ၂၆။    ဗြိတိသျှအစိုးရ ရေတပ်မတော်မှ အိပ်ခ်ျအမ်အက်စ်ဖောက် အမည်ရှိ စစ်သင်္ဘောကို “မေယု” ဟု အမည်ပြောင်းကာ မြန်မာအစိုးရသို့ လွှဲပြောင်းပေးရာ ဗိုလ်ချုပ် အောင်ဆန်း လက်ခံရယူသည်။

၁၉၄၈ မေ ၈။    နိုင်ငံတော် လုပ်ကြံမှု တရားခံ ဂဋုန်ဦးစောနှင့် ကြံရာပါ ၅ ဦးအား နံနက် ၅း၃ဝ နာရီ အင်းစိန်ထောင်နှင့် ရန်ကုန်ထောင်ကြီးတွင် ကြိုးပေးသည်။

၁၉၄၈ မေ ၂၈။    သခင်နု၏ လက်ဝဲညီညွတ်ရေး လမ်းစဉ်ကို ဖဆပလ အလုပ်အမှုဆောင်အဖွဲ့က လက်ခံသည်။

၁၉၇၀ မေ ၂၄။    ရန်ကုန်မြို့လယ်တွင် တစ်လမ်းမောင်းစနစ် စတင်အကောင်အထည်ဖော်သည်။

၁၉၈၀ မေ ၂၄-၂၇။ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကို စတင် ကျင်းပသည်။

၁၉၈၀ မေ ၂၈။    နိုင်ငံတော်ကောင်စီသည် သာသနာတော် သန့်ရှင်းတည်တံ့ရေး အစည်းအဝေးအောင်မြင်စွာ ပြီးစီးခြင်းကို ဂုဏ်ပြု၍ အမိန့်အမှတ် ၁/၈ဝ ဖြင့် နိုင်ငံဂုဏ်ရည်ဘွဲ့ တီထွင်ပြဌာန်းသည့် အမိန့်ကိုလည်းကောင်း၊ အမိန့်အမှတ် ၂ /၈ဝ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကိုလည်းကောင်း ထုတ်ပြန်ကြေညာသည်။

၁၉၈၈ မေ ၉။    ဗိုလ်မှူးချုပ် အောင်ကြီး (အငြိမ်းစား) က(၄၁) မျက်နှာစာတမ်းကို နိုင်ငံတော်အကြီးအကဲများထံ ပေးပို့သည်။

၁၉၈၈ မေ ၁၃။    နိုင်ငံတော်ကောင်စီက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအရေးခင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တစ်ရပ် ကြေညာသည်။

၁၉၉၀ မေ ၂၇။    ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိသည်။

၁၉၉၂ မေ ၁။    မန္တလေး ရတနာပုံ နေ့စဉ်သတင်းစာကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က စတင်ထုတ်ဝေသည်။

၁၉၉၆ မေ ၇။    ဘုရင့်နောင်မင်းတရားကြီး ရုပ်တုနှင့် ရင်ပြင်ဖွင့်ပွဲကို တာချီလိတ်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ အဆိုပါ ရင်ပြင်၌ ကျင်းပသည်။

၁၉၉၆ မေ ၃ဝ။    အမျိုးသားညီလာခံ ကျင်းပခြင်း ရပ်ဆိုင်းသည်။

၂၀၀၃ မေ ၃၀။    ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးနှင့် NLD အဖွဲ့ဝင်များ စစ်ကိုင်းသို့ စည်းရုံးရေး ခရီးစဉ်အတွင်း ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့အနီး ကျီရွာတွင် နအဖစစ်အစိုးရ စေခိုင်းချက်အရ ယင်းတို့၏လက်ပါးစေများက ချောင်းမြောင်းတိုက်ခိုက်မှုကြောင့်ဒီပဲယင်းလုပ်ကြံမှု အရေးအခင်း ပေါ်ပေါက်ကာ မျက်မြင်သက်သေများ၏ အဆိုအရ သေဆုံးသူပေါင်း ၂၈၂ ဦး ရှိသည်ဟု သိရသည်။ (မြန်မာအာဏာပိုင်များက လူ (၄) ဦး သေဆုံး၍ ၅ဝ ဦးသာ ဒဏ်ရာရသည်ဟု ထုတ်ပြန်ခဲ့သည်)
၂၀၀၈ မေ ၁၉။    ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြု ပြဌာန်းလိုက်ကြောင်း ကြေညာချက်အမှတ် ၇/၂ဝဝ၈ ဖြင့် ကြေညာသည်။

