ငြိမ်းချမ်းအေး – ခရစ်စမားနှင့် ခေါင်းဆောင်မှု ပုံစံများ

May 15, 2014

ခရစ်စမားနှင့် ခေါင်းဆောင်မှု ပုံစံများ
ငြိမ်းချမ်းအေး
မေ ၁၅၊ ၂၀၁၄


ကမ္ဘာမှာ ထင်ရှားအောင်မြင်နေသူ ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှု အရည်အသွေးများထဲက လူမမြင်သာတဲ့၊ ရှင်းပြဖို့ ခက်ခဲတဲ့ အရည်အသွေး (X-factor) တခုက ခရစ်စမား (Charisma) ပါဆိုရင် အားလုံးလက်ခံမယ်လို့ ယူဆတယ်။  ခရစ်စမား ရှိသူတွေကို အကြမ်းဖျင်း အဓိပ္ပာယ်ဖွင့်ရင် သူတို့ဟာ လူ အများကို သြဇာစူးတယ်၊ ဆွဲဆောင်နိုင်တယ်၊ အတုယူ လေးစားအားကျလာစေတယ်။  ဒါတွေကို ဖြစ်စေတဲ့ ထူးခြားတဲ့ စွမ်းပကားမျိုး သူတို့မှာ မွေးရာပါ (ဝါ) သဘာဝအရကို ရှိနေတယ်။

ဂျာမန် လူမှုဗေဒပညာရှင် မက်စ်ဝက်ဘ်ဘာ (၁၈၆၄-၁၉၂၀) က ခရစ်စမားရှိတဲ့ ခေါင်းဆောင်ကို “လူသာမန်တွေနဲ့ မတူကွဲပြားတဲ့ ကောင်းမြတ်မှု၊ ပုဂ္ဂလိက တကိုယ်ရေ အရည်အသွေး တွေရှိတယ်၊ ထူးခြားတဲ့၊ သီးခြား သဘောဆောင်တဲ့ အနှိုင်းမဲ့ အံ့မခန်း စွမ်းအား၊ အရည်အသွးတွေကြောင့် လူတွေက သဘာဝလွန်၊ မဟာလူသားဆန်ဆန် အလေးထား၊ ဂုဏ်ပြုဆက်ဆံခြင်း ခံရတယ်” လို့ အဓိပ္ပာယ် ဖွင့်တယ်။  ခရစ်စမားကို အခြေပြုတဲ့ ခေါင်းဆောင်မှု၊ အုပ်ချုပ်မှု ပုံစံကိုလည်း “လူပုဂ္ဂိုလ် တဦးတည်းကို စံနမူနာပြု၊ သူရဲကောင်း ကိုးကွယ်မှုဝါဒ ပုံစံ အလေးထား ဦးညွတ် ဆည်းကပ်တယ်၊ အလုံးစုံ သစ္စာရှိမှု၊ အမိန့်နာခံမှုကို ဖြစ်စေတာကြောင့် ခေါင်းဆောင်ရဲ့ အမိန့် (သို့မဟုတ်) ချမှတ်လိုက်တဲ့ စံနှုန်း၊ လမ်းစဉ်တွေ အတိုင်း လိုက်လံဆောက်ရွက်တယ်” လို့ ဆိုတယ်။

ဘာသာရေးမှာ ဆိုရင် ဗုဒ္ဓ၊ ယေရှု၊ မုဟမ္မဒ် တို့လို ကြီးမြတ်တဲ့ မဟာလူသား ခေါင်းဆောင်းကြီးမျိုး တွေမှာ ခရစ်စမား အရည်အသွေး အပြည့်ရှိတယ် ဆိုနိုင်တယ်။  နိုင်ငံရေး၊ လူမှုတော်လှန်ရေးတွေမှာ ဆိုရင်  မဟတ္တမဂန္ဓီ၊ မာတင်လူသာကင်း တို့လို မျိုးကို ဆိုတယ်။  နိုင်ငံ့ခေါင်းဆောင်တွေမှာ ဆိုရင် ဂျော့ဝါရှင်တန်၊ သောမတ်စ် ဂျက်ဖာဆန်၊ ဘင်ဂျမင် ဖရင်ကလင်၊ လင်ကွန်း၊ ဖရန်ကလင်း ရူစဗဲ့၊ ချာချီ၊ ဒီဂေါလ်၊ ကနေဒီ၊ ကလင်တန်၊ အိုဘားမား စတဲ့ ပုဂ္ဂိုလ်မျိုးတွေမှာ ဒီလို သူများ ကို သဘာဝ အရ သြဇာဖြစ်စေတဲ့ အရည်အသွေး ရှိကြတယ်။  ဗမာပြည်ဆိုရင်လည်း အရင်တုန်းက သခင်နုလို၊ ခုခေတ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးတွေဟာ မျက်နှာပွင့်၊ လူကြည်ညို၊ လေးစားခံရတဲ့ ခရစ်စမား ရှိ ခေါင်းဆောင်တွေ ဖြစ်တယ်။

