အောင်ဒင် – ဒီမိုကရေစီစနစ် ဘယ်လိုမှားယွင်းနေသလဲ !!!!

May 15, 2014

What's Gone Wrong with Democracy 1(ခေတ်ရနံ့မဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၁၊ မေလ ၂၀၁၄)


ဒီမိုကရေစီစနစ် ဘယ်လိုမှားယွင်းနေသလဲ !!!!

The Economist (March 1, 2014)

(ဘာသာပြန်သူ၊ အောင်ဒင်)၊ မေ ၁၅၊ ၂၀၁၄

 

[The Economist ဆိုတာ ကမ္ဘာမှာ အင်မတန်ဩဇာကြီးမားတဲ့ သတင်းစာကြီးဖြစ်ပါတယ်၊ တစ်ပါတ်တစ်ခါထုတ်ဝေပေမည့် ဂျာနယ်လို့ မခေါ်ပဲ သတင်းစာလို့ ခေါ်ပါတယ်၊ သတင်းစာဆိုတာတောင်မှ သတင်းတွေကို ရေးသားဖော်ပြရုံမကပဲ နိုင်ငံတကာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားဆက်ဆံရေး ကိစ္စတွေအားလုံးမှာ အစိုးရများရဲ့ ဆောင်ရွက်မှုတွေကို ဝေဘန်ထောက်ပြပြီး ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ သူတို့ယူဆတဲ့ မူဝါဒတွေကို အကြံပေးတိုက်တွန်းရေးသားတာမို့ Advocacy Newspaper လို့ ခေါ်ပါတယ်၊ ၂၀၁၄ ခုနှစ်၊မတ်လ (၁) ရက်နေ့ထုတ် သတင်းစာမှာ “ဒီမိုကရေစီစနစ် ဘယ်လိုမှားယွင်းနေသလဲ” (What’s Gone Wrong with Democracy) ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်ရှိ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီရေးရာအခြေအနေတွေကို ဝေဘန်သုံးသပ်ထားတဲ့ စာတမ်း (Essay) တစ်ပုဒ်ဖော်ပြပါတယ်၊ The Economist ရဲ့   ထုံးစံအတိုင်း စာတမ်းရေးသူက သတင်းစာကိုယ်တိုင်ပါ၊ ဒီစာတမ်းဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေ ဖတ်သင့်၊ လေ့လာသင့်တဲ့ စာတမ်းဖြစ်လို့ ဘာသာပြန်ပြီး တင်ပြလိုက်ပါတယ်၊ ဒီစာတမ်းပါအယူအဆ၊ တွေးခေါ်မှုတွေဟာ The Economist ရဲ့ အယူအဆ၊ အတွေးအခေါ်များသာဖြစ်ပြီး ဘာသာပြန်သူနဲ့ မသက်ဆိုင်ပါ၊……အောင်ဒင်]

 

 

အပိုင်း (၁)

 

ဒီမိုကရေစီဆိုတာ ၂၀ ရာစုနှစ်များမှာ အောင်မြင်မှုအရှိဆုံး နိုင်ငံရေးအတွေးအခေါ်ဖြစ်ခဲ့ပါတယ်၊ ဘာကြောင့်များ အခုအချိန်မှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရသလဲ၊ ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်အောင်မြင်နိုင်ဖို့ ဘာတွေဆောင်ရွက်ရမလဲ?

 

ယူကရိန်းနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တဲ့ ဆန္ဒပြသူများမှာ သူတို့တိုင်းပြည်အတွက် မျှော်လင့်ချက်တွေအများကြီး ရှိပါတယ်၊ သူတို့ကိုင်ဆွဲထားတဲ့ ကြေညာစာတမ်းတွေမှာ ဥရောပသမဂ္ဂ (European Union) နဲ့ရင်းနှီးနီးကပ်စွာ ဆက်ဆံရေး၊ ယူကရိန်းနိုင်ငံအရေးမှာ  ရုရှားနိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ရပ်တန့်ရေးနဲ့ ယူကရိန်းသမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျ (Viktor Yanukovych) ရဲ့ အကျင့်ပျက်ချစားမှုတွေကို သန့်ရှင်းတဲ့ အစိုးရအသစ်နဲ့ အစားထိုးရေး၊ စတဲ့ တောင်းဆိုချက်တွေ ရေးသားထားပါတယ်၊ ဒါပေမည့် သူတို့ရဲ့ အခြေခံအကျဆုံး တောင်းဆိုချက်ကတော့ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အကျင့်ပျက်တဲ့၊ အာဏာအလွဲသုံးစား ရမ်းကားတဲ့ အာဏာရှင်အစိုးရတွေကို ဆန့်ကျင်တော်လှန်ရဲအောင် ပြည်သူလူထုကို လှုံ့ဆော်ပေးတဲ့ အရာပါ၊ သူတို့အားလုံးဟာ စည်းမျဉ်းတွေကို အခြေပြုတဲ့ ဒီမိုကရေစီစနစ် (A Rules-Based Democracy) ကို တောင်းဆိုနေကြတာပါ၊

 

သူတို့ရဲ့ ဆန္ဒကို လွယ်လွယ်ကူကူနားလည်နိုင်ပါတယ်၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေဟာ ပျမ်းမျှခြင်းအားဖြင့် ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံများထက် ပိုပြီး ချမ်းသာကြတယ်၊ စစ်ပွဲတွေမှာ အလွယ်တကူ ပါဝင်ခြင်းမရှိဘူး၊ ပြီးတော့ လာဘ်ပေးလာဘ်ယူမှုတွေကို တိုက်ဖျက်ရာမှာ ပိုပြီးထိရောက်တဲ့ မှတ်တမ်းတွေရှိတယ်၊ ပိုပြီး အခြေခံကျကျပြောရရင် ဒီမိုကရေစီက လူတွေကို သူတို့စိတ်ထဲမှာ ရှိတာကို လွတ်လွတ်လပ်လပ်ပြောခွင့်ပြုတယ်၊ သူတို့ကိုယ်တိုင်နဲ့ သူတို့ရင်သွေးတွေရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင် ဖန်တီးတည်ဆောက်ခွင့်ပြုတယ်၊ ကမ္ဘာကြီးရဲ့ မတူညီတဲ့ နေရာဒေသပေါင်းစုံက မတူညီတဲ့ လူမျိုးတွေ အများကြီးဟာ ဒီမိုကရေစီစနစ်အတွက် သူတို့ရဲ့ ဘဝတွေ၊ အသက်တွေကို ရင်းနှီးဖို့၊ စတေးဖို့ အဆင်သင့်ရှိနေကြတာဟာ ဒီမိုကရေစီစနစ်က ပြည်သူတွေကို ဘယ်လောက်တောင် အင်အားကြီးကြီးနဲ့ ဆွဲဆောင်ထားနိုင်တယ်ဆိုတာကို အထင်ရှားဆုံး သက်သေပြတာပါပဲ၊

 

