ဇာဝါရီ – ငြိမ်းချမ်းဘုံနန်းမှာ ပြန်ဆုံကြတဲ့ မဟာလူသားနှစ်ဦး

May 13, 2014

 ငြိမ်းချမ်းဘုံနန်းမှာ ပြန်ဆုံကြတဲ့ မဟာလူသားနှစ်ဦး
ဇာဝါရီ၊ မေ ၁၃၊ ၂၀၁၄

သင်းပျံ့မွှေးကြိုင် ပန်းပေါင်းစုံရနံ့များကို ရှုရှိုက်ခံစားရင်း အပြိုင်အဆိုင် ပွင့်ဖူးဝေဆာနေတဲ့ ရောင်စုံပန်းဥယျာဉ်ကြီးအလယ် ငြိမ့်ညောင်းညင်သာစွာ ဖြတ်စီးဆင်းနေတဲ့ စမ်းချောင်းကမ်းနံဘေး မြကမ္ဗလာ သစ်ဝါးပင်ရိပ်အောက်မှာ သူတို့နှစ်ယောက်ကို တွေ့မယ်လို့ မျှော်လင့်မထား။ ဆေးရေးပန်းချီ ခြယ်မှုန်းမမှီ၊ အလွန်သာယာအေးငြိမ်းလှတဲ့ ဒီနေရာမျိုးမှာ ရုတ်တရက် သူတို့ကို တွေ့လိုက်တော့ အသက်ရှုရပ်၊ ဘာပြောရမှန်းမသိ။ တသက်လုံး ဘဝတကွေ့မှာ သူတို့နဲ့ တွေ့ခွင့်ရခဲ့ရင် မေးမယ်ပြောဆိုမယ်ဆိုတဲ့ စကားလုံးတွေ၊ အတွေးစိတ်ကူးတွေ ကြက်ပျောက်ငှက်ပျောက် ကွယ်ပျောက်ကုန်တယ်။ ဝမ်းသာလုံးဆို့တယ်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တသက်လုံး ဆုတောင်းခဲ့တဲ့ဆန္ဒတခု ပြည့်ဝလို့ ဝမ်းသာကျေနပ်ကြည်နူးမိတာတော့ အမှန်ပါ။ သိသိသာသာ စိတ်လှုပ်ရှား ဝမ်းသာနေတဲ့ မိမိကို ကြည်လင်ရွှင်ပျ ချစ်စရာကောင်းသော အပြုံးကိုယ်စီနဲ့ ဖောဖောရွေရွေ ကြိုဆိုနှုတ်ဆက်ကြတယ်။

သူတို့ကို ကြည့်ရတာ အပူအပင်ကင်းမဲ့၊ ရွှင်ရွှင်လန်းလန်း နုပျိုတက်ကြွနေကြပြီး၊ နှစ်ပေါင်းများစွာ ခွဲခွါနေခဲ့ကြတဲ့ ညီအကိုနှစ်ယောက် ပြန်ဆုံတွေ့ကြသလို ဝိုင်ချိုချိုသောက်လိုက်၊ စကားတွေပြောနေကြတာ မြင်တွေ့ရသူအဖို့ တကယ်ကို စိတ်ချမ်းမြေ့ ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းပန်းချီကားတချပ်လို။ စကားတွေဖောင်ဖွဲ့ ပြောမယ်ဆိုလည်း ပြောစရာ။ သူတို့အဖို့ ပြောစရာမကုန်တဲ့ အကြောင်းအရာတွေက များပြားလှတယ် မဟုတ်လား။

