သန်းဝင်းလှိုင် – အာကာသ စူးစမ်းမှု သမိုင်း – အပိုင်း (၂)

May 26, 2014

အာကာသ စူးစမ်းမှု သမိုင်း – အပိုင်း (၂)
သန်းဝင်းလှိုင်
မေ ၂၆၊ ၂၀၁၄
 

ဤသို့သော ဆီအိုကော့စကီး၏ ကြံစည်စိတ်ကူးမှုများမှာ အလွန်တရာ ကြီးကျယ်လှသော်လည်း လက်တွေ့ အသုံးချနိုင်ရန် အခွင့်အလမ်းများ မရရှိခဲ့ပေ။ တိုင်းခြား၌ သူ၏ အမည်ကို မကြားဖူးကြသည့်ပြင် ရုရှား ပြည်တွင်း၌လည်း သူ့အားကူညီပေးမည့်သူ မရှိသဖြင့် သူ၏ စိတ်ကူးစိတ်သန်းများသည် စာရွက်ပေါ်၌သာ ကျန်ရစ်ခဲ့ရသည်မှာ များစွာ နှမြောဖွယ် ကောင်းလှပေသည်။

ထိုသူ၏ ပညာကို အမွေခံယူ၍ တကယ့်ဒုံးပျံများတွင် အရည်လောင်စာကို ထည့်သွင်း၍ အသုံးပြုခဲ့သူမှာ အမေရိကန်လူမျိုး “ရောဘတ်ဂေါ့ဒတ်” Robert H.Goddard (၁၈၈၂ – ၁၉၄၅) ဆိုသူ ဖြစ်သည်။ ရော့ဘတ်ဂေါ့ဒတ်အား ၁၈၈၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့၌ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက် ပြည်နယ် ဝေါ့ဆက်စတာမြို့တွင် ဖွားမြင်ခဲ့ပြီး ၊ ဘော့စတွန်မြို့တွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ နောက်ပိုင်း၌ ဝေါ့ဆက်စတာမြို့သို့ ပြန်လာကာ ကျောင်းနေခဲ့သည်။ ကြိုးစားမှုရှိသော်လည်း မကြာခဏ ဖျားနာတတ်သဖြင့် အထက်တန်းစာမေးပွဲကို ၁၉ဝ၄ ခုနှစ်ရောက်မှသာ အောင်မြင်ခဲ့သည်။ ဂေါ့ဒတ်သည် ၁၉ဝ၈ ခုနှစ်တွင် ဝေါ့ဆက်စတာ စက်မှုတက္ကသိုလ်မှ သိပ္ပံဘွဲ့ရရှိခဲ့ပြီး ကလတ်တက္ကသိုလ်မှ ဒေါက်တာ (ပါရဂူ) ဘွဲ့ကို ၁၉၁၁ ခုနှစ်တွင် ရရှိခဲ့သည်။ ကလတ်တက္ကသိုလ်၌ပင် ၁၉၄၃ ခုနှစ်ထိ ရူပဗေဒပါမောက္ခအဖြစ် အမှုထမ်းခဲ့သည်။ အသက် ၂၃ နှစ်အရွယ်၌ ဂေါ့ဒတ်သည် သူကိုယ်တိုင် ပုံစံထုတ်ခဲ့သော ဒုံးပျံကို မူပိုင်မှတ်ပုံတင်ခွင့် ရခဲ့လေသည်။

ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားနေစဉ်အတွင်း၌ ကောင်းကင်အမြင့်သို့ ပစ်လွှတ်နိုင်သော ဒုံးပျံများ ပြုလုပ်ရန်အတွက်ဂေါ့ဒတ်သည် သုတေသနပြုခဲ့သည်။ ယင်းတွေ့ရှိချက်များကို ၁၉၂ဝ ပြည့်နှစ်တွင် စာအုပ်တစ်အုပ် ပြုစုထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ထဲ၌ အားကောင်းသော ဒုံးပျံများဖြင့် လူတို့သည် လပေါ်သို့ ရောက်အောင် ပစ်လွှတ်နိုင်ကြောင်းနှင့် ဒုံးပျံထိပ်ဖျားတွင် ရောင်ခြည်လက်ထွက်သော ယမ်းမှုန့်တစ်မျိုးကို ထည့်၍ ပေးလိုက်ပါက ကမ္ဘာမှကြည့်လျှင် လဗိမာန်ပေါ်သို့ ဒုံးပျံဆင်းသွားပုံကို မှန်ပြောင်းဖြင့် ကြည့်နိုင်ကြောင်း ဖော်ပြထားသည်။

