ထူးထူး (တောင်ငူ) – အို ဆရာမရယ်

May 17, 2014

အို ဆရာမရယ်
ထူးထူး (တောင်ငူ)
မေ ၁၇၊ ၂၀၁၄
 
 

အခန်း -၁-
မြန်မာပြည်မြေပြန့်၊ ပျဉ်းမနားမြို့ အနီး- “အလျှင်လို” ရွာသား သာလှ တစ်ယောက်၊ ရွာကွမ်းတောင် ကိုင် ရွှေမိနဲ့အိမ်ထောင်ရက်သားကျပြီး ကံကြမ္မာအလှည့်အပြောင်းမှာ ရွာလည်ပြီး ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာ ဖြစ်တဲ့ ဖင်လန်နိုင်ငံကိုရောက်ရှိခဲ့ရပါတယ်။

ဖင်လန်ကို ရောက် တော့ သမီးလေး ဖူးဖူး တောင်အသက် (၃) နှစ်တင်းတင်းပြည့်ပါပြီ။ ဖူးဖူးက သာလှ အသည်း၊ သာလှ ဘ၀ပေါ့။ ဖူးဖူးလေးကလည်း သူ့အဖေ သာလှကို တော်တော်ချစ်ပါတယ်။ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလိုပေါ့… စားစရာရှိရင် ဖူးဖူးက သာလှကို အရင်ကျွေးတယ်… တစ်ခါတစ်လေ၊ သူ့အမေ ရွှေမိတောင် မနာလိုဖြစ်ရတဲ့အထိ အကဲပိုတယ်။

သာလှကတောသားပေမယ့် အထင်တော့မသေးနဲ့…. ၁၀ တန်းမှာ မြန်မာစာဂုဏ်ထူးနဲ့နှစ်ချင်းပေါက် အောင်တာ၊ သင်္ချာဆို ဂုဏ်ထူးထွက်ဖို့ (၂) မှတ်ပဲ လိုတာ… အင်္ဂလိပ်စာမှာ (၆၅) မှတ်တောင်ရတာ…

သာလှ နဲ့ ရွှေမိ တို့ရဲ့ကံလား… သမီးလေးဖူးဖူးရဲ့ကံလားတော့မသိ… သမီး (၃) နှစ်ပြည့်လုပြည့်ခင် လေးမှာ မိသားစ၊ု ဖင်လန်နိုင်ငံမြို့တော် Helsinki မြို့ကိုရောက်ခဲ့တယ်။ သာလှတို့မြို့မှာတော့ မြန်မာ မိသားစု (၁၀၀)နီးပါးရှိတယ်။

ဖင်လန်ရောက်မှပဲ ဖူးဖူးလေးက စကားစပြောတာ… ပြောလိုက်တိုင်းလည်း မြန်မာစကားတစ်လုံးမှမပါဘူး- အားလုံးက အင်္ဂလိပ်လိုပြောရင်ပြော၊ မပြောရင်- ဖင်းနစ်ရှ် လိုပြောတယ်။ သာလှ တစ်ယောက်စိတ်တော်တော်ပိန်နေရပြီ။ သာလှက အထစ်အထစ်ဖြစ် နေပေမယ့် ဖူးဖူးကတော့ ဒိုးဒိုး ဒေါက်ဒေါက် ပြောနေပြီ။ သမီးက မိန်းကလေးမိုလို့လားတော့ မသိဘူး၊ တော်တော်သွက်တယ်။ တစ်ခုခု သူလိုချင်တာ ရတယ်ဆို၊ Kiitos လို့(ကျေးဇူး) ပြောတတ်နေပြီ။

သာလှကတစ်နှစ်လောက် အင်္ဂလိပ်စာကို မွမ်းမံအနေနဲ့ သင်အပြီးမှာ တက္ကသိုလ်ဝင်ခွင့် အောင်တဲ့ အတွက် တက္ကသိုလ်ကိုဆက်သွားရတယ်။ အဲ့တော့ သာလှ ကျောင်းကနေ အိမ်ပြန်ရောက်ပြီဆို အိမ်စာတွေ၊ စာကြွေးတွေကို အချိန်ပေးပြီးလုပ်နေရတာနဲ့ သမီးလေးကိုတောင် သိပ်မကြည့်အား တော့ဘူး။
××××××