ဒါပေမည့်လည်း ဒီနေ့ကာလတွေမှာ ယူကရိန်းနိုင်ငံ (Ukraine) ရဲ့ မြို့တော် ကီးယက် (Kiev) မှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီရေးဆန္ဒပြပွဲတွေက လှုံ့ဆော်ပေးလိုက်လို့ ခံစားရတဲ့ အောင်မြင်မှု၊ ကျေနပ်မှုတွေဟာ မြို့တော်ကြီးတွေ တစ်ခုပြီးတစ်ခုမှာ ထပ်ခါထပ်ခါဖြစ်ပေါ်နေတဲ့ ဆင်တူယိုးမှား ပြဿနာများကြောင့် ခံစားရတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ ရောယှက်နေပါတယ်၊ ပြည်သူလူထုကြီးက မြို့တော်ရဲ့ အလယ်ခေါင်က ပန်းခြံကြီးတစ်ခုမှာ လာရောက်စုဝေးကြ၊ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်တွေက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို တိုက်ခိုက်ကြ၊ ဖမ်းဆီးကြ၊ နောက်တော့လည်း လူထုရဲ့ အညံ့မခံစိတ်ဓာတ်နဲ့ ညီညွတ်ခိုင်မာမှု၊ ကမ္ဘာ့သတင်းစာများရဲ့ မျက်နှာဖုံးက သတင်းဖော်ပြမှုတွေကို ရင်မဆိုင်ရဲတော့ အာဏာရှင်တွေ လက်လျှော့ကြ၊ အာဏာရှင်အစိုးရတစ်ရပ်ပြိုလဲသွားတာကို ကမ္ဘာ့နိုင်ငံများက လက်ခုတ်တီးအားပေးပြီး ဒီမိုကရေစီနိုင်ငံသစ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် အကူအညီတွေပေးကြ၊ ဒါပေမည့်လည်း အာဏာရှင်စနစ်ကို ဖြိုလှဲရတာက စစ်မှန်ပြည့်ဝပြီး ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်ဖွဲ့စည်းရေးထက် အဆပေါင်းများစွာ ပိုပြီးလွယ်ကူနေတာကို မျှော်လင့်မထားပဲ လက်တွေ့သိကြရ၊ ဒီလိုနဲ့ အစိုးရသစ်တွေ ဖရိုဖရဲဖြစ်၊ စီးပွါးရေးအခြေအနေ ယိုယွင်း၊ အဲဒီနောက် တိုင်းပြည်ရဲ့အခြေအနေဟာ အရင်ဖြုတ်ချခဲ့တဲ့ အာဏာရှင်အစိုးရလက်ထက်က အခြေအနေနဲ့ ပိုပြီးမထူးခြားတာကို တွေ့ကြရ၊ အဲဒီလို အဖြစ်အပျက်တွေဟာ အာရပ်နွေဦး (Arab Spring) မွေးဖွားခဲ့တဲ့ နိုင်ငံအများစုနဲ့ အခု ယူကရိန်းနိုင်ငံမှာ လိမ်မော်ရောင်တော်လှန်ရေး (Orange Revolution) ဆိုပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက်နေတာပါ၊ ၂၀၀၄ ခုနှစ်မှာ အာဏာရှင် မစ္စတာ ယာနူကိုဗစ်ခ်ျကို လိမ်မော်ရောင်တော်လှန်ရေးလို့ ခေါ်ကြတဲ့ လမ်းပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒပြသူများက ရာထူးက ဖယ်ရှားနိုင်ခဲ့ကြတာပါ၊ ဒါပေမည့် ယာနူကိုဗစ်ခ်ျကို ဖြုတ်ချပြီး အာဏာရလာတဲ့ ဒီမိုကရေစီခေါင်းဆောင်ဟာ အရည်အချင်းမပြည့်ဝတဲ့ စိတ်ပျက်စရာနိုင်ငံရေးသမားတစ်ယောက်ဖြစ်တာမို့ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကတဆင့် ရုရှားနိုင်ငံက ထောက်ပံ့တွေ ငွေကြေးများရဲ့ အကူအညီနဲ့ ယာနူကိုဗစ်ခ်ျ သမ္မတအဖြစ် ပြန်လည်အရွေးချယ်ခံရတာကို မတားဆီးနိုင်ခဲ့ပါ၊

 

ဒီမိုကရေစီဟာ ကြမ်းတမ်းခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းနေရပါတယ်၊ အာဏာရှင်တွေ ရာထူးက စွန့်ခွါသွားရတဲ့အချိန်မှာ ဒီမိုကရက်တွေက များသောအားဖြင့် ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီအစိုးရကို အောင်မြင်စွာ မဖန်တီးနိုင်ခဲ့ကြပါ၊ ရင့်ကျက်ပြီး၊ အခြေကျပြီးသား ဒီမိုကရေစီနိုင်ငံတွေမှာတောင်မှ ဒီမိုကရေစီစနစ်ကိုကျင့်သုံးရင်း ကြုံတွေ့နေရတဲ့ ချို့ရွင်းချက်တွေဟာ စိတ်ပူစရာကောင်းလောက်အောင် မြင်သာထင်သာရှိလာပါတယ်၊ ဒီမိုကရေစီနိုင်ငံရေးအပေါ် အယုံအကြည်မရှိကြတော့သူတွေ ကျယ်ကျယ်ပြန့်ပြန့်များပြားလာပါပြီ၊ ကျနော်တို့အားလုံး ကျန်ခဲ့တဲ့ နှစ်အနည်းငယ်အထိ ဒီမိုကရေစီစနစ်ဟာ ကမ္ဘာကြီးကို ခိုင်ခိုင်မာမာလွှမ်းမိုးလိမ့်မယ်လို့ ထင်မြင်ခဲ့ကြတာပါ၊

 

၂၀ ရာစုနှစ်ရဲ့ ဒုတိယ ရာစုဝက်ကာလတွေမှာ ဒီမိုကရေစီဟာ အင်မတန်ရှင်သန်ဖို့ ခက်ခဲတဲ့ နိုင်ငံတွေမှာ ကောင်းမွန်စွာ အမြစ်တွယ်နိုင်ခဲ့ပါတယ်၊ ဥပမာအားဖြင့် နာဇီဝါဒကြောင့် တစ်မျိုးသားလုံး နွမ်းကြေစိတ်ပျက်ခဲ့ကြရတဲ့ ဂျာမဏီနိုင်ငံမှာ၊ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးပြည်သူတွေ အများဆုံးနေထိုင်ကြတဲ့ အိန္ဒိယနိုင်ငံမှာ၊ ပြီးတော့ ၁၉၉၀ ခုနှစ်မှာ အသားအရောင်ခွဲခြားမှုတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတဲ့ တောင်အာဖရိကနိုင်ငံမှာ၊ ကိုလိုနီစနစ်ပျက်သုဉ်းခြင်းက အာရှနဲ့ အာဖရိကတိုက်က နိုင်ငံအများအပြားကို ဒီမိုကရေစီနိုင်ငံ ဖြစ်စေခဲ့တယ်၊ အာဏာရှင်အစိုးရတွေက ဒီမိုကရေစီအစိုးရလက်ကို အာဏာလွှဲပြောင်းပေးခဲ့ရလို့ ၁၉၇၄ ခုနှစ်မှာ ဂရိနိုင်ငံ၊ ၁၉၇၅ ခုနှစ်မှာ စပိန်နိုင်ငံ၊ ၁၉၈၃ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံ၊ ၁၉၈၅ ခုနှစ်မှာ ဘရာဇီးလ်နိုင်ငံ၊ ၁၉၈၉ ခုနှစ်မှာ ချီလီနိုင်ငံတွေ ဒီမိုကရေစီဖြစ်ခဲ့ပါတယ်၊ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲမှုက ဗဟိုဥရောပတိုက်မှာ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးတဲ့ နိုင်ငံအချို့မွေးဖွားစေခဲ့တယ်၊ အမေရိကန် မူဝါဒအကြံပေးအဖွဲ့ (Think-Tank) တစ်ခုဖြစ်တဲ့ လွတ်လပ်ရေးအိမ် (Freedom House) အဖွဲ့က ၂၀၀၀ ခုနှစ်မှာ ထုတ်ပြန်တဲ့ စစ်တမ်းမှာ ကမ္ဘာ့နိုင်ငံများရဲ့ ၆၃ ရာခိုင်နှုံး၊ နိုင်ငံပေါင်း (၁၂၀) ဟာ ဒီမိုကရေစီနိုင်ငံများ ဖြစ်တယ်လို့ ဆိုပါတယ်၊

 

အဲဒီ ၂၀၀၀ ခုနှစ်မှာပဲ နိုင်ငံပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေဟာ ပိုလန်နိုင်ငံ ဝါဆောမြို့မှာကျင်းပတဲ့ ကမ္ဘာ့ဒီမိုကရေစီဖိုရမ် (World Forum on Democracy) မှာ စုဝေးကြပြီး “ပြည်သူတို့ရဲ့ ဆန္ဒဟာ အစိုးရအာဏာရဲ့ အခြေခံဖြစ်တယ်” (The will of the people is the basis of the authority of government.) လို့ အတူတကွ ကြွေးကြော်ခဲ့ပါတယ်၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ “အာဏာရှင်များနဲ့ အာဏာရှင်ဆန်သော အုပ်ချုပ်ရေးများ၏ မအောင်မြင်သော အတွေ့အကြုံများကို ကြည့်ခြင်းဖြင့် နောက်ဆုံးမှာ ဒီမိုကရေစီဟာ အောင်ပွဲရပြီလို့ ထင်ရတယ်” (Having seen off failed experiments with authoritarian and totalitarian forms of government, it seems that now, at long last, democracy is triumphant.) ဆိုပြီး မှတ်တမ်းတင်ခဲ့ပါတယ်၊

 

