သန်းဝင်းလှိုင် – အာကာသ စူးစမ်းမှုသမိုင်း – အပိုင်း (၁)

May 20, 2014

အာကာသ စူးစမ်းမှုသမိုင်း – အပိုင်း (၁)
သန်းဝင်းလှိုင်
မေ ၂၀၊ ၂၀၁၄
 

လူသားတို့သည် ကမ္ဘာဦးအစကပင် အာကာသ ကောင်းကင်ပြင်ကြီးကို ကြည့်၍ စိတ်ဝင်တစား ရှိခဲ့ကြသည်။ ရှေးခေတ် သိုးထိန်းသည်များသည် ညဥ့်အခါ သိုးကျောင်းယင်း အပြောကျယ်လှသော ကောင်းကင်ပြင်ကြီးထဲ၌ လှပစွာထွန်းလင်းတောက်ပနေသောမှိတ်တုတ်မှိတ်တုတ်ကြယ်တာရာများကိုကြည့်၍ အတွေးနယ်ချဲ့ခဲ့ကြသည်။ ထို့ပြင် အာကာသနှင့် သက်ဆိုင်သော ကလေးချော့တေးများ၊ ဝတ္ထုပုံပြင်များကိုလည်း ခေတ်အဆက်ဆက်က အမျိုးမျိုး ရေးသားလာခဲ့ကြသည်။ 
 
အာကာသနှင့် သက်ဆိုင်သည့် ပုံဝတ္ထုများအနက် ရှေးအကျဆုံး ပုံဝတ္ထုစာအုပ်ကို ရေးသားခဲ့သူမှာ ဆီးရီးယားနိုင်ငံသား “လူစီယန်” ဆိုသူဖြစ်သည်။  သူရေးသားခဲ့သော ဇာတ်လမ်းမှာ ၂ ရာစုအတွင်း အလွန်ထင်ရှားခဲ့သည်။ အဆိုပါ ဝတ္ထုဇာတ်လမ်းတွင် သိပ္ပံဆိုင်ရာ အချက်အလက်များ လုံးဝမပါဘဲ သင်္ဘောတစ်စင်း ပင်လယ်တွင်း၌ သွားလာနေစဉ် လေဝဲကြီးတစ်ခု၏ စုပ်ယူခြင်းကို ခံရ၍ အာကာသအတွင်း လွင့်တက်သွားခဲ့ပြီး နောက်ဆုံးတွင် လဗိမာန်ကြီးဆီသို့ ရောက်ရှိသွားပုံနှင့် လဗိမာန်ကြီး၌ မည်သို့ မည်ပုံ စွန့်စားခဲ့ရပုံတို့ကို ဖတ်ချင့်စဖွယ်ဖြစ်အောင် စိတ်ကူးကောင်းကောင်းဖြင့် ရေးသားထားလေသည်။ 

လူစီယန် နောက်ပိုင်းတွင်လည်း အာကာသနှင့် ပတ်သက်သည့် စိတ်ကူးယဉ် ဝတ္ထုများ ဆက်လက် ပေါ်ပေါက်ခဲ့သော်လည်း သိပ္ပံပညာကို အခြေခံပြီး ရေးဖွဲ့ထားခြင်း မရှိခဲ့ချေ။

၁၈၆၅ ခုနှစ်၌ ပြင်သစ်လူမျိုး “ဂျူးဗန်း” အမည်ရှိ ပုဂ္ဂိုလ် တင်ပြခဲ့သည့် “ကမ္ဘာမြေပြင်မှ လဗိမာန်သို့” အမည်ရှိ ဝတ္ထုမှာ ၂ဝ ရာစုတွင် အာကာသခရီးကို လူသားတို့ တကယ်လက်တွေ့သွားရောက်ကြသော အခါ၌ တွေ့ရမည့် အချက်အလက်များနှင့် ပတ်သက်၍ အနီးစပ်ဆုံး ကိုက်ညီအောင် ဖော်ပြနိုင်စွမ်း ရှိခဲ့သည့် အာကာသ သိပ္ပံ စာအုပ်ပင်ဖြစ်သည်။ ယင်းဝတ္ထု၌ဂျူးဗန်းက သူ၏ ဇာတ်လိုက်များ စီးနင်းလိုက်ပါကြမည့် အာကာသယာဉ်ကို အမြှောက်ကြီးတစ်ခုတွင် မည်သို့ထည့်၍ ပစ်လွှတ်ခဲ့ရကြောင်း၊ ကမ္ဘာ့ဆွဲငင်ခြင်းအားမှ လွတ်မြောက်ရန် အာကာသယာဉ်ကို တစ်နာရီလျှင် မိုင် ၂၅ဝဝဝ အထိ မြန်နှုန်းရှိရန်လိုအပ်ကြောင်း၊ မြန်နှုန်းအလွန်ကြီးမားစွာဖြင့် လေထုကို ဖြတ်သည့်အချိန်၌ ပွတ်တိုက်အားကြောင့် အာကာသယာဉ်၏ အပြင်မျက်နှာပြင် တစ်ခုလုံးမှာ နီရဲလျက် ရှိကြောင်း၊ အာကာသအတွင်း၌ ယာဉ်ကို မည်သို့ပဲ့ကိုင် သွားနိုင်ကြောင်း တို့ကို တင်ပြထားသည်။ 

