မောင်ရစ် – မြန်မာပြည်နိုင်ငံရေးကို တံဆိပ်ကပ်ကြည့်ခြင်း

May 28, 2014

မြန်မာပြည်နိုင်ငံရေးကို တံဆိပ်ကပ်ကြည့်ခြင်း

(အယ်ဒီတာ့လက်ရေး (၃၄))

မောင်ရစ်၊ မေ ၂၆၊ ၂၀၁၄

နိုင်ငံရေးသိပ္ဗံတို့ ဘာတို့ လေ့လာသူတွေကတော့ သိပြီးသား၊ နားလည်ပြီးသားဖြစ်မယ် ထင်ပါတယ်။ နိုင်ငံရေးအသွင်သဏ္ဍာန် အမျိုးမျိုး၊ နိုင်ငံရေးသမားအထွေထွေ ရှိတယ် ဆိုတာကိုပေါ့။ မောင်ရစ်တို့ကတော့ တို့အရေး တို့အရေး အော်တာလောက်ပဲ နားလည်သလိုလို ရှိချင်ယောင် ဆောင်သူမို့ နားမလည်ပါ။ ခပ်ပိန်းပိန်းအဆင့်ပဲ ရှိပါတယ်။

အခုတလောမှာတော့ဖြင့် ဟိုစာအုပ်ဒီစာအုပ်တွေ ဖတ်၊ ဟိုစကားဝိုင်း ဒီစကားဝိုင်း နားထောင်၊ မြန်မာပြည်က လှုပ်လှုပ်ရှားရှားနိုင်ငံရေးဖြစ်စဉ်များကို ကြည့်ပြီးတော့ မြန်မာပြည်က နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ဘယ်လိုမျိုး အတန်းအစား၊ အမျိုးအစားတွေများ ကွဲနေသလဲ။ ငတို့ ကိုယ်တိုင်လည်း ဘယ်လိုနိုင်ငံရေးတွေထဲ ၀င်ပါပြီး ဘာတွေ လျောက်လုပ်နေမိလဲလို့ စဥိးစားမိသမျှကို တင်ပြလိုက်ပါတယ်။

အရင်တုန်းကတော့ အမျိုးသားနိုင်ငံရေးတို့၊ ပါတီနိုင်ငံရေးတို့လောက် ကြားဖူးနားဝရှိတာကလား။ အမျိုးသားနိုင်ငံရေးဆိုရင် တပြည်လုံးက နိုင်ငံသားတိုင်းအတွက်၊ ပါတီဆိုရင်တော့ အဲသည်ပါတီအကျိုးရှိဖို့အတွက် လုပ်ကြရတယ်လို့လောက် မြင်ခဲ့တာကိုးလေ။ ကိုယ်ကတော့ အမျိုးသားနိုင်ငံရေးလုပ်မယ် ဆိုပြီး ထင်တလုံးနဲ့ လမ်းပေါ်တက်လိုက်၊ မြောင်းထဲဆင်းပြေးလိုက်၊ မြေပေါ်တက်လိုက်၊ မြေအောက်ဆင်းလိုက် လုပ်ခဲ့တယ်။ နောက်တော့ နိုင်ငံသားတိုင်းဟာ နိုင်ငံရေးသတ္တ၀ါတွေ အကုန်လုံးဖြစ်နေကုန်တော့ သူတို့ ငါတို့တတွေ ဘာနိုင်ငံရေးတွေများ လုပ်နေပါလိမ့်၊ ဘာတွေများ ကွဲပြားနေပါလိမ့်လို့ အတွေးတွေဝင်၊ စဉ်းစားခန်း ထွက်မိတယ် ဆိုကြပါစို့လေ။

ဖွင့်ဆိုခြင်း

(၁) နိုင်ငံတော် (သို့မဟုတ်) အာဏာ နိုင်ငံရေး

အဲသည်နိုင်ငံရေးကတော့ ရှင်းပါတယ်။ တိုင်းပြည်အာဏာကို ရယူပိုင်ဆိုင်နိုင်ဖို့၊ နိုင်ငံတော်ကို ထိန်းကြောင်းပဲ့ကိုင်ဖို့အတွက်ကို အဓိကထားတဲ့ နိုင်ငံရေးပါပဲ။ အာဏာဟာ သေနတ်ပြောင်းကပဲ ထွက်ထွက်၊ မဲလက်မှတ်တွေထဲကပဲလာလာ … အဲသည်ကလာတဲ အာဏာကို နိုင်ငံတော်ကို ရယူနိုင်ဖို့အတွက် ရပ်တည်လှုပ်ရှားကြတဲ့ အစုအဖွဲ့တွေ၊ အဖွဲ့အစည်းတွေကို ရည်ရွယ်ပါတယ်။ အဲသည်အတွက် ၀င်ရောက်ပါဝင်ဆောင်ရွက်ကြသူတွေပေါ့။ ထင်ရှားတဲ့ ဥပမာတွေကတော့ တပ်မတော်၊ ကြံ့ဖွံ့ပါတီ၊ အင်န်အယ်ဒီပါတီနဲ့ နိုင်ငံရေးပါတီများ၊ ပါတီခေါင်းဆောင်များနဲ့ ပါတီဝင်များ ဖြစ်ပါတယ်။

