မောင်ရင်ငတေ- ငါ့ရင်ထဲမှာ ဧရာဝတီ

May 16, 2014

ငါ့ရင်ထဲမှာ ဧရာဝတီ
ရာဇ၀င်ထဲက လွားမြစ်
မောင်ရင်ငတေ
မေ ၁၆၊ ၂၀၁၄
နွေနှောင်းရာသီ  ဧရာဝတီ (Photo SKKZ DR)

ဧရာဝတီရေ ….. ဒီတပတ် မမျှော်လင့်ပါဘဲနဲ့ ရွှေပြည်တော်က ငါ့ရဲ့ မိတ်ဆွေတယောက် မင်းဆီကို အလည်ရောက်ခဲ့တုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံတချို့ကို ပို့ပေးလာလို့ လက်ခံရရှိခဲ့တယ်ကွာ၊ငါ ဝမ်းသာတယ်ကွာ၊ မင်းရဲ့ ပုံတွေကို တွေ့ရတာ၊ ဘာဘဲပြောပြော မင်းကတော့ ခုအချိန်မှာတောင် အလှတွေ အများကြီး ကျန်နေသေးပါတယ်၊ ဘယ်သူတွေ ဘယ်လိုဖျက်ဖျက် မင်း အလှကတော့ ထာဝရ ရှိနေမှာ ငါ သိပါတယ်ကွာ၊နောက်ပြီး မင်းအကြောင်းနဲ့ ပတ်သက်ပြီးတော့ ရိုင်းတို့ မိုင်းတို့အကြောင်း ဆက်ရေးဖို့ တွေးနေရင်းစဉ်းစားနေရင်း ဒီတပတ် မမျှော်လင့်ပါဘဲ လွားမြစ်ဝှမ်းကို ရောက်ခဲ့ရပြန်တယ်ကွ၊Loire မြစ်ဆိုတာက ငါ အခု နေနေတဲ့ ပြင်သစ်ပြည်မှာတော့ အရှည်ဆုံးမြစ်ကြီးပေါ့၊
ကီလိုမီတာနဲ့ဆို တထောင်ကျော် မိုင်နဲ့ ခြောက်ရာ့သုံးဆယ် မင်းရဲ့ တဝက်လောက် ရှည်တယ်ကွ၊ဒါ့ပြင် သူကလည်း မင်းလိုဘဲ နိုင်ငံတခုထဲမှာ တိုင်းပြည်တပြည်ထဲမှာ အစအဆုံးရှိတဲ့ ပြည်တွင်းဖြစ် တိုင်းရင်းသားဖြစ် မြစ်စစ်စစ် တမြစ်ပေါ့၊ဒီ လွားမြစ် အစပိုင်းက ပြင်သစ်ရဲ့အရှေ့တောင်ပိုင်း Massif Central တောင်တန်းလွင်ပြင်ဒေသက Mont Gerbier de Jonc တောင်ခြေနား စိမ့်စမ်းသုံးခုကနေ အစပြုလာတာပေါ့၊ အစပိုင်းမှာ တောင်ကနေ မြောက်ကို ပြောင်းပြန်စီးလာတာ ပြင်သစ်ပြည် အလယ်ပိုင်း Orléans မြို့ ရောက်တော့မှ အနောက်ဘက်ကို ကွေ့ စီးသွားတာကွ၊ငါ သွားတာကတော့ အဲဒီ လွားမြစ်ရဲ့ ခါးလယ်ပိုင်း နေရာ တကြောပေါ့ကွာ၊ပါရီမြို့က တောင်ဘက်စူးစူးကို ကီလိုမီတာ ၁၂၀ လောက် သွားရင် Orléans မြို့ကို ရောက်တယ်၊အဲဒီ မြို့ကနေ လွားမြစ်က အနောက်ဘက် တောက်လျှောက် ဆိုသလို စီးသွားတာ အတ္တလန်တစ် သမုဒ္ဒရာရဲ့ Golfe de Gascogne (Bay of Biscay) ရောက်တဲ့အထိပေါ့ကွာ၊

ပြင်သစ် ပြည်တွင်းဖြစ် မြစ်စစ်စစ် La Loire (Photo Google)

Orléans ကနေ Nantes မြို့နဲ့ Saint-Nazaire အထိ ကီလိုမီတာ လေးရာကျော် လောက်ပေါ့၊ Saint-Nazaire ရဲ့ ဆိပ်ကမ်းက ပြင်သစ်ရဲ့ စတုတ္ထမြောက် အကြီးဆုံး ပင်လယ်ဆိပ်ကမ်းပေါ့ကွာ၊ဒီနေရာ ဒေသ တဝိုက်မှာ ဖြတ်သန်း စီးဆင်းသွားတဲ့ လွားရေစီးသံတွေက ပြင်သစ်လူမျိုး ဘုရင်ကြီး တွေတင် မကဘူး တခြား ပြင်သစ်တတွေရဲ့သမိုင်း ရေစီးသံတွေ ရောထွေးနေတာပေါ့၊  လွားမြစ်ဝှမ်းရာဇဝင်ကိုသိရင် ပြင်သစ်ရာဇဝင်တဝက်လောက် သိပြီလို့ ပြောလို့ရမယ် ထင်တယ်ကွ၊အဲဒီမြစ်ဝှမ်းကိုရောက် အဲဒီရေစီးသံတွေ ငါကြားလာပြီး မင်းကို စကားပြောစရာတွေ ရလာတာလေ၊

Vallée de la Loire (Loire Valley) (Photo Google)