၁၇ ရာစုနှစ်များ မရောက်မီ နှစ်ပေါင်း ၂ဝဝဝ ကျော်မှစ၍  လူသားတို့သည် မိမိတို့နေထိုင်ရာ ကမ္ဘာမြေကြီးသည် စကြဝဠာ၏ဗဟိုအချက်အချာ ဖြစ်သည်ဟူသော အယူအဆကို လက်ခံယုံကြည် မှတ်သားခဲ့ကြသည်။ အာကာသဟင်းလင်းပြင်ကြီး ဆိုသောအရာမှာ အဆုံးအစ မရှိသော နေရာဖြစ်ပြီး၊ နေ၊ လ၊ ဂြိုဟ်၊ နက္ခတ်၊ တာရာတို့သည် ဖန်လုံးကြီးသဖွယ် လှည့်ပတ်ရွှေ့လျားနေသည်ဟု ယုံကြည်ထားကြသည်။

ကမ္ဘာပေါ်ရှိ ဖြစ်ပျက်နိယာမ သဘောတို့သည် နေ၊ လ၊ ဂြိုဟ်၊ နက္ခတ်၊ တာရာ စသော အခြားအရာများနှင့် မဆိုင်ဟုလည်း လက်ခံယုံကြည်ကြသည်။ ထိုယုံကြည်ချက်မှာ သွေဖီလက်ခံသူအား အယူအဆလွဲသည်ဟူ၍ မှတ်ချက်ချကာ သေဒဏ်ပေးခဲ့လေသည်။

၁၅၄၃ ခုနှစ်တွင် “နီကိုလပ်ကိုပါးနီးကပ်စ်” (၁၄၇၃ – ၁၅၄၃) အမည်ရှိ ပိုလန်ပြည်သား နက္ခတ္တ ဗေဒပညာရှင်သည် ထိုခေတ် အယူအဆကို လက်မခံဘဲ ကမ္ဘာကြီးသည် နေကိုလှည့်ပတ်နေသော အရာဖြစ်သည်ဟု တင်ပြခဲ့ရာ အများ၏ ၀ိုင်းဝန်းရှုပ်ချခြင်းကိုခံရပြီး အသတ်ခံရပေသည်။ ၁၅၈၄ ခုနှစ်တွင် “ဂျော်ဒါနူဘရူဒို” အမည်ရှိ အီတလီဘုန်းကြီးတစ်ပါးသည် အပြောကျယ်လှသော အနန္တစကြဝဠာကြီး ရှိကြောင်း၊ နေကိုကမ္ဘာက လှည့်ပတ်ကြောင်း၊ နေမှာလည်း သူ့လမ်းနှင့်သူ လှည့်လည်သွားလာနေကြောင်း တို့ကို ထုတ်ဖော်တင်ပြခဲ့၍ ကိုပါးနီးကပ် ကဲ့သို့ပင် ဖိုကျင်ထိုး၍ မီးရှို့အသတ်ခံရလေသည်။

ဒိန်းမတ်ပြည်မှ နက္ခတဗေဒပညာရှင် တိုင်ချိုဘရား (၁၅၄၆-၁၆ဝ၁) ဆိုသူက ၁၅၉၈ ခုနှစ်တွင် ကမ္ဘာက နေကိုပတ်လမ်း စက်ဝန်ကြီးအတိုင်း ပတ်နေကြောင်း၊ ဗုဒ္ဓဟူးဂြိုဟ်၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့သည်လည်း နေကို ပတ်နေကြောင်း အဆိုပြုခဲ့လေသည်။ ထို့ပြင် ဂြိုဟ်များ၏ တည်နေရာများကို ပိုမိုတိကျမှန်ကန်စွာ တိုင်းတာနိုင်သော ပစ္စည်းကိရိယာများကို ကိုယ်တိုင်ပုံစံပြုလုပ်၍ လုပ်ပေးခဲ့သည်။

ထို့နောက် ၁၁ နှစ်ကြာသောအခါ ဂျာမန်သင်္ချာပါရဂူ ဂျိုဟန်နီးကက်ပလာ (၁၅၇၁-၁၆၃ဝ) က ဂြိုဟ်များသည် နေကို ဘဲဥပုံဏ္ဍာန် (အီလစ်) လမ်းကြောင်းအတိုင်း လှည့်ပတ်သွားလာနေကြောင်းကို သင်္ချာနည်းဖြင့် အဖြေထုတ်၍တင်ပြခဲ့ရာ၊ မူလယုံကြည်လက်ခံသော အယူအဆများကို ပို၍ ယိမ်းယိုင်စေခဲ့သည်။ 

ထို့နောက် ၁၆ဝ၄ ခုနှစ်တွင် အီတလီပြည်မှ ရူပဗေဒပညာရှင် နက္ခတ္တဗေဒပညာရှင် နှင့် သင်္ချာပညာရှင်ကြီး တစ်ဦးဖြစ်သူ ဂါလီလီယိုဂါလီလိုင်း (၁၅၆၄-၁၆၄၂) သည် ကြယ်တာရာ အသစ်တစ်လုံးကို ထပ်မံတွေ့ရှိသည်။  တိုင်ချိုဘရားကလည်း ၁၅၇၂ ခုနှစ်တွင် ကြယ်တာရာတစ်လုံးကို လေ့လာတွေ့ရှိပြန်ရာ ကောင်းကင်ကြီးသည် အပြောင်းအလဲရှိသော အရာဖြစ်ကြောင်းကို သိရှိလာကြသည်။