ထို့နောက် ၁၉၂၆ ခုနှစ်တွင် မတ်လ ၁၆ ရက်နေ့တွင် သူတီထွင်ခဲ့သော နှစ်ဆင့်ပေါက်ကွဲသော အရည်လောင်စာသုံး ဒုံးပျံကို ပထမဆုံး စမ်းသပ်ပစ်လွှတ်ခဲ့သည်။ ဒုံးပျံ၏ ထိပ်ဖျားတွင် ဒုံးအင်ဂျင်စက်ကို ဒုံးပျံတည်ငြိမ် စေရန်အတွက် တပ်ဆင်ထားသည်။  အဆိုပါလောင်စာအရည်နှင့် အောက်စီဂျင်တို့ကို သီးသန့်ပိုက်လိုင်းများဖြင့် သွယ်တန်း၍ နောက်ဆုံးပိုင်းရှိ အင်ဂျင်စက်သို့ ပို့ပေးသည်။ ယင်းဒုံးပျံ၏ အရှည်မှာ ၁ဝ မျှ ရှိပြီး မြေပြင်မှ ၁၈၄ ပေ အမြင့်အထိ တက်ရောက်နိုင်ကြောင်း တွေ့ရသည်။

ထိုအချိန်၌ပင်ဥရောပသိပ္ပံပညာရှင်များမှာ ဒုံးပျံတီထွင်နိုင်ရေးနှင့် အာကာသသွားလာရေး ပြဿနာများ နှင့် ပတ်သက်၍ အပြိုင်အဆိုင် သုတေသန ပြုလုပ်လျက်ရှိသည်။ အဆိုပါ ပုဂ္ဂိုလ်များထဲတွင် ရူမေးနီးယား သိပ္ပံပညာရှင် ပါမောက္ခ “ဟာမင်အိုဘတ်” (Hermann Oberth) အမည်ရှိ ပုဂ္ဂိုလ်မှာ အထင်ရှားဆုံး ဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် ဟာမင်အိုဘတ် ရေးသားသည့် “ဒုံးပျံဖြင့် အာကာသ ခရီးသွားလာရေး” (The Rocket into Interplanetary Space) အမည်ရှိ စာအုပ်မှာ သိပ္ပံဝါသနာရှင်များ လောကတွင် အလွန်လူကြိုက်များခဲ့သည်။ 

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီအထိ ပေါ်သမျှ အာကာသသိပ္ပံ စာအုပ်များတွင် ဤစာအုပ်မှာ အကျော်ကြားဆုံးနှင့် အာကာသသွား ဒုံးပျံတည်ဆောက်ရေးတွင် အထောက်အကူအရဆုံး ဖြစ်သည်။ 
၁၉၄၂ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသည့် အချိန်ကာလအတွင်း ဂျာမန်သိပ္ပံပညာရှင် “ဝေါ်တာဒိုဘာဂျာ”  (Walter Darnberger) နှင့် “၀မ်ဟာဖွန်ဘရောင်း” (Wernher von Braun) တို့က “ဗွီ-နှစ်” (V – 2) ဒုံးပျံများကို တီထွင်ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က ဗွီ-နှစ် ဒုံးပျံများ အဝေးဆုံး ပစ်ခတ်နိုင်သော အကွာအဝေးမှာ မိုင် ၁၉ဝ ရှိသော်လည်း ယခင် ဥရောပနိုင်ငံများ၌ တီထွင်ခဲ့သော ဒုံးပျံများနှင့် လုံးဝမတူပေ။ ဗွီ-နှစ်ဒုံးပျံကိုမြေပြင်ရှိမိခင်ဒုံးပျံစခန်းမှ လိုရာအရပ်သို့ဦးတည်ပျံသန်းသွားရန်ပဲ့ကိုင်နိုင်သည်။ မိမိပေါက်ကွဲစေလို သည့် နေရာ၌ ဆင်းသက် ပေါက်ကွဲစေနိုင်သည်။ ယနေ့ အာကာသသို့ ပစ်လွှတ်လျက် ရှိကြသော ဒုံးပျံများ၏ ဗွီ-နှစ် ဒုံးပျံ၌ တွေ့မြင်နိုင်ပေသည်။

