သန်းဝင်းလှိုင် – အာကာသ စူးစမ်းမှုသမိုင်း – အပိုင်း (၃)

May 28, 2014

အာကာသ စူးစမ်းမှုသမိုင်း – အပိုင်း (၃)
သန်းဝင်းလှိုင်
မေ ၂၈၊ ၂၀၁၄
 

ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ ဟစ်တလာသည် ဗွီ-၂ ဒုံးပျံလက်နက်ကို သုံးစွဲခဲ့သည်။ ယင်းလက်နက်ကို တီထွင်သူကား ဂျာမန်လူမျိုး ဝမ်နာဖွန်ဘရောင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ အမေရိကန် တပ်မတော်သည် ဖွန်ဘရောင်းနှင့် သူ၏ တပည့်တပန်း ၁၁၈ ဦး တို့ကို အမေရိကန်သို့ ခေါ်ဆောင်၍ ဗွီ-၂ နှင့် ဆိုင်သော ဒုံးပျံလက်နက်တို့ကို သုတေသန ပြုခဲ့ကြသည်။ သမ္မတအိုင်ဆင်ဟောင်ဝါ လက်ထက်၌ ထိုဂျာမန် ပညာရှင်တို့သည် အမေရိကန်နိုင်ငံသားအဖြစ် ခံယူပြီးလျှင် အဖွဲ့ဝင်အင်ဂျင်နီယာပေါင်း ၄၆ဝဝ ဖြင့် နာဆာအဖွဲ့ကြီး၏ သုတေသန လုပ်ငန်းတို့ကို ဆက်လက် လုပ်ဆောင်ကြသည်။

သို့ရာတွင် ဆိုဗီယက်တို့ပင်လျှင် အာကာသလုပ်ငန်း၌ အောင်မြင်မှုတစ်ခုပြီး တစ်ခု ရနေသည်။ ထို့ကြောင့် ကနေဒီ လက်ထက်တွင်မူ အုပ်ချုပ်သူ ဂလင်နင်၏ နေရာ၌ ဂျမ်းဝတ်ကို အစားထိုး၍ နာဆာအဖွဲ့၏ လုပ်ငန်းဆောင်တာတို့ကို ပိုမိုကောင်းမွန်အောင် ပြုပြင်စီမံလေသည်။

ဆိုဗီယက်ပြည်ထောင်စုမှ ဗိုလ်မှူး ယူရီဂါဂါရင်သည် ဗော့စတော့ အမှတ်-၁ အာကာသယာဉ်ဖြင့် အာကာသအတွင်းသို့ တက်ပြီး တစ်လအကြာ ၁၉၆၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် အမေရိကန်ရေတပ်မှ ဗိုလ်မှူး အာလန်ရှက်ပတ် (Alan B.Shepard) ဆိုသူအား ကနေဒီအာကာသစခန်းမှ “မာကျူရီ-၃” (Mercury-3) ဒုံးပျံဖြင့် အာကာသအတွင်းသို့ လွှတ်တင်နိုင်ခဲ့သည်။ အာကာသယာဉ်၏ အမည်မှာ “ဖရီးဒမ်း-၇” (Freedom – 7) ဖြစ်သည်။ ၎င်းကို စတင်လွှတ်လိုက်သောနေရာမှ ၃၀၂ မိုင် ဝေးသော အတ္တလန္တိတ် သမုဒ္ဒရာထဲတွင် ပြန်လည် ဆယ်ယူရရှိသည်။

ထို့နောက် ထိုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗိုလ်ကြီး ဂပ်စ်ရစ်ဆွမ် (Gus Grissom) ဆိုသူအား “လစ်ဗာတီဘဲလ်-၇” (Liberty Bell – 7) ဟု အမည်ပေးထားသည်။ မာကျူရီ – ၄ အာကာသယာဉ်ဖြင့် အလားတူ လွှတ်တင်ခဲ့သည်။ ထိုနှစ်ကြိမ်စလုံးတွင် ဂြိုဟ်ပတ်လမ်းသို့ ရောက်သော်လည်း ကမ္ဘာကို တစ်ပတ်ပြည့်အောင် မပတ်ပဲ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့သို့ရောက်သောအခါ ဒုဗိုလ်မှူးကြီး “ဂျွန်ဂလင်း” (John Glenn) (၄၁ နှစ်) ဆိုသူအား “ဖရင်းရှစ် – ၇” (Friendship – 7) အမည်ပေးထားသော မာကျူရီ-၆ အာကာသယာဉ်ဖြင့် ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့လွှတ်တင်ခဲ့သည်။ဂျွန်ဂလင်းသည် ကောင်းမွန်ချောမောစွာဖြင့် အာကာသ ယာဉ်ကို စီးနင်း၍ ဂြိုဟ်ပတ်လမ်းသို့ရောက်ရှိခဲ့ပြီးနောက်ကမ္ဘာကိုသုံးပတ် ပတ်နိုင်ခဲ့ပြီး အာကာသယာဉ်ကိုလည်း မိမိလက်ဖြင့်ထိန်းကျောင်းမောင်းနှင်ကြည့်ခဲ့လေသည်။စမ်းသပ်မှုအမျိုးမျိုးကိုလည်းပြုလုပ်ခဲ့သည်။ နေထွက်နေ ဝင် အကြိမ်ပေါင်းများစွာကိုလည်း ကြုံခဲ့ရသည်။