ယင်းနောက် မကြာမီမှာပင်  ဂယ်လီလီယိုက နက္ခတ်တာရာကြည့် မှန်ပြောင်းတစ်ခုကို ၁၆၀၉ ခုနှစ်တွင် ပြုလုပ်အောင်မြင်ခဲ့ရာ ၁၆၁ဝ ပြည့်နှစ်၌ ယင်းမှန်ပြောင်းဖြင့် လေ့လာစူးစမ်းကာ နက္ခတ်တာရာများ အကြောင်းကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ထဲ၌ ဖော်ပြချက်များမှာ လပေါ်တွင် တောင်များ၊ ပင်လယ်များ၊ မြစ်ချောင်းများ ရှိကြောင်း ဂျူပီတာခေါ် ကြာသပတေးဂြိုဟ်တွင် အရံဂြိုဟ်ခေါ် လများလှည့်ပတ်လျက် ရှိကြောင်းတို့ကို ဖော်ပြထားလေသည်။

ကယ်လီလီယိုသည် ကိုပါနီးကပ်စ်တင်ပြခဲ့သော နေ ဗဟိုပြုစကြ၀ဋ္ဌာ စနစ်ကို ရဲရင့်ခိုင်မာစွာ ထောက်ခံတင်ပြခဲ့ပြီးနောက် ၁၆၄၂ ခုနှစ်တွင် ကွယ်လွန်ခဲ့လေသည်။

ဂယ်လီယိုယို ကွယ်လွန်သောနှစ်တွင် အင်္ဂလန်ပြည်၌ အိုက်ဆက်နယူတန် (၁၆၄၂-၁၇၂၇) ခေါ် ဥာဏ်ကြီးရှင်ဖြစ်လာမည့် ကလေးသူငယ်ကို မွေးဖွားခဲ့လေသည်။ အိုက်ဆက်နယူတန်သည် သင်္ချာပညာ၌ အလွန်ထူးချွန်သည်။ တွေးခေါ်ပညာ၌ စိတ်ဝင်စားသော သဘာဝ ၀တ္တပညာရှင်တစ်ဦးလည်း ဖြစ်၏။ သူသည် သူ့ခေတ်မတိုင်မီ ပေါ်ပေါက်ထင်ရှားခဲ့သော ကိုပါးနီးကပ်စ် ၊ ဂယ်လီလီယို စသော သိပ္ပံပညာရှင်များ၏ တွေ့ရှိချက် အဖုံဖုံကို အခြေပြု၍ သိပ္ပံနိယာမများကို ဖော်ထုတ်ခဲ့လေသည်။ သူ့နိယာမများ၌ အာကာသထဲ၌ ရွေ့လျားမှု သဘောများ၊ စကြ၀ဋ္ဌာ၏ အခြေခံ သဘောများ စသည်တို့ ပါဝင်သည်။

နယူတန်ဖော်ပြခဲ့သည်မှာ ကမ္ဘာ့ကုန်းမြေတိုက်ပေါ်တွင် ဖြစ်ပျက်သော အကြောင်းကိစ္စတို့သည် လေဟာပြင် အာကာသထဲတွင် ဖြစ်ပျက်ခဲ့သော အကြောင်းကိစ္စတို့နှင့် ထပ်တူပြု၍ တွေးဆနိုင်သည်ဟု ဆိုသည်။ နယူတန်သည် ကက်ပလာ မတွေးဆနိုင်သော ပြဿနာကို တွေးဆနိုင်ခဲ့သူ ဖြစ်သည်။ ထိုအထဲတွင် မြေကြီး၏ ဆွဲငင်အား သဘောလည်း ပါသည်။ နယူတန်က သူ၏ ဦးခေါင်းပေါ်သို့ သစ်တော့သီးတစ်လုံး ကြွေကျခဲ့သည့် ဖြစ်ရပ်သည် ကမ္ဘာကိုပတ်၍ လက ရွှေ့လျားနသော နိယာမနှင့် အတူတူဖြစ်ကြောင်းနှင့် နေကို ဗဟိုပြု၍ ဂြိုဟ်များ ပတ်သွားနေနိုင်ကြခြင်းမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆွဲငင်မှုများ ရှိနေကြသည့်အတွက် ဖြစ်ကြောင်းတို့ကို သာဓကများဖြင့် ထုတ်ဖော်တင်ပြသွားခဲ့လေသည်။

နယူတန်တင်ပြခဲ့သော ရွေ့လျားမှု တတိယနိယာမတွင်  “အားတစ်ခုတိုင်း၌ တန်ပြန်သက်ရောက်မှု ရှိသည်” ဟူသောအချက်မှာ အာကာသ ခရီးသွားလာရေးအတွက် များစွာ အရေးပါလာခဲ့လေသည်။

မျက်မှောက်ခေတ် နက္ခတ်သိပ္ပံပညာရှင်များ လက်ခံထားသော စကြ၀ဋ္ဌာအယူအဆမှာ နေသည် အာကာသအတွင်း “မဟာပေါက်ကွဲမှုကြီး” (Big Bang) ဖြစ်ပွားလာပြီး ဟိုက်ဒရိုဂျင် ဓါတ်ငွေ့များ စုစည်းလာရာမှ ဖြစ်လာသည်ဟု သိပ္ပံပညာရှင်များ ယူဆထားကြသည်။