ကမ္ဘာ့သမိုင်း၌လည်း မေလအတွင်း အထင်ကရ သမိုင်းမှတ်တိုင်များ ဖြစ်ပွားခဲ့သည်။
ရောမနိုင်ငံတွင် မေလ ၁ ရက်နေ့သည် ပန်းနတ်သမီး ဖဂျော်ရာ၏ နေ့ဖြစ်သည်။ ရောမလူမျိုးတို့သည် ထိုနေ့၌ ပန်းမျိုးစုံ ခင်းကျင်းကာ ပွဲတော်များ ဆင်ယင်ပြုလုပ်ကြလေသည်။

အင်္ဂလန်ပြည်တွင် “Maypoks” ခေါ် တိုင်များကို ရွာပန်းခြံများ၌ စိုက်ထူပြီးနောက် မေလ ၁ ရက်နေ့တွင် လူပျိုအပျိုများ တောသို့သွား၍ မေပန်းများကိုလည်းကောင်း၊ ဟောသွန်းခေါ် နှင်းဆီရိုင်းပန်းကိုလည်းကောင်း ဆွတ်ခူးကြလေသည်။ ခူးလာသော ပန်းများကို အသင့်စိုက်ထူထားသောတိုင်တွင် ဖဲကြိုးကလေးများဖြင့် ချီ၍ ဆင်ယင်ကြသည်။

ရွာမှ မိန်းမပျိုကလေးများသည် သစ်လွင်ကောင်းမွန်သော အ၀တ်များ ၀တ်ဆင်၍ “မေဘုရင်မ” အဖြစ် အရွေးခံကြလေသည်။ မေဘုရင်မကို အများက မဲဆန္ဒဖြင့် ရွေးချယ်ပြီးသောအခါ ဘုရင်မသည် သူ၏ ရံရွှေတော်များနှင့်အတူ ပန်းများစီခြယ်ထားသော တိုင်တွင် ဖဲစကလေးများကို လိုက်ကာဝိုင်းကြီး ပတ်လည်ကခုန်ကြသည်။ ဤသည်မှာ အနောက်တိုင်း၏ ရိုးရာထုံးစံတစ်ရပ်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် လူငယ်များသည် ပန်းခြင်းများကို မေလ ၁ ရက်နေ့ ညနေပိုင်း၌ အိပ်တံခါးဝများတွင် ချိတ်ဆွဲလေ့ ရှိကြသည်။

အမေရိကန်ပြည်ထောင်စု ပြည်နယ်များ၌ မေလ ၃ဝ ရက်နေ့ကို “အမှတ်တရနေ့” အဖြစ် ကျင်းပလေ့ ရှိသည်။ ထိုနေ့သည် အမေရိကန် ပြည်တွင်းစစ်အတွင်း ကျဆုံးခဲ့ကြသော စစ်သည်တော်များအား ရည်ညွှန်းသော တရားဝင် အသိအမှတ်ပြုနေ့ ဖြစ်သည်။ ထိုနေ့၌ စစ်သူရဲကောင်းတို့၏ သင်္ချိုင်းဂူများတွင် ပန်းများဖြင့် ဆင်ယင်မွမ်းမံကြလေသည်။

အမေရိကန်ပြည်ထောင်စု၌ မေလ ၂ ရက်နေ့ကိုမူ “မိခင်နေ့” အဖြစ် သတ်မှတ်ထားသည်။ မိခင်နေ့ကို သမ္မတ၏ အမိန့်ဖြင့် ၁၉၅၄ ခုနှစ်မှစ၍ သတ်မှတ်ခဲ့လေသည်။ ထိုနေ့၌ နိုင်ငံ၏ မိခင်အပေါင်းကို ဂုဏ်ပြုသောနေ့ ပင် ဖြစ်သည်။

ပြင်သစ်ဧကရာဇ် နပိုလီယံဘိုနာဘတ်သည် ဥရောပတွင် စစ်ရူံးပြီးနောက် တကျွန်းပို့ခံနေရ ရာမှ တောင်အတ္တလန္တိတ် သမုဒ္ဒရာအတွင်းရှိ စိန့်ဟယ်လင်နာကျွန်း၌ ၁၈၁၅ ခုနှစ် မေလ ၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။

အရင်းရှင်စနစ်ကို တစ်ခဲနက် အန်တုသော အမေရိကန်ပြည်မှ အလုပ်သမား အထွေထွေသပိတ်သည် ၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည်။ အဆိုပါ သပိတ်မှ အလုပ်သမားထုက တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီထိသာ သတ်မှတ်ရန် တောင်းဆိုခဲ့ကြသည်။