ဒီလို ခေါင်းဆောင်မျိုး ရှိဖို့ လိုမလို ဆိုတာဟာ အငြင်းပွားစရာ၊ အဖြေရှာစရာ မလိုတဲ့ ကိစ္စဖြစ်တယ်။  “ပုဂ္ဂိုလ်ခင်မှ တရားမင်” ဆိုသလို ဒီလိုခေါင်းဆောင်မျိုးရှိမှ စည်းရုံးရတာ လွယ်ကူ ပေါက်မြောက်ပြီး အကြောင်းကိစ္စ အောင်မြင်နိုင်မှာ ဖြစ်တယ်။  အထူးသဖြင့် ဗမာပြည်လို ပိတ်ဆို့ခံထားရတဲ့ လူ့အဖွဲ့အစည်းမှာ ပင်ကိုယ်အရည်အသွေးမြင့်ပြီး လူကြိုက်လည်းများတဲ့ ခေါင်းဆောင်မျိုးရှိမှ နောက်လိုက် ပြည်သူကို ဦးဆောင်ဦးရွက်ပြုနိုင်မှာ ဖြစ်တယ်။

ဒါပေမယ့် ဒီလို ခေါင်းဆောင်မှု ပုံစံမျိုးကို ဘာသာရေး မဟုတ်တဲ့ လောကီရေးရာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေမှာ အမြဲတမ်း အသုံးတည့်မှန်ကန်၊ အကျိုးများဖို့ဆိုရင်တော့ ခရစ်စမားရှိတဲ့ ခေါင်းဆောင် နဲ့ အုပ်ချုပ်မှုပုံစံ တမျိုးတည်း တင်မကဘဲ အခြား ခေါင်းဆောင်မှု ပုံစံတွေကိုလည်း နားလည် သဘောပေါက်ထားပြီး ကိုယ့်အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံရဲ့ ပြောင်းလဲလာတဲ့ အခြေအနေနဲ့ လိုက်လျော ညီထွေတဲ့ ခေါင်းဆောင်မှုပုံစံ၊ အုပ်ချုပ်မှုပုံစံကို ပြုပြင်ပြောင်းလဲ ကျင့်ကြံ အုပ်ချုပ်နိုင်မှ ဖြစ်ပါမယ်။  ဒါကြောင့် ခေါင်းဆောင်မှုပုံစံတွေကို အကြမ်းဖျင်း ခွဲခြမ်းစိတ်ဖြာ လေ့လာရင်း အောက်မှာ အကျဉ်းသဘော ဆွေးနွေးကြည့်ပါမယ်။

၁) အပြောင်းအလဲအတွက် လိုအပ်တဲ့ ခေါင်းဆောင်မှုပုံစံ
ပြုပြင်ပြောင်းလဲမှုတခု အောင်မြင်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ ခေါင်းဆောင်မျိုးဖြစ်တယ်။  သူ့မှာ ဖြောင့်မှတ် မှန်ကန် ရိုးသားမှု၊ လူအများ (နောက်လိုက်) ရဲ့ မျှော်လင့်ချက်ကို နားလည်ခံစားနိုင်စွမ်းရှိတဲ့ အနာဂတ် အမြင်မျိုးရှိရမယ်။  လူအများ ဆန္ဒကို ဖြည့်စွက်နိုင်စွမ်းရှိတဲ့ လမ်းစဉ်မျိုး ချမှတ် နိုင်ရမယ်။  အောင်မြင်အောင်လည်း ဆောင်ရွက်နိုင်ရမယ်။  ချမှတ်တဲ့ လမ်းစဉ်ကို အကောင်အထည် ဖော်နိုင်စေဖို့ ရာလည်း နောက်လိုက်ကို ဦးဆောင် လှုံ့ဆော် နိုင်စွမ်း ရှိရမယ်။

ဒီလို ခေါင်းဆောင်မျိုးရဲ့ လူအများအပေါ် လွှမ်းမိုးနိုင်စွမ်းက ကျယ်ပြန့်တယ်။  ဒါပေမယ့် ဒီလို ခေါင်းဆောင်မှုပုံစံ အောင်မြင်နိုင်ဖို့ က ဦးဆောင်သူကို ပြန်လည် ပံ့ပိုးနိုင်သူ၊ အကောင်းဆုံးရလဒ်တွေကို ယူဆောင်ပေးနိုင်စွမ်းရှိသူ၊ အသေးအဖွဲကအစ အလေးထား ဂရုပြု ဆောင်ရွက်ပေးကာ အကျိုးအကြောင်းညီ တွေးခေါ်စဉ်းစား မျှော်မြင်နိုင်သူ နောက်လိုက်မျိုးတွေ အများစုရှိမှ ဖြစ်မယ်။  အကြီးအမှူးဖြစ်သူ ကလည်း လိုအပ်တဲ့ အရည်အချင်း ပြည့်စုံတဲ့ နောက်လိုက်မျိုးတွေ ဖန်တီးနိုင်စွမ်းရှိမှ အပြောင်းအလဲက အလုံးစုံ အထမြောက် အောင်မြင်နိုင်မှာ ဖြစ်တယ်။