နေသည် သာမန်ကြယ်တစ်လုံးမျှသာ ဖြစ်သည်။ သို့သော် နေတွင် ထူးခြားချက် ရှိသည်။ နေတွင် ဂြိုဟ်အဖွဲ့အစည်းရှိပြီး ထင်ရှားသော ဂြိုဟ်ကိုးလုံး ရှိသည်။  ကျွန်ုပ်တို့ နေထိုင်သည့် ကမ္ဘာကြီးသည် နေအဖွဲ့အစည်း အတွင်းမှ ဂြိုဟ်တစ်ခုသာ ဖြစ်သည်။ နေကိုဗဟိုပြု၍ လည်ပတ်နေသော “နေအဖွဲ့အစည်း” အတွင်း ဂြိုဟ်များကို နေမှ အနီးအဝေး အလိုက် ရေတွက်ပါက ဗုဒ္ဓဟူးဂြိုဟ် (ကီလိုမီတာ ၅၇ ဒသမ ၉ သန်း)၊ သောကြာဂြိုဟ် (ကီလိုမီတာ ၁ဝ၈ ဒသမ ၂ သန်း)၊ ကမ္ဘာ (ကီလိုမီတာ ၁၅ဝ သန်း)၊ အင်္ဂါဂြိုဟ် (ကီလိုမီတာ ၂၂၇ ဒသမ ၉ သန်း) ၊ ကြာသပတေးဂြိုဟ် (ကီလိုမီတာ ၇၇၈ ဒသမ ၃ သန်း) ၊ စနေဂြိုဟ် (ကီလိုမီတာ ၁၄၂၇ သန်း)၊ ယူရေးနပ်စ်ဂြိုဟ် (ကီလိုမီတာ ၂၈၆၉ သန်း)၊ နက်ပကျွန်းဂြိုဟ် (ကီလိုမီတာ ၄၄၉၈ သန်း)၊ ပလူတိုဂြိုဟ် (ကီလိုမီတာ ၅၉ဝဝ သန်း) ဟူ၍ တွေ့ရသည်။ ထို့ပြင် နေအဖွဲ့အစည်းအတွင်း၌ ယင်းဂြိုဟ်ကြီး ကိုးလုံးအပြင် အရံ ဂြိုဟ် (ဝါ) လများနှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားပေါင်း သုံးသောင်းခန့်နှင့် ကြယ်တံခွန်ပေါင်း သန်းတစ်သိန်းခန့် ရှိသေးသည်။ ဂြိုဟ်သိမ် ဂြိုဟ်မွှားများသည်  အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ် အကြားတွင် ရှိ၍ နေမှ ကီလိုမီတာ ၄၁၄ ဒသမ ၄ သန်း အကွာအဝေးတွင် ရှိသည်။

၁၉၈၆ ခုနှစ်တိုင်အောင် အခြားသော ကြယ်များတွင် ဂြိုဟ်အဖွဲ့အစည်းရှိသည့် အထောက်အထား မတွေ့ရသေးချေ။ ပညာရှင်အများစုသည် ဂြိုဟ်အဖွဲ့အစည်းရှိသည့် ကြယ်များ ရှိလိမ့်မည်ဟု မျှော်လင့်ထားသည်။ ၁၉၈၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂြိုဟ်သိမ်ဂြိုဟ်မွှား နှစ်လုံးကို ဂျာမန်နက္ခတ္တ ဗေဒပညာရှင် ရူစတာနှင့် အမေရိကန် နက္ခတ္တဗေဒပညာရှင် ဟယ်လင်တို့က တွေ့ရှိခဲ့သည်။  ရူစတာသည် ချီလီနိုင်ငံ နက္ခတ်တာရာ လေ့လာရေး စခန်းမှ တွေ့ရှိခဲ့သည်။ အဆိုပါ ဂြိုဟ်သိမ်သည် အချင်း သုံး ကီလိုမီတာခန့် ရှိ၍ နေမှ ကီလိုမီတာ ၁၇ ကုဋေခန့်အတွင်းတွင် ရှိသည်ဟုဆိုသည်။အမေရိကန် နက္ခတ္တဗေဒပညာရှင် ဟယ်လင်သည် အမေရိကန်ပြည်ထောင်စု ပလိုမာနက္ခတ်တာရာစခန်းမှ လေ့လာတွေ့ရှိခဲ့သည်။ ယင်းဂြိုဟ်သိမ်သည် အချင်း ၁ ကီလိုမီတာခန့်ရှိ၍ နေမှ အကွာအဝေး ကီလိုမီတာ ၁၆ ကုဋေခန့်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းပညာရှင်နှစ်ဦးက အချင်း သုံး ကီလိုမီတာခန့်ရှိ ဂြိုဟ်သိမ်ကို နေအဖွဲ့အစည်း၏ ဆယ်လုံးမြောက် ဂြိုဟ်တု သမုတ်ခဲ့ကြသည်။ သို့ရာတွင် ပညာရှင်ပိုင်းက လက်ခံခြင်း မရှိခဲ့ချေ။

သာမန်ကြယ်တစ်လုံးဖြစ်သောကျွန်ုပ်တို့၏နေသည် စင်စစ်ကြယ်သန်းပေါင်းများစွာ ပါဝင်ဖွဲ့စည်းထား သော “ဂယ်လက်ဆီ” ဟု ခေါ်သည့် ကြယ်စုကြီးအတွင်းမှ အညတြ ကြယ်ငယ်ကလေးတစ်ခု (၀ါ) သိမ်သိမ်ငယ်ငယ် ကြယ်အဖွဲ့ဝင်ကလေး တစ်ခုမျှသာ ဖြစ်သည်။