ဂျာမန်တို့သည် ဒုတိယကမ္ဘာစစ်အတွင်းက ဗွီ-နှစ်ဒုံးပျံကို အင်္ဂလန်ပြည်ပေါ်သို့ အလုံးပေါင်း (၃ဝဝဝ) မျှ ပစ်လွှတ်ခဲ့ရာတွင် (၁၂၃ဝ) မျှသော ဒုံးပျံတို့မှာ လန်ဒန်မြို့သို့ လာရောက်ထိမှန်လေသည်။ မဟာမိတ်တပ်များက ဥရောပတိုက်ရှိ ဂျာမနီ ဒုံးပျံစခန်းများကို  အချိန်မီသွားရောက် တိုက်ခိုက်သိမ်းပိုက်လိုက်သောကြောင့်သာ လူပေါင်း မြောက်များစွာ သေကြေပျက်စီးရမည့်ဘေးဆိုးမှလွှတ်မြောက်ခဲ့လေသည်။ အကယ်၍သာ ကမ္ဘာစစ်ကြီး ဆက်လက်ဖြစ်ပွားနေခဲ့လျှင်ဂျာမာန်တို့၏အကြံအစည်မှာတောင်ပံတပ်ထားသောဒုံးပျံများဖြင့် ဥရောပတိုက် မှနေ ၍ အမေရိကန်ပြည်ထောင်စုအထိ ရောက်ရှိအောင် လေသူရဲတစ်ဦး စီးနင်းလိုက်ပါလျက် တိုက်ခိုက်ဖြိုခွင်းရန် ကြံကွယ်ထားလေသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်အမေရိကန်ပြည်ထောင်စုနှင့်ဆိုဗီယက်ပြည်ထောင်စုတို့သည် ကမ္ဘာပေါ် တွင် အင်အားအကြီးဆုံး နှစ်နိုင်ငံ ဖြစ်လာသည်။ အာကာသ သွားလာမှု၌ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် လုပ်ကိုင်လာကြသည်။ နာဇီဂျာမနီကို အောင်မြင်အောင် နှိမ်နှင်းပြီးသည့်နောက် အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက် တပ်နီတော်တို့သည် ဂျာမန်ဒုံးပျံစခန်းများကို သူ့ထက်ငါဦးအောင် အရောက်သွားကြလေသည်။ 

အမေရိကန်ပြည်ထောင်စုက “၀မ်ဟာဖွန်ဘရောင်း” အပါအဝင် ဒုံးပျံပါရဂူများအား မိမိတို့ဖက် ပါဝင်အောင် သိမ်းသွင်းနိုင်ခဲ့ပြီး ဗွီတူးဒုံးပျံ ပုံစံများနှင့်တကွ ဒုံးပျံ အစိတ်အပိုင်းများကို သင်္ဘော (၁၆) စင်းစာမျှ အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ယူဆောင်လာခဲ့လေသည်။

အစပထမတွင် ဒုံးပျံများကို စစ်ရေးစစ်ရာ ကိစ္စများ၌သာ အသုံးပြုရန်အတွက် ရည်စူး၍ ဝေးဝေးပြေး၊ မြန်မြန်သွား၊ များများသေစေနိုင်သော လက်နက်မျိုးကို အပြိုင်အဆိုင် ထုတ်လုပ်လာကြ၏။တဖြေးဖြေးနှင့် ထိုဒုံးပျံများသည် ကမ္ဘာပေါ်တွင် တိုက်ကြီးတစ်တိုက်နှင့်တစ်တိုက် လှမ်း၍ ပစ်ခတ်နိုင်သော မိုင် ၈၀၀၀ ခန့် ခရီးပေါက်သည့် တိုက်ချင်းပစ် ဒုံးပျံကြီးများကို ပြုလုပ်လာနိုင်ကြ၏။

အဆိုပါ ဒုံးပျံများသည် မြေပြင်အထက် မိုင် ၈ဝဝ မှ မိုင် ၁ဝဝဝ အထိ တက်၍ သွားနိုင်ပြီး တစ်နာရီလျှင် မိုင်တစ်သောင်းကျော်နှုန်း သွားနိုင်လေသည်။ ယင်းဒုံးပျံကြီးများ၏ ထိပ်တွင် နျူကလီးယား ထိပ်ဖူးကို သယ်ဆောင်သွားခြင်းအားဖြင့် ကျရောက်ပေါက်သောနေရာတို့၌ အသက်စည်းစိမ်ပေါင်းများစွာတို့ကို ဖျက်ဆီး နိုင်စွမ်း ရှိသည်။

ဆိုဗီယက်ပြည်ထောင်စုသည် ဒုံးပျံများထုတ်လုပ်ရန်အတွက် ၁၉၅ဝ ပြည့်နှစ်အတွင်းကပင် စတင်ကြိုးပမ်းခဲ့ကြသည်။ပထမဆုံးဒုံးပျံတည်ဆောက်ရေး စက်ရုံကို မော်စကိုမြို့အတွင်း၌လျှို့ဝှက်ထားရှိခဲ့ ကြသည်။ဤဒုံးပျံတည်ဆောက်ရေးလုပ်ငန်းအဝဝကို ရုရှားသိပ္ပံပညာရှင်များကပင် ဦးဆောင်၍ သုတေသနပြု လုပ်ခဲ့ကြသည်။ ယင်းနောက် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ရုရှားတို့သည် ဂျာမန်ဒုံးပျံ ပညာရှင်များကို ဆိုဗီယက်ပြည်ထောင်စုသို့ ခေါ်ဆောင်သွားသော ဂျာမန်သိပ္ပံပညာရှင်များမှာ ဗွီ-နှစ် ဒုံးပျံထုတ်လုပ်ရေးတွင် အတွေ့အကြုံရှိပြီးသူများဖြစ်၍ ရုရှားတို့၏ ဒုံးပျံတည်ဆောက်ရေး သုတေသနလုပ်ငန်း အတွက် ကြီးစွာ အထောက်အပံ့ရရှိခဲ့လေသည်။