တချက်နားစွင့်ကြည့်တော့ သူတို့ အလေးပေး ပြောဆိုနေတဲ့အကြောင်းတွေက နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေးတွေ မဟုတ်။ ရှုပ်ထွေးညစ်ပေလှတဲ့ အဲဒီအကြောင်းအရာတွေကို ဒီအချိန်ဒီကာလ၊ ဒီနေရာမျိုးမှာ ပြောဖို့မလို၊ ဆန္ဒရှိပုံမရ။ သူတို့ ပြောဆိုနေကြတဲ့အကြောင်းက နှစ်ဦးစလုံး နှစ်နှစ်ကာကာ မြတ်နိုးတွယ်တာတဲ့ စာပေအနုပညာ – ကမ္ဘာ့အရှေ့ တိုင်းအနောက်တိုင်းစာပေတွေ – ဂရိရောမ-ပုဂံခေတ်ကစလို ယနေ့ကာလအထိ သူတို့နှစ်ခြိုက်လေ့လာ ဖတ်မှတ်ခဲ့တဲ့ ကဗျာလင်္ကာ၊ ပုံပြင်ပြဇာတ်၊ ဝထ္တုအက်ဆေးဆောင်းပါးများ၊ သူတို့ ချစ်ခင်လေးစားတဲ့ ဆရာ့ဆရာကြီးတွေအကြောင်း၊ အညတရ စာရေးဆရာလေးများအကြောင်း စုံလို့ (သူတို့ပြောသွားတဲ့ ကမ္ဘာ့စာပေတွေ၊ စာအုပ်တွေ၊ သင်ဆရာ မြင်ဆရာကြားဆရာ၊ လေးစားအားကျသူတွေ၊ လုပ်ဖော်ကိုင်ဖက် စာပေရောင်းရင်းပုဂ္ဂိုလ်တွေရဲ့  အမည်တွေကို ဒီနေရာမှာ ချရေးလိုက်ရင် စာအုပ်တအုပ်အဖြစ် ထုတ်လို့ရတယ်)။

စာဖွဲ့လို့မမှီ စိမ်းလန်းစိုပြေ ငြိမ်းချမ်းသာယာတဲ့ ဧဒင်ဥယျာဉ်ကြီးတနေရာမှာ ရေပက်မဝင် ကမ္ဘာ့စာပေအနုအလှတွေ ဖွဲ့နွှဲ့ပြောဆိုနေကြတဲ့ ပုဂ္ဂိုလ်ကြီးနှစ်ဦးကတော့ (၂၀) ရာစုရဲ့  အထင်ကရ စာပေကဝိ အကျော်အမော် တောင်အမေရိကတိုက်၊ ကိုလံဘီယာနိုင်ငံသား စာရေးဆရာကြီး ဂါဘရီယယ် ဂါဆီယာ မားကွက်ဇ် (Gabriel Garcia Marquez)၊ (ခေါ်) ဂါဘို (Gabo) နဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှကို ရဲရဲတောက် ဖီဆန်ခဲ့တဲ့ စာရေးဆရာ၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတို့ ဖြစ်ကြတယ်။

ဒီထူးမြတ်တဲ့ လူသားနှစ်ဦး နှစ်ပေါင်း (၈၀) ကျော် ဖြတ်သန်းနေထိုင်ခဲ့တဲ့ ရှုပ်ထွေးပွေလီ လူလောကဇာတ်ခုံကနေ ဒီငြိမ်းချမ်းနယ်မြေဆီ ရောက်ရှိနေခဲ့တာ အခုဆို (၁) လ နီးပါး ရှိလာခဲ့ပြီ။ ဆရာကြီးဂါဘို က ၂၀၁၄ ဧပြီလ (၁၇) ရက်နေ့မှာ သူ့မွေးစားမြေ မက်စီကိုနိုင်ငံကနေ ကြိုတင်ထွက်ခွါသွားပြီး၊ ဆရာကြီးဦးဝင်းတင် က ဧပြီလ (၂၀) ရက်နေ့မှာ သူချစ်တဲ့ မြန်မာပြည်ကနေ လိုက်ပါသွားခဲ့တယ်။ သူတို့နေထိုင်သွားခဲ့တဲ့ ကမ္ဘာ့ရွာကြီးမှာတော့ ချစ်သူမုန်းသူတွေ ဝမ်းနည်းစိတ်မကောင်းစွာနဲ့ နှုတ်ဆက်ကျန်ရစ်ခဲ့ကြတယ်။

ဦးဝင်းတင်ရဲ့  စာပေရဲဘော်မိတ်ဆွေကြီးဦးဝင်းဖေ က

“လူလောကမှာ တကယ်ကို ထိုက်ထိုက်တန်တန်၊ တန်းဖိုးရှိစွာ သက်ရှင်နေထိုင်သွားတဲ့၊ ဂုဏ်ယူစရာ လူသားတဦး” လို့ တလေးတစား မှတ်တမ်းရေးထိုး ဂုဏ်ပြုစကားဆိုတယ်။