အခန်း -၂ –
စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်မှာ မြို့က မြန်မာအစ်ကိုကြီးရဲ့မွေးနေ့ဖိတ်တာနဲ့ သာလှတို့မိသားစု လည်းသွားခဲ့ကြတယ်။ ဟိုရောက်တော့ အစ်ကိုကြီးက သာလှတို့ကို အားလုံးနဲ့မိတ်ဆက်ပေးတယ်။ သာလှတို့မိသားစုက ရောက်တာသိပ်မကြာသေးဘူးလေ၊ အဲ့တော့ မြို့ခံ အစ်ကိုတွေ၊ အစ်မတွေ၊ မြန်မာမိသားစုတွေနဲ့ သိပ်မသိသေးဘူးပေါ့။

ပြဿနာက စားပြီးသောက်ပြီးမှစတာ… ထမင်းစားခန်းမှာ မုန့်ဟင်းခါးစားပြီးတော့၊ ဧည့်ခန်းကို အလာမှာ အစ်ကိုကြီးက ဆရာမ ၀ါဝါ နဲ့ မိတ်ဆက်ပေးတယ်… ဆရာမက ဒီမြို့က ကလေးတွေကို မြန်မာစာသင်ပေးနေတာတဲ့… အဲ့ဒါကြောင့် တစ်မြို့လုံးက ဆရာမ၀ါဝါ လို့ပဲခေါ်ကြတာတဲ့… အသက်ကတော့ သာလှ ခန့်မှန်းတာ မလွှဲဘူးဆို (၄၀) ကျော်ပေါ့…

ဆရာမ၀ါဝါက “ကိုသာလှ၊ ဖူးဖူးလေးက ဘာဖြစ်လို့ မြန်မာလိုမပြောတာလဲ၊ ဒီနွေကျောင်းပိတ်ရက်မှာ ဆရာမဆီလွှတ်လိုက်၊ ဆရာမ သူ့ကိုမြန်မာစာသင်ပေးမယ် သိလား”…. သာလှတစ်ယောက် ကြားရတာနဲ့တင် ၀မ်းသာလွန်းလို့ ဆရာမကိုကြည့်ပြီး ကျေးဇူးတင်စကား ပြောမလို့ အကြည့်-

အို့…. အို့…. .အိုး… မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဆရာမက မီနီစကတ်လား ဘာလားတော့မသိဘူး ၀တ်ထားတဲ့စကတ်က တိုတာမှ လန်ထွက်နေတယ်… ရေ၊ မြေလိုက်သွားတာနေမှာပါလေ….

သာလှ တံတွေးမျိုချရင်း- သူ့မျက်နှာ ဆရာမရိုက်တဲ့ ဓာတ်ပုံထဲပါမှာစိုးတဲ့အလား… ခေါင်းကြီးငုံ့ကာ “ဟုတ်” လို့ တစ်လုံးကို မနည်း အား တင်းပြီးပြောလိုက်ရတယ်။

သာလှတို့ပြန်ခါနီးတော့ မွေးနေ့ရှင် အစ်ကိုကြီးက ဒီနှစ် မြို့မှာ သင်္ကြန်လုပ်မယ့်အကြောင်… သာလှတို့ကိုဖိတ်တဲ့အကြောင်း… နေရာက တော့ မြို့ကနာမည်ကြီးကျောင်းမှာဖြစ်ကြောင်း… သာလှတင်မဟုတ် ရွှေမိလည်းအတော်ပျော်သွားတယ်… သင်္ကြန်ဆိုတော့ ဘယ်နေနိုင်လိမ့်မလဲ…

သာလှရဲ့ မျက်လုံးထဲမှာ အိမ်ရောက်ပြီး (၂)ရက်၊ (၃) ရက်နဲ့ မထွက်ဘူး… ခြေသလုံးကို ပြောပါတယ်… ဆရာမ၀ါဝါရဲ့ ခြေသလုံးက ရွာမှာ သာလှ ဆန်ထောင်းတဲ့ မောင်းထောင်းတံ ထက်ပို တုတ်မယ် ထင်တယ်… တောသား သာလှ ခြေသလုံးလောက်တော့ သနားတယ်ပေါ့…
××××××

အခန်း – ၃ –
သာလှရဲ့ခေါင်းထဲမှာ မခေါ်ဘဲ အလည်လာတဲ့ဧည့်သည်ကတော့ သမီးလေးကို ဘယ်လိုဘယ်ပုံ မြန်မာစာသင်ပေးရပါ့မလဲ…. ကိုယ့်ယဉ် ကျေးမှု၊ ကိုယ့်ဘာသာစကားကို အတတ်နိုင်ဆုံး ကာကွယ်ထိန်းသိမ်းရမယ်လေ… မဟုတ်ဘူးလား….