ကျွန်ုပ်တို့ နေမိသားစု ပါဝင်နေသော ဂယ်လက်ဆီကို မြန်မာလို “နဂါးငွေ့တန်း” ဟု ခေါ်၍၊ အင်္ဂလိပ်လို “မစ်ကီဝေး” ဟု မှည့်ခေါ်ထားသည်။ ဂယ်လက်ဆီ ကြယ်စုကြီး၌ ကြယ်ပေါင်း သန်းတစ်သိန်းခန့် ပါဝင်လျက် ရှိသည်။ ထို့ပြင် မြူခိုး မြူမှုန်များ အလွန်ကြီးမားလှသည့် ဓါတ်ငွေ့လုံးကြီးများလည်း ပါဝင်လျက် ရှိသည်။ ထိုအခါ ဝေးလံသောကြယ်တို့ကိုကြည့်သည့်အခါ ကြယ်တို့သည်ပြွတ်သိပ်လျက် တစ်လုံးချင်းအနေဖြင့် ခွဲခြားမမြင်နိုင် တော့ဘဲ ဖြူဖွေးနေသည့် အခိုးအငွေ့ကဲ့သို့လည်းကောင်း၊ နို့ရည်ဆမ်းထားသော လမ်းကြောင်းကြီး ကဲ့သို့လည်းကောင်း တွေ့မြင်ရသောကြောင့် အင်္ဂလိပ်ဘာသာဖြင့် မစ်ကီဝေး ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

ကျွန်ုပ်တို့ နေ ပါဝင်လျက်ရှိသည် ထိုဂယ်လက်ဆီ ကြယ်စုကြီးသည်လည်း ဂယ်လက်ဆီ ကြယ်စုပေါင်း (၁၇) စုမျှ ပါဝင်ဖွဲ့စည်းထားသော ဂယ်လက်ဆီ အုပ်စုကြီးအတွင်း၌ အဖွဲ့ဝင် ဂယ်လက်ဆီ ကြယ်စုတစ်ခုမျှသာ ဖြစ်သည်။

ကျွန်ုပ်တို့ ဂယ်လက်ဆီ ကြယ်စုကြီး၏ အချင်းသည် အလင်းနှစ် တစ်သိန်းခန့် ရှိသည်။ အလင်းနှစ်ဆိုသည်မှာ တစ်စက္ကန့်တွင် မိုင်ပေါင်း ၁၈၆ဝဝဝ (၁၈၆ဝ၈၆ မိုင်) သွားနိုင်သော အကွာအဝေးကို ဆိုလိုသည်။ တစ်စက္ကန့်လျှင် ၁၈၆ဝဝဝ မိုင်၊ ထိုနှုန်းအတိုင်း တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက်… ၊ ထိုနှုန်းအတိုင်း တစ်လ၊ ထိုနှုန်းအတိုင်း တစ်နှစ် သွားလာနေသော အကွာအဝေးသည် မည်မျှ ဝေးကွာမည်ကို ခန့်မှန်းကြည့်နိုင်သည်။ (အလင်းနှစ်တစ်နှစ်လျှင် မိုင်သန်းပေါင်း ၆ သန်းနှင့် ညီမျှသည်)

ကျွန်ုပ်တို့ နေ ပါဝင်နေသော ဂယ်လက်ဆီကြယ်စုကြီးသည် ပုံသဏ္ဍာန်အားဖြင့် လှည်းဘီးသဏ္ဍာန်ရှိ၍ ယင်း၏ အလယ်ဗဟိုတွင် မို့မောက်လျက် ရှိသည်။ ကျွန်ုပ်တို့၏ နေသည် ဂယ်လက်ဆီ၏ ဗဟိုချက်မှ အလင်းနှစ် သုံးသောင်းအကွာတွင် မထည်မ၀ါ ရှိနေပြီး ယင်း ဂယ်လက်ဆီကြီးကို တစ်စက္ကန့်လျှင် ၁၂ မိုင် ကျော်နှုန်းဖြင့် လှည့်ပတ်လျက် ရှိသည် တစ်ပတ်ပတ်မိရန် နှစ်ပေါင်း သန်း ၂၅ဝ ခန့်မျှ ကြာသည်ဟု နက္ခတ္တဗေဒပညာ တွက်ချက်ရယူနိုင်ခဲ့သည်။ အခြားကြယ်များသည်လည်း နေကဲ့သို့ပင် ဂယ်လက်ဆီ၏ ဗဟိုကို လှည့်ပတ်လျက် ရှိသည်။ အချို့ကြယ်တို့၏ အလျင်မှာ တစ်စက္ကန့်လျှင် မိုင် ၅ဝ ကျော် ရှိသည်။

ကျွန်ုပ်တို့၏ နေသည် နေဘ၀၌ နေခဲ့သည်မှာ သက်တမ်း တ၀က်ကျိုးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် သက်တမ်းတ၀က်မျှသာလျှင် နေဘ၀၌ နေရပေတော့မည်။ သက်တမ်းတ၀က်သာလျှင် နေရတော့မည်ဟု ဆိုသည်မှာ နောက်ထပ်နှစ်သန်းပေါင်း ၅ဝဝဝ မျှကို ဆိုလိုသည်။ နေသည် နှစ်ပေါင်း သန်း ၂၅ဝ လျှင် တစ်ပတ်ကျဖြင့် ဂယ်လက်ဆီ၏ ဗဟိုကိုလှည့်ပတ်ခဲ့သည်။ ယခုအခါ အတ် ၂ဝ ရှိခဲ့ပြီး သက်တမ်းအားဖြင့် နှစ်သန်းပေါင်း ၅ဝဝဝ ရှိခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် အပတ် ၂ဝ သာလျှင် လှည့်ပတ်လှုပ်ရှားရတော့မည်သာ ဖြစ်သည်။
 