(၂) ဒေသအလိုက် နိုင်ငံရေး

အဲသည်နိုင်ငံရေးကတော့ သက်ဆိုင်ရာ ပထ၀ီဒေသကို အထူးအခြေစိုက်ပြီး လှုပ်ရှားဆောင်ရွက်နေတဲ့ အစုအဖွဲ့၊ ပုဂ္ဂိုလ်တွေကို ဆိုလိုပါတယ်။ တိုင်းရင်းသားအစုအဖွဲ့တွေ၊ မိမိအခြေစိုက်ရာ ဒေသအားကို ယူထားတဲ့ အင်အားတွေဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပါတီမထောင်ထားတဲ့ ဒေသဆိုင်ရာ၊ တိုင်းရင်းသားဆိုင်ရာ အစုအဖွဲ့တွေ အဲသည်ထဲ ပါဝင်ပါတယ်။

(၃) ကိုယ်ကျိုးကြည့် နိုင်ငံရေး

ဒါကတော့ ဘယ်သူတွေ တက်တက်၊ ဘယ်သူတွေ တိုက်တိုက်၊ သူတို့အကျိုးစီးပွား အကျိုးအမြတ်ကိုပဲ အာရုံပြုတဲ့ အင်အားတွေကို ပြောတာ ဖြစ်ပါတယ်။ ငွေကြေးအမြတ်အစွန်းနဲ့ သူတို့သြဇာလွှမ်းမိုးမှုကိုပဲ ဦးစားပေးပါတယ်။ ခေတ်အဆက်ဆက် သူတို့က ပန်းပန်နေကြသူတွေပဲ။ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ခရိုနီကြီးတွေ၊ အမွေစား အမွေခံတွေ အဲသည်ထဲ ပါကြပါတယ်။

(၄) ပေါ်လစီ နိုင်ငံရေး

သူတို့ကတော့ ပေါ်လစီ မူဝါဒတွေကို ဖော်ထုတ် ဖြန့်ချိ အကောင်အထည်ဖော်ကြသူတွေ၊ အဖွဲ့တွေပဲ ဖြစ်ပါတယ်။ သူတို့ကတော့ ပေါ်လစီကိုသာ ရှေ့တန်းတင်သူတွေဖြစ်တာမို့ သူတို့ပေါ်လစီအောင်မြင်ဖို့အတွက် အာဏာသမား၊ အတိုက်အခံသမား၊ နိုင်ငံရေးသမားမျိုးစုံကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အားပေးဆောင်ရွက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ဥပမာ … အစိုးရတွေ၊ အင်န်ဂျီအိုကြီးတွေ၊ အရပ်ဘက်အဖွဲ့အစည်းကြီးတွေ၊ ဖောင်ဒေးရှင်းတွေ … ဒါမျိုးတွေ ပါဝင်ပါတယ်။ တသီးပုဂ္ဂလ သြဇာကြီးသူတွေ၊ ဓနကြီးသူတွေလည်း ပါတယ်။ ရွေးကောက်ပွဲနဲ့သာ တိုင်းပြည်ပြောင်းလဲရမယ်ဆိုတဲ့ ပေါ်လစီမျိုး၊ ဘာသာရေး အယူအဆတခုခုသာလျင် ဦးဆောင်မှုပေးရမယ်ဆိုတာမျိုး သဘောထားကို ဆုပ်ကိုင်ပြီး လှုံ့ဆော် ဆောင်ရွက်နေကြတာမျိုးပါ။

(၅) လူတန်းစားအခြေပြု နိုင်ငံရေး

class ပေါ့ဗျာ။ ဘိုလိုပြောရရင်။ လူတန်းစားတွေ အဆင့်အတန်းတွေ အမျိုးမျိုး ကွဲပြားနေတဲ့အထဲမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ၀န်ထမ်း၊ ကျောင်းဆရာ စတဲ့ လူတန်းစားတွေရဲ့ သက်ဆိုင်ရာအကျိုးစီးပွားကို ဦးစားပေး စည်းရုံးပြီး ဆောင်ရွက်တဲ့ နိုင်ငံရေးအင်အားတွေပေါ့။

(၆) အုပ်စုဖွဲ့ နိုင်ငံရေး

သူတို့တတွေကတော့ ခုနင်ကလို အာဏာ၊ ဒေသ၊ လူတန်းစား၊ ပေါ်လစီဆိုတာတွေကို အခြေပြုတာထက်၊ ဦးတည်တာထက် သူတို့ တူရာ သန်ရာ အစုအဖွဲ့တွေကို စုစည်းပြီးတော့မှ သူတို့ စိတ်ဝင်စား၊ အားသန်ရာ နိုင်ငံရေးလုပ်ငန်းတွေကို လှုပ်ရှားဆောင်ရွက်ကြတဲ့ အင်အားတွေကို ဆိုလိုတာပါ။ ဘယ်သူတွေပါမလဲ။ တူရာ သန်ရာ အားသာရာ စုစည်းကြတာဆိုတော့ မီဒီယာအလုပ် စုပြီး လုပ်ကြတဲ့သူတွေ၊ ခေါင်းစည်းတခု အကြောင်းအရာတခုခုအောက်မှာ စုဝေးကြတဲ့သူတွေ ပါဝင်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများတို့၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးတို့လည်း အဲသည်ထဲပါတယ်ဆိုရပါမယ်။

