ငြိမ်းချမ်းအေး – ပြောင်းလဲဖို့က အချိန်တောင် နှောင်းနေပါပြီ

May 23, 2014

ပြောင်းလဲဖို့က အချိန်တောင် နှောင်းနေပါပြီ

ငြိမ်းချမ်းအေး
မေ ၂၃၊ ၂၀၁၄
 
 

လူ့အဖွဲ့အစည်း တခု မှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်၊ လိင်တိမ်းညွတ်မှု အစရှိတဲ့ မတူကွဲပြား ခြားနားချက်တွေ ကို အခြေခံ ခွဲခြားမှု၊ ဖိနှိပ်မှု၊ မတရားမှုတွေ ပြု၊ အမုန်းတွေ ပွား နေခြင်း၊ ပဋိပက္ခ ဖြစ်စဉ်တွေ များနေခြင်း ဟာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု အဆင့်အတန်း ကို ပြတယ်။  ဒါဟာ လူ့အဝန်းအဝိုင်းရဲ့ အသိ ဉာဏ် ပညာ၊ အတွေးအခေါ်၊ အမြင် ရေချိန် နဲ့လည်း တိုက်ရိုက် ဆက်သွယ် နေတယ်။
 
ဒီနေရာမှာ ယဉ်ကျေးမှု ဆိုတာက လူသား ယဉ်ကျေးမှု ကို ဆိုလိုခြင်းပါ။  ဗမာပြည် မှာက ယဉ်ကျေးမှု ဆိုရင် ရိုးရာ (Custom/Tradition)၊ ဓလေ့ (Culture) ဆိုတဲ့ သဘောတွေ နဲ့ ရောထွေး ပစ်တတ်ကြတယ်။  လူ့ ယဉ်ကျေးမှု ဆိုတာ က အသိ အမြင်၊ ဉာဏ်ပညာ အလိမ္မာ တိုး၊ ဆင်ခြင်တုံတရား ပိုမို ရှိလာခြင်းနဲ့ အတူ စဉ်ဆက်မပြတ် ပြောင်းလဲ ဖြစ်ထွန်း တိုးတက်နေရတဲ့ လူသားပီသမှု သဘော “Civilized” ဖြစ်မှု ဖြစ်စဉ်ကြီးပါ။  ဒါကို ရှေးထုံး အခြေခံ ရိုးရာဓလေ့ သဘော ထင်ယောင်မှား ယူဆရင် “ပြောင်းလဲယူတတ်ရမယ့်” လူ့ယဉ်ကျေးမှု အတွင်း ဖြစ်စဉ် အနှစ်သာရ ကို မမြင်နိုင် ဖြစ်တတ်ကြတယ်။

ကျောက်ခေတ် လူသား တဦး အတွက် မိမိ အုပ်စုဝင် မဟုတ်သူ အခြား တဦးတယောက်ကို ဖမ်း ယစ်ပူဇော် စားပွဲတော်တည်ခြင်း ဟာ အဲ့ဒီခေတ် အသိဉာဏ် စံ၊ ယဉ်ကျေးမှု ပေတံ နဲ့ ကိုက်ညီမှာပါပဲ။  ဒါပေမယ့် ယနေ့ခေတ်မှာ ဘိုးဘွား မျိုးနွယ် တူခြင်းက ဆင်းသက်လာခြင်း မဟုတ်လို့၊ မိမိ အုပ်စုဝင် မဟုတ်လို့၊ အယူဝါဒ ဓလေ့ထုံးစံ၊ အသွင်အပြင် မတူလို့ ဆိုကာ သတ်ချင် ဖြစ်ချင် ရှိနေသေးတယ်ဆိုရင်တော့ လူသား ယဉ်ကျေးမှု မထွန်းကား မမြင့်မားရာ ရောက်မှာပါ။