အဲဒီ လွားမြစ်ဝှမ်း သူတို့ခေါ်တာတော့ Vallée de la Loire ပေါ့၊ အဲ နယ်မြေတကြောမှာ ရှိတဲ့ မြို့လေးတွေကတော့ Orléans, Chambord, Blois, Chaumont sur Loire, Amboise, Tours, Azay le Rideau, Saumur,  Angers နဲ့ ပင်လယ်အနားက Nantes မြို့ အထိပေါ့၊ အဲဒီနယ်မှာ ထူးထူးခြားခြား တွေ့ရတာက …..ပြင်သစ်နိုင်ငံ ပြင်သစ်လူမျိုးတွေရဲ့ သမိုင်းကြောင်း အကောင်းအဆိုးတွေကို ရေးချယ်သွားခဲ့တဲ့
ပြင်သစ် ပဒေသရာဇ်ကြီးတွေရဲ့ အိမ်တော်ဟောင်းတွေ ….. ရဲတိုက် ခေါ်တာပေါ့ကွာ၊ ဒီနယ်မြေမှာ နေရာအနှံ့ လက်ညိုးထိုးမလွဲ ဆိုသလိုပေါ့၊ ရဲတိုက်အဆင့် သတ်မှတ်ထားတဲ့ အိမ်တော်ကြီးပေါင်း ၁၅၀ ကျော် ရှိတယ်တဲ့ကွ၊ တခြား အိမ်တော်လေးတွေကတော့ ၁၂၀၀ ကျော် ရှိပါသတဲ့၊အဲဒီ ရဲတိုက်အိမ်တွေ အားလုံးစုရုံးပြီး Châteaux de la Loire ဆိုပြီး ခေါ်ကြတယ်၊သူတို့က “လွားမြစ်ဝှမ်းမှ ရဲတိုက်များ” ဆိုပြီးပေါ့ကွာ ….. ခေါ်ကြတာ၊ပြင်သစ်နယ်စားပယ်စား ဘုရင်ဧကရာဇ်ဆိုသူတွေရဲ့ သားတော်သမီးတော် ဆွေတော်မျိုးတော်တွေ အစဉ်အဆက် နေထိုင်ခဲ့ကြတဲ့ အိမ်တော်ကြီးတွေပေါ့၊ အိမ်တွေက ကြီးမားလွန်းတော့လည်း ရဲတိုက် သို့မဟုတ် နန်းတော်ဆိုပြီး ခေါ်ကြရတာပေါ့ကွာ၊အိမ်လို့ ငါကပြောခဲ့လို့ ပေါ့သေးသေး မထင်လိုက်နဲ့နော်၊ ငါ့ပြောချင်တဲ့ သဘောက လူနေတာဆိုရင် “အိမ်” ပေါ့၊ အဲဒီလိုသဘောနဲ့ “အိမ်” ဆိုပြီး ငါ ခေါ်ချင် ရေးချင် သုံးနှုံးချင်တာပါ၊ဒါပေမယ့် အဲဒီ အိမ်တွေက အဆောင်ဆောင် အခန်းခန်းနဲ့ ခြံကျယ်ဝန်းကျယ် အကြီးကြီးတွေကွ၊မင်း စဉ်းစားကြည့်ပေါ့၊ အခုခေတ် ပေါက်ဈေးနဲ့ ဆိုရင်၊ အခု ငါငှားနေတဲ့ ပါရီမြို့စွန်က တိုက်ခန်း အစုတ်လေး ခန်းဖွဲ့ မပါဘူး၊ Studio စတူဒီယို ခေါ်တာပေါ့၊ မီတာ ၂၀ ကျော်ကျော် ပတ်လည်အကျယ်ကို ငှားထားတာဘဲဖြစ်ဖြစ်  ဘဏ်ကြွေးတွေနဲ့ ဝယ်ထား တာဘဲဖြစ်ဖြစ် ယူရိုငွေ ငါးရာကျော် ခြောက်ရာ တလတလ ပေးနေရတာ၊ အဲဒီလို ရဲတိုက်အိမ် ခန်းဖွဲ့ကျယ်ကြီးတွေ ဆိုရင်တော့ကွာ ပေးရမှာ မနည်းမနောပေါ့၊ဒါပေမယ့် ပြင်သစ်ရာဇဝင်တွေ ဘုရင်တွေရဲ့ သမိုင်းတွေကို ထားခဲ့ပြီးနောက်ပိုင်း အဲလို ရဲတိုက်ကြီး အိမ်ကြီးတွေကလည်း တဦးချင်း ပိုင်ဆိုင်ခဲ့ရာက ပြတိုက်တွေ ဖြစ်ကုန်တာ မဟုတ်လား၊ ဥရောပသမိုင်းမှာ ဒီလောက်တောင် ကြီးကျယ်ခဲ့တဲ့ ဘုရင်တွေကို မြောင်းထဲအရောက် ပို့ပစ်နိုင်တာ ပြင်သစ် တခုဘဲ ရှိတယ်ဆိုတာကတော့ မင်းလည်း သိမှာပါ၊ ပါရီမြို့ပြင်က ဗားဆိုင်းနန်းတော်ကြီးက ဘုရင့်မိသားစုကို မောင်းထုတ်နိုင်ခဲ့စဉ်က နန်းတော်ကြီးထဲ မှာရှိတဲ့ ဘုရင့်ရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို လုယက် ယူငင် ဖျက်စီး ရောင်းချခဲ့တာ ဘာတခုမှ မကျန်သလောက်ကွ၊ အဲ … ကျန်သလောက်တွေကို အခုခေတ် စုထားပြီး ပြတာတောင်မှ လူတွေက ကြိတ်ကြိတ်တိုးပေါ့၊ တကယ်တမ်းကတော့ အဲဒီလို ရဲတိုက်ဟောင်း အဆောက်အဦးဟောင်းတွေကို ဝင်ကြေးယူပြီး ပြသ တာ ဝင်ကြေးခက သက်သက်သာသာ မဟုတ်ဘူးနော်၊ ၁၀ ယူရိုလောက် မပေးဘဲ ဝင်ကြည့်လို့ရတဲ့ ပြတိုက်က သိပ်မရှိပါဘူး၊
အဲလို ဝင်ကြေးယူထားပေမယ့် အထဲမှာတော့ အများအားဖြင့် ကုတင်တွေ ခုံတွေ စားပွဲတွေကို ပြထားတာဆိုတော့ သာမန်အတွေးနဲ့ကတော့ တန်တယ်လို့ မယူဆသူတွေ များတယ်ကွ၊ငါ ကြိုက်တာကလည်း အဲဒီ ရဲတိုက်အထဲက ဘုရင်ဘုရင်မတွေ သုံးခဲ့တဲ့ ပစ္စည်းတွေထက် …..
အဲဒီ ထုကြီးထည်ကြီး ရဲတိုက်ကြီး ဆိုတာတွေကို အဲဒီခေတ်က စက်ကရိယာတွေ မရှိဘဲနဲ့ ဘယ်လို ဆောက်ခဲ့တာ ဆိုတာကို စိတ်ဝင်စားတာကွ၊ လူတွေ အများကြီး သုံးခဲ့ရမှာတော့ သေချာတယ်ကွ၊

ထုကြီးထည်ကြီးနဲ့ Château Royal d’Amboise (ဓါတ်ပုံ မရငတ)