၁၈၈၉ ခုနှစ် မေလ ၁ ရက်နေ့တွင် ပြင်သစ်ပြည် ပါရီမြို့၌ ကျင်းပသော ဒုတိယကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်က ၁၈၉ဝ ပြည့်နှစ် မေလ ၁ ရက်နေ့မှစ၍ ကမ္ဘာ့နိုင်ငံတိုင်းတွင် အလုပ်သမားနေ့ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။၂ဝ၁၄ခုနှစ်မေလ ၁ ရက်နေ့ တွင်ရန်ကုန်မြို့ ၌အလုပ်သမားနေ့ အခမ်းအနားကျင်းပ၍ အလုပ်သမားအခွင့်များကိုတောင်းဆိုခဲ့သည်။

ပထမကမ္ဘာစစ် (၁၉၁၄-၁၉၁၈) အတွင်း အင်္ဂလိပ်စစ်သင်္ဘော လူစီတာနီးယားကို ဂျာမန်ရေငုပ် သင်္ဘောက အိုင်ယာလန်ကမ်းခြေ၌ ၁၉၁၅ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ပစ်ခတ်နစ်မြုပ်ခဲ့ရာ အမေရိကန်စစ်သည် ၁၂၄ ယောက် အပါအ၀င် လူပေါင်း ၁၁၉၈ ဦး သေဆုံးခဲ့သည်။

ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅) အတွင်း ၁၉၄ဝ ပြည့်နှစ် မေလ ၁ဝ ရက်နေ့တွင် ဂျာမနီက နယ်သာလန်၊ ဘယ်လဂျီယမ်နှင့် လူဇင်ဘတ်နိုင်ငံများကို ဝင်တိုက်ခဲ့သည်။ ထိုနေ့မှာပင် ဗြိတိသျှ နန်းရင်းဝန် ချိန်ဘာလိန် နုတ်ထွက်ခဲ့ရာ ဝင်စတန်ချာချီက ရာထူးဆက်ခံသည်။ မေလ ၁၄ ရက်နေ့တွင် ဂျာမနီတပ်များ နယ်သာလန်နိုင်ငံကို သိမ်းပိုက်သည်။ မေလ ၂၈ ရက်နေ့တွင် ဘယ်လ်ဂျီယမ် ဂျာမနီတို့ထံ လက်နက်ချခဲ့ရသည်။

၁၉၄၅ မေလ ၁ ရက်နေ့တွင် နာဇီ ဂျာမနီ အာဏာရှင် ဟစ်တလာ သေဆုံးကြောင်း ကြေညာချက် ထုတ်ပြန်သည်။ မေလ ၂ ရက်နေ့တွင် ဘာလင်မြို့၌ ဂျာမနီ လက်နက်ချသည်။ ၇ ရက်နေ့တွင် ဂျာမနီ ချွင်းချက်မရှိ မဟာမိတ်များထံ လက်နက်ချသဖြင့် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားလေသည်။ မေလ ၈ ရက်နေ့တွင် ဥရောပ၌ မဟာမိတ်တို့ အပြီးအပိုင် စစ်နိုင်သောကြောင့် ထိုနေ့ကို “ဥရောပအောင်ပွဲနေ့” (V.E-Day) ဟု သတ်မှတ်ခဲ့ကြသည်။

အနောက်အုပ်စု မဟာမိတ်နိုင်ငံများနှင့် အနောက်ဂျာမနီတို့၏ ငြိမ်းချမ်းရေးစာချုပ်ကို ၁၉၅၂ မေ ၂၆ တွင် ဘွန်းမြို့၌ လက်မှတ်ရေးထိုးခဲ့သည်။

ဗိုလ်ချုပ်ကြီး ဂျွန်ဟန်ခေါင်းဆောင်သော ဗြိတိသျှတောင်တက်အဖွဲ့ အက်ဒမန်ဟစ်လာရီ (နယူးဇီလန်) နှင့် တင်ဇင်နော်ကေ (နီပေါ) တို့သည် ကမ္ဘာ့အမြင်ဆုံး ပေ ၂၉ဝဝ၂ ရှိ ဧ၀ရက်တောင်သို့ ၁၉၅၃ မေလ ၁၉ ရက်နေ့တွင် ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည်။