စာဖတ်သူဟာ (၁၈) ရာစု ဖွား လူဖြူ အရှင် သခင် မြေပိုင်ရှင်ကြီး တယောက် ဖြစ်တယ်ဆိုရင် အခြား လူသားတဦးကို (အထူးသဖြင့် အသားရောင်ရှိသူ တဦးကို) ကျွန် (အလုပ်သမား) ဈေးကွက်မှာ ဈေးပေါပေါ နဲ့ ငွေကြေး ပေး ဝယ်ယူပြီး အိမ်မှာ၊ စီးပွားအလုပ်မှာ တရားဝင် ခေါ်ယူ ခိုင်းစေနိုင်တယ်၊ ထွက်ပြေးရင် ပြန်ဖမ်းနိုင်၊ အသက်အထိ အပြစ် ပေးနိုင်တယ်။  ဒီ ငွေဝယ်ကျွန်ကို လူသား အခြေခံ လိုအပ်ချက် အစားအသောက်၊ အဝတ်အထည်၊ နေထိုင်မှု စီစဉ်ပေးဖို့ပဲ လိုတယ်၊ အလုပ်ကောင်းကောင်းလုပ်ရင် ဆုကြေး အနည်းအငယ် ပေးချင် ပေးမယ်။

ဒီလို အနေအထား၊ ဒီလို ပြုမူ ကျင့်သုံးမှု အတွက် စာဖတ်သူ ဟာ ကျင့်ဝတ်သီလ၊ ဒါမှမဟုတ် ဥပဒေ ချိုးဖောက်မှုမျိုး မဖြစ်ဘူး၊ လူ့အသိုင်းအဝိုင်းမှာ ဝင်ဆန့် လူကြီးလူကောင်း တယောက် အဖြစ် ခေါင်းမော့၊ ရင်ကော့ နေနိုင်တယ်၊ Gentleman လူယဉ်ကျေးကြီး အဖြစ် မိမိကိုယ်ကို ခံယူနိုင်တယ်၊ ပတ်ဝန်းကျင် က လည်း အသိအမှတ်ပြုတယ်။  (၂၀) ရာစု၊ (၂၁) ရာစု အချိန်မှာတော့ ဒီလို ပုံစံတူ ဖြစ်စဉ်မျိုး ကို လူကြီးလူကောင်း မဆန်၊ လူသား ကျင့်ဝတ် မသိ၊ လူမပီသ၊ လူ့ယဉ်ကျေးမှု မရှိ လို့ လူမှု အဝန်းအဝိုင်းက တုံ့ပြန်ခြင်း ခံရာမှာ ဖြစ်သလို တရားဥပဒေ အရလည်း အရေးယူ ခံရမှာပဲ။

လစ်ဘရယ်ဒီမိုကရေစီ ထွန်းကားတဲ့ လူယဉ်ကျေး ဆိုတဲ့ လူဖြူ လူ့အဖွဲ့အစည်း ဘိလပ် မှာ အမျိုးသမီး မဲပေးခွင့် (Suffrage) အကြောင်း ပြောရင်၊ ဆန္ဒပြ တောင်းဆိုရင် ပထမ ကမ္ဘာစစ် (၁၉၁၄-၁၈) မတိုင်မီ အထိ လူ့အသိုင်းအဝန်းမှာ မဝင်ဆန့်၊ မင်းပွဲ စိုးပွဲ မဝင်တဲ့ အပြင် ဖမ်းဆီး ထောင်ချခြင်းတောင် ခံရမှာ ဖြစ်တယ်။  ဒါပေမယ့် လက်ရှိ မှာ အမျိုးသမီး ဘောလုံးပွဲ ကို ဟာသ သဘော ပြောမိရုံနဲ့ အလုပ်ပြုတ် ထမင်းအိုးကွဲရုံမက လူအများရဲ့ ကဲ့ရဲ့ပြစ်တင် ရှုတ်ချခြင်းတောင် ခံရတယ်။

ဒါဟာ အသိအမြင်၊ အတွေးအခေါ်၊ ခံယူချက်၊ ကျယ်ပြန့် မြင့်မားလာခြင်း နဲ့ အတူ စံသတ်မှတ်မှုတွေ ပြောင်းလဲလာပြီး လူသား အားလုံး ရဲ့ တန်းတူညီမျှ ဖြစ်တည်မှု ကို အသိအမှတ်ပြု ပြောင်းလဲ လာတဲ့၊ တနည်းအားဖြင့် ပြောင်းလဲ ခံယူ ကျင့်သုံးတတ် ရမယ့် လူသား ယဉ်ကျေးမှု သဘောပဲ ဖြစ်တယ်။  ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ခံယူချက်၊ စံ တွေ ဟာ ပြောင်းလဲယူ ရတယ်၊ တိုးတက်လာတဲ့ အသိ ပညာ အလျောက် လူ့အဖွဲ့အစည်း ရဲ့ ယဉ်ကျေးမှု၊ ဓလေ့၊ ကျင့်သုံးပုံ စနစ်၊ စံ တွေဟာ မြင့်မား ပြောင်းလဲ ခံယူတတ်ရတယ်။