မင်းကြည့်စမ်းကွာ၊ ဒီလောက် ထုထည်ကြီးတဲ့ အိမ်အကြီးကြီး … လူအင်အားသုံးပြီး ဆောက်ခဲ့တာ၊အဲဒီ အသုံးခံခဲ့ရတဲ့ သူတွေကကော လုပ်အားခမှ ရခဲ့ရဲ့လား ….. လုပ်ငန်းခွင်မှာ မပျော်ရွှင်ရင် …..အလုပ်ထွက်ခွင့်မှ လွယ်လွယ်ကူကူ ရှိရဲ့လား ….. ငါ နဲ့ နှိုင်းပြီး  လားများစွာ ပေါ့ …. တွေးမိတာပါ၊တရက်က ဖတ်လိုက်ရတာ၊ မင်းတို့ဆီမှာ စက်လာချုပ်တဲ့  စက်ရုံ ပိုင်ရှင်ကြီးရဲ့ ပြောစကားကိုပေါ့၊ဒို့ဆီက ရွှေကိုယ်တော်တွေဟာ အလုပ်တော့ မကြိုးစားဘဲ လုပ်အားခတော့ ပိုတောင်းချင်ကြသတဲ့၊အဲလို သူတွေ များများလာလို့ သူတို့ စက်ရုံတွေ အာဖရိက ရွှေ့လိုက်ရမလား ဆိုတာပေါ့ကွာ၊ ငါသာဆို အဲဒီနေရာမှာ ပက်ကနဲ ပြန်ပြောလိုက်မှာ တခွန်းထဲ ….. သတ္တိ ရှိ ရွှေ့ပေါ့ ကွ လို့၊
ဘယ့်နဲ့ကွာ ….. အဲဒီ အာဖရိကန်တွေက သူတို့ မပြောနဲ့ လူဖြူတွေကိုတောင်မှ ဒီမှာ နှပ်ချ စားနေ ကြတာ ရိုးနေပြီ ကြာနေပြီကွ၊ ငါနဲ့ အတူ အလုပ်လုပ်ခဲ့တာ အမည်းတွေချည်းဘဲ၊ အဖြူ မူးလို့တောင် ရှုစရာ မရှိဘူး၊ အမည်းတွေနဲ့ လမ်းဘေးမှာ ဈေးရောင်းပုံချင်းတောင် မတူဘူး၊
ငါတို့ အာရှက ကောင်တွေက ဒီကိုရောက်တော့ လမ်းဘေးဈေး ရောင်းရင်တောင် အပိုးကျိုးကျိုးနဲ့ ရောင်းတာ၊ သူတို့ ပြည်ကြီးကကောင်တွေလည်း ဒီကို ဒီနေ့ရောက်လာ ဒီနေ့ညနေ အပိုးကျိုးကျိုးနဲ့ ဈေးရောင်း နေကြရတာ အများကြီး ရှိတယ်၊ဒီကောင်တွေ အာဖရိကန်တွေက လမ်းဘေး ဈေးရောင်းစားရင်တောင်မှ အုပ်စုဖွဲ့ အနိုင်ကျင့် ဈေး ရောင်းကြတာကွ၊ အားလုံးကိုတော့ မဆိုလိုချင်ပါဘူး၊ အမည်းမှာလည်း အသည်းနဲ့ပါ ဆိုတဲ့သူတွေ တွေ့ဖူးပါတယ်၊ ပြင်သစ်နဲ့ အမည်း ခွဲမရပါဘူးကွာ၊အများအားဖြင့်ကတော့ အလုပ်လုပ်တာ ကြည့်ရင် သိသာပါတယ်ကွာ၊ ငါတို့နဲ့ ကွာပါတယ်၊အေး ငါလည်း ရေစီးသံကနေ ဘေး ရောက်သွားပြန် ပါပြီ၊ ပြောချင်တာတွေ များနေတာ ဟေ့၊ရဲတိုက်ကြီးတွေ တည်ဆောက်တာနဲ့ ပတ်သက်ပြီး ပြန်ဆက်ပြောမယ်၊တကယ်တော့ကွာ၊ ငါ မျက်လုံးတွေထဲမှာ မြင်ယောင်မိလာတာ စိတ်ထဲမှာ တွေးမိလာတာက …..အဲဒီနေရာတွေဟာ ငါတို့ မင်းတို့ဆီက စစ်ကိုင်းတို့ အင်းဝ ပင်းယတို့ အမရပူရတို့ ရတနာပုံတို့လိုလို မြို့တော်ဟောင်း နန်းတော်ဟောင်း နေရာတွေဘဲကွ၊ သူတို့တွေက အဲဒီ ရဲတိုက်ဟောင်း နန်းတော်ဟောင်း အိမ်ကြီးအိမ်ကောင်းတွေကို လွယ်လွယ်ကူကူ နောက်တဗိုလ်တက်လာလည်း ဖျက်မပစ်ကြဘူးကွ၊ငါတို့ဆီမှာ နောက်တဗိုလ်သစ် တက်လာတာနဲ့ အရင်ဗိုလ်ဟောင်း လုပ်ထားတာတွေကို …..ကောင်းကောင်းဆိုးဆိုး ဖျက်စီးချင်ကြတာ ပိုများနေတယ် မဟုတ်လား၊တခုတော့ ရှိတာပေါ့ကွာ၊ သူတို့ဆီမှာ …..
သူတို့ရဲ့ အိမ်တွေ အဆောက်အဦးတွေကို ဆောက်ထားတာက သဘာဝ ကျောက်တုံးကြီးတွေနဲ့ကွ၊ အဲဒါတွေက တော်တော် ပေါပေါလောလောရှိတယ် ထွက်တယ်ပေါ့ကွာ၊အဲဒီကျောက်တုံးကြီးတွေနဲ့ ဆောက်ထားတာတွေကလည်း နှစ်ရှည်လများ ခံနိုင်ရည် ရှိတယ်ပေါ့၊ ငါတို့ဆီမှာလို သစ်တွေဝါးတွေနဲ့ ဆောက်ထားတဲ့ နန်းတော်ကြီးတွေကတော့ တော်တန်ရုံ မီးလောင် ခံရတာနဲ့ ဗုံးအကြဲခံရတာနဲ့ ကုန်ခဲ့တာပါဘဲ၊ အဲလို မီးမလောင်လည်း ဖျက်စီးခံလိုက်ရတာ မဟုတ်လား၊အဲလို ဖျက်စီးလိုက်တဲ့ နန်းတော်ကြီးတခုရဲ့ ကျွန်းတိုင်လုံးကြီးတွေကို ရေထဲမှာ တံတားလုပ်ပြီး ဆောက်ထားတာ နှစ်ပေါင်းများစွာ ခံတယ်လေကွာ၊ ကုန်းပေါ်ကအိမ်ဆိုရင် ပိုပြီးကြာကြာ ခံနိုင်ရမှာ မဟုတ်လား၊ ငါ့အမြင် ပြောတာပါကွာ၊အဲဒီ သစ်သားတံတားကြီးလည်း အခု ခပ်လှုပ်လှုပ် ဖြစ်နေလို့ စရိတ်မတတ်နိုင်တော့လို့ ဆိုပြီး …..ဖျက်လိုက်တော့မယ် ကြားနေရတာ ဟုတ်သလားကွ၊ ဖျက်တာကတော့ လွယ်ပါ့ကွာ၊ ငါတောင် ဖျက်တတ်သေး၊ကဲ ဒါတွေ ခဏထားလိုက်ပါတော့ကွာ၊ ပေရှည်နေမယ်၊ငါ သွားခဲ့တဲ့ ခရီးအကြောင်း ဆက်ပြောအုံးမယ်၊ငါတို့ကတော့ ဇိမ်ခံသွားတာ မဟုတ်တော့ ရောက်ပြန်ဆိုသလိုပါဘဲ၊ ဒီ ရဲတိုက် ဆိုတာတွေ အားလုံး ရောက်ဖူးအောင်သွားဖို့ ဆိုတာမျိုးက တော်ရုံဒေသခံ ပြင်သစ်လူမျိုးတယောက် တောင်မှ မလွယ်ဘူး ထင်တယ်ကွ၊ငါကတော့ ဘယ်နေရာကိုမဆို မရောက်ဖူးသေးရင် တခေါက်လောက်တော့ ရောက်ဖူးချင်တယ်ကွ၊ အဲလို သွားမယ်လို့ ရည်ရွယ်ချက်လည်း နဂိုထဲကရှိပြီး ကံကြုံတာကလည်း ပါမယ်လို့ ထင်တယ်၊ ငါ့ရဲ့ မိတ်ဆွေ ကရင်ကြီးတယောက်ရဲ့ ကောင်းမှုကြောင့် ရောက်ခဲ့ရတာပေါ့၊တခေါက်နဲ့ နာမည်ကြီး ရဲတိုက် အားလုံးကို မရောက်နိုင်ပေမယ့် လမ်းမှာ ရောက်ဖို့ကြုံတဲ့ ရဲတိုက် တွေကလည်း လူသိအများဆုံး ဆိုတာတွေပါဘဲ၊ဒီ Château ရှထ်တိုးလို့ခေါ်ကြတဲ့ ရဲတိုက်ကြီးတွေနဲ့ လွားဒေသရဲ့ နာမည်ကျော် ဝိုင်ချက်စက်ရုံတွေ အကြောင်းတော့ နောက်များမှဘဲ အသေးစိတ် ပြောပြတော့မယ်ကွာ၊