၂) အပြောင်းအလဲ ကာလ ခေါင်းဆောင်မှုပုံစံ
ပြောင်းလဲလာတဲ့ အကြောင်းအရာ၊ အခြေအနေတခု တည်မြဲဖို့ ကြိုးစား နေတဲ့ အကူးအပြောင်းကာလမှာ အသုံးဝင်တဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်တယ်။  နောက်လိုက် အနေနဲ့ ရည်မှန်းချက် ထမြောက်အောင်မြင်ဖို့ အတွက် ခေါင်းဆောင်ရဲ့ အမိန့်ကို တသွေမတိမ်း နာခံဖို့ သဘောတူထားရမယ်။  အမိန့်ကို လိုက်နာဖို့ ပျက်ကွက်ရင် ခေါင်းဆောင်က အပြစ်ပေးပိုင်ခွင့် ရှိတယ်။

ဒီခေါင်းဆောင်မှုပုံစံမှာ အကြီးအကဲက နောက်လိုက်တွေကို သင့်လျော်တဲ့ အလုပ်တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးထားပေမယ့် ယေဘုယျ အားဖြင့် အလုံးစုံနီးပါး ထိန်းချုပ်ထားပြီး မိဘသဖွယ် အရာရာကို လိုက်လံဆောင်ရွက်၊ ဝင်ရောက် ဆုံးဖြတ်ပေးလေ့ရှိတယ်။  နောက်လိုက်ရဲ့ လုပ်ရည်ကိုင်ရည်၊ အရည်အချင်းအလိုက် ပိုမိုအရေးပါတဲ့ ဆုံးဖြတ်ချက်တွေမှာ ဝင်ရောက် ပါဝင် ဆုံးဖြတ်နိုင်တာမျိုးတွေတော့ ရှိတယ်။

ဒါပေမယ့် အများစုကတော့ ခေါင်းဆောင်ရဲ့ လမ်းကြောင်းမှုကိုသာ မျှော်ကိုးပြီး ကိုယ်ပိုင် ဆင်ခြင်သုံးသပ်၊ ဆုံးဖြတ်နိုင်စွမ်းနည်းတယ်။  ပြန်လည် စောကြော ဝေဖန်မှုဆိုတာလည်း မရှိသလောက် ရှားတယ်။  အသံကျယ်၊ စွာ ထွက်သူ ထက်မြက်တဲ့ နောက်လိုက် တချို့ ရှိနိုင်ပေမယ့် အမြဲတမ်း ရှေ့တန်းမရောက်၊ နေရာမရနိုင်တော့ ဒီလို အုပ်ချုပ်မှုပုံစံရှိတဲ့ အဖွဲ့အစည်းတွေမှာ ပျော်ပိုက်လေ့မရှိဘဲ အချိန်ကာလ တခု မှာ ထွက်သွားရလေ့ရှိတယ်။  ဒီပုံစံကို ခေါင်းဆောင်မှု သဘောတရားအရ ခေါင်းဆောင်မှု ပုံစံလို့တောင် ပီပီပြင်ပြင်မခေါ်နိုင်ဘဲ အုပ်ချုပ်မှုပုံစံတမျိုးလို့သာ ဆိုနိုင်တယ်။

ဒီပုံစံဟာ ရည်မှန်းချက် တရပ်၊ အကြောင်းအရာ တခုကို ထမြောက်အောင်မြင်ဖို့ ရေတို စီမံကိန်းချ ဆောင်ရွက်ရတဲ့ အခြေအနေမျိုးတွေမှာ အသုံးတည့်ပြီး အလုပ်တွင်ကျယ် ပိုမို အောင်မြင် အကျိုးရှိစေတယ်။  ဒီ စနစ်ရဲ့ အကြီးမားဆုံး ချို့ယွင်းချက် ကတော့ ကိုယ်ပိုင် ဦးနှောက်နဲ့ ထိုးထွင်း ဆင်ခြင် ဝေဖန် သုံးသပ်နိုင်မှုမဲ့တဲ့ နောက်လိုက်အများစုကို မွေးထုတ်ပေးခြင်း ဖြစ်တယ်။

ဒါပေမယ့် အပြောင်းအလဲကို ကနဦး ဖော်ဆောင်စဉ်ကတည်းက  အရည်အချင်းရှိတဲ့ နောက်လိုက်ကောင်းတွေ မွေးထုတ်ထားနိုင်ရင် ဒီခေါင်းဆောင်မှုပုံစံလိုအပ်တဲ့ စပ်ကူးမတ်ကူးကာလမှာ အထိုက်အလျာက် ရေရှည် အကျိုးရှိတဲ့ ခေါင်းဆောင်မှုပုံစံကို ဖော်ဆောင် လာနိုင်စေတယ်။