လက်ရှိ အချိန်မှာ မူလတန်း ကျောင်းသားငယ် က အစ သိတဲ့ နေဗဟိုပြု (Heliocentric Model) စကြာဝဠာ စနစ်အကြောင်းကို စာဖတ်သူသာ (၁၆) ရာစု မှာ ပြောမိရင် ဂယ်လီလီယို လိုပဲ ထောင်ကျမှာပဲ၊ အဲ့ဒီခေတ် ယဉ်ကျေးလှချည်းရဲ့ ဆိုတဲ့ လူ့ အသိုင်းအဝန်း က နေ ဖဲကြဉ်ခြင်း ခံရမှာပဲ၊ ကျင့်ဝတ်၊ သီလ နဲ့ လူသား ယဉ်ကျေးစေမှု ကို အဓိက ဖော်ဆောင်ပါတယ် ဆိုတဲ့ ဘာသာရေး အဖွဲ့အစည်းတွေရဲ့ မျက်မုန်းကျိုးခြင်း ခံရမှာပဲ။

ဒီလိုပဲ စာဖတ်သူဟာ ၁၉ ရာ စု လူသားတဦး ဆိုရင် လိင်တူချစ်သူတွေကို စိတ်ရောဂါ ဝေဒနာရှင်တွေ၊ စိတ် စံ လွဲနေသူတွေ အဖြစ် ရှုမြင်နိုင်တယ်၊ ဒါကို ထောက်ခံမယ့် လူလုပ် သိပ္ပံအချက် အလက်၊ ကျိုးကြောင်း ဆက်စပ်ပြမှုတွေလည်း အပြည့် ရှိမယ်။  ဒါပေမယ့် မျက်မှောက်ခေတ်မှာတော့ လိင်တူအချစ် ဟာ ရူးခြင်း မဟုတ်၊ သူတပါး ရဲ့ လိင်တိမ်းညွတ်မှု ရွေးချယ်ပုံကို မသတီ၊ မနှစ်မြို့၊ အမုန်းစိတ်ထားတဲ့ မိတ်ဆွေသာပဲ အရူး ဖြစ်လိ့မ်မယ်။  မိန်းမလျာ က ရွံ့စရာ မဟုတ်၊ မိတ်ဆွေသာလျှင် အော့အန်ဖွယ် ဖြစ်လိမ့်မယ်။  လိင်တူချစ်သူများက လူမပီသသူ များ မဟုတ်၊ မိတ်ဆွေသာလျှင် လူသား မပီသ၊ မယဉ်ကျေးသေးသူ ဖြစ်ပါလိ့မ်မယ်။

မတူကွဲပြားတဲ့ လွတ်လပ်စွာ ရွေးချယ်မှု၊ ဓလေ့၊ အယူဝါဒ၊ ကျင့်သုံးမှု တွေဟာ လူ့အဖွဲ့အစည်းကို၊ တခြား လူ အုပ်စု တခုခု ကို (သို့မဟုတ်) တဦးတယောက် ကို အန္တရာယ် ပြု မထိခိုက်သရွေ့ မတားဆီး မပိတ်ပင် ဖိနှိပ် ခွဲခြားမှု မလုပ်သင့်ဘူး၊ ရန်လို မုန်းတီးမှု မပြုအပ်ဘူး။  ဒီလို လူ့အဖွဲ့အစည်း က လူအုပ်စုတွေ၊ ဒါမှ မဟုတ် လူတဦးချင်းရဲ့ မတူကွဲပြားမှုတွေကို လက်သင့်ခံ နားလည် သည်းခံ ပေးကာ နှိမ့်ချ ရန်ပြုမှု မပြုဖို့ သဘောမျိုးတွေ ရေးရင် လူအများက ဒီမိုကရေစီ သဘောလို့ပဲ လွယ်လွယ် မြင်တတ်ကြတယ်။  မှားပြန်တယ်။  ဒါလည်း ပြောင်းလဲယူရတဲ့ လူသားယဉ်ကျေးမှု မြင့်မားလာခြင်း ဖြစ်စဉ် သဘောတခုပါပဲ။