 ဒီကနေ့ကာလ ဘယ်သူတွေ ဘယ်လို ပိုင်ဆိုင်ကြောင်း လွယ်လွယ်ကူကူ မသိနိုင်တဲ့ မျက်စေ့တဆုံး မြင်တွေ့ခဲ့ရတဲ့ ရဲတိုက်ခြံဝန်း အုတ်တံတိုင်းရှည်ကြီးများ (ဓါတ်ပုံ မရငတ)

အတိုချုပ် ပြောရရင် နာမည်အကြီးဆုံး ရဲတိုက်တွေက Château Royal d’Amboise, Château de Blois, Château de Chambord, Le Château du Clos Lucé, တို့ပေါ့ကွာ၊အဲဒါက ငါ ရောက်ခဲ့တဲ့ Amboise မြို့နဲ့ Blois မြို့ ကပ်ရက်နားမှာ ရှိတဲ့ ရဲတိုက်တွေကွ၊မနီးမဝေးမှာ တခြား ရဲတိုက်တွေ အိမ်ကြီးတွေ ဘုရားကျောင်းတွေ အများကြီး ကျန်သေးတယ်၊ငါ ပြောခဲ့ပါပကောကွာ၊ အိမ်ကြီးတွေဘဲ အလုံးရေ ထောင်ကျော်ရှိတယ်ဆိုတာလေ၊အနီးစပ်ဆုံး ဥပမာ ပေးရရင်တော့ မင်းတို့ ငါတို့ရဲ့ ပုဂံမြို့ဟောင်းလို ဟိုနားမှာ ဘုရားတဆူ ဒီနားမှာ စေတီ တစေတီ ဆိုသလိုမျိုးပေါ့၊အဲဒီနယ်မြေရဲ့ ရဲတိုက်ကြီးတွေမှာ ကြီးစိုးခဲ့ကြတာက ပြင်သစ် Valois ဘုရင်မျိုးဆက်တွေ ပေါ့ …..

Charles VIII de France အဋ္ဌမမြောက် ရှားလ်ဘုရင် (၁၄၇၀-၁၄၉၈)
Louis XII de France လူဝီ ၁၂ (၁၄၆၂-၁၅၁၅)
François I de France ပထမမြောက် ဖရန်ဆွာ (၁၄၉၄-၁၅၄၇)

အဲဒီ ဘုရင်သုံးယောက် ခေတ်မှာ အဓိက နန်းစိုက်ရာ နေရာတွေ ဖြစ်ခဲ့တာပေါ့၊ ပထမ ဖရန်ဆွာရဲ့သားတော်ကြီး Henri II de France ဒုတိယမြောက် အောင်လီဘုရင်နဲ့ သူ့မိဖုရား အီတလီက ဖလောရင့်မြို့သူ ပြင်သစ်အီတလီကပြား Catherine de Médicis ကက်သရင်းဒမေဒီစီ (၁၅၁၉-၁၅၈၉) ခေတ် နောက်ပိုင်းကစပြီးတော့ ပါရီရဲ့ Le palais du Louvre လုဗ်ရ်နန်းတော်ရယ်  နောက်ဆုံး Le château de Versailles နန်းတော်တွေကို အသစ်ဆောက် ပြောင်းသွားတာကွ၊

လီယိုနာဒို  မိုနာလီဇာ ဒါ ဗန်ချီ (ဓါတ်ပုံ မရငတ)