မေလ ၃ ရက်နေ့မှာ ပိုလန်နှင့် ဂျပန်နိုင်ငံတို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနေ့ ဖြစ်သည်။ မေလ ၄ ရက်သည် ဒိန်းမတ်နိုင်ငံ၏ လွတ်လပ်ရေးနေ့ ဖြစ်သလို မေလ ၅ ရက်နေ့သည် ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံ၏ ကလေးများနေ့ ဖြစ်သည်။ နှစ်စဉ် မေလ ၉ ရက်နေ့ကို ဥရောပသမဂ္ဂနေ့အဖြစ် ကျင်းပကြသည်။ မေလ ၁၂ ရက်နေ့ကိုမူ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့အဖြစ် ကျင်းပကြသည်။ မေလ ၁၈ ရက်နေ့ကို  အပြည်ပြည်ဆိုင်ရာ အရင်းရှင်စနစ် အထိမ်းအမှတ်အဖြစ် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများက သတ်မှတ်ခဲ့ကြသည်။

မြန်မာနိုင်ငံ၌ မေလအတွင်း ကွယ်လွန်ခဲ့သော ထင်ရှားသော အချို့မှာ ဒါရိုက်တာ မောင်ဝဏ္ဏဇနီး ဒေါ်ချိုချိုရီ (မေလ ၉)၊ စာရေးဆရာ နတ်နွယ် (မေ ၁၁) ၊ ကာတွန်းဦးသိန်းလွင် (မေ ၁၁) တို့ ဖြစ်ကြသည်။

အနောက်တိုင်း ဗေဒင်အလိုအရ မေလ ၁ ရက်မှ ၂ဝ ရက်အတွင်း မွေးဖွားသူတို့သည် တာဝန်ကို ကျေပွန်စွာ  လုပ်ကိုင်တတ်ကြသည်။ ရဲရင့်၍ အပေးအကမ်း ရက်ရောကြသည်။ အချစ်ရေးတွင် အစွဲအလမ်းကြီး တတ်ကြသည်။

မေလ ၂၁ ရက်မှ ၃၁ ရက်အတွင်း မွေးဖွားသူတို့ကာ စိတ်ကူးဥာဏ် ထက်မြက်ကြသည်။ ဇွဲစိတ်အားနည်းပြီး အပြောင်းအလဲ မြန်တတ်သော်လည်း ဘ၀၏ အောင်မြင်မှုကို ရရှိတတ်ကြသည်။ အချစ်ရေးတွင်မူ အချစ်ကြီးသလောက် အမှတ်ကြီးတတ်သူများ ဖြစ်ရာ အချစ်အတွက် စစ်ခင်းမည့်သူများ ဖြစ်သည်။

မေလဖွား ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများတွင် ကမ္ဘာ့ကွန်မြူနစ်ဝါဒကို တည်ထောင်ခဲ့သော ဂျာမန်အမျိုးသား ကားလ်မက်ခ် (၁၈၁၈-၁၈၈၃)၊ နောက်ဆုံးပေါ် သာမိုမီတာကို တီထွင်ခဲ့သူ ရူပဗေဒပညာရှင် ဒင်နီယယ်ဖာရင်ဟိုက်၊ စာပုံနှိပ်လုပ်ငန်းတွင် လီနိုတိုက်ကို တီထွင်သူ မာဂျန်တလာ၊ ဂီတပညာရှင် ဂျိုဟန်နက်စ်ဘရမ်းမ်၊ အီတလီနိုင်ငံရေး သုခမိန် နီကိုလိုမက္ကရာဗယ်လီ၊ ရုရှားဂီတပညာရှင် ချိုက်ကော့စကီး၊ ကဗျာဆရာ အလက်ဇန္ဒြာပုရှ်ကင်၊ ရောဂါပိုးမွှား ဗေဒပါရဂူ အယ်လီမက်ခ်ျနကော့ဖ်၊ နော်ဝေးစာပေနိုဘယ်ဆုရှင် ဆစ်ဂရစ်အန်ဆက်၊ အမေရိကန်စာရေးဆရာကြီး အီမာဆင်၊တော်လှန်ရေးခေါင်းဆောင် ပက်ထရစ် ဟင်နရီ၊ မြောက်ဝင်ရိုးစွန်းသို့ စွန့်စားသွားရောက်ခဲ့သော ရောဘတ်ပီယာရီ၊ စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒနှင့်  ကမ္ဘာ့သမ၀ါယမ ဖခင်ကြီး ရောဘတ်အိုဝင်၊  ရှားလော့ဟုမ်း စုံထောက်ဝတ္ထုများ ကမ္ဘာကျော်ခဲ့သော ဆာအာသာလိုနင်ဒွိုင်း၊ ဘောဂဗေဒပညာရှင် ဂျွန်စတူးဝပ်မီးလ်၊ ဖန်မီးအိမ် မေတ္တာရှင် ဟု တင်စားခြင်းခံရသော သူနာပြုဆရာကြီး ဖလောရင့်နိုက်တင်ဂေး၊ ကျောက်ဆေးထိုးခြင်းကို စတင်ခဲ့သော အက်ဒွပ်ဂျင်းနား၊ စာရေးဆရာ အာနိုးဘင်အနက်၊ ဂျီကေချက်စတာတန်၊ ကဗျာစာဆိုရောဘတ်အရောင်းနင်း၊ အိန္ဒိယစာပေ နိုဘယ်ဆုရှင်နှင့်ကဗျာစာဆို ရာဘင်ဒြာနတ်တဂိုး၊ ပြင်သစ်စာရေးဆရာဗော်ဇက်၊ ရေဒီယမ်ဓာတ်ကို ဖော်ထုတ်ခဲ့သော ဓာတုဗေဒ နိုဘယ်ဆုရှင် ပီရီကျူရီတို့ ပါဝင်သည်။