ဒီမိုကရေစီ စနစ်၊ အကျင့်အကြံ သဘောမှာကို ခေတ်အလိုက် ဆိုခဲ့တဲ့ ကျယ်ပြန့်လာတဲ့ အသိ၊ ဉာဏ်ပညာပိုင်းဆိုင်ရာတွေ ကို အခြေပြုကာ ဒီမိုကရေစီ ယဉ်ကျေးမှုဟာ ပြုပြင်ပြောင်းလဲယူရတယ်။  လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ငါးရာ လွတ်လပ်မှုကို မြတ်နိုးလှပါရဲ့ ဆိုတဲ့ ဒီမိုကရေစီဘိုးအေ အေသင်နီယန် ဒီမိုကရေစီ က ဆိုကရေးတီး ကို အဆိပ်ကျွေး သေဒဏ်ပေးခဲ့တာဟာ မတူကွဲပြားတဲ့ အယူဝါဒ တွေကို ဟောကြားမှု၊ နိုင်ငံတော် က စံ သတ်မှတ်ပြဋ္ဌာန်း ကိုးကွယ်တဲ့ နတ်ဘုရား တွေကို မကိုးကွယ်ဘဲ အယူအဆ အသစ်တွေ အကြောင်းကို လူငယ်များအား လမ်းပြမှု ဆိုတဲ့ အကြောင်းကြောင့် ဖြစ်တယ်။

ဒီလို ကွဲပြားတဲ့ အမြင်၊ အယူဝါဒ တွေကို လက်ခံရမယ် ဆိုတဲ့ အသိကို လက်ရှိ ဒီမိုကရေစီ တိုင်းပြည်ကြီးများ တည်ရှိရာ ဥရောပမှာ ဉာဏ်ပညာအလင်းပွင့်တဲ့ ခေတ်လို့ ဆိုကြတဲ့ (၁၇) ရာစု နှောင်း “Age of Enlightenment” ခေတ် မတိုင်မီ အထိ မရှိကြသေးဘူး။  ဒီ့နောက်မှ ဘာသာရေး ဂိုဏ်း သီးသန့် ခွဲထွက်မှုတွေကို ပဋိပက္ခ မဖြစ်ဘဲ လက်ခံနိုင်မှု များလာတယ်၊ နောက်ပိုင်း ဘာသာရေး အဖွဲ့အစည်း အုပ်ချုပ်မှု ခေါင်းဆောင်တွေ၊ ဘုရားကျောင်းတွေ နဲ့ နိုင်ငံတော် (နိုင်ငံရေး အုပ်ချုပ်မှု) ကွဲကွဲပြားပြား ဖြစ်လာတယ်။  ဒီလိုနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်၊ လူသား အခွင့်အရေး တွေ အခြေတည် ခိုင်မာလာတယ်။  ခုခေတ်မှာတော့ အများစု ဟာ ဘာသာရေး လွှမ်းမိုးခံ လုံးလုံး မဟုတ်တော့ဘဲ ဆီကူလာ နိုင်ငံရေး၊ စနစ်အဖွဲ့အစည်းကို ပြည့်ပြည့်ဝဝ တည်ဆောင်နိုင်ဖို့ပဲ ဇောင်းပေးလာကြတော့တယ်။

ကိုယ့် အယူဝါဒ၊ ကိုယ့် ဂိုဏ်း၊ ကိုယ့် ဓလေ့၊ ကိုယ့် ယဉ်ကျေးမှု က မှန်တယ်၊ တခြားသူတွေက မှားတယ် ဆိုတဲ့ “ငါသာ အမှန်” ဝါဒ ဆွဲကိုင် ဗဟိုပြု အငြင်းအခုံ၊ ပဋိပက္ခ တွေကနေ စခဲ့ပြီး နောက်ဆုံးမှာ မတူညီမှုတွေကို အသိအမှတ်ပြု ယှဉ်တွဲ ရပ်တည်နိုင်စွမ်းကို ရခဲ့တယ်။  ဒါဟာ ဉာဏ်ပညာအလင်းပွင့်ခြင်း က စခဲ့တဲ့ တိုးတက်မှု တခု၊ ပြုပြင်ပြောင်းလဲယူခဲ့ရတဲ့ ယဉ်ကျေးမှု သဘောပါပဲ။