(၇) ကျွမ်းကျင်ရာနိုင်ငံရေး

ဒါကတော့ သူတို့ ရင်းနှီးမြုပ်နှံ ကျွမ်းကျင်စွာ ဖြတ်သန်းနေတဲ့ အလုပ်နဲ့ပညာ အပေါ်မှာ အခြေပြု ဆောင်ရွက်ကြတဲ့ အစုအဖွဲ့တွေပါ။ သူတို့မှာ သက်ဆိုင်ရာ အလုပ်နဲ့ ပညာအခြေပြု အင်အား၊ အရင်းအနှီးနဲ့ သြဇာရှိတယ်ဆိုရပါမယ်။ နာရေးကူညီမှု၊ ပညာရေးထောက်ကူမှု၊ HIV ဝေဒနာရှင် စောင့်ရှောက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့ စတာတွေ ပါဝင်နိုင်ပါတယ်။

နောက်ထပ် ဖြည့်ချင်တာကတော့ တကိုယ်တော်နိုင်ငံရေးသမားတွေနဲ့ ပေါ်ပြူလာနိုင်ငံရေး ပြီင်္းတော့ ပရိသတ်များပါ။ တကိုယ်တော်နိုင်ငံရေးသမားတွေကတော့ အထက်က အမျိုးအစားတွေထဲမှာ မပါဘဲ သီးခြား တသီးပုဂ္ဂလ ပရိသတ်ကို သြဇာလွှမ်းနိုင်သူ၊ လှုပ်ခတ်နိုင်သူတွေ ဖြစ်ပါတယ်။ စာရေးဆရာတွေ၊ အနုပညာရှင်တွေ၊ သက်ကြီးဝါကြီးတွေ အဲသည်ထဲ ပါဝင်တယ် ဆိုရမယ်။

ပေါ်ပြူလာနိုင်ငံရေးကတော့ အထက်က နိုင်ငံရေးအုပ်စုတွေ လှုပ်လိုက်၊ တွန်းလိုက်၊ လှုံ့ဆော်လိုက်လို့ဖြစ်စေ၊ နိုင်ငံရဲ့ အခြေအနေ ဖြစ်စဉ်တခုကနေ တွန်းပို့လိုက်လို့ ဖြစ်စေ … ပြည်သူတွေကြားထဲ လတ်တလော ဟစ်ဖြစ်သွား၊ ခေတ်စားသွားတဲ့ နိုင်ငံရေးလှိုင်း၊ လှုပ်ရှားမှု၊ စေ့ဆော်မှုတွေ ဖြစ်ပါတယ်။ ဥပမာ … ၉ ၆၉  တို့ ၄၃၆ တို့၊ လက်ပတောင်းတို့၊ ဧရာဝတီမြစ်ဆုံ တို့၊ ရွေးကောက်ပွဲ အောင်နိုင်ရေးတို့ စသည်တို့ကို သာဓက ဆောင်ရပါမယ်။

ပရိသတ်ကတော့ အဲသည်က နိုင်ငံသားတွေပါပဲ။ ပရိသတ်မရရင်တော့ ပေါ်ပြူလာနိုင်ငံရေးအသွင်ဖြစ်အောင် ကိုယ့်အလုပ်ကို တွန်းမတင်နိုင်ရင်တော့ နိုင်ငံရေးအုပ်စုတွေကို အောင်မြင်တဲ့ နိုင်ငံရေးသမားတွေ အစုအဖွဲ့တွေလို့ ခေါ်နိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ နိုင်ငံရေးအုပ်စုတွေဟာ နေ့စဉ်နဲ့အမျှ ကိုယ်ပစ်မှတ်ထားတဲ့ ပရိသတ်ကို အမြဲ တက်ကြွလှုပ်ရှားနေအောင် ကြိုးပမ်းစည်းရုံးနေကြတယ်လို့ ဆိုရပါမယ်။

ဒီနိုင်ငံရေးအုပ်စုတွေဟာ တခုနဲ့တခု အညမည အမှီသဟဲပြုကြသလို၊ ပဋိပက္ခအသွင်လည်း ဆောင်ကြပါတယ်။ ပြီးတော့ အချင်းချင်းလည်း တိုက်ခိုက်တာ၊ စွက်ဖက် ကန့်သတ်တာတွေလည်း လုပ်ကြပါတယ်။ သူတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ပြည်သူ တနည်းအားဖြင့် ပရိသတ်ကို သူတို့လိုရာ ဆွဲဆောင် စည်းရုံး လှုပ်နိုင်ဖို့ကိုလည်း အစွမ်းကုန် ကြိုးစားကြရပါတယ်။ တကိုယ်တော်နိုင်ငံရေးသမားတွေကိုလည်း သူတို့အလိုကို လိုက်လာအောင် စည်းရုံးကြရပါတယ်။

အုပ်စုတွေ ဘယ်လိုကွဲကွဲ တမိုးတည်း အတူ နေခဲ့ကြစဉ်

၁၉ ၈၈ အရေးတော်ပုံကြီး ဖြတ်သန်းစဉ်ကတော့ အာဏာရှင်ပြုတ်ကျရေး၊ ကြားဖြတ်အစိုးရ ပေါ်ထွန်းရေး၊ ပါတီစုံဒီမိုကရေစီစနစ် ထူထောင်ရေးကို အားလုံးက ဦးတည်ကြတာမို့ နိုင်ငံရေးအင်အားတွေဟာ အဖွဲ့အစည်းတွေ ဘယ်လိုပင်များများ အားလုံးအတူတူပဲ၊ အမျိုးသားနိုင်ငံရေးတခုတည်းပဲလို့ ထင်ခဲ့ မြင်ခဲ့ကြပါတယ်။