၃) လူပုဂ္ဂိုလ်တဦး တယောက်ရဲ့ ထင်ရှား ကျော်ဇော်မှုကို ဗဟိုပြုတဲ့ ခေါင်းဆောင်မှုပုံစံ
ဒီခေါင်းဆောင်မှုပုံစံဟာ ခရစ်စမားရှိတဲ့ ခေါင်းဆောင်ကို အခြေပြုတဲ့ သဘောဖြစ်တယ်။  နောက်လိုက်ကို လှုံ့ဆော် တိုက်တွန်း ရှေ့ရောက် အောင်ပြုလုပ်နိုင်စေတဲ့ အတွက် အပြောင်းအလဲ အတွက် လိုအပ်တဲ့  ခေါင်းဆောင်မှု ပုံစံဖြစ်တယ်။

ဒါပေမယ့် ခရစ်စမားကို အခြေပြုတဲ့ ခေါင်းဆောင်မှုပုံစံဟာ ခေါင်းဆောင်ကိုပဲ ဗဟိုပြုလေ့ရှိတယ်။  ခေါင်းဆောင်က တာဝန်ကြီးကြီး အမြဲ ယူရလေ့ရှိတဲ့ အတွက် သူ့မှာ ရေရှည်ခံတဲ့ အားစိုက်မှုမျိုး၊ မဆုတ်မနစ်ပြုမှုမျိုး၊ ရပ်တည်ချက် ခိုင်မာမှုမျိုးလိုတယ်။

ခေါင်းဆောင်က အခြေအနေအလိုက် အကောင်းဘက်ကို (သို့မဟုတ်) မှန်ကန်တဲ့ လိုက်လျောညီထွေ ပြောင်းလဲမှု မျိုး လုပ်ကောင်း လုပ်နိုင်ပေမယ့် အဖွဲ့အစည်း တခုလုံး၊ နောက်လိုက်အားလုံးကို ပြောင်းလဲမှုနဲ့ အညီ ဖြစ်ပေါ်တိုးတက်ရမယ့် အရည်အချင်းမြှင့်တင်မှုမျိုးကို လုပ်ဖို့ကျ ပျက်ကွက်လေ့ရှိတယ်။

ခေါင်းဆောင်ကိုယ်တိုင်ကလည်း နောက်လိုက်ထက် မိမိဘာသာ အားကိုးယုံကြည် စိတ်ချမှု ပိုရှိနေလေ့ရှိတယ်။  အကောင်းအဆိုး၊ အကျိုးအပြစ် အားလုံးဟာ ခေါင်းဆောင်တဦးတည်းနဲ့ပဲ သက်ဆိုင်သလို ဖြစ်လေ့ရှိတယ်။  ခေါင်းဆောင်မရှိရင်  ပြောင်းလဲမှု၊ ဖြစ်ပေါ်တိုး တက်မှု၊ ကောင်းကျိုးရလဒ် အစရှိတဲ့ အကျိုးရလဒ်တွေ အားလုံးဟာ အဟောသိကံ ဖြစ်သွားလေ့ရှိတယ်။

နောက်လိုက် အမြင်မှာ အောင်မြင်မှု ပန်းတိုင် နဲ့ ခေါင်းဆောင်ဟာ တိုက်ရိုက် ဆက်သွယ်နေလေ့ရှိတယ်။  ခေါင်းဆောင် ချမှတ်တဲ့ လမ်းစဉ်ကိုသာ လိုက်နာဆောင်ရွက်တတ်တဲ့ နောက်လိုက်မျိုးသာ အများစုဖြစ်နေတဲ့အတွက် ကိုယ်ပိုင် အတွေးအခေါ် ဆင်ခြင် ဉာဏ် ထုတ်နိုင်၊ သုံးသပ် နိုင်စွမ်းတဲ့ ခေါင်းဆောက်မှု နေရာ ဆက်ခံနိုင်ဖို့ အရည်အချင်း ပြည့်စုံတဲ့ နောက်လိုက်တွေ မွေးထုတ်ပေးနိုင်မှု မဲ့စေတယ်။
ဒီပုံစံရဲ့ အဆိုးဆုံး အချက်ကတော့ ခေါင်းဆောက်ကိုယ်တိုင်က “ငါကတော့ မမှားနိုင်ဘူး” ဆိုတဲ့ စိတ်ကြီးဝင်မှုမျိုး ဖြစ်စေတာပါ။  ဒီပုံစံမှာ အောက်မှာ ဆက်လက်ဆွေးနွေးမယ့် အာဏာရှင်ပုံစံလို တဦးတည်း သဘောဆန္ဒနဲ့ အကြောင်းအရာ ကိစ္စတိုင်းကို ဆုံးဖြတ်တာမျိုး လုံးလုံးမဟုတ်ပေမယ့် ခေါင်းဆောင်ရဲ့ ဆုံးဖြတ်မှု၊ ဆန္ဒသာ အတည်ဖြစ်လေ့ရှိပြီး ဝေဖန် အကြံပေး ထောက်ပြမှုတွေကို အများအားဖြင့် လျစ်လျူရှု ရှိလေ့ရှိတယ်။