ဆိုတော့ လူ့အဖွဲ့အစည်း ရဲ့ ယဉ်ကျေးမှုဟာ အသိအမြင်၊ ဉာဏ်ပညာ ကျယ်ပြန့် မြင့်မားလာမှု ခေတ်အလျောက် ပြောင်းလဲ တည်ရှိရတယ်၊ အတွေးအခေါ်ဟောင်းတွေ ကို စွန့်ရတယ်၊ အကျင့်ဟောင်းတွေ ကို ပြင်ရတယ်၊ စံနှုန်း သတ်မှတ်ချက်တွေ ပြောင်းရတယ်။  ဒါမှ ယဉ်ကျေးတဲ့ လူတွေ နေတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပါမယ်။

ကျနော်တို့ မျိုးနွယ် အုပ်စု မတူရုံနဲ့ သတ်ဖြတ်တဲ့ ကျောက်ခေတ်မှာ နေချင်သလား၊ ကိုယ် ယုံကြည်ရာ အယူအဆ တခု ကို သူတပါး မထိခိုက် ငြိမ်းချမ်းစွာ ဟောပြောမိရုံနဲ့ အဆိပ်ကျွေးခံထိတဲ့ ခေတ်မှာ နေချင်သလား၊ ကမ္ဘာ က နေကို ဗဟိုပြု လှည့်ပတ်နေတယ် ဆိုတာတောင် မသိတဲ့ အမှောင်ခေတ် မှာ နေချင်သလား။  အသိအတတ်ပညာ (သိပ္ပံ)၊ အတွေးအခေါ် (၀ိဇ္ဇာ)၊ အပြုအမူ အကျင့်အကြံ (သီလ) သုံးတန် ကျယ့်ပြန့် မြင့်မား ဖွံဖြိုးတိုးတက်၊ ငြိမ်းချမ်းမှု အသားပေး (၂၁) ရာစု ခေတ်သစ်မှာ နေချင်သလား။

လက်ရှိ ဗမာ့လူ့အဖွဲ့အစည်း ကို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း၊ လူသားယဉ်ကျေးမှု မြင့်မားတဲ့ လူ့အဖွဲ့အစည်း လို့ ခေါ်ဆိုနိုင်ဖို့ ဆိုရင် ဆိုခဲ့သလို ပြောင်းလဲ ခံယူတတ်ရပါမယ်။  လက်ရှိ ရောက်နေတဲ့ ရာစုသစ် ခေတ်ရဲ့ မြင့်မားလာတဲ့ အသိ၊ ကျယ်ပြန့်လာတဲ့ ပညာဉာဏ် နဲ့ အတူ လူအများရဲ့ ကျင့်ကြံပြုမူတဲ့ အကျင့်အကြံ တွေ ဟာ ပြောင်းလဲယူ ရမှာ ဖြစ်ပါတယ်။  ဒီလို မယူနိုင်ရင် လူ့အဖွဲ့အစည်းဟာ ရာစုနဲ့ချီ နောက်ကျနေတယ်လို့ ယူဆနိုင်သလို အပြန်အလှန် သဘောအားဖြင့် ဆိုရင်လည်း ပကတိ ရောက်နေတဲ့ အချိန်ကာလ ခေတ်ရဲ့ အတွေးအခေါ်၊ အသိပညာ ကို ကျနော်တို့ လူ့အဖွဲ့အစည်း မရရှိသေးဘူးလို့ ဆိုနိုင်တယ်။

ကျနော်တို့ မတူကွဲပြားမှုတွေကို ဘယ်လောက် အထိ သည်းခံ၊ ငြိမ်းငြိမ်းချမ်းချမ်း ပဋိပက္ခ ကင်းကင်း နေနိုင်နေပြီလဲ။  လူသား အချင်းချင်း စာနာနားလည် ချစ်ချစ်ခင်ခင် နေနိုင်စွမ်းတဲ့ ယဉ်ကျေးမှု ဘယ်လောက် မြင့်မား ကျယ်ပြန့်ထွန်းကားနေသလဲ။