ဆရာကြီးဂါဘိုရဲ့  စာတွေကို စွဲစွဲလန်းလန်း၊ နှစ်နှစ်ခြိုက်ခြိုက် ဖတ်ခဲ့တဲ့ သမ္မတကလင်တန် က

“ကြီးမားတဲ့ နှလုံးသားနဲ့ ထက်မြက်တဲ့ စိတ်ဓါတ်ပိုင်ရှင် ပုဂ္ဂိုလ်မျိုးနဲ့ မိတ်ဆွေဖြစ်ရတာကို အမြဲဂုဏ်ယူနေပါတယ်” လို့ ပြောဆိုတယ်။ သမ္မတကလင်တန်၊ အိုဘားမား၊ ဖီဒယ် ကတ်စ်ထရို တို့နဲ့အတူ အထင်ကရ နိုင်ငံတကာ ခေါင်းဆောင်တွေကလည်း ဆရာကြီးတွေရဲ့  စာပေအနုပညာ စွမ်းဆောင်ဖန်တီးမှုများ၊ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ အများပြည်သူအကျိုးအတွက် စွန့်လွတ်စွန့်စား ရပ်တည်လှုပ်ရှားခဲ့မှုတွေကို ဂုဏ်ပြုနှုတ်ဆက် အောက်မေ့သတိရနေကြတယ်။

ပြုံးပြုံးရွှင်ရွှင်၊ ရယ်ရယ်မောမောနဲ့ စကားဆက်နေတဲ့ သူတို့နှစ်ယောက်ကို ကြည့်နေရင် ဒီပုဂ္ဂိုလ်ကြီးနှစ်ဦးရဲ့  တူညီတဲ့ ထူးခြားချက်တွေကို သတိထားကြည့်မိတာက ဧပြီလအတွင်းမှာ ရှေ့ ဆင့်နောက်ဆင့် လူပြည်လူရွာကနေ သူတို့နှစ်ယောက် တည်တည်ငြိမ်ငြိမ် ထွက်ခွါသွားခဲ့ကြတယ်။ ပြီးတော့ လူလောကကို ရောက်လာချိန် ကာလအပိုင်းအခြားလည်း တူတယ်လို့ ပြောလို့ရတယ်။

ဆရာကြီးဦးဝင်းတင် ကို ၁၉၃၀ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့မှာ မြန်မာနိုင်ငံရဲ့  တောရွာမြို့ ကလေးတမြို့ ဖြစ်တဲ့ ပဲခူးတိုင်း၊ ကြိုပင်ကောက်နယ်မှာ မွေးဖွားပြီး၊ ဂါဘိုကြီးကိုတော့ တောင်အမေရိကတိုက် ကိုလံဘီယာနိုင်ငံ ကျေးရွာဇနပုဒ်လေးတရွာမှာ ၁၉၂၇ ခုနှစ်၊ မတ်လ (၆) ရက်နေ့မှာ မွေးဖွားခဲ့တယ်။ (၃) နှစ်ကွာခြားပေမယ့် သူတို့နှစ်ဦးစလုံးက ပြိဿရာသီ မတ်လဖွားတွေ ဖြစ်ကြတယ်။