“ငါလုပ်ရင် မမှားနိုင်ပါဘူး” ဆိုတဲ့ အတွေးအခေါ်က အဖွဲ့အစည်းအလိုက် အုပ်စု သဘော လုပ်ဆောင်မှု၊ အားလုံးပါဝင်ဆောင်ရွက်စေမှု ဓလေ့၊ စိတ်ဓာတ်၊ အကျင့် ကို ပျက်စီးသွားစေတယ်။  ဒီပုံစံဟာ လူပုဂ္ဂိုလ်ရဲ့ ခရစ်စမားကို အခြေတည်တာဖြစ်တဲ့ အတွက် အာဏာရှင်ခေါင်းဆောင်မှုပုံစံလို လူအကြည်အညို လျော့သွားတာမျိုး ဖြစ်လေ့ဖြစ်ထနည်းတယ်။ ဒါပေမယ့် နောက်လိုက်တွေကပါ “ခေါင်းဆောင် မမှားနိုင်ပါဘူး” လို့ စဉ်းစားလာတဲ့အတွက် ခေါင်းဆောင် စီစဉ်ဆောင်ရွက်တာမှန်သမျှ အကျိုး၊ အကြောင်းအညီ စဉ်းစားဆင်ခြင်မှု မပါဘဲ လက်ခံလေ့ရှိကြတယ်။  ဒါဟာ အာဏာရှင်စနစ်လို ကြောက်လို့မဟုတ်ဘဲ၊ ချစ်လို့ လက်ခံတာ ဖြစ်တယ်။  ဒီလိုနဲ့ ခေါင်းဆောင်နဲ့ နောက်လိုက် အပြန်အလှန် ဖျက်စီးနေတဲ့ သဘောမျိုးဖြစ်သွား တတ်တယ်။

၎) အကြွင်းမဲ့ အာဏာရှင် ခေါင်းဆောင်မှုပုံစံ
ဒီပုံစံဟာ အပြောင်းအလဲကာလ ခေါင်းဆောင်မှုပုံစံနဲ့ သဘာတရား တူပြီး ပိုမိုပြင်းထန်တဲ့ သဘောရှိတယ်။  ခေါင်းဆောင်က ဆုံးဖြတ်နိုင်မှု သြဇာ အာဏာကို အလုံးစုံ ချုပ်ကိုင်ထားတယ်။  တချို့ ကိစ္စတွေမှာ အဖွဲ့အစည်း/နိုင်ငံ ရဲ့ နောက်လိုက်/ပြည်သူ အတွက် အကျိုးကျေးဇူးရှိတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် အများစုကတော့ ပုဂ္ဂိုလ် တဦးတည်းရဲ့ ပုဂ္ဂလိက သဘော၊ ဆန္ဒ တခုတည်းအပေါ် အမှီပြုတာဖြစ်တဲ့အပြင် ဘက်ပေါင်းစုံ၊ အမြင်ပေါင်းစုံကို လက်ခံဆွေးနွေး တိုင်ပင် သုံးသပ်မှုမပါတဲ့ အတွက် အကျိုးထက် အပြစ်က များစေတယ်။

အုပ်ချုပ်ခံ ကလည်း ဘယ်ကိစ္စမျိုးမဆို ကိုယ်တိုင်ပါဝင် ဆုံးဖြတ် လုပ်ကိုင်ခွင့်မရတဲ့အတွက် စိတ်ဒုက္ခ ဆင်းရဲကြီးစွာ ခံစားရလေ့ရှိတယ်။  ဒီပုံစံဟာ ရေတိုအတွက်သာ အခိုက်အတန့် ကောင်းပြီး ရေရှည်မှာ နောက်လိုက်/ပြည်သူက အဖွဲ့အစည်း/နိုင်ငံရဲ့ အကျိုးစီးပွားကို ဂရုမစိုက် အလေးမထားဖြစ်လာလေ့ရှိတယ်။