ဂျွန်ဂလင်း၏ခြေရာကိုနင်းရန်နောက်ထပ် အာကာသသူရဲများပေါ်ထွက်လာရာ ဗိုလ်မှူး “စကော့ကာ ပင်တာ” (Scolt Capenter) ဆိုသူသည် ၁၉၆၂ ခုနှစ်၊ မေလ ၂၄ ရက်နေ့၌ “အော်ရိုးရား – ၇” (Aurora – 7) အာကာသယာဉ်ဖြင့်ကမ္ဘာကို၃ပတ်ပတ်ခဲ့ပြန်သည်။အာကာသယာဉ်ထဲတွင် ရှိနေစဉ်အခါ၌ အာကာသဝတ်စုံတွင် ချို့ယွင်းမှုအနည်းငယ် ရှိသောကြောင့် ချွေးအလွန်ထွက်၍ အခက်အခဲ အတော်အတန် တွေ့ခဲ့ရသည်။ သို့ရာတွင် အာကာသခရီး၌ကား ဂျွန်ဂလင်းကဲ့သို့ပင် ချေမောစွာ ပြန်လည် ဆင်းသက်နိုင်ခဲ့လေသည်။

ဆိုဗီယက်ပြည်ထောင်စုသည် ထိုနှစ် သြဂုတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ဗော့စတော့-၃ နှင့် ဗော့စတော့ -၄ အာကာသယာဉ်ကို ပစ်လွှတ်ခဲ့ပြန်သည်။ ဗော့စတော့-၃ နှင့် လိုက်ပါသွားသော အန်ဒရီယန်းနီကိုလာယက်ဗ် (Andrian Nikolayev) နှင့် ဗော့စတော့-၄ နှင့် လိုက်ပါခဲ့သော ပါဗဲလ်ပိုမိုဗစ်ခ်ျ (Pavel Popovich) တို့သည် အာကာသယာဉ်တစ်စင်းတစ်စင်း ၄ မိုင်အကွာမှကပ်၍ ပျံသန်းခဲ့ကြသည်။ ထို့နောက် ၃ ရက်အကြာ ပျံသန်းနိုင်ခဲ့ပြီးနောက် ဘေးအန္တရာယ်ကင်းစွာဖြင့် ဆိုဗီယက်အလယ်ပိုင်း အာကာသ စခန်းသို့ ပြန်လည်ဆင်းသက်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုကလည်း ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် “ဆစ်ဂမာ-၇” (Sigma-7) အမည်ပေးထားသော မာကျူရီ-၈ အာကာသယာဉ်ကို လွှတ်တင်ခဲ့ပြီး ကမ္ဘာကို ၆ ပတ် ပတ်ခဲ့လေသည်။ လိုက်ပါခဲ့သော ယာဉ်မှူးမှာ “ဗိုလ်မှူး ဝေါ်လတာရှီးရား” (Walter Schirra) ဆိုသူဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ လေတပ်ဗိုလ်မှူး ဂေါ်ဒင်ကူးပါးဆိုသူသည် “ဖိတ်-၇” (Faith) ဟု အမည်ပေးထားသော မာကျူရီ-၉ အာကာသယာဉ်ဖြင့် ၁၉၆၂ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ကနေဒီ အငူမှ တစ်ကြိမ်တက်၍သွားရာ ဂြိုဟ်ပတ်လမ်းမှနေ၍ ကမ္ဘာကို ၂၂ ပတ်တိတိ ပတ်ခဲ့လေသည်။ ထိုသူ၏ အာကာသခရီး၌ အာကာသသွားလာရေးသည် စက်ကိရိယာတို့ထက် လူသာ ပဓာန ဖြစ်သည်ဟူသော အချက်ကို ပေါ်လွင်စေခဲ့သည်။ အကြောင်းမှာ ကမ္ဘာကို ၁၈ ပတ်တိုင်အောင် ချောချောမောမော လှည့်ပတ်ခဲ့ပြီးနောက် သူသည် စမ်းသပ်မှုများပြုလုပ်ခြင်း၊ ရုပ်သေရုပ်ရှင်ရိုက်ခြင်း၊ အလင်းရောင်ထွက်သော အရာဝတ္ထုများ ထုတ်လွှင့်၍ အမြင်အာရုံ စမ်းသပ်ခြင်း၊ ဖြတ်သန်းသွားလာသော တိုင်းပြည်များပေါ်သို့ အရောက်တွင်နုတ်ခွန်းဆက်သခြင်းစသည်တို့ကိုပြုလုပ်ခဲ့သည်။၁၉ ပတ်မြောက်ခရီး၌ အာကာသယာဉ်အတွင်း၌ ဒိုင်ခွက်လက်တံပြသော နေရာမှ အစိမ်းရောင် မီးကလေးပွင့်လာလေရာ ထိုအချက်ပေးမှုသည် ကမ္ဘာမြေပြင်သို့ ပြန်လည်ဝင်ရောက်ရန် အာကာသယာဉ်ကို အလိုအလျောက်အနေအထားမှန်ကန်အောင် စောင်းလှည့်ပြုပြင် ပေးရန်ကိရိယာအလုပ်မလုပ်တော့ကြောင်းဖော်ပြနေသည်။ဂေါ်ဒင်ကူးပါးသည်ထိုအချက်ကို သိရှိရသောကြောင့် ကမ္ဘာပေါ်သို့ နေရာမှန် လမ်းမှန် ပြန်လည်ဝင်ရောက်နိုင်စေရန် အရှိန်သတ် ဒုံးများကို မိမိဖာသာ တွက်ချက် ချိန်ဆ၍ဖောက်ပစ်ခဲ့လေသည်။ထိုသို့ပစ်ဖောက်ရာတွင်အနည်းငယ်တိမ်းစောင်းသွားပါကအာကာသယာဉ်တစ်ခု လုံး ပြာဖြစ်သွားနိုင်သည် ဖြစ်ရာ အာကာသယာဉ်မှူးသည် အမှားအယွင်းမရှိဘဲ အလုပ်လုပ်နိုင်ခဲ့သည်။