ထို့နောက် ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်နေ့၌ စတာလင်ဂရက် အရှေ့ဘက်မိုင် ၁၂၅ မိုင်ဝေးသော ဒေသတွင် ပထမဆုံးအကြိမ် မြေပြင်စခန်းမှ လိုရာအရပ်သို့ ထိန်း၍ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သော ဒုံးပျံများကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့သည်။ 

သို့သော်အဆိုပါ ဒုံးပျံမှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဂျာမန်တို့၏ “ယူ-နှစ်” (U-2) ဒုံးပျံကို အခြေခံ၍ ပိုမိုအစွမ်းထက်မြက်အောင် တည်ဆောက်ထားခြင်းမျှသာ ဖြစ်သည်။ ယင်းဒုံးပျံသည် အလေးချိန်အားဖြင့် ၁၂ တန်ခွဲမျှ လေးပြီး ၁၈၅ မိုင်ခန့်အထိ ပစ်လွှတ်နိုင်သည်။

ထို့ပြင် ၁၉၄၉ ခုနှစ်မှ ၁၉၅၂ ခုနှစ်ထိ ဒုံးပျံများတွင် ခွေးများကို ထည့်၍ မြေပြင်မှ မိုင် ၆၀ အမြင့် ရောက်သည်အထိ ပစ်လွှတ်ခဲ့သည်။ ခွေးများထည့်လွှတ်ရခြင်းမှာ ကမ္ဘာ့ဆွဲငင်အားမှ လွတ်ကင်းသောအခါ မည်သို့ တုန့်ပြန်မှု ရှိသည်ကို သိရှိရန် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဂျာမန်တို့ ဗွီ-၂ ဒုံးပျံကို ပထမဆုံး အောင်မြင်စွာ ပစ်လွှတ်နိုင်သည့် အချိန်မှစ၍ ရေတွက်လျှင် ၁၅ နှစ်နှင့် တစ်ရက်တိတိ အကြာ ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ကမ္ဘာပေါ်တွင် ပထမဆုံး လူလုပ်ဂြိုဟ်တုတစ်ခုကို အာကာသအတွင်းသို့ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်။ ယင်းဂြိုဟ်တုကို “စပွတ်နစ်အမှတ်-၁” (Sputnik-1) ဟု အမည်ပေးထားသည်။

ထိုအချိန်မှစ၍ အာကာသစူးစမ်းမှုသမိုင်း ခေတ်သစ်ဆီသို့ လူသားတို့ စတင်ခဲ့သည်မှာ ယခုအခါ (၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်) တွင် နှစ် ၃ဝ အတွင်းသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု၏ သမိုင်းတွင် ဤအောင်မြင်မှုအတွက် အမေရိကန်ပြည်ထောင်စုအပါအ၀င် တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရသည်။ထို့ပြင်ကမ္ဘာ့နိုင်ငံရေး၊ လူမှုရေး၊ သိပ္ပံနှင့် ပညာရေးတို့တွင်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။

အဆိုပါ စပွတ်နစ် ဂြိုဟ်တုသည် အလေးချိန်အားဖြင့် ၈၃ ဒသမ ၆ ကီလိုဂရမ် (၁၆၃ ပေါင်ခန့်) ရှိပြီး ကမ္ဘာကြီးကို ဘဲဥပုံဏ္ဍာန် အီလစ်လမ်းကြောင်းဖြင့် မြေပြင်မှ အနီးဆုံး ၁၄၂ မိုင်နှင့် အဝေးဆုံး ၅၈၈ မိုင် အကွာအဝေးမှ ၀န်းပတ်ပျံသန်းသွားခဲ့သည်။ ကမ္ဘာကြီးအား ၉၆ ဒသမ ၁၇ မိနစ်တွင် တစ်ပတ်နှုန်းဖြင့် ပတ်ပြီး အာကာသနှင့် ပတ်သက်သော သိပ္ပံအချက်အလက်များကို ၂၁ ရက်တိုင်တိုင် ရေဒီယိုလှိုင်းမှတစ်ဆင့် အသံလွှင့်ပေးခဲ့သည်။ ယင်းနောက် စပွတ်နစ်အမှတ် – ၁ သည် ၁၉၅၈ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် ကမ္ဘာ့လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး ပျက်စီးသွားလေသည်။ 