ဒီလောက် အောင်မြင်မှုတွေတွေ့နေရတော့ ယုံကြည်မှုတွေလွန်ကဲကြမယ်ဆိုတာ နားလည်လို့ ရပါတယ်၊ ဒါပေမည့် နောက်ကို နည်းနည်းဆုတ်ပြီး ကြည့်မယ်ဆိုရင် ဒီမိုကရေစီရဲ့ အောင်ပွဲဆိုတာ သိပ်ပြီး သေချာလှတဲ့ ကိစ္စမဟုတ်ပါဘူး၊ ဒီမိုကရေစီဆိုတာကို ပထမဆုံး အစပြုခဲ့တဲ့ အေသင်ကျဆုံးခဲ့ပြီးတဲ့နောက် (Fall of Athens) စံပြနိုင်ငံရေးစနစ်ဆိုတာ အနောက်နိုင်ငံများမှာ သိပံ္ပပညာ၊ အတွေးအခေါ်တွေ ပြန်လည်ရှင်သန်ထွန်းကားလာတဲ့ကာလအထိ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာ အသက်ဝင်မှုမရှိခဲ့တာပါ၊ ၁၈ ရာစုမှာ အမေရိကန်တော်လှန်ရေးတစ်ခုတည်းကသာ အောင်မြင်ခိုင်ခန့်တဲ့ ဒီမိုကရေစီကို ဖန်တီးပေးနိုင်ပါတယ်၊ ၁၉ ရာစုတစ်လျှောက်လုံးမှာ သက်ဦးဆံပိုင်ပဒေသရာဇ်တွေဟာ သူတို့ရဲ့ အာဏာအဓွန့်ရှည်ရေးအတွက် ဒီမိုကရေစီဘက်တော်သားတွေကို တိုက်ခိုက်ခဲ့ကြတာပါ၊ ၂၀ ရာစုရဲ့ ပထမရာစုဝက်တွင်းမှာ ဂျာမဏီ၊ စပိန်နဲ့ အီတလီနိုင်ငံတွေမှာ အစပျိုးစဖြစ်နေတဲ့ ဒီမိုကရေစီ ပြိုလဲခဲ့ပါတယ်၊ ၁၉၄၁ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ဒီမိုကရေစီနိုင်ငံ (၁၁) နိုင်ငံပဲ ကျန်ပါတော့တယ်၊ အမေရိကန်သမ္မတကြီး ဖရန်ကလင် ရုစဗဲ့ (Franklin Roosevelt) က အဲဒီတုံးက ပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်၊ “ကြီးမြတ်တဲ့ ဒီမိုကရေစီအလင်းရောင်ကို လူရမ်းကားတွေရဲ့ အမှောင်ချမှုကနေ ကာကွယ်ဖို့ မဖြစ်နိုင်တော့ဘူး” (It might not be possible to shield the great flame of democracy from the blackout of barbarism.) တဲ့၊

 

၂၀ ရာစုနှစ်ရဲ့ နောက်ဆုံးပိုင်းကာလတွေမှာ မြင်တွေ့ခဲ့ရတဲ့ တိုးတက်မှုတွေဟာ ၂၁ ရာစုနှစ်ထဲမှာ ရပ်တန့်နေပါတယ်၊ ဒီကနေ့  လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲတွေကျင်းပတဲ့ နိုင်ငံတွေမှာ နေထိုင်နေကြတဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုံးလောက်ရှိတာမို့ အရင့်အရင်ကထက် ပိုပြီးများပြားတာတောင်မှ ဒီမိုကရေစီရဲ့ ရှေ့ဆက်ထွန်းကားမှုဟာ ရပ်တန့်နေပြီး နောက်ကြောင်းပြန်ရွေ့လျားနေတယ်လို့တောင် ထင်ရပါတယ်၊ လွတ်လပ်ရေးအိမ် (Freedom House) က ၂၀၁၃ ခုနှစ်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ လွတ်လပ်ခွင့်တွေ ဆက်တိုက် လျော့နည်းလာတဲ့ (၈) နှစ်မြောက် နှစ်ဖြစ်တယ်လို့ သုံးသပ်ပါတယ်၊ တကမ္ဘာလုံးအတိုင်းအတာနဲ့ လွတ်လပ်ခွင့်တွေမြင့်မားခဲ့တာဟာ ၂၁ ရာစုနှစ်ရဲ့ အစပိုင်းမှာပဲ အမြင့်ဆုံးကို ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်၊ ၁၉၈၀ ခုနှစ်နဲ့ ၂၀၀၀ ခုနှစ်များအတွင်းမှာ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေအတွက် ဆုံးရှုံးမှုအနည်းငယ်သာ တွေ့ကြုံခဲ့ရပေမည့် ၂၀၀၀ ခုနှစ်ကစပြီး ဒီမိုကရေစီခရီးဟာ ကြမ်းတမ်းခဲ့ပြန်ပါတယ်၊ ဒီမိုကရေစီစနစ်ရဲ့ ပြဿနာများဟာလည်း ကိန်းဂဏန်းများက ဖော်ပြနိုင်တာထက် ပိုပြီးနက်ရှိုင်းလှပါတယ်၊ သေးငယ်တဲ့ အစပြုခါစ ဒီမိုကရေစီနိုင်ငံအများစုဟာ အာဏာရှင်စနစ်ဆီကို ပြန်လည်တိမ်းချော်သွားခဲ့ကြတယ်၊ အဲဒီနိုင်ငံတွေမှာ အပြင်ပန်းမှာတော့ ရွေးကောက်ပွဲတွေမှန်မှန်ကျင်းပပေးနေလို့ ဒီမိုကရေစီနိုင်ငံလို့ ထင်ရပေမည့် ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်အလုပ်ဖြစ်နိုင်အောင် ဖော်ဆောင်ရာမှာ ရွေးကောက်ပွဲနဲ့ တန်းတူညီမျှအရေးကြီးလှတဲ့ လူသားတိုင်းအတွက် အာမခံချက်ရှိတဲ့ အခွင့်အရေးတွေ (Rights) ၊ ခိုင်မာတဲ့ နိုင်ငံတော်အဖွဲ့အစည်း (Institutions) တွေ မရှိကြပါ၊

 

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် (သို့မဟုတ်) ယူကရိန်းနိုင်ငံ ကီးယက်ဗ်မြို့တော် တွေမှာ ပြည်သူလူထုမထောက်ခံတဲ့ အာဏာရှင်အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တဲ့ အောင်မြင်မှုတွေက အခိုက်အတန့်မှာ ဒီမိုကရေစီအပေါ် ယုံကြည်မှုတွေကို ပိုပြီးအားကောင်းစေခဲ့ပေမည့် အဲဒီတက်ကြွမှုတွေက ခဏတာအတွက်ပဲ ဖြစ်ခဲ့ပါတယ်၊ အနောက်ကမ္ဘာရဲ့ အပြင်ဘက်မှာ ဒီမိုကရေစီနိုင်ငံတွေဟာ အမြဲတမ်းပဲ ပြိုလဲမှုဆီကို ဦးတည်နေပါတယ်၊ အနောက်ကမ္ဘာက နိုင်ငံတွေရဲ့ ဒီမိုကရေစီကို ကြည့်လိုက်တော့လည်း နိုင်ငံတွင်းမှာဆိုရင် အင်မတန်များပြားလှတဲ့ ကြွေးမြီများ၊ အစိုးရယန္တရား ထိထိရောက်ရောက် မလည်ပါတ်နိုင်ခြင်းများနဲ့ မကြာခဏဆိုသလို ဆက်စပ်ပါတ်သက်နေရပြီး နိုင်ငံပြင်ပမှာဆိုရင်လည်း (ကိုယ့်နိုင်ငံမှာတောင် မခိုင်မာတော့တဲ့ ဒီမိုကရေစီကို) မရောက်နိုင်တဲ့နေရာတွေဆီ အတင်းအဓမ္မ ဖြန့်ကျက်နေသလို အခြေအနေမျိုးပါ၊ ဒီမိုကရေစီကို ဝေဘန်သူတွေ အမြဲတမ်းရှိခဲ့ပါတယ်၊ ဒါပေမည့် အခုလိုအချိန်မျိုးမှာ အရင်တုံးက ရှိခဲ့တဲ့ ဒီမိုကရေစီပေါ် သံသယဟောင်းတွေဟာ အခု အသစ်မြင်တွေ့လာတဲ့ အနောက်နိုင်ငံများမှာ အခိုင်အမာတည်ရှိနေတယ်ဆိုတဲ့ ဒီမိုကရေစီစနစ်ရဲ့ အားနည်းချက်တွေ၊ မခိုင်မမြဲ ချိနဲ့လှတဲ့ အနောက်နိုင်ငံများရဲ့ အခြားနိုင်ငံများအပေါ် ဒီမိုကရေစီရေးရာ ဩဇာသက်ရောက်မှုတွေနဲ့ ပေါင်းစပ်ပြီး ပိုမိုခိုင်မာလာသလို ရှိပါတယ်၊ ဘာကြောင့်များ ဒီမိုကရေစီစနစ်ဟာ သူ့ရဲ့ ရှေ့ ကိုပြေးနေတဲ့ အရှိန်အဟုန်တွေ ပျောက်ဆုံးခဲ့ရတာလဲ?။

 

အပိုင်း (၂) သမိုင်း ဘီးတစ်ပါတ် ပြန်လှည့်ခြင်း (The Return of History)

 

ဘာကြောင့်များ ဒီမိုကရေစီစနစ်ဟာ သူ့ရဲ့ ရှေ့ ကိုပြေးနေတဲ့ အရှိန်အဟုန်တွေ ပျောက်ဆုံးခဲ့ရတာလဲ?