သာမန် ဆင်းရဲသားမိသားစုက ပေါက်ဖွားလာကြသူတွေလည်း ဖြစ်တယ်။ ဂါဘိုကြီးက အဖိုးအဖွားနဲ့ ကြီးပြင်းလာခဲ့သူဖြစ်ပြီး။ အဖိုးဖြစ်သူ စစ်ဗိုလ်ဟောင်းကြီးရဲ့  သွန်သင်ဆုံးမမှုနဲ့ လွတ်လပ်တဲ့ လစ်ဘရယ် လက်ဝဲနိုင်ငံရေး အတွေးအခေါ်တွေက သူ့အပေါ် ငယ်ငယ်ကတည်းက လွှမ်းမိုးခဲ့ကြောင်း ရင်းနှီးတဲ့မိတ်ဆွေတွေကို မကြာခဏ ပြောဆိုတယ်။ ဆရာကြီးဦးဝင်းတင်လည်း အင်္ဂလိပ်ကိုလိုနီ ကျွန်စနစ်အောက်မှာ ကြီးပြင်းခဲ့ပြီး တိုင်းချစ်ပြည်ချစ် အမျိုးသားရေးစိတ်ဓါတ်ကို သိတတ်အရွယ်ကတည်းက ရှိခဲ့သူဖြစ်ကြောင်း၊ လက်ဝဲစာပေနဲ့ အဖိနှိပ်ခံသူများဖက် ရပ်တည်ခဲ့သူအဖြစ် သူ့ဘဝပုံကားချပ်ကြီးက သက်သေပြခဲ့တယ်။

သူတို့နှစ်ယောက်စလုံး လူလတ်ပိုင်း ကောလိပ်ကျောင်းတက်ချိန်ကာလမှာ သတင်းစာလောကထဲရောက်၊ သတင်းသမားများ၊ သတင်းစာအယ်ဒီတာများ ဖြစ်လာခဲ့ကြပြီး၊ နောက်ပိုင်းကာလ တခြားစာပေတွေရေး၊ နိုင်ငံရေးအလုပ်တွေနဲ့ ရှုပ်ထွေရှင်သန်နေခဲ့ကြပေမယ့် သူတို့ကိုယ်သူတို့ သတင်းစာသမားများအဖြစ် အမြဲတမ်း ဂုဏ်ယူစွာ ပြောဆိုကြသူတွေဖြစ်တယ်။

“ကျနော်က နိုင်ငံရေးသမားကောင်း တယောက်မဖြစ်ချင်ဘူး။ လွတ်လပ်တဲ့ သတင်းစာသမားကောင်း တယောက်ပဲ ဖြစ်ချင်တယ်” လို့ မကြာခဏ ပြောဆိုခဲ့တဲ့ ဦးဝင်းတင်ဟာ မြန်မာ့နိုင်ငံရဲ့  အထင်ရှားဆုံး သတင်းစာတစောင်ဖြစ်ခဲ့တဲ့ ဟံသာဝတီသတင်းစာကြီးရဲ့  အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်တယ်။ အစောပိုင်း ကြေးမုံသတင်းစာ နဲ့ တခြားထင်ရှားတဲ့ သတင်းဂျာနယ်မဂ္ဂဇင်းတွေမှာ လုပ်ကိုင်ခဲ့ပေမယ့်၊ ဟံသာဝတီ ဦးဝင်းတင် ဂုဏ်ပုဒ်နဲ့ လူသိများခဲ့တယ်။ သတင်းစာလောကမှာ ခေတ်အဆက်ဆက် အာဏာပိုင်တွေရဲ့  အတားအဆီး၊ အဟန့်အတား၊ ဖိနှိပ်မှုများကို အန့်တုပြီး၊ ပြည်သူများဖက်က မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ သတင်းစာသမားကောင်းတဦးအဖြစ် ထင်ရှားခဲ့တယ်။

နောက်ပိုင်းကာလ ဆင်းရဲတွင်းနက်ထဲက အဖိနှိပ်ခံပြည်သူတွေ လိုလားတောင့်တခဲ့တဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပံ့ပိုးဝန်းရံဖို့ သူချစ်မြတ်နိုးတဲ့ သတင်းစာသမားဘဝ၊ စာပေသမားဘဝ (ဘဝတခုလုံး) ကို စွန့်လွှတ်ပြီး၊ ပြည်သူတွေကို တရားမဲ့ ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်ဘီလူး အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို  ရှေ့ တန်းက ရဲရဲတောက်  ဦးဆောင်တိုက်ပွဲဝင်ခဲ့တယ်။ အာဏာရှင်မိစ္ဆာတွေရဲ့  ရက်ရက်စက်စက် နှိပ်စက်ညဉ်းပမ်းမှုတွေကို (၁၉) နှစ်ကြာ အကျဉ်းထောင်ထဲမှာ ဒူးမထောက်လက်မမြှောက်၊ အညံ့မခံဘဲ ပြည်သူနဲ့ နိုင်ငံကောင်းကျိုးအတွက် သံမဏိယုံကြည်ချက်နဲ့ ရပ်တည်သွားတာကြောင့် ရှားမှရှား ပုဂ္ဂိုလ်ကြီးအဖြစ် မြန်မာပြည်သူပြည်သားတွေရဲ့  ရင်ထဲနှလုံးသားထဲမှာ စွဲကျန်ရစ်ခဲ့သူ ဖြစ်ခဲ့တယ်။