ထို့နောက် ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၅၇ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် အလေးချိန် ၁၁၂၀ ပေါင် ရှိသော စပွတ်နစ် အမှတ် – ၂ ဂြိုဟ်တုကို လွှတ်တင်ခဲ့ပြန်သည်။ ယင်းဂြိုဟ်တု၌ အာကာသ အခြေအနေကို လေ့လာစူစမ်းရန် သိပ္ပံကိရိယာ ပစ္စည်းများအပြင် “လိုက်ကာ” (Laika) အမည်ရှိ ခွေးမလေးတစ်ကောင်ကိုပါ ထည့်၍ လွှတ်တင်ခဲ့သည်။ ခွေးမလေး ခန္ဓာကိုယ်၌ မည်သို့ဖြစ်ပေါ်မှု ရှိသည်ကို ရေဒီယိုလှိုင်းမှတစ်ဆင့် ရုရှားသိပ္ပံပညာရှင်များ စူးစမ်းခဲ့ကြသည်။ အဆိုပါ လိုက်ကာ ခွေးမလေးမှာ နာရီပေါင်း ၁၀၀ ကျော်ခန့် အာကာသအတွင်း၌ ဂြိုဟ်တုနှင့် ပတ်သွားခဲ့ပြီးနောက် အောက်ဆီဂျင်ဓါတ်ငွေ့များ ကုန်ခန်းသွားသောကြောင့် သေဆုံးသွားခဲ့လေသည်။

အမေရိကန်ပြည်ထောင်စုကလည်း “စပွတ်နစ်အမှတ် – ၁” အာကာသ အတွင်းသို့ ရောက်ရှိသွားသည့် အချိန်မှစ၍ မိမိအား ကျော်ဖြတ်သွားသော ဆိုဗီယက်တို့၏ ခြေလှမ်းကို အမီလှမ်းရန် အစွမ်းကုန် ကြိုးပမ်းလာခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့သို့ ရောက်သောအခါ ဂျာမနီနိုင်ငံမှ သိမ်းသွင်းခေါ်ဆောင်လာသော ဒုံးပျံပါရဂူများ၏ အကူအညီဖြင့် အာလာဘားမားပြည်နယ် ဒုံးပျံစခန်းမှနေ၍ “အိပ်စ်ပလိုရာ” (Explorer) အမည်ရှိ ဂြိုဟ်တုကို ပထမဆုံးအကြိမ် ပစ်လွှတ်ခဲ့လေသည်။ ယင်းဂြိုဟ်တုသည် ၁၈ ဒသမ ၁၃ ပေါင်မျှသာလေး၍ ကမ္ဘာကို ဘဲဥပုံ အီလစ်ပတ်လမ်းကြောင်း၌ ၁၁၄ ဒသမ ၈ မိနစ်တွင် တစ်ပတ်နှုန်း ပတ်သွားခဲ့လေသည်။ ပတ်သွားနေစဉ် ကမ္ဘာနှင့် အနီးဆုံး ၂၂၄ မိုင်နှင့် အဝေးဆုံး ၁၅၇၃ မိုင် အကွာအဝေး၌ ရှိ၏။ အဆိုပါ ဂြိုဟ်တုကို ဒုံးပျံပညာရှင် ၀မ်ဟာဖွန်ဘရောင်းနှင့်အဖွဲ့တို့က ၈၄ ရက်အတွင်း တည်ဆောက်ခဲ့သည်။ သို့သော် အိပ်စ်ပလိုရာ ဂြိုဟ်တုသည် ၁၉၅၈ ခုနှစ်၊ မေလအထိသာ မြေပြင်သို့ ရေဒီယိုလှိုင်းမှတစ်ဆင့် သတင်းပေးပို့ခြင်းများကို ပြုလုပ်ပေးခဲ့သည်။

တစ်ဖန် ဆက်လက်၍ အမေရိကန်ပြည်ထောင်စုသည် ၁၉၅၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ၁၉၅၇ ခုနှစ်အတွင်းက မအောင်မြင်ခဲ့သော “ဗင်းဂတ်တီဗွီ-၃” (Vanguard TV-3) ဂြိုဟ်အမျိုးအစား တစ်ခုကို ပြုပြင်၍ စမ်းသပ်ပစ်လွှတ်ရန် ကြိုးစားခဲ့ပြန်သည်။ သို့သော် အောင်မြင်မှု မရှိခဲ့ချေ။

ထို့နောက် အိပ်စ်ပလိုရာ အမှတ် -၂ ကို ထိုနှစ် မတ်လ ၅ ရက်နေ့တွင် ပစ်လွှတ်ခဲ့ပြန်သည်။ သို့သော် ယင်းဂြိုဟ်တုမှာလည်း ဗင်းဂတ်ဂြိုဟ်တုကဲ့သို့ လမ်းတွင် ပျက်ကျသည်။