ထို့ထက်ပို၍ ချီးကျူးဖွယ် ကိစ္စကိုပြုလုပ်နိုင်သည်ကား ၁၉၆၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ဗိုလ်မှူးကြီး ဗိုင်ကော့စကီး (V.F Bykovsky) ဆိုသူအား ဗော့စတော့-၅ ဖြင့် လွှတ်တင်ခဲ့ပြီးနောက် ၂ ရက်အကြာတွင် ကမ္ဘာ့ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး ဖြစ်သည့် “ဗလင်တီနာ တီရက်ရှ်ကိုဗာ” (V.V. Tereshkova) ဆိုသူအားဗော့စတော့-၆ဖြင့်လွှတ်တင်နိုင်ခဲ့သည်။တီရက်ရှ်ကိုဗာအားလွှတ်တင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ယောကျာ်းခန္ဓာကိုယ်နှင့်ခြားနားခြင်းရှိသောအမျိုးသမီးများသည်အာကာသအတွင်း၌ လှည့်ပတ်သွားလာသည့် အခါ မည်သို့ ထူးခြားမှုရှိသည်ကို လေ့လာစူးစမ်းရန် ဖြစ်သည်။

ဗလန်တီနာတီရက်ရှ်ကိုဗာ လိုက်ပါသွားသည့် ဗော့စတော့ အမှတ်-၆ အာကာသယာဉ်သည် မြေပြင်မှ အနီးဆုံး ၁၀၈ မိုင် အဝေးဆုံး ၁၄၃ မိုင် အကွာအဝေးမှ ကမ္ဘာကြီးကို မိနစ်လျှင် တစ်ပတ်နှုန်းဖြင့် ၄၈ ပတ် ပတ်ခဲ့သည်။

၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အလေးချိန် ၇ တန်ခွဲ ရှိသော “ဗော့ရှကော့” (Voskhod) အာကာသယာဉ်ဖြင့် ဆိုဗီယက်ပြည်ထောင်စုမှ အာကာသသူရဲ သုံးဦးကို လွှတ်တင်ခဲ့ပြန်သည်။ ဗော့ရှတော့၏ အဓိပ္ပာယ်မှာ ရုရှားလို “တက်နေ” ဖြစ်သည်။ လိုက်ပါခဲ့သော ယဉ်မှူးသုံးဦးမှာ ဗလာဒီမာကိုမာရော့ (၃၇) နှစ်၊ ကွန်စတန်တင် ဖီးယိုတစ်တော့ (၃၈) နှစ်နှင့် ဘော်ရစ်ရီရိုရော့ဗ် (၂၇) နှစ်တို့ ဖြစ်ကြသည်။