“ကမ္ဘာကြီးရဲ့  အရှုပ်အထုပ်တွေကို သတင်းစာသမားကောင်းတွေပဲ ဖြေရှင်းနိုင်တယ်ဗျ။” လို့ ဆရာကြီးဂါဘို က ပြောပြီး၊ သူကိုယ်သူလည်း ဘဝအခြေအနေ အပြောင်းအလဲတွေကြောင့် ကျုပ်က ဘယ်လိုစာတွေရေးရေး၊ ဂျာနယ်လစ် သတင်းသမားဘဝကိုပဲ နှစ်ခြိုက်တယ်လို့ ပြောဆိုလေ့ရှိတယ်။ သတင်းစာအလုပ်ကို ကိုလံဘီယာ အမျိုးသားတက္ကသိုလ်မှာ ပညာသင်ကြားနေစဉ် စတင်စိတ်ဝင်စားခဲ့ပြီး၊ တက်ရောက်ခွင့်ရရှိထားတဲ့ ဥပဒေပညာရပ်ကို ဘေးချိတ်စွန့်လွှတ်ပြီး၊ ပြည်နယ်သတင်းစာတိုက်တွေမှာ အလုပ်သင်အဖြစ် သတင်းစာပညာကို သင်ယူခဲ့တယ်။ နောက်ပိုင်း ထိပ်တန်းသတင်းစာတိုက်ကြီးမှာ လက်ထောက်အယ်ဒီဖြစ်လာပြီး၊ အဲဒီတုန်းက ကိုလံဘီယာနိုင်ငံကို အုပ်ချုပ်နေတဲ့ အာဏာရှင်စစ်အစိုးရရဲ့  အာဏာအလွဲသုံးစားလုပ်မှုများ၊ မတရားဖိနှိပ်မှုတွေ၊ ဖောက်ပြန်မှုတွေကို သတင်းဆောင်းပါး၊ ခေါင်းကြီးများရေး ဖော်ထုတ်ရေးသားခဲ့တယ်။

တကြိမ် အာဏာပိုင်များ တရားမဝင်လုပ်ဆောင်ထားမှုကို ဖုံးကွယ်ပြီး လုပ်ကြံဝါဒဖြန့် ပြည်သူများကိုလှည့်ဖြား၊ ဇာတ်လမ်းဆင် ထုတ်လွှင့်နေတဲ့ စစ်သင်္ဘောနစ်မြုပ်မှုအကြောင်းကို စုံစမ်းထောက်လှမ်းပြီး အဖြစ်မှန်ဖော်ထုတ်ရေးသားမှုကြောင့် အာဏာပိုင်တွေက သူကို ဖမ်းဆီးချုပ်နှောင်ဖို့လုပ်နေတုန်း ကိုလံဘီယာနိုင်ငံမှ တိုင်းတပါးကို တိမ်းရှောင်ထွက်ပြေးခဲ့ရတယ်။

(နောက်ပိုင်း အဲဒီသတင်းဆောင်းပါးကို အခြေခံပြီး “သင်္ဘောပျက် သင်္ဘောသားတဦးရဲ့  ဇာတ်ကြောင်း – The Story of a Shipwrecked Sailor” အမည်နဲ့ စာအုပ်ထုတ်ခဲ့တယ်။ သင်္ဘောပျက်ပေါ်မှာ ရက်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့ သင်္ဘောသားတဦးရဲ့  ဒုက္ခအတွေ့အကြုံ၊ သင်္ဘောနစ်မြုပ်ရခြင်း အဖြစ်မှန်ကို ထိထိမိမိ ပုံဖော်ထားတဲ့ ဖတ်ကောင်းတဲ့ စာအုပ်တအုပ်ဖြစ်တယ်)။