နေနှင့် နှိုင်းဆပါက အဖွဲ့ဝင် ဂယ်လက်ဆီ ကြယ်စုကြီးသည် ကြီးမားလှပေသည်။ သို့ရာတွင် ဂယ်လက်ဆီ ကြယ်စုကြီးသည်လည်း ဂယ်လက်ဆီ ၁၇ ခုမျှ ပါဝင်သော ဂယ်လက်ဆီအုပ်စုကြီး နှိုင်းဆပါက သာမည ဂယ်လက်ဆီ တစ်ခုမျှသာ ဖြစ်သည်။ အဆိုပါ ဂယ်လက်ဆီ အုပ်စုကြီးသည်လည်း မဟာစကြ၀ဋ္ဌာအတွင်းရှိ အခြားဂယ်လက်ဆီအုပ်စုကြီးများနှင့် နှိုင်းယှဉ်ပါက သာမည ဂယ်လက်ဆီ အုပ်စုတစ်ခုမျှသာ ဖြစ်နေပေသည်။ မဟာစကြ၀ဋ္ဌာအတွင်း၌ ဂယ်လက်ဆီ အုပ်စုကဲ့သို့ အခြားဂယ်လက်ဆီ ကျွန်းများလည်း မရေတွက်နိုင်အောင် ရှိနေသေးသည်။

ကျွန်ုပ်တို့၏ မစ်ကီဝေးခေါ် ဂယ်လက်ဆီကြယ်စုကြီး၏အခြားတစ်ဖက်ကိုမူ နက္ခတ်သိပ္ပံပညာရှင်များ သည် လက်လှမ်းမမီသေး။ ကော့ပါးနီးကပ်စ် အစရှိသည့် သိပ္ပံပညာရှင်တို့ လက်ထက် ကျွန်ုပ်တို့၏ နေနှင့် ဂြိုဟ်များ ပါဝင်နေသော နေအဖွဲ့အစည်း လောက်ကိုသာ “စကြ၀ဠာ” ဟု ခေါ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ အတိုင်းမသိ အနာဒိအနန္တ ကျယ်ပြောလှသောအာကာသကြီးနှင့်မြောက်မြားလှစွာသော ဂယ်လက်ဆီကျွန်းတို့ကို ခြုံငုံ၍ “စကြဝဠာ” ဟု ခေါ်ဆိုနေကြပြီ ဖြစ်သည်။

တိုလ်မီက တစ်ချိန်က ကမ္ဘာကို “ဗဟို” ဟု ယူဆခဲ့ကြ၏။ သို့ရာတွင် ကမ္ဘာသည် ဗဟိုအဖြစ်မှ ရွေ့လျားခဲ့သည်။ ကော့ပါးနီးကပ်စ်က နေသည် ဗဟိုဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ဤဖော်ပြချက်သည်လည်း မှားယွင်းကြောင်း နှောင်းလူတို့ တွေ့ခဲ့ပြီ ဖြစ်သည်။ 

ကျွန်ုပ်တို့၏ နေအဖွဲ့အစည်းရှိရာ ဂယ်လက်ဆီ ကြယ်စုကြီးအတွင်း၌ ကျွန်ုပ်တို့၏ နေအဖွဲ့အစည်း ကဲ့သို့သော နေအဖွဲ့အစည်းပေါင်း ၁၃ဝ ခန့် ရှိကြောင်း၊ ဆိုဗီယက် နက္ခတ္တဗေဒပညာရှင်များက ကြေငြာခဲ့ကြသည်။ ဤသည်မှာလည်း လူတို့၏ လက်လှမ်းမီသမျှ စူးစမ်းတွေ့ရှိရသော အချက်အလက်များသာ ဖြစ်သည်။ ယင်းတို့ထက် ပို၍ ရှိကောင်းရှိပေလိမ့်ဦးမည် ဖြစ်သည်။