ယင်းတို့သုံးဦးသည် ၂၄ နာရီအတွင်း ကမ္ဘာကို ၁၆ ပတ်တိတိ ပတ်ခဲ့ကြသည်။ ကျည်ဆံထိပ်ဖူး သဏ္ဍာန်ကဲ့သို့ ပြုလုပ်ထားသော အာကာသယာဉ်ကြီးအတွင်း၌ အခြားအာကာသယာဉ်မှူးများကဲ့သို့ လေလုံအောင် ပြုလုပ်ထားသော ပုံပန်းမကျသည့် ၀တ်စုံကြီးများကို ၀တ်ဆင်ရန် မလိုပဲ စွပ်ကျယ်အင်္ကျီဖြင့် လိုက်ပါနိုင်ကြလေသည်။ အခန်းအတွင်းရှိ အပူချိန်မှာလည်း ဖာရင်ဟိုက်ဒီဂရီ ၇၂ သာ ရှိ၍ နေသာထိုင်သာ အလောတော်ဖြစ်သည်။

၁၉၆၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ဆိုဗီယက်ပြည်ထောင်စုသည် ယခင်ကထက် သာလွန်တိုးတက်သော စံချိန်များ တင်လိုက်ပြန်သည်။ ထိုနေ့တွင် ဗော့ရှကော့အမှတ်-၂ အမည်ရှိ အာကာသယာဉ်ကို ပစ်လွှတ်ခဲ့ပြန်သည်။ အာကာသယာဉ်မှူးများအဖြစ် ပါဗဲလ်ဘဲရေဗ်နှင့် ဒုဗိုလ်မှူးကြီး အလက်ဇီလီယိုနော့ဗ်တို့ လိုက်ပါသွားကြသည်။

ဤခရီးစဉ်၌ ဆိုဗီယက်သိပ္ပံပညာရှင်များသည် တစ်ကမ္ဘာလုံး အံ့သြသင့်စေခဲ့သည့် စွမ်းဆောင်ချက် တစ်ရပ်ကို ပြုလုပ်နိုင်ခဲ့ကြသည်။ ယင်းစွမ်းဆောင်ချက်မှ ထိုဗိုလ်မှူးကြီး အလက်ဇီလီယိုနော့ဗ် သည် ယာဉ်အတွင်းမှ ထွက်၍ အာကာသအတွင်း၌ ပထမဆုံး လမ်းလျှောက်ပြနိုင်ခဲ့လေသည်။ ပထမဆုံးအကြိမ်အဖြစ် အာကာသယာဉ်မှ အပြင်သို့ထွက်၍ လမ်းလျှောက်ရခြင်းမှာ အလွန်စွန့်စားရသော အလုပ်ဖြစ်သည်။ ရှေးဦးစွာ အပြင်သို့မထွက်မီ အာကာသအတွင်းရှိ ဖိအားနှင့် အပြင် အာကာသရှိ ဖိအားတို့ တူညီသွားအောင် ပထမဦးစွာ ပြုလုပ်ရသည်။ ဤသို့ ဖိအားခြင်း တူညီသွားမှသာ အာကာသယာဉ်၏ ထွက်ပေါက်တံခါးကို ဖွင့်၍ ရသည်။ တံခါးအပြင်ဖက်သို့ရောက်၍နေရောင်ခြည်နှင့်တွေ့ထိရသောအခါ၌လည်းအာကာသယာဉ်မှူးမှာ အသည်းတ ထိတ်ထိတ်နှင့်စွန့်စားရပေသည်။နေရောင်ခြည်တွင်လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်သော အပူလှိုင်းအမျိုးမျိုးရှိသည်။  အာကာသယာဉ်မှူး ၀တ်ဆင်ထားသော အာကာသ၀တ်စုံသည် တစ်ခုခု ချွတ်ယွင်းမှု ရှိပါက ယာဉ်မှူးခမျာ အာကာသအတွင်း၌ပင် ရုတ်ချည်းသေဆုံးသွားနိုင်သည်။

အမေရိကန်ပြည်ထောင်စုကလည်း အားကျမခံ ၁၉၆၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ဂျီမီနီ အမှတ်-၄ အာကာသယာဉ်ကို ပစ်လွှတ်ခဲ့ပြန်သည်။ လိုက်ပါခဲ့သော ယာဉ်မှူးနှစ်ဦးမှာ  အက်ဒွပ်ဝှိုက်နှင့် ဗိုလ်မှူး ဂျိမ်းမက်ဒေးဗစ် တို့ ဖြစ်သည်။ အဆိုပါ အာကာသယာဉ်မှ ယာဉ်မှူး အက်ဒွပ်ဝှိုက် (Edward White) သည် အာကာသယာဉ်မှ ထွက်၍ အာကာသအတွင်း၌ ၂၁ မိနစ်ကြာမျှ လမ်းလျှောက်နေနိုင်ခဲ့သည်။  ယင်းတို့သည် ကမ္ဘာပတ် လမ်းကြောင်း၌ ၄ ရက်ကြာ ပျံသန်းခဲ့ပြီးနောက် ဇွန် လ ၇ ရက်နေ့၌ ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ သတ်မှတ်ထားသော နေရာသို့ ချောမောစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့လေသည်။

ထိုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသည် ဂျီမီနီ-၆ နှင့် ၇ အာကာသယာဉ်ကို အသီးသီး ပစ်လွှတ်ခဲ့သည်။ ထိုအာကာသယာဉ်များမှ အမေရိကန် အာကာသယာဉ်မှူး ၄ ဦးတို့သည် မှတ်တမ်းတင်လောက်သော လုပ်ငန်းတစ်ခုကို လုပ်ကိုင်ခဲ့လေသည်။ ဝေါ်တာရှီးယားခေါ် လေတပ် ဗိုလ်ကြီးနှင့် သောမတ်စတက်ဖို့ခေါ် ဗိုလ်မှူးတို့ စီနင်းလိုက်ပါသော ဂျီမီနီ-၆ အာကာသယာဉ်နှင့် ဒု-ဗိုလ်မှူးကြီး ဖရန့်ဘိုးမင်းနှင့် ရေတပ်ဗိုလ်မှူး ဂျိမ်းလာဘယ်လ်တို့ စီးနင်းသည့် ဂျီမီနီး-၇ အာကာသယာဉ်တို့သည် တစ်စီးနှင့် တစ်စီး ၆ ပေ အကွာအထိ နီးစပ်အောင် ချဉ်းကပ်နိုင်ခဲ့ကြသည်။ အာကာသထဲ၌ ဤကဲ့သို့ အာကာသယာဉ် တစ်ခုနှင့်တစ်ခု နီးစပ်စွာ တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ် ဖြစ်လေသည်။ ထို့ပြင် ဂျီမီနီ-၆ မှ ဘိုမင်းနှင့် လာဘယ်လ်တို့ နှစ်ဦးသည် အာကာသအတွင်း၌ ၁၃ ရက်၊ ၁၈ နာရီ၊ ၃ မိနစ်အထိ အကြာဆုံးနေခဲ့ပြီး ကမ္ဘာကို ၂၀၆ ပတ်မျှ လှည့်ပတ်ပျံသန်းခဲ့သည်။ 

နောက်ထပ် ၃ လမျှ အချိန်ကြာသောအခါ အခြား အမေရိကန် အာကာသယာဉ်မှူးတို့သည် ထိုထက် ချီးကျူးဖွယ်ကောင်းသော အောင်မြင်မှု တစ်ရပ်ကို ပြုလုပ်နိုင်ခဲ့ပြန်သည်။ ၁၉၆၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့၌ နေးလ်အေအမ်းစထရောင်းနှင့် ဒေးဗစ်အာရ် စကော့အမည်ရှိ  ယာဉ်မှူးနှစ်ဦးတို့သည် ဂျီမီနီ-၈ အာကာသယာဉ်ဖြင့် လိုက်ပါခဲ့ပြီး ၂၆ ပေ ရှည်သော အေဂျီနာ (Agena) ခေါ် လူမပါပဲ ပျံသန်းလျက်ရှိသည် ဒုံးယာဉ်ကို တောင်အမေရိကတိုက် ဘရာဇီးလ်နိုင်ငံ၏ ၁၈၅ မိုင်အထက် အာကာသဟင်းလင်းပြင်၌ တစ်ခုနှင့်တစ်ခု တေ့ဆက်ကြသည်။

ထိုအာကာသယာဉ်မှူးနှစ်ဦးမှာ နာရီဝက်ကြာမျှ တေ့ဆက်ပြီးနောက် ဂျီမီနီ-၈ အာကာသယာဉ်မှ ထိန်းကျောင်းမှုစနစ် ချို့ယွင်းသွားသဖြင့် အေဂျီနာနှင့် အတွဲဖြုတ်လိုက်သည်။ အကယ်၍ အာကာသယာဉ်မှူးနှစ်ဦး၏ ကျွမ်းကျင်မှုမရှိလျှင် ထိုသို့ ဘေးကင်းအောင် ပြုလုပ်နိုင်မည် မဟုတ်ချေ။ ဤသို့ တစ်ခုနှင့်တစ်ခု တေ့ဆက်ခြင်းဖြင့် အာကာသဟင်းလင်းပြင်ထဲ၌ ပြုလုပ်နိုင်ကြောင်း လက်တွေ့ အထောက်အထား ရခဲ့ပေသည်။