အဲသည်တုန်းက ဦးအောင်ကြီးကို ဘယ်လို သတ်မှတ်မလဲ။ သူက တကိုယ်တော်နိုင်ငံရေးသမားပဲ။ တဦးတည်းနဲ့ အာဏာရှင်ဦးနေ၀င်းထံ ပေးစာများ ရေး၊ အနှံ့ဖြန့်ပြီးတော့ ပြည်သူတွေကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ အဲသည်နောက်မှာ နိုင်ငံရေးအုပ်စုအသီးသီးက ထကြွလှုပ်ရှားလာကြပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ပွဲတွေ ကျင်းပပါမယ်လို့ ကတိပေးခဲ့စဉ်က နိုင်ငံရေးအုပ်စုတွေရဲ့ ကွဲပြားတဲ့ အသွင်အသဏ္ဍာန်တွေ ပေါ်ပေါက်လာသော်လည်း အာဏာရှင်ပြုတ်ကျရေးဆိုတဲ့ ပေါ်လစီတခုတည်းကို အများက အာရုံစိုက်ပြီး တိုက်ခဲ့ကြတာမို့ အားလုံး အတူတူလို့ သဘောထားနိုင်ခဲ့ပါတယ်။ စစ်တပ် (တပ်မတော်အစိုးရ) ဟာ နို်င်ငံရေးအုပ်စုအားလုံးကို တပြေးညီ သတ်ဖြတ် ဖမ်းဆီး နှိပ်စက် တိုက်ခိုက်နှိမ်နင်းခဲ့တာပဲ ဖြစ်ပါတယ်။

၁၉ ၈၈ ကနေ အနှစ် ၂၀ကျော်လုံးလုံးမှာ အာဏာရှင်ဖြုတ်ချနိုင်ရေးအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ နိုင်ငံတကာမှ ပိတ်ဆို့အရေးယူရေး၊ တိုင်းရင်းသားဒေသများနဲ့ ပြည်မတ၀ှမ်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ တားဆီး ကာကွယ်နိုင်ရေး စတဲ့ ပေါ်လစီများသာ အားကောင်းနေတာမို့၊ ဒါတွေဟာ ပေါ်ပြူလာနိုင်ငံရေးအလုပ်တွေအဖြစ် အသီးသီးသော နိုင်ငံရေးအုပ်စုတွေဟာ သည်အလုပ်တွေကိုပဲ ဆက်လက်ကိုင်စွဲပြီး အတူတကွ အလုပ်လုပ်နေခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။

အိမ်ခွဲနေကြတဲ့ အမျိုးတွေရဲ့ အစ

၂၀၀၇ သံဃာ့အရေးတော်ပုံမှာလည်း ပေါ်လစီက စစ်အာဏာရှင်တွေ ပြုတ်ကျရေးအဓိကပါပဲ။ စစ်အစိုးရကလည်း ရက်စက်စွာ နှိပ်ကွပ်ခဲ့တာပါပဲ။ အဲသည်နောက်မှာတော့ ပေါ်လစီနိုင်ငံရေးမှာ ကွဲပြားတဲ့ အသံတွေ ထွက်လာတယ်။ စစ်အုပ်စုနဲ့ အတူတူတွဲပြီး အသွင်ကူးပြောင်းရေးလုပ်ကြဖို့၊ ရွေးကောက်ပွဲတရပ်၊ အခြေခံဥပဒေတခုနဲ့ အာဏာကို ခွဲယူကြဖို့ စသည်ဖြင့်တွေ ပေါ်ပြူလာ ဖြစ်စပြုလာပါတယ်။ ၂၀၀၈ မှာ နာဂစ်အခြေခံဥပဒေ တရားဝင်ပြဌာန်းလိုက်သည်က စပြီးတော့ အာဏာနိုင်ငံရေးအုပ်စုတွေအဆင့်မှာ တပ်မတော်မိတ်ဖက် ကြံ့ဖွံ့ပါတီအဖြစ် ပြင်ဆင်လာသလို ပါတီသမားတွေဘက်ကလည်း ရွေးကောက်ကို မျက်နှာမူဖို့ စဉ်းစားလာပါတယ်။ ဒေသအလိုက်နိုင်ငံရေးအဆင့်က တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အစုအဖွဲ့တွေက ပါတီထောင်မလား၊ ဘော်ဒါဂတ်လုပ်မလားဆိုတာတွေ စဉ်းစားလာကြပါတယ်။ အုပ်စုနိုင်ငံရေးအဆင့်တွေမှာလည်း ရွေးကောက်ပွဲ ထောက်ခံရေးလား၊ ကန့်ကွက်ရေးလား ရွေးချယ်လာကြပါတော့တယ်။

အဓိကပေါ်လစီအရွေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်တဲ့ နိုင်ငံရေးအပြောင်းအလဲတခု ဖြစ်မြောက်ရေးကို အာဏာနိုင်ငံရေး၊ ဒေသအလိုက်နိုင်ငံရေး၊ ပေါ်လစီနိုင်ငံရေး၊ အုပ်စုဖွဲ့နိုင်ငံရေး အစုအဖွဲ့တွေထဲက အချို့တွေက လုပ်ဆောင်လာကြတာ။ အဲဒါကို တကိုယ်တော်နိုင်ငံရေးသမားအချို့က ထုတ်ဖော် မြှင့်တင်လာကြတာ။ ဒါက ပေါ်ပြူလာနိုင်ငံရေးအသွင် ဖြစ်လာတာ။ ဒါပေမယ့် …