အဲဒီမှာ ထူးခြားတာ တခုကတော့ ….. မင်းတို့ငါတို့တတွေ အားလုံး ကြားဖူးကြတဲ့ …..မိုနာလီဇာ ပန်းချီကားလေ ….. အဲဒီ ပန်းချီကို ဆွဲသွားတဲ့သူ ပိုင်ရှင်စစ်စစ်ပေါ့ကွာ၊Leonardo di ser Piero da Vinci လီယိုနာဒို ဒါ ဗန်ချီ (၁၄၅၂-၁၅၁၉) လေ၊သူနေသွားတဲ့ အိမ် ….. သူ ခေါင်းချသွားတဲ့ အိမ်နီကြီးပေါ့၊ Château du Clos Lucé ခေါ်တယ်၊အဲဒီချိန်က ပြင်သစ်ဘုရင်ကြီး François I de France ပထမမြောက်ဖရန်ဆွာ (၁၄၉၄-၁၅၄၇) ပေါ့၊ဂုဏ်ပြုဖိတ်ခေါ်ပြီး နေစေလို့ လီယိုနာဒို ၁၅၁၆ ခုနှစ်က ၁၅၁၉ ခုနှစ် မေလနှစ်ရက် သေတဲ့နေ့အထိ အဲဒီ အိမ်နီကြီးမှာ နေသွားခဲ့တာတဲ့ကွ၊ သူတို့တတွေရဲ့ မှတ်တင်တင်ထားမှုတွေက အဲဒီလိုမျိုးရှိခဲ့တာကို အားကျစရာ သိပ်ကောင်းတာပေါ့၊ဒီတော့ ငါလည်း ငါရောက်သွားတဲ့နေ့က မေလ ၈ ရက်နေ့ဆိုတော့ လီယိုနာဒို သေဆုံးပြီး နှစ်ပေါင်း ၄၉၅ နှစ်နဲ့ ခြောက်ရက်အကြာမှာ ရောက်ခဲ့တယ်လို့ မှတ်တမ်းတင်လိုက်တယ်ကွာ၊ အဲဒီ အိမ်ကြီးတွေအကြောင်း နောက်တော့မှ “လွားမြစ်ဝှမ်းက ရဲတိုက်ဟောင်းများ” ဆိုပြီး ရေးဖို့ကို စဉ်းစားထားတယ်၊

Château de Blois ရဲတိုက်ကြီးနားက လွားမြစ်ကမ်းနားလမ်း (ဓါတ်ပုံ မရငတ)

ပါရီမြို့ တောင်ဘက်က Orléans မြို့ကို ရောက်ပြီးရင် လွားမြစ်ကမ်းတလျှောက် အနောက်ဘက်ကို မောင်းလို့ရတဲ့ ကားလမ်းတွေ ရှိတယ်၊ မြစ်နှစ်ဘက်စလုံးမှာပေါ့ကွာ၊ဟိုင်းဝေးလမ်း အမြန်လမ်းတွေရော ရိုးရိုးလမ်းတွေပါ ရှိတယ်၊ အရင်တုန်းက ရိုးရိုးလမ်း အဟောင်းတွေကတော့ မြစ်ဘေးနဲ့ ပိုပြီး နီးနီးနားနားက သွားတာပေါ့ကွာ၊ မြစ်ဘေးနား လမ်းတွေကသွားရင် ပိုပြီး လေကောင်းလေသန့် ရသလို ပတ်ဝန်းကျင်က ပိုပြီးတော့ လှလှပပ သာသာယာယာ ရှိတာပေါ့ကွာ၊ငါကတော့ ကိုယ်တိုင်ကားမောင်းသွားတာ မဟုတ်တော့ ကိုယ်သွားချင်တဲ့လမ်းကို ကိုယ့်စိတ်ကြိုက် ရွေးပြီး မောင်းသွားလို့တော့ ဘယ်ရပါ့မလဲ၊မောင်းတဲ့သူတွေ အများစုကလည်း ခရီးတွင်တာ အကြောင်းပြုပြီး အမြန်လမ်းတွေ သုံးချင်ကြတာ၊အဲဒါကတော့ မဆန်းပါဘူးကွာ၊ အမြန်လမ်းတွေ တိုးချဲ့ဖောက်နေတာက နေရာတကာမှာကိုး၊အေး ဒါနဲ့ စကားစပ်လို့ မင်းတို့ဆီက အမြန်လမ်းမ အသစ်ကြီးရဲ့ သတင်းတွေက ဆိုးပါ့ကွာ၊ နားမချမ်းသာ မျက်စေ့မချမ်းသာဘဲကွ၊ မင်းအဖြစ်ထက်တောင် ဆိုးနေရော့မယ်၊ တနေ့တနေ့ ကြားလိုက်ရတဲ့ သတင်းတွေ ….. ဘာတဲ့ ….. အမြန်လမ်းမကြီး သွားရေးလာရေး ချောမွေ့အောင် အန္တရာယ်ကင်း ပရိတ်ရွတ်တယ် ဆိုလား …… ကဲ ဒါ ထားပါတော့၊တကယ်လို့ ငါက အဲလို လမ်းသွားရင်း ကားမောင်းရင်လည်း ဒီလိုလမ်းတလျှောက်က ရှုခင်းတွေကို ဓါတ်ပုံတွေကို ဘယ်လိုလုပ် ရိုက်မလဲကွနော့၊ ငါ ရိုက်တဲ့ပုံတွေ အများစုကလည်း သွားရင်းလာရင်း ရိုက်တာတွေ ပိုများတယ်ကွ၊ရိုက်ချင်တဲ့ နေရာတိုင်း ကားအောက်ဆင်းရိုက်ဖို့ အချိန် မပေးနိုင်ဘူးလေ၊ အဲဒီတော့ ငါ ခရီးသွားရင် သူများမောင်းတဲ့ကားနဲ့ ကပ်လိုက်သွားရင် အတတ်နိုင်ဆုံး အချိန်လုပြီး တောလမ်းလေးတွေကနေ သွားဖြစ်အောင် ပြောရဆွယ်ရတာပေါ့၊
တကယ်တော့ အမြန်လမ်းဆိုတာ မရှိမဖြစ်ပါ ဆိုပေမယ့် တကယ့် သဘာဝအလှတွေ ပတ်ဝန်းကျင် ဗဟုသုတတွေကျတော့ မပေးနိုင်ဘူး မရနိုင်ဘူးပေါ့ကွာ၊

သဘာဝအရိုင်းအလှ ကျန်နေသေးတဲ့ လွားမြစ် (ဓါတ်ပုံ မရငတ)