ထို့ပြင် ဂယ်လက်ဆီ ကြယ်စုကြီး၏ အစွန်အဖျားတွင်ကြယ်နှင့်အဆင်းသဏ္ဌာန်တူပြီး ဂယ်လက်ဆီကဲ့သို့ ရေဒီယိုလှိုင်းများ ထွက်နေသည့် ကြယ်လည်းမဟုတ်၊ ဂယ်လက်ဆီလည်း မဟုတ်သော ကွာဆာ ခေါ် နက္ခတ္တဝတ္ထုများလည်း ရှိသေးသည်။ ကွာဆာ၏ အလင်းရောင်ခြည်သည် နေအလုံးပေါင်း ကုဋေ ၁ဝဝ ၏ အလင်းထက် အဆပေါင်း ၁ဝဝဝ ပိုလင်းသည်။ ထို့ပြင် ကွာဆာအချို့၏ ရွေ့လျားမှုအလျင်မှာလည်း အလင်း အလျင်၏ ရာခိုင်နှုန်း ၈၀ နီးပါး ရှိကြောင်းကို တွေ့ရှိခဲ့ရသည်။ ယနေ့အထိ ကွာဆာစုစုပေါင်း ၂၀၀ ခန့် စူးစမ်းတွေ့ရှိခဲ့ပြီး ဖြစ်သည်။
မျက်မှောက်ခေတ် သိပ္ပံပညာရှင်တို့၏ စနစ်တကျ စူးစမ်းလေ့လာမှုများကြောင့် ကြယ်များ၏ ဖြစ်ပေါ်တည်ရှိမှုသဘော သဘာဝကိုလည်း သိရှိနိုင်ခဲ့သည်။ ကြယ်ဖြစ်ပေါ်ပုံမှာ စကြ၀ဋ္ဌာအတွင်း ပြန့်လွင့်လျက် ရှိသော အေးမြသည့် ဓါတ်ငွေ့များ (အများစုမှာ ဟိုက်ဒရိုဂျင်နှင့် ဓါတ်ငွေ့များ) နှင့် ဖုံမှုန့်များသည် ဆွဲငင်အားကြောင့် အချင်းချင်း စုစည်းမိကြခြင်းဖြင့် စတင်ခဲ့သည်။ ယင်းသို့ စုစည်းမှုကြောင့် အတွင်းဖက်တွင် ဖိအားနှင့် အပူရှိန်ကို ဖြစ်ပေါ်စေပြီး ဟိုက်ဒရိုဂျင် အဏုမြူများသည် ဟီလီယံအဏုမြူများ အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြင့် အလွန်ပြင်းထန်သော စွမ်းအားကို ဖြစ်ပေါ်စေသည်။ တနည်းအားဖြင့် ကြယ်အဖြစ်ဖြင့် ဖွဲ့စည်း ဖြစ်ပေါ်လာသည်။ ကြယ်တစ်လုံး၏ သက်တမ်းမှာ ယင်းရှိလောင်စာများ မကုန်ဆုံးသရွေ့ နှစ်သန်းပေါင်းများစွာ ရှည်ကြာသည်။ ကြယ်တစ်လုံးပင် ဖြစ်သော ကျွန်ုပ်တို့၏ နေသည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း နောင်အနှစ် သန်း ၅ဝဝဝ အကြာတွင် သက်တမ်းကုန်ဆုံးမည်ဟု ခန့်မှန်းထားကြသည်။ ယင်းသို့ သက်တမ်းကုန်ဆုံးလုနီးတွင် နေသည် အဆမတန်ကြီးမားကျယ်ပြန့်လာမည်ဖြစ်ရာ ကျွန်ုပ်တို့၏ ကမ္ဘာကြီးကိုပင် ၀ါးမျိုးသွားနိုင်ဖွယ် ရှိသည်ဟု နက္ခတ်သိပ္ပံပညာရှင်များက တွက်ချက်ထားကြလေသည်။ 

ရာဇ၀င်ကြောင်းအတိုင်း လိုက်မည်ဆိုလျှင် အာကာသခရီးသွားလာရေးမှာ “ရော့ကက်” (Rocket) ခေါ် “ဒုံးပျံ” များ စတင်ပေါ်ပေါက်သည့်အချိန်ကို လိုက်ရပေမည်။

ဒုံးပျံကို မည်သည့်အချိန်က စတင်တီထွင်ခဲ့သည်ကို နှောင်းလူတို့ အတိအကျ မသိသော်လည်း ပထမဆုံး မှတ်တမ်းတင်အပ်သော အကြောင်းအရာမှာ ၁၃ ရာစုနှစ်အတွင်း ၁၂၃၂ ခုနှစ်၌ တရုတ်နှင့် မွန်ဂိုတို့ ဖြစ်ပွားခဲ့သော စစ်ပွဲဖြစ်၏။ ဟိုနန်ပြည်နယ်အတွင်းရှိ “ကေဖန်ဖူး” (Kai-fang Fu) မြို့ကို မွန်ဂိုစစ်သည်များ ၀ိုင်းရံတိုက်ခိုက်သောအခါ အ၀ိုင်းခံရသော တရုတ်စစ်သားများက မွန်ဂိုစစ်သည်များအား ဒုံးပျံများဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့သည်ဟူ၍ ဗြိတိန်နိုင်ငံသား ဒုံးပျံသုတေသီ “မီလီလေး” က မှတ်တမ်းတင်ခဲ့သည်။ ဤသည်မှာ ဒုံးပျံများကို ပထမဆုံး အသုံးပြုသည့် သမိုင်း အထောက်အထားပင် ဖြစ်သည်။

ထို့နောက် ၁၂၄၁ ခုနှစ်တွင် တာတာလူမျိုးများနှင့် ပိုလန်လူမျိုးတို့ ဥရောပတိုက်၌ စစ်ဖြစ်ကြရာတွင် တာတာလူမျိုးတို့က ဒုံးပျံများကို အသုံးပြု၍ ပိုလန်စစ်သည်များကို နှိမ်နှင်းခဲ့သည်ဟူ၍လည်း သုတေသီများက လေ့လာတွေ့ရှိခဲ့သေးသည်။

ဥရောပတိုက်မှ လူမျိုးများသည်လည်း ထိုဒုံးပျံများကို တုပလုပ်ကိုင်၍ စစ်ပွဲသုံး လက်နက်အဖြစ် ဆက်လက် သုံးစွဲခဲ့ကြသည်။ ခရစ်သက္ကရာဇ် ၁၆၀၀ ပြည့်နှစ်ခန့်တွင် အမြှောက်ကြီးများ ခေတ် ရောက်လာသောကြောင့် ဒုံးပျံများကို အသုံးပြုမှု နည်းသွားလေသည်။ မီးရူးမီးပန်းများ ဖောက်ရန်အတွက်ပါ သုံးသူ ရှိကြလေသည်။