အာကာသစူးစမ်းမှုသမိုင်း၌ ပထမဆုံးလူသေမှုဖြစ်ပွားခဲ့ရသည့် ဆုံးရှုံးမှုအန္တရာယ်ဆိုးကို အမေရိကန် ပြည်ထောင်စုအနေဖြင့် ၁၉၆၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ကြုံတွေ့ခဲ့ရသည်။ ဤအန္တရာယ်ဆိုးကို အာကာသယာဉ်မှူးများ တကယ်လက်တွေ့ အာကာသခရီးသွား ရောက်ကြစဉ် မဟုတ်ဘဲ မြေပြင်ရှိ လေ့ကျင့်ရေးစခန်း၌ အာကာသယာဉ်တိုအတွင်း၌ လေ့ကျင့်နေကြစဉ် မီးထတောက်ပြီး စက္ကန့်ပိုင်း အတွင်းမှာပင် မီးလောင်သေဆုံးသွားကြသည်။ အသက်ဆုံးရှုံးခဲ့ကြသူများမှာ အပိုလို-၁ (Apollo-1) မှ ယာဉ်မှူးများ ဖြစ်ကြသော ဂတ်စ်ဂရင်ဆမ် (Guss Grison) ၊ အက်ဒွပ်ဝှိုက် (Edward White) နှင့် ရောဂျာရှာဖီး (Roger Chaffee) တို့ ဖြစ်ကြသည်။

အမေရိကန်ပြည်ထောင်စုသည် ထိုအချိန်က လသို့ လူသားတို့ သွားရောက်ကြရမည့် ခရီးစဉ်အတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်နေ သည့်အချိန် ဖြစ်သည်။ လသွားမည့် အာကသယာဉ်၏ ကြံ့ခိုင်မှုနှင့် ပတ်သက်၍ မြေပြင်၌ နေ့စဉ်အမျိုးမျိုး စမ်းသပ်စစ်ဆေးလျက် ရှိကြသည်။ လက်တွေ့အာကာသသို့ ပစ်လွှတ်မည့် ရက်ကိုမူ ၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ အတိအကျ  သတ်မှတ်ထားသည်။

တစ်ဖန် ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၆၇ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ မော်စကို စံတော်ချိန်နံနက် ၃ နာရီ ၃၅ မိနစ်တွင် “ဆိုယုဇ်” (Soyuz) အမှတ်-၁ အာကာသယာဉ်ကို ပစ်လွှတ်ခဲ့ပြန်သည်။ ယင်းအာကာသယာဉ် သည် ပစ်လွှတ်ခဲ့သမျှ ဒုံးပျံများအနက် အကြီးမားဆုံး နှင့် နည်းပညာအရှုပ်ထွေးဆုံး ဖြစ်ပြီး ကမ္ဘာကို ၁၈ ပတ် ပျံသန်းခဲ့သည်။ သို့သော် အပြန်ခရီးတွင် အာကာသယာဉ်မှူး ဗလာဒီမာကိုမာရော့ သည် အာကာသယာဉ်မှ လေထီးမပွင့်သဖြင့် မြေပြင်သို့ အရှိန်ပြင်းစွာ ထိုးစိုက်ကျဆင်းကာ သေဆုံးသွားခဲ့ရရှာသည်။ အာကာသစူးစမ်းမှု သမိုင်း၌ ဒုတိယမြောက် အာကာသယာဉ်မှူး သေဆုံးရခြင်း ဖြစ်သည်။

ထိုသို့ မတော်တဆ ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန် ပြည်ထောင်စုတို့၏ အာကာသ စူးစမ်းမှု အစီအစဉ်များမှာ များစွာ နှောင့်နှေးသွားစေခဲ့ရသည်။ လသို့ သွားမည့် အမေရိကန်ပြည်ထောင်စု၏ အစီအစဉ်ကိုမူ မူလက ၁၉၆၈ ခုနှစ်၊ နှစ်လယ်ပိုင်းခန့်တွင် ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း ၁၉၆၉ ခုနှစ်၊ နှစ်လယ်ပိုင်းသို့ ရွှေ့လိုက်ကြရသည်။ ဆိုဗီယက်ပြည် ထောင်စုမှလည်း လူလိုက်ပါမည့် အာကာသယာဉ်များ ပစ်လွှတ်မည့် အစီအစဉ်ကိုလည်း အချိန်ကြာမြင့်စွာ ရပ်ဆိုင်းထားခဲ့ရပြီး ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှ ပထမဆုံးအကြိမ် လူလိုက်ပါသွားမည့် အာကာသယာဉ်များကို ပြန်လည် ပစ်လွှတ်ခဲ့ကြလေသည်။

မာကျူရီ၊ ဂျီမီနီ အာကာသယာဉ်များကို ပစ်လွှတ်ခဲ့ပြီးသည့်နောက် အမေရိကန်ပြည်ထောင်စုသည် လပေါ်သို့ လူသားတို့ ခြေချနိုင်ရန်အတွက် “အပိုလို” စီမံကိန်းကို  ဆက်လက်ချမှတ်ခဲ့သည်။