ငါ့ စိတ်အထင် ငါတို့ ပြင်သစ်ပြည်ရဲ့ လွားမြစ်ဝှမ်း တကြောမှာက ဂျာမဏီရဲ့ ရိုင်းမြစ်ဝှမ်းထက်တော့ သဘာဝတရားတွေ ပိုကျန်နေသေးတယ်လို့ ထင်တယ်ကွ၊ရိုင်းကမ်းနဘေးမှာလို စက်ရုံ အလုပ်ရုံကြီးတွေ သိပ်မတွေ့မိဘူးကွ၊ ဒို့ ပြင်သစ်ကလည်း ရေမွှေးနဲ့ ဝိုင် ရှန်ပိန်လောက်ကလွဲရင် မိတ်အင်ဖရန့် သိပ် မရှိဘူးလေကွာ၊ဒီနေရာမှာ ဒို့ ပြင်သစ်တွေ လည်တယ် ပြောရမယ်၊ သူတို့ရဲ့ အဓိက ဝင်ငွေတွေဟာ မီးခိုးခေါင်းတိုင် တွေဆီက ရတာ မဟုတ်ဘူးဆိုတာ အမှန်ဘဲကွ၊ဒါတောင် အခု ငါရောက်ခဲ့တဲ့ လွားမြစ်အောက်ပိုင်း ဒေသတွေက သမိုင်းကြောင်းအရ ပိုပြီး အရေးပါ အရာရောက်ခဲ့တယ် ဆိုကြပေမယ့် …..မြေပြန့်ပိုင်းတွေများတော့ အလှပိုနည်းတယ် ပြောကြတယ်ကွ၊လွားရဲ့မြစ်ညာပိုင်းက တောင်ကုန်းတောင်တန်းတွေ ဖြတ်သန်းလာရတော့ တောတောင်ရေမြေတွေ ပိုလှပြီး သဘာဝတွေ တော်တော်လေး ကျန်နေသေးတယ်လို့ ရောက်ဖူးသူတွေက ပြောကြတယ်၊ ငါလည်း နောက်တခေါက် ကြုံကြိုက်ရင်တော့ သွားချင်သေးတာပေါ့ကွာ၊လွားနဲ့ဆုံတွေတဲ့ မြစ်တွေကတော့ ချောင်းသာသာအဆင့်လောက် ရှိတာဆိုတော့ကာ မြစ်ဆုံတွေ အများစုက ခပ်သေးသေးတွေပေါ့ကွာ၊ ငါတော့ ဒီတခေါက် မြစ်ဆုံ နည်းနည်းကြီးတာကိုတော့ မရောက်ဖြစ်ခဲ့ဘူးကွ၊

Promenade au bord de la Loire (ဓါတ်ပုံ မရငတ)

လွားမြစ်ကမ်းတလျှောက် စက်ဘီးလမ်း လူသွားလမ်းတွေလည်း အများကြီး တွေ့ရတယ်ကွ၊Loire à vélo (EuroVelo Route 6) ဆိုတဲ့ လွားမြစ်ဘေးတလျှောက် ကီလိုမီတာ ၈၀၀ ကျော်ရှည် စက်ဘီးစီးလမ်းမှာတော့ စက်ဘီးလေးတစီးဝယ်ပြီး သွားစီးအုံးမယ်လို့ စိတ်ကူးယဉ် ထားတယ်ကွာ၊ငါ ယဉ်တာကို မင်းကတော့ ပြောချင် ပြောမယ်၊ စိတ်ကူး အလကားရလို့ ယဉ်တာများ စက်ဘီးလောက် ယဉ်ရလား ဆိုပြီးတော့ ပေါ့၊ ဆိုင်ကယ်လောက်ဆို တော်သေးတာပေါ့လို့ မပြောပါနဲ့ကွာ၊ ဒီမှာ ဆိုင်ကယ် အပျော်ထမ်း စီးကြသူ တွေ အများကြီး ရှိတယ်ကွ၊ သူတို့ရဲ့ မူရင်း အလုပ်အကိုင်တွေ ရှိရင်ရှိကြမှာ ပေါ့ကွာ၊ ဒါပေမယ့် ဆိုင်ကယ်တွေကို လူစုပြီး တအုပ်တမကြီး စိတ်ကြိုက်စီးကြတာ ….. မြစ်ဘေးချောင်းဘေးက လမ်းတွေမှာ ပိုအတွေ့ရ များသလိုဘဲ၊သူတို့စီးကြတာ ကြည့်ပြီး ငါတောင်မှ စီးတောင်စီးချင်လာတယ်၊အဲဒီမှာ ကြားဖြတ်ပြီး ဆိုင်ကယ်စီးသူများအကြောင်း ငါပြောချင်တာ တခု ပေါ်လာတယ်ကွ၊

Les platanes, Platanus (Roadside Plane Trees) (ဓါတ်ပုံ မရငတ)

အဲဒီ ကြားဖြတ် ကြုံကြိုက်လို့ ပြောချင်တာတခု ပေါ်လာတာက ….. အဲဒီနေ့က ငါ လွားမြစ်ရှိရာကို သွားခဲ့တဲ့ ကျေးလက်လမ်းကလေးတွေ ….. မြစ်ကမ်းဘေးနဲ့ မလှမ်းမကမ်းက လမ်းလေးတွေဘဲ၊အဲဒီမှာ တွေ့လိုက်ရတဲ့ လမ်းဘေး အပင်ကြီးတွေကွာ၊ အရမ်း ကျက်သရေ ရှိတယ်၊
ရာသီကလည်း နွေဦးရာသီ အပင်တွေမှာ အရွက်တွေ အဖူးအပွင့်တွေနဲ့ အရမ်းလှတဲ့ အချိန်ကွာ၊အဲလို အပင်တွေ အုံ့ဆိုင်းတွေတဲ့ နေရာလည်း ရောက်ရော စိတ်ထဲမှာ အလိုလို သာယာလာတယ်၊ ကြည်နူးလာတယ်ပေါ့ကွာ၊ လမ်းတလျောက်လုံးမှာ တော်တော်များများ တွေ့ရတယ်ကွ၊အရင် ရောက်ခဲ့ဖူးတဲ့ လမ်းတွေမှာ တွေ့ခဲ့တုန်းက ရာသီကမသာယာ မိုးတွေရွာတာမျိုးနဲ့ ကြုံတာမျိုး ဆိုတော့ ဓါတ်ပုံတွေဘာတွေ သေသေချာချာ မရိုက်ထားမိခဲ့ဘူးကွ၊အခုတခေါက်တော့ သေသေချာချာ သတိထား ကြည့်မိ ရိုက်မိခဲ့တယ်၊ပြင်သစ်တနိုင်ငံလုံးမှာ အဲလို ပေတရာလောက်မြင့်တဲ့ အပင်ကြီးတွေ အုံဆိုင်းနေတဲ့ အဲလိုလမ်းတွေ နေရာအနှံ့ ရှိတယ်လို့ သွားဖူး ရောက်ဖူးတဲ့သူတွေက ပြောကြတယ်ကွ၊နပိုလီယံ ဘုရင်ခေတ် ၁၉ ရာစု စောစောပိုင်းကစပြီး လမ်းဘေးတွေမှာ စိုက်ခိုင်းခဲ့တာတဲ့ကွ၊ဒီ အပင်ကြီးတွေမှလည်း သူ့ ပြဿနာနဲ့သူ သူ့ရောဂါနဲ့သူ ရှိနေတာကွ၊The killer trees လို့လည်း မကြိုက်နှစ်သက်သူတွေက ခေါ်ဝေါ်နေကြတဲ့ ဒီလို အပင်မျိုးတွေ ပြင်သစ်ပြည်ရဲ့ မူလလက်ဟောင်း ကျေးလက်လမ်းကလေးတွေမှာ အခုထိတော့ ရှိနေပါသေးတယ်၊ဒီလို အပင်ကြီးတွေ ကားလမ်းနဘေးမှာ ရှိနေလို့ …..(အထူးသဖြင့်တော့ ဆိုင်ကယ်သူရဲတွေပေါ့ကွာ)