အဓိက အကြောင်းပြချက် (၂) ခုကတော့ ၂၀၀၇-၂၀၀၈ ခုနှစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ “ဘဏ္ဏာရေးအကြပ်အတည်း” (The Financial Crisis) နဲ့ တရုတ်နိုင်ငံရဲ့ မြင့်တက်လာမှု (The Rise of China) တို့ ဖြစ်ကြပါတယ်၊ ဘဏ္ဏာရေးအကြပ်အတည်းက တိုင်းပြည်ရဲ့ ဘဏ္ဏာရေးအခြေအနေကိုသာ ပျက်စီးစေရုံမကပဲ၊ ပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါ ဖြစ်စေခဲ့ပါတယ်၊ ဒီအကြပ်အတည်းက အနောက်နိုင်ငံများကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ရဲ့ အခြေခံကျတဲ့ အားနည်းချက်ကို ဖော်ထုတ်ပြလိုက်တယ်၊ ဒါ့ကြောင့်မို့ တစ်ချိန်တုံးက သူတို့ဟာ အကောင်းဆုံးလို့ အနောက်ကမ္ဘာသားတွေမှာရှိခဲ့တဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု၊ ကိုယ့်နိုင်ငံအပေါ်ယုံကြည်မှုကို ပျက်စီးစေခဲ့တယ်၊ အစိုးရတွေဟာ ပြည်သူလူထုအတွက် ထောက်ပံ့မည့်၊ အကူအညီပေးမည့် ကတိကဝတ် (Entitlements) တွေကို ဆယ်စုနှစ်ပေါင်းများစွာ ပုံမှန်တိုးချဲ့ခဲ့တယ်၊ အဲဒါကြောင့် အစိုးရရဲ့ ကြွေးမြီတွေကို အင်မတန်ကြောက်စရာကောင်းတဲ့အဆင့်တွေကို ရောက်ရှိစေခဲ့တယ်၊ (ပြန်လည်ပေးဆပ်နိုင်စွမ်းမရှိတော့တဲ့ အဆင့်၊ တိုင်းသူပြည်သားတွေကို အလွန်အကျွံချိုးခြံခိုင်းပြီး အခွန်ငွေအဆမတန် တိုးကောက်ရတဲ့ အခြေအနေတွေ၊ မာန်မာနတွေကို ပုံချ၊ အစိုးရအဖွဲ့တွေနှုတ်ထွက်ပြီး ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ စတဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများက ဝင်ရောက်ကယ်တင်ဖို့ တောင်းဆိုရတဲ့အခြေအနေ၊) နိုင်ငံရေးသမားတွေက သူတို့ဟာ ရုတ်တရက်အောင်မြင်လာပြီး ရုတ်တရက်ပဲ ပျက်သုံးသွားတဲ့ ဖြစ်စဉ်တွေ (Boom-Bust Cycles) ကို အဆုံးသတ်နိုင်ခဲ့ပြီ၊ အန္တရာယ်တွေကို ရှောင်ရှားနိုင်ခဲ့ပြီလို့ ထင်ခဲ့ကြတယ်၊ ဒါပေမည့် အစိုးရတွေက နိုင်ငံတွင်းက စီမံခန့်ခွဲမှုညံ့ဖျင်းမှု၊ အလွဲသုံးစားလုပ်မှုတို့ကြောင့် ပြိုလဲသွားတဲ့ ပုဂ္ဂလိက ဘဏ်ကြီးများ၊ ဘဏ်လုပ်ငန်းရှင်ကြီးများကို ပြည်သူလူထု အခွန်ပေးဆောင်ထားတဲ့ ငွေများနဲ့ ကယ်တင်ရတဲ့အခါ၊ ပြီးတော့ အဲဒီ ပုဂ္ဂလိကဘဏ်ကြီးများက သူတို့ဘဏ်များရဲ့ အကြီးအကဲများ၊ အရာရှိကြီးများကို အင်မတန်များပြားတဲ့ ဆုကြေးငွေများပေးကြတာကို တားဆီးနိုင်စွမ်းကင်းမဲ့တဲ့အခါ ပြည်သူအများစုဟာ သူတို့နိုင်ငံ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်အပေါ်မှာ သံသယနဲ့ စိတ်ပျက်မှု အကြီးအကျယ်ရှိလာကြပါတယ်၊ ဒီဘဏ္ဏာရေးအကြပ်အတည်းကြီးက ဝါရှင်တန်သဘောတူညီချက် (Washington Consensus) ဆိုတဲ့ ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ အဓိက နိုင်ငံတကာငွေကြေးအဖွဲ့အစည်းကြီးနှစ်ခုရဲ့ ဘုံသဘောတူညီချက်နဲ့ စီးပွါးပျက်နိုင်ငံများကို စည်းမျဉ်းစည်းကမ်းများချမှတ်၍ ထောက်ပံ့ကူညီခြင်းကို ရည်ညွှန်းတဲ့ အသုံးအနှုံးဟာ ဖွံ့ဖြိုးဆဲနိုင်ငံများက အနောက်ဒီမိုကရေစီနိုင်ငံကြီးများအပေါ် မကျေနပ်မှုကိုဖော်ပြတဲ့ အသုံးအနှုံးအဖြစ် ပြောင်းလဲသွားပါတော့တယ်၊

 

အဲဒီအချိန်အတွင်းမှာပဲ တရုတ်ကွန်မြူနစ်ပါတီက ဒီမိုကရေစီနိုင်ငံများရဲ့ စီးပွါးရေးတိုးတက်ကောင်းမွန်မှုဆိုတဲ့ နှစ်ပေါင်းများစွာ စိုးမိုးထားတဲ့ အစဉ်အလာကို ရိုက်ချိုးလိုက်ပါတော့တယ်၊ ဟားဗာဒ်တက္ကသိုလ်က လယ်ရီဆမ်းမား (Larry Summers of Harvard University) က ဒီလိုသုံးသပ်ပါတယ်၊ အမေရိကန်ပြည်ထောင်စုဟာ စီးပွါးရေးတိုးတက်ကောင်းမွန်နေတဲ့အချိန်မှာတောင် နှစ်ပေါင်း (၃၀) တစ်ကြိမ် ကြာမှ နိုင်ငံသားများရဲ့ လူနေမှုအဆင့်အတန်းကို တစ်ကြိမ် နှစ်ဆမြင့်မားစေနိုင်ခဲ့တယ်၊ ဒါပေမည့် တရုတ်အစိုးရက သူ့ပြည်သူများရဲ့ လူနေမှုအဆင့်အတန်းကို ဆယ်နှစ်တစ်ကြိမ် နှစ်ဆမြင့်မားစေခဲ့တာ နှစ်ပေါင်း (၃၀) ကျော်ခဲ့ပြီတဲ့၊ တရုတ်တွေက သူတို့ရဲ့ စံပြစနစ် – “ကွန်မြူနစ်ပါတီရဲ့ တင်းကြပ်တဲ့ ထိန်းချုပ်မှု နဲ့ ပါတီခေါင်းဆောင်ပိုင်းမှာ အရည်အချင်းပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေအမြဲရှိနေအောင် ရှာဖွေစည်းရုံးတာဝန်ပေးမှု တွဲဖက်ထားတဲ့စနစ်”-က ဒီမိုကရေစီစနစ်ထက် ပိုပြီးထိရောက်မှုရှိပြီး နိုင်ငံရေးအရ ရှေ့မတိုး၊ နောက်မဆုတ်ဖြစ်မှုတွေကို အလွယ်တကူရှောင်လွှဲနိုင်တယ်လို့ ငြင်းချက်ထုတ်ကြပါတယ်၊ တရုတ်ပြည်ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုကို ဆယ်နှစ်တစ်ကြိမ် အပြောင်းအလဲလုပ်တယ်၊ ပါတီတွင်းက အရည်အချင်းပြည့်ဝတဲ့ ပါတီကေဒါတွေ၊ ခေါင်းဆောင်ငယ်တွေကို သူတို့ရဲ့ အရည်အချင်းနဲ့ ဆောင်ရွက်နိုင်စွမ်းကိုကြည့်ပြီး ပါတီရဲ့ ထိပ်တန်းရာထူးတွေမှာ တိုးမြှင့်တာဝန်ပေးတာမို့ အရည်အချင်းရှိသူတွေ ပါတီထဲကို အဆက်မပြတ်ဝင်လာနေကြပါတယ်တဲ့၊