ထိုစီမံကိန်းအရ ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလတွင် ယာဉ်မှူးသုံးဦး လိုက်ပါသော အပိုလို -၇ ကိုလည်းကောင်း၊ ဒီဇင်ဘာလတွင်း၌ အပိုလို-၈ ကိုလည်းကောင်း၊ ၁၉၆၉ ခုနှစ် မတ်လအတွင်း၌ အပိုလို-၉ ကိုလည်းကောင်း အသီးသီး ပစ်လွှတ်ခဲ့သည်။ အပိုလို-၉ မှ အာကာသယာဉ်မှူး မက်ဒီဗစ်နှင့် ရူတီရှိဝစ်ကတ် တို့သည် လဆင်းယာဉ် “Lunar Module” အတွင်းသို့ ၀င်ရောက်၍ ယာဉ်မကြီး (စက်အားပေးယာဉ်ငယ်နှင့် ကွပ်ကဲမှုယာဉ်ငယ်) နှင့် တွဲ၍ သီးသန့် ပျံသန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုကဲ့သို့ အပိုလို အမှတ်-၉ ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုသည် ၁၉၆၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် လဆင်းယာဉ်နှင့်တကွ သောမတ်စတက်ဖို့ဒ်၊ ယူဂျင်ဆာနင်နှင့် ဂျွန်ယမ်းတို့ လိုက်ပါခဲ့သော အပိုလို-၁၀ ကိုလွှတ်တင်ခဲ့သည်။ အပိုလို ယာဉ်မကြီးသည် လမျက်နှာအထက် အနီးဆုံး ၆၉ မိုင်နှင့် အဝေးဆုံး ၇၀ ဒသမ ၅ မိုင်အမြင့်မှ ပျံသန်းလျက်ရှိနေစဉ် လဆင်းယာဉ် ငယ်သည် လမျက်နှာပြင်နှင့် ၉ ဒသမ ၄ မိုင်အကွာအထိ နှစ်ကြိမ်တိုင် ၀ဲပျံခဲ့ပြီး အပိုလိုယာဉ်မကြီးနှင့် ပြန်လည်ချိတ်ဆက်နိုင်ခဲ့သည်။ ထိုသို့ ပြန်လည်ချိတ်ဆက်ပြီး လသွားယာဉ်ငယ်အတွင်းမှ အာကာသယာဉ်မှူးနှစ်ဦးသည် အပိုလိုယာဉ်မကြီးအတွင်းသို့ ပြန်လည်ဝင်ရောက်ပြီး နောက် လဆင်းယာဉ်အား လပတ်လမ်း ၀န်းအတွင်း၌ ဖြုတ်ချခဲ့သည်။ ထို့နောက် အပိုလို ယာဉ်မကြီးသည် လ ကို ၁၅ ပတ်မျှပတ်၍ ပျံသန်းခဲ့ပြီး ကမ္ဘာသို့ ပြန်လည်ဆင်းသက်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အပိုလိုစီမံကိန်းအရ အပိုလို-၁၀ အာကာသယာဉ်အထိ ဒေါ်လာသန်းပေါင်း ၂၄၀၀၀ ကျခံ သုံးစွဲခဲ့ရသည်။ 

တစ်ဖန် အမေရိကန်ပြည်ထောင်စုသည် အာကာသစူးစမ်းမှုသမိုင်းတွင် ပထမဆုံးအကြိမ် လပေါ်သို့ လူသားများ ခြေချနိုင်သည့် အပိုလို-၁၁ အာကာသယာဉ်ကို ၁၉၆၉ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့၌ ကနေဒီအငူ အာကာသစခန်းမှ လသို့ လွှတ်တင်ခဲ့သည်။ ယာဉ်မှူးများအဖြစ် နေးလ်အမ်းစထရောင်း (Neil Armstrong) ၊ မိုက်ကယ်ကောလင်း (Michael Collins) နှင့် အက်ဒွင်းအယ်ဒရင်း (Edwin Aldrin) တို့ လိုက်ပါခဲ့ကြ၏။

ယင်းအာကာသယာဉ်မှ အမ်းစထရောင်းသည် လ မျက်နှာပြင်သို့ ဇူလိုင်လ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၂၆ မိနစ်၌ ခြေချခဲ့ပြီး အယ်ဒရင်းမှာ မြန်မာစံတော်ချိန်နံနက် ၉ နာရီ ၄၆ မိနစ်အချိန်၌ ခြေချမိခဲ့သည်။