ဆိုင်ကယ်သူရဲကြီးများ (ဓါတ်ပုံ မရငတ)  

ဆိုင်ကယ်သူရဲတွေဆိုလို့ ချွတ်တားလေးတွေလို့ မင်းမထင်လိုက်နဲ့ နော်၊ ငါ့ ထက်ကြီးတဲ့သူ ငါးဆယ်သား ကျော်ကျော်တွေ ပိုများတယ်ကွ၊
အန်ကယ်လ်ကြီးတွေ အန်တီကြီးတွေ အဖိုးကြီးတွေ အဖွားကြီးတွေပေါ့ကွာ၊သူတို့တွေက ဆိုင်ကယ်စီးတာ အုပ်စုလိုက် ဇိမ်ခံ လေညှင်းခံ စီးလေ့ရှိကြတယ်ကွ၊လူငယ်တွေလို အကြမ်းမောင်းတာမျိုးလည်း မဟုတ်ဘူး၊သူတို့ ဆိုင်ကယ်စီးကြရင်း ဒီလို လမ်းဘေးအပင်ကြီးတွေနဲ့ မတော်တဆ တိုက်မိပြုမိကြတာပေါ့၊သေကြေကြတာတွေလည်း ရှိတာကြောင့် မကြိုက်သူတွေ ရှိလာပြီး The killer trees ဆိုပြီး …..အမည်တပ်သူက တပ်လာကြတာပါ၊ပြင်သစ်လမ်းတွေပေါ်မှာ မတော်တဆဖြစ် သေကြတာ ဆယ်ယောက်မှာတယောက်က ဒီအပင်ကြီး
တွေကြောင့်လို့ ဆိုကြတယ်ကွ၊ အဲဒါကြောင့် …..တချို့ သောင်းကျန်း(ကြမ်း)တဲ့ ဆိုင်ကယ်သမားကြီးတွေ အုပ်စုက ဒီအပင်ကြီးတွေကို ဟိုအရင် တနှစ်လောက်က ညဘက် သွား ခုတ်ပစ်လိုက်ကြတာ အပင် တရာကျော် ကုန်ရောဆိုကွ၊အဲဒီမှာ သစ်ပင်ချစ်သူများ အဖွဲသားတွေကလည်း ဆိုင်ကယ်သမား ဆိုသူတွေကို သူတို့က သူတို့ ကမြင်းကြောထ ဆိုင်ကယ်စီးလို့ သေတာ သေပလေ့စေပေါ့၊ သစ်ပင်တွေကိုတော့ မခုတ်ကြပါနဲ့ပေါ့၊ မထိကြပါနဲ့ပေါ့၊ ညိကြပြီပေါ့၊တကယ်တော့လည်း ဆိုင်ကယ်သူရဲတွေက ဒီလို သစ်ပင်အုပ်ကြီး အောက်မှာ ဆိုင်ကယ်စီးရတာကို ဖီလင်ဖြစ်နေတဲ့ သူတွေပါဘဲကွာ၊ တခြားနေရာ သူတို့ သွား မစီးချင်ကြဘူးကွ၊ ဒီလိုလမ်းမျိုးတွေမှာ အုပ်စုဖွဲ့ ဆိုင်ကယ်သူရဲကြီးတွေကို အတွေ့ရ အများဆုံးပါဘဲ၊အဲလို ပြဿနာတွေကတော့ ရှိနေပေမယ့် သစ်ပင်ကြီးတွေကတော့ ခုထိရှိနေဆဲပါ၊ငါတို့ ရွှေပြည်တော်ကြီးက သစ်ခုတ်သမားသာ အဲဒီအပင်ကြီးတွေကို မြင်တွေ့လိုက်ရရင်ဖြင့်တော့ အဲဒီလို မကြေမလည် ဖြစ်နေတဲ့ ဒီအပင်ကြီးတွေ ရှိနေတာ ကောင်းလား မကောင်းလား ဆိုတဲ့ …..ပြဿနာ  ….. တခါတည်း ပြီးသွားမယ် ထင်တယ်ကွ၊ ကိစ္စတုံး ပေါ့ ကွာ …..မင်း ကြုံကြိုက်လို့ တွေ့ခဲ့ရင်တော့ လက်တို့ သတိပေးလိုက်ပေါ့ကွာ ….. ဟဲ ဟဲ …..ဒါပေမယ့် ဒို့ ဒီမှာလည်း အာဏာရ မြို့ရွာ အုပ်ချုပ်ရေးသမားများက အဲဒီ အမူးသမား ဆိုင်ကယ် အမြန်မောင်းသမားတွေရဲ့ဘက် (သစ်ခုတ်သမားဘက်က) ခပ်ပါပါ ပါကွာ၊ဒီလို သစ်ပင်တွေ ရှုတ်လို့ ခုတ်မယ် တကဲကဲ ပေါ့ကွာ၊

အရံအတားတွေနဲ့ ဖြစ်လာတဲ့ The killer trees လမ်းတလမ်း (ဓါတ်ပုံ မရငတ)

အဲဒီမှာ Roadside Tree Law ဆိုတာမျိုးတွေ ပေါ်လာတယ်လို့ ဆိုတယ်ကွ၊အဲဒါကြောင့် အခုတော့ နည်းနည်းမြန်နှုန်းမြှင့် မောင်းလို့ရတဲ့ လမ်းတွေမှာတော့ အရံအတားတွေ ရှိ လာရပြီပေါ့ကွာ၊ အပင်ကြီးတွေရှိတဲ့ နေရာတိုင်းမှာတော့ မရှိသေးပါဘူး၊အဲဒီ အပင်ကြီးတွေ ရှိတဲ့ လမ်းတလမ်းမှာဘဲ ပြင်သစ်ရဲ့ နာမည် အကျော်ကြားဆုံး စာရေးဆရာကြီး တယောက် ကားကြုံလိုက်စီးသွားရင်း သေခဲ့ဖူးတယ်ကွ၊အဲဒီတုန်းက ပြင်သစ်စစ်စစ်တွေ သိပ်မကြိုက်ကြတဲ့ ပြင်သစ်လူမျိုး နာမည်ကျော်ပေါ့ကွာ၊ အေးပေါ့ အဲဒီ L’Étranger သူစိမ်းဆန်ဆန် စည်းအပြင်ကလူ အောက်ဆိုက်ဒါ Albert Camus အားလ်ဘဲကာမျူး (အဲလ်ဘတ်ကမူး) (၁၉၁၃-၁၉၆၀) ပေါ့၊ မင်းသိမှာပါ၊