အများစုက ခေါင်းဆောင်လုပ်တာကို မဆိုင်သလို လျစ်လျူရှုနေတတ်လာပြီး၊ မဖြစ်မနေ ခိုင်းလို့ လုပ်ရရင်တောင် အလုပ်ဖြစ် သဘောမျိုးသာ လုပ်လေ့ရှိတယ်။  ထက်မြက်သူတွေကတော့ ဒီလို အခြေအနေမျိုးမှာ ကြာရှည်မနေနိုင်တဲ့အတွက် ဒီလို အဖွဲ့အစည်း/နိုင်ငံမျိုးတွေ ကနေ ထွက်ခွာလေ့ရှိတယ်။  ဒါကြောင့် ကမ္ဘာမှာ အာဏာရှင် နိုင်ငံတွေဟာ ထက်မြက်တဲ့ ဦးနှောက်တွေကို (တိုင်းတပါးကို) အများဆုံး ဆုံးရှုံးရလေ့ရှိတယ်။  ဒီခေါင်းဆောင်မှုပုံစံဟာ အရေးပေါ်အခြေအနေ ကာလတို (သို့မဟုတ်) စစ်ပွဲတခုလို အဆုံးအဖြတ်တွေကို အလျင်အမြန် ချမှတ်ပြီး “တစ်သွေး၊ တသံ၊ တစ်မိန့်” လိုက်နာမှ အောင်မြင်နိုင်မယ့် အခြေအနေမျိုးအတွက်သာ သက်သက် သင့်လျော်တယ်။

၅) ကြိုးနီစနစ်၊ စာအုပ်ကြီးအတိုင်း ခေါင်းဆောင်မှုပုံစံ
ဒီပုံစံမှာ အုပ်ချုပ်မှု၊ ခေါင်းဆောင်မှုက အဆင့်ဆင့် ရှည်လျားလေ့ရှိပြီး နောက်ဆုံး ဆုံးဖြတ်နိုင်မှုဟာ အပေါ်ပိုင်း အဆင့်တွေမှာသာ ရှိတယ်။  ဒါကြောင့် အကြောင်းအရာတခု ထမြောက်အောင်မြင်ဖို့ရာ ဆုံးဖြတ်ချက်တွေ ချဖို့  လိုအပ်လာရင် အဆင့်ပေါင်းများစွာကို မလိုလားအပ်ဘဲ အချိန်ကုန်ခံ ကျော်ဖြတ်ရလေ့ရှိတယ်။  ဒီခေါင်းဆောင်မှုပုံစံမှာ ခေါင်းဆောင်ဟာ ထုတ်ပြန်ထားတဲ့ ဥပဒေ  စည်းကမ်းတွေ၊ တနည်းအားဖြင့် စာအုပ်ကြီးအတိုင်း အလုပ် လုပ်လေ့ရှိပြီး သူ့အောက်က အဆင့်ဆင့် ခေါင်းဆောင်မှု အလွှာတွေကိုလည်း သူ့ နည်းတူ လုပ်စေတယ်၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်း အဆင့်ဆင့်ကို တသွေမတိမ်း လိုက်နာ ဆောင်ရွက်စေတယ်။

ဒီခေါင်းဆောင်မှုမှာ ခေါင်းဆောင်မှု ကောင်းမကောင်းက ထုတ်ပြန်တဲ့ စည်းကမ်း၊ ဥပဒေ အပေါ်မူတည်တယ်။  ဒီလို ပုံစံဟာ လုံခြုံရေးအရ အရေးပါတဲ့၊ အန္တရာယ်ဖြစ်စေမှုကို ရှောင်ရှားနိုင်ဖို့ မဖြစ်မနေလိုအပ်တဲ့ အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံရဲ့  အစိတ်အပိုင်း သီးသန့်မျိုး အတွက်သာ အသုံးဝင်တယ်။  နေရာတိုင်းမှာ အသုံးချရင် ဆုံးဖြတ်ချက် တခုအတွက် အထက် အဆင့်ပေါင်းများစွာကို ဖြတ်ကျော်နေရတာကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ ချောမွေ့ပြေပြစ် ပြုပြင် ပြောင်းလဲနိုင်မှု ကင်းမဲ့ပြီး ဖန်တီးနိုင်မှု စွမ်းရည်၊ စွန့်ဦးတီထွင်လိုမှုကို လျော့နည်း စေလေ့ရှိတယ်။