 

အတိုက်အခံများကို ဖမ်းဆီးအကျဉ်းချတာကစလို့ အင်တာနက်ဆွေးနွေးခန်းတွေကို ဆင်ဆာဖြတ်တဲ့ အထိ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး တရုတ်အစိုးရက ပြည်သူလူထုရဲ့ ဆန္ဒဖော်ထုတ်မှုနဲ့ အတွေးအမြင်တွေကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတာကို တရုတ်အစိုးရကို ဝေဘန်သူများက ထောက်ပြဝေဘန်ကြတာ မှန်ကန်ပါတယ်၊ တရုတ်အာဏာပိုင်များရဲ့ အလွန်အကျွံထိန်းချုပ်ခြင်းများကိုယ်တိုင်က သူတို့ဟာ ပြည်သူလူထုရဲ့ ဝေဘန်ချက်တွေကို အလေးအနက်ထားကြောင်း သူတို့ကိုယ်တိုင်ဝန်ခံနေရသလို ဖြစ်နေပါတယ်၊ တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီနိုင်ငံတွေမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားဖြေရှင်းရမည့် နိုင်ငံတည်ဆောက်ရေး ပြဿနာကြီးများကို (ထိန်းချုပ်မှုတွေကို ကျင့်သုံးတဲ့) တရုတ်ခေါင်းဆောင်များက အလွယ်တကူဖြေရှင်းပြနိုင်ခဲ့ပါတယ်၊

 

ဥပမာအားဖြင့် နှစ်နှစ်လောက်အချိန်ကာလအတွင်းမှာ တရုတ်အာဏာပိုင်တွေက တရုတ်ပြည်တွင်းက အငြိမ်းစားဝန်ထမ်းများရဲ့ ပင်စင်လစာငွေကို ကျေးလက်ဒေသက ပြည်သူသန်းပေါင်း ၂၄၀ ကျော်အထိ ခံစားခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊ ဒီအရေအတွက်ဟာ အမေရိကန်ပြည်ထောင်စုမှာ ပင်စင်ထောက်ပံ့ငွေခံစားနေရတဲ့ ပြည်သူများရဲ့အရေအတွက်ထက် အဆပေါင်းများစွာ ပိုများပါတယ်၊

တရုတ်ပြည်သူအများအပြားဟာ သူတို့နိုင်ငံရဲ့ လက်ရှိနိုင်ငံရေးစနစ်က စီးပွါးရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ကျဉ်းပေးမယ်ဆိုရင် သူတို့ရဲ့ နိုင်ငံရေးမကျေနပ်မှုတွေကို အသာဘေးချထားဖို့ အဆင်သင့်ဖြစ်နေကြပါပြီ၊ ၂၀၁၃ ခုနှစ် ” ပြူး” ကမ္ဘာလုံးဆိုင်ရာ စိတ်နေသဘောထားများလေ့လာသုံးသပ်ချက် (The 2013 Pew Survey of Global Attitudes) မှာ (၈၅) ရာခိုင်နှုံးသော တရုတ်ပြည်သူတွေဟာ သူတို့နိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် “အလွန်ကျေနပ်မှုရှိကြတယ်” (Very Satisfied) လို့ဆိုပါတယ်၊ အမေရိကန်ပြည်ထောင်စုမှာ သူတို့နိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် “အလွန်ကျေနပ်သူ” (၃၁) ရာခိုင်နှုံးပဲရှိပါတယ်၊ တရုတ်ပညာရှင်အချို့ဟာ ဒီအခြေအနေပေါ်မှာ အကောင်းမြင်ပြီး အလွန်ဂုဏ်ယူကျေနပ်နေကြပါတယ်၊ ဖူဒန်တက္ကသိုလ် (Fudan University) က ဇန်းဝေဝေ (Zhang Weiwei) က အခုလိုပြောပါတယ်၊ “ဒီမိုကရေစီဟာ အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို ဖျက်ဆီးနေတယ်၊ ဘာကြောင့်လည်းဆိုတော့ ဒီမိုကရေစီက နိုင်ငံရေးရှေ့မတိုး နောက်မဆုတ်ဖြစ်မှုတွေကို ခိုင်မာအားကောင်းစေတယ်၊ ဆုံးဖြတ်ချက်ချရာမှာ နှောင့်နှေး ရှုပ်ထွေးစေတယ်၊ ပြီးတော့ ဂျော့ခ်ျဘွတ်ရှ် အငယ် (George Bush Junior) လို ဒုတိယတန်းစား သမ္မတတွေကို စင်ပေါ်ပစ်တင်ပေးတယ်” တဲ့၊ ဘေဂျင်းတက္ကသိုလ် (Beijing University) က ယူကက်ပင်း (Yu Keping) ကလည်း “ဒီမိုကရေစီက ရှင်းလင်းလွယ်ကူတဲ့ကိစ္စတွေကို အလွန်အကျွံရှုပ်ထွေးအောင်နဲ့ တန်ဘိုးမဲ့အောင် ဖန်တီးပစ်လိုက်တယ်၊ ပြီးတော့ စကားလုံးလှလှလေးတွေကို ရွှန်းရွှန်းဝေအောင်ပြောတတ်ဆိုတတ်တဲ့ နိုင်ငံရေးသမားတွေကို ပြည်သူလူထုကို လှည့်ဖျားခွင့်ပြုလိုက်တယ်” တဲ့၊  ဘေဂျင်းတက္ကသိုလ်ကပဲ ဖြစ်တဲ့ ဝမ်းဂျီရှီ (Wang Jisi) ကလည်း “အနောက်နိုင်ငံများရဲ့  နိုင်ငံရေးစနစ်နဲ့ တန်ဘိုးတွေကို လက်ခံကျင့်သုံးကြတဲ့ များပြားလှစွာသော ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွါးရေးအကြပ်အတည်းတွေကိုပဲ တွေ့ကြုံနေရတယ်၊ အဲဒီနိုင်ငံတွေကို တရုတ်ပြည်က အခြားသောရွေးချယ်စရာ စံပြစနစ်တစ်ခုကို လမ်းပြပေးနိုင်တယ်” လို့ ပြောပြန်ပါတယ်၊ အာဖရိကတိုက် (ရဝမ်ဒါ) ကနေ အရှေ့အလယ်ပိုင်း (ဒူဘိုင်း)၊ အရှေ့တောင်အာရှ (ဗီယက်နမ်) အထိ နိုင်ငံအတော်များများဟာ ဒီမှတ်ချက်တွေအပေါ် အလေးအနက်ထား လေ့လာနေကြပါတယ်၊

 