ဒီလိုနဲ့ သာလှ တစ်ယောက် ချော့တစ်ခါ၊ ခြောက်တစ်လှည့်နဲ့ပဲ သမီးလေးဖူးဖူးကို မြန်မာစာ သင်ပေးနေပါတော့တယ်…

အခုဆို သမီးက  ကကြီး၊ ခခွေး အပြင်၊ က ကာ ကား တို့ ခ ခါ ခါး တို့ ကိုပါ ဆိုတတ်၊ ရေးတတ်နေပါပြီ။ ဒါတောင်မှ နွေရာသီကျောင်းပိတ်ရက်မရောက်သေးလို့၊ နို့မို့ဆို သမီးကို ဆရာမ၀ါဝါ ဆီပို့ပြီးပြီ။ သာလှတစ်ယောက် သမီးအတွက် အရင်ကလောက်စိတ်မပူတော့… ဟုတ်တယ်လေ… ကိုယ့်ဟာကိုယ် သင်တာနဲ့တင် သမီးကတော်တော်လေးတိုးတတ်နေပြီ၊ ဆရာမဆီပို့လိုက်ရင် သေချာတယ်… ဖူးဖူးတစ်ယေက် မြန်မာစကားကို ကောင်းကောင်းပြောနိုင်တော့မှာ…

ရွှေမိဆို “ကိုရင်သာလှ၊ ကျုပ်တို့တော့ ကံကောင်းတယ်နော်… ဆရာမလေးနဲ့ဆုံရတာ… ထီပေါက်သလိုပါပဲတော်”….

နှစ်ကိုလစား၊ လကိုရက်စားနဲ့ပဲ… သာလှတို့ မြို့လေးမှာ သင်္ကြန်ပွဲကြီးခြိမ့်ခြိမ့်သဲသဲ ကျင်းပပါတော့တယ်။ မြို့တော်ဝန်တောင်ဖိတ်ထားတယ်ဆိုပဲ…. သာလှတို့မိသားစုလည်း ပေါင်ဒါအဖွေးသားနဲ့ မိသားစုလိုက် ကိုယ့်မြို့ကရိုးရာသင်္ကြန်ပွဲကိုဆင်နွဲဖို့တပ်ချီခဲ့ပါတော့တယ်…

ခန်းမရောက်တော့ လူတွေစုံနေပါပြီ… ဒါပေမယ့် ပွဲကမစသေး… မြို့တော်ဝန်မလာသေးလို့စောင့်နေ တာဆိုပဲ။ ဒီနေရာမှာ သာလှ ကြိတ်ပြီးပြုံးလိုက်မိပါတယ်… အော် ဒီကလူကြီးနဲ့ တို့မြန်မာပြည်က လူကြီးနဲ့ အတူတူပါပဲလားပေါ့…

ခဏနေတော့ အခမ်းနားမှုး (၂)ယောက်လိုက်ကာနောက်ကထွက်လာပါတော့တယ်… အလည့် ဆရာမ၀ါဝါက အခမ်းအနားမှုးလုပ်မှာကိုး… အေးပေါ့လေ… မြန်မာစာဆရာမကိုး… နောက်တစ်ယောက်ကတော့ ဖင်းနစ်ရှ်လို နဲ့ အင်္ဂလိပ်လို အစီစဉ်တင်ဆက်မယ့် အခမ်းအနားမှုး လေး ကိုမင်းမောင်ပါ။

ပွဲစပြီဆိုကတည်းက လက်ခုပ်သံတွေ မစဲတော့ပါဘူး… အေးပေါ့လေ… အမိမြေနဲ့ဝေးကွာနေတာ ကြာ  တော့ လည်း ဒီလိုပွဲမျိုးဆိုတာ လက်ဖက်နဲ့ တောင် မလဲနိုင်ဘူးပေါ့… အက ကလည်းကောင်း၊ အဆိုကလည်းကောင်း… သာလှတောင် ကိုယ့်ဟာကိုယ် ဖင်လန်ရောက်နေမှန်းတောင် မေ့ပြီး၊ စိတ်ထဲမှာ ရွာပြန်ရောက်နေသလိုပဲ….