ထို့နောက် အမ်းစထရောင်းနှင့် အယ်ဒရင်းတို့သည် လမျက်နှာပြင်တွင် လမ်းလျှောက်ခြင်း၊ လဆင်းယာဉ် ငယ်အား လှည့်ပတ်စစ်ဆေးခြင်း ရုပ်မြင်သံကြား ဓါတ်ပုံရိုက်ယူခြင်းနှင့် ပလပ်စတစ်ဖြင့် ပြုလုပ်ထားသော အမေရိကန်ပြည်ထောင်စု အလံကို လမျက်နှာပြင်တွင် စိုက်ထူခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။ ထိုကဲ့သို့ ပြုလုပ်အပြီး၌ အမ်းစထရောင်းနှင့် အက်ဒရင်းတို့သည် အမေရိကန်ပြည်ထောင်စုအလံနှင့်တကွ ရုပ်မြင်သံကြားဖမ်း ကိရိယာရှေ့တွင် မတ်တပ်ရပ်၍ ရုပ်မြင်သံကြားအစီအစဉ်ကို ကမ္ဘာသို့ လွှင့်ခဲ့သည်။ ထို့နောက် ယာဉ်မှူးနှစ်ဦးသည် လသွားယာဉ်ငယ်၏ အနီးမှ လ၏ မြေလွှာနှင့် ကျောက်တုံးများကို နမူနာယူခြင်း၊ လ၏ ငလျင်လှုပ်နှုန်း တိုင်းထွာနိုင်သည့် ကိရိယာကို နေရာချထားခြင်း၊ လေဆာရောင်ခြည်တပ်နိုင်ရန် ကိရိယာကို နေရာချထားခြင်းများကို ၁ နာရီကျော်ခန့် ပြုလုပ်ကြသည်။

ထို့ပြင် အမ်းစထရောင်းနှင့် အက်ဒရင်းတို့သည် လပေါ်သို့ လူသားများရောက်ရှိကြောင်း ကမ္ဗည်းထိုးထားသော အထိမ်းအမှတ်တံဆိပ်နှင့် အာကာသပျံသန်းမှုအတွက် ကြိုးပမ်းယင်း အသက်ဆုံးရှုံး သွားခဲ့ကြသော အမေရိကန်ပြည်ထောင်စု၏ အပိုလို-၁ မှ အာကာသယာဉ်မှူးများ ဖြစ်ကြသော ဂရစ်ဆန်၊ ၀ှိုက်နှင့် ရိုဂျာ၊ ဆိုဗီယက် အာကာသယာဉ်မှူး ကိုမာရော့ဗ်နှင့် ယူရီဂါဂါရင် တို့၏ အထိမ်းအမှတ် တံဆိပ်များကိုလည်း လမျက်နှာပြင်တွင် ထားခဲ့သေးသည်။

ထိုသို့ယာဉ်မှူးနှစ်ဦး လမျက်နှာပြင်၌ အလုပ်လုပ်နေစဉ် အာကာသယာဉ်မှူး “မိုက်ကယ်ကောလင်း” သည် အပိုလို-၁၁ ယာဉ်မကြီးဖြင့် လဗိမ္ဗာန်ကြီးကိုပတ်၍ ပျံသန်းလျက် ရှိသည်။

ထို့နောက် ဇူလိုင်လ ၂၁ ရက်နေ့ ညသန်းခေါင်ကျော် မြန်မာစံတော်ချိန် ၁၂ နာရီ ၂၄ မိနစ်၌ လဆင်းယာဉ်သည် လမျက်နှာပြင်မှ ပြန်တက်၍ အပိုလို -၁၁ ယာဉ်မကြီးဖြင့် ဇူလိုင်လ ၂၂ ရက်နေ့ မြန်မာစံချိန် မနက် ၄ နာရီ ၅ မိနစ်တွင် ပြန်လည်ချိတ်ဆက်ကာ ကမ္ဘာသို့ ဇူလိုင်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၉ မိနစ်အချိန်တွင် ဟာဝိုင်ရီကျွန်း အနောက်တောင်ဒေါင့်နှင့် မိုင် ၉၅၀ အကွာရှိ ပစ္စိဖိတ်သမုဒ္ဒရာသို့ ပြန်လည်ဆင်းသက်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အပိုလို-၁၁ အာကာသယာဉ်ဖြင့် လပေါ်သို့ ဆင်းသက်ခဲ့ပြီး နောက် ဆက်လက်၍ ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ ၅၂ မိနစ်တွင် ကွန်ရတ်၊ အလန်ဗင်း၊ ရစ်ချတ်ဂေါ်ဒွန်နှင့် လဆင်းယာဉ်ငယ်ပါဝင်သော အပိုလို-၁၂ အာကာသယာဉ်ကို ထပ်မံပစ်လွှတ်ခဲ့ ပြန်သည်။

ထို့နောက် အမေရိကန်ပြည်ထောင်စုသည် ၁၉၇၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် အာကာသယာဉ်မှူး သုံးဦးနှင့် လဆင်းယာဉ်ငယ် ပါဝင်သော အပိုလို-၁၃ ကို ပစ်လွှတ်ခဲ့သည်။ သို့သော်လည်း ယင်း အာကာသယာဉ်သည် အောက်စီဂျင် လှောင်ကန်ချို့ယွင်းသွားသဖြင့် ကမ္ဘာသို့ ပြန်လည် ဆင်းသက်ခဲ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်