တရုတ်ပြည်ရဲ့ ဝါဒရေးရာစည်းရုံးဖြန့်ကျက်မှု၊ ဩဇာသက်ရောက်မှုတွေက ၂၀၀၀ ခုနှစ်ကစလို့ အဆက်မပြတ်ဖြစ်ပေါ်ခဲ့တဲ့ ဒီမိုကရေစီစနစ်အပေါ် စိတ်ပျက်စရာအဖြစ်အပျက်တွေ၊ ဆုတ်ယုတ်မှုတွေကြောင့်  ပိုပြီးအားကောင်းခိုင်မာလာပါတယ်၊ ပထမဆုံး ဆုတ်ယုတ်မှုကတော့ ရုရှားနိုင်ငံမှာ ဖြစ်ပေါ်ခဲ့ပါတယ်၊ ၁၉၈၉ ခုနှစ်မှာ ဘာလင်တံတိုင်းကြီး ပြိုလဲပြီးတဲ့နောက် ဆိုဗီယက်အင်ပါယာကြီးထဲက နိုင်ငံတွေ ဒီမိုကရေစီနိုင်ငံများဖြစ်လာရေးဆိုတာ လုံးဝသေချာတဲ့ ကိစ္စလို့ ထင်ခဲ့ကြပါတယ်၊ ၁၉၉၀ နှစ်များမှာ သမ္မတ ဘောရစ်ယဲလ်ဆင် (Boris Yeltsin) ရဲ့ ဦးဆောင်မှုအောက်မှာ ရုရှားနိုင်ငံဟာ ဒီမိုကရေစီကို ဦးတည်တဲ့ မတည်မငြိမ်ခြေလှမ်းများ အစပျိုးခဲ့ပါတယ်၊ ဒါပေမည့် ၁၉၉၉ ခုနှစ်၊ နှစ်ဆုံးမှာ ဘောရစ်ယဲလ်ဆင် ရာထူးမှ နှုတ်ထွက်ပြီး သမ္မတတာဝန်ကို ကေဂျီဘီ (KGB) ထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်ခဲ့တဲ့ ဗလာဒီမာပူတင် (Vladimir Putin) ကို လွှဲပြောင်းပေးခဲ့ပါတယ်၊ အဲဒီအချိန်ကစလို့ ပူတင်ဟာ သမ္မတအဖြစ် နှစ်ကြိမ်၊ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ပြီး အခုလည်း တတိယအကြိမ် သမ္မတဖြစ်နေပါတယ်၊ ခေတ်ပေါ်လွန်ကာလရဲ့ ဇာဘုရင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ပူတင်က ရုရှားမှာ အစပြုနေတဲ့ ဒီမိုကရေစီဖြစ်ထွန်းမှုအားလုံးကို ဖျက်ဆီးပစ်လိုက်ပါတယ်၊ မီဒီယာကို ကန့်သတ်ချုပ်ချယ်ပြီး အတိုက်အခံတွေကို ထောင်ထဲထည့်ပါတယ်၊ ဒီမိုကရေစီလို့ အမည်ခံပြောရအောင် ရွေးကောက်ပွဲတွေကိုတော့ မှန်မှန်ကျင်းပပါတယ်၊ ဒါပေမည့် ရွေးကောက်ပွဲအောင်နိုင်သူက ပူတင်သာ ဖြစ်ရပါမယ်၊ ဗင်နီဇွဲလား၊ ယူကရိန်း၊ အာဂျင်တီးနားအပါအဝင် အာဏာရှင်နိုင်ငံများကလည်း ရုရှားနိုင်ငံရဲ့ လမ်းကြောင်းအတိုင်း ချီတက်ကြပါတယ်၊ ဒီမိုကရေစီစနစ်ကို အပြည့်အဝလက်ခံအသုံးချတာမဟုတ်ပဲ အာဏာရှင်စနစ်ကို အရေခြုံအကာအကွယ်ပေးရုံ ကျင့်သုံးခဲ့ကြလို့ ဒီမိုကရေစီ ပိုပြီးနံမည်ပျက်ရပါတယ်၊

 

နောက်ထပ်ကြီးမားတဲ့ ဆုတ်ယုတ်မှုတစ်ခုကတော့ အီရတ်စစ်ပွဲဖြစ်ပါတယ်၊ အမေရိကန်ပြည်ထောင်စုဦးဆောင်တဲ့ နိုင်ငံတကာတပ်များက ၂၀၀၃ ခုနှစ်မှာ အီရတ်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ဖို့ အဓိကအကြောင်းပြချက်ဖြစ်တဲ့၊ ဆက်ဒန်ဟူစိန် ပိုင်ဆိုင်တယ်ဆိုတဲ့ “လူသားအများကို ဖျက်ဆီးနိုင်တဲ့လက်နက်များ” (Weapons of Mass Destruction) အမှန်တကယ်တည်ရှိကြောင်း သက်သေမပြနိုင်တော့တဲ့အခါမှာ သမ္မတဘွတ်ရှ်က အီရတ်စစ်ပွဲကို “လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတွက် ဆင်နွှဲရတဲ့ စစ်ပွဲ” (A Fight for Freedom and Democracy) အဖြစ် ပြောင်းလဲကြွေးကြော်ခဲ့ပါတယ်၊ “လွတ်လပ်သောနိုင်ငံများ အတူတကွရပ်တည်ပြီး ဒီမိုကရေစီကို အတူတကွမြှင့်တင်ကြခြင်းဟာ ကျနော်တို့ ရန်သူများရဲ့ အရေးနိမ့်မှုအတွက် အစပျိုးအကြောင်းတရားတစ်ခုဖြစ်တယ်” (The concerted effort of free nations to promote democracy is a prelude to our enemies’ defeat.) လို့ သမ္မတဘွတ်ရှ်က သူ့ရဲ့ သမ္မတ ဒုတိယသက်တမ်းစတင်တဲ့နေ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်၊ ဒါဟာဖြင့် အခြေအနေအပေါ်မှာ အခွင့်အရေးယူတယ်လို့တော့ မပြောနိုင်ပါ၊ သမ္မတဘွတ်ရှ်က အရှေ့အလယ်ပိုင်းဒေသမှာ အာဏာရှင်တွေကြီးစိုးနေသမျှ ဒီဒေသဟာ အကြမ်းဖက်သမားများကို မွေးထုတ်ပေးရာနေရာကြီး ဆက်ဖြစ်နေလိမ့်မယ်၊ (ဒါကြောင့်မို့ အာဏာရှင်အစိုးရများနေရာမှာ ဒီမိုကရေစီအစိုးရများနဲ့ အစားထိုးရမယ်) လို့ ရိုးရိုးသားသားယုံကြည်ခဲ့တာပါ၊ ဒါပေမည့်လည်း ဒီမိုကရေစီကို လက်နက်နဲ့ချဲ့ထွင်မှုက ဒီမိုကရေစီအရေးအတွက် ကောင်းဖို့မဖြစ်ပဲ ပိုပြီးဆိုးဖို့သာ ဖြစ်လာခဲ့တယ်၊

 

လက်ဝဲဂိုဏ်းသားတွေက အီရတ်စစ်ပွဲကို လက်ညှိုးထိုးပြီး ဒါဟာဖြင့် ဒီမိုကရေစီဆိုတာ အမေရိကန်သက်ဦးဆံပိုင်ဝါဒကို အမြင်လှအောင် ဖုံးကာထားတာဖြစ်ကြောင်းပြတဲ့ သက်သေလို့ ဆိုကြပါတယ်၊ နိုင်ငံခြားရေးမူဝါဒရေးရာ ပညာရှင်များထဲက Realists လို့ခေါ်တဲ့ လက်တွေ့အခြေအနေကို အရှိအတိုင်း လေ့လာသူများက အီရတ်နိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုများ၊ အကြပ်အတည်းများကို ထောက်ပြပြီး အမေရိကန်ဦးဆောင်တဲ့ ဒီမိုကရေစီပြန့်ပွါးရေးဆိုတာ မတည်မငြိမ်မှုများကို ဖန်တီးပေးတဲ့ လိုအပ်ချက်တွေဖြစ်သွားတယ်လို့ ပြောကြပါတယ်၊ ဖရန်စစ်ဖူကူယာမာ (Francis Fukuyama) လို အင်မတန်စိတ်ပျက်သွားတဲ့ အမေရိကန်ဩဇာသက်ရောက်မှုမြှင့်တင်ရေးဝါဒီ (Neoconservative) နိုင်ငံရေးပညာရှင်တွေကတောင်မှ “အီရတ်စစ်ပွဲဟာ ဒီမိုကရေစီဆိုတာ ကျောက်စိုင်ကျောက်သားတွေပြည့်နှက်နေတဲ့မြေပေါ်မှာ အမြစ်မတွယ်နိုင်ကြောင်းပြတဲ့ သက်သေအထောက်အထားပဲ” လို့ ပြောပါတယ်၊

 