၆) အားလုံးပူပေါင်းပါဝင် ဆုံးဖြတ်စေတဲ့ ခေါင်းဆောင်မှုပုံစံ
ဒီမိုကရေစီ နည်းလမ်းတကျ ခေါင်းဆောင်မှုပုံစံ လို့ ဆိုနိုင်တယ်။  အစုအဖွဲ့အသီးသီးကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ စုပေါင်း ညှိနှိုင်း ဆွေးနွေး အဖြေရှာပြီး ထွက်ပေါ်လာတဲ့ ရလဒ်ကို နောက်ဆုံး ခေါင်းဆောင်က အတည်ပြု ဆုံးဖြတ်တဲ့ သဘောဖြစ်တယ်။  နောက်လိုက် တွေရဲ့ ထိုးထွင်း တီထွင် ကြံဆလိုမှုကို အားပေးတယ်။  လုပ်ငန်း ဖော်ဆောင်မှု အဆင့်ဆင့်၊ ဆုံးဖြတ်မှု အဆင့်ဆင်မှာ နောက်လိုက်တွေ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှု ဖြစ်စေပြီး အလုပ်ပိုမိုတွင်ကျယ်ဖို့  တွန်းအားဖြစ်စေတယ်။
လုပ်ငန်းသဘောအရ အရေးပါ အရာရောက်၊ အသိမှတ်ပြုခံရမှုကို ရရှိပြီး ဖြစ်တဲ့အတွက် ပုဂ္ဂလိက အကျိုးခံစားခွင့်ကို မမျှော်ကိုးဘဲ လုပ်ငန်းစဉ်တလျောက် အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်လာစေတယ်။  နောက်ဆုံးထွက်လာတဲ့ အကျိုးရလဒ်က ကောင်းကျိုးကြီးပေမယ့် လုပ်ငန်းစဉ်တလျောက် အားလုံးပါဝင် ဆွေးနွေးဆုံးဖြတ်မှုတွေ လုပ်ရတဲ့ အတွက် အချိန်ကာလအားဖြင့်တော့ ကြာစေတယ်။  အဖွဲ့အစည်း ပုံစံ၊ အုပ်စု အဖွဲ့ အသီးသီး အများကြီးရှိတဲ့ အခြေအနေမျိုးအတွက် မရှိမဖြစ်လိုအပ်တဲ့ အုပ်ချုပ်မှု ပုံစံဖြစ်တယ်။

အရေအတွက်ထက် အရည်အချင်းကို ပိုမိုအလေးထားတဲ့၊ စစ်မှန်တဲ့ တန်ဖိုးရှိတဲ့ အကျိုးရလဒ်မျိုးတွေဖြစ်စေတယ်။  ဒါပေမယ့် ဒီလို ပုံစံဟာ အလျင်အမြန် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တဲ့ အရေးပေါ် အခြေအနေမျိုးတွေမှာ အသုံးဝင်လေ့မရှိဘူး။  နောက်လိုက်တွေ အရည်အသွေး ညံ့ဖျင်းရင်လည်း  အားလုံးပါဝင်နိုင်မှုက အလကားဖြစ်ရပြီး ကောင်းမွန်တဲ့ အကျိုးရလဒ်ကို မဖော်ဆောင်နိုင်ဘဲ ဖြစ်ရလေ့ရှိတယ်။

၇) အလုပ်ဗဟိုပြု ခေါင်းဆောင်မှုပုံစံ
ဒီခေါင်းဆောင်မှုမှာ အလုပ်ပြီးပြောက်မှုကိုသာ အလေးထားတဲ့အတွက် ဗဟိုချုပ်ကိုင်မှုပုံစံ၊ အာဏာရှင် သဘောဆောင်တယ်။  ခေါင်းဆောင်က အဓိက အလုပ်တွေ၊ ဆုံးဖြတ်မှုတွေကို တာဝန်ယူပြီး နောက်လိုက်ကို အလုပ်ပြီးမြောက်ဖို့  လိုအပ်တဲ့ တာဝန်ခွဲပေးမှုတွေ ပြုလုပ်ပေးလေ့ရှိတယ်။ အချိန်နဲ့အလျင်မီ ဆောက်ရွက်ရတဲ့ ကိစ္စမျိုးတွေအတွက် သင့်လျော်တယ်။

ဒါပေမယ့် အလုပ်ပြီးမြောက်မှုကိုသာ ဦးတည်တဲ့ အတွက် အရည်အချင်းကို အာမ မခံနိုင်ဘူး။  နောက်လိုက်တွေရဲ့  စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ သာယာဝပြောမှုကို အလေးမပြုတဲ့ အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်လာစေမှု အားနည်းတယ်။  အာဏာရှင်စနစ် အုပ်ချုပ်မှုရဲ့  အပြစ် အနာအဆာတွေဟာ အလုပ်ဗဟိုပြု ခေါင်းဆောင်မှုပုံစံကြောင့် ဖြစ်လေ့ရှိတယ်။

၈) လူ ဗဟိုပြု (သို့မဟုတ်) လူမှု ဆက်ဆံမှုကို အလေးထားတဲ့ ခေါင်းဆောင်မှုပုံစံ
ဒီ ခေါင်းဆောင်မှုပုံစံမှာ ဒီမိုကရေစီ ခေါင်းဆောင်မှု ပုံစံအတိုင်း ခေါင်းဆောင်ဟာ နောက်လိုက် အားလုံးကို ပူးပေါင်း စုစည်း ပါဝင်နိုင်မှုကို အလေးပေးတယ်။  အားလုံး ပါဝင် ဆောင်ရွက်တဲ့ အသင်းအဖွဲ့ပုံစံ၊ ပူးပေါင်း ဖန်တီး တီထွင်နိုင်မှုကို အားပေးတယ်။  ခေါင်းဆောင်က လက်အောက်ငယ်သားအားလုံးကို ရိုင်းပင်း ကူညီ၊ အလေးဂရုပြုပြီး ဖော်ရွေနွေးထွေး တပြေးညီ ဆက်ဆံလေ့ရှိတယ်။  ခေါင်းဆောင်က ဒီမိုကရေစီ နည်းလမ်းတကျ ပြုမှုဆောင်ရွက် ဆက်ဆံပြီး လိုအပ်တာတွေ ပံ့ပိုးကူညီ ဖြည့်ဆည်းပေးတဲ့ အတွက် နောက်လိုက်အားလုံး ကာယ၊ စိတ္တ သုခ ချမ်းသာရပြီး အလုပ်တွင်ကျယ်၊ ပိုမို အလုပ် လုပ်လာစေတယ်။