အာဏာနိုင်ငံရေးအဆင့်မှာ ထိပ်သီးပါတီတရပ်ဖြစ်တဲ့ အင်န်အယ်ဒီပါတီဟာ အဲသည် အရွေ့ကို ဆန့်ကျင်ရပ်တည်တဲ့ ပေါ်လစီကို ကိုင်စွဲခဲ့ပါတယ်။ ခေါင်းဆောင်က ဦးဝင်းတင်။ အဲသည်မှာတင် ခေါင်းဆောင်နဲ့ ပါတီတရပ်ရဲ့ တန်ပြန်လှုပ်ရှားမှုကြောင့် အဆိုပါပေါ်လစီအရွေ့မှာ မပါဝင်ချင်တဲ့ နိုင်ငံရေးအုပ်စုတွေထဲက အတော်များများဟာ ရွေးကောက်ပွဲသပိတ်မှောက်ရေးဖက်က ရပ်တည်လှုပ်ရှားလာခဲ့ကြတာမို့ မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲရဲ့ အဓိကဦးတည်ချက်တခုဖြစ်တဲ့ အာဏာရှင်စနစ် ဖျက်သိမ်းရေးအမိုးအောက်မှာ အရင်တုန်းကလို အများစုက တုန်ပြန်လှုပ်ရှားခဲ့ကြပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်မှာ ၂၀၀၈ အခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲ ပေါ်လစီအရွေ့တွေကြောင့် မတူညီတဲ့ နိုင်ငံရေးအုပ်စုတွေဟာ ကွဲပြားတဲ့ ရပ်တည်ချက်၊ ဘုံရပ်တည်ချက်၊ မဟာမိတ်ဖြစ်မှု၊ ပဋိပက္ခအသွင်ဆောင်မှု စတာတွေကို ထင်ထင်ရှားရှား ထုတ်ဖော် ချမှတ်လိုက်ကြပြီး အရင်တုန်းကလို အရောရော အနှောနှော ရပ်တည်မှုကနေ သီးသန့်ရပ်တည်မှု တည်ဆောက်မှုတွေကို ပုံဖော်ကြရပါတော့တယ်။

သာဓကအားဖြင့်ဆိုရင် …  ၈၈ မျိုးဆက်ကျောင်းသားများ အစုအဖွဲ့တွေ လွတ်မြောက်လာ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာ၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးတဲ့ နောက်ပိုင်းမှာတော့ မတူညီတဲ့ နိုင်ငံရေးအင်အားစုတွေဟာ သူတို့ဦးတည်ရာ နိုင်ငံရေးအလုပ်တွေမှာ သီးခြားရပ်တည်ကြပြီးတော့ အလုပ်တွေ လှုပ်ရှားမှုတွေ ဖော်ဆောင်လာကြပါတယ်။

တူတာတွဲ မတူတာတွေ ခွဲလုပ်ကြစို့ တဲ့လား

နိုင်ငံတော်နဲ့ အာဏာနိုင်ငံရေးအလုပ်ကို အဓိကဦးတည်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီက ဆုံးဖြတ်ရပ်တည်လိုက်ပါတယ်။ ရွေးကောက်ပွဲဝင်၊ လွှတ်တော်တွင်း ပြင်ဆိုတဲ့ ပေါ်လစီတွေ ချမှတ်ခဲ့ပါတယ်။ အဲသည်နိုင်ငံရေးအလုပ်တွေထဲ ကြိုတင်ရောက်ရှိနေကြပြီဖြစ်တဲ့ USDP တို့၊ တပ်မတော်တို့က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေတို့၊ ရွေးကောက်ပွဲဥပဒေတို့စတဲ့ စည်းဘောင်တွေ ကြားထဲကနေ ကြိုဆိုခဲ့ကြပါတယ်။

ဒေသအလိုက်နိုင်ငံရေးအုပ်စုတွေဖြစ်တဲ့ လက်နက်ကိုင်တိုင်းရင်းသားအစုအဖွဲ့တွေကတော့ အာဏာရှင်ပြုတ်ကျရေးကနေ အပစ်အခတ်ရပ်စဲရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး၊ ငြိမ်းချမ်းရေး လမ်းစဉ်များကို ကိုယ့်ဒေသအလိုက် ဖော်ဆောင်ရေးတို့ကို အခြေခံပြီးတော့ ကိုင်စွဲရပ်တည်လာကြပါတယ်။

ပေါ်လစီနိုင်ငံရေးအုပ်စုတွေကတော့ ရွေးကောက်ပွဲနဲ့ အသွင်ကူးပြောင်းရေး၊ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရေး၊ ရင်းနှီးမြုတ်နှံမှုများ မြှင့်တင်ရေး၊ စစ်အာဏာရှင် အစုအဖွဲ့များ ကို အပြုသဘောဆန်စွာ ပြုပြင်ပြောင်းလဲရေး၊ ဒေသအလိုက် လူတန်းစားအလိုက် အုပ်စုအလိုက် သင့်တော်သော ပေါ်လစီများ ချမှတ်ပေးရေးတို့ကို ခွဲဖြာ ဖြန့်ကျက် အာရုံစိုက်လာကြပါတယ်။