၁၉၅၈ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ဗင်းဂတ် အမှတ်-၁ ဂြိုဟ်တုကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့လေသည်။ တစ်ဖန် အိပ်စ်ပလိုရာ အမှတ်-၃ ကို ထိုနှစ် မတ်လ ၂၆ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုက ပစ်လွှတ်ခဲ့ပြန်သည်။ ယင်းဂြိုဟ်တုမှာ အလေးချိန် ၁၈ ဒသမ ၅၆ ပေါင် လေး၍ ကမ္ဘာသို့ ရေဒီယိုဆက်သွယ်ခြင်း၁၉၅၈ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ ပြုလုပ်ပေးခဲ့ပြီး ၂၈ ရက်နေ့တွင် ပျက်စီးသွားခဲ့လေသည်။
ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၅၈ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် “စပွတ်နစ်အမှတ်-၃” ကို ပစ်လွှတ်ခဲ့ပြန်သည်။ ယင်းဂြိုဟ်တုသည် အလေးချိန် ၂၉၂၅ ပေါင်ရှိ၍ ကမ္ဘာကြီးကို ၁၀၆ မိနစ်လျှင် တစ်ပတ်နှုန်းဖြင့် အနီးဆုံး ၁၃၅ မိုင်၊ အဝေးဆုံး ၁၁၆၇ မိုင် အကွာမှ ဘဲဥပုံသဏ္ဍာန် ပတ်သွားလမ်းဖြင့် ပတ်သွားခဲ့ပြီး မြေပြင်စခန်းသို့ သိပ္ပံအချက်အလက်များကို ကောင်းစွာ ပေးပို့ခဲ့သည်။ ထို့ပြင် ယင်းဂြိုဟ်တုသည် အာကာသထဲ၌ ရှိသော လေ၏ သိပ်သည်းခြင်း၊ အီလက်ထရွန်စုခြင်း၊ အိုင်ယွန်းပေါင်းစပ်ခြင်း၊ ကော့စမစ်ရောင်ခြည် ဖြာထွက်ခြင်း၊ နေမှ မြူမှုန်များဖြာထွက်ခြင်း၊ ကမ္ဘာ၏ ပတ်ဝန်းကျင်တွင် ဥက္ကာခဲများ သိပ်သည်းခြင်းနှင့် ကမ္ဘာ၏ သံလိုက်စက်ကွင်းတို့ကို စူးစမ်းပေးခဲ့သည်။

၁၉၅၈ ခုနှစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုသည် အာကာသယာဉ် တစ်စီးတည်းသာ ပစ်လွှတ်ခဲ့၍ အမေရိကန်ပြည်ထောင်စုက ၁၇ စီး ပစ်လွှတ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ဆိုဗီယက်ရုရှားမှ ပစ်လွှတ်လိုက်သော အာကာသယာဉ်တို့မှာ သိသိသာသာ အကျိုးများလှ၍ အစွမ်းထက်လှပေသည်။ အမေရိကန်ပြည်ထောင်စုသည် ၁၇ စီး ပစ်လွှတ်ရန် ကြိုးပမ်းခဲ့သော်လည်း ၅ စီးသာ လိုရာခရီးသို့ ရောက်ရှိသွားခဲ့သည်။ မကြာခဏမြေပြင်မှ အထက်တွင် ပျက်စီးခဲ့သည့်အတွက် အမေရိကန်သိပ္ပံပညာရှင်များမှာ အမျိုးမျိုး ဝေဖန်ခြင်း ခံခဲ့ရသည်။
၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့သို့ ရောက်သောအခါ ဆိုဗီယက်ပြည်ထောင်စုသည် “လူနာ” (Luna) အမည်ရှိ ၈၆၉ ပေါင်လေးသော အာကာသယာဉ်ကို လပေါ်သို့ ပစ်လွှတ်ခဲ့ပြန်သည်။ “လူနာအမှတ်-၁” သည် အာကာသစူးစမ်းမှုသမိုင်းတွင် လမျက်နှာပြင်သို့ ရောက်ရှိအောင် ပထမဆုံး သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ်ဖြစ်သည်။

ယင်းနောက် ဆိုဗီယက်ပြည်ထောင်စုသည် ထိုနှစ်အောက်တိုဘာလ ၄ ရက်နေ့တွင် “လူနာအမှတ်-၄” ကို လသို့ ပစ်လွှတ်ခဲ့ပြန်သည်။ လကို ပတ်၍ သွားသော ဂြိုဟ်တုသည် ကမ္ဘာမြေပြင်မှ သိပ္ပံပညာရှင်များ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသေးသော လမျက်နှာပြင်၏ တစ်ဘက်ခြမ်းကို မိနစ် ၄၀ ကြာ ဓါတ်ပုံရိုက်ကူး၍ ပြန်လည်ပေးပို့ခဲ့သည်။

၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ဆိုဗီယက်ပြည်ထောင်စုသည် နောက်ထပ်ရာဇ၀င်တွင်မည့် အာကာသ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ ပြန်သည်။ ယင်းမှာ အသက် ၂၇ နှစ်အရွယ်ရှိ ဗိုလ်မှူး “ယူရီဂါဂါရင်” (Yuri Gagarin) (၁၉၃၄-၁၉၆၈) ဆိုသူအား တန်ချိန် ၅ တန်လေးသော အာကာသယာဉ်ထဲတွင် ကမ္ဘာကို တစ်ပတ် ပတ် စေခဲ့သောကြောင့် ဖြစ်သည်။ 