ဗြိတိသျှတပ်များဖက်မှ အမြှောက်တပ်မှူးတစ်ဦးဖြစ်သူ “၀ီလျံကွန်းဂရိ” (William Congreve) ဆိုသူသည် ဒုံးပျံများကို ပြုလုပ်ရန် စိတ်ဝင်စားလာပြီး ၁၈ဝ၅ ခုနှစ်တွင် ကြံစည်စမ်းသပ်ရာ ကိုက် ၂ဝဝဝ အကွာထိ ပြေးသော ဒုံးပျံများကို သုံးစွဲလာနိုင်လေသည်။ ၁၈၁၂ ခုနှစ်က အမေရိကန်လွတ်လပ်ရေး စစ်ပွဲများအတွင်း၌ အင်္ဂလိပ်တို့က ရန်သူခံတပ်များပေါ်သို့ လွှတ်သော ဒုံးပျံများမှာ ကွန်းဂရိ၏ ဒုံးပျံများသာ ဖြစ်လေသည်။ သို့ရာတွင် မကြာမီပင် ဒုံးပျံများ ခေတ် တိမ်ကောသွားပြန်သည်။ အကြောင်းမှာ အမြောက်များကဲ့သို့ ပစ်မှတ်ကို တည့်မတ်စွာ မထိမှန်သဖြင့် လူသုံးနည်းသွားခြင်း ဖြစ်သည်။

၁၉ ရာစှ နှစ်အစပိုင်းသို့ ရောက်မှသာ သိပ္ပံပညာရှင်အချို့သည် ဒုံးပျံဖြင့် ခရီးသွားလာရေးကို အလေးအနက်ပြု၍ စမ်းသပ်လာကြသည်။ 

၁၈၉၈ ခုနှစ်၌ ရုရှားလူမျိုး “ကွန်စတန်ဆီအိုကော့စကီး” Konstantin Tsiolkovsky (၁၈၅၇ – ၁၉၃၅) သည် ဒုံးပျံတည်ဆောက်ရေး အခြေခံသဘောတရားကို  ကမ္ဘာပေါ်တွင် ပထမဆုံး တင်ပြနိုင်ခဲ့သည်။ ဆီအိုကော့စကီးအား ၁၈၅၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် သစ်ခုတ်သမား မိသားစုမှ မွေးဖွားခဲ့သည်။ သူ့ဖခင်မှာ တောခေါင်းကြီးဖြစ်၍ ပိုလန်နွယ်ဖွားတစ်ဦးဖြစ်သည်။ သူ၏ ဖခင်သည် အားလပ်ချိန်များတွင် တီထွင်မှုများ ပြုလုပ်ယင်း ပျော်မွေ့သူတစ်ဦး ဖြစ်သည်။ သို့သော် သူ တီထွင်မှုများမှာ အောင်မြင်ခြင်း မရှိခဲ့ချေ။ ဆီအိုကောစကီး အသက် ၁၁ နှစ် အရွယ်တွင် အဖျားရောဂါကြောင့် နားပင်း၍ သွားခဲ့လေသည်။ သို့သော် မိမိကိုယ်မိမိ ပညာရရှိအောင် ကြိုးစားဆည်းပူး အားထုတ်ခဲ့သည်။ အသက် ၂ဝ အရွယ်တွင် ကာလူးဂါး မြို့လေးတစ်မြို့၌ ကျောင်းဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့လေသည်။ အသက် ၂၃ နှစ် အရွယ်တွင် ဆီအိုကော့စကီးသည် မည်သည့်အကူအညီမျှမပါပဲနှင့် အလင်းရောင်၏ မြန်နှုန်းကို တိုင်းတာနိုင်သော ကိရိယာတစ်ခုကို ပြုလုပ်နိုင်ခဲ့လေသည်။ ထိုအချိန်၌ အလားတူ ကိရိယာမျိုးကို အခြား သိပ္ပံပညာရှင် အချို့က အနည်းငယ်စော၍ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်းကို သူမသိခဲ့ပေ။

မူလက အတောင်ပံတပ်၍ ထိန်းကျောင်းပေးနိုင်သော ယဉ်များ၌ စိတ်ဝင်စားခဲ့သော်လည်း ၁၈၉၅ ခုနှစ်သို့ ရောက်သောအခါ အာကာသခရီးသွားလာရေးကို အာရုံစိုက် လေ့လာခဲ့သည်။ ဆီအိုကော့စကီးသည် ဒုံးပျံများကို လွှတ်တင်ရန် နယူတန်ရှာဖွေတွေ့ရှိခဲ့သော “အားတစ်ခုတိုင်း၌ တန်ပြန်သက်ရောက်မှု ရှိသည်” ဟူသော သဘောတရားကို အသုံးပြုရန်နှင့် ဒုံးပျံများ၌လည်း အရည်လောင်စာများကို သုံးစွဲသင့်ကြောင်း တင်ပြခဲ့သည်။ ထို့ပြင် ဒုံးပျံများ ပစ်လွှတ်ရာ၌ တစ်ဆင့်တည်းသာ ဖောက်ခွဲပစ်လွှတ်ခြင်း မပြုပဲ အဆင့်ဆင့် ဆက်တိုက်ဖောက်ခွဲပစ်လွှတ်ရန် နည်းလမ်းများကိုလည်း စိတ်ကူးရခဲ့သူ ဖြစ်သည်။

(ဆက်လက်ဖေါ်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်