ထင်ရှားတဲ့ဥပမာလေးတခုကတော့ နိုင်ငံတကာ ကင်ပိန်းအဖွဲ့တွေက အာဏာရှင်တွေကို ပိတ်ဆို့အရေးယူရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တစိုက်မတ်မတ်ကြွေးကြော်နေရာကနေ၊ ရွေးကောက်ပွဲတရားမျှတရေး၊ လူ့အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးကို အသံပြောင်းဟစ်လာရပါတယ်။ နောက်တော့ ပြည်တွင်းထူးခြားဖြစ်စဉ်တွေထဲက ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီလူမျိုးစုတွေရဲ့ အခွင့်အရေး အာမခံချက်တွေ ရရှိဖို့ကို ဦးစားပေး ပြောဆို မီးမောင်းထိုးလာကြပါတယ်။ ဒါတွေကို ပြည်တွင်းက အာဏာရအစိုးရနဲ့ အခြားပေါ်လစီသမားတွေကလည်း မျိုးစောင့်ဥပဒေပြဌာန်းရေး၊ ၉ ၆၉  လှုပ်ရှားမှုများ ဖော်ဆောင်ရေးတွေနဲ့ ပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့ကြပါတယ်။

လူတန်းစားနိုင်ငံရေးအုပ်စုတွေကတော့ အာဏာနိုင်ငံရေးအစုအဖွဲ့တွေက သူတို့ဖာသာ သီးခြားလမ်းခွဲသွားပြီလို့ သဘောထားတာကြောင့်မို့လို့ သူတို့ရဲ့ မူလနိုင်ငံရေးအလုပ်ဖြစ်တဲ့ အလုပ်သမား၊ လယ်သမားအခွင့်အရေး လှုပ်ရှားမှုတွေ၊ ဆန္ဒပြ လှုံဆော်တဲ့ အလုပ်တွေကိုသာ ဦးစားပေးလုပ်ဆောင်လာကြပါတော့တယ်။ မြန်မာပြည်မှာက လူတန်းစားတွေရဲ့ ပြဿနာတွေ၊ အရေးအခင်းတွေက အစိုင်အခဲကြီးအဖြစ် ဆက်လက်တည်ရှိနေတာကြောင့် အလုပ်သမား၊ လူတန်းစား၊ မြေယာ၊ စီမံကိန်း စတဲ့ မတရားမှုတွေကို ဖော်ထုတ် ရင်ဆိုင်တောင်းဆိုမှုတွေကို သူတို့တွေ ဆက်လက် လုပ်ကိုင်နေကြရဆဲဖြစ်ပါတော့တယ်။

အုပ်စုဖွဲ့နိုင်ငံရေးမှာ ပေါ်လစီအစု သြဇာခံတွေ၊ ကိုယ်ကျိုးကြည့်အစုတွေရဲ့ အလွှမ်းမိုးခံတွေအပြင် သီးခြားနိုင်ငံရေးအယူအဆ၊ ၀ါဒကို ခံယူသူတွေက မီဒီယာလုပ်ငန်းတွေ၊ အကြောင်းအရာအခြေပြု၊ အားသန်ရာ တူညီရာ အင်အားစုတွေ စုဖွဲ့ပြီးတော့ ဆောင်ရွက်လာကြပါတယ်။ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က အဲသည်ထဲမှာ ပါဝင်ပါတယ်။ စာနယ်ဇင်းတွေလည်း ပါဝင်ပါတယ်။ သူတို့နှစ်သက်ရာ ပေါ်လစီတွေ၊ လှုပ်ရှားမှုတွေကို ထောက်ခံအားပေးတာ၊ ဖော်ဆောင်တာတွေကို လုပ်ကိုင်လာကြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးတို့၊ အခြေခံဥပဒေပြင်ဆင်ရေးတို့၊ နှစ်သက်ရာ ပါတီ၊ လူတန်းစား၊ ဒေသအလိုက် နိုင်ငံရေးအလုပ်တွေ ပံ့ပိုးရေးတို့တွေကို လုပ်ကိုင်ကြပါတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ လူထုပရိသတ် အာရုံစိုက် လုပ်ဆောင်ကြရမယ့် လုပ်ငန်းစဉ်တွေကို ဖွင့်ဆို ရှင်းလင်း စည်းရုံး လှုံ့ဆော်တာတွေကို လုပ်ကိုင်လာကြပါတယ်။

ကျွမ်းကျင်ရာနိုင်ငံရေးအုပ်စုတွေအတွက်ကတော့ အခုလိုရာသီမှာ သူတို့တလျောက်လုံး ရင်းနှီး မြုပ်နှံဖြတ်သန်းလာကြရတဲ့ field အလုပ်တွေကို ပိုပြီး လုပ်ကိုင်လာနိုင်ကြတာကို တွေ့ရပါတယ်။ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ သာရေး နာရေး၊ အမျိုးသမီးရေး၊ ယဉ်ကျေးမှု၊ အနုပညာအရေးတွေကို သူတို့ကဲ့သို့ ကျွမ်းကျင်သူ ပညာရှင်တွေ၊ လုပ်သားတွေနဲ့ ဆက်လက်ဖော်ဆောင်လာကြပါတယ်။ ကိုကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်း ကွန်ယက်တွေ၊ ကိုဇာဂနာဦးဆောင်တဲ့ မီဒီယာအခြေပြု လှုပ်ရှားမှုတွေ၊ ဖြူဖြူသင်းဦးဆောင်တဲ့ HIV လူနာ စောင့်ရှောက်ရေးလုပ်ငန်းတွေ၊ ဦးသိန်းလွင်တို့ရဲ့ ပညာရေးကွန်ယက် စတာတွေဟာ အဲသည်အမျိုးအစားတွေထဲ ထည့်ရပါမယ်။ သူတို့က လိုအပ်လာရင် အခြားနိုင်ငံရေးအုပ်စုတွေရဲ့ လုပ်ဆောင်မှုတွေကို ထောက်ကူသြဇာတွေ ပေးပါတယ်။ မျိုးစောင့်ဥပဒေကို ကန့်ကွက်တာမျိုး၊ အစိုးရသန်းကောင်စာရင်း ကောက်ယူရေး အောင်မြင်ဖို့ ထောက်ခံလှုပ်ရှားတာမျိုးတွေကို သူတို့တွေက လုပ်နိုင်ကြပါတယ်။ အရေးပေါ်ဘေးဒုက္ခတွေဖြစ်တဲ့ ရေဘေး၊ မီးဘေး၊ စစ်ဘေးတွေမှာ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ဖို့တို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြသနာတွေ လိုအပ်ချက်တွေ ပြည်သူတွေကြား သိရှိနားလည် ပညာပေးဖို့တို့ကို သူတို့တတွေက ထိထိရောက်ရောက် လုပ်နိုင်ကြပါတယ်။