အထက်မှာ ဆွေးနွေးခဲ့တဲ့ ခေါင်းဆာင်မှုပုံစံတခုချင်းစီရဲ့ အကျိုးအပြစ်တွေကို ခြုံငုံသုံးသပ်ရင် မတူညီတဲ့ အခြေအနေတွေ ပေါ်မူတည်ပြီး ခေါင်းဆောင်မှုပုံစံ ပြောင်းလဲကျင့်သုံးရမယ်ဆိုတာ နားလည်သဘောပေါက် စေတယ်။  အမှတ်စဉ် (၄၊ ၅၊ ၇) ပါ အကျိုးထက်၊ အပြစ်ကို များစေတဲ့ အုပ်ချုပ်မှုပုံစံတွေဟာ လိုအပ်တဲ့ အခြေအနေရှိတဲ့ အဖွဲ့အစည်းသီးသန့်အတွက်သာ အသုံးပြုရမယ်ဆိုတာကိုလည်း နားလည်သဘောပေါက်နိုင်မယ်လို့ ယူဆတယ်။

ထို့အတူ “ခရစ်စမား” ကို အခြေပြုတဲ့ ခေါင်းဆောင်မှုပုံစံ (အမှတ်စဉ်-၃) အပါအဝင် အပြောင်းအလဲနဲ့ ဆက်စပ်တဲ့ ကာလတိုအတွင်းမှာသာ အကျိုးရှိစေတဲ့ ပုံစံ (အမှတ်စဉ် ၁၊ ၂)ေ တွ ဟာလည်း အခြေအနေတခု၊ ဖြစ်ပေါ်တိုးတက်မှု တခုအတွက်သာ အသုံးဝင်တယ်ဆိုတာ ဆွေးနွေးခဲ့တဲ့ သဘော၊ အချက်များကြောင့် ထင်ရှားတယ်။

ရေရှည် အကျိုးစီးပွားဖြစ်ထွန်းမှုကို အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံမှာ အုတ်မြစ်ချ အခြေတည်စေချင်ရင် နောက်လိုက်တွေကိုပါ အရည်အချင်းမြှင့်တင်ပေးရင်း ပါဝင်ပူးပေါင်းလုပ်ကိုင်ဆောင်ရွက် ဆုံးဖြတ်စေမှုကို အားပေးတဲ့ အမှတ်စဉ် (၆၊ ၈) ပါ ဒီမိုကရေစီနည်းလမ်းတကျ ခေါင်းဆောင်မှုပုံစံမျိုး ဖော်ဆောင်နိုင်မှ ဖြစ်ပါမယ်။  လူတဦးချင်း “တာဝန်ယူ၊ တာဝန်ရှိ၊ တာဝန်သိ” စိတ်ဓာတ် အကျင့် နဲ့ အကြောင်းအရာ၊ ဖြစ်စဉ်၊ အဆုံးအဖြတ်တိုင်းမှာ အပြုသဘော ပါဝင် ထောက်ပြ၊ ဝေဖန်၊ ဆွေးနွေး၊ ဆင်ခြင်၊ သုံသပ်ကာ ခေါင်းဆောင်-နောက်လိုက် အပြန်အလှန် မှီခို အကျိုးရှိတဲ့ ဆက်ဆံမှု (စနစ်) မျိုးတည်ဆောာက်နိုင်မှ (၂၁) ရာစု အပြောင်းအလဲ အသစ်များကို စဉ်ဆက်မပြတ် ရင်ဆိုင် ဖြေရှင်း ကျော်လွှားနိုင်စွမ်းတဲ့ အဖွဲ့အစည်း/နိုင်ငံ တရပ် ထူထောင်နိုင်မှာ ဖြစ်ကြောင်း ဆွေးနွေး တင်ပြလိုက်ပါတယ်။

ငြိမ်းချမ်းအေး
ကိုးကား –

 Encyclopedia of Leadership,  George R. Goethals, Georgia Jones Sorenson, James MacGregor Burns

Sage Publications, 2004.

(ခေတ်မောင်း အွန်လိုင်း စာစောင် အတွဲ (၁) ၊ အမှတ် (၁)၊ မေလ ၊ ၂၇ ၊ ၂၀၁၂ ခှနှစ်တွင် ဖော်ပြခဲ့ဖူးသည်။  ယခု ပြန်လည် တည်းဖြတ် ကာ မိုးမခ တွင် တင်ဆက်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်