ထိုအာကာသယာဉ်၏ အမည်မှာ “ဗော့စတော့” (Vostok-1) ဖြစ်သည်။ ဗော့စတော့မှာ ရုရှားလို “အရှေ့” ဟု အဓိပ္ပာယ်ရသည်။ ယူရီဂါဂါရင်သည် ဗော့စတော့အာကာသယာဉ်ဖြင့် ကမ္ဘာကြီးကို အနီးဆုံး ၁ဝ၈ ဒသမ ၇ မိုင်၊ အဝေးဆုံး ၁၈၇ ဒသမ ၆ မိုင် အကွာ ပတ်သွားလမ်းမှ ၈၉ ဒသမ ၁ မိနစ်တွင် တစ်ပတ်နှုန်းဖြင့် ကမ္ဘာကို တစ်ပတ်ပတ်ခဲ့သည်။ ဗော့စတော့ယာဉ်သည် ကမ္ဘာကို တစ်ပတ်ပတ်ရာ၌ အသွားအပြန် ၁၀၈ မိနစ်    (၁ နာရီ ၄၈ မိနစ်) သာ ကြာသည်။ ထိုစဉ်က ရုရှားခေါင်းဆောင် ခရူးရှက်က ဂါဂါရင်အား အာကာသခရီး၏ ကိုလံဘတ် ဟူ၍ပင် တင်စားပြောဆိုခဲ့လေသည်။

ယူရီဂါဂါရင်သည် သာမန်ရုရှားအမျိုးအနွယ်မှ ဆင်းသက်လာသူ ဖြစ်ပြီး ၁၉၃၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် စမိုလန်ဒေသ၊ ဂတ်စ်မြို့ငယ်လေးအနီးရှိ “ကလပ်ရှင်နို” ရွာကလေးတွင် ဖွားမြင်ခဲ့သည်။ ဖခင်မှာ စုပေါင်းလယ်ယာမှ လယ်သမားတစ်ဦးသာ ဖြစ်သည်။ ဂါဂါရင်သည် ၁၉၄၁ ခုနှစ်မှ စတင်၍ ပညာသင်ကြားခဲ့သည်။ သူ၏ ပညာသင်ကြားမှုမှာ အဆင်မပြေခဲ့ပေ။ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ဆိုဗီယက်ပြည်ထောင်စုအတွင်းသို့ နာဇီဂျာမနီတပ်များ ၀င်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ပညာသင်ကြားမှု ပျက်သွားခဲ့ရသည်။ စစ်ပြီးဆုံးပြီးနောက် “ဂက်ဇော့ခ်” မြို့ (ယခု ဂါဂါရင်မြို့) သို့ ပြောင်းရွှေ့နေထိုင်ကာ ပညာဆက်လက် သင်ကြားခဲ့သည်။
၁၉၅၁ ခုနှစ်တွင် အထက်တန်းကျောင်းမှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ယင်းနောက် ၁၉၅၅ ခုနှစ်တွင် ဗော်ဂါဒေသ ဆာရာတော့ဗ်မြို့ (Saratov) ရှိ စက်မှု အတတ်သင်ကောလိပ်မှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြန်သည်။ ဂါဂါရင်သည် ကျောင်းသားဘ၀ကပင် လေကြောင်းပညာအဖွဲ့သို့ ၀င်ရောက်ခဲ့ပြီး ထိုအဖွဲ့မှ ပို့ချခဲ့သော လေကြောင်းပညာဆိုင်ရာ သင်တန်းများသို့ ၁၉၅၅ ခုနှစ်တွင် ပြီးဆုံးအောင်မြင်ခဲ့၏။ ယင်းနောက် ထိုနှစ်၌ပင် ဆိုဗီယက်လေတပ်မတော်သို့ ၀င်ရောက်ခဲ့သည်။ “အိုရင်ဘတ်မြို့” ရှိ လေယာဉ်မောင်းအတတ်သင်ကောလိပ် တွင် လေသူရဲလောင်း အဖြစ် ၂ နှစ် သင်တန်း တက်ရောက်အောင်မြင်ခဲ့ပြီး လေယာဉ်မှူး ဖြစ်လာခဲ့သည်။

၁၉၅၆ ခုနှစ်၊ အောက်တိုဘာလသို့ ရောက်သောအခါ သူ့ဘ၀အလှည့်အပြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည် ဟု ဆိုရပေမည်။ အကြောင်းမှာ ထိုနှစ်အောက်တိုဘာလ ၂၂ ရက်နေ့တွင် အာကာသ သူရဲဖြစ်လိုသူ လေယာဉ်မှူးများအား စကာတင်ရွေးချယ်ရာတွင် ဂါဂါရင်လည်း ပါဝင်ခဲ့သည်။ 