အဲဒီနောက်ပိုင်း ဥရောပနဲ့ လက်တင်နိုင်ငံများမှာ ခိုလှုံနေထိုင်ကာ စစ်အာဏာရှင်အစိုးရဆန့်ကျင်ရေး သတင်းဆောင်းပါးများကို ဆက်လက်ရေးသားခဲ့တယ်။

၁၉၅၈ မှာ အိမ်ထောင်ကျပြီး၊ ၁၉၆၁ မိသားစုနဲ့ မက်စီကိုနိုင်ငံကို ပြောင်းရွှေ့ ခိုလှုံ အခြေချနေထိုင်ခဲ့တယ်။ အဲဒီမှာ ဆင်းဆင်းရဲရဲနဲ့ မိန်းမ၊ ခလေးနှစ်ယောက်နဲ့ ဘဝသစ်ကို ရုန်းကန်တည်ဆောက်နေချိန်မှာ သတင်းဆောင်းပါးအခြေခံ ဝထ္တုတို၊ ဝထ္တုရှည် ဇာတ်လမ်းများကို စတင်ကြိုးစားရေးခဲ့တယ်။

ရောင်စုံပန်းပေါင်းစုံနဲ့ လှချင်တိုင်းလှပ၊ ငြိမ်းချမ်းသာယာအေးမြတဲ့ ဒီနေရာလေးမှာ အပူအပင်သောက၊ အနှောင့်အယှက်ကင်းမဲ့စွာနဲ့ ပြောချင်တာ၊ ဆိုချင်တာတွေကို အခုအချိန်မှာ လွတ်လွတ်လပ်လပ် အားရပါးရ ပြောဆိုနေကြပေမယ့်၊ လွန်ခဲ့တဲ့ (၁) လနီးပါးအချိန်အထိ သူတို့ရဲ့  သက်တမ်း နှစ် (၈၀) ကျော်တလျှောက်လုံး ဗိုလ်ကျစိုးမိုး လူစု၊ အသိုင်းအဝိုင်းတွေနဲ့ ကြုံတွေ့ဆက်ဆံခဲ့ရတယ်။

အထူးသဖြင့် အခြေခံလူ့အခွင့်အရေးမရှိ၊ စာပေပညာတန်းဖိုး နကန်းတလုံးမျှ တန်းဖိုးမထားသော လူရမ်းကားတစုက ဆရာကြီးဦးဝင်းတင်ရဲ့  ရပ်တည်လှုပ်ရှားမှုများကို အပြင်းအထန်၊ အကြောက်အကန် ကန့်သတ်တားမြစ်ခဲ့ကြတယ်။

ဆရာကြီးဂါဘို က တိုင်းပြည်ကိုစွန့်ခွါပြီး တိုင်းတပါးမှာ အကြွေးတွေ ပတ်လည်ဝိုင်း၊ သားနှစ်ယောက်ဖခင်ဖြစ်လာချိန်မှာ သတင်းစာသမားဘဝကို အခြေအနေကြောင့်စွန့်ပြီး၊ ဝထ္တုဇာတ်လမ်းများကို ကြိုးစားရေးခဲ့တယ်။

သူ့ရဲ့  ပထမဦးဆုံးဝထ္တု သစ်ရွက်မုန်တိုင်း (Leaf Storm) ကို (၇) နှစ် (၇)မိုး ထုတ်ဝေပေးမယ့်သူကို ရှာဖွေစောင့်စားပြီး ထုတ်ခဲ့ရကြောင်းပြောတော့ …  တကိုယ်ရည်လူပျိုကြီးဘဝ က သိပ်မထူးခြားနား။ တိုင်းပြည်က တိုးတက်မဖွံ့ဖြိုးတဲ့အပြင် အသိဥာဏ်မဲ့ ပညာရှင်မုန်းတဲ့ အုပ်ချုပ်အာဏာရူးတွေရဲ့  နိုင်ထက်စီးနင်း၊ ဖျက်လိုဖျက်ဆီး နှောင့်ယှက်မှုတွေကြောင့် သူလုပ်ကိုင်ခဲ့တဲ့ သတင်းစာတိုက်တွေ၊ မဂ္ဂဇင်းတွေ တခုပြီးတခု တောက်လျှောက် ပိတ်ပင်ခံရပြီး ဒုက္ခအခက်အခဲမျိုးစုံနဲ့ ဟိုရောက်ဒီရောက်၊ နှစ်ရှည်ထောင်နန်းစံ ရှင်သန်ခဲ့ရကြောင်း၊ သူ့ဘဝမှာ အေးအေးဆေးဆေးနဲ့ သူမြတ်နိုးတဲ့ အနုပညာစာပေများကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ခဲ့ရတာကို စိတ်မကောင်းဖြစ်မိကြောင်း ဝမ်းနည်းစကားဆိုတယ်။