တတိယမြောက် ကြီးမားတဲ့ ဆုတ်ယုတ်မှုကတော့ အီဂျစ်ဖြစ်ပါတယ်၊ ၂၀၁၁ ခုနှစ်မှာ ကြီးမားတဲ့ လူထုဆန္ဒပြပွဲကြီးတွေက ဟောင်စနီမူဘာရက် (Hosni Mubarak) ရဲ့ အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ခဲ့ပြီးတဲ့နောက် ဒီမိုကရေစီစနစ်ဟာ အရှေ့အလယ်ပိုင်းဒေသကိုတောင် ပျံ့နှံ့ရောက်ရှိလိမ့်မယ်လို့ မျှော်လင့်ချက်တွေ မြင့်မားခဲ့ပါတယ်၊ အဲဒီလို စိတ်ကူးယဉ်ဆန်တဲ့ မျှော်လင့်ချက်တွေဟာ မကြာခင်မှာပဲ ပျက်သုံးခဲ့ပါတယ်၊ နောက်ဆက်တွဲကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ အနိုင်ရသူက ရှက်စရာ၊ စိတ်ပျက်စရာကောင်းလောက်အောင် အစိတ်စိတ် အမွှာမွှာကွဲပြားပြီး အလွန်အင်မတန် များပြားလှတဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ ပါတီတွေမဟုတ်ကြပဲ မူဟာမက်မော်စီ (Muhammad Morsi) ရဲ့ မူဆလင်ညီနောင်များ (Muslim Brotherhood) အဖွဲ့ ဖြစ်ပါတယ်၊ မစ္စတာ မော်စီက ဒီမိုကရေစီကို နိုင်သူ အကုန်ယူ (Winner-Takes-All System) စနစ်မျိုးလို့ သတ်မှတ်ပြီး နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းတွေကို မူဆလင်ညီနောင်များနဲ့ သာ ဖွဲ့စည်းပါတယ်၊ သူ့ကိုယ်သူ အကန့်အသတ်မဲ့အာဏာတွေ အပ်နှင်းပြီး အစ္စလမ်ဘာသာရေးသမားတွေက အမြဲတမ်း အများစုနေရာချုပ်ကိုင်ထားတဲ့ “အထက်လွှတ်တော်” ကို ဖန်တီးခဲ့ပါတယ်၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာတော့ အီဂျစ်စစ်တပ်က ဝင်ရောက်စွက်ဖက်ပါတော့တယ်၊ စစ်တပ်က အီဂျစ်နိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီနည်းလမ်းကျကျ ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတနဲ့ မူဆလင်ညီနောင်များအဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ရာနဲ့ချီတဲ့ ဆန္ဒပြသူများကို အကြမ်းဖက်သတ်ဖြတ်ပါတယ်၊ ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ်နဲ့ လစ်ဗျားနိုင်ငံက မင်းမဲ့စရိုက်ကျင့်ကြံမှုတွေက အီဂျစ်နိုင်ငံရဲ့ ဝမ်းနည်းစရာကောင်းတဲ့ ဆုတ်ယုတ်မှုများနဲ့အတူ အာရပ်နွေဦးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီပြန့်ပွါးရေးကို ဦးဆောင်ဖြစ်ပေါ်စေလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးပစ်လိုက်ပါတယ်၊

 

အဲဒီအချိန်ကာလအတွင်းမှာပဲ ဒီမိုကရေစီစနစ်ကို မကြာသေးခင်ကမှ စတင်ကျင့်သုံးတဲ့ နိုင်ငံအချို့မှာ ဒီမိုကရေစီရဲ့ တောက်ပမှုတွေ ဆုံးရှုံးခဲ့ပါတယ်၊  တောင်အာဖရိကနိုင်ငံမှာ ၁၉၉၄ ခုနှစ်မှာ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးချိန်ကစလို့ အာဖရိကအမျိုးသားကွန်ဂရက် (African National Congress) ပါတီ တစ်ခုတည်းကပဲ ဆက်တိုက်အာဏာရ အုပ်ချုပ်နေခဲ့ပါတယ်၊ အဲဒီပါတီကလည်း ကိုယ်ကျိုးစီးပွါးကို ပို၍ပို၍ဦးစားပေးလာတဲ့ ပါတီပါ၊ တူရကီနိုင်ငံမှာလည်း တစ်ချိန်တုံးက အလယ်အလတ်အစ္စလမ်ဝါဒ၊ ကြီးပွါးတိုးတက်မှုနဲ့ ဒီမိုကရေစီစနစ်တို့ ယှဉ်တွဲပြီး တည်တည်ငြိမ်ငြိမ်ရပ်တည်နိုင်ခဲ့ရာက အခုတော့ အကျင့်ပျက်ချစားမှုတွေနဲ့ အာဏာရှင်စနစ်ဆီကို ရှေ့ရှူကျဆင်းနေပါပြီ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားစတဲ့ နိုင်ငံတွေမှာလည်း အတိုက်အခံနိုင်ငံရေးပါတီတွေက အခုတလောကျင်းပတဲ့ ရွေးကောက်ပွဲတွေကို သပိတ်မှောက်တာ၊ ရွေးကောက်ပွဲရလာဒ်ကို လက်ခံဖို့ ငြင်းဆန်တာတွေ တွေ့နေရပါတယ်၊

ဒီဆုတ်ယုတ်မှုအားလုံးက အောင်မြင်သောဒီမိုကရေစီစနစ်ရှင်သန်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေ၊ ခိုင်မာအားကောင်းတဲ့အဖွဲ့အစည်းတွေတည်ဆောက်ခြင်းဟာ လက်တွေ့မှာ အင်မတန်နှေးကွေးတဲ့ အလုပ်ဖြစ်တယ်လို့ ဖော်ပြနေပါတယ်၊ ပြီးတော့ ဒီမိုကရေစီစနစ်ဆိုတာ စတင်ပျိုးထောင်လိုက်တဲ့အချိန်ကစလို့ မြန်ဆန်အားကောင်းစွာ၊ ရပ်တန့်ခြင်းမရှိ လှပစွာ ရှင်သန်ပွင့်လန်းလိမ့်မယ်လို့ အများထင်မြင်နေတဲ့ အယူအဆကို ဖျက်ဆီးပစ်လိုက်ပါတယ်၊

 

အမေရိကန်သမ္မတဟောင်း ဘွတ်ရှ်နဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား တို့ တစ်ချိန်တုံးက ခိုင်ခိုင်မာမာပြောဆိုခဲ့ကြသလို ဒီမိုကရေစီဆိုတာ “တကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ မျှော်လင့်ချက်” (Universal Aspiration) ဖြစ်နိုင်သော်လည်းပဲ ဒီမိုကရေစီစနစ်ဟာ ယဉ်ကျေးမှု အစဉ်အလာများနဲ့သာ အမြစ်တွယ်နိုင်တဲ့ အလေ့အကျင့် (A Culturally Rooted Practice) ဖြစ်ပါတယ်၊ အနောက်နိုင်ငံတွေမှာ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကို တန်ဘိုးထားတဲ့ လူ့အဖွဲ့အစည်းတည်ရှိပါတယ်၊ အဲဒီလို လူ့အဖွဲ့အစည်းထဲမှာ အရပ်ဘက်ဝန်ထမ်းများရဲ့ ဩဇာအာဏာကြီးမားမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတွေ စနစ်တကျ နေရာတကျရှိတဲ့ ခိုင်မာခေတ်မီတဲ့ နိုင်ငံရေးစနစ်တစ်ခုကို တည်ထောင်ပြီး အတော်ကြာမှ အနောက်နိုင်ငံတွေဟာ နိုင်ငံသားအားလုံးကို ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုခဲ့တာပါ၊

 