ယူရီဂါဂါရင်နှင့်အတူ အာကာသသင်တန်းသို့ တက်ရောက်ခွင့် ရရှိသူများမှာ ပါဗဲပိုပိုဗစ်ခ်ျ၊ ဟာမင်တီးတော့၊ အင်ဒရီးယန်း နီကိုလာယက်ဗ် တို့ ဖြစ်သည်။ ဂါဂါရင်သည် အာကာသသင်တန်း စာမေးပွဲတွင် အခြားသူများထက် အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သဖြင့် ၁၉၆၁ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ၎င်းအား ပထမဆုံးသော အာကာသ သူရဲအဖြစ် ရွေးချယ်ခဲ့ကြောင်းနှင့် ဗော့စတော့အမှတ်-၁ နှင့် လိုက်ပါခွင့် ရခဲ့ကြောင်း ဆိုဗီယက် အာကာသအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။

ဆိုဗီယက်အစိုးရသည် ယူရီဂါဂါရင်အား အာကာသခရီးစဉ် ပြီးဆုံးပြီးနောက် မကြာမီမှာပင် သူ့အား ၁၄ နိုင်ငံသို့ စေလွှတ်၍ သူ၏ ကိုယ်တွေ့ အာကာသခရီးစဉ် အကြောင်း ဟောပြောစေခဲ့သည်။ ယင်းနောက် ဂါဂါရင်သည် ဇူးကော့ဗ်စကီး လေတပ်အင်ဂျင်နီယာ အကယ်ဒမီသို့ တက်ရောက်သင်ကြားခဲ့ရာ ၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အင်ဂျင်နီယာ ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခံခဲ့ရသည်။

ထို့နောက် ၁၉၆၈ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၌ လေယာဉ်ပျံသန်းနေစဉ် ရုတ်တရက် ရာသီဥတု ဆိုးရွားခဲ့သောကြောင့် လေယာဉ်ကို မထိန်းသိမ်းနိုင်တော့ဘဲ လေယာဉ်ပျက်ကျ သေဆုံးသွားလေသည်။

ဤကဲ့သို့ ဆိုဗီယက်ပြည်ထောင်စုက အာကာသစူးစမ်းမှု၌ အောင်မြင်ခဲ့သလို အမေရိကန်ပြည်ထောင်စု ကလည်း တတ်နိုင်သရွေ့ အမှီလိုက်နိုင်ရန် အားထုတ်ခဲ့လေသည်။ 

အမေရိကန်ပြည်ထောင်စု အစိုးရသည် လေကြောင်းပညာနှင့် အာကာသစူးစမ်း ရှာဖွေရေးလုပ်ငန်း တို့ကို သုတေသနပြု တီထွင်လုပ်ကိုင်စေရန်အလို့ဌာ အမျိုးသားလေကြောင်းနှင့် အာကာသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကို ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ကွန်ဂရက်လွှတ်တော်၌ ပြဌာန်း၍ ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ယင်း၏အမည်ကို အတိုကောက်အားဖြင့် “နာဆာ” (NASA) ဟု ခေါ်သည်။ ဤအဖွဲ့အစည်း ဖြစ်ပေါ်လာခြင်းမှာ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့ အာကာသ သုတေသနလုပ်ငန်းကို အပြိုင်အဆိုင် ပြုလုပ်ရာမှ ဖြစ်သည်။

မူလအစ၌ အမေရိကန်ပြည်ထောင်စုသည် ၁၉၁၅ ခုနှစ် အမျိုးသားလေကြောင်း အကြံပေးကော်မတီကို အစိုးရ၏ ရသုံးမှန်းခြေ ငွေစာရင်းရန်ပုံငွေ ဒေါ်လာသန်း ၅ဝဝဝ မတည်၍ ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစဉ်က ရည်ရွယ်ချက်မှာ လေယာဉ်ကြောင်းပျံသန်းမှုနှင့်ဆိုင်သော နည်းပညာတို့ကို တိုးပွားစေရန် ဖြစ်သည်။ ထိုအဖွဲ့အစည်းသည် တစ်စတစ်စနှင့် ကြီးထွားလာခဲ့ရာ ၁၉၅၈ ခုနှစ် မတိုင်မီကာလသို့ ရောက်သောအခါ ယင်းအဖွဲ့၌ လုပ်သားဦးရေ ၈ဝဝဝ အထိ ရှိလာပြီးလျှင် သုတေသနဌာန ငါးခုမျှ တိုးပွားလာသည်။ အဆိုပါ “အမျိုးသားလေကြောင်း အကြံပေးကော်မတီ” ကို အတိုကောက်အားဖြင့် “နာကာ” (NACA) ဟု ခေါ်သည်။

ထို့နောက် သမ္မတအိုင်စင်ဟောင်ဝါက နာကာအဖွဲ့ကို ဖျက်သိမ်း၍ “နာဆာ” အဖွဲ့ကို တည်ထောင် ဖွဲ့စည်းခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)