ကာမျူးရဲ့ (Champigny-sur-Yonne) The killer trees နောက်ဆုံးလမ်း       (Photo Google)

သူသေတုန်းက အဲဒီလို အပင်ကြီးတွေ ရှိတဲ့လမ်းမှာ ရုတ်တရက် ကားမှောက်ပြီး သေခဲ့တာကွ၊ အဲဒီ နာမည်ကြီး စာရေးဆရာကြီး သေတဲ့အမှုကိုလည်း အဲဒီသစ်ပင်တွေကြောင့်ဆိုပြီး အကြောင်းပြ အမှုပိတ် လိုက်သလားတော့ မသိပါဘူးကွာ၊ အဲဒီ စာရေးဆရာ ဒီအပင်ကြီးတွေရှိရာ ကားလမ်းမှာ ကားအက်စီးဒန့်ဖြစ်ပြီး သေတဲ့အကြောင်း အားလ်ဘဲကာမျူး နှစ်တရာပြည့် (၁၉၁၃- ၂၀၁၃) ဆိုပြီး http://moemaka.com/archives/324 မိုးမခအွန်လိုင်းမဂ္ဂဇင်းမှာ ငါ ရေးဖူးတယ်ကွ၊မင်းပြန်ဖတ်ကြည့်ပေါ့ကွာ၊ မင်း ဖတ်စေချင်လို့ပါ၊ ကြော်ငြာတာတော့ မဟုတ်ပါဘူးနော့၊ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့ကွာ၊ ငါကတော့ သစ်ပင် မခုတ်ရေး ဘက်ကဘဲ၊ အဲဒီလမ်းတွေဟာ အမြန်လမ်းမကြီး ဆိုတာတွေထက် ငါ့ကို ဆွဲဆောင်နိုင်တယ်ကွ၊ အခုနေ ဘယ်လမ်းကို ရွေးမလဲ ….. တရေးနိုး ထမေး ….. အမြန်လမ်းမကြီးက သွားမလား အဲလို မြစ်နဘေးက လမ်းရိုးလမ်းဟောင်းတွေက သွားမလား ဘယ်လမ်း ကြိုက်သလဲ မေး …..ငါကတော့ ဘာပြောပြောကွာ အဲလို အပင်ကြီးတွေ အုပ်နေတဲ့လမ်းမျိုး မြစ်နဘေးကလမ်းမျိုးတွေမှ ရွေး …..သွားချင်မိတာ အမှန်ဘဲ၊နာမည်ကျော် ပန်းချီဆရာကြီးတွေလည်း ဒီလိုလမ်းမျိုးပုံတွေ ပန်းချီဆွဲခဲ့တာ အများကြီး ရှိခဲ့သလိုအခုခေတ်မှာလည်း ငါတို့လို ဓါတ်ပုံရိုက် မှတ်တမ်းတင်တာတွေလည်း အများကြီးပါကွာ၊ငါက တော်တော်လေးတောင် နောက်ကျပြီးမှ မှတ်တမ်းတင်မိတာပါ၊အခု မင်းကို ပြောနေရင်းနဲ့ ဟိုးတုန်းက ရောက်ခဲ့ဖူး သွားခဲ့ဖူးတဲ့ ရေနံချောင်း-ဂွေးချိုကားလမ်းတို့ မြင်းခြံတို့ မုံရွာတို့ သွားတဲ့လမ်းတွေကို သတိရမိတယ်ကွာ၊ဒို့ ရွှေပြည်က အဲလို တောလမ်းလေးတွေလည်း မှတ်တမ်းတင်ကြတာတွေတော့ ကျိုးကျိုးကျဲကျဲ တွေ့မိပါတယ်၊ ဒီထက်ပိုပြီး တွေ့လာရရင် ပိုကောင်းတာပေါ့၊အမြန်လမ်းမကြီး ဘယ်လိုကောင်းကောင်း ရွာလမ်းနဲ့ တမာတန်းကိုတော့ ဝေးမှ လွမ်းတတ်တာကွ၊အခု ပြင်သစ်ကဗျာ တပုဒ်လည်း ကြုံလို့ အမှတ်တရအဖြစ် ထည့်ပေးလိုက်တယ်၊ဗမာလိုကတော့ မင်းဘာသာမင်းဘဲ ပြန်တော့ကွာ၊ ငါ မပြန်တတ်ဘူး၊ ငါ ဘာသာပြန်ရင်လည်း ကောင်းမှာ မဟုတ်ပါဘူး၊

Le réveil en voiture

Voici ce que je vis : Les arbres sur ma route
Fuyaient mêlés, ainsi qu’une armée en déroute,
Et sous moi, comme ému par les vents soulevés,
Le sol roulait des flots de glèbe et de pavés !

Des clochers conduisaient parmi les plaines vertes
Leurs hameaux aux maisons de plâtre, recouvertes
En tuiles, qui trottaient ainsi que des troupeaux
De moutons blancs, marqués en rouge sur le dos !

Et les monts enivrés chancelaient, – la rivière
Comme un serpent boa, sur la vallée entière
Étendu, s’élançait pour les entortiller…
– J’étais en poste, moi, venant de m’éveiller !
Wake-on car

Here is what I saw: Trees on my road
Fleeing mixed and a routed army,
And in my opinion, as moved by the wind raised,
The ground rolling waves of glebe and pavers!

Owls led from the green plains
Their village’s houses plaster covered
Tile, who trotted and herds
White Sheep, marked in red on the back!

Drunk and stagger Mountains – River
Like a boa constrictor on the entire valley
Extended sprang to twist…
– I was stationed, me, coming to wake me!
 Gérard de NERVAL   (1808-1855)

ကဲ ….. ငါလည်း ရေလမ်းအကြောင်း ပြောနေရင်းက ကုန်းလမ်းရောက်နေပြီ၊အိုကေပါကွာ၊ ဒီတပတ်တော့ ဒီလောက်သာပေါ့၊ နောက်တပတ်မှ ဆက်ကြမယ်၊ မင်းရဲ့အမြင်တွေလည်း ပြောဖို့ ပြင်ထားအုံးကွာ၊ ငါချည်းဘဲ ပြောနေရတာ မောတယ်ကွ၊

မင်းရဲ့ မရငတ …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်ရင်ငတေ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်