သိပ်မကြာသေးတဲ့နှစ်များမှာ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာအမြစ်တွယ်ပြီးဖြစ်တဲ့ နိုင်ငံတွေမှာတောင်မှ ဒီမိုကရေစီနိုင်ငံအသစ်များအတွက် စံပြရှေ့ဆောင်ဖြစ်မယ်လို့ မျှော်လင့်ခဲ့တဲ့ အရေးကြီးဆုံး အဖွဲ့အစည်းကြီးတွေဟာ ခေတ်နဲ့အညီမဟုတ်တော့တာ၊ မှန်မှန်ကန်ကန် ထိထိရောက်ရောက် လုပ်ငန်းမဆောင်ရွက်နိုင်တော့တာ တွေ့ရပါတယ်၊ ပါတီအကျိုးဦးစားပေးမှုတွေများလွန်းလို့ ပါတီကြီးနှစ်ခုကြား အပြန်အလှန်ပြစ်တင်ရှုံ့ချဝေဘန်မှူတွေလွှမ်းမိုးပြီး နိုင်ငံရဲ့ အကြွေးတွေကို ပြန်လည်ပေးဆပ်နိုင်စွမ်းမရှိအောင်ဖြစ်တော့မည့် ဆိုးဝါးတဲ့အခြေအနေမျိုးကို ကျန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ နှစ်ကြိမ်ရောက်ခဲ့ရလို့ “အမေရိကန်ပြည်ထောင်စု” ဆိုတဲ့ စကားလုံးဟာ “ရှေ့မတိုးနောက်မဆုတ် အခြေအနေ” ကို ကိုယ်စားပြုတဲ့ စကားလုံးဖြစ်တယ်လို့တောင် လှောင်ပြောင်ခံခဲ့ရပါတယ်၊ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီစနစ်ဟာလည်း ပါတီတစ်ခုချင်းရဲ့ နိုင်ငံရေးအမြတ်ထုတ်ရန်ကြိုးပမ်းမှုတွေနဲ့ ညစ်နွမ်းခဲ့ပါတယ်၊ ဒီအခြေအနေမျိုးမှာ နိုင်ငံရေးသမားတွေဟာ သူတို့နဲ့ သူတို့ပါတီကို ထောက်ခံသူများကိုသာ ဆက်ဆံစည်းရုံးပြီး ကျန်တဲ့ သန်းပေါင်းများစွာသော မဲဆန္ဒရှင်များကို လှစ်လျူရှူကြတာမို့ အစွန်းရောက်ဝါဒကို အားပေးရာရောက်ပါတယ်၊ အမေရိကန်နိုင်ငံရေးမှာလည်း ငွေကြေးက ပိုပြီးအရေးကြီးလာပါတယ်၊ ကုမ္ပဏီများ၊ ကော်ပိုရေးရှင်းကြီးများ၊ စီးပွါးရေးနဲ့ ငွေကြေးအဖွဲ့အစည်းများကိုယ်စား ကွန်ဂရက်လွှတ်တော်နဲ့ အစိုးရအပေါ် ဩဇာသက်ရောက်ဖို့ကြိုးစားကြတဲ့ ထောင်ပေါင်းများစွာသော လော်ဘီရစ် (Lobbyist) များက ဥပဒေကြမ်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့ အကျိုးစီးပွါးတွေ၊ အထူးအခွင့်အရေးတွေ ထည့်သွင်း စေပြီး ပိုပြီးရှည်လျား ရှုပ်ထွေးစေပါတယ်၊ ဒါတွေအားလုံးက အမေရိကန်ဒီမိုကရေစီဆိုတာ (ပိုက်ဆံများများပေးနိုင်သူကို) ရောင်းရန်ဖြစ်တယ်၊ ချမ်းသာသူများဟာ ဆင်းရဲသူများထက် ပိုပြီးအာဏာရှိတယ်ဆိုတဲ့ အမြင်မျိုးဖြစ်ပေါ်စေပါတယ်၊

 

ဒါပေမည့် လော်ဘီရစ်များနဲ့ ရွေးကောက်ပွဲအလှူရှင်များကတော့ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲအတွက်အသုံးစားရိတ်တွေ လှူဒါန်းခြင်းဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ကျင့်သုံးခြင်းဖြစ်တယ်လို့ ငြင်းခုန်ကြပါတယ်၊ ဒါတွေအားလုံးရဲ့ ရလာဒ်ကတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဒီမိုကရေစီရဲ့ ပုံရိပ်တွေဟာ ပြင်းပြင်းထန်ထန် ဘက်ပေါင်းစုံက တိုက်ခိုက်ခြင်းခံနေရတာပါပဲ၊

 

ဥရောပသမဂ္ဂနိုင်ငံများဟာလည်း ဒီမိုကရေစီရေးမှာ ထူးထူးခြားခြား ကောင်းမွန်ကြတာ မဟုတ်တော့ပါဘူး၊ ၁၉၉၉ ခုနှစ် ယူရိုငွေကြေးစနစ် (Euro) ကို အဖွဲ့ဝင်နိုင်ငံများအားလုံးကျင့်သုံးကြဖို့ ဆုံးဖြတ်ချက်ချကြရာမှာ နိုင်ငံအများစုမှာ ကျွမ်းကျင်သူပညာရှင်တွေက ဆုံးဖြတ်ခဲ့ပြီး ဒိန်းမတ်နဲ့ ဆွီဒင် နှစ်နိုင်ငံထဲက ဒီလောက်အရေးကြီးတဲ့ ကိစ္စကြီးကို လူထုဆန္ဒခံယူပွဲကျင်းပပြီး အဆုံးအဖြတ်ခံခဲ့တာပါ၊ (နှစ်နိုင်ငံစလုံးက ငြင်းဆန်ခဲ့ပါတယ်၊) ဥရောပသမဂ္ဂနိုင်ငံများရဲ့ကိုယ်စားပြု အာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး ဘယ်လဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ဋ္ဌာနချုပ်ရှိတဲ့ ဥရောပကောင်စီနဲ့ ဥရောပကော်မရှင်တွေကို ပိုပြီးအာဏာနှင်းအပ်တဲ့ စာချုပ် (The Lisbon Treaty) ကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ရေးဆွဲပြီးအဖွဲ့ဝင်နိုင်ငံများအလိုက် လူထုဆန္ဒခံယူမည့်အစီအစဉ်ကိုလည်း အဖွဲ့ဝင်နိုင်ငံအချို့မှာ လူထုအများစုက ကန့်ကွက်ပယ်ချခဲ့ချိန်ကစလို့ ဆက်မလုပ်တော့ပဲ ရပ်ဆိုင်းထားခဲ့ပါတယ်၊ ဥရောပသမဂ္ဂနိုင်ငံများမှာ ယူရိုငွေကြေးအကြပ်အတည်းဖြစ်တဲ့ အမှောင်မိုက်ဆုံးကာလတွေမှာ ယူရိုငွေကြေးကို အခိုင်အမာထောက်ခံတဲ့ အင်အားကြီးနိုင်ငံများက ဖိအားပေးပြီး အကြီးအကျယ်ဒုက္ခရောက်နေတဲ့ အီတလီနဲ့ ဂရိနိုင်ငံတွေမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေကို ကျွမ်းကျင်သူပညာရှင်များ (Technocrats) နဲ့ အစားထိုးစေခဲ့ပါတယ်၊ ဥရောပသမဂ္ဂရဲ့ ဒီမိုကရေစီအားနည်းချက်တွေကို ပြင်ဆင်ဖို့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းတဲ့ ဥရောပပါလီမန်ဟာလည်း အပစ်ပယ်ခံ၊ လူကြိုက်နည်းတဲ့ အဖွဲ့အစည်းသာ ဖြစ်ခဲ့ပါတယ်၊ ဥရောပသမဂ္ဂဟာ တဖြေးဖြေးနဲ့ အမျိုးသားရေးဝါဒကို လှုံ့ဆော်ပြီး လူကြိုက်များအောင်လုပ်တတ်တဲ့ နိုင်ငံရေးပါတီများကို မွေးထုတ်ပေးရာ ဒေသကြီးဖြစ်လာပါတယ်၊

 

ဥပမာအားဖြင့် နယ်သာလန်နိုင်ငံမှာ အစ္စလမ်ဘာသာကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမား ဂီးအတ် ဝီလ်ဒါ (Geert Wilders) ရဲ့ လွတ်လပ်ရေးပါတီ (Party for Freedom)၊ ပြင်သစ်နိုင်ငံမှာ အမျိုးသားရေးဝါဒီ မာရင်းလီပဲန်း (Marine Le Pen) ခေါင်းဆောင်ပြီး “သာမာန်ပြည်သူတွေကို မောက်မာရိုင်းစိုင်းပြီး အရည်အချင်းမရှိတဲ့ လူ့မလိုင်တွေရန်က ကာကွယ်ပေးမယ်” လို့ ကြွေးကြော်တဲ့ အမျိုးသားတပ်ဦး (National Front) စသည်ဖြင့်ပါ၊ ဂရိနိုင်ငံမှာဆိုရင်လည်း နာဇီလက်သစ်များလို့ ထင်ရှားတဲ့ ရွှေရောင်အာရုဏ်ဦးပါတီ (Golden Dawn) က ဒီမိုကရေစီစနစ်က နာဇီဝါဒပြန်လည်ရှင်သန်လာတာကို ဘယ်လောက်သီးခံနိုင်မလဲဆိုတာ စမ်းသတ်နေပါတယ်၊ ဒီလို အစွန်းရောက်အယူအဆတွေကို ယဉ်ပါးပျော့ပြောင်းသွားအောင် လုပ်ဖို့ ဖန်တီးခဲ့တဲ့ အစီအစဉ်တွေက ဒီအစွန်းရောက်အယူအဆနဲ့ အင်အားတွေကို ပိုပြီးရှင်သန်အားကောင်းစေသလို ဖြစ်နေပါတယ်၊

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, အောင်ဒင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)