ကမ္ဘာ့ခေါင်းဆောင်များ ဖြစ်ကြသော ယူဂိုစလပ်သမ္မတကြီး မားရှယ်တီးတိုး၊ အမေရိကန် ၃၃ ဆက်မြောက် သမ္မတ ဟယ်ရီထရူးမင်း၊ ရုရှ ဧကရာဇ် မဟာပီတာ၊ ရုရှားဧကရီဘုရင်မကြီး မဟာကက်သရင်း၊ သြစတြေးလျား ဧကရီဘုရင်မ မရီသေရေဆာ၊ အင်္ဂလိပ် ဒုတိယမြောက် ချားလ်ဘုရင်၊ ဧကရီဘုရင်မကြီး ၀ိတိုရိယနှင့် နန်းရင်းဝန် ဝီလျံပစ်တို့သည် မေလ ဖွား များ ဖြစ်သည်။

မြန်မာနိုင်ငံ၌ ထင်ရှားသော မေလဖွားများမှာ  စာရေးဆရာမ မာလာ၊ စာရေးဆရာထင်လင်း၊ မွန်စာပေပညာရှင် ဦးဗိုကေ၊စာရေးဆရာ မာန်မြင့်၊ ပညာမင်းကြီး ဦးချို၊ အာဇာနည် မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊အလံနီပါတီ အထွေထွေအတွင်းရေးမှူး သခင်စိုး၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ နန်းရင်းဝန်ဟောင်း၊ ဂဠုန်ဦးစော၊ ပါမောက္ခချုပ် ဒေါက်တာ ထင်အောင်၊ ကတိုးကော့နှိပ်သူဌေးကြီး ဦးနာအောက်၊ နိုင်ငံတော်သမ္မတဟောင်း ဒေါက်တာဘဦးတို့ ဖြစ်ကြသည်။ မေလဖွား အနုပညာများမှာ ထွန်းအိန္ဒြာဗိုလ် (မေ ၁)၊ မေခလာ (မေ ၂) ၊ မိုးမိုး (မေ ၈)၊ ဟိန်းဝေယံ (မေ ၁၂) ၊ ရတနာ (မေ ၁၅)၊ ချောစုခင် (မေ ၁၅) ဟက်ကက် (မေ ၁၆) ၊ ကျားပေါက် (မေ ၂၀) ၊ ပိုင်ဇေရဲထွန်း (မေ ၂၅) နှင့် ဇော်ပိုင် (မေ ၃၁) တို့ ဖြစ်ကြသည်။

ယခုနှစ် ၂၀၁၄ မေလတွင် ကဆုန်လဆန်း ၃ ရက်မှ ကဆုန်လကွယ်နေ့အထိ ၂၈ ရက် ပါဝင်ပြီး နယုန်လဆန်း ၁ မှ ၃ ရက်နေ့အထိ ၃ ရက် ပါဝင်သည်။ ထို့ကြောင့် ယခုနှစ်တွင် အင်္ဂလိပ် မေလသည် မြန်မာ ကဆုန်လနှင့် အများဆုံး တိုက်ဆိုင်နေသည်။