လူအုပ်စုများကြား မတူညီကွဲပြားမှု ကို အခြေခံ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်း၊ ပဋိပက္ခတွေ၊ လူမျိုးစု ပြည်တွင်းစစ်ပွဲ တွေ အမြစ်တွယ် တည်ရှိနေသရွေ့ ကျနော်တို့ ယဉ်ကျေးမှု မြင့်မားတဲ့ လူအဖွဲ့အစည်းလို့ မခေါ်ဆိုနိုင်သေးကြောင်း ဝမ်းနည်းဖွယ် ဆိုရပါမယ်။  နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံ၊ အယူဝါဒ ကွဲပြားမှု အမျိုးမျိုးကို သည်းခံ၊ လက်ခံနိုင်စွမ်းတဲ့ မြင့်မားတဲ့ စိတ် အသိ ဉာဏ်၊ ကျယ်ပြန့်တဲ့ နှလုံးရည်၊ လူသား ယဉ်ကျေးမှု ထွန်းကားရာ တကယ့် (၂၁) ရာစု ရောက် ဗမာပြည် ကို မြင်ရဖို့ရာ အတွက် ဆောင်းပါး မှာ ဆိုခဲ့တဲ့ ပြုပြင်ပြောင်းလဲယူရတဲ့ လူသား ယဉ်ကျေးမှု မြင့်မားခြင်း သဘော ဖြစ်စဉ်ကို အခြေခံကျကျ နားလည်ကာ ကျနော်တို့ တဦးချင်း အသိ နဲ့ ပြောင်းလဲ ကျင့်ကြံ ယူရုံမှတပါး အခြား မရှိပါ။  ပြောင်းလဲဖို့က အချိန်တန်ရုံမက နှောင်းနေပြီ ဖြစ်ကြောင်းပါ။

ငြိမ်းချမ်းအေး
၀၉၊ မေ၊ ၂၀၁၄

(ဆောင်းပါး ကို ဘက်မလိုက် ဂျာနယ် အတွဲ (၁)၊ အမှတ် (၇)၊ ၁၅၊ မေ၊ ၂၀၁၄ တွင် ပုံနှိပ် ဖော်ပြခဲ့ပြီး ဖြစ်သည်။  ဆောင်းပါးနှင့် ပတ်သက်၍ ဝေဖန်အကြံပြုရန် nyeinchanaye81@gmail.com သို့ ဆက်သွယ်နိုင်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သူတို့အာဘော်, ငြိမ်းချမ်းအေး

2 Responses to ငြိမ်းချမ်းအေး – ပြောင်းလဲဖို့က အချိန်တောင် နှောင်းနေပါပြီ

  1. pn wara on May 24, 2014 at 12:29 pm

    ကိုယ်ထင် ကုဋင်ရွှေနန်းပေါ့ — ဘယ်နိုင်ငံမှ ပါဖတ် ( ပြီးပြည့်စုံမှူ ) မဖြစ်ပါဘူး- ဒီမိုကရေစီ ဘိုးအေ ကြီးတွေလို့  ပြောနေတဲ့ ယူအက်စ် -ယူ ကေ နိုင်ငံမှာလဲ သူများသာ လက်ငြိုးထိုးတာပါ- သူတို့ လဲ သူတို့  ကြီးစိုးသတ်မှတ်တဲ့ စံချိန် စံချိန်တွေ နဲ့  မကိုက်ညီတာတွေ ရှိပါတယ်- နိုင်ငံတိုင်းကတော့ ကိုယ့်နိုင်ငံကိုယ် အလှဆုံး အကောင်းဆုံးလို့  အမွှန်းတင်ဂုဏ်ယူနေကြတာပါဘဲ- တကယ်တော့ စားစမရှိ-သူများပေးမှ စားရတဲ့  နိုင်ငံကလဲ မာန်ဝံ့တာဘဲ- ပေးတဲ့သူကလဲ ငါပေးလို့ ဆိုတဲ့ မာန်လေးနဲ့  ဂုဏ်တင့်နေတာဘဲ- သူ့ ခေတ် သူ့ အချိန်လိုက် ဖြစ်ပေါ်လာတဲ့ သဘောတရားတွေပါ- အခုမြင်တွေ့ နေရတဲ့ ၂၁ ရာစုခေတ်ကလဲ နောင် ၂၂ ရာစု ရောက်ရင် ကောင်းချင်မှ ကေင်းမယ်- ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ မူဝါဒ ဖြစ်ချင်ဖြစ်မယ်- ဘာမှတော့ သိပ်မထူးလောက်ပါဘူး- တူညီတာ တခုဘဲရှိတယ်- အဲဒါက လူသားအားလုံးဟာ လောဘ တွေချည်းဆိုတာပါဘဲ-

  2. Zawni Gyi on May 25, 2014 at 7:39 pm

    ဆရာရေးတာတွေ ကြိုက်ပါတယ်။ ဆက်ရေးပါ။ မြန်မာပြည်ကိုလည်း ဆရာကိုယ်တိုင်မကြာခဏသွားမယ်ထင်ပါတယ်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်