စာကလည်း အတော်ရှည်နေပြီ။ စာဖတ်သူလည်း နားညီးလောက်ပြီ ထင်ပါရဲ့။ သည်လိုနိုင်ငံရေးအုပ်စုတွေ အဆင့်တွေထဲမှာ ကိုယ်တိုင်က ဘယ်ထဲမှာ ပါနေတာလဲ။ အဲသည်အုပ်စုထဲ တိုက်ရိုက် မပါရင်တောင်မှ သူတို့တတွေ ချပေးလိုက်တဲ့ လူထုနိုင်ငံရေးလှုပ်ရှားမှုတွေထဲက ဘယ်ပေါ်ပြူလာနိုင်ငံရေးအလုပ်တွေထဲမှာ နှစ်သက်ထောက်ခံ အားပေးနေမိသူ ဘယ်လိုပရိသတ်မျိုးလည်းဆိုတာကို စဉ်းစားကြည့်မိဖို့ပါ။ ဘယ်အုပ်စုကို ထောက်ခံအားပေး ပတ်သက်မိသူ ဖြစ်နေတာလဲဆိုတာ မေးကြည့်မိဖို့ပါ။

အမောင်အချို့က တောင်မှန်း မြောက်မှန်း မသိသေး

လက်ရှိမှာ ရွေးကောက်ပွဲအောင်နိုင်ရေး၊ ၄၃၆ ပြင်ဆင်ရေး၊ အပစ်အခတ် ရပ်စဲရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရေးတို့ ခေတ်စားနေပါတယ်။ လက်ပံတောင်းအရေး၊ ဧရာဝတီမြစ်ဆုံအရေး၊ သိမ်းဆည်းမြေယာအရေး၊ ခြစားမှု တိုက်ဖျက်ရေးတို့တတွေလည်း အရေးပါတယ် ဆိုကြပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အဆင့်အတန်း မြှင့်တင်ဖို့တို့၊ ဒေသအလိုက် နယ်မြေအသီးသီးအလိုက် ဖွံဖြိုးတိုးတက်ဖို့တို့ကလည်း အရေးကြီးတယ် ဆိုကြတယ်။ စစ်အာဏာရှင်မျိုးဆက်တွေရဲ့ ယခုထက်တိုင် ကျူးလွန်နေဆဲ မတရားမှုတွေ ဖိနှိပ်မှုတွေ တားဆီး ဖော်ထုတ် အရေးယူကြဖို့ကလည်း အားသန်ရာအစုအဖွဲ့တွေက လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ ဟိုလည်း ပါ ၊ ဒီဆိုလည်း လိုက်တဲ့ အသံကျယ်ရာနောက် ကောက်ကောက်ပါတဲ့ ပရိသတ်တွေကလည်း အားကောင်းမောင်းသန်ပဲလို့ ဆိုရပါမယ်။

ရယ်စရာတခုက အင်န်အယ်ဒီပါတီကော ကြံ့ဖွံ့ကောမှာ ပါတီဝင်ထားတယ်၊ ပြီးတော့ ၈၈ မျိုးဆက်နဲ့အတူ ဟောပြောပွဲတွေနောက်ကို လိုက်တယ်။ ရန်ပုံငွေပွဲတွေမှာလည်း ပါတယ်။ တိုင်းရင်းသားနာမည်ကို ခံယူထားပြီးတော့ ခရိုနီတွေရဲ့ အ၀ယ်တော်ပွဲစားအလုပ်လည်း လုပ်တယ်။  ဆန္ဒပြကြတဲ့အခါ ကင်မရာတလုံးလွယ်ပြီး လမ်းလျောက်လိုက်၊ ညနေ အရက်ဝိုင်းမှာ ဟားတိုက်ရယ်မောလိုက် လုပ်နေတဲ့ သူတွေလည်း တွေ့နေရပါတယ်။ ဒါမျိုးကို ခေတ်ပေါ်စကားအခေါ်က facebook mentality လို့ ဆိုပါတယ်။ ဒါမျိုးဆိုရင်တော့ မနိပ်သေးဘူး။