ဂါဘိုကြီးရဲ့  ပထမဦးဆုံး လုံချင်းဝထ္တု သစ်ရွက်မုန်တိုင်း တောင်အမေရိကတိုက်မှာ အရောင်းရဆုံး စာအုပ်တအုပ် ဖြစ်လာခဲ့ပြီး၊ သူကို ဝထ္တုစာရေးဆရာအဖြစ် လက်ခံအသိအမှတ် ပြုလာကြတယ်။ ကမ္ဘာ့သိ ထိပ်တန်းစာရေးဆရာကြီးအဖြစ် အသိအမှတ်ပြု၊ ထင်ရှားကျော်ဇောစေမယ့် ဂန္ဓဝင်ဝထ္တုရှည်ကြီး “အထီးကျန်ဘဝ အနှစ်တရာ (One Hundred Years of Solitude)” ကိုတော့ (၁၈) လကြာ နေ့စဉ်မပြတ် အချိန်ယူ ရေးခဲ့ပြီး၊ ၁၉၆၇ ခုနှစ်မှာ ထုတ်ဝေနိုင်ခဲ့တယ်။ ဒီစာအုပ် ဘယ်လောက်ကောင်းသလဲဆိုရင် ထုတ်ဝေချိန်ကနေ ယနေ့အထိ စာအုပ်ရေ သန်းပေါင်း (၃၀) ကျော် ရောင်းရပြီး၊ မူရင်း စပိန်ဘာသာကနေ နိုင်ငံတကာဘာသာစကား (၄၀) နီးပါး ဘာသာပြန်ဆို ထုတ်ဝေခဲ့တယ်။ ယနေ့အထိ မြန်မာဘာသာပြန် မရှိသေးပါ။ အကယ်၍ နိုင်ငံရေးအမှုတွေနဲ့ အလုပ်ရှုပ်မနေဘူးဆိုရင် “ကွိ (Queed)” လို ပြောင်မြောက်တဲ့ စာအုပ်ကောင်းတအုပ်ကို ထိထိမိမိ၊ ရှင်းရှင်းလင်းလင်း ဘာသာပြန်ပေးခဲ့တဲ့ ဆရာကြီးဦးဝင်းတင်အနေနဲ့ စာပေနောင်တော်ကြီးဂါဘိုရဲ့  စာကောင်းပေကောင်းတွေကို မြန်မာလူမျိုးတွေဖတ်ဖို့ သူကိုယ်တိုင် သို့မဟုတ် သူ့မိတ်ဆွေ၊ သားတပည်များကို ဘာသာပြန်ဖို့ အကြံပြုတိုက်တွန်း လုပ်ဆောင်ဖို့ ဝန်လေးမည်မဟုတ်ပေ။ စာပေအနုပညာ ထက်မြက်တဲ့ သူကိုယ်တိုင်လည်း ကမ္ဘာ့တန်းဝင် စာပေကောင်းများ မလွှဲဧကန် ရေးစွမ်းနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ သူတို့ရေးတဲ့စာတွေကို ဖတ်ကြည့်ရင် သူတို့ရဲ့  စာဖတ်ပရိသတ်နဲ့ နိုင်ငံလူမျိုးအပေါ် ထားရှိတဲ့ စိတ်ရင်းစေတနာ၊ သစ္စာတရားကို ခံစားတွေ့မြင်နိုင်တယ်။