အရေးအကြောင်း… ဒိန်းဒေါင်းဆိုသလို၊ အရှိန်ရနေကာမှ မြို့တော်ဝန်ကရောက်လာပါတော့တယ်။
အားလုံးမြို့တော်ဝင်ဆီကို အာရုံရောက်နေချိန်မှာ ဆရာမ၀ါဝါ ကတော့သွက်သွက်လက်လက်၊ ချက်ချက် ချာချာ ဆိုသလို မိုက်ကရိုဖုန်းကို ဆတ်ကနဲ လှမ်းယူလိုက်ပြီး “၀ဲလ်ကမ်းပါ” လို့… ပြောချလိုက်တယ်။ သာလှတစ်ယောက် ဆရာမ၀ါဝါ ဘာပြောလိုက်မှန်းမသိ…ရုတ်တရက် ကြောင်သွားပေမယ့်…. မြို့တော်ဝန်ကတော့ မကြောင်ဘူးခင်ဗျ… ဆရာမ၀ါဝါဆီကို လက်လှမ်းပြရင်း ပြုံးတယ်ဗျ… သာလှ သေချာမြင် လိုက်တယ်…..

နောက် ဆက်လက်ပြီး ဆိုကြ၊ ကကြတော့- ဘယ်သူကမြှောက်ပေးလိုက်တယ် မသိ၊ မြို့တော်ဝန်ဆိုတဲ့ ဘိုးတော်ကြီးက ဆိုတဲ့၊ ကတဲ့ ကလေးတွေကို ပန်းကုံးတက်စွပ်ပါလေရော…
မြို့တော်ဝန်တစ်ခါပန်းကုံးစွပ်တိုင်း၊ ကိုမင်းမောင်က လက်ခုပ်လေးတီးလို့၊ ဆရာမ၀ါဝါက “သိုင်းကယူးပါ” လို့ မိုက်နဲ့လှမ်းပြောတယ်ခင်ဗျ… သာလှကြောင်သွားပေမယ့် ဘိုးတော်ကြီးကတော့ ခေါင်းကလေးငြိမ့်လို့ ဆရာမကိုတောင် လက်ပြန်ပြလိုက်သေးတယ်…

သီချင်းတစ်ပုဒ်အသစ်စတိုင်း၊ မြို့တော်ဝန်ကလည်း ပန်းကုံးတက်စွပ်သလို၊ ဆရာမ၀ါဝါကလည်း “သိုင်းကယူးပါ” လို့တစ်ခါပြောတယ်… ကြာလာတော့ သာလှတောင် ကြည့်ရင်းကြည့်ရင်း၊ နားထောင်ရင်း၊ နားထောင်ရင်းနဲ့ “အိုင်အမ် ဗဲရီး ဟက်ပီးပါ” လို့ ပြောမိတော့မလို့ မနည်း ဘရိတ်အုပ်ထားရတယ်… ဖူးဖူးကတော့ တခစ် ခစ် နဲ့ ရီနေလေရဲ့၊ ဘာဖြစ်လို့လဲ သမီးလို့မေးတော့ ဟိုအန်တီကြီးက တစ်ခါတည်းနဲ့ စကား (၂) မျိုးပြောတတ်တယ်နော် ဖေဖေတဲ့…..

(၁)နာရီလောက်ကြာတော့၊ မြို့တော်ဝန်ကပြန်ဖို့ မတ်တတ်ထရပ်တယ်… အနီးအနားက မြန်မာမိသားစုတွေကို နှုတ်ဆက်ပြီးတော့ ပြန်မလို့လုပ်တော့၊ ဆရာမက စင်ပေါ်ကနေ “သိုင်းကယူးနော်”… “ ဆီးယူနော်” လို့ မိုက်နဲ့လှမ်းပြောတယ်ဗျ… ဟို မြို့တော်ဝန်ဆိုတဲ့ ဘကြီးကလည်း နားလည်တယ်ဗျ… လှမ်းပြီးခေါင်းငြိမ့်ပြတယ်….

ပွဲပြီးလို့ အိမ်ပြန်တဲ့လမ်းမှာ သာလှတစ်ယောက်ကားကိုသတိနဲ့မောင်းနေတုန်း- ရွှေမိက “ကိုရင်သာလှ၊ ရှင်… သမီးကို ဆရာမ၀ါဝါဆီ ပို့မလို့လားတဲ့”… သာလှတစ်ယောက် ယောင်ယမ်းပြီး ကားကို ဒက်စ်စတော့နင်းမိတော့မလို့….. အိုး… သာလှ ယောင်ပြီးပြောမိတာကတော့ “ဆောရီးပါ”…


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ထူးထူး (တောင်ငူ) – အို ဆရာမရယ်

  1. ဖိုးထက် on May 17, 2014 at 12:09 pm

    ဆရာ ထူးထူး

    ဖတ်ရတာ အရသာ လွှတ်ရှိဗျာ။ သိုင်းခရူးနော်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်