ပြည်ပမှာ နိုင်ငံရေးလုပ်သူတွေက အုပ်စုဖွဲ့နိုင်ငံရေးခေါင်းစဉ်အောက်မှာ တလျောက်လုံး အာဏာရှင်ဆန့်ကျင်ရေး၊ နိုင်ငံရေးအကြပ်အတည်းများ ဖော်ထုတ်ဖန်တီးပြီး စစ်အစိုးရ ဒူးထောက် အညံ့ခံ အလျော့ပေး ဆွေးနွေးအဖြေရှာရေးလမ်းစဉ်ကို တကျောင်းတဂါထာ တရွာတပုဒ်ဆန်း လုပ်ဆောင်ခဲ့ကြတာပါ။ ၂၀၁၀ နောက်ပိုင်းမှာ အဲသလိုမဖြစ်လာဘဲ ပေါ်လစီနိုင်ငံရေးတွေ၊ ကိုယ်ကျိုးကြည့်နိုင်ငံရေးအင်အားတွေရဲ့ ဖိအားတွေနဲ့ သူတို့ကိုယ်တိုင်ကပဲ စစ်အာဏာရှင်များနဲ့အတူတကွ အသွင်ကူးပြောင်းရေးဖြစ်စဉ်ထဲ ၀င်လျိုရတာတွေ မြင်ရပါတော့တယ်။ အေဘီအက်စ်ဒီအက်ဖ် လိုကျောင်းသားတပ်မတော်၊ လူ့ဘောင်သစ်လို ပြည်ပြေးကျောင်းသားပါတီတို့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တို့ ပါတီမှတ်ပုံတင်ရေးတို့မှာ ၀င်ရောက်လှုပ်ရှားလာရတာကို တွေ့ရပါတယ်။

ပြည်တွင်းမှာဆိုရင်လည်း အင်န်အယ်ဒီက အာဏာနိုင်ငံရေးကို ဦးတည်လိုက်သလို ၈၈ မျိုးဆက်ကျောင်းသားတွေကလည်း အုပ်စုဖွဲ့ရပ်တည်မှုနဲ့ စစ်အာဏာရှင် အသွင်ပြောင်းလဲရေးမှာ တစိတ်တပိုင်း ပါဝင်ပတ်သက်လာကြပါတယ်။ လက်ရှိမှာ ၈၈ အုပ်စုဟာ နောက်ဆုံးအခြေအနေအရ NLD လို အာဏာနိုင်ငံရေးအင်အားစုနဲ့ မဟာမိတ်အဖြစ် လက်တွဲလိုက်ပြီး ခြေဥ ပြင်ဆင်ရေး လှုပ်ရှားမှုကို ခြေစုံပစ်လိုက်ပါတော့တယ်။ အင်အားနဲ့ ထောက်ခံမှု အားကောင်းတဲ့ ၈၈ မျိုးဆက် အုပ်စုဖွဲ့နိုင်ငံရေးသမားများ အစုဟာ အင်န်အယ်ဒီနည်းတူ အာဏာနိုင်ငံရေးလှုပ်ရှားမှုဖြစ်စဉ်ထဲ တိုးဝင်လာမလားလို့ တွေးမြင် ထင်စရာ ဖြစ်လာပါတယ်။

ကိုယ့်ကိုယ်ကို ဘယ်နိုင်ငံရေးအမျိုးအစားထဲ ပါဝင်နေမှန်းမသိဘဲ ပေါ်ပြူလာဖြစ်နေတာမှန်သမျှနောက် ကောက်ကောက်ပါအောင် လိုက်နေကြသူ တသီးပုဂ္ဂလတွေ၊ အိမ်ကျယ် နယ်ကျယ် လေကျယ်တွေ၊ ခေါင်းစဉ်ကြီးကြီးတပ်ထားတဲ့ အစုအဖွဲ့တွေကတော့ ပေါ်လစီနိုင်ငံရေးသမားတွေ၊ ကို်ယ်ကျိုးကြည့်နိုင်ငံရေးသမားတွေရဲ့ စိတ်ဝင်စားအားပေးမှု ကူညီပံ့ပိုးမှုကို မရကြရှာပါဘူး။ အာဏာ၊ ဒေသအလိုက်၊ လူတန်းစား၊ အုပ်စုဖွဲ့နဲ့ ကျွမ်းကျင်ရာနိုင်ငံရေးအင်အားများရဲ့ လိုအပ်သလို အသုံးချမှုကို ပျော်ပျော်ကြီး ခံယူနေကြပါတော့တယ်။

စစ်အာဏာရှင်စနစ် အလုံးစုံ ကျဆုံးရေးအတွက် ဘယ်နိုင်ငံရေးအင်အားစုတွေက ဆက်လက်ကြိုးစားနေကြတုန်းလဲ။ သည်လိုမျိုး မေးခွန်းကို အားလုံးသောအင်အားစုတွေက သူတို့တွေ သူတို့နည်း သူတို့ဟန်နဲ့ ဆက်လုပ်နေကြတုန်းပဲလို့ တသံတည်း ဖြေကြမယ် ထင်ပါရဲ့။ မူမပြောင်းသော်လည်း ချည်းကပ်ပုံချင်းတော့ မတူပါလေလို့ ဆင်ခြေတွေ ပေးကြဦးမယ် ထင်ပါရဲ့။

သည်တော့လည်း ထုံးစံအတိုင်း …

“အာဏာရှင်စနစ် ကျဆုံးပါစေ” (ကြွေးကြော်သံ)

“အာမင် …”။      ။

(သရုပ်ဖော် – စောငို)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, မောင်ရစ်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်