ဆရာမကြီးဂျာနယ်ကျော်မမလေး ပြောသလို “ဦးဝင်းတင်ရဲ့  ကျေးဇူးကား ကြီးမားပေစွ”။ ပြည်သူနဲ့ နိုင်ငံအကျိုးအတွက် ဘဝတခုလုံး ပေးအပ်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ သူတော်ကောင်း (Saint) စိတ်ဓါတ်နဲ့ ပြည့်ဝသူ၊ သားကောင်းဇာနည်တဦးအဖြစ် မြန်မာနိုင်ငံသူနိုင်ငံသားများ ထာဝရ ဂုဏ်ပြုထိုက်သူတဦး ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေအပါအဝင် နိုင်ငံတကာစာဖတ်ပရိသတ် အသဲနှလုံးကို ဆွဲကိုင်လှုပ်နိုင်သော တန်းဖိုးရှိဖတ်ကောင်းတဲ့ စာတွေကို ဖန်တီးထားခဲ့တဲ့ ဆရာကြီး ဂါဆီယာ မားကွက်ဇ် ကို လက်ရှိ ကိုလံဘီယာသမ္မတကြီးကိုယ်တိုင်က “ကျနော်တို့ တိုင်းနိုင်ငံဒေသကို ကမ္ဘာ့နိုင်ငံသူနိုင်ငံသားတွေ သိကျွမ်းချစ်ခင်လာဖို့ ဆရာကြီးရဲ အံ့သြဖွယ်ကောင်းသော ပဉ္စလက်နဲ့ ဖန်တီးပေးခဲ့တဲ့ စာပေတွေအတွက် အမြဲထာဝရ ကျေးဇူးတင်နေပါကြောင်း” ပြောရလောက်အောင် ကျေးဇူးထိုက်တင်၊ ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်ကြီးတဦး ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နှစ် (၈၀) ကျော် ဘဝခရီးကြမ်းမှာ အဖိနှိပ်ခံတွေဖက်ကရပ်တည်၊ ယုံကြည်ချက် ခိုင်ခိုင်မာမာ၊ သံမဏိစိတ်ဓါတ်နဲ့ တရားမဲ့ဖိနှိပ်သူများကို ဒူးမထောက်၊ အရှုံးမပေးခဲ့တဲ့ ဆရာကြီးတို့ အခုအချိန်မှာ ငြိမ်းချမ်းဘုံနန်းမှာ သက်ထက်ဆုံး လွတ်လပ်ငြိမ်းချမ်းစွာ နားဆက်နေနိုင်ကြပြီ။ ပြန်ချိန်တန်လို့ ဆရာကြီးနှစ်ဦးကို ရိုသေဂါရဝပြု နှုတ်ဆက်ထွက်ခွါလာခဲ့ရင် နှလုံးသားထဲ တိုးဝင်လာတဲ့အတွေးတစက လူလောကရွာမှာ ကျန်ရစ်ခဲ့ကြတဲ့ သူတို့ကို ချစ်ခင်လေးစားသူတွေ နဲ့ ပူဇော်ထိုက်သူကို ပူဇော်ဖို့ သိနားလည်းကြသူတွေအနေနဲ့ လူသားများအတွက် ချစ်ခြင်းမေတ္တာများစွာနဲ့ ရှင်သန်နေထိုင်သွားခဲ့ကြတဲ့ ဆရာကြီးတို့ကို အမြဲထာဝရ အမှတ်ရဂုဏ်ပြုနေကြမယ်လို့ မျှော်လင့်ယုံကြည်နေမိပါတယ်။

They are indeed winning with compassion and respect from oppressors and oppressed.

စကားချပ် ။ ။ သူတို့နှစ်ဦးစလုံး သူတို့နိုင်ငံတွေမှာ လူငယ်များ သတင်းစာပညာ၊ စာပေအနုပညာများ အခမဲ့ လေ့လာသင်ကြားနိုင်ဖို့ ဖောင်ဒေးရှင်း၊ သင်တန်းကျောင်းများကို ဖွင့်လှစ်တည်ထောင်ပေးသွားခဲ့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:U Win Tin, ရသဆောင်းပါးစုံ, ဟံသာဝတီ ဦးဝင်းတင်, ဦးဝင်းတင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)