ပုဂံခေတ် ကျောက်စာများ၌ “ကဆုန်” ကို “ကုဆုန်” ဟူ၍ ရေးထိုးခဲ့ကြသည်။ ထို့ကြောင့် ကဆုန်မှာ ကုဆုန်မှ ရွေ့လျားလာသော ဝေါဟာရ ဖြစ်သည်။ “က” မှာ “ရေ” ဟူ၍ အနက်ထွက်သောကြောင့် ကဆုန် ဟူသည် ရေသွန်းလဖြစ်ကြောင်း ပညာရှင်တို့ ကြံဆခဲ့ကြသည်။
ကဆုန်လသည် မြန်မာပြက္ခဒိန်တွင် ဒုတိယလ ဖြစ်သည်။ မြန်မာနာရီအားဖြင့် ကဆုန်လတွင် “နာရီနေ့ဝယ်၊ သုံးဆယ်လကျော်၊ နှစ်ခုပေါ်လျက် ၊ ညဥ့်သော နှစ်ဆယ်၊ ရှစ်ခုကယ်၏” ဟု ဆိုသည့်အတိုင်း နေ့နာရီ ၃၂၊ ညဥ့်နာရီ ၂၈ ရှိရာ နေ့တာရှည်၍ ညဥ့်တာတိုလေသည်။ ကဆုန်လတွင် ရက်စုံကွယ်သောကြောင့် ရက်ပေါင်း ၃၀ ရှိလေသည်။

ဗေဒင်အခေါ်အားဖြင့် ကဆုန်လကို ပြိဿရာသီ ဟူ၍ ခေါ်လေသည်။ ကဆုန်လ၏ ရာသီရုပ်ကား နွားရုပ်ပုံဖြစ်သည်။ ဤရာသီတွင် ၀ိဿခါနက္ခနှင့် လမင်းကို စန်းယှဉ်ကြပြီး တြိတ္တိကာနက္ခတ်နှင့် နေမင်းတို့ ယှဉ်ပြိုင်ကြ၏။ ရာသီပန်းကား စကားပန်း ဖြစ်သည်။ ဆင်တာရာထွန်းပသော ဤကဆုန်လကား ဗုဒ္ဓဘာသာဝင်တို့အတွက် တသွင် ထူးခြားသော လမြတ် မဟာပင် ဖြစ်ပေသည်။

ဗုဒ္ဓလောင်းလျာ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားထံတော်၌ ဘုရားဆုကို ပန်ခဲ့သည်မှာ ဤကဆုန်လအတွင်းတွင် ဖြစ်လေသည်။

အလောင်းတော် သိဒ္ဓတ္တမင်းသားကို ဖွားမြင်သောနေ့မှာလည်း မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ပင် ဖြစ်သည်။ ဗုဓ္ဓဘုရားရှင် သဗ္ဗညုတဥာဏ်တော်ရှင် ဘုရားအဖြစ်သို့ ရောက်တော်မူသော နေ့မှာလည်း ဗုဒ္ဓဟူးနေ့ပင် ဖြစ်သည်။ ထို့နောက် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံလွန်တော်မူသော နေ့မှာလည်း မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့ (ဘီစီ ၅၄၄၊ မေလ ၁၃ ) ဖြစ်သည်။ မြတ်စွာ ဘုရားသခင်၏ ကြွင်းကျန်သော ရုပ်ကလာဘ် တေဇောဓာတ် လောင်ကျွမ်းသော နေ့မှာလည်း မဟာသက္ကရာဇ် ၁၄၈ ကဆုန်လပြည့်ကျော် ၁၂ ရက် တနင်္ဂနွေနေ့ (ဘီစီ ၅၄၄၊ မေ ၂၅ ) ရက်ပင် ဖြစ်သည်။

ကဆုန်လရာသီတွင် နေပူရှိန် အပြင်းထန်ဆုံးဖြစ်ရာ ရေများပင် ခန်းခြောက်လေ့ရှိရကား မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှန်း၍ ဗောဓိပင် အပွားတော်များကို ဗုဒ္ဓဘာသာဝင်တို့သည် နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း ရေသွန်းလောင်းပွဲသဘင် ဆင်ယင်ကျင်းပလေ့ ရှိကြလေသည်။ ထိုနေ့တွင် ဇီဝိတ ဒါနခေါ် ငါးလွှတ်ပွဲများ၊ ဆိတ်၊ နွားဘေးမဲ့ လွှတ်ပွဲများလည်း ပြုလုပ်လေ့ ရှိကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်